သတ်ဖြတ်ခြင်း
Vol. 11 Ch. 161
ချန်ကျားတို့အိမ်နှင့် ဗဟိုဒေသသည် အရမ်းမဝေးပေ။ သို့သော် နီးသည်ဟုလည်း သတ်မှတ်၍ မရသော အကွာအဝေးဖြစ်၏။ ကူမျိုးနွယ်စုမှာ မြစ်ဝှမ်းတစ်လျှောက်လုံးတွင် ဖြန့်ကျက်နေထိုင်ကြခြင်းဖြစ်ပြီး မီးတောက်ဦးချို မျိုးနွယ်စုလိုမျိုး စုဝေးနေထိုင်ကြခြင်းမျိူး မရှိကြပေ။
ယခုအခါတွင် မျိုးနွယ်စုမှ စစ်သည်တော်အများစုမှာ ကျူးကျော်သူများအား တားဆီးရန် ထွက်ခွာသွားကြရာ မျိုးနွယ်စုအတွင်းပိုင်းတွင် လူအနည်းငယ်သာ ကျန်ရှိနေသည်။
ရှောက်ရွှမ် မြစ်ကမ်းပါးတစ်လျှောက် လမ်းလျှောက်နေ၏။ ညမှာ အလုံးစုံမှောင်မဲမနေဘဲ လရောင်ကြောင့် ပတ်၀န်းကျင်အား ကောင်းကောင်းမြင်နေရလေသည်။ သို့သော် အမှောင်ထဲရှိ အန္တရာယ်များကိုတော့ ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မည် မဟုတ်ပေ။
ရှေ့တွင်မူ ချင်းယီက မနှေးမမြန်ဖြင့် ဦးဆောင်၍ သွားနေ၏။ ည၏မမြင်နိုင်သော အန္တရာယ်များကြောင့် သူနှေးနှေးလေးလည်း မသွားရဲသလို အမြန်လည်း မသွားဝံ့ချေ။
သူတို့သွားနေသည့်လမ်းရှိ မြစ်ကမ်းဘေးတွင်မူ သွေးအိုင်တစ်ခု ထွန်းနေ၏။ ရေမြက်များပေါ်တွင် အသက်မဲ့နေသော အလောင်းတစ်ခု ရှိနေပြီး ထိုလူ၏ အ၀တ်အစားများကို ကြည့်ရသည်မှာ ကူမျိုးနွယ်စုမှ တစ်ယောက်ယောက်ဖြစ်နိုင်သည်။
ချန်ကျားနှင့် အခြားကလေးများမှာ ထိုအလောင်းအား သွားကြည့်လိုက်သောအခါ အလွန်မျက်နှာပျက်သွားကြသော်လည်း ဘာမှတော့ မပြောကြချေ။ မျိုးနွယ်စုတွင် ထိုသို့သော အဖြစ်အပျက်များမှာ နှစ်တိုင်းဖြစ်နေကျ ဖြစ်၏။ သို့သော် ယခုနှစ်ကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုမျိုးေတာ့ မရှိခဲ့ဖူးပေ။
ရှောက်ရွှမ် ပတ်၀န်းကျင်အား စူးစမ်းလိုက်သည်။ သူ၏ နှစ်ပေါင်းများစွာ အမဲလိုက်လာသော အတွေ့အကြုံအရ ပတ်၀န်းကျင်တွင် တစ်နေရာရာမှ သူတို့အား စိုက်ကြည့်နေသော မျက်လုံးများ ရှိနေမှန်း အာရုံခံမိသည်။ ထိုသူတို့၏ တည်နေရာအတိအကျအား မသိသော်လည်း ရှိနေမှန်း သူသိနေ၏။ တဖက်လူမှ လှုပ်ရှားမှုတစ်ခုခု မလုပ်မချင်း သူထိုသူများ၏ တည်နေရာကိုတော့ သိနိုင်လိမ့်မည် မဟုတ်ပေ။
ထိုနေရာတွင် ရှောက်ရွှမ် မဟုတ်ဘဲ မီးတောက်ဦးချိုမျိုးနွယ်စုမှ အမဲလိုက်နေကြ တစ်ယောက်ယောက် ဖြစ်မည်ဆိုလျှင်လည်း တစ်၀က်လောက်မှာ ထိုလူများ၏ တည်ရှိနေမှုကို သိနေကြမည်သာ။
ရန်သူများ၏ တည်နေရာအတိအကျကို မသိနိုင်လေရာ ရှောက်ရွှမ် နည်းလမ်းပြောင်းလိုက်သည်။
ရှောက်ရွှမ် သူ့ခန္ဓာကိုယ်၏ မွေးရာပါအထူးစွမ်းအားကို အသက်သွင်းလိုက်ရာ သစ်ပင်များကို ရှင်းရှင်းလင်းလင်း မြင်လာရ၏။ ပတ်၀န်းကျင်တွင် သစ်ပင်များအပြင် လူသဏ္ဍာန်ကောက်ကြောင်း တချို့အား သူရှင်းရှင်းလင်းလင်း မြင်လာရသည်။ လူများအား သေချာမမြင်ရပါသော်လည်း သစ်ပင်များနောက်မှ ထွက်နေသည့် သူတို့၏ အစိတ်အပိုင်းတချို့ကိုတော့ မြင်နေရ၏။
ထိုမျှလောက်မြင်ရသည်မှာ လုံလောက်တာထက်ပင် ပိုနေလေသည်။
တစ်ယောက်ယောက်မှာ သူတို့နှင့် မီတာ ၃၀ အကွာတွင် ပုန်းအောင်းနေလေ၏။ ထိုလူမှာ သူ၏ အသက်ရှူသံကိုပင် ထိန်းချုပ်ထားပြီး သစ်ပင်နှင့်ရောနှော ပျောက်ကွယ်နေလေသည်။ ထိုလူအား လွယ်လွယ်ရှာမတွေ့နိုင်ပေ။
ချင်းယီပြောစကားအရ ကျူးကျော်သူများထဲတွင် ပုန်းကွယ်ရာတွင် တော်သော လူများ ပါသည်ဟု ဆို၏။ ထိုလူများမှာ ရန်သူအား ကျားချောင်းချောင်း၍ စောင့်ကြသူများ ဖြစ်ကြသည်။ သူတို့ ရည်ရွယ်ချက် အောင်မြင်စေရန် တစ်နေ့လုံးပင် မစား မသောက် မလှုပ်ရှားဘဲ နေရာတစ်ခုထဲတွင် မလှုပ်မယှက်ရပ်နေနိုင်ကြသည်။ အခွင့်အရေးတစ်ခု ရသောအခါမှသာ ရန်သူအား သူတို့အသက်ကိုပင် ရင်း၍ တစ်ချက်ထဲ အသေတိုက်ခိုက်တတ်ကြသူများ ဖြစ်၏။
အာဇာနည် မျိုးနွယ်စု၏ တိုက်ခိုက်နည်းများမှာ သူတို့နှင့် ရင်ဆိုင်ရသော မျိုးနွယ်စုများအား ကြောက်ရွံ့သွားစေသည်။ ကိစ္စတစ်ခုတွင် အာဇာနည်မျိုးနွယ်စု ပေါ်လာသည်နှင့် တစ်ဖက်မျိုးနွယ်မှာ အရေးပေါ်အခြေအနေသို့ ကျရောက် သွားကြသည်သာ။ သူတို့အား ရင်ဆိုင်ကြရရာတွင်လည်း အကြီးအကျယ်ထိခိုက်ပျက်ဆီးသွားကြရ၏။
ချန်ကျားအိမ်မှ ထွက်ခွာပြီး သိပ်မဝေးသော နေရာတွင်ပင် ရန်သူများကို ရှောက်ရွှမ် အာရုံရလိုက်မိပြီး ထိုလူများမှာ ဤနေရာတွင် မည်သူမှမသိဘဲ တိတ်တဆိတ်သတ်ဖြတ်ပြီးကြလေပြီ။
ရွှံ့တောထဲတွင် ဖြစ်စေ မြစ်ကမ်းဘေးရှိ ရေမှော်ပင်များကြားတွင် ဖြစ်စေ မိကျောင်းပေါက်လေးများမှာ အော်ဟစ်နေကြသည်။
သူတို့ အလွန်အဆင်မပြေဖြစ်နေကြပြီး သူတို့မိဘများ အမြန်ပြန်ရောက်လာရန် ဆုတောင်းနေကြ၏။ သို့သော် သူတို့မိဘများ ပြန်လာရန်မှာမူ ရေပြန်တက်လာမည့်အချိန်မှသာ ဖြစ်နိုင်မည်ဖြစ်လေရာ အနည်းဆုံး တစ်ရက်တော့ ထပ်စောင့်ရဦးပေလိမ့်မည်။
“လူတိုင်း သတိထားကြ” ရှောက်ရွှမ် ရန်သူများ၏ တည်နေရာအတိအကျအား ထုတ်မပြောခဲ့ပေ။ ရှေ့မှသွားနေသော ချင်းယီ ရန်သူများအား သတိထားမိသွားပြီး ဖြစ်သည်ကို သူမြင်လိုက်ခြင်းကြောင့် ဖြစ်၏။ နောက်ဆုံးတွင် ဤနေရာမှာ ဗုံမျိုးနွယ်စု၏
နယ်မြေသာ ဖြစ်သည်။ အကယ်၍ ကလေးများ ရန်သူများကိုမြင်၍ ထုတ်ဖော်ပြောလိုက်မိလျှင် ရန်သူများအား သတိပေးလိုက်သလိုဖြစ်သွားပြီး ထိုလူများအား ထွက်လာစေရန် တွန်းအားပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ရှောက်ရွှမ်အသိမပေးခြင်း ဖြစ်သည်။
ချာချာမှာလည်း ပြန်မလာသေးလေရာ သူတို့၌ ကလေးငါးယောက်ကျန်နေသေး၏။ ဤသည်မှာ တိုက်ခိုက်ရန် အချိန်ကောင်း မဟုတ်သေးချေ။
ထိုအခိုက်တွင် သစ်ပင်နောက်၌ ပုန်းနေသော သူမှာ သူတို့နားသို့ ဖြည်းဖြည်းချင်းကပ်လာ၏။ ချင်းယီ ကလေးလေးယောက်အား ဖြတ်ကနဲဆွဲ၍ သူ့နောက်သို့ ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှောက်ရွှမ်လည်း သူ့ဘေးရှိ ချန်ကျားအား သူ့နောက်သို့ ဆွဲကပ်လိုက်၏။
ချင်းယီ ရှေ့သို့တစ်လှမ်းလှမ်းရန် ပြင်လိုက်သည့်
အချိန်တွင် ၀တ်စုံနက်တစ်ယောက်မှာ တောအုပ်ထဲမှ ပြေးထွက်လာလေသည်။ ထိုလူ၏ မျက်လုံးများမှာ ကူမျိုးနွယ်စု၀င်များ၏ မျက်လုံးနှင့် ကွဲပြားနေ၏။ သူတို့၏ မျက်လုံးများမှာ ပိုမိုအေးစက်ကြပြီး ထိုအေးစက်မှုမှာလည်း သေခြင်းတရားအား ဦးတည်နေသော အေးစက်မှု ဖြစ်ပေသည်။
ထိုမျိုးနွယ်စုသည် အလွန်အန္တရာယ်များသော မျိုးနွယ်စု တစ်ခုဖြစ်လေသည်။ ရှောက်ရွှမ်ထိုမျိုးနွယ်စုအား မိတ်ဖွဲ့ရန် မဖြစ်နိုင်သော မျိုးနွယ်စုစာရင်းထဲ ထည့်ထားလိုက်၏။ သူ့မွေးရပ်မြေသို့ ပြန်ရောက်ပြီး မီးတောက်ဦးချိုမျိုးနွယ်စု ဒီဘက်သို့ ကူးမလာခင်တွင် ထိုမျိုးနွယ်စုအား ရင်ဆိုင်ရန် သူတို့ ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။
တောအုပ်ထဲမှ ပြေးထွက်လာသော ၀တ်စုံနက်တွင် အကြေးခွံများကဲ့သို့ တကိုယ်လုံးဖြတ်သန်း ဆက်သွယ်ထားသော ဆေးမှင်ကြောင်လိုင်းများ ရှိကြ၏။ သူပြေး၀င်လာသောအခါတွင် အေးစက်စက်အရှိန်အဝါအား ထုတ်လွှတ်နေပြီး ချန်ကျားနှင့်
အခြားကလေးများ အားလုံးကို ဆံပင်အားတစ်ယောက်ယောက်မှ ဆွဲဆုပ်ထားသလို ကြောက်လန့်သွားစေသည်။
ရန်သူပြေးထွက်လာသော တစ်ချိန်တည်းမှာပင် ချင်းယီ၏ လက်မောင်းနှစ်ဖက်မှာ ဂျွတ် ဂျွတ် ဟူေသာ အသံများ ထွက်ပေါ်လာကာ ရုတ်တရက်ဖောင်းကားလာ၏။ သူ့လက်မောင်းတစ်ခုတည်းပင် မကဘဲ သူ့တစ်ကိုယ်လုံးမှာ အရင်ထက် ပိုမိုကြီးမားလာလေသည်။ အခြား ကူမျိုးနွယ်စု၀င်များနှင့် ယှဉ်ပါက ချင်းယီမှာ လူကောင်သေးသည် ထင်ရပါသော်လည်း ယခုအခါတွင်မူ ဖောင်းကားနေသော ကြွက်သားများကြောင့် သူ့အရေပြားများမှာပင် တင်းပြောင်နေကြသည်။
သူ့ပါးစပ်အား ဟလိုက်သောအခါတွင် သွားစွယ်နှစ်ချောင်းမှာ အပေါ်နှစ်ချောင်း အောက်နှစ်ချောင်း ထွက်ပေါ်လာ၏။ သူ့လည်ချောင်းထဲမှလည်း ခပ်အစ်အစ်အသံတစ်မျိုး ထွက်ပေါ်လာလေသည်။ ချောင်းမြောင်းတိုက်ခိုက်သူအား သူကြည့်လိုက်
သော အခါတွင်မူ သူ့မျက်လုံးများတွင် အလင်းရောင်နှစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းရောင်သည် လရောင်အောက်တွင် ထင်ထားသည်ထက်ပင် ပိုတောက်ပနေ၏။
ကျူးကျော်သူ နီးကပ်လာသောအခါ ချင်းယီလည်း စတင်လှုပ်ရှားလိုက်သည်။ သူ့ခြေထောက်နှစ်ဖက်လုံးဖြင့် မြေပြင် ပေါ်တွင် ပြေးလွှားသွားသည်မှာ လျှပ်စီးလက်သလိုပင် ဖြစ်၏။ သူ၏ ဖောင်းကားနေသော လက်မောင်းများမှာလည်း ပေါက်ကွဲအားများဖြင့် ပြည့်နှက်နေလေသည်။ ထိုအရာအားလုံး ပေါင်းလိုက်သော အခါတွင်မူ သူ့အား အချိန်တိုအတွင်း တိုက်ကွက်တစ်ခုထုတ်နိုင်သွားစေ၏။
ဤတိုက်ပွဲတွင် အလှပြတိုက်ကွက်များ ပါမနေဘဲ တိုက်ကွက်များအားလုံးသည် ရိုးရှင်းပြီး တိုက်ရိုက်ကျသော တိုက်ကွက်များသာ ဖြစ်ကြသည်။ အယောင်ပြ တိုက်ကွက်များလည်း မပါဘဲ တစ်ယောက်နှင့်တစ်ယောက် အသေသတ်ရန်ဆုံးဖြတ်ထားသော အသေသတ်ကွက်များသာ ထုတ်ကြခြင်း ဖြစ်၏။
ကျူးကျော်သူမှာ တိရစ္ဆာန်အရိုးမှလုပ်ထားသော ဓားဖြင့် လွှဲခုတ်လိုက်လေသည်။ သို့သော် ထိုအခိုက်တွင် သူ့ဓားမှာ ဖမ်းဆုပ်ခံထားလိုက်ရ၏။
ချင်းယီ သူ့ဓားအား လက်ဗလာသက်သက်ဖြင့် ဖမ်းဆုပ်ထားလိုက်ပြီး နောက်လက်တစ်ဖက်မှာ ကျောက်တိုင်ကြီးကဲ့သို့ ကျူးကျော်သူ၏ ခေါင်းဆီသို့ တိုး၀င်သွားတော့သည်။ ဤမျှနီးကပ်သော အကွာအဝေးမှ ခေါင်းအလယ်တည့်တည့်ဆီသို့ တိုက်ခိုက်လိုက်သည့် အားပြင်းသောတိုက်ကွက်အား ရင်ဆိုင်လိုက်ရသောအခါ ဖြစ်ပေါ်လာမည့် ရလဒ်မှာ သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။
ကျူးကျော်သူ အမြန်ရှောင်လိုက်သို့ ကြိုးစားလိုက်၏။ သို့သော် သူ့ဓားအား ဖမ်းဆုပ်ထားသော လက်မှာ မည်သို့မည်ပုံဖြစ်သွားသည်ကို သူမသိလိုက်ဘဲ သူ့လက်မောင်းအား သားရဲကြီးတစ်ကောင် သူ့သားကောင်အား ခဲထားသကဲ့သို့ ဖမ်းချုပ်ထားလေသည်။ ထိုအခါ သူ့လက်မောင်းအားဖြတ်ပစ်မှ
သာလျှင် သူလွတ်မြောက်နိုင်ပေလိမ့်မည်။
ကျူးကျော်သူ၌ သူ့လက်မောင်းသူ ဖြတ်ရဲသော သတ္တိရှိပါသော်လည်း သူနောက်ကျသွားလေပြီ။
ဂျွတ်!
အရိုးကျိုးသံတစ်ခု ထွက်ပေါ်လာ၏။
ကျူးကျော်သူ၏ မျက်၀န်းများထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေပါသော်လည်း လဲကျသေဆုံးသွားလေသည်။ လဲမကျခင်တွင် သူ့ခန္ဓာကိုယ်မှာ အနည်းငယ်ပင် တွန့်သွားသေး၏။
ချင်းယီထိုလူ၏ ကွဲေကြနေသော ဦးခေါင်းနှင့် ကျိုးနေသော လက်မောင်းအား ကိုင်ကာ အမှိုက်ပစ်သလို ဘေးသို့ပစ်ထုတ်လိုက်သည်။ သူ့ခြေဖဝါးများမှာ
ခွန်အားများနှင့် ပြည့်နှက်နေသေးပြီး အခြားအရပ် တစ်ခုဆီသို့ ပြေးထွက်သွား၏။ သူဦးတည်လိုက်သောအရပ်မှာ ခြုံပုတ်ခပ်သေးသေးတစ်ခု ရှိသောဘက်ဖြစ်သည်။ ထိုခြုံပုတ်အား ကြည့်လိုက်မိလျှင် ထိုနေရာမှာ ပုန်း၍ကောင်းသည့် နေရာတစ်ခုမဟုတ်ဟုသာ ထင်ရ၏။
ချင်းယီသည် အရှိန်မြင့်ပြိုင်ကားတစ်စီးကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ခြုံပုတ်ရှေ့သို့ လျစ်ကနဲပင် ရောက်ရှိသွားလေသည်။
များပြားလှသော တိုက်ကွက်များအပြီးတွင် စုတ်ပြဲသံတစ်ခု ထွက်လာ၏။
ထိုအသံမှာ ခြုံပုတ်နောက်ရှိ အနက်ရောင်အရိပ်တစ်ခု နှစ်ခြမ်းစုတ်ဖြဲခံလိုက်ရ၍ ထွက်ပေါ်လာသော အသံသာ ဖြစ်နေသည်။
ထိုသို့ ကြမ်းကြမ်းတမ်းတမ်းဖြင့် သွေးစွန်းသည့် တိုက်ခိုက်ရေးနည်းလမ်းမှာ ကူမျိုးနွယ်စုနှင့် အလွန်လိုက်ဖက်လှ၏။ အခုချိန်တွင် ချင်းယီ၏ မျက်လုံးများအား ကြည့်မိမည်ဆိုလျှင် ထိုမျက်လုံးများသည် အညိုရောင်ဖြစ်တော့မည် မဟုတ်ဘဲ ဝါညိုရောင်အဖြစ်သို့ ကူးပြောင်းနေသည်ကို တွေ့ရပေလိမ့်မည်။
ချင်းယီမှာ မျိုးနွယ်စုထဲတွင် ထိုသို့မျက်လုံးအရောင်နှစ်မျိုးလုံး ရှိသည့် တစ်ဦးတည်းသောလူဖြစ်၏။ သူ့မျက်လုံးများသည် ပုံမှန်အခြေအနေတွင် အညိုရောင်သာဖြစ်ကြပြီး အန္တရာယ်မရှိသည့်ပုံ ပေါ်သည်။ သို့သော် သူတိုက်ပွဲ၀င် တိုက်ခိုက်သည့်အခါတွင်မူ ထိုမျက်လုံးများမှာ ဝါညိုရောင်အဖြစ်သို့ ပြောင်းသွားကြ၏။
ချင်းယီ၏ လှုပ်ရှားမှုများအား မြင်သောအခါ သူတို့အားလုံးအား ရှာတွေ့သွားပြီး ဖြစ်သည်ကို ချောင်းမြောင်းတိုက်ခိုက်သူများ သတိထားမိသွားကြသည်။ ထို့ကြောင့် အမှောင်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။ ချင်းယီသည် ရင်ဆိုင်ရန်
အလွန်ခက်မည်ကို သိထားကြသော ကြောင့် သူတို့အာရုံသည် ရှောက်ရွှမ်ဆီသို့သာ ရောက်ကုန်ကြ၏။ ကလေးများအား ဖမ်းဆီးရန်မှာ အသက်အနည်းငယ်ကြီးသော ထိုကောင်လေးများကိုသာ ရင်ဆိုင်ဖို့ လို၏။ ကလေးများမှာမူ ကိုင်တွယ်ရအလွန်လွယ်ကူပြီး အချိန်မရွေး ဖြေရှင်း၍ ရသော ပြဿနာလေးများဖြစ်ကြသည်။
ထိုအချိန်တွင် တစ်ဖက်လူသည် ကူမျိုးနွယ်စု၏ ပေါက်ကွဲအားတုိက်ကွက်မှ လွတ်မြောက်နိုင်ရန် သူ၏အမြန်နှုန်းအားသာချက်အား အသုံးချ၍ သူ့တည်နေရာအား အမြန်ရွှေ့ပြောင်းနေ၏။ ရန်သူ၏ ပထမဆုံးတိုက်ကွက်အား ရှောင်နိုင်လျှင် သူနိုင်ရန် အခွင့်အရေးရပြီဟု သူထင်ထားခြင်း ဖြစ်သည်။
သို့သော် ရှောက်ရွှမ်သည် ကူမျိုးနွယ်စုမှမဟုတ်ဘဲ သူ့အမြန်နှုန်းမှာလည်း ထိုလူထက် နှေးမနေပေ။
ရှောက်ရွှမ် သူ၏ သွားဖြူဓားအား ဆွဲထုတ်
လိုက်၏။ ဓားမှာ မျိုးနွယ်စုမှထွက်လာပြီးကတည်းက သန့်စင်ခြင်းအခမ်းအနား မပြုလုပ်ရသေးသဖြင့် သွေးများစွန်းထင်းနေလေသည်။ ထိုသွေးများအားလုံးမှာ လှေပေါ်တွင်ရှိစဉ်က သူသတ်ခဲ့ရသော မြစ်သားရဲများ၏ သွေးများဖြစ်ကြသည်။ သူမည်မျှပင် ဂရုစိုက်နေစေကာမူ သတ်ဖြတ်ခြင်းမှတော့ မရှောင်လွဲနိုင်ခဲ့ချေ။
ဓားအား ပုံမှန်သန့်စင်ရုံဖြင့် သွေးများကို ပြောင်အောင်ဆေးကြောနိုင်မည် မဟုတ်ပေ။ သန့်စင်ခြင်းအခမ်းအနားမလုပ်ရသေးဘဲ သတ္တဝါများစွာအား သတ်ဖြတ်ထားသောဓားသည် ကြောက်မက်ဖွယ် အအေးဓာတ်အငွေ့အသက်တစ်ခုအား ထုတ်လွှတ်နေမည်သာ။ ရှောက်ရွှမ်နှင့်အနီးဆုံးတွင် ရှိသော ချန်ကျားမှာ နှဖူးမှကျောအထိ အေးစက်စက်ခံစားချက် တစ်ခုအား ခံစားလိုက်ရသည်။ သူမနေနိုင်ဘဲ ကြက်သီးပင်ထမိသွား၏။
ရှောက်ရွှမ်အသက်ပြင်းပြင်းရှူလိုက်ပြီး မရှောင်ဘဲ မပုန်းဘဲ ထိုအစား ပြေး၀င်လာသည့် တစ်ဖက်လူအား
ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ သူ့လက်မောင်းတစ်ခုလုံးအား အရှိန်မြှင့်စက်တစ်လုံးကဲ့သို့ အားထည့်၍ မခုတ်ခင် ဓားအားကိုင်ထားသည့်လက်၏ ပုခုံးတစ်ချက်တုန်သွားပြီး ပြေး၀င်လာသည့် ရန်သူအား ခုတ်လိုက်သောအခါတွင်မူ သူ့ဓားမှာ မှုန်ဝါးသွားလေသည်။
ကူမျိုးနွယ်စုဝင်များနှင့် ယှဉ်ပါက ရှောက်ရွှမ်၏ တိုက်ကွက်တွင် အားထိုမျှပါသည့်ပုံ မပေါ်ပါသော်လည်း သူ့ဓားချက်သည် အများကြီးပိုသန်မာပြီး ရန်သူအား ပိုလွှမ်းမိုးနိုင်၏။
ထိုဓားချက်တွင် ဓားအရိပ်စက်ဝိုင်းတစ်ခု ကျန်ခဲ့ပြီး ခပ်တိုးတိုးအသံတစ်သံသာ ထွက်ပေါ်လာကာ ရှောက်ရွှမ်ဆီသို့ ပထမဆုံး ပြေး၀င်လာသည့် လူတွင်မူ လည်ပင်းသာ ကျန်ရှိတော့သည်။ ဓားချက်၏ ပြင်းအားကြောင့် ထိုလူ၏ ဦးခေါင်းတစ်ခုလုံးမှာ လွှင့်ထွက်သွားလေပြီ။
တစ်ယောက်အား သတ်ပြီးသည့်နောက် ရှောက်ရွှမ် မရပ်ခဲ့ချေ။ ကျားသစ်တစ်ကောင် သူ့သားကောင်အား လိုက်နေသကဲ့သို့ သူနောက်ထပ်ရန်သူတစ်ယောက်၏ ဓားချက်အား ရှောင်လိုက်၏။ ဓားကွက် ရန်သူအား လွဲသွားသည့် အခါတွင်မူ ထိုလူမှာ ရှောက်ရွှမ်၏ လက်မောင်းအား ပိုင်းဖြတ်လိုက်သည်။
ဘန်းး!
ရန်သူ့ ဓားချက်မှာ ရှောက်ရွှမ်အား မထိဘဲ သူ့ခြေထောက်နားရှိ ရွှံ့မြေထဲတွင် အားအပြည့်ဖြင့် နစ်၀င်သွား၏။
ဓားချက်သည် အသေးစားဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်လှသည်။ ဓားနစ်၀င်သွားသောအခါ ရွှံ့ရေများမှာ ရွှံ့မီးရှူးမီးပန်းတစ်ခုကဲ့သို့ ပတ်၀န်းကျင် အနှံ့ ပြန့်လွင့်သွားကြ၏။
ထိုအခိုက်တွင် ရွှံ့ရေများပေါက်ကွဲထွက်သွားခြင်းေကြာင့် တိုက်ပွဲထဲတွင် ဘာဆက်ဖြစ်သွားသလဲ ချန်ကျား မမြင်ရတော့ပေ။ သို့သော် သူပြန်မြင်ရသောအခါတွင်မူ တိုက်ပွဲမှာ ပြီးသွားချေပြီ။
ရွှံ့ရေများထဲတွင် ရပ်နေသော ကျူးကျော်သူမှာ ကျောက်တုံးနက်ဓားတစ်ချောင်းအား ကိုင်ထားရင်း ယခင်အတိုင်းပင် ရပ်နေ၏။ သူ့ကိုယ်ပေါ်ရှိ နတ်အမှတ်အသားများမှာ မှေးမှိန်လာပြီး သူ့မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် သူ့ရင်ဘတ်အား ငုံ့ကြည့်လိုက်သည်။ ထိုနေရာတွင် အပေါက်တစ်ခုရှိနေ၏။ အနီရောင်သွေးစက်များမှာ ထိုအပေါက်မှတစ်ဆင့် ရွှံ့ရေများပေါ်သို့ တစက်စက် ကျဆင်းနေလေသည်။
ရှောက်ရွှမ် ပထမဆုံးလူသတ်ဖူးခြင်း ဖြစ်သော်လည်း အလွန်တည်ငြိမ်နေ၏။ ဖြစ်နိုင်သည်မှာ သူ့ခန္ဓာကိုယ်အသစ်မှာ သူ့စိတ်အား အကျိုးသက်ရောက်သွားစေခြင်း ဖြစ်နိုင်ပြီး သို့မဟုတ် ဤကမ္ဘာရှိ ရက်စက်ကြမ်းတမ်းသော စည်းမျဉ်းများနှင့် သူအကျွမ်း၀င်လာခြင်းေကြာင့် ဖြစ်ရမည်။
သို့မဟုတ်လျှင်တော့ သူသည် နဂိုကတည်းက သွေးအေးသူတစ်ယောက်ဖြစ်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ရှောက်ရွှမ် သွားဖြူဓားပေါ်ရှိ သွေးများအား ခါထုတ်လိုက်ပြီး ပတ်၀န်းကျင်ကို အကဲခတ်လိုက်ရာ သူဆီသို့ ဦးတည်လာနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည် မျိုးနွယ်စုထဲသို့ ထိုးဖောက်၀င်ရောက်လာသော အာဇာနည်မျိုးနွယ်၀င်တစ်ယောက်လား ဒါမှမဟုတ် မျိုးနွယ်စုထဲမှ သစ္စာဖောက်တစ်ယောက်ယောက်လား ဆိုသည်ကိုတော့ သူမသိခဲ့ချေ။
ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပေ။ ဤနေရာသည် ကြာကြာနေ၍မကောင်းသော နေရာတစ်ခုသာ ဖြစ်၏။ ကလေးများအား မျိုးနွယ်စုခေါင်းဆောင်ရှိသည့်ဘက်ခြမ်းသို့ မြန်နိုင်သမျှမြန်မြန် ပို့နိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ထိုစဉ် ကောင်းကင်ပေါ်မှ အရိပ်တစ်ခုဆင်းသက်လာသည်အား တွေ့လိုက်သောအခါ ရှောက်ရွှမ်ရင်ထဲ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွား၏။ အခုအချိန်တွင် ကလေး ၅ ယောက်ကိုသာ အရင်ပို့နိုင်ခဲ့ပါက အရာအားလုံးမှာ ကိုင်တွယ်ရ လွယ်ကူသွားမည်သာ။