ထိုကဲ့သို့သော ခွန်အား
Vol. 12 Ch. 173
လေလွင့်သူများကြားတွင် ယန်ရှို့နှင့် ရင်းနှီးသူများ ရှိကြပေသည်။ သူတို့ယန်ရှို့နှင့် အမဲလိုက်အတူတူထွက်သောအခါ ယန်ရှို့ပြောနေကြဖြစ်သော မီးတောက်ဦးချို မျိုးနွယ်စုအကြောင်းကို သူတို့ ကြားဖူးနေကြ၏။ သို့သော် ထိုအချိန်က သူတို့ထင်သည်မှာ ယန်ရှို့သည် လက်ရှိအဖြစ်မှန်ကို ရင်မဆိုင်နိုင်၍ ရူးသွပ်နေခြင်းဟူ၍သာ ထင်မိကြသည်။ အကယ်၍ မီးတောက်ဦးချိုမျိုးနွယ်စုသည် အမှန်တကယ် တည်ရှိမည်ဆိုလျှင်တောင် ထိုနာမည်အား မည်သူမှပင် မကြားဖူးကြရာ မျိုးနွယ်စုအသေးလေးတစ်ခုသာ ဖြစ်ရပေလိမ့်မည်။
ဤကမ္ဘာတွင် မျိုးနွယ်စုအသေးလေးများမှာ နေ့တိုင်းပင် ပေါ်လိုက် ပျောက်လိုက်ရှိတတ်ကြသည်။
သို့သော် အခုကြည့်ရသည်မှာ သူတို့အထင်အမြင်များ လွဲမှားခဲ့ကြပုံပေါ်သည်။
မျိုးနွယ်စုအသေးလေးတစ်ခုမှ လူငယ်လေးတစ်ယောက်တွင် ဤကဲ့သို့ ခွန်အားမျိုး မည်သို့ ရှိနိုင်မည်နည်း။ သူသည် သူတို့အတွက် ဒုက္ခများစွာ ဖြစ်စေနိုင်ေသာ ထိုမြွေနှင့်အစေခံကို အလွယ်တကူပင် ရိုက်နှက်ပစ်ခဲ့သည်။
မျိုးနွယ်စုအသေးလေးတစ်ခုတွင် လူကြီးတစ်ယောက်ထက် ကြီးမားသော လင်းယုန်ကြီးလည်း ရှိနိုင်ပါမည်လား။ မြွေကြီးအား စုတ်ဖြဲပစ်လိုက်သည်အား ကြည့်ခြင်းအားဖြင့် ဤလင်းယုန်ကြီးသည် ကြီးမားရုံသာမက သူ့လက်သည်းများသည်လည်း ချွန်ထက်နေမှန်း သူတို့သိလိုက်ရ၏။
မျိုးနွယ်စုတစ်ခု ထိုစကားလုံးသည် လူပေါင်းများစွာကို အားကျသွားစေသည်။
အစက သူတို့ထင်ထားသည်မှာ ယန်ရှို့နှင့် သူ့
မိသားစု ဤကျွန်၏ အသတ်ခံလိုက်ရလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သော်လည်း အခြေအနေများမှာ ယခုကဲ့သို့ ပြောင်းလဲလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အကယ်၍ သင့်တွင်သာ မျိုးနွယ်စုတစ်ခုရှိနေပါက သင့်တွင် အမြဲပြန်သွားလို့ရမည့် ကိုယ်ပိုင်နေရာတစ်ခုရှိနေခြင်း ဖြစ်သည်။
သူတို့၏ မျိုးနွယ်စုနတ်မီးတောက်မှာလည်း ဆက်လက်လောင်ကျွမ်းနေပေလိမ့်မည်။
ယန်ရှို့၏ ခက်ခဲသော နေ့ရက်များမှာ ပြီးဆုံးသွားလေပြီ။
အခြားသူများနားလည်သလို ယန်ရှို့လည်း နားလည်၏။ သို့သော် ကိစ္စများမှာ အလျင်အမြန်ဖြစ်ပွားနေခြင်းဖြစ်ရာ သူမည်သို့ ပြန်တုန့်ပြန်ရမည်
ကို မသိတော့ချေ။
သူငယ်စဉ်ကတည်းက တစ်နေ့တွင် သူ့ဘိုးဘေးများ ပြောသော မီးတောက်ဦးချိုမျိုးနွယ်သို့ ပြန်သွားမည်ဟု စိတ်ကူးယဉ်ခဲ့ဖူး၏။ တိုက်ပွဲတိုင်းတွင်လည်း မီးတောက်ဦးချိုမျိုးနွယ်သည် မည်သို့မျိုးနွယ်မျိုး ဖြစ်လိမ့်မည်လဲဟု သူတွေးနေလေ့ရှိသည်။ မျိုးနွယ်စု၀င်များသည် မည်သို့သောသူများ ဖြစ်ကြမည်နည်း။ မျိုးနွယ်စုသည် ကြီးသလော သေးသလော။ စစ်သည်တော်များမှာလည်း သန်မာပါသလော။
ယခုအချိန်တွင်မူ သူ့ရှေ့ရှိ သူ့ထက်အများကြီးငယ်သော်လည်း ပြဿနာအား သူလက်ပင်မမြှောက်ရသေးသည့် အချိန်တွင် ဖြေရှင်းသွားသော ကောင်လေးကို ကြည့်နေမိသည်။ ထို့နောက် မြွေကြီးအား သုတ်ချီပြီး တစ်စစီစုတ်ဖြဲပစ်လိုက်သော ငှက်ကြီးကို ကြည့်လိုက်မိပြီး စိတ်လှုပ်ရှားလွန်းသောကြောင့် သူအသိစိတ်ပင် ကင်းလွတ်သွားရ၏။
ရှောက်ရွှမ် ယန်ရှို့အား နှုတ်ဆက်လိုက်ပြီး သူ့နောက်ရှိ လူသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့သည် ယန်ရှို့၏ ဇနီးနှင့် ကလေးများ ဖြစ်ကြ၏။ ထို့နောက် အချိန်မရွေးပြိုကျတော့မည့်ပုံပေါ်နေသည့် မကြီးမသေး တဲအိမ်ကလေးအား ကြည့်ကာ ရှောက်ရွှမ်သက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ ဒီဘက်ကမ်းရှိ သူ့မျိုးနွယ်စု၏ မျိုးနွယ်စုဝင်များမှာ အဆင်ပြေနေကြပုံ မပေါ်ပေ။
ယန်ရှို့သည်လည်း လေလွင့်သူ တစ်ယောက်ဖြစ်ခဲ့၏။
သူသည် လေလွင့်သူဖြစ်ခဲ့သောကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ပတ်သက်၍ ရှောက်ရွှမ်သိလိုသမျှကို ရှာဖွေနိုင်တော့မည် မဟုတ်ပေ။ မျိုးနွယ်စု နှစ်ခြမ်းကွဲသွားစဉ်က ဒီဘက်ခြမ်းမျိုးနွယ်စုတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။ သို့သော် ဤအချိန်သည် မေးခွန်းအများကြီး မေးရမည့် အချိန်မျိူး မဟုတ်သေးပေ။
ရှောက်ရွှမ် သူ့သားရေအိတ်ထဲမှ အသားခြောက်အချို့ကို ထုတ်လိုက်ပြီး ယန်ရှို့လက်ထဲသို့ ထည့်ပေးလိုက်ကာ သူ့မိသားစုများကို မျက်ရိပ်ပြလိုက်သည်။ ရှောက်ရွှမ်သူ့အား အရင်ဆုံး ကြောက်လန့်နေသောမိသားစု၀င်များကို သွားပြီး နှစ်သိမ့်စေလိုခြင်း ဖြစ်၏။
ယန်ရှို့၏ တဲအိမ်မှာ နေလို့ရတော့မည့်ပုံ မပေါ်သော်လည်း ရှောက်ရွှမ်တွင် ရေလကျောက်တုံးများ ရှ်ိနေသေးသည်။ သူသာလုံလောက်အောင် ပေးနိုင်ပါက ပြဿနာတိုင်းကို ဖြေရှင်းနိုင်မည် ဖြစ်၏။ အနာဂတ်အတွက်မူ အနာဂတ်တွင် ဘာဆက်လုပ်မည်ကို ရန်ရှို့နှင့်သူ အေးအေးဆေးဆေး ဆွေးနွေးဖို့ လိုနေသေးသည်။
ယန်ရှို့ ရှောက်ရွှမ်ပေးလိုက်သော အသားခြောက်ကို တုန်ယင်နေသော လက်များဖြင့် ယူလိုက်၏။ ထို့နောက် သူ့အိမ်အ၀င်၀သို့ တစ်ချက်ကြည့်လိုက်ပြီး သူ့မိသားစုထံ လျှောက်သွားလိုက်သည်။
ယန်ရှို့ဇနီးသည် မျက်နှာပေါ်ရှိ မျက်ရည်များအား သုတ်ပြီးလေပြီ။ သူသည် ယန်ရှို့လက်အား ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “အဲ့တာကတကယ်ရှိတယ် မီးတောက်ဦးချိုမျိုးနွယ်စုက တကယ်ရှ်ိတယ်!”
သူ၏ အရင်မျိုးဆက်များအားလုံးသည် လေလွင့်သူများဖြစ်ကြသောကြောင့် မျိုးနွယ်စုတစ်ခုခုသို့ သူ၀င်ခွင့်ရလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ယန်ရှို့နှင့်မတူသည်မှာ သူ့မျိုးနွယ်စုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျက်သုန်းသွားခဲ့ပြီး ဖြစ်၏။ သူတို့၏ မျိုးနွယ်စုနတ်မီးတောက်မှာလည်း လုံး၀ ငြိမ်းသေသွားခဲ့တာ အလွန်ကြာခဲ့ပြီဖြစ်သောကြောင့် သူတို့ လေလွင့်သူများ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ယန်ရှို့သည် သူ့မျိုးနွယ်စုအား တွေ့ရှိသွားပြီဖြစ်သောကြောင့် သူမသည်လည်း သူ့နောက်သို့ လိုက်၍ရတော့မည်သာ။
သူတို့၏ နေ့ရက်ဆိုးများမှာ အဆုံးတိုင်ခဲ့လေပြီ။
သူတို့လင်မယားနှစ်ယောက်စလုံး အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ ယန်ရှို့ဇနီးသည် လက်ရှိအခြေအနေအား သတိရသွားလျှင် ရသွားခြင်း ရှောက်ရွှမ်အား သူတို့အိမ်ထဲသို့ ဖိတ်ခေါ်လိုက်၏။ သို့သော် လက်ရှိသူတို့အိမ်အခြေအနေအား ပြန်ကြည့်လိုက်ပြီး အနည်းငယ်လည်း အားနာမိသွားသည်။ သူမ ရှောက်ရွှမ်၏ လှုပ်ရှားမှုများအား မြင်ခဲ့ရပြီး အခုလိုမျက်နှာချင်းဆိုင်တွေ့ရသောအခါတွင်မူ အမူအရာမပျက်မိအောင် အတော်လေးထိန်းသိမ်းထားလိုက်ရ၏။ ထိုသူသည် အစစ်အမှန် စစ်သည်တော်တစ်ယောက် မဟုတ်ပါလား။
“ရပါတယ် မရီး စိတ်ထဲမထားပါနဲ့ ကျွန်တော်ဒီမှာပဲ ထိုင်လိုက်ပါ့မယ်” ရှောက်ရွှမ်ပြောလိုက်ပြီး ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ အစက သူသည် အနားရှိ သစ်သားပြားနှစ်ပါးကိုယူ၍ ခင်းကာ ထိုင်လိုက်မည်ဟု စဉ်းစားထားခြင်း ဖြစ်ပါသော်လည်း အနားရှိ သစ်စများကို တွေ့လိုက်သောအခါ သူအကြံ
တစ်ခု ရသွား၏။
သူ့အကြည့်သည် မီတာ ၂၀၀ လောက်ဝေးသော မြစ်ကမ်းဆီသို့ ရောက်သွားပြီး သူ့စိတ်ထဲတွင်ပေါ်လာသော အကြံကိုအကောင်အထည်ဖော်ရန် ထိုနေရာသို့ သွားလေတော့သည်။
ရှောက်ရွှမ် ထွက်သွားသောအခါ ပတ်၀န်းကျင်မှ လူများ သူအား ကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်များသည် ရှောက်ရွှမ်၏ လှုပ်ရှားမှုတိုင်းအား လိုက်ကြည့်နေကြခြင်း ဖြစ်သည်။ ထိုစစ်သည်တော် ဘာလုပ်မည်နည်းဟု သူတို့သိချင်နေကြ၏။
မြစ်ဆီသို့သွားနေသော ရှောက်ရွှမ်ကို မြင်သောအခါ ယန်ရှို့တို့ မိသားစုလည်း စိတ်ရှုပ်ထွေးသွားကြသည်။
“သူစိတ်ဆိုးသွားတာလား သူဒီမှာပဲ ထိုင်မယ်လို့ ပြောခဲ့တယ်မလား ဒါမှမဟုတ် ကျွန်မတို့အိမ်ထဲမှာ ထိုင်
စရာနေရာမရှိလို့လား” ယန်ရှို့ဇနီး စိတ်ပူစွာဖြင့် ပြောလိုက်သည်။
“အဲ့လို မဟုတ်လောက်ပါဘူး” မီးတောက်ဦးချို မျိုးနွယ်စုမှ လူတစ်ယောက်မှာ ထိုမျှကိစ္စလောက်လေးနှင့်တော့ စိတ်ဆိုးသွားလိမ့်မည်မဟုတ်ဟု ယန်ရှို့ထင်မိသည်။
ယန်ရှို့လက်ကျန် အသားခြောက်များကို သူ့သမီးလေးအား ကျွေးလိုက်ရင်း ထွက်သွားသော ရှောက်ရွှမ် နောက်ကျောကို ကြည့်နေလေ၏။ တကယ်တော့ သူသည်လည်း ထိုမျိုးနွယ်စု၀င်သည် ရုတ်တရက် နောက်ပြန်လှည့်သွားကာ သူနှင့်သူ့မိသားစုအား ထားခဲ့မည်ကို စိတ်ပူနေမိသည်။
သို့သော် လင်းယုန်သည် မြွေသားအား ဝါးစားနေရင်း ထွက်သွားမည့် အရိပ်အယောင်မပြသေးသော အခါမှသာ ယန်ရှို့ စိတ်အေးသွားရ၏။
ရှောက်ရွှမ် မြစ်ထဲသို့ လျှောက်သွားလိုက်ပြီး ထိုနေရာတွင် ၂မီတာ မြင့်ပြီး ၃မီတာလောက်ကျယ်သော ကျောက်တုံးတစ်တုံး ရှိနေပေသည်။ ပုံမှန်အားဖြင့် ဤနေရာတွင် ကုန်သည်များသည် သူတို့ဖောင်များကို ကျောက်ချရန် ဤနေရာရှိ ကျောက်တုံးကြီးများနှင့် တွဲချည်ထားတတ်ကြ၏။ ကျောက်တုံးကြီးသည် အလွန်ကြီးပြီး လေးလံလှသောကြောင့် စစ်သည်တော်များပင် ထိုကျောက်တုံးကြီးများအား လွယ်လွယ်နှင့် ရွှေ့နိုင်ကြလိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ကျောက်တုံးပေါ်တွင်ထိုင်ရင်း အသားကင်စားနေသော လူတစ်ချို့ ရှိနေလေသည်။
ထိုလူများသည် ကျောက်အသုံးအဆောင်များအား အစားအစာနှင့် လဲကျသူများ ဖြစ်ကြပြီး လေလွင့်သူများနှင့် အတူတူသာဖြစ်ကြသော်လည်း အနည်းငယ်တော့ ကွဲပြားကြ၏။ သူတို့ကို ဤဒေသရှိ သန်မာကြသူများထဲမှ သန်မာသူတစ်စုဟု သတ်မှတ်နိုင်ပြီး သူတို့သည် အုပ်စုဖွဲ့နေထိုင်ကြသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် သာမန်
လေလွင့်သူများသည် သူတို့အား ပြဿနာမရှာရဲကြပေ။
လေလွင့်သူများနယ်မြေတွင် ဤအဖွဲ့သည် သူတို့ဘ၀အား အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်စေရန် ရှင်သန်နေထိုင်ကြသူများဖြစ်ကြပြီး အင်အားလည်း တောင့်တင်းကြသည်။ တောင်ပေါ်တွင်ရှိသော သစ်သီးများကို အခြားလေလွင့်သူများအား ယူခွင့်မပေးဘဲ သူတို့သာ အကုန်ယူတတ်ကြပြီး သူတို့ခွင့်ပြုချက်မရှိဘဲ အမဲကောင်အသေးလေးများအား လိုက်မိပါကလည်း ရလာသော အမဲကောင်ကို လုသွားတတ်ကြသည်။ လူများလေ အင်အားများလေ ဆိုသည့်အတိုင်း ထိုလူများသည် အုပ်စုဖွဲ့နေထိုင်ကြသောအခါ သူတို့တွင် ဖြုံလောက်စရာ အင်အားတစ်ခုရှိလာကြ၏။ အခြားလေလွင့်သူများမှာ သူတို့အား လွယ်လွယ်သွားမရှုပ်ရဲကြဘဲ အကယ်၍ သွားရှုပ်မိပါကလည်း သေသွားကြရမည်သာ။
ရှောက်ရွှမ် ကျွန်အား ရိုက်နှက်လိုက်သော မြင်ကွင်း
ကို သူတို့လည်း မြင်လိုက်ကြရ၏။ ထိုအခါ သူတို့သည် ကျွန်ကောင်၏ ကံဆိုးမှုကို လှောင်ပြောင်ရယ်မောခဲ့ကြသည်။ သူတို့မှာလည်း ထိုကျွန်ကောင်၏ လက်ထဲတွင် အနိုင်ကျင့်ခံခဲ့ရဖူးသူများ ဖြစ်ကြပြီး အထူးသဖြင့် သူတို့အကြီးအကဲ ဖြစ်၏။ ထို့ကြောင့် ကျွန်ကောင်၏ မြွေကိုဖမ်းပြီး ကင်စားပစ်ရန်ပင် သူတို့တွေးထားကြခြင်း ဖြစ်သည်။
ထိုကောင်သည် ကျွန်တစ်ကောင်ပဲ မဟုတ်ပါလား။ သို့သော် သူသည် တစ်ချိန်လုံး မြွေတစ်ကောင်အား ကိုယ်ပေါ်ပတ်ကာ သူသည်သူများထက် သန်မာကြောင်းကြွားဝါပြရန် လျှောက်သွားနေ၏။ နောက်ဆုံးတွင် လူတိုင်းက ကိုယ်ပေါ်တွင် ထိုမျှကြီးသော မြွေမျိုးကိုပတ်၍ အေးအေးဆေးဆေးလျှောက်သွားနေနိုင်မည် မဟုတ်ပေ။ သူ၏ ကြွားဝါမှုများသည် လေလွင့်သူများအား သူ့ကို အလွန်ကြည့်မရဖြစ်စေသည်။ ထိုကောင်သည် သူထိုသို့ ကြွားဝါနေရုံဖြင့် ကျွန်သခင်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ထင်နေပါသလော။
ထို့ကြောင့် ထိုကျွန်နှင့် သူမြွေအရိုက်ခံလိုက်ရသည်ကို တွေ့ရသောအခါ သူတို့ ကျေနပ်နေကြခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ ရှောက်ရွှမ် သူတို့ဆီသို့ လာနေသည်ကို တွေ့လိုက်ရသောအခါ သူတို့ စိတ်ရှုပ်ထွေးသွားရသည်။
“အစ်ကိုကြီး သူ သူကကျွန်တော်တို့ဆီလာနေတယ်” အဖွဲ့မှ တစ်ယောက် ခပ်တိုးတိုးပြောလိုက်၏။
“ငါသိတယ်” အစ်ကိုကြီးဟုခေါ်ခံရသော တစ်ယောက်သည် သူ့အသံအား နှိမ့်၍ ပြန်ပြောလိုက်သည်။
“သူ့မှာ ဘာအစီအစဉ်ရှိလောက်လဲ ကျွန်တော်တို့အစားအစာတွေကို လာလုမှာလား” လေလွင့်သူများအတွက်မူ သူတို့အကြောက်ဆုံးအရာမှာ သူတို့အစားအစာများ အလုခံရခြင်းဖြစ်၏။ ထို့ကြောင့် ရှောက်ရွှမ်လာနေသည်အား တွေ့လိုက်သည်နှင့် သူတို့တွေးမိသောအရာမှာ ထိုအရာဖြစ်နေခြင်း ဖြစ်သည်။
“သူယန်ရှို့အတွက် လာကလဲ့စားချေတာတော့ မဟုတ်ဘူးမလား” အရင်က သူတို့ယန်ရှို့အား အနည်းငယ် ဒုက္ခပေးဖူးပြီး ယန်ရှို့၏ ခွန်အားမှာ အခြားသူများထက် သာနေသည်ကို တွေ့လိုက်ရသောအခါ ထိုကောင်သည် ဝါးရခက်သော အရွတ်တုံးဖြစ်မှန်း သိသွားခဲ့၏။ ထို့ကြောင့် သူတို့အချိန်များအား ယန်ရှို့ကိုပြဿနာရှာပြီး မဖြုန်းတော့ဘဲ လွှတ်ထားပေးလိုက်သည်။ သူတို့ ယန်ရှို့အား အကြိမ်အနည်းငယ်သာ ပြဿနာရှာခဲ့ဖူးခြင်း ဖြစ်၏။
ရှောက်ရွှမ် နီးသထက်နီးလာသော အခါ သူတို့ထဲရှိ အချို့လူများမှာ အလွန်ပင်ရင်ခုန်နေကြလေပြီ။ ထို့နောက် သူတို့အားလုံးသည် ကင်ထားသော အသားများ ကျက်ကျက် မကျက်ကျက် ပူပူမပူပူ ဂရုစ်ိုက်မနေတော့ဘဲ အသားများကို သူတို့ပါးစပ်ထဲသို့ ထိုးသွတ်ပလိုက်ကြပြီး ဤနည်းဖြင့် သူတို့အသားများ အလုခံရမည့် အဖြစ်ကို ကာကွယ်လိုက်ကြသည်။
ရှောက်ရွှမ် ထိုလူများဆီ လျှောက်သွားလိုက်ပြီးနောက် တချက်အကဲခတ်လိုက်ကာ ကျောက်တုံးပေါ်တွင် လဲလျောင်းနေသော သူဆီ လှည့်လိုက်၏။
ရှောက်ရွှမ်သူ့ဆီလှည့်လာေသာအခါ အစ်ကိုကြီး ဟု အခေါ်ခံရသော လူမှာ သူ့ပါးစပ်ထဲရှိ အသားများကို ပိုမြန်မြန်ပင်ဝါးနေလေပြီး သူ့လက်များမှာလည်း အနည်းငယ်တုန်ရီနေကြလေသည်။ ခုနက ကျွန်၏ မြွေအဖြစ်ကို သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းပင် မှတ်မိနေသေး၏။
သူ့ခေါင်းအားငုံ့ထားလိုက်ပြီး အစ်ကိုကြီးဟု ခေါ်ခံရသောသူသည် ရှောက်ရွှမ်အား မော့မကြည့်ရဲခဲ့ဘဲ ပလုတ်ပလောင်းဖြင့်သာ အသားများကို ဝါးစားနေလေသည်။ ပါးစပ်ထဲရှိ ကျန်နေသောအသားများအား မျိုမချရသေးဘဲ နောက်အသားများကို ထပ်ထည့်ထားခြင်းဖြစ်လေရာ သူ့ပါးများသည် အသားများဖြင့် ဖောင်းကားနေကြ၏။
“ကျေးဇူးပြုပြီး ဖယ်ပေးလို့ရမလား”
ထိုလူမှာ ရှောက်ရွှမ်စကားကိုမကြားဘဲ သူ့နားထဲတွင် ရှောက်ရွှမ်၏ ခြေသံများကို သာကြားနေရလေသည်။
အခြားသူတစ်ယောက်ဆိုပါက သူတို့ထိုမျှကြောက်နေ မည်မဟုတ်ဘဲ အရင်ကတည်းပင် တိုက်ခိုက်ပြီးဖြစ်နေကြလိမ့်မည်။ သို့သော် မြွေအားစိတ်ကြိုက်ကစားနေသော လင်းယုန်ကြီးအား ပြန်တွေးလိုက်မိသောအခါတွင်မူ သူတို့သတ္တိများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေသည်။ ယခုအခါတွင် တိုက်ခိုက်ရမည်လား။ ဒါမှ မဟုတ် တောင်းပန်လိုက်ရမည်လား။
“ဖယ်စမ်း” ထိုလူ ဘာမှမတုံ့ပြန်ဘဲ ကြောင်တောင်တောင်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ရှောက်ရွှမ် ထပ်ပြောလိုက်သည်။
ထိုအခါ ကျောက်တုံးပေါ်မှလူ ချက်ချင်းပင် ထိုပေါ်မှ ထွက်ပြေးလေတော့သည်။ သူ့ဘေးနားသို့ ကြည့်လိုက်မိသောအခါတွင်မူ အနားတွင် သူ့အဖွဲ့သားတစ်ယောက်မှ မရှိတော့ဘဲ အစကတည်းက ထိုကောင်များသည် ခပ်လှမ်းလှမ်းသို့ ရှောင်နေပြီး ဖြစ်သည်ကို တွေ့လိုက်ရ၏။ သူတို့ခေါင်းဆောင် ဒုက္ခရောက်နေသောအခါတွင် ထိုကောင်များသည် အနားတွင်ပင် မနေကြချေ။ ဒီကိစ္စပြီးမှ ကောင်းကောင်းဆုံးမပစ်မည်ဟု ထိုလူစိတ်ထဲမှ ကျိန်ဆဲနေလိုက်၏။
သို့သော် သူထထွက်သွားပြီးသောအခါ တစ်ခုခုမှာ ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။ ပတ်၀န်းကျင်ရှိ လေချွန်သံ စကားပြောသံများမှာ ရပ်တန့်သွားကြပြီး လေထုသည် တစ်မျိုးဖြစ်နေ၏။
တစ်ခုခုဖြစ်နေပါသည်လား။
လေထုသည် အလွန်တင်းကြပ်နေပြီး သူ့ပတ်၀န်းကျင်မှ လူများ၏ အကြည့်များမှာလည်း အလွန်ထူးဆန်းနေသည်ကို သူ့မျက်လုံးထောင့်မှ တွေ့လိုက်ရလေသည်။
သူ ရှောက်ရွှမ်အား နောက်ပြန်လှည့်လိုက်မိသောအခါတွင်မူ သူ့ရှေ့တွင် အရိပ်ကြီးတစ်ခုကို တွေ့လိုက်ရပြီး ထိုအရိပ်မှာ ရွေ့လျားနေလေ၏။
ဒါက….
သူ့လည်ပင်းများ တောင့်တင်းနေပြီး အရိပ်ကြီးအား လိုက်ကြည့်လိုက်သောအခါ လူအနည်းငယ်ပေါင်း၍ ရွှေ့မှသာ ရွေ့မည်ဖြစ်သော ကျောက်တုံးကြီးကို အလွယ်တကူ မထားသော ရှောက်ရွှမ်ကို တွေ့လိုက်ရေတာ့သည်။
“ဖူးး….အဟွတ် အဟွတ်”
ထိုကောင်လုပ်နေသာ ကိစ္စတစ်ခုချင်းစီတိုင်းမှာ သူ့စိတ်အား ဗြောင်းဆန်သွားစေသောကြောင့် သူသွေးတစ်လုပ်ပင် အန်လိုက်မိ၏။
ခုနက ထွက်ပြေးသွားသော လူများမှာလည်း သူ့ဘေးမှ နေ၍ ရှောက်ရွှမ်အား ဝိုင်းကြည့်နေကြသည်။ သူတို့သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေလေရာ ပါးစပ်ထဲရှိ အသားများကိုတောင် မြင်နေရ၏။ ကြည့်နေသော သူတို့မျက်လုံးများမှာလည်း ပြူးကျယ် နေကြလေသည်။
ဤနေရာတွင် များစွာသော ကုန်သွယ်အဖွဲ့များ ၀င်ထွက်သွားလာနေကြသောကြောင့် စစ်သည်တော်များ ကျောက်တုံးအား ရွှေ့ကြသည်ကို သူတို့ မြင်ဖူးကြ၏။ သို့သော် ထိုကျောက်တုံးကြီးအား သစ်သားစတစ်ခုကဲ့သို့ အလွယ်တကူ သယ်မထားသော စစ်သည်တော်မျိုးကိုတော့ သူတို့မတွေ့ဖူးကြချေ။
သူ့လက်ထဲရှိ ကျောက်တုံးအား ကိုင်ကာ ရှောက်ရွှမ် ယန်ရှို့တို့ဆီသို့ ခုန်ပေါက်၍ပင် ပြန်သွားနေ၏။
ပတ်၀န်းကျင်မှလူများမှာတော့ သူ့အားကြည့်ရင်း စွန့်အနေကြလေသည်။
ယန်ရှို့၏ ဇနီးမှာတော့ ကျောက်တုံးကြီးအား အလွယ်တကူသယ်လာသော ရှောက်ရွှမ်ကို ပြူးကြောင်နေသော မျက်လုံးများနှင့် ကြည့်နေရင်း သူ့ယောင်္ကျားပြောခဲ့ဖူးသည့် မီးတောက်ဦးချိုမျိုးနွယ်စု၏ ခွန်အားကို ပြန်စဉ်းစားမိသွားသည်။ “မီးတောက်ဦးချိုမျိုးနွယ်စု၀င်တွေက ၀က်ဝံတစ်ကောင်ကို အသာလေးမနိုင်တယ် ဆိုတာ ကျွန်မယုံသွားပြီ”
သူတို့လက်ထဲတွင် ၀က်ဝံများမှာ ကလေးများပမာသာ ရှိနေမည်သာ သေချာပေသည်။