မျက်နှာဖုံးထောင်ချီ
Vol. 12 Ch. 176
သစ်ကိုင်းတစ်ကိုင်းပေါ်တွင် သားရေဗြောင်၀တ်စုံကို ၀တ်ထားသော လူတစ်ယောက် ရပ်နေ၏။ တိရစ္ဆာန်သားရေအား အမွှေးချွတ်သည့် လုပ်ငန်းစဉ်သည် လွယ်ကူသောလုပ်ငန်းတော့ မဟုတ်ပေ။ သားရေပေါ်တွင်မူ သစ်တောအရောင်နှင့်တူသော အစိမ်းရင့်ရောင် အစိမ့်ဖျော့ရောင် အစင်းကြားများ ရှောယှက်နေလေရာ သစ်တောထဲတွင် ဆိုပါက ထိုလူကို သတိထားမိရန် အတော်လေးခက်ပေလိမ့်မည်။
ထိုအရာသည် သိပ်ထူးဆန်းသော အရာတော့မဟုတ်ပေ။ ရာသီဥတုပူလာသော အခါ ထိုသို့သော၀တ်စုံမျိုးကို၀တ်ကြသည့် လူအတော်များများကို ရှောက်ရွှမ်မြင်ဖူး၏။ ထိုလူအား ပိုထူးခြားနေစေသော အရာမှာ သူ၀တ်ထားသော မျက်နှာဖုံးဖြစ်သည်။
ရုတ်တရက်ကြည့်လိုက်လျှင် ထိုလူ့မျက်နှာဖုံးမှာ
ပန်းပွင့်ပုံသဏ္ဍာန်မျက်နှာဖုံးဟု ထင်ရဖွယ်ရှိ၏။ သို့သော် အမှန်တကယ်တွင် ထိုမျက်နှာဖုံးသည် သူတို့မျက်နှာအစိတ်အပိုင်းများ၏ အထူးပြောင်းလဲမှုတစ်ခု ဖြစ်သည်။ မျက်နှာဖုံးပေါ်ရှိ အမှတ်အသားများမှာလည်း နတ်စွမ်းအားများပါ၀င်နေသည့် နတ်အမှတ်အသားများ ဖြစ်ကြ၏။
သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုထွက်ပေါ်လာရာ အနားတွင် လူသေများအား စားသောက်နေကြသည့် လက်ကျန်ငှက်များမှာလည်း ပျံပြေးကုန်ကြတော့သည်။
လူသေများအားစားသောက်နေကြသည့် ငှက်ပမာဏမှာလည်း မနည်းလေရာ သူတို့ပျံေပြးသွားသောအခါ လူသေအလောင်းများပေါ်၌ အနက်ရောင်ခန်းစီးတစ်ခု ဖြတ်ပြေးသွားသလိုပင် ဖြစ်သွားကြ၏။
တစ်ဖက်လူဘယ်အချိန်ခုန်ဆင်းလာမည်ကို မသိရ
သောကြောင့် ယွီ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ထဲရှိ ကျောက်တုံးဓားအား ဆုပ်ကိုင်လိုက်ကာ အလိုအလျောက်ပင် တစ်ဖက်လူရှိရာဖက်လို့ ဓားဦးကိုချိန်ထားလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ထိုလူမှာလည်း သစ်ကိုင်းပေါ်မှ ခုန်ဆင်းလာ၏။ လျှပ်တပျက်ပင် ငှက်များေကြာင့်ဖြစ်ပေါ်နေသော အနက်ရောင်ခန်းစီးစကို ကျော်၍ ယွီဆီသို့ ဓားတစ်ချက် ခုတ်ပိုင်းလိုက်လေ၏။
ဓားတစ်ချက်သာ ခုတ်ပိုင်းလိုက်ခြင်းဖြစ်သော်လည်း ယွီ သူ့ဆီသို့ ဓားပေါင်းများစွာ ပျံသန်းလာနေသလို ခံစားလိုက်ရသည်။ သူဘယ်ကိုပဲပြေးပြေး ထိုဓားများသည် သူ့ကိုအလွတ်ပေးတော့မည် မဟုတ်ပေ။
ယွီ နွံအိုင်ထဲတွင် နစ်နေသလိုခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွာေလသည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်မှာလည်း သူ့စကားအား နားမ
ထောင်တော့ပေ။ သူလှုပ်ရှားနိုင်မည့် အချိန်ရောက်သည့်အခါတွင်လည်း အရာရာသည် နောက်ကျသွားတော့မည်သာ။
ထိုအချိန်တွင် ယွီစတင်နောင်တရလာမိသည်။
သူဤနေရာသို့ ဘာကြောင့်လာခဲ့မိပါသလဲ။
သမင်ကိုပစ်ပြီးပြီးချင်း သူဘာလို့ ထွက်မသွားမိခဲ့ပါသလဲ။
မျိုးနွယ်စုမှ ထွက်မလာခင်တွင် သူ့အဖိုးက သူ့ကို အရမ်းမစပ်စုဖို့နဲ့ ထူးဆန်းတာတစ်ခုခုအားတွေ့ပါက အဝေးဆုံးတွင်နေဖို့ မှာခဲ့သည် မဟုတ်ပါလား။
ယခုတွင်မူ မကြာခင်တွင် သူသည် မြေပြင်ပေါ်ရှိအလောင်းများကဲ့သို့ ခုတ်ပိုင်းခံလိုက်ရကာ
အလောင်းစားငှက်များ၏ စားသောက်ခြင်းကို ခံရပေတော့မည်။
ရုတ်တရက် ယွီ သူ့ပုခုံးအား လက်တစ်ဖက်က ဆွဲခေါ်သွားသည်ကို ခံစားလိုက်ရသည်။ ချွန်ထက်နေသာ ဓားတစ်လက်သူ့ခေါင်းပေါ်တွင် ပေါ်ပေါက်လာပြီး အခြားတစ်ခုနှင့် ရင်ဆိုင်မိသွား၏။ ကျောက်ဓားနှစ်လက် ထိပ်တိုက်တွေ့သွားသောအခါတွင် မီးပွားများထွက်လာခြင်းမျိုးမဖြစ်ဘဲ ကျောက်စများသာ ပဲ့ထွက်ကုန်ကြသည်။
ထိုဓားချီများ ကြားတွင်မူ သေဘေးမှအခုပဲလွတ်မြောက်လာရခြင်းကြောင့် ယွီအလွန်ရင်တုန်နေ၏။ သို့သော် ယခုအချိန်သည် တွေးနေရမည့် အချိန်မဟုတ်သည်ကို ယွီသိသည်။ အကယ်၍ ရှောက်ရွှမ်သာ မကယ်ခဲ့ပါက သူသည် အခုချိန် မြေပြင်ပေါ်၌ လဲလျောင်းနေရပြီး ဖြစ်လိမ့်မည်။ သူဤနေရာတွင် ရပ်နေ၍လည်းတိုက်ခိုက်ရာ၌ ဘာအကူအညီမှ မဖြစ်နိုင်သည်ကို သိသောကြောင့် ရှောက်ရွှမ်လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ေစရန် ခြေလှမ်း
အနည်းငယ် ဆုတ်ပေးလိုက်သည်။
တစ်ဖက်လူ၏ ဓားချီသည် အလွန်သန်မာလှပြီး ယွီအား မလှုပ်နိုင်အောင်ပင် ဖြစ်စေနိုင်သော်လည်း ရှောက်ရွှမ်ကဲ့သို့ တောထဲတွင်ကြီးပြီး သားရဲများနှင့် တိုက်ခိုက်ခဲ့ရသော သူအဖို့တော့ သူမကိုင်တွယ်နိုင်သော အရာမျိုးမဟုတ်ပေ။
ယခုအခါတွင်လည်း လက်တစ်ဖက်တွင် ကျောက်ဓားအားကိုင်ပြီး တစ်ဖက်ဖြင့် ယွီအားကယ်လိုက်ပြီး တစ်ဖက်မှ၀င်လာသော ဓားချက်ကို သူ့ကျောက်ဓားဖြင့် ခုခံလိုက်ခြင်း ဖြစ်၏။
အကယ်၍ သူ့ဓားသည် သာမန်ကျောက်ဓားသာဖြစ်ပါက ချက်ချင်းပင် ကျိုးပဲ့သွားမည် ဖြစ်သော်လည်း ယခုအခါ သူ့လက်ထဲရှိဓားမှာ နတ်ဆေးဆရာပေးထားသော ဓားဖြစ်ပေသည်။ ထိုဓားသည် သူဘိုးဘေးများအား ရှာစဉ်အခါက ကျောက်တီကောင်ဘုရင်၏ အသိုက်မှ ယူလာသော ဓားလည်းဖြစ်၏။ သူမျိုးနွယ်စုမှ မထွက်ခင်တွင် နတ်ဆေးဆရာကထို
ဓားအား အသေးစိတ်ပြန်လည်သန့်စင်ပြီး သူ့အားပေးလိုက်ခြင်း ဖြစ်သည်။
သူမျိုးနွယ်စုမှ ထွက်ခွာစဉ်က လောင်ခဲ့သန့်စင်ပေးခဲ့သော ပိုင်ယာ့ဓားအပြင် ထိုကျောက်ဓားကိုလည်း သူယူလာခဲ့၏။ ရေတွက်၍တောင်မရသော တိုက်ခိုက်မှုများစွာနှင့်ကြုံပြီးသောအခါတွင်မူ သူ့ကျောက်ဓားလေးသည် အရင်နှင့်ယှဉ်ပါက အနည်းငယ်ပင် သေးသွားခဲ့သည်။
ပထမဆုံးတိုက်ခိုက်မှုတွင် တစ်ဖက်လူ၏ ဓားချီသည် ကျောက်ဓားကိုဖြတ်ကာ သူ့လက်မောင်းများကိုတုန်ခါသွားစေသော်လည်း ရှောက်ရွှမ်မကြောက်မိချေ။ သူ့လက်မောင်းရှိ နတ်အမှတ်အသားသည် ထိုအရာအား ခုခံရုံသာမက ပြန်လည်တိုက်ခိုက်ရန်ပင် ခွန်အားရှိနေသေးသည် မဟုတ်ပါလား။
လူနှစ်ယောက်သည် ပထမတိုက်ကွက်ပြီးသည့်နောက် ပြန်ခွာသွားကြပြီး မျက်နှာဖုံး၀တ်လူ
သည် သူရပ်နေခဲ့သော သစ်ကိုင်းပေါ်သို့ပင် ပြန်တက်သွား၏။ မျက်နှာဖုံးအောက်ရှိ သူ့မျက်လုံးများမှာလည်း တစ်ဖက်လူအား အကဲခတ်နေရင်း အံ့ဩသင့်နေသည့် အရိပ်အယောင်များ ထွက်ပေါ်နေလေသည်။
ယွီသူ့အိတ်ထဲမှ အဆိပ်အပ်များအား ထုတ်လိုက်သောအခါတွင်မူ ထိုလူသည် ချက်ချင်းပင်ထွက်ပြေးသွားပြီး သူတို့နှင့် ဆက်မတိုက်ခိုက်တော့ပေ။
ယွီ ပတ်၀န်းကျင်အား တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
ရန်သူစတင်တိုက်ခိုက်လိုက်သည့်အချိန်နှင့် ရှောက်ရွှမ်သူ့တိုက်ကွက်အား ခုခံကာ ရန်သူပြန်ပြေးသွားသောအချိန်သည် အသက်ရှူကြိမ်တစ်ခုစာလောက် အတွင်းတွင်ပင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။
အရင်က သူတွေးထားသည်မှာ ဖားအဆိပ်အားသုံး၍ သူ့ကိုယ်သူကာကွယ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်လည်း ယခုမှသာ သူဘယ်လောက်ပျော့ညံ့ခဲ့မှန်း ယွီနားလည်သွားသည်။ စစ်မှန်သော ခွန်အားသည် ထိုကဲ့သို့သောအရာများကို ဖိနှိပ်ပစ်နိုင်ပြီး သူ့တွင်တုန့်ပြန်ရန်ပင် အချိန်မရခဲ့ပေ။
ယခုမှသာ သူ့သွေးများအားအေးခဲသွားစေပြီး မလှုပ်နိုင်ဖြစ်ကာ ပြေးစရာမြေပင်မရှိတော့လောက်အောင် သူရင်ဆိုင်ခဲ့ရသော ဓားချက်အကြောင်းကို ပြန်စဉ်းစားနေမိသည်။
“ကျွန်တော် သေမတတ်ကြောက်သွားခဲ့တာ” ယွီ အသက်ပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည်။ ပတ်၀န်းကျင်ရှိ ဆိုးရွားသောအနံ့အသက်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူရှူသွင်းလိုက်ခြင်းဖြစ်၏။ အနံ့သည် အခုထက်ပိုဆိုးနေလျှင်ပင် ကိစ္စမရှိပေ သေဆုံးခြင်းထက်တော့ မဆိုးနိုင်ဘူး မဟုတ်ပါလား။
“ကျေးဇူးပါ ရှောက်ရွှမ် တကယ်လို့ခင်ဗျားသာမကယ်ခဲ့ရင် ကျွန်တော်လည်းမြေပြင်ပေါ်က လူတွေလိုမျိုးဖြစ်နေလောက်ပြီ” ယွီပြောလိုက်သည်။ ရှောက်ရွှမ်အား သာမန်မျိုးနွယ်စု၀င်တစ်ခုဟုသာ သူထင်ထားခဲ့ခြင်းဖြစ်ပြီး ထိုမျှသန်မာလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ အမှန်တရားမှာ ရှောက်ရွှမ်သည် သူ့ထက်ငယ်သော်လည်း သူ့ထက်အတော်လေးပင် သန်မာလှသည်။ မျိုးနွယ်စုမှထွက်မလာခင်က သူ့အဖိုးက သူ့အား အခြားသူများနောက်မှမလိုက်ဘဲ ရှောက်ရွှမ်နောက်သို့သာ လိုက်ရန်မှာထားခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ သူ့အဖိုးသည် ရှောက်ရွှမ်အတော်လေးသန်မာမှန်း သိထားခဲ့ပုံရသည်။ သူ့အဖိုး၏ အမြင်မှာအမှန်တကယ်ပင် စူးရှလှပြီး ထိုနေရာ၌ သူ့အဖိုးအားသူမယှဉ်နိုင်ပေ။
“အမြန်ထွက်သွားကြစို့” ရှောက်ရွှမ် ပတ်၀န်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဟုတ်တယ် အမြန်ထွက်သွားနိုင်လေ ကောင်းလေ
ပဲ” ယွီပြန်ပြောလိုက်ပြီး အမြန်နောက်လှည့်ပြေးလေတော့သည်။
မြစ်ကမ်းရှိ အနားယူနေသော ကုန်သွယ်အဖွဲ့ကိုတွေ့မှပင် ယွီအရှိန်လျှော့ခဲ့၏။ ထိုခါမှသာ သူတွေ့ခဲ့သောလူအကြောင်းပြန်တွေးမိပြီး ရှောက်ရွှမ်ဘက်သို့လှည့်ကာ မေးလိုက်သည်။
“အဲ့ဒီလူက ဘယ်မျိုးနွယ်စုကလို့ထင်လဲ သူကအတော်လေးသန်မာတယ်”
ရှောက်ရွှမ်တစ်ဖက်လူ၏ မျက်နှာဖုံးအားပြန်စဉ်းစားကြည့်ပြီး ပြောလိုက်သည်။
“မျက်နှာဖုံးထောင်ချီ မျိုးနွယ်စု”
ရှောက်ရွှမ်သိသမျှထဲတွင် ထိုမျက်နှာဖုံးပုံစံမျိုးနှင့် မျိုးနွယ်စုတစ်ခုသာ ရှိ၏။ ထိုအရာသည် ဘိုးဘေး
များမှတ်တမ်းတင်ထားခဲ့သော သားရေလိပ်ထဲတွင်ပါသော မျိုးနွယ်စုတစ်ခုအား သူပထမဆုံးအကြိမ်တွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။
ဘိုးဘေးများပြောခဲ့သည်မှာ ထိုမျိုးနွယ်စုသည် သူတို့နတ်ရုပ်နိုးထလာသောအခါ မျက်နှာပေါ်တွင် မျက်နှာဖုံးတစ်ခုပေါ်လာသည်ဟု ဆို၏။ ထို့နောက် သူတို့နတ်စွမ်းအားအား သုံးသည့်အခါတွင် ထိုမျက်နှာဖုံးသည် မျက်နှာတစ်ခုလုံးအားဖုံးအုပ်သွားပေလိမ့်မည်။
မျက်နှာဖုံးထောင်ချီမျိုးနွယ်စု၀င်တိုင်းတွင် မတူညီသော မျက်နှာဖုံးများ ရှိကြသည်။ တူညီသည်ဟုထင်ရသော်လည်း အမှန်တကယ်တွင် သူတို့ကြား၌ မတူညီသော အသေးစိပ်အရာလေးများ ရှိတတ်ကြ၏။ ထိုသည်မှာ လူတိုင်းတစ်ယောက်မျက်နှာနှင့်တစ်ယောက် မတူညီသလိုဖြစ်ပေသည်။
မျက်နှာဖုံးထောင်ချီမျိုးနွယ်စုတွင် တစ်ချို့မျက်နှာဖုံး
များသည် နတ်ဆိုးများ သရဲများကဲ့သို့ အလွန်ကြမ်းကြုတ်ပုံပေါ်ပြီး တစ်ချို့သည် သာမန်သာဖြစ်ကာ တစ်ချို့သည် ငြိမ်းချမ်းသည့်ပုံပေါ်တာမျိုးပင် ရှိတတ်ကြ၏။ လူပေါင်းထောင်ချီတွင် မတူညီသော မျက်နှာဖုံးပေါင်းထောင်ချီ ရှိကြခြင်းဖြစ်သည်။ ထိုအရာသည် မျက်နှာဖုံးထောင်ချီ မျိုးနွယ်စု ဖြစ်၏။
ထို့အပြင် မျက်နှာဖုံးထောင်ချီမျိုးနွယ်စု၏ နတ်အမှတ်အသားသည်လည်း ထိုထူးဆန်းသောမျက်နှာဖုံးများ ဖြစ်ကြသည်။ ရှောက်ရွှမ်ထိုအရာအား မီးတောက်ဦးချိုမျိုးနွယ်စုရှိ ကျောက်တုံးနံရံပေါ်၌ အရင်က မြင်ဖူး၏။
“မျက်နှာဖုံးထောင်ချီ လား” ထိုစကားအား ကြားလိုက်သောအခါ ယွီချက်ချင်း မတုံ့ပြန်ခဲ့ပေ။ တခဏကြာစဉ်းစားမိပြီးသောအခါ မှသာ သူ့မျက်နှာပေါ်တွင် ကြောက်လန့်သည့် အမူအရာများဖြင့် ပြည့်နှက်သွား၏။
“မျက်နှာဖုံးထောင်ချီ မျိုးနွယ်စုလား”
မျိုးနွယ်စု၏ အစွန်အဖျားတွင်သာနေတတ်သာ ပုမျိုးနွယ်စုတစ်ယောက်အနေဖြင့် ထို မျက်နှာဖုံးထောင်ချီမျိုးနွယ်စုသည် သူနှင့်အလှမ်းဝေးသော အရာဖြစ်သည်။ သို့သော် မျိုးနွယ်စုထဲရှိ လူတစ်ချို့ ထိုအကြောင်းဆွေးနွေးနေကြသည်ကိုတော့ သူကြားဖူးသည်။ သူတို့ပြောသောအကြောင်းအရာအများစုသည် ချဲ့ကားထားသော ထင်မြင်ချက်များသာဖြစ်ကြသော်လည်း မျက်နှာဖုံးထောင်ချီ မျိုးနွယ်စုသည် ဖြုံလောက်စရာ မျိုးနွယ်စုတစ်ခုဖြစ်သည်ကိုတော့ ငြင်း၍မရပေ။
“ဒါဆို အဲ့လူတွေက မျက်နှာဖုံးထောင်ချီမျိုးနွယ်စုသတ်တာ ခံခဲ့ရတာလား ကျွန်တော်မှတ်မိသလောက်ဆိုရင် ခရီးသွားအဖွဲ့ရဲ့မြေပုံအရ မျက်နှာဖုံးထောင်ချီမျိုးနွယ်စုနယ်မြေက ဒီနေရာနဲ့ အတော်လေးဝေးတယ် ကိစ္စကြီးတစ်ခုခုကြောင့်ဟာမဟုတ်ရင် သူတို့ဒီကိုမလာလောက်ဘူး” မျိုးနွယ်စုစစ်ပွဲဆိုသော်လည်း ထိုအရာသည် တစ်ဖက်ထဲက အစုလိုက်အပြုံလိုက်
သတ်ဖြတ်နေခြင်းဟု ယွီ ယူဆမိလေသည်။
“ဘယ်သူသိမှာလဲ” ရှောက်ရွှမ်မရေမရာ ဖြေလိုက်၏။
ဘိုးဘေးများမှတ်တမ်းထဲ၌ မှတ်တမ်းတင်ထားပြီး ကျောက်နံရံ၌ပင်ရေးဆွဲခံထားရခြင်းအား ကြည့်ခြင်းဖြင့် ထိုမျိုးနွယ်စုသည် ထိုအချိန်က မီးတောက်ဦးချိုမျိုးနွယ်စုနှင့် အဆင့်တူမျိုးနွယ်စုတစ်ခုဖြစ်မှန်း သိသာပေသည်။ အကယ်၍ ခွန်သားကွာခြားချက်သာ အလွန်ကြီးပါက ဘိုးဘေးများသည် သူတို့အား ထိုမျှအလေးပေး၍ မှတ်တမ်းတင်ထားလိမ့်မည် မဟုတ်ပေ။
ယွီပြောပုံအရ မျက်နှာဖုံးထောင်ချီမျိုးနွယ်စုသည် အလွန်သန်မာပြီး နာမည်ကျော်သည့် မျိုးနွယ်စုတစ်ခုဖြစ်လေရာ မီးတောက်ဦးချိုမျိုးနွယ်စုသည်လည်း တစ်ချိန်က ထိုသို့ မျိုးနွယ်မျိုး ဖြစ်ခဲ့ပါသလော။
ယခုအချိန်တွင် ရှောက်ရွှမ်အဖြေအား မသိသေးပေ။ နှစ်ပေါင်းထောင်ချီ ကြာလာပြီးသည့်နောက် မျိုးနွယ်စုအသစ်များ ပေါ်ပေါက်လာသလို မျိုးနွယ်စုအဟောင်းများမှာလည်း ဖျက်ဆီးခြင်းရခြင်းများ ရှိတတ်ကြ၏။ သို့သော် မျက်နှာဖုံးထောင်ချီ မျိုးနွယ်စုကဲ့သို့ အင်အားတောင့်တင်းနေဆဲဖြစ်သော မျိုးနွယ်စုများလည်း ရှိကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှာမူ ယခုအချိန်တွင် မျိုးနွယ်စုနာမည်အား မှတ်မိသည့်လူပင် မရှ်ိသလောက် ဖြစ်နေလေပြီ။
ဤအရာသည် အမှန်တကယ်၀မ်းနည်းစရာဖြစ်ရပ် ဖြစ်သည်။ ဘိုးဘေးများသာ ထိုအရာအား သိရှိခဲ့ပါက သေရာမှ ပြန်ရှင်လာပြီးပင် ငိုကြွေးနေလောက်ကြ၏။
ရှောက်ရွှမ်တို့ ပြန်ရောက်ပြီးမကြာခင်တွင် အဖွဲ့မှ ကင်းထောက်လွှတ်လိုက်သော သူများပြန်ရောက်လာကြသည်။
“မျိုးနွယ်စုတစ်ခုက မျက်နှာဖုံးထောင်ချီမျိုးနွယ်စုရဲ့ သလင်းကျောက်တွေကိုခိုးလာပြီး သူတို့မျိုးနွယ်က ကလေးတစ်ချို့ကိုလည်း သတ်ခဲ့လို့ မျက်နှာဖုံးထောင်ချီမျိုးနွယ်က လိုက်လာပြီး သူတို့မျိုးနွယ်စုတစ်ခုလုံးကို အစုလိုက်အပြုံလိုက်သတ်နေတာလို့ ကြားခဲ့တယ် သူတို့က ဒီအထိ လိုက်လာပြီး မျိုးနွယ်စုတစ်ခုလုံးကိုအမြစ်ပြတ် သုတ်သင်ခဲ့ကြပြီးတော့ အဲ့ဒီမျိုးနွယ်စုရဲ့ နတ်မီးတောက်ကိုလည်း ငြှိမ်းသတ်ပစ်လိုက်ခဲ့တယ်တဲ့”
“ဒီကောင်တွေက ဘယ်လိုများ မျက်နှာဖုံးထောင်ချီမျိုးနွယ်စုကိုတောင် ရန်စရဲကြတာလဲ”
“ဟုတ်တယ် ဒီကောင်တွေ သေချင်နေကြတာပဲ ငါတို့မျိုးနွယ်စုကြီးတွေနဲ့ တွေ့တဲ့အခါဆိုရင် အဲ့ဒီမျိုးနွယ်စုက ကလေးတွေကိုတောင် အပြစ်မပြုရဲဘူး”
သူခိုးများသည် သူတို့ကိုယ်သူတို့လုံအောင် ပုန်းနိုင်ပြီထင်ပြီး မျိုးနွယ်စုဆီကိုတော့ ကပ်ဘေးတစ်ခု
ရောက်လာလိမ့်မည် မဟုတ်ဟု တွေးထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ် အကျိုးဆက်ကိုသိသော်ငြား လောဘကသူတို့အား မျက်ကန်းဖြစ်စေခဲ့ခြင်းလည်း ဖြစ်နိုင်၏။
ဆွေးနွေးပြောဆိုနေကြသည်အား နားထောင်ရင်း ရှောက်ရွှမ်လည်း အတွေ့အကြုံတစ်ခု ရလိုက်လေသည်။ ထိုအရာမှာ မျိုးနွယ်စုကြီးများမှ ဆိုပါက တိုက်ခိုက်နိုင်စွမ်းမရှ်ိသော ကလေးတစ်ယောက်ကိုပင် အပြစ်ပြု၍ မရခြင်းဖြစ်၏။ ယနေ့ကဲ့သို့ အဖြစ်အပျက်မျိုးသည် အမြဲတန်းဖြစ်ပွားနေသည် မဟုတ်ပါသော်လည်း ခရီးသွားအဖွဲ့ရှိ လူတိုင်း၏ စိတ်ထဲတွင်တော့ အတွေးတစ်ခုတည်းကိုသာ တွေးမိနေကြလေသည်။
ထိုအရာမှာ မျိုးနွယ်စုကြီးများသည် မည်မျှလွှမ်းမိုးနိုင်ကြသလဲ ဆိုသည်ပင်ဖြစ်၏။ သူတို့၏ မျိုးနွယ်စုနာမည် သို့မဟုတ် မျိုးနွယ်စုနတ်အမှတ်အသားအား မြင်ရုံနှင့်မျှပင် လူတိုင်းအား ကြောက်ရွံ့သွားစေလေသည်။