မင်းကဘာနဲ့လဲမှာလဲ
Vol. 12 Ch. 179
ရှောက်ရွှမ် သူ့တွင်ရှိသော ဆေးတစ်ချို့ လောင်ဟယ်ကို ပေးခဲ့လိုက်သည်။ ထိုဆေးများသည် ဖောင်ရပ်နားပြီး နားစဉ်အခါက ဆေးရွက်များကို သူကိုယ်တိုင်ရောစပ်၍ ဖော်ထားသော ဆေးများဖြစ်၏။
လောင်ဟယ့်မြေးလေးသည် အသက် ၆နှစ်အရွယ်လောက်ဟုသာ ထင်ရသော ကလေးလေးဖြစ်သည်။ သို့သော် အမှန်တကယ်တွင်မူ ထိုကောင်လေးသည် အသက် ၈နှစ် ပြည့်ပြီးဖြစ်၏။ ဖျားနာမှုကြောင့် အလွန်ပိန်နေသောကြောင့်သာ ၆နှစ်သားကလေးလို ဖြစ်နေခြင်း ဖြစ်သည်။ ယခုတွင် ဆေးအနည်းငယ်တိုက်ပြီးသည့်နောက် ထိုကောင်လေးသည် အိပ်ပျော်သွားလေသည်။
ရှောက်ရွှမ်တွင် သူမျိုးနွယ်စုမှ ထွက်ခွာခဲ့စဉ်က
ယူလာခဲ့သည့် ခန္ဓာကိုယ်ကိုသန်မာစေသောဆေးရွက်တစ်ချို့လည်းရှိနေသေးသည်။ ထို့ကြောင့် သူဆေးရွက်များကို လောင်ဟယ်အား ခွဲပေးရန် ဆုံးဖြတ်လိုက်၏။
“ဒီဆေးရွက်တွေကို မျိုးနွယ်စုနတ်စစ်သည်တော်ဆိုရင်တော့ တိုက်ရိုက်စားလို့ရတယ် ဒါပေမယ့် အဖိုးတို့ကတော့ ပမာဏနည်းနည်းကိုပဲ ရေနဲ့ရောပြီး သောက်ရမယ်”
မျိုးနွယ်စုနတ်ရုပ် မနိုးထသေးသော သူများမှာ မျိုးနွယ်စုထဲရှိ ကလေးများကဲ့သို့ဖြစ်ကြပြီး သူတို့ခန္ဓာကိုယ်သည် အားနည်းကြလေသည်။ ထို့ကြောင့် ဆေးရွက်နည်းနည်းသောက်ခြင်းဖြင့်ပင် သူတို့ခန္ဓာကိုယ်ကိုပိုမိုကောင်းမွန်သွားစေပြီး ရောဂါများအပေါ် ခုခံနိုင်စွမ်းလည်း ပိုတိုးလာစေ၏။
“တကယ်တော့ ငါ့မှာလည်းဆေးရွက်အချို့ရှိတယ် ဒါတွေကို မင်းပဲယူထားလိုက် နတ်စစ်သည်တော်ဆိုပေ
မယ့် မင်းလည်းထိခိုက်ဒဏ်ရာရနိုင်သေးတာပဲလေ ကံဆိုးတဲ့အဖြစ်အပျက်တစ်ခုခုနဲ့ကြုံတဲ့အခါ ဒါတွေကိုသုံးဖို့ ယူထားလိုက်” လောင်ဟယ် သူ့ဇနီးအား ဆေးရွက်အချို့ကို ရှောက်ရွှမ်အတွက် ထုတ်ခိုင်းလိုက်လေသည်။
လောင်ဟယ့် အိမ်ထဲတွင် အဖိုးကြီးတစ်ယောက် အဖွားကြီးတစ်ယောက်နှင့် ကလေးလေးတစ်ယောက်သာ ရှိ၏။ ရှောက်ရွှမ်အိမ်အား တစ်ချက်ပတ်ကြည့်လိုက်ကာ တောင်ပေါ်ပြန်တက်လိုက်ပြီး လောင်ဟယ်တို့အတွက် ထင်းတစ်ချို့ ခွေပေးခဲ့လေသည်။ ထို့နောက် ကျောက်တုံးများကို ယူကာ သူတို့အိမ်လေးအားလည်း အနည်းငယ် ပြုပြင်ပေးခဲ့လိုက်၏။ ညမှောင်သွားသောအခါမှသာ ထိုအရာများ ပြီးဆုံးခဲ့ပေသည်။
ထို့နောက် သူဖုန်မျိုးနွယ်စုမှလဲလှယ်လာသော သိုးခြေထောက်ကိုထုတ်ကာ ကင်လိုက်ပြီး အသီးအရွက်များနှင့် ဟင်းချိုတစ်မျိုးလည်း ချက်ပြုတ်လိုက်
သည်။ လောင်ဟယ်တို့ မိသားစု စားသောက်ပြီးစီးသောအခါမှသာ သူပြန်ဖို့ ပြင်ခဲ့၏။
လောင်ဟယ်မှာမူ မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း သူသိချင်သော မေးခွန်းများရှိနေသေး၍ ရှောက်ရွှမ်ကို မပြန်စေချင်ခဲ့သေးပေ။ သူ့တွင်မေးခွန်းအများအပြားရှိနေသေးပါသော်လည်း ကောင်းကင်အရောင်ကိုမြင်မှသာ ရှောက်ရွှမ်ကို ပြန်ခွင့်ပြုခဲ့လေသည်။
“ကောင်းကောင်းအနားယူကြပါအဖိုးတို့ ကျွန်တော်မနက်ဖြန် ပြန်လာခဲ့ပါတယ်” ရှောက်ရွှမ်ထွက်မသွားခင် ပြောခဲ့လိုက်၏။
ရှောက်ရွှမ်ထိုသို့ပြောသည်ကို ကြားမှသာ လောင်ဟယ့် စိတ်အေးသွားခဲ့ရသည်။
ရှောက်ရွှမ် ခရီးသွားအဖွဲ့တည်းခိုသောနေရာဆီသို့
ပြန်လာခဲ့၏။ ထိုအခိုက်တွင် လူတိုင်းမှာ ယနေ့လဲလှယ်ရရှိခဲ့သော ကုန်ပစ္စည်းများအကြောင်း ဆွေးနွေးနေကြသည်။ ယွီ့လက်ထဲတွင်လည်း သားမွှေးအချို့ရှ်ိနေသော်လည်း သေချာသည်မှာ သူ့အားစိတ်အလှုပ်ရှားစေဆုံးအရာမှာ သူအရင်ကမမြင်ဖူးခဲ့သော ဆေးရွက်များကို မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။
“ရှောက်ရွှမ် ခင်ဗျားသိလား ဒီမြက်ခင်းလွင်ပြင်ဒေသမှာ အဆိပ်ပင်တွေအများကြီးရှိတယ်” ယွီမေးလိုက်သည်။
“အင်း ငါကြားမိတယ်” သူဒီနေ့ လောင်ဟယ်နှင့်စကားပြောခဲ့စဉ်က ထိုအကြောင်းကြားမိခဲ့သည်။
ယွီလိုလူတစ်ယောက်အတွက်မူ ထိုအရာအားလုံးသည် ရတနာများဖြစ်ကြ၏။ သို့သော် မြက်ခင်းလွင်ပြင်ဒေသရှိလူများအတွက်မူ ထိုအဆိပ်ပင်များသည် ငှက်များထက်ပင် ဆိုးရွားသော အန္တရာယ်ဖြစ်ပေသည်။
အစိမ်းရောင်တိုင်းသည် ရှင်သန်ခြင်းကို ကိုယ်စားပြုခြင်းမဟုတ်ပေ။ တချို့သည် သေပင်သေစေနိုင်၏။ သူတို့နယ်မြေရှိ တိရ္ဆာန်အတော်များများသည် ထိုအစိမ်းရောင်အရွက်များကို သူတို့နေ့စဉ်အစာအမှတ်ဖြင့် စားမိပြီး သေခဲ့ရပေါင်း မနည်းတော့ပေ။
ထိုအရွက်များသည် သူတို့မွေးမြူရေးတိရ္ဆာန်များအား သေစေသောကြောင့် ဖုန်မျိုးနွယ်စု၀င်များအတွက် ပြဿနာကြီးများ ဖြစ်ကြသည်။ သူတို့အတွက် နာကျင်ရသောအရာမှာ ထိုအဆိပ်ရွက်များသည် အဆိပ်ပြင်းရုံသာမက မျိုးပွားနှုန်းလည်း အလွန်မြန်ကြခြင်းဖြစ်၏။ အမြစ်သာကျန်သည်ဆိုလျှင်တောင် ထိုအပင်များသည် ပြန်လည်ရှင်သန်လာပြီး အနီးတစ်ဝိုက်သို့ မျိုးပွားနိုင်ကြသည်။ မြက်ခင်းလွင်ပြင်ဒေသတစ်ခုလုံးရှိ အဆိပ်ပင်များကို ရှင်းလိုက်မည်ဆိုလျှင်တောင် ထိုအပင်များသည် နောက်နှစ်တွင် တစ်ဖန်ပြန်ပေါက်လာကြဦးမည် ဖြစ်၏။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ဆိုသော် သူတို့သည် သူတို့အစေ့များကို လေထဲမှပင် ဖြန့်ချီနိုင်ကြသောကြောင့် ဖြစ်သည်။ တစ်ချို့အချိန်များတွင်
ထိုအပင်များသည် နှစ်ပေါင်းအနည်းငယ်ကြာ မျိုးပွားမှု ကျဆင်းသွားတတ်ပါသော်လည်း သူတို့အား အမြစ်ပြတ်ရှင်းပစ်ရန်မှာတော့မဖြစ်နိုင်ချေ။
ထိုအပင်များသည် လေလွင့်သူများအား မြက်ခင်းလွင်ပြင်ဒေသတွင် လိုအပ်ရခြင်းအကြောင်းပြချက်များထဲမှ တစ်ချက်လည်း ဖြစ်သည်။ ထိုအပင်များသည် အလွန်များပြားလှသောကြောင့် ဤဒေသရှိမျိုးနွယ်စု၀င်များသည် ထိုအပင်များကိုရှင်းခြင်းဖြင့် သူတို့အချိန်များကို ဖြုန်းမပစ်လိုကြပေ။ လေလွင့်သူများရှိသောအခါတွင်မူ သူတို့သည် ထိုသို့သောနေရာများ၌ အလွန်အသုံး၀င်ကြပြီး အလွန်လည်းအလုပ်ကြိုးစားကြသည်။
တစ်ချို့မျိုးနွယ်စုများတွင် ထိုအပင်များအား အချိန်မှီရှင်းလင်းရန် လူမလောက်သောကြောင့် အပင်များသည် အလွန်လျင်မြန်စွာ ပွားလာကြသည်။ ထိုအခါသူတို့ မွေးမြူရေးတိရစ္ဆာန်များသေဆုံးကြပြီး တိရစ္ဆာန်များ၏ စားကျက်မြေမှာလည်း တဖြည်ဖြည်း ကျဉ်းမြောင်းလာကြ၏။ ထို့ကြောင့် သူ
တို့သည် အခြားမျိုးနွယ်စုများ၏ မြေအားသိမ်းယူကာ လယ်ကွင်းများကို ချဲ့ထွင်ကြသည်။ မကြာသေးခင်က ဖုန်မျိုးနွယ်စုတိုက်ခိုက်ခံရခြင်းမှာလည်း ထိုအကြောင်းပြချက်ကြောင့် ဖြစ်၏။
ရှောက်ရွှမ် ယွီယူလာသော အပင်များကို ကြည့်လိုက်သည်။ ယနေ့ သူမြက်ခင်းပြင်များအတွင်း လျှောက်သွားခဲ့စဉ်က ထိုသို့သော အပင်အနည်းငယ်ကို သူတွေ့ခဲ့၏။ သို့သော် ထိုအနီးတဝိုက်တွင် ကျက်စားနေသော တိရစ္ဆာန်များတော့ မရှိကြပေ။
ရှောက်ရွှမ် သစ်သားပြားပေါ်တွင် လဲလျောင်းရင်း တွေးတောနေသော အချိန်တွင် ယွီမှာမူ သူ့အားအလွန်စိတ်၀င်စားသွားစေသော အဆိပ်ပင်များကို လေ့လာနေလေသည်။
ယန်ရှို့နှင့် ယှဉ်လျှင် လောင်ဟယ့်၏ အခြေအနေမှာ အတော်လေးကောင်းမွန်လှသည်။ သူတို့၏ နေ့ရက်များမှာ ခက်ခဲကြပြီး မျိုးနွယ်စုများကြား စစ်ပွဲများ
လည်း မကြာခဏဖြစ်ကြသည်ဆိုပါသော်လည်း အတော်လေး ငြိမ်းချမ်းနေဆဲသာ ဖြစ်၏။ သူတို့အား ခြိမ်းခြောက်မည့် လူစိမ်းများနှင့် ရင်ဆိုင်ရခြင်းမျိုးလည်း မရှိကြပေ။ မြက်ခင်းလွင်ပြင်ဒေသရှိ မီးတောက်ဦးချိုမျိုးနွယ်စု၀င် လေလွင့်သူများတွင် ယန်ရှို့ကဲ့သို့ နတ်အမှတ်အသားဆေးမှင်ကြောင် ပေါ်ပေါက်လာခြင်းမျိုး မရှိကြချေ။ မှုန်ဝါးဝါးအမှတ်အသားများကိုပင် လူတစ်ချို့ဆီ၌သာ တွေ့ရ၏။ ထိုအရာများသည် ရှောက်ရွှမ် လောင်ဟယ်ဆီမှ သိရှိလာခဲ့သော အရာများဖြစ်ကြသည်။
ရှောက်ရွှမ်အရင်က တွေးထားသည်က သူမြစ်တစ်ဖက်ကမ်းရှိ မီးတောက်ဦးချိုမျိုးနွယ်စုသို့ ပြန်သောအခါ ထိုလူများကိုလည်း တစ်ခါတည်းခေါ်သွားမည်ဟု တွေးထားခြင်းဖြစ်၏။ သို့သော် ယခုအခြေအနေများအရ သူ့အစီအစဉ်မှာ အတော်ခက်ခဲမည့်ပုံ ပေါ်လေသည်။ မျိုးနွယ်စု၀င် လူငယ်အတော်များများရှိကြသော်လည်း နောက်ဆုံးတွင် သူတို့မှာ နတ်စစ်သည်တော်များမဟုတ်ကြဘဲ ခွန်အားအကန့်အသတ်ရှိကာ အားနည်းကြသူများဖြစ်ကြ၏။ ဤသည်မှာပင်အားနည်းသော နာမကျန်း
သော မသန်စွမ်းသော လူကြီးများကိုထည့်မတွက်ရသေးပေ။ ရှောက်ရွှမ်သူတို့ကိုလည်း မစွန့်ပစ်ခဲ့ချင်ပေ။ ယခုတွင် သူထိုပြဿနာအားအဖြေရှာရန် ပိုကောင်းသောနည်းလမ်းတစ်ခုကို တွေးတောဖို့ လိုပေသည်။
နတ်ဆေးဆရာသူ့အား ဒီဘက်ကမ်းသို့သွားပြီး မျိုးနွယ်စုဝင်များအား ရှာဖွေခိုင်းခဲ့စဉ်က ဤကဲ့သို့သော အခြေအနေမျိုးကို သူလုံး၀ မတွေးမိခဲ့ပေ။ လောင်ဟယ်ကဲ့သို့ အားနည်းပြီး နတ်ရုပ်မနိုးထသေးသော လူအိုကြီးများအတွက် ခရီးတစ်ခုအား အန္တရာယ်ကင်းကင်းနှင့် သွားရန်မှာ မဖြစ်နိုင်ပေ။
မြက်ခင်းလွင်ပြင်ဒေသက မျိုးနွယ်စုတွေကို မီးတောက်ဦးချိုမျိုးနွယ်စုက လေလွင့်သူတွေကို ဂရုစိုက်ခိုင်းဖို့ ပြောလိုက်ရမည်လော။ အသုံးမ၀င်နိုင်ပေ။ ထိုနည်းလမ်းသည် မြက်ခင်းလွင်ပြင်ဒေသတွင် အသုံး၀င်မည်မဟုတ်ပေ။
အကယ်၍ ထိုအရာသည် မျက်နှာဖုံးထောင်ချီမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုမျိုးဖြစ်ပါက အခြားမျိုးနွယ်စုများသည် သူတို့မျိုးနွယ်စုနာမည်အား ကြားလိုက်ရုံဖြင့် အချိုးပြောင်းသွားကြကာ စိတ်မပါလျှင်ပင် ပိုမိုကောင်းမွန်စွာ ဆက်ဆံကြမည်ဖြစ်သည်။
သို့သော် သင်သည် မီးတောက်ဦးချိုမျိုးနွယ်စုမှဟု ပြောလိုက်လျှင်မူ သူတို့သည် သင့်အား တစ်ချက်ေမှးကြည့်ကာ မီးတောက်ဦးချိုမျိုးနွယ်စု ဆိုတာဘာကြီးလဲ ဟု မေးကြမည်သာ ဖြစ်သည်။
ဤနေရာတွင် ငြိမ်းချမ်းရေး သံခင်းတမန်ခင်းများဟူ၍ မရှိကြဘဲ သန်မာသော မျိုးနွယ်စုကြီးများကသာ လွှမ်းမိုးနိုင်ကြပေလိမ့်မည်။ မျက်နှာဖုံးတစ်ထောင်မျိုးနွယ်စုကိုပဲ ကြည့်ပါ။ လုံလောက်အောင်သန်မာသော မျိုးနွယ်စုကသာ အခြားမျိုးနွယ်စုများ၏ ရိုသေကြောက်ရွံ့ခြင်းကို ခံရမည် ဖြစ်သည်။
ထိုသို့စဉ်းစားပြီးသည့်နောက် ရှောက်ရွှမ် မျိုးနွယ်
စု၀င်အချို့ကိုသာ သူပြန်သောအခါ ခေါ်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်၏။ ကျန်သောသူများကိုသူ သူတို့မျိုးနွယ်စု ဤနေရာသို့ပြောင်းလာသောအခါမှသာ နေရာအမျိုးမျိုးတွင် ပြန့်ကျဲနေသော မျိုးနွယ်စု၀င်များကို ပြန်ခေါ်ရပေလိမ့်မည်။
နောက်နေ့တွင် ရှောက်ရွှမ် လောင်ဟယ်ဆီသို့ နောက်တစ်ခါထပ်သွားလည်လိုက်သည်။
လောင်ဟယ်၏ ခြေကျင်း၀တ်ဒဏ်ရာမှာ အတော်လေးသက်သာနေလေပြီ။ နတ်စွမ်းအား မနိုးထလာသေးဘဲ ယန်ရှို့ကဲ့သို့လူမျိုးနှင့်လည်း ယှဉ်လောက်စရာမဟုတ်ပေမယ့် သူသည် မီးတောက်ဦးချိုမျိုးနွယ်စု၏သွေးများ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော မီးတောက်ဦးချိုမျိုးနွယ်စု၀င်သာ ဖြစ်ပေသည်။
လောင်ဟယ်၏ မြေးလေးမှာလည်း အတော်လေးသက်သာလာခဲ့၏။ မနေ့ညက ညစာကောင်းကောင်း
တစ်နပ်အား စားခဲ့ရသောကြောင့် ဒီမနက်တွင် သူအလွန်တက်ကြွနေပြီး သူ့အဖွားအား ပေါင်းပင်များရှင်းရာ၌ ကူညီနေလေသည်။
ရှောက်ရွှမ်လည်း အဖွားအား ကူညီရန်သွားလိုက်သည်။ လောင်ဟယ်မှာမူ ရှောက်ရွှမ်နောက်တွင်ထိုင်ကာ ရှောက်ရွှမ်မြက်နှုတ်နေစဉ်အတွင်း စကားပြောလုိက်၏။
“တကယ်တော့ အရင်က နတ်ဆေးမှင်ကြောင်တွေ ငါ့အဖေဆီမှာပေါ်လာခဲ့ဖူးတယ် ဒါပေမယ့် အဲ့တာတွေက အတော်လေး အရောင်မှိန်ကြတယ် ငါမှတ်မိသေးတယ် အဲ့အချိန်တုန်းက ငါအရမ်းငယ်သေးပြီး ဖုန်မျိုးနွယ်စုက သတိပေးဦးချိုမှုတ်လို့ အိပ်ယာထဲသွားနေရတဲ့အချိန်ကွ ငါ့အဖေကပြောတယ် အဲ့တာက ဝံပုလွေတွေကျူးကျော်တိုက်ခိုက်လာလို့တဲ့ အဲ့ဒီညက ငါ့အဖေလည်း ဖုန်မျိုးနွယ်စုဝင်တွေနဲ့ပေါင်းပြီး ဝံပုလွေအတော်များများကို သတ်ခဲ့တယ် သူပြန်လာတော့ သူမျက်နှာပေါ်ကအမှတ်အသားကို ငါမြင်ခဲ့ရတယ် သူပြောတာတော့ အဲ့တာက မီးတောက်ဦးချို
မျိုးနွယ်စုရဲ့ နတ်အမှတ်အသားတဲ့ကွ”
သူ့အဖေအကြောင်းပြောသောအခါ လောင်ဟယ့်မျက်နှာပေါ်တွင် ဂုဏ်ယူနေမှုများနှင့် ပြည့်နှက်နေလေသည်။ အခြားလေလွင့်သူများနှင့် ဆုံတိုင်းလည်း သူထိုအကြောင်းကိုပဲ ထပ်ခါတလဲလဲပြောနေလေ့ရှိ၏။
လောင်ဟယ်ပြောတာအား နားထောင်နေရင်း ရှောက်ရွှမ် အဆိပ်ပင်များကို နှုတ်နေခဲ့သည်။ မနေ့က သူယွဲ့ထံမှ ထိုအဆိပ်ပင်များအကြောင်းသိခဲ့ရပြီး ဘယ်အပင်ကအဆိပ်ရှိပြီး ဘယ်အပင်ကအဆိပ်မရှိသည်ကို သူသိ၏။
မျိုးနွယ်စုသည် လေလွင့်သူများကို ထိုအဆိပ်ပင်များကိုနှုတ်ရန် ညွှန်ကြားခဲ့သည်။ အကယ်၍ လေလွင့်သူများ နှုတ်ထားသောနယ်မြေအတွင်း သူတို့ မွေးမြူရေးတိရစ္ဆာန်များ သေဆုံးခဲ့ပါက ထိုလေလွင့်
သူများသည် ဆုလဒ်မရကြဘဲ ကံဆိုးပါက ရိုက်နှက်ခံရကာ မျိုးနွယ်စုနယ်မြေထဲမှပင် နှင်ထုတ်ခံရနိုင်၏။ မျိုးနွယ်စုအပြင်တွင်မူ အခြားလူများနှင့် သားရဲများထံမှ အန္တရာယ်အမြောက်အများ ရှိပေသည်။ သူတို့သာ အချိန်အတော်ကြာကြာ နေလို့ရမည့်နေရာအားရှာမတွေ့နိုင်ပါက မျိုးနွယ်စုမှ နှင်ထုတ်ခံလိုက်ရသော လေလွင့်သူသည် မကြာခင်တွင် သေရမည်သာ ဖြစ်သည်။
ထို့အပြင် ဤမြက်ခင်းပြင်တွင် အဆိပ်ရှိအပင်များအပြင် အခြားဆေးပင်များလည်း ရှိကြ၏။ အဆိပ်ပင်များအား နှုတ်နေရင်း ရှောက်ရွှမ် ဆေးပင်အမျိုးမျိုးကိုလည်း တွေ့ခဲ့ရသည်။ အချို့အပင်များသည် လောင်ဟယ်သူ့အား ပေးခဲ့သောအပင်များဖြစ်ကြပြီး ထိုဆေးပင်များသည် ဤနေရာ၌သာ ပေါနေခြင်းဖြစ်ကာ အခြားဒေသများတွင်မူ ရှားပါးလှ၏။
သူတို့ အဆိပ်ပင်နှုတ်နေစဉ်အတွင်း သူတို့နှင့်သိပ်မဝေးသော နေရာတစ်ခုမှ လောင်ဟယ့်မြေးအရွယ်
ကလေးတစ်ယောက်သည် သူ့ခန္ဓာကိုယ်ထက်ပင်ကြီးသော သစ်သားတုံးကြီးတစ်ခုကို ကောက်ရိုးကြိုးဖြင့် ဆွဲလာလေသည်။ ထိုကလေးသည် လောင်ဟယ့်မြေးထက် ပိုသန်ပါသော်လည်း ထိုသစ်သားတုံးကြီးအားဆွဲလာရသောကြောင့် အသက်ကိုပင်မနည်းရှူနေရကာ သူ့မျက်နှာမှာလည်း နီရဲနေ၏။
ကလေးအားမြင်သောအခါ လောင်ဟယ် မေးလိုက်သည်။ “ကွေ့အာ အဲ့ဒီသစ်သားတုံးကြီးနဲ့ ဘာလုပ်နေတာလဲ”
ကွေ့အာမိသားစုသည် လောင်ဟယ့်မိသားစုနှင့် အချိန်အတော်ကြာကတည်းက သိလာကြခြင်းဖြစ်သည်။ လောင်ဟယ်တို့ အဆိပ်ပင်နှုတ်နေသော မြက်ခင်းသည် ကွေ့အာတို့ မိသားစု တစ်ခါတစ်လေ သိုး နွား များအား လာကျောင်းတတ်သော မြက်ခင်းဖြစ်ပြီး တစ်ချို့အခေါက်များတွင် လောင်ဟယ်ပင် သိုးများကို ကူကြည့်ပေးတတ်သေး၏။
“ဟေးး အဖိုးဟယ် ကျွန်တော့်ကိုလာကူပါဦး” လောင်ဟယ်အား မြင်လိုက်သောအခါ ကွေ့အာ အော်ပြောလိုက်သည်။
ရှောက်ရွှမ် သွားကူဖို့ပြင်နေသော လောင်ဟယ်ကိုတားလိုက်ပြီး သစ်သားတုံးအား ကူဆွဲရန် သူပဲ သွားခဲ့လိုက်၏။
သစ်သားပြားသည် အမြင်လောက် ပေါ့မနေဘဲ အမှန်တကယ်တွင် အတော်ပင်လေးပေသည်။ သို့သော် ထိုမျှ အလေးချိန်သည် ရှောက်ရွှမ်အတွက် ဘာမှမဟုတ်ပေ။ အမဲလိုက်ဒေသရှိ တောင်များတွင် ဤထက်ပိုလေးပြီး ပိုထူသော သစ်သားတုံးများကိုပင် ရှောက်ရွှမ်မြင်ဖူးပြီး ဖြစ်သည်။
ကွေ့အာယူလာသော သစ်သားတုံးမှာ အလွန်တုတ်သော်လည်း ရှည်ခြင်းတော့မရှိပေ။ ကြည့်ရသည်မှာ သူ့အလျားသည် မီတာ၀က်လောက်သာ ရှိပုံပေါ်၏။ ဖုန်မျိုးနွယ်စုမှ လူများသည် သစ်သားများကို လက်နက်ပြုလုပ်ရန် အသုံးမပြုကြဘဲ အချိန်အများ
စုတွင် သစ်သားများကို ထင်းအဖြစ်သာအသုံးပြုကြပြီး အိမ်များ တဲများ ဆောက်ရာတွင်လည်း အသုံးပြုလေ့ရှိကြသည်။
လောင်ဟယ်တို့အနားရောက်လာသောအခါ ကွေ့အာ ထိုင်ချလိုက်ပြီး အသက်၀၀ရှုလိုက်၏။ သူသည် လောင်ဟယ့်မေးခွန်းကို မဖြေသေးဘဲ သူ့အား သစ်သားတုံးကူဆွဲပေးခဲ့သော ရှောက်ရွှမ်ကိုသာ အရင်ကြည့်လိုက်သည်။
လောင်ဟယ့်မြေးလေးသည် ကွေ့အာ နှင့်ရွယ်တူဖြစ်ကြသော်လည်း မျိုးနွယ်စုထဲရှိ လေလွင့်သူမိသားစုများ၏ ကလေးများနှင့် ကစားသော ကလေးမှာမူအလွန်ရှားပေသည်။ မျိုးနွယ်စုများအတွက် လေလွင့်သူများသည် ကျွန်များမဟုတ်ကြသော်လည်း သူတို့ထက် နိမ့်ကျသည်ဟု ခံယူထားကြဆဲသာ ဖြစ်ကြ၏။ နောက်ဆုံးတွင် လေလွင့်သူများသည် အသက်ရှင်ရပ်တည်ရန် သူတို့အပေါ် မှီခိုနေကြရသည် မဟုတ်ပါလား။ တစ်ခါက ကွေ့အာသည် လောင်ဟယ့်မြေးလေးနှင့် ရန်ဖြစ်ဖူးသော်လည်း သူ
တို့မိသားစုနှစ်ခုမှာ အချိန်အတော်ကြာရင်းနှီးလာခဲ့ခြင်း ဖြစ်သောကြောင့် မိတ်ပျက်သွားခဲ့ခြင်းမျိုးတော့ မရှိခဲ့ကြပေ။
ရှောက်ရွှမ်အား ခဏကြည့်ပြီးသည့်နောက် ကွေ့အာ မေးလိုက်သည်။ “အစ်ကိုက ခရီးသွားအဖွဲ့ကလား အစ်ကို့ကို မျိုးနွယ်စုထဲမှာ တစ်ခါမှ မမြင်ဖူးဘူး”
“ဟုတ်ပါတယ် ငါကခရီးသွားအဖွဲ့က” ရှောက်ရွှမ် သစ်သားတုံးအား အလွယ်တကူကောက်မလိုက်ပြီး ကွေ့အာရှေ့တွင် ချပေးလိုက်သည်။
ကွေ့အာ ရှောက်ရွှမ်အနား ပိုကပ်သွားလိုက်ပြီး ထပ်မေးလိုက်၏။ “အစ်ကိုက အရိုးတွေနဲ့ သားရဲအရုပ်တွေ ထွင်းခဲ့တဲ့လူလား ဒီလောက်အရွယ်အစားလေ တစ်ရုပ်ကျ ဒီလောက်ရှိတယ်”
ကွေ့အာ လက်ဟန်များဖြင့်ပါ ပြောပြနေလေသည်။
ရှောက်ရွှမ်ခေါင်းညိတ်လိုက်ကာ “အဲ့တာတွေကို ငါထွင်းခဲ့တာ” ထိုအရုပ်များကို သူအချို့ပစ္စည်းများနှင့် လဲလှယ်ခဲ့ခြင်းဖြစ်၏။
ရှောက်ရွှမ်သည် ထိုအရုပ်များကို ထွင်းသူဟု သိသွားသောအခါ ကွေ့အာမျက်လုံးများ တောက်ပလာပြီး ရှောက်ရွှမ်အနားသို့ ပိုကပ်လိုက်ကာ မျှော်လင့်ချက်များပြည့်နေသော အပြုံးဖြင့် “ကျွန်တော့်ကို နောက်တစ်ရုပ်လောက်ထွင်းပေးလို့ရမလား ကျွန်တော်ယူလာတဲ့ ဒီသစ်သားတုံးကိုသုံးလေ”
ရှောက်ရွှမ် ကွေ့အာအား ဘာမှမပြောဘဲ ကြည့်နေလိုက်ပြီးမှ ပြန်ပြောလိုက်သည်။ “မင်းက ဘာနဲ့လဲမှာလဲ”