← Chapters

လျင်မြန်သော အိမ်ထောင်ရေး

Vol. 28 Ch. 471

လျင်မြန်သော အိမ်ထောင်ရေး

Vol. 28 Ch. 471

ကုန်းထျန်းဟောက်က သူ့ကို လိမ်ညာစရာမလိုဘူးဆိုတာ သိသော်လည်း ယန်စစ်မင် မယုံကြည်နိုင်သေးပေ။ သူက ရှောင်လင်းယွီကို တိတ်တဆိတ်ကြည့်ရင်း အရာအားလုံးကို နားလည်အောင် ကြိုးစားနေသည်။

"လင်းယွီ၊ သူပြောတာ အမှန်ပဲလား?"

ရှောင်လင်းယွီက သက်ပြင်းချပြီး "အမှန်ပဲ ယန်ကော။ သူလိမ်စရာမလိုပါဘူးလေ" ပြီးနောက် သူမက ခေါင်းငုံ့ပြီး ဗိုက်ကိုပွတ်သပ်ရင်း ဆက်ပြောသည်၊ "ရှင်ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျွန်မဗိုက်ထဲက ကလေးက ကုန်းထျန်းဟောက်ရဲ့ ကလေးပါ။ ကုန်းထျန်းဟောက်ရဲ့ တကယ့်သားအရင်း။ အဲဒီတုန်းက ကျွန်မတို့ မတော်တဆ ဒီကလေးကို ရခဲ့တာ။

ကျွန်မက ကလေးရဲ့ တကယ့်အဖေကို ဘယ်တော့မှ ပြန်ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကံကြမ္မာက သူ့ကို ကျွန်မဆီကို ခေါ်ဆောင်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။"

ထိုစကားကိုပြောရင်း သူမက ကုန်းထျန်းဟောက်ကို အလွန်နူးညံ့တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

ယန်စစ်မင်က ဒါကိုကြားတော့ ပိုပြီးတောင် ရှုပ်ထွေးသွားလေသည်။ "ဒီကလေးက ကုန်းထျန်းဟောက်ရဲ့ ကလေးလို့ မင်းပြောခဲ့တာဆိုတော့ သူက မင်းကို ဒီကလေးကြောင့်ပဲ လက်ထပ်ခဲ့တယ်လို့ မင်းမတွေးဖူးဘူးလား?"

"ယန်စစ်မင်!" ကုန်းထျန်းဟောက်၏အသံက အလွန်အေးစက်ပြီး တင်းမာနေပြီး သူက "ငါ့အဆင့်အတန်းနဲ့ဆိုရင် ဒီလိုမျိုးလုပ်စရာလိုတယ်လို့ မင်းထင်နေတာလား? ငါသာလိုချင်ရင် ငါကြိုက်သလောက် ကလေးတွေ ရနိုင်တယ်။

ပြီးတော့ ဒါက ယွီအာနဲ့ ငါ့ရဲ့ မင်္ဂလာကိစ္စပဲ။ တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး။ တခြားသူတွေအတွက် စိုးရိမ်နေမယ့်အစား မင်းကိုယ်မင်း စိုးရိမ်သင့်တယ်

မင်း ယွီအာကို ကြိုက်တယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ သူက အခု ငါ့ဇနီးပဲ။ မင်း ဒီလိုထပ်လုပ်ရင် ကောင်းကင်ဘုံက အပြစ်ပေးတာ ခံရလိမ့်မယ်။"

ရွာသားတွေက စိတ်ဝင်တစားနဲ့ ကြည့်နေကြသည်။

ရှောင်လင်းယွီကတော့ အတော်လေး ရှက်နေလေပြီ။ သူမကို လုနေတဲ့ မျောက်နှစ်ကောင် ရှိနေတယ်တဲ့။ ရှောင်လင်းယွီရဲ့ မျက်နှာက ချက်ချင်း ပူပြီးနီရဲသွားတော့သည်။

ဒီဘဝမှာ ကိုယ်ဝန်ရှိပြီးနောက် သူမက ပိုပြီး ကလေးဆန်လာခဲ့သည်။ သူမက ချော့မော့ခံရတဲ့ ဘဝကို နေထိုင်ခဲ့ပြီး အချိန်အများစုမှာ သူမရဲ့ လက်ချောင်းတွေကိုတောင် လှုပ်ရှားစရာမလိုခဲ့ပေ။ အထူးသဖြင့် ကုန်းထျန်းဟောက် ရောက်လာပြီးနောက် အရာအားလုံးအတွက် သူ့ကိုသာ အားကိုးခဲ့သည်။

သူပြောခဲ့သလိုပဲ သူ့ဘေးမှာရှိနေသည့်အနေအထားကို သူမ အသားကျနေကာ ကုန်းထျန်းဟောက်ကို ပိုပြီးပိုပြီး အားကိုးလာခဲ့သည်။ ဒါကြောင့် အလွန်သက်တောင့်သက်သာ ခံစားရပေမယ့် တစ်ချိန်တည်းမှာပဲ သူမက ပိုပြီးပိုပြီး အသုံးမကျဖြစ်လာတယ်လို့ ခံစားရပြန်သည်။

ရှောင်လင်းယွီက အသက်ပြင်းပြင်းရှူပြီး ရွာသားတွေဘက်ကို လှည့်လိုက်ကာ "ဦးလေး၊ ဒေါ်လေးတို့၊ အလုပ်ဆက်လုပ်ကြပါ။ ကျွန်မတို့မှာ ဖြေရှင်းစရာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေရှိလို့ပါ။ အော်၊ ဟုတ်သားပဲ၊ ကျွန်မ ထပ်ပြောပါရစေ။ ကျွန်မဗိုက်ထဲက ကလေးက ၁၀၀ ရာခိုင်နှုန်း ကုန်းထျန်းဟောက်ရဲ့ ကလေးပါ။ အဲဒီအကြောင်းကိုတော့ မယုံသင်္ကာမဖြစ်ပါနဲ့။ အခုမယုံဘူးဆိုရင်လည်း ကလေးမွေးပြီးရင် ယုံသွားပါလိမ့်မယ်။" ရှောင်ထုန်က ကုန်းထျန်းဟောက်နဲ့ အရမ်းတူတာကြောင့် မွေးလာသည်နှင့် အဖြေကရှင်းသွားပေမည်။

ရွာသားများသည်လည်း သူတို့ရဲ့ အတိုင်းအတာကို သိကြတာကြောင့် သူတို့က ပြုံးပြီး ထွက်သွားကြသည်။ အသက်ကြီးတဲ့ ရွာသားတချို့က မထွက်ခွာခင်မှာ ရန်မဖြစ်ဖို့ မှာသွားကြသေသည်။ ကလေးတွေကိုတော့ လူကြီးတွေက ဆွဲခေါ်သွားကြသည်။

အဆုံးမှာတော့ ရေလှောင်ကန်ဘေးမှာ သူတို့သုံးယောက်ပဲ ကျန်တော့သည်။ လူတွေက ပွဲကြည့်ရတာ ကြိုက်သည်။ အတင်းအဖျင်းပြောခြင်း အကောင်းဆုံးအချိုပွဲတစ်မျိုးမဟုတ်လား။ ထိုစကားတွေက သူမတို့ကို ဘာအန္တရာယ်မှမဖြစ်စေသော်လည်း ရှက်စရာတော့ကောင်းလှသည်။

ကံကောင်းထောက်မစွာပဲ ရွာသားများသည် ရိုးသားဖြူစင်ကြတာကြောင့် သူတို့အချင်းချင်းသာ ပြောကြမည်ပင်။ ဒါကသာ မြို့ကြီးမှာ ဖြစ်ခဲ့ရင် အင်တာနက်ပေါ်မှာ တက်နေလောက်ပြီ။ မကြာခဏဆိုသလိုပဲ သေးငယ်သည့်အကြောင်းအရာတစ်ခုဆိုရင်တောင် အင်တာနက်သုံးစွဲသူတွေက အကျယ်ချဲ့ကာ အကြီးကြီးဖြစ်သွားအောင် ဖန်တီးပစ်ကြသည်။ လူတိုင်းက ပါဝင်ပတ်သတ်ချင်ကြသည်။ တစ်ခါတစ်ရံမှာ အင်တာနက်က အရမ်းကြောက်စရာကောင်းလေသည်။ အွန်လိုင်း အကြမ်းဖက်မှုက အဆိုးဆုံး ဥပမာပဲ။

ထောင်ယွမ်ရွာက ခေတ်နောက်ကျတာကြောင့်အိမ်တိုင်းမှာ လက်ကိုင်ဖုန်းနဲ့ တီဗီတောင် မရှိပေရာ၊ အင်တာနက်သုံးစွဲခွင့်ကတော့ အဝေးကြီးပင်။ ဒါကြောင့် ရှောင်လင်းယွီ စိုးရိမ်စရာမလိုပေ။

လူစုခွဲသွားပြီးနောက် ရှောင်လင်းယွီက ယန်စစ်မင်ကို အလွန်လေးနက်စွာစပြောသည်"ယန်ကော၊ ရှင်က ကျွန်မကို ကြိုက်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကို သဘောကျပေးတဲ့ ကျေးဇူးတင်တယ်။ ရှင်ပေးခဲ့တဲ့ အကူအညီအတွက်လည်း ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မက ရှင့်ကို အဲဒီလိုပုံစံနဲ့ မကြိုက်လို့ပါ။ ကျွန်မ ကုန်းထျန်းဟောက်ကို ချစ်တယ်။ ယန်ကော၊ ခံစားချက်တွေကို အတင်းအကျပ် လုပ်လို့မရဘူး။ ဖြစ်နိုင်ရင် ကျွန်မတို့ သူငယ်ချင်းအဖြစ် ဆက်နေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မ ရှင့်အပေါ်အကြွေးတင်နေတာတွေကို ကျွန်မ မှတ်ထားမှာပါ။ အခွင့်အရေးရရင် ကျေးဇူးပြန်ဆပ်ပါ့မယ်။"

ရှောင်လင်းယွီအနေနဲ့ ဒါကို ရှင်းလင်းအောင် လုပ်မှရမည်။ သူမက ယန်စစ်မင်ကို မကြိုက်တာကြောင့် တခါတည်းရှင်းအောင် လုပ်မည်။ သူမကျန်းထောင်ကို ငြင်းခဲ့သလို အခုလည်း သေချာငြင်းမှဖြစ်မည်ပင်။

ရှောင်လင်းယွီ၏ တိုက်ရိုက်ငြင်းဆိုမှုကို နားထောင်ပြီးနောက် ယန်စစ်မင်တစ်ယောက် စိတ်ထိခိုက်သွားရသည်။ သူ့ရဲ့ ပုံမှန် ချောမောလှပတဲ့ မျက်နှာက အခုတော့ ဆုံးရှုံးမှုနဲ့ ဝမ်းနည်းမှု အရိပ်အယောင်တွေ ပေါ်လို့နေသည်။

ရှောင်လင်းယွီ သူ့ကို မကြိုက်ဘူးဆိုတာ သိပြီးသား။ သူမက သူ့ကိုရှောင်ဖို့ ဆေးရုံကနေ ထွက်ပြေးတုန်းက သူသိပြီးသား။

ဒါပေမဲ့ သူ မယုံချင်ခဲ့ဘူး။ သူက သူ့ရဲ့ ဆွဲဆောင်မှုက အကန့်အသတ်မရှိဘူးလို့ ယုံကြည်ခဲ့တယ်။ သူက သူ့ရဲ့ ဆွဲဆောင်မှုက ရှောင်လင်းယွီအပေါ်မှာ အလုပ်မဖြစ်ဘူးဆိုတာကို လက်မခံနိုင်ခဲ့ဘူး၊ ဒါကြောင့် သူက သူမက လိုက်ရခက်အောင် ကစားနေတာလို့ ကိုယ့်ကိုယ်ကို လှည့်စားခဲ့တယ်။ ဒါကြောင့် သူက သူမကို ချဉ်းကပ်ဖို့ မထီမဲ့မြင်ပြုခဲ့ပေမယ့် သူ့နှလုံးသားထဲက သွေးဆောင်မှုကို မတွန်းလှန်နိုင်ခဲ့ဘူး။

အဲဒီအချိန်က သူက ရှောင်လင်းယွီကို သဘောကျခဲ့တယ်။ ဒါပေမဲ့ ရှောင်လင်းယွီက ရခဲလှတယ်လို့ ကစားနေပုံရတယ်။ အဲဒါက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရှောင်လင်းယွီရဲ့ စရိုက်ကလည်း သူ့ကို ဆွဲဆောင်ခဲ့ပြန်တယ်။ ဒါ့အပြင် သူမက ဒဏ်ရာတွေနဲ့ ဆေးရုံကနေ ထွက်ပြေးပြီး ကျေးလက်ကို ပြန်သွားခဲ့တာက သူ့ကိုရှောင်ဖို့သက်သက်ပဲ။

ဒီလို နှစ်ခွဖြစ်နေတဲ့ အခြေအနေအောက်မှာ သူက ရှောင်လင်းယွီအပေါ်မှာ ထူးခြားပြီး ကွဲလွဲတဲ့ ခံစားချက်တစ်ခု ရှိခဲ့တယ်။ အဲဒါကို ရှင်းပြရခက်ပေမယ့် ရှုပ်ထွေးနေတယ်။

သူက ဒီရှုပ်ထွေးပြီး ကွဲလွဲတဲ့ ခံစားချက်ကို ဖိနှိပ်ထားခဲ့တယ်၊ သူ့ရဲ့ ဝမ်းကွဲဆီကနေ ရှောင်လင်းယွီအကြောင်း သတင်းကို မတော်တဆ ရတဲ့အထိပဲ။

ထို့နောက်မှာတော့ သူ့ခံစားချက်တွေက ရုတ်ချည်းပွင့်ထွက်လာတော့သည်။ သို့ပေမယ့် ရှောင်လင်းယွီကိုယ်ဝန်ရှိနေမည်ကိုတော့ သူဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ပေ။ ဒီသတင်းက သူ့အတွက်တော့ သတင်းကောင်းဟုတ်မနေခဲ့။

ဒါကြောင့် သူ ရှောင်လင်းယွီကို စမ်းသပ်ကြည့်ခဲ့သော်လည်း ရှောင်လင်းယွီက ကလေးကို မွေးဖို့ ဆုံးဖြတ်ထားပြီးဖြစ်နေသည်။

ဘယ်ယောက်ျားမှ တခြားယောက်ျားတစ်ယောက်ရဲ့ ကလေးကို ကိုယ့်သားအရင်းလို မွေးမြူချင်မှာမဟုတ်ပေ။ ဒါကြောင့် သူက ထွက်သွားဖို့ စဉ်းစားခဲ့သော်လည်း အဲဒီအချိန်မှာပဲ သူ့ရဲ့ အချစ်ပြိုင်ဘက်က ပေါ်လာခဲ့သည်။ ဒီအချစ်ပြိုင်ဘက်က မိသားစုနောက်ခံ၊ အထောက်အထားနဲ့ ရုပ်ရည်ပိုင်းမှာ ထိပ်တန်းပဲ။

သူ့ရဲ့ အချစ်ပြိုင်ဘက် ပေါ်လာပြီးနောက်မှာ ယန်စစ်မင်ရဲ့ အဘိုးကလည်း ပေါ်လာပြန်သည်။ သူ့အဘိုးက သူ ရှောင်လင်းယွီကို ကြိုက်တယ်ဆိုတာ သိသွားသည်နှင့် ပုံမှန်ထက်ပြင်းပြင်းထန်ထန် တုံ့ပြန်လာလေသည်။

ဆန့်ကျင်ဘက်အနေနဲ့ သခင်ကြီးကုန်းက ကုန်းထျန်းဟောက်ကို ထောက်ခံခဲ့သည်။ သူက သူ့မြေး ရှောင်လင်းယွီကို လိုက်နေတာကို အရမ်းသဘောကျခဲ့ပြီး သူ့မြေးအတွက် နောက်ကနေ အားပင်ပေးနေလေသည်။

သခင်ကြီးယန်က ထောင်ယွမ်ရွာမှာ ရှိနေတုန်းက များများစားစားသိပ်မပြောခဲ့သော်လည်း ယန်မိသားစုသို့ပြန်ရောက်သည်နှင့် သူရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ချပြခဲ့သည်။ ရှောင်လင်းယွီတွင် ကိုယ်ဝန်ရှိနေတာကြောင့် သူမသာ ယန်မိသားစုထဲဝင်လိုလျှင် အရင်ဆုံး ကလေးကိုဖျက်ချမှသာရလိမ့်မည်။

အဲဒါက မဖြစ်နိုင်ဘူး။

ရှောင်လင်းယွီက ကလေးကို ဖျက်ချမှာမဟုတ်သည့်အပြင် သူမက သူ့ရဲ့ ရည်းစားဖြစ်ဖို့တောင် သဘောမတူသေးပေ။ ဒါကြောင့် သူက ဘယ်အနေအထားနဲ့များ ရှောင်လင်းယွီကို ကိုယ်ဝန်ဖျက်ချဖို့ ပြောနိုင်မှာလဲ? ယန်စစ်မင်၏အစီအစဉ်က ရှောင်လင်းယွီကို စမလိုက်ခင်မှာ သူ့မိသားစုကို အရင်ဖြေရှင်းဖို့ပဲ။

သို့သော်လည်း ကိစ္စတွေက သူ့ရဲ့ မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်။ ယန်စစ်မင်က ရှောင်လင်းယွီကို ပိုပြီးလိုက်ချင်လေလေ သူ့အဘိုးက ပိုပြီးကန့်ကွက်လေလေပဲ။

တစ်ဖက်မှာတော့ သူ့ရဲ့ အစွမ်းထက်တဲ့ အချစ်ပြိုင်ဘက်က ရှောင်လင်းယွီကို အသည်းအသန်လိုက်နေရတာကြောင့် သူတို့နှစ်ယောက် အခြေအနေက အတူတူလိုဖြစ်သွားကြသည်။

ဒါပေမဲ့ သူ့ကို မိုးကြိုးပစ်သလို ထိမှန်သွားတဲ့ သတင်းတစ်ခုရှိလာပြန်သည်။ လူတိုင်းက အဖေမပေါ်ဟုထင်ခဲ့သော ကလေးက တကယ်တော့ ကုန်းထျန်းဟောက်ရဲ့ ကလေးဖြစ်နေလေသည်။

ဒါက အရာအားလုံးကို အဆုံးသတ်ပေးလိုက်သလိုပဲ။

ယန်စစ်မင်က ဝမ်းနည်းစွာ ပြုံးပြီး "ကုန်းထျန်းဟောက်က မင်းကို ကလေးအတွက် လက်ထပ်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီကလေးက ကုန်းထျန်းဟောက်ရဲ့ ကလေးဖြစ်နေတာပဲ။"

ဒီလိုပြောရင်း သူ့စိတ်ထဲမှာ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး သူက မထိန်းနိုင်ဘဲ "လင်းယွီ၊ သူ မင်းကို စလိုက်တုန်းက ကလေးက သူ့ကလေးဆိုတာ သူသိခဲ့လား?"

သူ့ရဲ့ မျက်နှာက အနည်းငယ် စိုးရိမ်နေပြီး ဆက်ပြောတယ်၊ "အဲဒါသာ ဟုတ်ခဲ့ရင် သူ မင်းကို ကလေးကြောင့် လိုက်ခဲ့တာဖြစ်မယ်။ လင်းယွီ၊ သူ့ရဲ့ ရည်ရွယ်ချက်က မဖြူစင်ဘူး။ သူလှည့်စားတာမခံနဲ့။"

ထိုစကားကို ကြားတော့ ကုန်းထျန်းဟောက်၏မျက်နှာက ပိုပြီးမည်းမှောင်သွားတော့သည်။ ယန်စစ်မင်က ကုန်းထျန်းဟောက် ရှောင်လင်းယွီကို စလိုက်တုန်းက ရှောင်လင်းယွီကို အနှောင့်အယှက်ဖြစ်စေဆုံး အရာတွေကို ထုတ်ပြောလာခဲ့သည်။ ဒါက ကုန်းထျန်းဟောက်အတွက် မကောင်းတဲ့ မှတ်ဉာဏ်တစ်ခုပဲ။ ယန်စစ်မင်က အဲဒါကို တမင်ထုတ်ပြောခဲ့တာပင်။

ကုန်းထျန်းဟောက်က အံကြိတ်လိုက်ပြီး "ယန်စစ်မင်၊ မင်း အဲဒီအကြောင်း စိုးရိမ်စရာမလိုဘူး။ ငါ ယွီအာကို အားလုံးဝန်ခံပြီးသား"

ယန်စစ်မင်၊ "..."

သူက ရှောင်လင်းယွီကို လှည့်ကြည့်လိုက်တယ်၊ သူ့မျက်လုံးတွေက သံသယတွေနဲ့ ပြည့်နေသည်။

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ ယန်စစ်မင်အတွက် ဒါက ရှောင်လင်းယွီ ပြောခဲ့သမျှတွင် အရက်စက်ဆုံးစကားများလိုပင်။ "ကျွန်မတို့ ဒီအကြောင်းကို ပြောပြီးသားပါ။ တကယ်တော့ အစကတည်းက ဒီကလေးက ကုန်းထျန်းဟောက်ရဲ့ ကလေးဆိုတာ ကျွန်မသိခဲ့တယ်၊ ဒါပေမဲ့ သူ ကလေးကို ကျွန်မဆီကနေ လုသွားမှာ ဒါမှမဟုတ် ကလေးကို ဖျက်ချခိုင်းမှာကို ကျွန်မ ကြောက်ခဲ့တယ်။

ဒါကြောင့် သူအစပိုင်းက လိုက်တာကို ကျွန်မ သဘောမတူခဲ့ဘူး။ ကျွန်မ သူ့ကိုတောင် ခုခံခဲ့တယ်။ နောက်ပိုင်းမှာ ထျန်းဟောက်က ကျွန်မ တစ်ခုခုမှားနေတယ်ဆိုတာ သဘောပေါက်ပြီး အရာအားလုံးကို ဝန်ခံခဲ့တယ်။ ကျွန်မတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်။ အဲဒီနောက် ကျွန်မတို့ စေ့စပ်ပြီး လက်ထပ်ခဲ့ကြတယ်။"

ယန်စစ်မင်က ခဏတိတ်ဆိတ်သွားပြီးမှ လေးနက်စွာမေးလိုက်သည်။ "မင်းတို့နှစ်ယောက်က အတူရှိတာ နှစ်လပဲရှိသေးတယ်။ လင်းယွီ၊ မင်း သူ့ကို တကယ်သိရဲ့လား? အနာဂတ်မှာ သူ့ကိုလက်ထပ်ရတာကို နောင်တရမှာလား?"

ယန်စစ်မင်၏အဆုံးမရှိတဲ့ ဝေဖန်မှုတွေက ကုန်းထျန်းဟောက်ကို ဒေါသထွက်စေခဲ့သည်။

"ယန်စစ်မင်!" ကုန်းထျန်းဟောက်က စူးရှစွာအော်လိုက်သည်။ သူ့ရဲ့ ဒေါသကို ခံစားမိတော့ ရှောင်လင်းယွီက သူ့လက်ကို ညင်သာစွာကိုင်လိုက်တာကြောင့် ကုန်းထျန်းဟောက်လည်း ချက်ချင်းတိတ်ဆိတ်သွားပြီး ယန်စစ်မင်ကို မထီမဲ့မြင်အကြည့်နှင့်သာ စိုက်ကြည့်နေတော့သည်။

ရှောင်လင်းယွီက ပြုံးပြီး "ကံကြမ္မာဆိုတာ ထူးဆန်းတယ်။ ဟုတ်တယ်၊ ထျန်းဟောက်နဲ့ ကျွန်မက အတူရှိတာ မကြာသေးဘူး၊ ဒါပေမဲ့ ကျွန်မနဲ့သူ့ကြားက ဆက်သွယ်မှုတစ်ခုကို ခံစားမိတယ်။ ကျွန်မတို့ လက်ထပ်ပြီး တစ်သက်လုံး အတူနေသွားနိုင်မယ်ဆိုတာ ကျွန်မသိတယ်"

"ဒါပေမဲ့ မင်းက ဒီလူကို တကယ်သိတယ်လို့ ပြောနိုင်ရဲ့လား?"

"ကျွန်မသိတယ်! လူနှစ်ယောက် အတူရှိဖို့ ကံကြမ္မာလိုတယ်။ အနာဂတ်မှာ တစ်ယောက်ရဲ့ နှလုံးသားက ပြောင်းသွားရင် လမ်းခွဲလိုက်ရုံပဲ။"

ကုန်းထျန်းဟောက်က မကျေမနပ်နဲ့ မျက်မှောင်ကြုတ်လိုက်သည်။ "ယွီအာ၊ ကိုယ့်နှလုံးသားက ဘယ်တော့မှ မပြောင်းဘူး!"

ပြီးတော့ သူက ယန်စစ်မင်ကို ကြည့်ပြီး မကျေမနပ်နဲ့ "မင်းမှာ နောက်ထပ်မေးခွန်းတွေ ရှိသေးလား?"

ယန်စစ်မင်မှာ နောက်ထပ်မေးခွန်းတစ်ခု ရှိနေသေးသည်။ "ဘာလို့ ဒီလောက်အလျင်စလို လက်ထပ်ရတာလဲ? အိမ်ထောင်မပြုခင်မှာ အတူတူ အချိန်နည်းနည်းလောက် ဖြုန်းကြည့်သင့်တယ်မဟုတ်လား?"

"အဲဒါက ငါ့သား တရားဝင်မွေးဖွားလာနိုင်အောင်ပဲ။ ငါ့သားကို တရားမဝင်ကလေးအဖြစ် မွေးဖွားခွင့်ပေးမယ်လို့ မင်းထင်နေတာလား?" ကုန်းထျန်းဟောက်က ချက်ချင်းတုံ့ပြန်လိုက်သည်။

ယန်စစ်မင်၊ "..."

ဒါက တကယ်ကို ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ။

***

All Chapters