ကျွန်မသေလိုက်မယ်
Vol. 28 Ch. 472
ယန်စစ်မင် ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် သက်ပြင်းချကာ “ငါက စိတ်သဘောထား ကျဉ်းမြောင်းလွန်းသွားပုံပဲ”
ထို့နောက် သူ့မျက်နှာတွင် ရိုးသားမှုများ ပြည့်နှက်လာသည်။ သူပြုံးလိုက်ပြီး “မင်းတို့နှစ်ယောက် တစ်သက်တာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဂုဏ်ပြုပါတယ်”
သူက ထိုစုံတွဲနှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကို ဆန့်တန်းလိုက်သည်။
ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ကုန်းထျန်းဟောက်က ယန်စစ်မင်နှင့် လက်ဆွဲနှုတ်ဆက်ပြီး “ကျေးဇူးတင်ပါတယ်!” ဟု ပြောလိုက်သည်။
ယန်စစ်မင်က သူ့လက်ကို ကိုင်ထားစဉ် တင်းမာပြီး လေးနက်သော မျက်နှာဖြင့် “ကုန်းထျန်းဟောက်၊ မင်း ရှောင်လင်းယွီကို လက်ထပ်ပြီးပြီဆိုတော့ သူ့ကို ကောင်းကောင်းဆက်ဆံရမယ်။ မင်းသူ့ကို ဒုက္ခပေးနေတာ ငါတွေ့ရင် ဘာပဲပေးဆပ်ရပေးဆပ်ရ သ့်ကို မင်းဆီကနေ ငါလုယူသွားမယ်”
ကုန်းထျန်းဟောက်က လေးနက်ပြီး ခိုင်မာသော မျက်နှာဖြင့် “မင်းမှာ ဒီအခွင့်အရေး ရမှာမဟုတ်ဘူး! ယန်စစ်မင်၊ မင်းကိုဖြစ်စေ၊ တခြားဘယ်သူ့ကိုမဆို ဒီအခွင့်အရေး ငါပေးမှာမဟုတ်ဘူး!”်
ရှောင်လင်းယွီ၏ စရိုက်လက္ခဏာက ထူးချွန်သော အမျိုးသားများစွာကို သူမအား လိုက်လံပိုးပန်းရန် ဆွဲဆောင်ခဲ့သည်။
သူမကို သူတန်ဖိုးထားမည်၊ တစ်ချိန်တည်းမှာပင် သူ၏ ကောင်းချီးမင်္ဂလာများကိုလည်း တန်ဖိုးထားမည်!
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ပြီး လွှတ်လိုက်ကြသည်။ ယန်စစ်မင်က ရှောင်လင်းယွီကို ကြည့်ပြီး “လင်းယွီ၊ မင်းဒုက္ခရောက်ရင် ယန်ကောကို ပြောလိုက်။ ငါမင်းအတွက် သေချာပေါက် ရပ်တည်ပေးမယ်”
ရှောင်လင်းယွီက ကျေးဇူးတင်စွာဖြင့် “ယန်ကော၊ ကျေးဇူးအများကြီးတင်ပါတယ်!”
သူမသည် တကယ်ကို ကံကောင်းသည်ဟု ခံစားရသည်။ ကျန်းထောင်ဖြစ်စေ၊ ယန်စစ်မင်ဖြစ်စေ နှစ်ဦးစလုံးသည် စိတ်သဘောထားကြီးပြီး ပွင့်လင်းသော အမျိုးသားများ ဖြစ်ကြသည်။
သူတို့နှစ်ဦးစလုံးက သူမကို ကြိုက်နှစ်သက်ကြသော်လည်း တစ်ချိန်တည်းမှာပင် သူမက ကုန်းထျန်းဟောက်ကို ရွေးချယ်လိုက်သောအခါ သူတို့သည် သူမကို စွန့်လွှတ်နိုင်ပြီး ရိုးသားသော ဆုတောင်းမေတ္တာများ ပေးနိုင်ခဲ့ကြသည်။
ရှောင်လင်းယွီသည် သူမ၏ ယခင်ဘဝမှ ကံဆိုးမှုများကို ဘုရားသခင်က မျှတအောင် လုပ်ပေးနေခြင်းလားဟု ခံစားလိုက်ရသည်။
.........
“ညီမလေး၊ မင်းဘာတွေလုပ်ခဲ့တာလဲ?” ချင်ကျွင်းဖန်က ချင်ယန်လုပ်ခဲ့သည်များကို သိသွားပြီးနောက် သူ့နှလုံးသားသည် ပြောင်းပြန်လှန်သွားသည်။ သူ၏ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော ညီမလေးသည် တကယ်တော့ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
“ငါတို့ ကုန်းထျန်းဟောက် ဘယ်လိုလူဆိုတာ သိသင့်တယ်။ သူက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အချမ်းသာဆုံးလူ ဖြစ်လာတာက သူ့မိသားစုနောက်ခံကြောင့်တင်မကဘဲ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကြောင့်လည်း ပါတယ်။
စီးပွားရေးလောကမှာ သူ့အပေါ် လူတိုင်းရဲ့အကဲဖြတ်ချက်က သူဟာ ရက်စက်ပြီး ကရုဏာမဲ့တဲ့ ဧကရာဇ်တစ်ပါးဆိုတာပဲ။ သူ့ကို စိန်ခေါ်ခဲ့တဲ့ ဘယ်သူမှ အဆုံးသတ်ကောင်းမရဘူး!
အနည်းဆုံးတော့ သူတို့ အရာအားလုံး ဆုံးရှုံးသွားမယ်။ အဆိုးဆုံးကတော့ သူတို့ လေထဲမှာ ပျောက်ကွယ်သွားလိမ့်မယ်။”
ချင်ကျွင်းဖန်သည် အလွန်ပင်ပန်းသည်ဟု ခံစားလိုက်ရသည်။ သူ့ညီမက ကုန်းထျန်းဟောက်ကို ကြိုက်နှစ်သက်သည်ဆိုသောအချက်က သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။ သို့သော် သူ့ညီမသည် ရက်စက်ပြီး သူ့ရည်မှန်းချက်ကို အောင်မြင်ရန် အခြားသူများကို ထိခိုက်စေလိမ့်မည်။
ဒါက တစ်ချက်၊ သို့သော် သူမ၏ အားနည်းချက်ကို ဖမ်းမိသွားသည်။ ယခုတော့ သူမ၏ မိသားစုတစ်စုလုံး ပါဝင်ပတ်သတ်နေရသည်။
ချင်ယန်က ပါးစပ်ကိုအုပ်ကာ ငိုရင်း “အင့်... ညီမက ကုန်းထျန်းဟောက်ကို ကြိုက်တာပဲ။ အဲဒါ ဘာမှားနေလို့လဲ? သူဘာလို့ ညီမကို ဒီလိုဆက်ဆံရတာလဲ? သူဘာလို့ ညီမအပေါ် ဒီလောက်ရက်စက်ရတာလဲ? ညီမရဲ့ ဘယ်အပိုင်းက အဲဒီမိန်းမယုတ်ထက် နိမ့်ကျနေလို့လဲ?”
ချင်ကျွင်းဖန်က ချင်ယန်ကို အေးစက်စွာ ကြည့်လိုက်သည်။ မဒမ်ချင်သည် သူမ၏သမီး အလွန်ဝမ်းနည်းစွာ ငိုနေသည်ကို မြင်သောအခါ အလွန်စိတ်မကောင်းဖြစ်သွားသည်။
မဒမ်ချင်က “ယန်အာ၊ ဝမ်းမနည်းပါနဲ့။ သမီး ဘာမှမလုပ်ခဲ့ဘူး။ သမီး ဘာမှမနိမ့်ကျဘူး”
ထို့နောက် မဒမ်ချင်က သူမ၏သားကို ကြည့်ပြီး မကျေမနပ်ဖြင့် ဆူပူလိုက်သည်၊ “ဖန်အာ၊ မင်းညီမက ဒီလောက်ဝမ်းနည်းနေတာကို မီးလောင်ရာလေပင့် မလုပ်နဲ့!”
ချင်ကျွင်းဖန်၊ “…”
ထို့နောက် သူက ကူကယ်ရာမဲ့စွာဖြင့် “အမေ၊ ကျွန်တော်က အမှန်အတိုင်း ပြောနေတာ။ ကုန်းထျန်းဟောက်က သွားစလို့ရတဲ့လူမဟုတ်ဘူး။
လောလောဆယ်တော့ သူက ညီမလေးရဲ့ဓာတ်ပုံတွေကို အွန်လိုင်းမှာ တင်ထားတယ်၊ အဲဒါက သူက ချင်မိသားစုကို မျက်နှာသာပေးလို့ပဲ။ ဒါပေမဲ့ ကုန်းထျန်းဟောက် ဒေါသထွက်နေသရွေ့ အဲဒီဓာတ်ပုံတွေ အွန်လိုင်းမှာ ဆက်ရှိနေပြီး လူပြောများတဲ့ အကြောင်းအရာ ဖြစ်နေဦးမှာပဲ။”
မဒမ်ချင်က စိတ်ငြိမ်သွားပြီး သူမ၏မျက်နှာသည် မည်းမှောင်သွားသည်။ သူမ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး “ကုန်းထျန်းဟောက်က ရယ်စရာကောင်းလိုက်တာ။ သူက ချင်မိသားစုတစ်ခုလုံးကို စော်ကားနေတယ်ဆိုတာ သူ မသိဘူးလား?”
ချင်ကျွင်းဖန်က နဖူးကို ပွတ်သပ်ပြီး ကူကယ်ရာမဲ့စွာဖြင့် “အမေ၊ ကုန်းထျန်းဟောက်က ချင်မိသားစုတစ်ခုလုံးကို စော်ကားရမှာ မကြောက်ဘူး၊ ဘာလို့လဲဆိုတော့ သူက ချင်မိသားစုကို နှိမ်နင်းနိုင်တဲ့ အာဏာနဲ့ စွမ်းရည်ရှိလို့ပဲ။
ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့ကသာ ကုန်းထျန်းဟောက်နဲ့ ကုန်းမိသားစုကို စော်ကားရမှာ ကြောက်သင့်တာ။ ကျွန်တော်တို့ ချင်မိသားစုရဲ့ စီးပွားရေးလုပ်ငန်း ဘယ်လောက်များများက ကုန်းမိသားစုအပေါ် မှီခိုနေရတယ်ဆိုတာ အမေသိလား?
ကုန်းထျန်းဟောက်ရဲ့ စကားတစ်ခွန်းနဲ့ ချင်မိသားစုက တစ်ညတည်းနဲ့ ဒေဝါလီခံသွားနိုင်တယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေး ဘယ်လောက်များများက ကုန်းမိသားစုနဲ့ ပတ်သတ်နေတယ်ဆိုတာ အမေသိလား?”
“ဘယ်လောက်လဲ?” မဒမ်ချင်က မေးလိုက်သည်။
“၃၅ ရာခိုင်နှုန်း!” ချင်ကျွင်းဖန်က နဖူးကို ပွတ်သပ်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“၃၅?!” မဒမ်ချင်က မျက်မှောင်အနည်းငယ် ကြုတ်ပြီးနောက် အေးစက်စွာ “ဒါက သိပ်မများပါဘူး။ ငါတို့ တခြားလူတွေနဲ့ အလုပ်လုပ်လို့ရတာပဲ”
ချင်ကျွင်းဖန်သည် လုံးဝအားမရှိတော့သောပုံ ပေါက်နေသည်။ သူက အနည်းငယ်ကျယ်လောင်သောအသံဖြင့် “ဒါပေမဲ့ အမေ၊ ၃၅ ရာခိုင်နှုန်းက ချင်မိသားစုအတွက် ဘယ်လောက်များတယ်ဆိုတာ အမေသိလား? ဒီ ၃၅ ရာခိုင်နှုန်းမရှိရင် ချင်မိသားစုက ပေကျင်းရဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းကနေ ကန်ထုတ်ခံရလိမ့်မယ်”
ချင်ကျွင်းဖန်သည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေသည်။
သူ၏အမေသည် တကယ်ကို အမြင်ကျဉ်းမြောင်းလွန်းသည်။ သို့သော် သူက သူ့အမေကို ဤအတွက် အပြစ်တင်လို့မရမှန်း သိသည်။ သူ့အမေသည် စီးပွားရေးအကြောင်း ဘာမှမသိသော်လည်း အကျိုးကျေးဇူးများကို ခံစားတတ်သည်။ သူမသည် ၁ ရာခိုင်နှုန်း ဆုံးရှုံးမှုပင် ချင်မိသားစုအတွက် ကြီးမားသည်ကို မသိ၊ ၃၅ ရာခိုင်နှုန်းကတော့ ပြောစရာမလို။
မဒမ်ချင်သည် အံ့သြစွာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး မယုံကြည်နိုင်စွာဖြင့် “ဒါ... ဒါဘယ်လိုဖြစ်နိုင်မှာလဲ?”
“ဒါပေမဲ့ အမေ၊ ဒါက အမှန်တရားပဲ!” ချင်ကျွင်းဖန်က သက်ပြင်းချပြီး “ဒီတော့ အမေ၊ ဒါက ကုန်းထျန်းဟောက်က ချင်မိသားစုကို စော်ကားနိုင်သလား မနိုင်သလားဆိုတဲ့ ကိစ္စမဟုတ်ဘူး၊ ချင်မိသားစုက ကုန်းထျန်းဟောက်ကို မစော်ကားနိုင်ဘူးဆိုတာပဲ!”
သို့သော် ချင်ကျွင်းဖန်သည် သူ၏စကားများက သူ့အမေ၏ စိတ်ထဲတွင် မတူညီသော အကြံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်ကို မသိခဲ့။
သူမက မျက်နှာတွင် စိတ်လှုပ်ရှားမှုအချို့ဖြင့် “ဖန်အာ၊ ဒါဆို ယန်အာက ကုန်းထျန်းဟောက်ကို လက်ထပ်လိုက်ရင် ငါတို့ ဘယ်သူ့ကိုမှ မျက်နှာသာပေးစရာမလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား? ငါတို့က ပေကျင်းမှာ အင်အားအကြီးဆုံးမိသားစု ဖြစ်လာမှာလား?”
ချင်ကျွင်းဖန်၊ “…” သူက နဖူးကို ထပ်ပွတ်သပ်လိုက်သည်။ သူ့အမေသည် တကယ်ကို ရူးသွပ်နေပြီဟု သူခံစားလိုက်ရသည်။ သူမ ဘယ်လိုလုပ်ပြီး အဲဒီလို တွေးနိုင်ရတာလဲ? ဒါက လုံးဝ မဖြစ်နိုင်တဲ့ အတွေးပဲ။
အရှုပ်တော်ပုံများ မတိုင်မီကတည်းက ကုန်းထျန်းဟောက်သည် ချင်ယန်ကို စိတ်မဝင်စားခဲ့။ ကုန်းထျန်းဟောက်သည် ချင်မိသားစု၏ စုံစမ်းမှုအားလုံးကို ငြင်းပယ်ခဲ့သည်။ ယခု ချင်ယန်၏ အရှုပ်တော်ပုံများ ပေါ်ထွက်လာပြီးနောက် ကုန်းထျန်းဟောက်သည် သူမကို ပို၍ပင် စိတ်မဝင်စားတော့။ ထို့ကြောင့် သူ့အမေသည် တကယ်ကို အိပ်မက်မက်နေခြင်း ဖြစ်သည်။
တကယ်တော့ ချင်ယန်သည် ကျန်းထောင်နှင့် လက်ထပ်ရန်ပင် ပြဿနာရှိလိမ့်မည်၊ ကုန်းထျန်းဟောက်ကိုတော့ ပြောစရာမလို။ တင်းကျပ်သော သခင်ကြီးကျန်းသည် အရှုပ်တော်ပုံများရှိသော ချွေးမတစ်ဦးကို လက်ခံလိမ့်မည်ဟု သူ မထင်။ နောက်ဆုံးတော့ မိသားစု၏ သခင်မသည် လေးစားထိုက်ပြီး အပြစ်ကင်းစင်ရမည်။
ချင်ကျွင်းဖန်သည် အလွန်စိုးရိမ်နေသည်။ သို့သော် သူ့အမေသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သူမ ပိုစဉ်းစားလေ၊ ဖြစ်နိုင်ခြေပိုများလေဟု သူမ တွေ့ရှိလေဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် သူမ၏ နှစ်သက်သော သားမက်သည် အမြဲတမ်း ကုန်းထျန်းဟောက် ဖြစ်ခဲ့သည်။
ချင်မိသားစုသည် အကြိမ်များစွာ ငြင်းပယ်ခံခဲ့ရသော်လည်း သူမသည် ကုန်းထျန်းဟောက်က သူ့အလုပ်အကိုင်အပေါ် အာရုံစိုက်ရန် လိုအပ်သောကြောင့်ဟု ထင်နေဆဲဖြစ်သည်။ သူအခြေချချင်သောအခါ သူမ၏ ယန်အာသည် သူ့အတွက် အကောင်းဆုံးတွဲဖက်ဖြစ်သည်။ အခြားရွေးချယ်စရာမရှိ။
မိသားစုနှစ်စုသည် အဆင့်အတန်းတူညီသည်။ သူတို့သည် ပြီးပြည့်စုံသော တွဲဖက်ဖြစ်သည်။
သူမသည် ချင်ယန်က ကုန်းမိသားစုသို့ လက်ထပ်ဝင်ရောက်ပြီး ကုန်းမိသားစု၏ တစ်ဦးတည်းသော သခင်မ ဖြစ်လာမည်ကို မျှော်လင့်နေခဲ့သည်။
သို့သော် ထိုနေ့မရောက်မီ ကုန်းထျန်းဟောက်နှင့်ပတ်သတ်သော ကောလာဟလအမျိုးမျိုး ပေါ်ထွက်လာသည်။ သူတို့က ကုန်းထျန်းဟောက်သည် ယောက်ျားများကို ကြိုက်နှစ်သက်ပြီး ကလေးမရနိုင်ဟု ပြောကြသည်။ မဒမ်ချင်သည် စိုးရိမ်ခဲ့သည်။ ကောလာဟလများသာ မှန်လျှင် ချင်ယန်သည် ကုန်းထျန်းဟောက်နှင့် လက်ထပ်လျှင် ဒုက္ခရောက်လိမ့်မည်။
သဘာဝအတိုင်းပင် မဒမ်ချင်သည် ကုန်းထျန်းဟောက်ကို ပယ်ဖျက်ပြီးနောက် ကျန်းထောင်ကို ရွေးချယ်ခဲ့သည်။
သခင်ကြီးကျန်းသည်လည်း သူ၏ အမွေဆက်ခံသူအတွက် ဇနီးတစ်ဦး ရှာဖွေရန် စိတ်ဝင်စားနေသည်။ ရလဒ်အနေဖြင့် မိသားစုနှစ်စုသည် အကြံတူကြသည်။ သူတို့သည် အိမ်ထောင်ရေးကို လျင်မြန်စွာ စီစဉ်ခဲ့ကြသည်။
သို့သော် မဒမ်ချင်သည် ကုန်းထျန်းဟောက်တွင် ချစ်သူတစ်ဦး ရှိနှင့်ပြီးသားဖြစ်ကြောင်း ပေါ်ထွက်လာမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့။ ထိုသို့ဆိုလျှင် ယခင်ကောလာဟလများသည် အတုဖြစ်ရမည်။ ထိုအခါ ချင်ယန်သည် သူ့အတွက် ပြီးပြည့်စုံသော သတို့သမီး ဖြစ်နေဆဲဖြစ်သည်။
မဒမ်ချင်၏ စိတ်လှုပ်ရှားမှုသည် ပိုမိုရှင်းလင်းလာသည်။
သူမ၏ မျက်လုံးများက အရောင်တောက်လာပြီး ချင်ကျွင်းဖန်ကို ကြည့်ကာ “ဟုတ်တယ် ဖန်အာ၊ ယန်အာက ကုန်းထျန်းဟောက်ကို လက်ထပ်လိုက်တာနဲ့ အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားမှာ မဟုတ်လား?”
ချင်ကျွင်းဖန်၏ မျက်နှာသည် မည်းမှောင်သွားပြီး သူမ၏ စိတ်ကူးယဉ်ကို ဖြိုခွဲလိုက်သည်၊ “အမေ၊ အဲဒါဖြစ်နိုင်မယ်လို့ ထင်လား? ကုန်းထျန်းဟောက်က ညီမလေးကို ဘယ်တုန်းကမှ စိတ်ဝင်စားမှု မပြခဲ့ဘူး၊ ပြီးတော့ သူက ညီမလေးရဲ့ ကြည့်မကောင်းတဲ့ ဓာတ်ပုံတွေကို အင်တာနက်မှာ တင်ထားတယ်။ ညီမလေးကို လက်ထပ်မယ်လို့ ထင်လား?”
“မဟုတ်ဘူး၊ ကိုကို၊ ကိုကို ညီမကို ကူညီရမယ်။” ထိုအချိန်တွင် ချင်ယန်သည် ရုတ်တရက် ချင်ကျွင်းဖန်ကို ကြည့်ပြီး တောင်းပန်လိုက်သည်၊ “ကိုကို ညီမ ကုန်းထျန်းဟောက်ကို ကြိုက်တယ်။ ညီမ သူ့ကို လက်ထပ်ချင်တယ်။ ကိုကို ညီမလေးကို ကူညီနိုင်မလား?”
ဤအချိန်တွင် သူမ တစ်ခုခုကို စဉ်းစားမိပုံရပြီး “ညီမ ကုန်းထျန်းဟောက်ကို လက်ထပ်လိုက်ရင် ချင်မိသားစုကို အကြီးမားဆုံး အကျိုးကျေးဇူးတွေ သေချာပေါက် ပေးမှာပါ။ ကုန်းထျန်းဟောက်ကို ညီမလက်ထဲမှာ ခိုင်ခိုင်မာမာ ထိန်းချုပ်ပြီး ကုန်းမိသားစုကို ချင်မိသားစုရှေ့မှာ ဦးညွှတ်စေမယ်!”
ချင်ယန်သည် ရက်စက်ပြီး ထက်မြက်သည်။ မဟုတ်လျှင် သူမသည် သခင်ကြီးကျန်းကို အကွက်ဆင်မည် မဟုတ်။
ယခု ချင်ယန်သည် သူမ၏အစ်ကိုကို ကုန်းထျန်းဟောက်ကို ပိုးပန်းရန် ကူညီပေးရန်အတွက် အခြားအကျိုးကျေးဇူးတစ်ခုကို ကမ်းလှမ်းခဲ့သည်။
မိသားစု၏ အမွေဆက်ခံသူအနေဖြင့် သူမသည် မိသားစုအကျိုးစီးပွားကို အရာအားလုံးထက် ဦးစားပေးရမည်ဟူသော အယူအဆကို စွဲမြဲစွာ သွတ်သွင်းခံခဲ့ရသည်။ ယခု ချင်ယန်သည် ထိုအယူအဆကို အသုံးပြုပြီး ချင်ကျွင်းဖန်၏ ထောက်ခံမှုကို ရယူနေသည်။ ချင်ကျွင်းဖန်သည် တည်ငြိမ်သော လူတစ်ဦးဖြစ်သည်။ ချင်ယန်၏ ကမ်းလှမ်းချက်ကြောင့် သူစိတ်မလှုပ်ရှားဟု ပြောလျှင် လိမ်ညာရာကျမည်။
သို့သော် ကုန်းထျန်းဟောက်ကဲ့သို့သော လူတစ်ဦးကို အနိုင်ယူရန် မလွယ်ကူပေ။ အကြွင်းမဲ့ ယုံကြည်မှုမရှိလျှင် ဘယ်သူမှ သူ့ကို မထိရဲ။ ဤသည်မှာ အကျိုးဆက်များသည် သာမန်လူတစ်ဦး သို့မဟုတ် မိသားစုတစ်စုက ခံနိုင်ရည်ရှိမည့်အရာ မဟုတ်သောကြောင့် ဖြစ်သည်။
ချင်ယန်သည် သူထင်သလောက် အပြစ်ကင်းစင်ခြင်း မရှိသောကြောင့် သူမသည် တကယ်ကို ကုန်းထျန်းဟောက်ကို သူမအား လက်ထပ်စေနိုင်လောက်သည်။
သို့သော် သူမ၏ ညစ်နွမ်းသော ဂုဏ်သတင်းဖြင့် သူမသည် ကုန်းထျန်းဟောက်ကို မည်သို့ အနိုင်ယူမည်နည်း။
ချင်ယန်သည် သူမ၏အစ်ကို၏ မျက်နှာပေါ်မှ အမူအရာကို မြင်ပြီး သူက သူမကို မကူညီချင်မှန်း သိလိုက်သည်။
သူမ၏ မျက်နှာမှ မျက်ရည်များ စီးကျလာသည်။ သူမ ရုတ်တရက် နှုတ်ခမ်းကိုကိုက်ပြီး ချင်ကျွင်းဖန်ရှေ့တွင် ဒူးထောက်လိုက်သည်။
သူမ ကျယ်လောင်စွာ ငိုပြီး “ကိုကို၊ ကိုကို ညီမကို ကူညီရမယ်။ ညီမလေးသာ ကုန်းထျန်းဟောက်ကို လက်မထပ်နိုင်ရင် သေလိုက်တာက ပိုကောင်းတယ်!”
မဒမ်ချင်နှင့် ချင်ကျွင်းဖန်တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
“ယန်အာ၊ မင်းမိုက်မဲတဲ့အလုပ် မလုပ်ရဘူး!” မဒမ်ချင်က သူမ၏သားကို အော်လိုက်သည်။ “ချင်ကျွင်းဖန်၊ မင်းညီမ သေတာကို မြင်ချင်လို့လား? မင်းအမေက မင်းကို ဒူးထောက်တာကို မြင်ချင်လို့လား?”
သူ၏အမေနှင့် ညီမတို့၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ချင်ကျွင်းဖန်သည် အံကြိတ်ပြီး “ကောင်းပြီ၊ ငါမင်းကို ကူညီမယ်!” ဟု သဘောတူလိုက်ရသည်။
“ဘာကို ကူညီမှာလဲ?” ထိုအချိန်တွင် ချင်ရှင်းပေါင်၏ အသံသည် တံခါးဝမှ ဝင်လာသည်။
ရုတ်တရက် ဝင်လာသော ချင်ရှင်းပေါင်ကို မြင်သောအခါ လူသုံးယောက်စလုံး ထိတ်လန့်သွားကြသည်။
***