← Chapters

ဗောဓိစေ့ဖြင့် ဉာဏ်အလင်းဖွင့်ခြင်း

Vol. 172 Ch. 2569

ဗောဓိစေ့ဖြင့် ဉာဏ်အလင်းဖွင့်ခြင်း

Vol. 172 Ch. 2569

“စစ်တုရင်အင်မော်တယ်ဆိုတဲ့အတိုင်းပါပဲလား”

ယွင်ကျူးက ရယ်မောလိုက်၏။

ကျွင်းယုသည် စစ်တုရင်မှာ ခုံမင်စွဲလမ်းနေပြီး ဆူဇီမိုကို စစ်တုရင်ကစားရန် သူမ၏ အခန်းထဲမှာ တစ်ရက်လုံးတစ်ညလုံး အမှန်တကယ်ပင် ဆွဲခေါ်ထားလေသည်။

သာမန်လူများသည် ထိုကဲ့သို့သော တစ်စုံတစ်ရာကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

မိုချင်က ကြယ်တာရာစစ်တုရင်ခုံကိုကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“တာအိုရောင်းရင်း…. ဂျူနီယာမောင်ဆူက ရှင်နဲ့ ကစားနိုင်လောက်အောင် စစ်တုရင်မှာ ကျွမ်းကျင်လို့လား”

ကျွင်းယု၏ အမူအရာက တွေဝေရှုပ်ထွေးနေ၏။

“အင်း… စစ်တုရင်မှာ တာအိုရောင်းရင်းဆူရဲ့ ပါရမီက တကယ့်ကို.. အင်း... ဖော်မပြတတ်အောင်ပဲ”

စစ်တုရင်ခွန်အားမှာ ဆူဇီမိုသည် စစ်တုရင်ကို ခင်ကျင်းခြင်း၊ ဝင်္ကပါများ၊ နည်းဗျူဟာများ၊ အစီအစဉ်နှင့် အခြားသော နည်းစနစ်ပိုင်းဆိုင်ရာများမှာ သူမထက် များစွာနိမ့်ကျနေ၏။

မည်သို့ပင်ဆိုစေ ဆူဇီမိုသည် စစ်တုရင်၏ စည်းမျဉ်းစည်းကမ်းများကို သင်ယူထားခါစဖြစ်ပြီး သူ့ကို လက်သင်တစ်ယောက်ဟုသာ ဆိုနိုင်သည်။

သို့သော်လည်း စစ်တုရင်ကစားနည်းမှာ ဆူဇီမိုပြသခဲ့သော ပါရမီ၊ နားလည်ဆင်ခြင်မှု၊ စိတ်ပညာ၊ ကစားကွက်၊ စိတ်ဝိညာဉ်နှင့် ပြတ်သားမှုတို့က သူမနှင့် ယှဉ်နိုင်လေသည်။ တချို့နေရာများမှာ သူသည် သူမ၏ အထက်မှာပင် ရှိကောင်းရှိနိုင်သည်။

ဒါ့အပြင် ဆူဇီမိုသည် ထွက်ပေါက်မရှိသော အခြေအနေမှာ ကမ္ဘာတုန်လောက်ဖွယ်ရာ လှုပ်ရှားကွက်များကို မကြာခဏ ပြုလုပ်နိုင်လေသည်။

ယွင်ကျူးကလည်း အံ့အားသင့်သွား၏။

သူမသည်လည်း စစ်တုရင်မှာ တီးမိခေါက်မိရှိပြီး အတော်အတန် တတ်မြောက်ထား၏။ သို့သော်လည်း သူမသည် အရင်တုန်းက ကျွင်းယုနှင့်ကစားခဲ့ရာမှာ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့လေသည်။

ယခု ဆူဇီမိုသည် စစ်တုရင်ကစားနည်းမှာ ကျွင်းယုထံမှ ဤကဲ့သို့သော မြင့်မြင့်မားမား အကဲဖြတ်မှုတစ်ခုကို ရရှိထားခဲ့သည်ဆိုတော့…။

“အခု စစ်တုရင်ကွက်က ကြည့်ရတာ နည်းနည်းတော့…”

ယွင်ကျူးသည် ကြယ်တာရာစစ်တုရင်ခုံကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူမသည် စစ်တုရင်ကွက်ကို တွေ့မြင်သောအခါ သူမက မျက်မှောင်ကြုတ်ပြီး စကားပြောချင်သော်လည်း ရပ်တန့်လိုက်၏။

စစ်တုရင်အပေါ် သူမနားလည်ထားသလောက် သူမသည် အနက်ဘက်မှာရှိနေမည်ဆိုလျှင် ရှင်သန်နိုင်စရာ မည်သည့်ထွက်ပေါက်မှ မရှိတော့ပေ။

အဲဒါထက် ဤစစ်တုရင်ကစားပွဲကို ရွှေ့စရာ မရှိတော့သည့် လမ်းဆုံးကွက်ဟု ဆိုရမည်ဖြစ်သည်။

ကျွင်းယုသည် ယွင်ကျူးနှင့် မိုချင်ထံမှ ဤကိစ္စများကို ဖုံးကွယ်မထားပေ။

“ငါက ချောင်ပိတ်ကွက် ၉ကွက်ကို ပြင်ပေးထားတာ… တာအိုရောင်းရင်းဆူက ခြောက်ကွက်ကို ဆက်တိုက်ရှင်းလင်းခဲ့ပြီးပြီ… အခုချိန်မှာ ရှင်တို့နှစ်ယောက်မြင်နေရတာက သတ္တမမြောက် ချောင်ပိတ်ကွက်ပဲ”

လင်းလုံချောင်ပိတ်ကွက်များသည် မနှိုင်းယှဉ်သာအောင် လေးနက်သိမ်မွေ့ပြီး ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

ကျွင်းယုနှင့် မိုချင်က ဘေးကနေ စောင့်ကြည့်မည်ဆိုလျှင်တောင် သူတို့သည် တစ်စုံတစ်ရာကို ထုတ်ဖော်ရရှိနိုင်မည် မဟုတ်ပေ။

မိုချင်က စစ်တုရင်မှာ စိတ်ဝင်စားမှုမရှိပေ။ သူမက ဆူဇီမိုနှင့် မလှမ်းမကမ်းမှာ ကူရှင်တစ်ခုကိုသာ ရှာပြီး တင်ပျဉ်ခွေထိုင်ချလိုက်၏။

ယွင်ကျူးက ဘေးကနေ မတ်တတ်ရပ်ပြီး ချောင်ပိတ်ကွက်ကို စိုက်ကြည့်ကာ ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုကို ရှာဖွေချင်နေ၏။

သို့သော်လည်း နေ့တစ်ဝက်ကြာပြီးသည့်တိုင်အောင် ဆူဇီမိုသည် ရွှေ့ကွက်တစ်ကွက် မပြုလုပ်နိုင်ဘဲ ယွင်ကျူးကလည်း မည်သည့်သဲလွန်စမှ ရှာမရပေ။

ထိုမျှသာမက သူမသည် လင်းလုံချောင်ပိတ်ကွက်ကို အတန်ကြာအောင် စိုက်ကြည့်နေပြီး သူမ၏ စိတ်စွမ်းအင်များစွာကို သုံးစွဲခဲ့ရ၏။ ထိုလုပ်ရပ်သည် အတန်ကြာအောင် တိုက်ခိုက်ရသည်ထက်ပင် ပို၍ပင်ပန်းနွမ်းနယ်နေ၏။

ယွင်ကျူးက သူမ၏ ခေါင်းကို ညင်သာစွာခါယမ်းပြီး သူမ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ တဖြည်းဖြည်း စိတ်ကိုလျှော့ချလိုက်၏။

“တာအိုရောင်းရင်း… ဒီချောင်ပိတ်ကွက်ကို ဖြေရှင်းဖို့ ရှင် ဘယ်လောက်အချိန်ယူခဲ့ရလဲ”

ခဏမျှ အနားယူပြီးနောက် ယွင်ကျူးက သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ကာ ကျွင်းယုကို မေးလိုက်၏။

ကျွင်းယုသည် ဤချောင်ပိတ်ကွက်ကို ခင်းကျင်းထားသည်ဆိုမှတော့ သူမမှာ အဲဒါကို ဖြေရှင်းမည့် နည်းလမ်းတစ်ခု သေချာပေါက်ရှိနေပေမည်။

“နှစ်ငါးရာ နီးပါးလောက်…”

ကျွင်းယုက တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ အရေအတွက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်၏။

ယွင်ကျူးက တိတ်တဆိတ် ဆွံ့အသွားရသည်။

စစ်တုရင်မှာ ကျွင်းယု၏ ကျွမ်းကျင်မှုနှင့် နားလည်မှုနှင့်ပင်လျှင် သူမသည် ဤချောင်ပိတ်ကွက်ကို ဖြေရှင်းဖို့ နှစ်ငါးရာ အချိန်ယူခဲ့ရသည်။

သူမသည် အဲ့ဒါကို ဆက်လက်၍ ကြိုးစားဖို့ စိတ်ကူးမရှိတော့ပေ။

သူမ၏ စစ်တုရင်ကျွမ်းကျင်မှုအရ သူမသည် နှစ်ငါးထောင် သို့မဟုတ် နှစ်ငါးသောင်း ကြာပြီးသည့်တိုင်အောင် ဤချောင်ပိတ်ကွက်ကို ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်ပေလိမ့်မည်။

ယွင်ကျူးက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်၏။

“တာအိုရောင်းရင်း… ဆဋ္ဌမမြောက် ချောင်ပိတ်ကွက်ကိုရော ဖြေရှင်းဖို့ ရှင်ဘယ်လောက်အချိန်ယူခဲ့ရလဲ”

ခဏမျှ ငြိမ်သက်ပြီးနောက် ကျွင်းယုက ပြန်ဖြေလိုက်၏။

“နှစ်တစ်ရာကျော်…”

ယွင်ကျူးက လှောင်ပြုံးပြုံးပြီး သူမ၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူမက ဆက်လက်၍ မေးမြန်းခြင်း မရှိတော့ပေ။

ဆူဇီမိုသည် တစ်နေ့နှင့်တစ်ညမှာ ချောင်ပိတ်ကွက် ခြောက်ကွက်ကို ဖြေရှင်းခဲ့ပြီးပြီဟု ကျွင်းယုက ယခုတင် ထုတ်ဖော်ပြောဆိုခဲ့၏။

ဆူဇီမိုသည် ဆဋ္ဌမမြောက် ချောင်ပိတ်ကွက်ကို ဖြေရှင်းဖို့အတွက် တစ်နေ့တစ်ညပင် အချိန်မယူခဲ့ရဟု အဓိပ္ပါယ်ရနေသည်။

အနည်းဆုံးတော့ ကျွင်းယုသည် ဤရှုထောင့်မှာ ဆူဇီမိုကို ရှုံးနိမ့်ခဲ့ရပြီးပြီဖြစ်သည်။

ယွင်ကျူးသည် ဤအချက်အလက်ကို ရှာတွေ့သောအခါ သူမက အလွန်တရာ စိတ်ဝင်စားသွား၏။ သို့သော်လည်း သူမသည် ကျွင်းယုကို လေးစားမှုထားသည့်အနေဖြင့် အဲ့ဒါကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သတ္တမမြောက် လင်းလုံချောင်ပိတ်ကွက်က ယွင်ကျူးကို ခေါင်းကိုက်စေ၏။ သူမသည် အဲဒါကို ဖြေရှင်းဖို့ ဆက်လက်၍ မကြိုးစားတော့ပေ။ ထိုအစား သူမက လက်လျှော့ပြီး ထိုင်ဖို့အတွက် ကူရှင်တစ်ခုကို ရှာလိုက်၏။

ယွင်ကျူးသည် စာအုပ်အတော်များများကို ဖတ်ရှုထားပြီး သူမမှာ အမြင်ကျယ်မှုနှင့် လွတ်လပ်ပေါ့ပါးသော သဘာဝရှိလေသည်။

သူမတစ်ဘဝလုံး ကြိုးစားအားထုတ်မည်ဆိုလျှင်တောင် ဤလောကမှာ သူမ အောင်မြင်အောင် မပြုလုပ်နိုင်သည့် အရာများစွာရှိနေသည်ကို သူမက နားလည်သဘောပေါက်ထားသည်။

ထိုသို့ဆိုမှတော့ သူမက သူမကိုယ်သူမ အခက်တွေ့အောင် ဘာလို့ ဖိအားပေးနေရမှာလဲ။

ယခုအချိန်မှာ လက်လျှော့လိုက်ခြင်းက ဉာဏ်ရှိရာကျလေသည်။

ဤလောကမှာ လူသားများသည် အစကတည်းက မတူညီကြပေ။

ကျွင်းယုသည် စစ်တုရင်ကစားနည်းမှာ သူမထက် တကယ်ပင် သာလွန်ပေလိမ့်မည်။

သို့သော်လည်း အထက်ဘုံလောက၏ သမိုင်းကြောင်းနှင့် ပညာရှင်များစွာ၏ အတိတ်ကာလကို နားလည်သဘောပေါက်မှုမှာ သူမသည် စစ်တုရင်အင်မော်တယ်ထက် များစွာသာလွန်လေသည်။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်နေသည့် အနက်ရောင်ဝတ်အမျိုးသမီး၏ ပုံရိပ်ကို ထပ်တလဲလဲပုံဖော်စဉ်းစားနေ၏။ သူသည် အဲဒါကို သူ့ရှေ့မှာရှိသော သတ္တမမြောက် လင်းလုံချောင်ပိတ်ကွက်နှင့် ယှဉ်ကြည့်နေ၏။

သူသည် ပထမဆုံး လင်းလုံချောင်ပိတ်ကွက် ခြောက်ကွက်ကို တစ်နေ့နှင့်တစ်ညအတွင်း ဖြေရှင်းနိုင်ခဲ့သည်မှာ ဤနည်းစနစ်ကြောင့်ဖြစ်၏။

သို့သော်လည်း နောက်ပိုင်းမှာ လင်းလုံချောင်ပိတ်ကွက်များက ပို၍ရှုပ်ထွေးပွေလီလာပြီး မရေမတွက်သော ဖြစ်နိုင်ခြေအမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။

သူတွက်ချက်ရမည့် အဆင့်အရေအတွက်နှင့် လိုအပ်သော အခြေအနေပေါ် ထိန်းချုပ်နိုင်စွမ်းက ဆူဇီမို တွေးထင်ထားသည်ထက် များစွာကျော်လွန်လာခဲ့သည်။

သူသည် နေ့တစ်ဝက်ကြာအောင် ကောက်ချက်ချနေခဲ့၏။ သူသည် ထိုချောင်ပိတ်ကွက်ကို ဖြေရှင်းဖို့ မအောင်မြင်ခဲ့ရုံသာမက သူ့စိတ်က အလွန်တရာ ရှုပ်ထွေးနောက်ကျိနေပြီဖြစ်သည်။

ခဏကြာ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက ရုတ်တရက် သူ၏ သိုလှောင်အိတ်ထဲကနေ သစ်စေ့တစ်စေ့ကို ထုတ်ယူကာ သူ့၏ လက်ဖဝါးထဲမှာ ဆုပ်ကိုင်လိုက်၏။

သူက သစ်စေ့ကို ဆုပ်ကိုင်လိုက်သည့် ခဏမှာပင် သူ၏ စိတ်က ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာပြီး ရှုပ်ထွေးပွေလီသော သဲလွန်စများက တဖြည်းဖြည်း အစီအစဉ်ကျလာ၏။

ဤသစ်စေ့သည် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်နယ်မြေကနေ သူလုယူလာခဲ့သော ဗောဓိစေ့ဖြစ်လေသည်။

ဗောဓိစေ့သည် သူ၏ ကျင့်ကြံမှုအတွက် အလွန်တရာ အကျိုးအမြတ်ရှိလေသည်။

ကျင့်ကြံမှု အလျင်အဟုန်မှာ တိုးတက်မှုက အဓိကအချက် မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ ဗောဓိစေ့ကို ဆုပ်ကိုင်ထားခြင်းဖြင့် ကျင့်ကြံသူတစ်ယောက်၏ နားလည်ဆင်ခြင်နိုင်စွမ်းကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ပြီး သူတို့စိတ်၏ ကြည်လင်ရှင်းလင်းမှုနှင့် ထက်ရှမှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ဗောဓိစေ့သည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ်သစ်ပင် သုံးပင်ထဲမှ တစ်ပင်ဖြစ်သော ဗောဓိပင်ကနေ အရင်းခံလာခဲ့သည်။

ဒဏ္ဍာရီအရ အထက်ဘုံလောက၏ အစမှာ ဗုဒ္ဓသည် ဗောဓိပင်အောက်မှာ ခုနစ်ရက် ခုနစ်ညလုံးလုံး တရားထိုင်ခဲ့ပြီး မရေမတွက်နိုင်သော နတ်ဆိုးများ၏ ဖြားယောင်းမှုကို အောင်နိုင်တော်မူခဲ့သည်။ အရုဏ်တက်ချိန်မှာ သူသည် ကြီးမြတ်သော နားလည်ဆင်ခြင်မှုကို ရရှိပြီး ဗုဒ္ဓဖြစ်လာခဲ့သည်။

ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ်သစ်ပင် သုံးပင်မှာ သူတို့ကိုယ်ပိုင် မူလဇာစ်မြစ်များရှိပြီး အားလုံးက ဗုဒ္ဓနှင့်ပတ်သက်ဆက်စပ်နေသည်။

ဒဏ္ဍာရီအရ ဗုဒ္ဓသည် အသောကသစ်ပင်အောက်မှာ မွေးဖွားပြီး ဗောဓိပင်အောက်မှာ တာအိုကို အောင်မြင်ရရှိကာ အင်ကြင်းပင်အောက်တွင် နိဗ္ဗာန်သို့ ဝင်ရောက်သွားခဲ့သည်။

ထို့ကြောင့် ထိုသစ်ပင်သုံးပင်သည် ဗုဒ္ဓ၏ တာအိုကို ရရှိထားပြီး နောက်ဆုံးမှာ သုခဘုံသန့်စင်ကုန်းမြေကို ကာကွယ်စောင့်ရှောက်မည့် အထွတ်အမြတ်သစ်ပင် သုံးပင်ဖြစ်လာခဲ့သည်။

ဆူဇီမိုသည် ဗောဓိစေ့ကို ဆုပ်ကိုင်ထားပြီး နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်နေသည့် အနက်ရောင်ဝတ်အမျိုးသမီး၏ ပုံရိပ်ဖြစ်စဉ်ကို ပြန်လည်စဉ်းစားကြည့်နေ၏။ သူသည် အသေးစိတ် အချက်အလက်တစ်ခုချင်းစီကို လက်လွှတ်မခံဘဲ သူတို့ကို လင်းလုံချောင်ပိတ်ကွက်နှင့် ယှဉ်တိုက်ကြည့်နေလေသည်။

မသိလိုက်မသိဘာသာနှင့်ပင် နေဝင်သွားပြီး ညအချိန်သို့ ရောက်ရှိလာခဲ့သည်။

ဆူဇီမိုသည် ဗောဓိစေ့ကို လက်တစ်ဖက်မှာ ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် အနက်ရောင်စစ်တုရင်အရုပ်ကို ကိုင်ထားလေသည်။ သူ့မှာ အာရုံစူးစိုက်နေသော အမူအရာတစ်ခုရှိနေပြီး သူ၏ ကိုယ်နေဟန်ထားကို မလှုပ်မယှက်ဖြင့် ထိန်းသိမ်းထား၏။

နောက်ဆုံး အရုဏ်တက်ချိန်မှာ ဆူဇီမိုသည် စစ်တုရင်ခုံပေါ်မှာ သူ၏ ရွှေ့ကွက်ကို ပြုလုပ်လိုက်လေသည်။

“သူ နောက်ဆုံးတော့ အကွက်ရွှေ့ပြီပဲ”

ယွင်ကျူးက အားတက်သရော်ဖြစ်သွားပြီး အလောတကြီး လှမ်းကြည့်လိုက်၏။

ထိုရွှေ့ကွက်ကို တွေ့မြင်ရချိန်မှာ ကျွင်းယု၏ မျက်လုံးနှစ်ဖက်ကလည်း ဝင်းလက်သွား၏။

ထိုရွှေ့ကွက်သည် သတ္တမမြောက် လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းမည့် သော့ချက်ဖြစ်လေသည်။

သို့သော်လည်း ထိုရွှေ့ကွက်တစ်ကွက်ထဲက လင်းလုံချောင်ပိတ်ကွက်ကို လုံးလုံးလျားလျား ဖြေရှင်းနိုင်ဖို့ မလုံလောက်သေးပေ။

အဲဒါအပြီး၌ ဆူဇီမို ပြုလုပ်ရမည့် အနည်းဆုံး နောက်ထပ်ရွှေ့ကွက်ခြောက်ကွက်လောက်ရှိနေပြီး မည်သည့်အမှားအယွင်းမှ မခံနိုင်ဘဲ သူက ထိုချောင်ပိတ်ကွက်ကို ဖြေရှင်းရမည်ဖြစ်သည်။

ကျွင်းယုက နှုတ်ဆိတ်နေပြီး အဖြူရောင်စစ်တုရင်အရုပ်ကို နေရာချလိုက်၏။

အရာရာတိုင်းကို ကြိုတင်အစီအစဉ်ချထားသည့်အလား ဆူဇီမို၏ ဒုတိယမြောက်ရွှေ့ကွက်က အရမ်းကိုမြန်ဆန်ပြီး လုံးဝစဉ်းစားခြင်းမရှိပေ။

ကျွင်းယုက အမူအရာကင်းမဲ့နေ၏။

ဆူဇီမို၏ ဒုတိယမြောက်ရွှေ့ကွက်ကလည်း မမှားပေ။

သူမက ဆက်လက်၍ ကစားပေးလိုက်၏။

ဆူဇီမိုသည် လျင်မြန်စွာ တုံ့ပြန်လာပြီး တတိယမြောက်ရွှေ့ကွက်ကို ပြုလုပ်လိုက်၏။

သူတို့နှစ်ယောက်က ဆက်လက်၍ ကစားနေပြီး အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ရွှေ့ကွက် ခုနစ်ကွက်စီကို ဆက်တိုက်ပြုလုပ်လိုက်ကြ၏။

ယွင်ကျူးက ဘေးကနေ ငြိမ်သက်စွာ ငေးငိုင်စွာ စောင့်ကြည့်နေပြီး သူတို့၏ အတွေးများကို လိုက်မမီနိုင်ပေ။

သို့သော်လည်း သူတို့နှစ်ယောက်သည် သူတို့၏ ရွှေ့ကွက်များကို အသီးသီးချပြီးနောက် အနက်ရောင်စစ်တုရင်အရုပ်များသည် အဖြူရောင်စစ်တုရင်အရုပ်များ၏ ဝန်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်လာနိုင်ခဲ့သည်ဆိုတာကို သူမက တွေ့မြင်လိုက်ရသည်။

ထိုအချိန်မှစ၍ အနက်ရောင်စစ်တုရင်အရုပ်များအတွက် အခင်းအကျင်းက လုံးဝကို အလားအလာကောင်းလာခဲ့ပြီဖြစ်သည်။

All Chapters