သံသယ
Vol. 172 Ch. 2570
စစ်တုရင်ခုံပေါ်မှ စစ်တုရင်အရုပ်များကို သိမ်းဆည်းပြီး ကျွင်းယုက သူမ၏ ရှေ့တည့်တည့်မှာရှိသော ဆူဇီမိုကို ကြည့်လိုက်သည်။ သူမက စစချင်းအထင်အမြင်သေးမှုကိုရုပ်သိမ်းပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“နောက်ထပ်ချောင်ပိတ်ကွက်နှစ်ကွက်ကျန်သေးတယ်... ငါက အဋ္ဌမမြောက်ချောင်ပိတ်ကွက်ကို နားလည်ဆင်ခြင်နေခဲ့တာ နှစ်ငါးရာကျော်ကြာသွားခဲ့ပြီ... ဒါပေမဲ့ ငါက ဘာသဲလွန်စကိုမှ မရသေးဘူး... တာအိုရောင်းရင်ဆူ ကျေးဇူးပြုပြီး ဘာမှမထိန်ချန်ဘဲ ငါ့ကိုလမ်းညွှန်ပေးပါဦး”
“ခင်ဗျားကျုပ်ကိုအထင်ကြီးလွန်းနေပြီ”
ဆူဇီမိုက အလောတကြီး လက်ကာပြလိုက်၏။
သူက သူ၏ အကန့်အသတ်ကိုသူ သိရှိထားသည်။ သူသည် အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေနင်းကွက်ကို တွေ့မြင်ထားခြင်းမရှိဘဲ သူ့မှာ ဗောဓိစေ့၏ အကူအညီလည်း မရှိဘူးဆိုလျှင် သူသည် သတ္တမမြောက်လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ပြီးခဲ့သည့်နှစ်ရက်နှစ်ညမှာ ဆူဇီမိုသည် အကျိုးအမြတ်ကြီးမားစွာရရှိခဲ့ပြီး နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများ၏ အနှစ်သာရကို ဖမ်းဆုပ်မိနေပြီဖြစ်သည်။ ကျွင်းယုက စစ်တုရင်ခုံပေါ်မှာ စစ်တုရင်အရုပ်တစ်ရာကျော်ကို ဖြန့်ချလိုက်၏။
ဤကစားပွဲက ပြီးဆုံးလုနီးပါးဖြစ်သည်။ သို့သော်လည်း စစ်တုရင်ခုံပေါ်ရှိအခြေအနေသည် ပို၍ပင်ရှုပ်ထွေး၍ ပို၍ပင်လေးနက်လာပြီး သတ္တမမြောက် လင်းလုံချောင်ပိတ်ကွက်ထက် များစွာပိုမိုအဆင့်မြင့်နေသည်။
ဆူဇီမိုသည် သူ့လက်ထဲမှာ ဗောဓိစေ့ကိုကိုင်ထားပြီး အနက်ရောင်ဝတ်အမျိုးသမီး၏ခြေနင်းကွက်များကို ပြန်လည်စဥ်းစားနေ၏။ သူသည် ထိုခြေနင်းကွက်များကို စစ်တုရင်ခုံနှင့် တိုက်ကြည့်လိုက်သော်လည်း အဲဒါကို ဖြေရှင်းဖိုအတွက် နည်းလမ်းတစ်ခုကို ရှာမတွေ့နိုင်ပေ။
တတိယမြောက်နေ့မှာ ညအချိန်သို့ရောက်ရှိလာတောင် သူသည် မည်သည့်သဲလွန်စမှမရသေးပေ။
“ဒီချောင်ပိတ်ကွက်က အရမ်းကိုရှုပ်ထွေးလွန်းတယ်... အဲဒါက ကျုပ်ရဲ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။
ကျွင်းယုကလည်း ညင်သာစွာသက်ပြင်းချလိုက်သည်။
“ငါက... ဒီချောင်ပိတ်ကွက်ကိုကောက်ချက်ချဖို့အတွက် နှစ်ငါးရာကျော်ကုန်ဆုံးခဲ့ရတယ်... ဒါပေမဲ့ အဆင့်အနည်းငယ်ဖြတ်ကျော်ပြီးတဲ့နောက် ငါက ရှေ့ဆက်မတက်နိုင်တော့ဘူး”
ထိုသို့ပြောရင်း ကျွင်းယုသည် သူမ၏ စစ်တုရင်အရုပ်များကို အနည်းငယ်ပြင်ဆင်ပြီး အဖြေတချို့ကို အကြံပြုကာ ဆူဇီမိုနှင့် ဆွေးနွေးလိုက်၏။
သို့သော်လည်း နှစ်နာရီကြာပြီးနောက် သူတို့နှစ်ယောက်သည် အဋ္ဌမမြောက်လင်းလုံချောင်ပိတ်ကွက်ကနေ မည်သည့်အရာကိုမှ ရရှိမလာသေးပေ။
“ကျုပ် အဲဒါကို ထပ်ပြီးစဥ်းစားကြည့်ပါရစေ”
ဆူဇီမိုကပြောပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။
ခဏနေပြီးနောက် သူ၏ မျက်လုံးနှစ်ဖက်ကို နောက်တစ်ဖန်ဖွင့်လိုက်ပြီး စစချင်းကြည်လင်ရှင်းလင်းနေသော သူ၏ သူငယ်အိမ်နှစ်ဖက်က ထူးဆန်းသော ခရမ်းရောင်မီးတောက်နှစ်ခုအဖြစ် ပြောင်းလဲသွား၏။
စိတ်ဝိညာဥ်ပနံသင့်ပညာရပ်၊ တစ်ယောက်မြင်သည့်အရာကိုတစ်ယောက်မြင်ရခြင်း။
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိမှာရှိနေသော်လည်း သူသည် စိတ်ဝိညာဥ်ပနံသင့်ပညာရပ်၏ စွမ်းအားကို အသုံးချကာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျက်လုံးများကနေတစ်ဆင့် လင်းလုံချောင်ပိတ်ကွက်ကို တွေ့မြင်နေရ၏။
သိုင်းတာအိုပင်မခန္ဓာသည် တံခါးပိတ်ကျင့်ကြံနေပြီး ဆူဇီမိုသည် အစကတော့ သူ့ကို အနှောက်အယှက်ပေးဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော်လည်း ပြန်တွေးကြည့်ရင် လင်းလုံချောင်ပိတ်ကွက်များသည်အလွန်တရာ လျှို့ဝှက်တန်းကြယ်ပြီး သိုင်းတာအိုကို ပြီးပြည့်စုံစေဖို့ သိုင်းတာအိုပင်မခန္ဓာအတွက် အကူအညီတချို့ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆူဇီမိုက ခံစားမိလိုက်သည်။
ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲက သိသာထင်ရှားမှုမရှိပေ။
တစ်ယောက်ယောက်က အာရုံစိုက်၍မကြည့်ရှုလျှင် သူ့မျက်လုံးထဲရှိထူးခြားမှုကို သတိထားမိမည့်သူ မရှိးလောက်နီးပါးပင်။
ကျွင်းယု၏ အာရုံခံစိတ်က ထက်ရှလေသည်။ သူမသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူမ၏ ခေါင်းကိုမော့ပြီး ဆူဇီမိုကို တစ်ချက်ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဆူဇီမိုသည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်နေဆဲပင် သူ၏ မျက်လုံးထဲရှိ ထူးဆန်းသောအကြည့်ကလွဲလျှင် သူ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်ပြောင်းလဲမှုမှ မရှိသည့်ပုံပင်။
သို့သော်လည်း ဆူဇီမိုက ပြောင်းလဲသွားပုံရသည်။
ဘာ့ကြောင့်ရယ်မသိ ကျွင်းယုသည် ဆူဇီမို၏ ရှေ့မှာ ဒူးထောက်နေရင်း မကြုံစဖူးဖိအားတစ်ရပ်ကို ခံစားလာရသည်။
ထိုဖိအားက သူမကိုပင် မအီမသာဖြစ်စေသည်။
“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျွင်းယုက တွေဝေရှုပ်ထွေးစွာဖြင့် သူမ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
ပုံမှန်အခြေအနေမှာ သူမသည် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာတောင် ဤကဲ့သို့ ခံစားရလိမ့်မည်မဟုတ်ပေ။
ဘေးတစ်ဘက်မှာ ယွင်ကျူးကလည်း ဆူဇီမို၏ မျက်လုံးထဲရှိ အပြောင်းအလဲကို သတိထားမိသွား၏။
သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို သိရှိထားခဲ့သည်။
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပျက်နေသည့်အရာကို သူမက မသိရှိပေ။
သို့သော်လည်း သူမရှေ့မှလူသည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်အဖြစ် ပြောင်းလဲသွားပုံရသည်ကို သူမက ခန့်မှန်းမိလိုက်၏။
မိုချင်သည် ဘေးတစ်ဘက်မှာ တိတ်တဆိတ်ရေးဆွဲနေပြီး ရုတ်ရုတ်သဲသဲအခြေအနေကို သတိမထားမိပေ။ ထို့ကြောင့် သူမသည် ဆူဇီမို၏ အပြောင်းအလဲကို သတိမထားမိပေ။
ဆူဇီမို၏ မျက်လုံးများက ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် တောက်လောင်နေပြီး ကြယ်တာရာစစ်တုရင်ခုံ၏ ဓမ္မတာအိုနှင့် ဂမ္ဘီရစိတ်ဝိညာဥ်ကို သူက သိုင်းတာအိုမီးဖိုထဲ ထည့်သွင်းပေါင်းစည်းနေ၏။
သိုင်းတာအိုကိုပြီးပြည့်စုံစေဖို့အတွက် သိုင်းတာအိုပင်မခန္ဓာသည် မရေမတွက်နိုင်သော ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို လှန်လောဖတ်ရှုခဲ့ပြီး မရေမတွက်နိုင်သော ဓမ္မပညာရပ်များနှင့် အစစ်အမှန်သဘောတရားများကို အနှစ်ထုတ်ထားခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာ၏ အကဲဖြတ်နိုင်စွမ်းနှင့် အတွေ့အကြုံသည် ကောင်းကင်အမြုတေနယ်ပယ်မှာသာရှိနေဆဲဖြစ်သော အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက် များစွာသာလွန်နေပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲမှာ ကြယ်တာရာစစ်တုရင်ခုံက နောက်ထပ်လောကတစ်ခုဖြစ်သည်။
ကြယ်တာရာစစ်တုရင်ခုံပေါ်မှာ ဒေါင်လိုက်မျဥ်းနှင့် ကန့်လန့်မျဥ်း ဆယ့်ကိုးကြောင်းစီရှိနေသည်။ ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်အောက်တွင် အနက်ရောင်ဝတ်အမျိုးသမီးသည် စစ်တုရင်အရုပ်တစ်ရုပ်အဖြစ်ပြောင်းလဲသွားပြီး လင်းလုံချောင်ပိတ်ကွက်နားမှာ လျှောက်လှမ်းနေပုံရသည်။
အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေလှမ်းတိုင်းကို ကြိုတင်ခန့်မှန်း၍ မရနိုင်ချေ။ သို့သော်လည်း အနီးကပ် စေ့စေ့စပ်စပ်ကြည့်ရှုသည့်အခါ အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေလှမ်းတိုင်းမှာ ပိုမိုလေးနက်သော အဓိပ္ပါယ်တစ်ခုရှိနေသည်ကို ပြောနိုင်မည်ဖြစ်သည်။
နောက်ဆုံးမှာ အနက်ရောင်ဝတ်အမျိုးသည် စစ်တုရင်ခုံ၏ ဘေးတစ်ဘက်မှာရှိသော လေဟာနယ်ထဲသို့ တကယ်ပင် ခြေလှမ်းတစ်လှမ်းယူလိုက်သည်။
ထိုခြေလှမ်းသည် မည်သည့်နေရာကိုမှ မဆင်းသက်ပုံရသော်လည်း ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားသည်။
“ငါသိပြီ”
ဆူဇီမိုက ညင်သာစွာတီးတိုးရေရွတ်လိုက်သည်။
“တာအိုရောင်းရင်းဆူ... ရှင်အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာတွေ့သွားပြီလား”
ကျွင်းယုက အဲဒါကို မယုံကြည်နိုင်သေးဘဲ မျက်မှောင်ကြုတ်ကာမေးလိုက်၏။
ဆူဇီမိုက ပြန်မဖြေဘဲ အနက်ရောင်စစ်တုရင်အရုပ်တစ်ရုပ်ကို ရွှေ့လိုက်၏။
ကျွင်းယုက ခဏမျှစဥ်းစားတွေးတောပြီးနောက် စစ်တုရင်ခုံပေါ်မှာ သူ့ကို ဆန့်ကျင်မည့် အဖြူရောင်းစစ်တုရင်အရုပ်ဘက်ကို ယူလိုက်လေသည်။
နောက်ဆုံးမှာသော ကျွင်းယု၏ လှုပ်ရှားမှုက တဖြည်းဖြည်းပို၍နှေးကွေးလာ၏။
မကြာခဏဆိုသလို သူမသည် တစ်ခါရွှေ့ဖို့အတွက် အချိန်ကြာမြင့်စွာ စဥ်းစားနေရတတ်သည်။
သို့သော်လည်း ဆူဇီမို၏ ရွှေ့ကွက်များက ပို၍မြန်ဆန်သည်ထက် မြန်ဆန်လာ၏။
နောက်ဆုံးအရုဏ်တက်ချိန်မှာ အဋ္ဌမမြောက်လင်းလုံချောင်ပိတ်ကွက်က ပြီးဆုံးသွားပြီး ဆူဇီမိုက အဲဒါကိုပြီးပြည့်စုံစွာ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။
“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ကျွန်မကို လမ်းညွှန်ပေးပါဦး”
ကျွင်းယုက အဲဒါနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။ သူမသည် အရင်ဆုံးမတ်တတ်ထရပ်ပြီး လက်သီးနှစ်ဖက်ကိုယှက်ကာ စိတ်ရင်းမှန်ကန်စွာဖြင့် တောင်းဆိုလိုက်၏။
“ဒီချောင်ပိတ်ကွက်က တကယ်ကို ရှုပ်ထွေးလွန်းတယ်... သူ့ရဲ့စိတ်ဆန္ဒက ပိုပြီးတော့တောင်မှ ထူးကဲသေးတယ်”
ဆူဇီမို၏ လေသံက တည်ငြိမ်နေသည်။
“အဋ္ဌမမြောက်ချောင်ပိတ်ကွက်က အာကာသရဲ့စွမ်းအားကို ဖော်ပြနေတယ်... နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းတွေက အဆင့်တစ်ဆင့်တည်းမှာသာ ရပ်တည်နေတာမဟုတ်ဘူး... အဲဒါက အဘက်ဘက်ကို ကူးပြောင်းနိုင်တယ်”
“အဲလိုနဲ့ ကျုပ်တို့က ရှင်သန်ရာလမ်းတစ်ခုကို ဖောက်လုပ်တဲ့အခါ သီးခြားလမ်းကြောင်းတစ်ခုကို ဖန်တီးဖို့ စဥ်းစားကြည့်နိုင်တယ်”
ထိုအခိုက်အတန့်မှာ ကျွင်းယုရှေ့မှာ ထိုင်နေသောလူက ဆူဇီမိုဖြစ်သော်လည်း တကယ်တမ်းမှာတော့ သိုင်းတာအိုပင်မခန္ဓာက ထွက်ခွာမသွားရသေးပေ။
ထို့ကြောင့် သူ၏ လေသံမှာ အေးစက်မှုတစ်စွန်းတစ်စ ပါဝင်နေ၏။
ကျွင်းယု၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သည့်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူမက တီးတိုးရရွတ်လိုက်၏။
“လက်စသတ်တော့ ဒီအခြေအနေကနေ ဖောက်ထွက်ဖို့နည်းလမ်းက အာကာသအလွှာထဲမှာ တည်ရှိနေတာပဲ... ငါက အဲဒါကို သဲလွန်စလုံးဝရှာမရခဲ့တာ မထူးဆန်းတော့ဘူး”
တကယ်တမ်းမှာ သူတို့သည် ဤအဆင့် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများကို နားလည်ဆင်ခြင်မိသည်ဆိုလျှင်တောင် ကျွင်းယုနှင့် ဆူဇီမိုသည် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များအရ အဲဒါကို ထုတ်ဖော်နိုင်ကြမည် မဟုတ်ပေ။
ဤအဆင့် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်ဖို့အတွက် သူတို့သည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ဝင်ရောက်ပြီး ကောင်းကင်လိုဏ်ဂူတစ်ခုကို ဖွင့်လှစ်နိုင်ဖို့ လိုအပ်လေသည်။
“ကိုးခုမြောက်က ဘယ်မှာလဲ”
ဆူဇီမိုက မေးလိုက်သည်။
ကျွင်းယုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နဝမမြောက်လင်းလုံချောင်ပိတ်ကွက်ကို ခင်းကျင်းပြလိုက်၏။
ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာနှင့်အတူ နဝမမြောက် လင်းလုံချောင်ပိတ်ကွက်ကို ကောက်ချက်ချရင်း သူ၏ မျက်လုံးများက ခရမ်းရောင်မီးတောက်များဖြင့် တောက်လောင်နေ၏။
ထိုစဥ်မှာပင် မိုချင်သည် ဘေးကနေ အပြန်အလှန်စကားပြောဆိုသံကို ကြားရသောအခါ သူမက ဆူဇီမို၏ လေသံမှ တစ်စုံတစ်ရာထူးခြားမှုကို အာရုံခံမိသွားပြီး အလိုလိုလှည့်ကြည့်လိုက်၏။
သူမသည် ဆူဇီမို၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်နှစ်ခုကို တွေ့မြင်သွားသည်။
ဟမ်..
မိုချင်သည် သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး နေရာမှာတင် ငေးမောမှင်တက်သွား၏။
ဘာ့ကြောင့်ရယ်မသိ မီးတောက်များဖြင့် တောက်လောင်နေသော ဆူဇီမို၏ မျက်လုံးများကို တွေ့မြင်သောအခါ ခရမ်ရောင်းဝတ်ရုံနှင့် ငွေရောင်မျက်နှာဖုံးတပ်ဆင်ထားသော အမျိုးသား၏ ပုံရိပ်က သူမ၏ စိတ်ထဲမှာ ရုတ်တရက် ဖျတ်ခနဲပေါ်ထွက်လာ၏။
အဝီစိမှာတုန်းက အထီးကျန်သိုင်းသခင်၏ မျက်လုံးထဲတွင်လည်း ခရမ်းရောင်မီးတောက်များ ပေါ်ထွက်ခဲ့ဖူးသည်။
ထိုမျက်လုံးများက အရမ်းကို ဆင်တူနေသည်။
မိုချင်သည် ပန်းချီတာအိုမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး အရာဝတ္ထုများကို လေ့လာအကဲခတ်ရာမှာ စေ့စပ်သေချာမှုရှိလေသည်။ ထိုနေရာမှာ သူမ၏ အကဲဖြတ်မှုက ယွင်ကျူးနှင့် ကျွင်းယုထက်ပင် ပိုမိုပြောင်မြောက်လေသည်။
သူမသည် အထီးကျန်သိုင်းသခင်၏ ပုံတူပန်းချီကားတစ်ချပ်ကိုပင် ကိုယ်တိုင်ရေးဆွဲပေးခဲ့ဖူးသည်။
အထီးကျန်သိုင်းသခင်သည် ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားသောကြောင့် မိုချင်သည် ထိုပုံတူပန်းချီကားမှာ အထီးကျန်သိုင်းသခင်၏ မျက်လုံးများအပေါ် ကြိုးစားအားထုတ်မှုအများဆုံး ပြုလုပ်ခဲ့ရသည်။
အထီးကျန်သိုင်းသခင်၏ မျက်လုံးများက သူမ၏ စိတ်ထဲမှာ စွဲထင်နေသည်ဟုပြောနိုင်လေသည်။
ထို့ကြောင့် ဆူဇီမို၏ မျက်လုံးများကို တွေ့မြင်သောအခါ မိုချင်သည် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကို ချက်ချင်းပင် တွေးမိသွားသည်။
သူတို့နှစ်ယောက်စလုံးက တူညီတဲ့စက္ခုနည်းစနစ်လျှို့ဝှက်အတတ်ကို ကျွမ်းကျင်တတ်မြောက်ထားတာဖြစ်ရမယ်... ဟုတ်တယ်မလား။
မိုချင်က ဝေခွဲမရဖြစ်နေပြီး သူမဘာသာသူမ တွေးလိုက်သည်။
ထိုစဥ်မှာပင် တစ်ယောက်ယောက်က အတင်းအကျပ်ဝင်ရောက်လာသည့်အလား အပြင်ဘက်မှာ အလောတကြီးနိုင်သောခြေသံများ ထွက်ပေါ်လာလေသည်။