← Chapters

မင်းကတိရိစ္ဆာန်ကောင်ပဲ

Vol. 172 Ch. 2571

မင်းကတိရိစ္ဆာန်ကောင်ပဲ

Vol. 172 Ch. 2571

ယွင်ထင်၏ မျက်နှာက သုန်မှုန်နေပြီး ကျွင်းယု၏ အခန်းရှိရာသို့ အမောတကော ရောက်ရှိလာခဲ့သည်။

သူက အထဲကို အတင်းဝင်ရောက်တော့မည့်ဆဲဆဲမှာပင် သူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး တွေဝေတုံ့ဆိုင်းသွားသည်။

ပြီးခဲ့သည့်သုံးရက်အတွင်း ဆူဇီမိုနှင့် မဟာနတ်မိမယ်လေးပါးနှင့်ပတ်သက်သည့် ကောလာဟလမျိုးစုံက ​ထွက်ပေါ်လာခဲ့သည်။

ဒါ့အပြင် သူတို့က ပို၍ပင် ချဲ့ကားပြောဆိုလာပြီး ရယ်စရာကောင်းလာခဲ့သည်။

အစကတော့ ယွင်ထင်သည် ဤကဲ့သို့သော ကောလာဟလများကို လှောင်ရယ်ပြီး အရေးလုပ်ခဲ့ခြင်းမရှိပေ။ သို့သော်လည်း ပြီးခဲ့သည့်သုံးရက်အတွင်း ကျင့်ကြံသူများစွာသည် ထိုအကြောင်းကို ကွက်ကွက်ကွင်းကွင်းဖော်ပြပြောဆိုလာကြပြီး သူပင်လျှင် စတင်၍သံသယဝင်လာခဲ့သည်။

သုံးရက်တာကုန်ဆုံးသွားပြီး ကျွင်းယု၊ ယွင်ကျုး၊ မိုချင်နှင့် ဆူဇီမိုတို့က ထွက်ပေါ်မလာသည့်အခါ ယွင်ထင်သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဤနေရာသို့ အပြေးအလွှားရောက်ရှိလာပြီး အမှန်တရားကို မျက်နှာချင်းဆိုင်မေး​မြန်းဖို့ပြင်လိုက်သည်။

သူ့အစ်မသည် မည်သို့ပင်ဆိုစေ အင်မော်တယ်နိုင်ငံတစ်နိုင်ငံ၏ မင်းသမီးတစ်ပါးဖြစ်သည်။

သူမက ဤကဲ့သို့သောရယ်စရာကောင်းသည့် လုပ်ရပ်တစ်ခုကို ဘယ်လိုလုပ်ပြုလုပ်နိုင်ပါ့မလဲ။

“အစ်မက ဆူဇီမိုရဲ့လှည့်ကွက်ထဲမှာ ကျဆင်းသွားတာဖြစ်ရမယ်”

ယွင်ထင်က မုန်းတီးစွာဖြင့် အံကိုကြိတ်ပြီး မကျေမနပ်ပြောလိုက်သည်။

“တက္ကသိုလ်က ပိုင်းလုံးကောင်”

သို့သော်လည်း သူ့အစ်မက စိတ်လွတ်သွားသည်ဆိုလျှင်တောင် စစ်တုရင်အင်မော်တယ်နှင့် ပန်းချီအင်မော်တယ်တို့ကရော ဘာသဘောလဲ။

ထိုနတ်မိမယ်သုံးပါးစလုံးက ဆူဇီမိုနဲ့ ရှုပ်နေကြတာလား။

သူတို့သည် သုံးရက်သုံးညလုံးလုံး အခန်းတစ်ခန်းထဲမှာ ကုန်ဆုံးခဲ့ကြတာလား။

ယွင်ထင်သည် အစကတော့ ဒေါသချောင်းချောင်းထွက်နေခဲ့၏။ သို့သော်လည်း သူသည် အခန်းတံခါးရှေ့သို့ ရောက်ရှိလာသောအခါ တွေဝေတုံ့ဆိုင်းနေလေသည်။

သူသည် စိတ်လိုက်မာန်ပါဝင်ရောက်ပြီး မမြင်သင့်သောမြင်ကွင်းတစ်ခုကို တွေ့မြင်သွားမည်ဆိုလျှင် သူက ဆူဇီမိုကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူ့အစ်မကိုရော ဘယ်လိုလုပ်ရမလဲ။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သောတစ်စုံတစ်ရာက လူသိရှင်ကြား ပေါ်ထွက်လာလို့ မကောင်းနိုင်ပေ။

ယွင်ထင်သည် အခန်းတံခါးရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။ သူသည် တစ်ချိန်လုံး ဆုံးဖြတ်ချမချနိုင်ပေ။

သို့သော်လည်း သူသည် ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ပင်တွေးတောသည်ဖြစ်စေ ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက စတင်တော့မည်ဖြစ်ပြီး သူက အခန်းထဲမှာရှိသောလူတိုင်းကို သတိပေးရပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ယွင်ထင်က တံခါးကို ညင်သာစွာခေါက်လိုက်သည်။

တံခါးက မင်းတုပ်ချမထားဘဲ အကြိမ်ရေအနည်းငယ်ခေါက်ပြီးနောက် တဖြည်းဖြည်းပွင့်ဟလာခဲ့သည်။

ယွင်ထင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်လေသည်။

အခန်းမှာ လူလေးယောက်ရှိနေကြပြီး အမျိုးသမီးသုံးယောက်နှင့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူတို့သည် စာအုပ်အင်မော်တယ်ယွင်ကျူး၊ ပန်းချီအင်မော်တယ်မိုချင်၊ စစ်တုရင်အင်မော်တယ်ကျွင်းယုနှင့် ဆူဇီမိုတို့ဖြစ်ကြသည်။

သူတို့လေးယောက်က အတူတကွရှိနေကြသည်။

ယွင်ကျူး၊ ကျွင်းယုနှင့် ဆူဇီမိုက စစ်တုရင်ကစားပွဲကို ငေးကြည့်နေပြီ မိုချင်က ဆူဇီမိုကို ငေးငိုင်စွာဖြင့် ကြည့်နေသည်။

ဤမြင်ကွင်းသည် ယွင်ထင်ထင်မှတ်ထားသည်နှင့် တက်တက်စင်အောင်လွဲမှားနေသည်။ သူသည် ကြက်သေသေနေပြီး အရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့်ကြည့်နေသည်။ နေရာမှာပင် မှင်တက်နေပြီး သူ၏ စိတ်က အနည်းငယ်ဝေဝါးနေကာ ဘာလုပ်လို့ဘာကိုင်ရမည် မသိတော့ပေ။

ဝင်ပေါက်ဝမှ ပြုမူလှုပ်ရှားမှုကို အာရုံခံမိသွားသောအခါ ဆူဇီမိုနှင့် နတ်မိမယ်သုံးပါးက သူတို့၏ ငေးငိုင်ရာကနေ နိုးထလာကြသည်။

ဆူဇီမို၏ မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်များကလည်း တဖြည်းဖြည်းဖျော့တော့ကာ နောက်ဆုံးပျောက်ကွယ်သွားသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အစွမ်းအစနှင့်ပင်လျှင် သူသည် အချိန်တိုအတွင်းမှာ နဝမမြောက်လင်းလင်းလုံချောင်ပိတ်ကွက်ကို မဖြေရှင်းနိုင်ပေ။ သူသည် ချောင်ပိတ်ကွက်၏ အခြေအနေကိုသာ မှတ်သားနိုင်ပြီး နောက်မှသာ တဖြည်းဖြည်းကောက်ချက်ချရပေမည်။

မိုချင်သည် ဆူဇီမို၏ မျက်လုံးများ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ကို တွေ့ရသောအခါ သူမ၏ အကြည့်ကိုရုပ်သိမ်းပြီး အလေးအနက်စဥ်းစားတွေးတောရင်း သူမ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။

ကျွင်းယုသည် ကြယ်တာရာစစ်တုရင်ခုံနှင့် အနက်ရောင်နှင့်အဖြူရောင် စစ်တုရင်အရုပ်များကို သိမ်းဆည်းလိုက်သည်။

ယွင်ကျူးက ဝင်ပေါက်ဝမှာရှိသောယွင်ထင်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“မောင်လေး.. နင်ဒီကိုဘာလာလုပ်တာလဲ”

“ကျုပ်...”

ယွင်ထင်က ပြောစရာစကားမဲ့နေပြီး ဘာပြောရမည်မသိပေ။

ကျွင်းယုက မှင်သေသေဖြင့်ပြောလိုက်သည်။

“သုံးရက်တာကုန်ဆုံးသွားပြီ... ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက ဒီနေ့တရားဝင်စတင်တော့မှာပဲ... သူက ငါတို့ကို အဲဒီအကြောင်းလာပြောတာဖြစ်ရမယ်”

“ဟုတ်...ဟုတ်ပါတယ်”

ယွင်ထင်က အလိုလိုခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်သူက စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး မနေနိုင်ဘဲမေးလိုက်၏။

“အစ်မ... ခင်ဗျားတို့လေးယောက်က ဒီမှာဘာလုပ်နေကြတာလဲ”

“သူတို့နှစ်ယောက်က စစ်တုရင်ကစားနေတာ... ငါနဲ့ညီမမိုချင်က ဘေးကနေစောင့်ကြည့်နေတာပဲ”

ယွင်ကျုးက သာမန်ကာလျှံကာ ဖြေလိုက်သည်။

ယွင်ထင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူအတတ်နိုင်ဆုံး ဣန္ဒြေဆယ်လိုက်၏။ သူက ခက်ခက်ခဲခဲဖြင့် ထပ်မေးလိုက်သည်။

“ခင်ဗျားတို့လေးယောက်က သုံးရက်သုံးညလုံး ဒီအခန်းထဲမှာ စစ်တုရင်ခုံတစ်လုံးနဲ့ အချိန်ကုန်ဆုံးနေကြတာလား”

ယွင်ကျူးက ခေါင်းညိတ်ပြလိုက်သည်။

“ဆိုပါတော့”

ယွင်ထင်က မျက်လုံးစွေကြည့်လိုက်၏။

ယွင်ကျူးသည် ယွင်ထင်၏ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးလိုက်၏။

“ငါတို့က တခြားဘာလုပ်နေတယ်လို့ နင်ထင်လိုလဲ”

“အဲဒါက ကျုပ်တင်မဟုတ်ဘူး”

ယွင်ထင်က တံခါး၏ အပြင်ဘက်ကို လက်ညှိုးထိုးပြီး ခါးသက်စွာပြောလိုက်သည်။

“ခင်ဗျားတို့တွေက ဒီနေရာမှာတစ်ချိန်လုံးပုန်းကွယ်နေကြတော့ အပြင်ဘက်မှာ ကောလာဟလတွေ ဘယ်လောက်တောင်ပျံ့နှံ့နေပြီလဲဆိုတာ မတွေးမိဘူးလား”

“ကောလာဟလတွေက ဉာဏ်ရှိတဲ့လူတွေဆီမှာ ရပ်တန့်သွားလိမ့်မယ်”

ကျွင်းယု၏ အမူအရာက တည်ငြိမ်နေပြီး ဂရုမစိုက်သည့်ဟန်ရှိသည်။

“အဓိကက ကိုယ့်စိတ်ကိုယ်လုံဖို့ပဲ”

မိုချင်၏ လေသံကလည်း မှင်သေသေဖြင့်ရှိနေသည်။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ မုန့်ယောင်၏ စွပ်စွဲပြောဆိုမှုကြောင့် သူမနှင့်ပတ်သက်သည့် ကောလာဟလများစွာက ပျံ့နှံ့နေခဲ့ပြီဖြစ်ပြီး သူမက ဆက်လက်၍ အရေးလုပ်မနေတော့ပေ။

“အဲလိုလား”

ယွင်ကျူးက ညင်သာစွာပြုံးပြလိုက်သည်။

“သူတို့တွေက ဘယ်လိုကောလာဟလတွေကို ဖြန့်နေတာလည်းမသိဘူး”

ယွင်ကျူးက ပို၍ပင် စိတ်လက်ပေါ့ပါးသယောင်ရှိလေသည်။

ယွင်ထင်က ဘာမှမတတ်နိုင်သော အမူအရာဖြစ်နေသည်။

သူ၏ အကြည့်က ဘေးတစ်ဘက်မှာ ဘာသိဘာသာရှိနေသော ဆူဇီမိုထံရောက်ရှိသွားပြီး ယခုတင်ငြိမ်သက်လာသော သူ၏ ဒေါသက တစ်ဖန်ပေါ်ထွက်လာကာ သူကအော်ပြောလိုက်သည်။

“ဆူ..ဇီ..မို”

“အမ်...”

ဆူဇီမိုက ယခင် လင်းလုံချောင်ပိတ်ကွက်ရှစ်ကွက်ကို ပြန်လည်စဥ်းစားနေစဥ် ယွင်ထင်၏ အော်သံကို ကြားသောအခါ သူကနိုးထလာခဲ့သည်။

သူက ဒေါသထွက်နေသောယွင်ထင်ကိုကြည့်ပြီး ဤမင်းသားငယ်က ဘာကြောင့်စိတ်တိုနေသလဲမသိဘဲ စဥ်းစားရခက်သွား၏။

“တာအိုရောင်းရင်းယွင်ထင်... ငါမင်းကိုဘာကူညီပေးရမလဲ”

ဆူဇီမိုက မေးလိုက်သည်။

“မင်း..”

ယွင်ထင်က တွေဝေတုံ့ဆိုင်းနေသည်။

သူသည် ဆူဇီမိုကို ပြစ်တင်ပြောဆိုချင်သော်လည်း သူ့မှာ ထိုသို့ပြောဆိုစရာအကြောင်းအရင်းမရှိသည်ကို ရုတ်တရက် နားလည်သဘောပေါက်လိုက်သည်။

ဆူဇီမိုသည် မဟာနတ်မိမယ်သုံးပါးနှင့် အတူရှိပြီး သုံးရက်သုံးညလုံး စစ်တုရင်ကစားခဲ့ရုံသာဖြစ်သည်။ အဲဒါက ဘာများမှားနေလို့လဲ။

ယွင်ထင်သည် အတန်ကြာအောင်စဥ်းစားတွေးတောနေသော်လည်း မည်သည့်စကားလုံးမှ ထွက်ပေါ်မလာခဲ့ပေ။ သူက ဆူဇီမိုကိုသာ ဒေါသတကြီးစိုက်ကြည့်ပြီး အော်ငေါက်လိုက်သည်။

“မင်းက တိရိစ္ဆာန်ကောင်ပဲ”

ထိုသို့ပြောပြီး ယွင်ထင်က လှည့်ထွက်သွားသည်။

သူ့ကိုယွင်ထင်က ဘာ့ကြောင့်ဆူပူအော်ငေါက်သွားသလဲ မသိရဘဲ ဆူဇီမိုက ဆိုးဆိုးဝါးဝါး တွေဝေရှုပ်ထွေးသွားသည်။

ယွင်ကျူးက ပြောလိုက်သည်။

“သူကထပ်ပြီးတော့ လွတ်သွားပြန်ပြီပဲ... ဇီမို သူ့ကို အရေးလုပ်မနေနဲ့”

“သွားကြတာပေါ့”

“ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲက စတင်တော့မှာပဲ”

ကျွင်းယုက ပြောလိုက်သည်။

နတ်မိမယ်သုံးပါးက မတ်တတ်ထရပ်ပြီး ဆူဇီမိုနှင့်အတူ ဂမ္ဘီရမိုးကောင်းကင်ခန်းမရှိရာသို့ ထွက်ခွာလိုက်ကြသည်။

ဂမ္ဘီရမိုးကောင်းကင်ခန်းမမှာ...။

သုံးရက်မပြည့်ခင်မှာပင် ပကတိအင်မော်တယ်များကြားတိုက်ပွဲကြောင့်ဖြစ်ခဲ့သည့် အပျက်အစီးများက ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့လေပြီ။

သန်းပေါင်းများစွာသော ကျင့်ကြံသူများက ဤနေရာမှာ စုဝေးရောက်ရှိနေကြပြီး ထူထပ်များပြားသောလူအုပ်ကြီးကို ဖြစ်ပေါ်နေစေသည်။

အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများအားလုံးနီးပါးက ရောက်ရှိနေကြပြီဖြစ်သည်။

ရောက်မလာသေးသော လူတချို့သာလျှင် ကျန်တော့လေသည်။

“စစ်တုရင်အင်မော်တယ်.. စာအုပ်အင်မော်တယ်နဲ့ ပန်းချီအင်မော်တယ်တို့က ရောက်မလာကြသေးဘူးလား”

“မင်းအဲဒါကို အခုထိ မသိသေးဘူးလား”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

“လွန်ခဲ့တဲ့သုံးရက်တုန်းက ပကတိအင်မော်တယ်တိုက်ပွဲပြီးသွားနဲ့နောက် မဟာနတ်မိမယ်သုံးပါးနဲ့ ဆူဇီမိုက အတူတူရှိနေကြတယ်”

“ဟမ်... အဲဒါတကယ်လား”

“လုံးဝကိုအမှန်ပဲ... တစ်ယောက်ယောက် အဲဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့တယ်”

ထိုလူက အားရပါးရအမူအရာဖြင့် ပြောဆိုနေသည်။

“နောက်ပြီး နတ်မိမယ်သုံးပါးက ဆူဇီမိုနဲ့ သုံးရက်သုံးညလုံးလုံး အပြင်မထွက်ဘဲ အခန်းတစ်ခန်းထဲမှာ ရှိနေခဲ့ကြတယ်”

“ဘုရားရေ... သူတို့လေးယောက်က ဘာတွေများလုပ်နေကြတာပါ့လိမ့်”

ကျင့်ကြံသူများ၏ မျက်လုံးများက ဝင်းလက်သွားကြသည်။

“အဲဒါကို စဥ်းစားနေစရာ လိုသေးလို့လား... မင်းတို့ငါတို့ဆိုရင်ရော နတ်မိမယ်သုံးပါးနဲ့ သုံးရက်သုံးညအတူတူရှိနေမယ်ဆိုရင် ဒီတိုင်းဘာမှမလုပ်ဘဲနေမှာလား”

နောက်ထပ်လူတစ်ယောက်က ပြောလိုက်သည်။

“နတ်မိမယ်သုံးပါးက ထိပါးလို့မရတဲ့တည်ရှိမှုတွေဖြစ်ကြပေမယ့် သူတို့တွေ အခုတော့ တက္ကသိုလ်က ကောင်းကင်အင်မော်တယ်တစ်ယောက်နဲ့ ရှုပ်နေကြတယ်ဆိုတော့”

“အဲဒီဆူဇီမိုက ဘာများကောင်းနေလို့လဲ... သူက အောက်ဘုံလောကကနေတက်လှမ်းလာတဲ့လူတစ်ယောက်ပဲ... ကျင့်ကြံမှုနယ်ပယ်မှာဆိုရင် သူကတခြားသူတွေကိုတောင် မယှဥ်နိုင်ဘူး... နတ်မိမယ်သုံးပါးက တကယ်ပဲမျက်လုံးမပါကြဘူးလား”

“ဟီးဟီး...”

မဖွယ်မရာအမူအရာနှင့် ကျင့်ကြံသူတစ်ယောက်က ထူးဆန်းစွာရယ်မောပြီးပြောလိုက်၏။

“ဆူဇီမိုက တစ်နေရာရာမှာ ထူးချွန်နေတာဖြစ်ရမယ်... သုံးရက်သုံးညလုံးလုံးဆိုတော့... ဟားဟား”

လူအုပ်ကြားထဲမှ ထိုကဲ့သို့ ဆွေးနွေးပြောဆိုသံများကို ကြားရသောအခါ အင်မော်တယ်ပျံဂိုဏ်းနှင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်က တိတ်တဆိတ်ကျေနပ်သဘောကျနေ၏။

မဟာနတ်မိမယ်လေးပါးထဲမှာ သုံးပါးသည် ယခုအခါ လူတစ်ယောက်နှင့်ရှုပ်နေသည့် ကောလာဟလများထွက်လာခဲ့ပြီး သူတို့သည် မထိပါးနိုင်သော တည်ရှိမှုများ ဆက်လက်၍မဟုတ်တော့ပေ။

သူမ၏ အဆင့်အတန်းက သေချာပေါက်မြင့်တက်လာလိမ့်မည်ဖြစ်ပြီး အခြားသောနတ်မိမယ်သုံးပါးကို ကျော်တက်သွားပေလိမ့်မည်။

“ဒီလိုဆိုရင် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကပဲ... မဟာနတ်မိမယ်လေးပါးကြားမှာ ပကတိကြည်လင်သန့်စင်တဲ့သူပဲ”

ကျင့်ကြံသူတစ်ယောက်က သက်ပြင်းချကာပြောလိုက်သည်။

“အဲလိုလည်းဘယ်ဟုတ်မလဲ”

နောက်ထပ်လူတစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။

“မင်းတို့ကိုငါပြောပြမယ်... ဒုံမင်းအင်မော်တယ်မုန့်ယောင်ကလည်း တခြားနတ်မိမယ်သုံးပါးလို ဆူဇီမိုနဲ့ပတ်သက်ငြိစွန်းနေတာပဲ”

“အမ်... မင်းတကယ်ပြောနေတာလား”

“ဒါပေါ့... မဟုတ်ရင် ဒီတစ်ခေါက် နတ်မိမယ်မုန့်ယောင်က ဆူဇီမိုကိုရုတ်တရက် တိုက်ခိုက်ပြီး နတ်မိမယ်သုံးပါးက ဝင်ပါလာတာ ဘာ့ကြောင့်လို့ထင်လဲ”

“ဟုတ်တာပေါ့... သူက ဆူဇီမိုကို မရနိုင်ဘူးဆိုမှတော့... မစားရတဲ့အမဲကို သဲနဲ့ပက်ဖို့လုပ်တာပဲ... ဒုံမင်းအင်မော်တယ်ရဲ့အချစ်တွေက အမုန်းအဖြစ် ပြောင်းလဲသွားတာနေမယ်”

ထိုနေရာအရောက်မှာ မုန့်ယောင်သည် ဒေါသထွက်လွန်းသောကြောင့် သုန်မှုန်နေသော အမူအရာဖြင့်တဆတ်ဆတ်တုန်ယင်လာလေသည်။

All Chapters