ပြိုင်စံရှားများ၏ တိုက်ပွဲ
Vol. 172 Ch. 2573
“လာလေ”
ယွင်ထင်က အော်ငေါက်လိုက်ပြီး သူ၏ မျက်လုံးထဲမှာ မိုးကြိုးလျှပ်စီးက တဖျတ်ဖျတ်လက်လာ၏။ သူ၏ အသံက မိုးကြိုးထစ်ချုန်းသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး အဆုံးမဲ့စွမ်းပကားဖြင့် ပြည့်နှက်နေသည်။
ယွင်ထင်သည် ဓားတာအိုကို ပိုင်ဆိုင်ထားရုံသာမက သူသည် မိုးကြိုးတာအိုမှာလည်း အလွန်တရာနက်ရှိုင်းသော အောင်မြင်ပေါက်မြောက်မှုကို ရရှိထားသည်။
ဘေးပတ်ဝန်းကျင်မှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက ယွင်ထင်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တလိပ်လိပ်တိုးဝင်လာနေသည်။
သူ၏ အော်ရာက အဆက်မပြတ်မြင့်တက်လာနေ၏။
မည်သို့ပင်ဆိုစေ ယွင်ထင်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ဆူဇီမိုထက် အဆင့်တစ်ဆင့် ပိုမြင့်နေသည်။
ဆူဇီမိုသည် သူ၏ ပြိုင်ဘက်ကို အထင်မသေးရဲဘဲ သူကလည်း ထိန်ချန်ထားခြင်း မရှိပေ။ သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား.. အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို ထုတ်ဖော်လိုက်သည်။
ထက်ရှသော အဖြူရောင်ဆင်စွယ်ခြောက်ချောင်းက သူ၏ နောက်ဘက်မှာ လျင်မြန်စွာ ကြီးထွားလာပြီး သူ၏ ခန္ဓာကိုယ်က နတ်ဘုရားစွမ်းအားများ၏ စွမ်းအားဖြင့် ပြည့်နှက်လာသည်။ သူ၏ ကိုယ်ကာယ၊ အမြုတေစိတ်ဝိညာဉ်နှင့် မျိုးဆက်သွေးစွမ်းအားတို့ကလည်း ဆပွားမြင့်တက်လာခဲ့သည်။
ဆူဇီမိုသည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူသည် ခွန်အားအရာမှာ ယွင်ထင်ထက် ပို၍အားမနည်းတော့ပေ။
“တိုက်…”
သူတို့နှစ်ယောက်က တစ်ချိန်တည်းနီးပါးမှာပင် တိုက်ခိုက်လိုက်ကြသည်။
“လမင်းခုတ်ချက် ကြယ်တံခွန်”
“နေရောင်ထိုးဖောက် အဖြူရောင်သက်တံ”
စုဆောင်းထားသော သူ၏ မကျေမချမ်းမှုများနှင့်အတူ ယွင်ထင်က ဓားတာအို၏ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို တစ်ခဏချင်းမှာပင် ထုတ်ဖော်လိုက်သည်။
မီးတောက်အစင်းကြောင်းတစ်ခုနှင့် အဖြူရောင်အလင်းစီးကြောင်းတစ်ခုက မတူညီသော ဦးတည်ဘက်နှစ်ခုဘက် ခွဲကာ ဆူဇီမိုထံသို့ ပစ်ဝင်လာသည်။ သူတို့သည် လောကရှိ အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား အလွန်တရာ ထက်ရှနေသည်။
ဓားတာအို၏ ထိုနတ်ဘုရားစွမ်းအားနှစ်ခုက သေစေနိုင်စွမ်းအား အလွန်တရာမြင့်မားလေသည်။
ဓားတာအိုအပေါ် ယွင်ထင်၏ နားလည်ဆင်ခြင်မှုသည် ထိုအန္တိမနတ်ဘုရားစွမ်းအားနှစ်ခု၏ ခွန်အားကို ဆပွားမြင့်တက်လာစေသည်။
“မိုးကြိုးအကျဉ်းထောင်”
အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ယွင်ထင်၏ တတိယမြောက် အန္တိမနတ်ဘုရားစွမ်းအားက ဆင်းသက်လာခဲ့သည်။
ဖျောက်…
မသိလိုက်မသိဘာသာနှင့်ပင် ဧရာမကျောက်ဖျာတိုက်ပွဲမြေအထက် ကောင်းကင်က နက်မှောင်နေသော တိမ်စိုင်များဖြင့် ပြည့်နှက်၍ မိုးကြိုးလျှပ်စီးများက တဖျပ်ဖျပ်လက်လာသည်။
တုတ်ခိုင်သော မိုးကြိုးတစ်စင်းက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ဆူဇီမို၏ ဘေးပတ်လည်မှာ အဆက်မပြတ်လှည့်ပတ်ကာ ဧရာမမိုးကြိုးထောင်ချောက်တစ်ခုကို ဖြစ်ပေါ်စေပြီး သူ့ကို အထဲမှာထားကာ ချုပ်နှောင်ချင်လေသည်။
ဆူဇီမို၏ တုံ့ပြန်မှုကလည်း ပို၍ပင် မြန်ဆန်သည်။ သူက အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို ထုတ်ဖော်ရင်း သူ၏ ဆန်းကြယ်တောင်ပံများ၊ မိုးကြိုးလေပြေတောင်ပံများနှင့် ဧရာမရွှေငှက်တောင်ပံများကို ဆင့်ခေါ်လိုက်သည်။
မတူညီသော တောင်ပံသုံးစုံက အတူတကွထပ်ဆင့်ပြီး ဆူဇီမို၏ အလျင်အဟုန်က ဆပွားမြင့်တက်လာကာ သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ နေရာကနေ ပျောက်ကွယ်သွားသည်။
ဝုန်းခနဲမြည်သံနှင့်အတူ နတ်ဘုရားမိုးကြိုးကိုးစင်းက ဆင်းသက်လာသော်လည်း ဆူဇီမိုက မိုးကြိုးအကျဉ်းထောင်ထဲမှာ ဆက်လက်၍ မရှိတော့ပေ။
သို့သော်လည်း ဓားနတ်ဘုရားစွမ်းအားနှစ်ခုက ပျောက်ကွယ်မသွားပေ။
ယွင်ထင်သည် ဆူဇီမို၏ အော်ရာကို မမှိတ်မသုန် စောင့်ကြည့်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က တုန်လှုပ်စရာကောင်းသော်လည်း ဧရာမကျောက်ဖျာတိုက်ပွဲမြေ၏ ကန့်သတ်ထားသော ဧရိယာအတွင်း သူ၏ အကြီးမားဆုံး အားသာချက်ကို မထုတ်ဖော်နိုင်ပေ။
လေထဲမှာရှိသော မီးတောက်များနှင့် အဖြူရောင်သက်တံက ဆူဇီမိုကို ခြေရာခံပြီး ဦးတည်ဘက်များ ပြောင်းလဲကာ ပိုမိုလျင်မြန်သော အလျင်အဟုန်ဖြင့် လိုက်ပါလာသည်။
“စိတ်ဝိညာဉ်လိပ်ဒိုင်းကာ”
ဆူဇီမိုက ဆက်လက်၍ နောက်မဆုတ်တော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ နောက်ထပ်ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူသည် ယွင်ထင်၏ ဓားနတ်ဘုရားစွမ်းအားနှစ်ခုကို ရှင်းထုတ်ပစ်ရပေမည်။
မဟုတ်ပါက ထိုအရာသည် သူ့နောက်သို့ အရိပ်တစ်ခုပမာ လိုက်နေပြီး ဖယ်ရှားဖို့ ခက်ခဲပေလိမ့်မည်။ ၎င်းသည် သူ၏ နောက်ပိုင်းပြုမူလှုပ်ရှားမှုများအပေါ် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
သူသည် ငရဲဖိနှိမ်မီးဖို၏ လျှို့ဝှက်အတတ်ကို ကျင့်ကြံထားသောကြောင့် ဆူဇီမိုသည် စိတ်ဝိညာဉ်လိပ်ဒိုင်းကာအပေါ် နားလည်ဆင်ခြင်မှုအသစ် ရရှိလာခဲ့သည်။
ထိုအန္တိမနတ်ဘုရားစွမ်းအား၏ ခံစစ်အားသည် ၎င်း၏ မူလအကန့်အသတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။
ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်ကို ကျင့်ကြံထားခဲ့သည်။
သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆက်မပြတ်မြင့်တက်၍ ဤနှစ်များအတွင်း တဗူးဂမ္ဘီရကျင့်စဉ်အချို့ကို ကျင့်ကြံပြီးနောက် သူသည် ထိုဓမ္မတာအိုအပေါ် ကိုယ်ပိုင်နားလည်ဆင်ခြင်မှုနှင့် အသိအမြင်အချို့ ရရှိလာသည်။
၎င်းသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်ထက် တဖြည်းဖြည်းကျော်လွန်လာခဲ့သည်။
နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက အဆက်မပြတ်စုစည်းလာပြီး ဆူဇီမို၏ ရှေ့မှာ ပိတ်ဆို့တားဆီးထားသည့် ဧရာမလိပ်ကျောခွံတစ်ခုကို ဖြစ်ပေါ်လာစေသည်။
လိပ်ကျောခွံက လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော အင်းကွက်များဖြင့် ပြည့်နှက်နေပြီး ဝင်းလက်တောက်ပနေသည်။
ထိုမျှသာမက လိပ်ကျောခွံပတ်လည်မှာ ခပ်ဖျော့ဖျော့ အနက်ရောင်အလင်းတစ်ခုနှင့်အတူ စီးဆင်းနေသည့်အလား အလွန်တရာသိပ်သည်းလေးလံသော ရေပြင်အကာအရံလွှာတစ်ခုကပင် လွှမ်းခြုံထားလေသည်။
ရှဲ… ရှဲ…
လမင်းခုတ်ချက်ကြယ်တံခွန်ကနေ ဖြစ်ပေါ်လာသော မီးတောက်များက အရင်ဆုံးဆင်းသက်၍ စိတ်ဝိညာဉ်လိပ်ဒိုင်းကာနှင့် ထိခတ်မိသောအခါ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
မီးနှင့်ရေ၏ စွမ်းအားက ထိတွေ့ရိုက်ခတ်ပြီး မီးခိုးစိမ်းများ ထွက်လာသည်။
ချွင်…
တစ်ချိန်တည်းမှာပင် အဖြူရောင်သက်တံက ဆင်းသက်ပြီး အစိမ်းရောင်မီးခိုးငွေ့များကို ဖြတ်ကျော်ကာ လိပ်ကျောခွံကို ထိုးဖောက်လိုက်သည်။
ကျွိ…
ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားပြီး အက်ကွဲသွားသောအသံကို ကြားလိုက်ရသည်။
စိတ်ဝိညာဉ်လိပ်ဒိုင်းကာသည် ဓမ္မလက်နက်တစ်ခုထက် ပိုမိုသန်မာသော်လည်း ယခုအခါ ယွင်ထင်၏ ဓားနတ်ဘုရားစွမ်းအားနှစ်ခုဖြင့် ဖျက်ဆီးခံလိုက်ရသည်။
စိတ်ဝိညာဉ်လိပ်ဒိုင်းကာသည် အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို ပြီးပြည့်စုံလုနီးပါး ပိတ်ဆို့တားဆီးခဲ့သော်လည်း ဆူဇီမိုသည် ၎င်း၏ နောက်ဘက်မှာ အလွန်တရာထက်ရှမှုတစ်ခုကို အာရုံခံမိနိုင်ဆဲဖြစ်သည်။ ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနှင့် စွမ်းအားကြီးမားသော အမြုတေစိတ်ဝိညာဉ်အရ အဆင့်-၉ ကောင်းကင်အင်မော်တယ် ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာက အန္တိမနတ်ဘုရားစွမ်းအားများကို တစ်ချိန်တည်းမှာ ထုတ်ဖော်မည်ဆိုလျှင်တောင် သူတို့သည် သူ၏ စိတ်ဝိညာဉ်လိပ်ဒိုင်းကာကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ယခု ယွင်ထင်၏ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုက သူ၏ အသန်မာဆုံးခံစစ် နတ်ဘုရားစွမ်းအားကို ချိုးဖျက်လာခဲ့သည်။
သူသည် ဤနှစ်များအားလုံးမှာ လျင်မြန်စွာတိုးတက်လာခဲ့သော်လည်း ယွင်ထင်က နောက်ကျမကျန်ရစ်ခဲ့ပေ။
သူတို့နှစ်ယောက်သည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာထက် ပိုမိုသန်မာပြီး ပို၍ကြောက်စရာကောင်းလာကြသည်။
“မဟာဒြပ်စင်ငါးမျိုးဓား”
ယွင်ထင်က တိုက်ခိုက်ခြင်းကို မရပ်တန့်လိုက်ဘဲ သိပ်မကြာခင် ဒုတိယမြောက် တိုက်ခိုက်မှုလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်လိုက်သည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ကောင်းကင်ဘုံကမ္ဘာ၏ ဓားတာအိုကျင့်ကြံသူများကြားမှာ စွမ်းအားကြီးမားသော ဓားအင်မော်တယ်တစ်ပါး ရှိခဲ့သည်။ သူသည် ဒြပ်စင်ငါးမျိုး ဓားတာအိုမှာ အထူးပြုပြီး နောက်ဆုံး ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည်။ သူသည် မဟာလောကသုံးထောင်မှာ စိုးမိုးခြယ်လှယ်ပြီး ပြိုင်ဘက်ကင်းသလောက်နီးပါး ဖြစ်ခဲ့သည်။
ဒီဘက်မျိုးဆက်မှာ ယွင်ထင်သည် ဒြပ်စင်ငါးမျိုး ဓားတာအို၏ အရိုက်အရာဆက်ခံသူ ဖြစ်လာခဲ့သည်။
ထိုသတင်းအချက်အလက်ကို ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်တွင် မှတ်တမ်းတင်ထားသည်။
ယွင်ထင်တစ်ယောက်တည်းက မတူညီသော ဓားတာအိုအမွေအနှစ် ဆယ်ခုကျော်ကို ရရှိထားလေသည်။
ထိုဓားတာအိုအမွေအနှစ်ပိုင်ရှင်များထဲတွင် အားအနည်းဆုံးသူများကပင် အတိတ်ကာလတုန်းက အင်မော်တယ်ဘုရင်များဖြစ်ခဲ့ကြသည်။
သူတို့ကြားမှာ အတိတ်ကာလတုန်းက ဓားတာအိုမှာ ဧကရာဇ်ပညာရှင်များဖြစ်ခဲ့သောသူများပင် ပါဝင်နေသည်။
ယွင်ထင်သည် သူ၏ လက်နှစ်ဖက်ဖြင့် လက်ညှိုးဓားတစ်လက်ကို စုဖွဲ့ပြီး ဆူဇီမိုရှိရာဘက်သို့ ထိုးညွှန်လိုက်သည်။
ဇီ…
ထုတ်ဖော်လိုက်သော ဓားသံက ဆူဇီမို၏ ဘေးပတ်လည်မှာ ထွက်ပေါ်လာပြီး လေဟာနယ်က အနည်းငယ်တုန်ခါသွားသည်။
ထို့နောက် ချက်ချင်းပင် အတောမသတ်သော နတ်ဘုရားစွမ်းအားများက ဆူဇီမို၏ ဘေးပတ်လည်မှာ စုစည်းလာပြီး အရောင်မတူသော ဓားငါးလက်အဖြစ် ပြောင်းလဲသွားသည်။
ဓားတစ်လက်ချင်းစီသည် မတူညီသော ဓမ္မတာအိုများကို ကိုယ်စားပြုပြီး သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဓာတ်တို့ကို ရောင်ပြန်ဟပ်ပေးနေသည်။ သူတို့က ဆူဇီမို၏ ဘေးပတ်လည်မှာ လျင်မြန်စွာ လှည့်ပတ်ပြီး သူတို့၏ ထက်ရှမှုက သူ့နောက်ကို စွဲမြဲစွာ လိုက်နေသည်။
ဒြပ်စင်ငါးမျိုးစွမ်းအားက သူ့ကို ချိပ်ပိတ်၍ ချုပ်နှောင်ထားချင်လေသည်။
ယွင်ထင်သည် ကောင်းကင်ဘုံကမ္ဘာ၏ နံပါတ်တစ် ဓားတာအိုပညာရှင်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။
ဓားတာအိုသည် သတ်ဖြတ်ခြင်း၏ အကန့်အသတ်ကို ကိုယ်စားပြုလေသည်။
စောစောက စိတ်ဝိညာဉ်လိပ်ဒိုင်းကာသည် ယွင်ထင်၏ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုဖြင့် ပျက်စီးသွားခဲ့သည်။
ဆူဇီမိုသည် အသည်းအသန်ခုခံနေရုံမျှနှင့် ယွင်ထင်၏ အဆက်မပြတ်တိုက်ခိုက်မှုများကို ကိုင်တွယ်နိုင်တော့မည် မဟုတ်ပေ။
ကိစ္စက ထိုသို့ဆိုမှတော့ သူသည် တိုက်စစ်ဖွင့်ကာ တန်ပြန်တိုက်ခိုက်ရပေလိမ့်မည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲဆင့်ခေါ်ကာ လုံးဝမတူညီသော်လည်း ဆက်စပ်မှုရှိနေသည့် နတ်ဘုရားစွမ်းအားခြောက်ခုကို ထုတ်ဖော်လိုက်သည်။
“ကောင်းကင်တာအို၊ လူသားတာအို၊ အဆူရာတာအို”
“ဆာလောင်တစ္ဆေတာအို၊ တောကောင်တာအို၊ ငရဲတာအို”
“ပြန်ဝင်စားခြင်း လမ်းခြောက်သွယ် စုဖွဲ့လိုက်စမ်း”
အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ထက် များစွာသာလွန်သည့် စွမ်းအားကြီးမားသော အမြုတေစိတ်ဝိညာဉ်တစ်ခုနှင့်အတူ ဆူဇီမိုသည် တာအိုခြောက်ခုကို အတူတကွ စုစည်းပြီး အဆက်မပြတ်လည်ပတ်နေသော ဧရာမဝဲကတော့တစ်ခုကို ထုတ်ဖော်လိုက်သည်။ ၎င်းသည် လောကရှိအရာရာတိုင်းကို ဝါးမျိုသန့်စင်နိုင်သည့်အလားပင်။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် မူလက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ခဲ့သည်။
သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ခေတ်အဆက်ဆက် ဖြတ်သန်းလာပြီးနောက် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ အစစ်အမှန်သဘောတရားကို မည်သူကမှ နားလည်ဆင်ခြင်နိုင်ခြင်း မရှိတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။
ထိုသို့ဆိုလျှင်တောင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စွမ်းပကားသည် အန္တိမနတ်ဘုရားစွမ်းအားများကြားမှာ ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။
မဟာဒြပ်စင်ငါးမျိုးဓားက အဆက်မပြတ်လည်ပတ်ပြီး ဆူဇီမိုကို သတ်ဖြတ်လိုလေသည်။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ ဖြစ်ပေါ်လာသော ဧရာမဝဲကတော့ကတော့ ၎င်းသည် ဧရာမဓားငါးလက်ကို အဆက်မပြတ်ဆွဲယူသွင်းနေသည်။
လုံးဝကို မတူညီသော နတ်ဘုရားစွမ်းအားနှစ်ခုက အဆက်မပြတ်ထိတွေ့ရိုက်ခတ်ပြီး တစ်ခုကိုတစ်ခု ဝါးမျိုနေကြလေသည်။