ဝှက်ဖဲများ
Vol. 172 Ch. 2575
ထိုဓားစိတ်ဆန္ဒ ပစ်လွင့်ထွက်ပေါ်လာသောအခါ အဲဒါသည် ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာသာ မဟုတ်ပေ။ ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲရှိ ဓားကျင့်ကြံသူများပင် သူတို့၏ ဓားနှလုံးသားက သန်မာသော လှုပ်ခါမှုနှင့် ထိတွေ့ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
ဓားကျင့်ကြံသူများ၏ ဓားများက အညံ့ခံလိုသော စိတ်ဆန္ဒဖြင့် စတင်၍တုန်ခါလာသည်။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်...။
လောကမှာ လူသားသတ်ဖြတ်ခြင်းဓားစိတ်ဆန္ဒကသာ လောကကို မှောက်လှန်ပစ်နိုင်သည့် ဤကဲ့သို့ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်နိုင်လေသည်။
“ငါသူ့ကိုမနိုင်ဘူး”
လေ့ရွှမ်၏ အမူအရာက တည်တံ့နေပြီး တီးတိုးရေရွတ်လိုက်၏။
“ငါက အဲဒီဓားစိတ်ဆန္ဒတစ်ခုတည်းကိုတောင်မှ ခုခံနိုင်မှာမဟုတ်ဘူး”
“ယွင်ထင်က ကောင်းကင်ဘုံကမ္ဘာရဲ့ ဓားတာအိုမှာ တကယ့်ကိုနံပါတ်တစ်ပဲ... ဓားကမ္ဘာမှာတောင် သူ့ရဲ့ပါရမီကိုယှဥ်နိုင်မယ့်သူ ရှိချင်မှရှိလိမ့်မယ်”
“ညီကိုဆူမှာ ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တွေရှိတယ်... သူက အဲဒါကို ခုခံနိုင်လောက်မှာပါ ဟုတ်တယ်မလား”
ရှဲ့ချင်းချန်ကလည်း ယုံကြည်မှုကောင်းကောင်းမရှိပေ။
“ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်သက်သက်က မလုံလောက်မှာ ကျုပ်စိုးမိတယ်”
လေ့ရွှမ်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်သည်။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ချင်ကူ၏ အမူအရာက ပြောင်းလဲသွားပြီး သူက ညင်သာစွာပြောလိုက်သည်။
“လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က ယွင်ထင်ရဲ့အသန်မာဆုံးလျှို့ဝှက်အတတ်ပဲ... ကြည့်ရတာ အနိုင်ရလဒ်ကို အဆုံးအဖြတ်ပေးတော့မယ်ထင်တယ်”
ဘေးပတ်ဝန်းကျင်မှာရှိသောကျင့်ကြံသူများပင် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်၏ တားဆီးမရနိုင်သော စွမ်ပကားကို ခံစားမိနေကြသည်။
ယွင်ထင်၏ ရှေ့တည့်တည့်မှာ ဆူဇီမိုက မည်ကဲ့သို့သောဖိအားမျိုးကိုရင်ဆိုင်နေရသလဲ မည်သူကမှ စဥ်းစားမကြည့်နိုင်ပေ။
“ကောင်းကင်ရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာတဲ့အခါ ကြယ်တွေက နဂိုနေရာကနေ ရွေ့လျားကုန်လိမ့်မယ်”
“ကမ္ဘာမြေရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒပေါ်ထွက်လာတဲ့အခါ နဂါးမြွေတို့ ပေါ်ထွက်လာလိမ့်မယ်”
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို ထုတ်ဖော်လိုက်သည်။
နဂါးနှင့်မြွေက အတူတကွတိုက်ခိုက်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း၏ ပူးပေါင်းမှုတစ်ရပ်ကို ဖြစ်ပေါ်လာစေသည်။
“လူသားသတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာတဲ့အခါ ကောင်းကင်နဲ့မြေကြီးက ပြိုလဲသွားလိမ့်မယ်”
ယွင်ထင်၏ အသံက ထွက်ပေါ်လာ၏။ သို့သော်လည်း သူ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ့နေရာမှာ လောကကို ဆုတ်ဖြဲပစ်တော့မည့် ဓားရှည်တစ်လက်ပေါ်ထွက်လာသည်။
မဟာဓားပညာရပ်သုံးခုစလုံးက သတ်ဖြတ်ခြင်း၏ အကန့်အသတ်များမှာရှိကြသည်။
သို့သော်လည်း လူသားသတ်ဖြတ်ခြင်းဓားပညာရပ်မှာ ဒီရေလှိုင်းများကိုဆန်တက်ပြီး ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် မယိမ်းမယိုင်သော စိတ်စွမ်းအားတစ်ခုပါဝင်နေသည်။
စိတ်ဆန္ဒအရာမှာ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်သည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ကို ပြတ်ပြတ်သားသားဖိနှိမ်နိုင်သည်။
ဝုန်း...
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ဖြင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောမြည်သံထွက်ပေါ်ကာ ဓားချီများက အဘက်ဘက်ကို အဆက်မပြတ် တလိပ်လိပ်တိုးထွက်သွား၏။
ဧရာမကျောက်ဖျာတိုက်ပွဲမြေတစ်ခုလုံးက အလွန်တရာထက်ရှသောဓားချီများဖြင့် ချက်ချင်းပင်ပြည့်နှက်သွားသည်။
ထိုထဲသို့ဝင်ရောက်မိသော မည်သည့်အဆင့်-၉ ကောင်းကင်အင်မော်တယ်မဆို ဓားချီများဖြင့် သေသည့်တိုင်အောင် နုတ်နုတ်စင်းခံရပေလိမ့်မည်။
ခဏမျှလွန်ဆွဲပြီးနောက် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားတို့ကနေ စုဖွဲ့ထားသည့် နဂါးနှင့်မြွေက လဲပြိုကျကာ သေဆုံးသွားသည်။
ယွင်ထင်ကနေ အသွင်ပြောင််းလဲသွားသည့် လူသားသတ်ဖြတ်ခြင်းဓားကတော့ ၎င်းသည် သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် အဆုံးမဲ့ထက်ရှမှုကို ထုတ်ဖော်ကာ ဖြောင့်ဖြောင့်မတ်မတ်ရပ်တည်နေသည်။
လူသားသတ်ဖြတ်ခြင်းဓားက ဆက်လက်၍ခုတ်ပိုင်းကျဆင်းလာသည်။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ အလွန်တရာတည်ငြိမ်နေသည်။ သူက သူ၏ လက်ညှိုးဖြင့် လေထဲမှာ စာလုံးတစ်လုံးကို လျင်မြန်စွာရေးဆွဲလိုက်သည်။
သတ်...
အန္တိမနတ်ဘုရားစွမ်းအား သတ်ဖြတ်ခြင်းစာလုံးပညာရပ်။
ပုံမှန်အခြေအနေမှာဆို ထိုအန္တိမနတ်ဘုရားစွမ်းအားသည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ခုခံနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်သတ်ဖြတ်ခြင်း၊ ကမ္ဘာမြေသတ်ဖြတ်ခြင်းနှင့် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်တို့ ထွက်ပေါ်လာခြင်းနှင့်အတူ ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ဘေးပတ်လည်မှာရှိသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုအသုံးချပြီး ဆူဇီမိုသည် သတ်ဖြတ်ခြင်းစာလုံးပညာရပ်ကို ထုတ်ဖော်ကာ အန္တိမနတိဘုရားစွမ်းအား၏ ခွန်အားကို ၎င်း၏ အကန့်အသတ်အထိ ချက်ချင်းပင် မြှင့်တင်လိုက်သည်။
သတ်ဖြတ်ခြင်းစာလုံးပညာရပ်သည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဖုံးကွယ်ထားရုံသာမက ၎င်းသည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုပင် စုပ်ယူလိုက်လေသည်။
'သတ်' ဟူသော ဧရာမစာလုံးက သွေးများဖြင့် စွန်းထင်းခံလိုက်ရသည့်အလား လေထဲမှာ မနှိုင်းယှဥ်သာအောင် နီရဲလာခဲ့သည်။
နတ်ဘုရားစွမ်းအားများမှာ ကျွမ်းကျင်နှံ့စပ်သော စာအုပ်အင်မော်တယ်ယွင်ကျူးပင်လျှင် ဤကဲ့သို့ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစာလုံးပညာရပ်ကို တစ်ခုမှမတွေ့မြင်ဖူးခဲ့ပေ။
“တော်တော်ဉာဏ်ကောင်းတာပဲ”
ခန်းမ၏ အလယ်မှာရှိနေသော အင်မော်တယ်ဘုရင်ချင်းယန်ပင် ထိုသည်ကိုတွေ့မြင်သောအခါ ချီးကျူးလိုက်မိသည်။
သတ်ဖြတ်ခြင်းစာလုံးပညာရပ်ကို ကြိုတင်၍ထုတ်ဖော်လိုက်မည်ဆိုလျှင် ၎င်းသည် လက်ရှိစွမ်းအားထိ သေချာပေါက်ရောက်ရှိခါနိုင်လိမ့်မည် မဟုတ်ပေ။
အဲဒါသည် ထုတ်ဖော်သည့်အချိန်ကွာဟချက်သာ ဖြစ်သည့်ပုံပေါ်သော်လည်း ထွက်ပေါ်လာမည့်စွမ်းအားက လုံးဝကိုကွဲပြားခြားနားနေသည်။
အဲဒါသည် လူတစ်ယောက်၏ တိုက်ခိုက်ရည်ပါရမီပင်ဖြစ်လေသည်။
ဝုန်း...
လူသားသတ်ဖြတ်ခြင်းဓားနှင့် သတ်ဖြတ်ခြင်းစာလုံးပညာရပ်က အလျှော့ပေးခြင်းမရှိဘဲ ထိတွေ့ရိုက်ခတ်သွားသည်။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်၏ စွမ်းပကားနှင့်ပင်လျှင် ၎င်းသည် သတ်ဖြတ်ခြင်းစာလုံးပညာရပ်ကို မချေဖျက်နိုင်ပေ။
“ဟားဟားဟားဟား...”
ရုတ်တရက် ယွင်ထင်၏ ရယ်သံက ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ ထွက်ပေါ်လာခဲ့သည်။
“ကောင်းတယ်ကွာ... ကောင်းတယ်”
ယွင်ထင်က အော်ပြောလိုက်သည််။
“ဆူဇီမို... မင်းက တကယ်ကို တစ်ခုခုပဲ... မင်းက ငါ့ရဲ့လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ချေဖျက်ဖို့ ဒီလိုမျိုးနည်းလမ်းတစ်ခုကိုတောင်မှ တွေးမိထားတယ်ဆိုတော့”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လူသားသတ်ဖြတ်ခြင်းဓားနှင့် သတ်ဖြတ်ခြင်းစာလုံးပညာရပ်တို့က လဲပြိုကျသွားသည်။
ကျယ်ပြန့်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာ ယွင်ထင်၏ ပုံရိပ်က ဖျတ်ခနဲလက်ပြီး ဆူဇီမိုရှိရာသို့ ပြေးထွက်သွားသည်။
ဆူဇီမိုကတော့ မြေပြင်ကို ခြေတစ်ချက်ဆောင့်ပြီး လေထဲသို့ခုန်တက်ကာ သူကလည်း ယွင်ထင်ရှိရာသို့ ပြေးဝင်သွားလေသည်။
သူတို့နှစ်ယောက်စလုံးသည် တစ်ချိန်တည်းနီးပါးမှာပင် အနီးကပ်တိုက်ခိုက်ရည်မှာ အားပြိုင်ဖို့ရွေးချယ်လိုက်ကြသည်။
“ငါ့အထင်တော့... ယွင်ထင်မှာ အခုချိန်ထိအသုံးမပြုရသေးတဲ့ တခြားဝှက်ဖဲတွေရှိနေဦမယ်... နောက်ပြီး သူက အဆုံးစွန်ဓားတာအိုနဲ့ နှလုံးသားဓားတာအိုရဲ့ အရိုက်အရာဆက်ခံသူပဲ... သူက ထိန်ချန်ထားတာ ဖြစ်နိုင်မလား”
“ဆူဇီမိုမှာလည်း တခြားဝှက်ဖဲတွေရှိဦးမယ်... ဥပမာ အဆူရာတိုက်ပွဲမြေမှာတုန်းက သူထုတ်ဖော်ခဲ့တဲ့ လူတစ်ယောက်ရဲ့ဘဝသက်တမ်းကို လျှော့ချနိုင်တဲ့ နတ်ဘုရားစွမ်းအားရှိသေးတယ်”
“မင်းတို့တွေ ဘာသိလို့လဲ”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က လှောင်ရယ်လိုက်သည်။
“အခုတင် သူတို့နှစ်ယောက်ထုတ်ဖော်လိုက်တဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေက ဘယ်လောက်တောင်များနေပြီလဲ... နောက်ပြီး အဲဒီနတ်ဘုရားစွမ်းအားနဲ့ လျှို့ဝှက်အတတ်တစ်ခုချင်းစီက ထိပ်သီးသတ်ဖြတ်ခြင်းနည်းစနစ်တွေပဲ .. အဲဒါက လူတစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဥ်အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေလိမ့်မယ်”
“သူတို့နှစ်ယောက်က သူတို့ရဲ့ဝှက်ဖဲတွေကို ဆက်ပြီးမထုတ်ဖော်တော့ဘူးဆိုတာ သူတို့ရဲ့ အမြုတေစိတ်ဝိညာဥ်စွမ်းအားက ကုန်ခန်းပြီး အရမ်းကိုအားနည်းနေပြီမလို့ဘဲ”
ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်သည်။
“သူတို့နှစ်ယောက်က နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို ထုတ်ဖော်ဖို့နေနေသာ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တွေကိုတောင် ထပ်ပြီးထုတ်ဖော်နိုင်မှာ မဟုတ်တော့ဘူး”
ကျုံးဖေးယွီ၏ အကဲဖြတ်မှုကလည်း ဤလူနှင့် သိပ်မကွာပေ။
ထိုသို့သာမဟုတ်လျှင် ဆူဇီမိုနှင့် ယွင်ထင်၏ တိုက်ပွဲသည် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကြား တိုက်ပွဲတစ်ခုကနေ အနီးကပ်တိုက်ခိုက်ရည်သို့ ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။
“နှမြောစရာပဲ”
ကျုံးဖေးယွီက အနည်းငယ်စိတ်ပျက်သည့်ပုံပေါ်သွားသည်။
သူသည် အဆူရာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုကြောင့် ထိတ်လန့်လာပြီးကတည်းက သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကာကွယ်ပေးနိုင်သည့်ဓမ္မရတနာတစ်ခုကို သူ့ဆရာထံကနေ ရရှိထားခဲ့သည်။ သူသည် ဆူဇီမို၏ ဘက်ပြန်ကြေးခွံ လျှို့ဝှက်အတတ်ကို ကိုင်တွယ်ရန် အဲဒါကို အသုံးချဖို့ပြင်ထားလေသည်။
ကြည့်ရသည်မှာ သူက ထိုသို့ပြုလုပ်ဖို့ မလိုလောက်တော့ပေ။
တိုက်ပွဲနယ်မြေမှာ...။
တစ်ခဏချင်းမှာပင် နှစ်ဘက်စလုံးက ချဥ်းကပ်လာကြပြီဖြစ်သည်။
ယွင်ထင်က ထက်ရှသောအော်ရာတစ်ခုကို ထုတ်ဖော်ရင်း သူ၏ လက်နှစ်ဖက်ဖြင့် လက်ညှိုးဓားများကို ဆင့်ခေါ်ကာ ဆူဇီမို၏ နှာရောင်ရှိရာသို့ ပစ်ထိုးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးထဲကနေ အေးစက်နေသောအော်ရာတစ်ခု ထွက်ပေါ်လာပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားသည်။ ထို့နောက် အေးစက်နေသော ဓားအလင်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်ပြီး ဘေးပတ်ဝန်းကျင်အပူချိန်က ကျဆင်းလာလေသည်။
စက္ခုနည်းစနစ် ရေခဲဝိညာဥ်ဓားမျက်လုံး။
ဓားအလင်းတန်းနှစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရပြီး ဆူဇီမို၏ မျိုးဆက်သွေးက အေးခဲတော့မည်ဖြစ်သည်။
သူသည် သူ၏ သွေးချီကို လှည့်ပတ်မည်ဆိုလျှင် ထိုအေးစက်ချီသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လိမ့်မည်မဟုတ်ပေ။
သို့သော်ယခု... ဆူဇီမိုသည် စက္ခုနည်းစနစ်ဖြင့်သာ တိုက်ခိုက်နိုင်လေသည်။
မီးပဒေသာမျက်လုံး။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမို၏ ညာဘက်မျက်လုံးထဲကနေ ကျိန်းစပ်နေသော အလင်းတန်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ဝင်ရောက်လာသောဓားအလင်းနှစ်ခုနှင့် ထိတွေ့ရိုက်ခတ်သွားသည်။
သူ၏ ဘယ်ဘက်မျက်လုံးကို လျှို့ဝှက်ဆန်းကြယ်သော အမှောင်စွမ်းအားတစ်ခုက လွှမ်းခြုံထားဆဲဖြစ်ပြီး သူသည် တမလွန်မီးရောင်မျက်လုံးကို မထုတ်ဖော်နိုင်ပေ။
ယွင်ထင်၏ ရေခဲဝိညာဥ်ဓားမျက်လုံးက အလွန်တရာစွမ်းအားကြီးမားသည်။ ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက ၎င်းသည် မီးပဒေသာမျက်လုံးကို ဖိနှိမ်နိုင်ခဲ့သည်။
ယနေ့... နှစ်ဦးနှစ်ဖက်စလုံး၏ စက္ခုနည်းစနစ်များက နောက်တစ်ဖန်ထိတွေ့ရိုက်ခတ်သွားကြသည်။
မီးပဒေသာမျက်လုံးသည် ရေခဲဝိညာဥ်ဓားမျက်လုံးကို ခုခံနိုင်ခြင်း မရှိသေးပေ။
မီးပဒေသာမျက်လုံး၏ လောင်မြိုက်စွမ်းအားအပူက ရေခဲဝိညာဥ်ဓားမျက်လုံး၏ ဓားစိတ်ဆန္ဒကို ချေဖျက်နိုင်သော်လည်း ၎င်းသည် ထိုစက္ခုနည်းစနစ်၏ အေးစက်မှုကို မခုခံနိုင်ပေ။
ဆူဇီမို၏ ခန္ဓာကိုယ်က နှင်းခဲတစ်လွှာဖြင့် ချက်ချင်းပင် ဖုံးအုပ်သွားပြီး သူ၏ လှုပ်ရှားမှုများက ကန့်သတ်ခံလိုက်ရသည်။
ထိုအခိုက်အတန့်မှာ ယွင်ထင်၏ လက်ညှိုးဓားက ချဥ်းကပ်လာခဲ့ပြီဖြစ်ပြီး သူ၏ နှာရောင်နှင့် တစ်ပေပင် မကွာဝေးတော့ပေ။ ယွင်ထင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုက ခိုတွဲလာသည်။
သူ့စက္ခုနည်းစနစ်၏ အနည်းငယ်အသာစီးရရှိမှုဖြင့် သူသည် ဟာကွက်တစ်ခုကိုချိန်ဆကာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ပေတော့မည်။
ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သက်ရှိများအားလုံးကို တုန်လှုပ်သွားစေမည့် ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းပင် လောကက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။