အင်မော်တယ်နှိမ်နှင်းဓား
Vol. 172 Ch. 2577
“ယွင်ထင်က ရှုံးတော့မှာပဲ”
ရှဲ့ချင်းချန်က ညင်သာစွာရေရွတ်လိုက်၏။
အခြေအနေက ဤတိုင်းဆက်သွားလျှင် ယွင်ထင်က သေချာပေါက် ရှုံးနိမ့်ရတော့မည်ကို ကျင့်ကြံသူများစွာက ပြောနိုင်ကြသည်။
“ပြောလို့မရသေးဘူး”
လေ့ရွှမ်ကသူ၏ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ယွင်ထင်ရဲ့နည်းလမ်းတွေက သေချာပေါက်ဒီလောက်ပဲမကဘူး”
လေ့ရွှမ်မှာ တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုရှိနေသည်။
ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးအနေဖြင့် သူသည် နောက်တစ်ဖန်ကျင့်ကြံခွင့်ရလာခဲ့၏။ သို့သော် ဒီဘက်မျိုးဆက်မှာ သူသည် ယွင်ထင်နှင့် ဆူဇီမိုကဲ့သို့ အနှိုင်းမဲ့မွန်းစတားများနှင့် ကြုံတွေ့နေရလေသည်။
အဆူရာတိုက်ပွဲမြေမှာတုန်းက သူသည် ဗုဒ္ဓကျောင်းတော်များ၏ ချိပ်စည်းနှစ်ခုဖြင့် ဆူဇီမို၏ ဖိနှိမ်ခြင်းခံခဲ့ရသည်။
ယွင်ထင်ကတော့ သူသည် လက်တစ်ဖက်ဖြင့် မဟာမြင်းမိုရ်တောင်ကို ထောက်ထားကာ တခြားလက်တစ်ဖက်ဖြင့် ဆူဇီမိုနှင့် ယခုအချ်ိန်ထိ တိုက်ခိုက်နိုင်နေသည်။
သူနှင့် ယွင်ထင်ကြား ကွာဟချက်ကလည်း သိသာထင်ရှားနေသည်။
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ...။
ယွင်ထင်ကလည်း အခြေအနေမကောင်းတော့ဘူးဆိုတာကို နားလည်သိရှိလာသည်။ သူ၏ မျက်လုံးထဲရှိ ဓားအလင်းရောင်က တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီကို ၎င်း၏ အကန့်အသတ်ထိလှည့်ပတ်ကာ ဆူနာမီသွေး၏ အကန့်အသတ်ကို ချိုးဖျက်လိုက်သည်။
ရုတ်တရက် သွေးရောင်ဧရာမဓားတစ်လက်က ယွင်ထင်၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး အလွန်တရာထက်ရှသော သတ်ဖြတ်လိုစိတ်တစ်ခုကို ထုတ်ဖော်ထားလေသည်။
ထိုသွေးရောင်ဓားသည် လူသားသတ်ဖြတ်ခြင်းဓားစိတ်ဆန္ဒထက်ပင် ပို၍ကြောက်စရာကောင်းလေသည်။
ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက ယွင်ထင်သည် သူ၏ မျိုးဆက်သွေးကို ထုတ်ဖော်ခဲ့စဥ် ဆူဇီမိုသည် သန်မာအားကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားခဲ့ရသည်။
ထိုသွေးရောင်ဓားက သူ့ကို သေချာပေါက်ခြိမ်းခြောက်နိုင်လေသည်။
ယနေ့မှာလည်း အတူတူပင်ဖြစ်သည်။
ယွင်ထင်သည် ဆက်လက်၍ထိန်ချန်မထားတော့ဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်သည်။
ရွှစ်...
သွေးရောင်ဓားက လေထုကိုဆုတ်ဖြဲပြီး မဟာမြင်းမိုရ်တောင်ကို နှစ်ပိုင်းထိုးခွဲလိုက်သည်။
ခံ့ညား၍ ကြီးမားတုတ်ခိုင်သော မဟာမြင်းမိုရ်တောင်ပင်လျှင် သွေးရောင်ဓား၏ ထက်ရှမှုကို မခုခံနိုင်ပေ။
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး ခေါင်းမွေးများထောင်ထလာခဲ့၏။
နှစ်ပေါင်းထောင်ချီကြာမြင့်ပြီးတာတောင် သွေးရောင်ဓားသည် သူ့ကိုကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေနိုင်ဆဲဖြစ်သည်။
ကပ်ဘေးတစ်ခုက နောက်ခဏ၌ ဆင်းသက်ရောက်ရှိလာတော့မည့်အလားပင်။
ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ဆက်တိုက်ထုတ်ဖော်ပြီး ယွင်ထင်၏ အမြုတေစိတ်ဝိညာဥ်ကို ပြင်းထန်စွာထိုးနှက်ပြီးမှ ဆူဇီမိုသည် ယွင်ထင်၏ မျိုးဆက်သွေးနယ်မြေကို ဖြေရှင်းနိုင်ခဲ့သည်။
သူသည် ယွင်ထင်၏ မျိုးဆက်သွေးနယ်မြေကို ဆက်လက်၍မစုဖွဲ့နိုင်စေခြင်းဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယနေ့... ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာအတွက် ယှဥ်ပြိုင်မှုမှာ ဆူဇီမိုသည် သူ၏ အမြူတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို အသုံးပြုဖို့ စိတ်ကူးမရှိပေ။
ယွင်ထင်မှာလည်း တူညီသောအတွေးရှိနေသည်မှာ သိသာလေသည်။
သူတို့နှစ်ယောက်သည် ဤကိစ္စနှင့်ပတ်သက်၍ ဘယ်တုန်းကမှ ထုတ်ဖော်မပြောဆိုခဲ့ကြပေ။ သို့သော်လည်း ဤသည်က သူတို့နှစ်ယောက်ကြားရှိထူးခြားသော အချိတ်အဆက်တစ်ခုဖြစ်သည်။
ဒါ့အပြင် ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက ယွင်ထင်သည် သူ၏ မျိုးဆက်သွေးနယ်မြေကို အပြည့်အဝမထိန်းချုပ်နိုင်သေးဘဲ ချက်ချင်းမစုဖွဲ့နိုင်ဟုပြောခဲ့လေသည်။
သို့သော်ယခု... ယွင်ထင်သည် သွေးရောင်ဓားကို ကောင်းကောင်းထိန်းချုပ်နိုင်နေသည်မှာ သိသာလေသည်။
“ဆူဇီမို...”
ထိုစဥ်မှုပင် ယွင်ထင်၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ကောင်းကင်... ကမ္ဘာမြေနဲ့ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်တို့က တစ်ခုတည်းအဖြစ်ပေါင်းစည်းတဲ့အခါ ဘာဖြစ်လာမယ်ဆိုတာ မင်းသိလား”
“အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်လာမယ်လို့ ငါထင်တယ်”
ဆူဇီမိုက ပြောလိုက်သည်။
“အမှန်ပဲ”
ယွင်ထင်က သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်ပြီး ဆက်ပြောလိုက်သည်။
“မဟာဓားပညာရပ်သုံးခုကို ပေါင်းစည်းလိုက်တဲ့အခါ သူတို့က အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နှင်းဓား ဖြစ်လာလိမ့်မယ်”
“မင်းက... “
ထိုနေရာအရောက်မှာ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ယွင်ထင်၏ နောက်ဘက်မှာရှိသော သွေးရောင်ဓားကို စိုက်ကြည့်ကာ နားလည်သဘောပေါက်သလိုရှိလာခဲ့သည်။
ယွင်ထင်က ခေါင်းညိတ်ပြလိုက်သည်။
“မင်းထင်နေတာမမှားဘူး... ငါ့ရဲ့မျိုးဆက်သွေးနယ်မြေက အင်မော်တယ်နှိမ်နှင်းဓားပဲ... ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက ငါက အင်မော်တယ်နှိမ်နှင်းဓားရဲ့ ကနဦးပုံစံကိုပဲ ကျင့်ကြံရသေးတယ်... အဲဒါကို အပြည့်အဝ မကျွမ်းကျင်သေးဘူး”
“ဒီနှစ်တွေထဲမှာငါက အင်မော်တယ်နှိမ်နှင်းဓားကို ငါ့ဘာသာငါကောက်ချက်ချပြီး ပြည့်စုံလာစေခဲ့တယ်... အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့ အစစ်အမှန်အဆင့်ကို မရောက်သေးပေမဲ့ ငါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားရဲ့ ကနဦးပုံစံနဲ့ ထိတွေ့မိနေပြီ”
“အထင်ကြီးစရာပဲ”
ဆူဇီမိုက ချီးကျူးလိုက်သည်။
ဓားတာအိုမှာ ယွင်ထင်၏ ပါရမီအရည်အချင်းက တကယ့်ကိုပြိုင်ဘက်ကင်းလေသည်။
ကောင်းကင်၊ ကမ္ဘာမြေနှင့် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို ပေါင်းစည်းနိုင်ခြင်းမရှိသေးဘဲ သူသည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်တစ်ခုမျှနှင့် အင်မော်တယ်နှိမ်နှင်းဓား၏ ကနဦးပုံစံကို ကျင့်ကြံလာနိုင်ခဲ့ပြီဖြစ်သည်။
ဒါ့အပြင် သူသည် ဤနှစ်များမှာ အင်မော်တယ်နှိမ်နှင်းဓားကို သူ၏ ကိုယ်ပိုင်ကောက်ချက်ချမှုကနေတစ်ဆင့် ပြည့်စုံလာစေခဲ့သည်။
သို့သော် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားတို့မရှိဘဲ ယွင်ထင်၏ အင်မော်တယ်နှိမ်နှင်းဓားသည် ယနေ့အချိန်ထိ ပြီးပြည့်စုံမှုမရှိသေးဘဲ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်သို့ မရောက်ရှိသေးပေ။
အဲဒါက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုမဟုတ်သရွေ့ ဆူဇီမိုမှာ အခွင့်အရေးတစ်ခုရှိနေသေးသည်။
ယွင်ထင်က အင်မော်တယ်နှိမ်နှင်းဓား မျိုးဆက်သွေးနယ်မြေကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် လက်ရှိကျင့်ကြံသူများအားလုံးသည် ရင်ထဲမှာ တလှပ်လှပ်ခံစားလာရသည်။
ထက်ရှသောဓားသွားက သူတို့၏ လည်ပင်းပေါ် ရောက်ရှိလာပြီး သူတို့ကိုအချိန်မရွေး လှီးဖြတ်ချနိုင်သည့်အလား ကျင့်ကြံသူများစွာက ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့ကြ၏။
“အင်မော်တယ်နှိမ်နှင်းဓား”
အင်မော်တယ်ဘုရင်ချင်းယန်သည် သူ၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုတစ်စွန်းတစ်စနှင့်အတူ တီးတိုးရေရွတ်လိုက်၏။
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ...။
အင်မော်တယ်နှိမ်နှင်းဓားကို သူ၏ ကျောထက်မှာ တင်ဆောင်ပြီး ယွင်ထင်က အခြေအနေကို ချက်ချင်းပင်ပြောင်းလဲကာ ဆူဇီမိုထံသို့ လျှောက်လှမ်းလာရင်း အော်ပြောလိုက်သည်။
“ဆူဇီမို... လာခဲ့ မင်းမှာတခြားဘာရှိသေးလဲ ကြည့်ရတာပေါ့”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲဆင့်ခေါ်လိုက်၏။
ရုတ်တရက် သူ၏ ဦးခေါင်းထက်မှာ ကျယ်ပြောသော ကြယ်နယ်မြေတစ်ခုပေါ်ထွက်လာခဲ့သည်။
ကြယ်နယ်မြေကို ပိုမိုသေးငယ်သောနယ်မြေခုနှစ်ခုအဖြစ် အကြမ်းဖျင်းထပ်မံခွဲခြားနိုင်သည်။ သူတို့ထဲမှ နယ်မြေတစ်ခုက မှေးမှိန်နေသော်လည်း ကျန်နယ်မြေခြောက်ခုက ဝင်းလက်နေကြပြီဖြစ်သည်။
သန်းပေါင်းများစွာသောကြယ်များက ပြိုးပြိုးပြက်ပြက်တောက်ပနေသော ကြယ်အလင်းရောင်များကို ဖြန်းပက်ပြီး ဆူဇီမို၏ ဒွာရပေါက်များထဲသို့ တိုးဝင်လာစေသည်။
ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်...။
ဆူဇီမိုသည် လူတိုင်း၏ ရှေ့မှာ သူ၏ ဖန်းတီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ဖို့နေနေသာ သူ၏ မျိုးဆက်သွေးကိုပင် အသုံးမပြုနိုင်ပေ။
သူထုတ်ဖော်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ် ဖြစ်လေသည်။
ဆူဇီမိုသည် ဤလျှို့ဝှက်အတတ်ကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိထားခဲ့ပြီဖြစ်ပြီး ကြယ်နယ်မြေဒေသခြောက်ခုက လင်းလက်လာခဲ့သည်။
သန်းပေါင်းများစွာသောကြယ်များ၏ စွမ်းအားနှင့်အတူ ၎င်း၏ စွမ်းပကားက မျိုးဆက်သွေးနယ်မြေတစ်ခုနှင့် ယှဥ်နိုင်လေသည်။
ထိုသည်ကို တွေ့မြင်သောအခါ ယွင်ထင်က သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်သည်။
“အဲဒါက မလုံလောက်ဘူး”
ယွင်ထင်က စိတ်ဖြင့်စေညွှန်လိုက်ပြီး သူ၏ နောက်ဘက်မှာရှိသော အင်မော်တယ်နှိမ်နှင်းဓားက ညင်သာစွာခုတ်ပိုင်းကျဆင်းလာသည်။
ရှဲ...
မိုးကောင်းကင်ထက်မှာ ကျယ်ပြောသောကြယ်တာရာကောင်းကင်သည် အင်မော်တယ်နှိမ်နှင်းဓားဖြင့် နှစ်ပိုင်းထိုးခွဲခံလိုက်ရသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော ကြယ်များက ကျဆင်းပြီး ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်က အင်မော်တယ်နှိမ်နှင်းဓားဖြင့် ဖျက်ဆီးခံလိုက်ရသည်။
“ကြယ်ခူးဆွတ်လက်”
ဆူဇီမိုက စိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်၏ အကန့်အသတ်မဲ့သော ကြယ်နယ်မြေကိုအသုံးချကာ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်။
ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်၏ လွှမ်းခြုံမှုအောက်မှာ ကြယ်ခူးဆွတ်လက်သည် အဆုံးမဲ့ကြယ်အလင်းရောင်များကို သိပ်သည်းကျစ်လစ်စေပြီး ၎င်း၏ စွမ်းအားက ဆပွားမြင့်တက်လာခဲ့သည်။
“အားနည်းလွန်းတယ်”
ယွင်ထင်က သူ၏ ခေါင်းကို နောက်တစ်ဖန်ခါယမ်းပြီး သူ၏ နောက်ဘက်မှာရှိသော အင်မော်တယ်နှိမ်နှင်းဓားကို လှုပ်ရှားစေကာ ကြယ်ခူးဆွတ်လက်ကို ချက်ချင်းပင် နှစ်ပိုင်းထိုးခွဲလိုက်သည်။
အင်မော်တယ်နှိမ်နှင်းဓား၏ ထက်ရှမှုဖြတ်သွားရာနေရာတိုင်းမှာ ၎င်းသည် အရာရာတိုင်းကို ခုတ်ပိုင်းဖျက်ဆီးနိုင်လေသည်။
“ဆူဇီမို... အရှုံးကို ဝန်ခံလိုက်တော့”
ယွင်ထင်က သူ၏ လက်ကို နောက်ပစ်ပြီး သူ့မှာ မောက်မာဝင့်ကြွားသော အမူအရာတစ်ခုရှိနေသည်။
အင်မော်တယ်နှိမ်နှင်းဓားက သူ၏ ရှေ့မှာရစ်ဝဲနေပြီး အချိန်မရွေးခုတ်ပိုင်းကျဆင်းလာနိုင်သည်။
ဆူဇီမိုက မည်သည့်စကားမှမဆိုဘဲ မျက်ခုံးအနည်းငယ်ပင့်ကြည့်လိုက်သည်။
ယွင်ထင်က ပြောလိုက်လေသည်။
“မင်းက မချင့်မရဲနဲ့ မကျေမနပ်ခံစားနေရမယ်ဆိုတာ ငါသိတယ်... ဒါပေမဲ့ ဒါက အမှန်တရားပဲ... အင်မော်တယ်နှိမ်နှင်းဓားကို ရှုံးနိမ့်ရတာ ဘာမှရှက်စရာမရှိဘူး”
“တကယ်တော့... ဒီနေ့ငါနိုင်ခဲ့မယ်ဆိုရင်တောင် ငါက မင်းကိုအထင်အမြင်သေးမှာမဟုတ်ဘူး”
“ကျင့်ကြံမှုနယ်ပယ်တူမှာ မင်းတစ်ယောက်ကိုပဲ ငါတန်ဖိုးထားတယ်... မင်းကြောင့်ပဲ ငါကပိုပြီးတော့ သန်မာလာခဲ့တာ... မင်းနောက်ပိုင်းငါ့ကိုစိန်ခေါ်ချင်တယ်ဆိုရင် မင်းငါ့ဆီကို အချိန်မရွေးလာခဲ့လို့ရတယ်”
“ပကတိဧကနယ်ပယ်ကိုဝင်ရောက်ပြီးရင် မင်းငါ့နောက်မှာသိပ်ပြီး ပြတ်မကျန်ခဲ့စေနဲ့”
သူ၏ မျိုးဆက်သွေးနယ်မြေ အင်မော်တယ်နှိမ်နှင်းဓားကိုမှီခိုရင်း ယွင်ထင်က ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ လျှောက်လှမ်းကာ သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး အောင်နိုင်သူတစ်ယောက်လို ပြောဆိုနေလေသည်။
သို့သော်လည်း ထိုစကားလုံးများသည် လက်ရှိကျင့်ကြံသူများအတွက် ယုတ္တိတန်နေသည်။
ယွင်ထင်ကို ရှုံးနိမ့်ရခြင်းက ရှက်စရာမရှိပေ။
ချင်ကူနှင့် ကျုံးဖေးယွီတို့နှစ်ယောက်စလုံးက ပြုံးနေကြသည်။
ယွင်ထင်နှင့် ဆူဇီမိုသည် နှစ်ဦးနှစ်ဖက်ပျက်စီးထိခိုက်သောရလဒ်ဖြင့် အဆုံးမသတ်သွားသော်လည်း သူတို့နှစ်ယောက်စလုံးက သူတို့၏ ဝှက်ဖဲအများစုကို ထုတ်ဖော်ခဲ့ကြပြီးပြီဖြစ်သည်။
ဤတိုက်ပွဲပြီးဆုံးသွားသည်နှင့် သူတို့၏ အခွင့်အရေးက ရောက်ရှိလာပေလိမ့်မည်။
ရုတ်တရက် ဆူဇီမိုက ရယ်မောပြီး အနိုင်ရဖို့ယုံကြည်မှုရှိနေသောယွင်ထင်ကို ကြည့်ကာ ပြုံး၍ပြောလိုက်သည်။
“တစ်ပိုင်းတစ်ပျက်မျိုးဆက်သွေးနယ်မြေတစ်ခုလောက်နဲ့ ငါ့ကိုဖိနှိမ်နိုင်မယ်လို့ထင်ရအောင် အဲဒီယုံကြည်မှု မင်းကိုဘယ်သူပေးထားတာလဲ”