အခြားသူများ၏ အမြတ်ထုတ်မှု
Vol. 172 Ch. 2580
ယွင်ထင်သည် ဆူဇီမို၏ ခေါင်းသုံးလုံးလက်ခြောက်ဖက်ဖြင့် အဆက်မပြတ်တိုက်ခိုက်ခံနေခဲ့ရသည်။ တဖြည်းဖြည်း သူက အဲဒါကို တောင့်မခံနိုင်တော့ဘဲ အသည်းအသန်ရုန်းကန်လာရသည်။
ယခုဆူဇီမိုသည် နောက်ထပ်ကမ္ဘာဦးခန္ဓာတစ်ခုကို ဆင့်ခေါ်လိုက်သည်ဆိုတော့...။
ဤတစ်ခေါက်မှာ ယွင်ထင်သည် ဆူဇီမိုလေးယောက်ကို ရင်ဆိုင်နေရခြင်းနှင့်တူနေသည်။
“မင်း အဲဒါတော့ အရမ်းများသွားပြီ”
ယွင်ထင်၏ မျက်နှာက ညိုမည်းလာပြီး သူက ကြိတ်၍ကျိန်ဆဲလိုက်၏။
ထိုအခိုက်အတန့်မှာ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့သည်။
ယနေ့မှစ၍ သူသည် အန္တိမနတ်ဘုရားစွမ်းအား ခေါင်းသုံးလုံးလက်ခြောက်ဖက်ကို သေချာပေါက်ကျင့်ကြံပေတော့မည်။
ကမ္ဘာဦးခန္ဓာကို စုဖွဲ့လိုက်သောအခါ ၎င်းသည် တဗူးနဂါးဖီးနစ်၏ ပုံစံကိုယူပြီး ဆူဇီမို၏ ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့်အတူ ယွင်ထင်ကို ပူးပေါင်းတိုက်ခိုက်လာခဲ့သည်။
ယွင်ထင်အပေါ်ဖိအားက သိသိသာသာပိုတိုးလာသည်။
တဗူးနဂါးဖီးနစ်၏ လက်ထဲမှာ မည်သည့်နတ်ဘုရားလက်နက်မှ မရှိသော်လည်း ၎င်းသည် မည်သို့ပင်ဆိုစေ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက စုဖွဲ့ထားသည့် ကမ္ဘာဦးခန္ဓာဖြစ်ပြီး အလွန်တရာသန်မာလေသည်။
မည်သည့်ထိုးချက်ကန်ချက်မဆို ယွင်ထင်အပေါ် သိသိသာသာပျက်စီးထိခိုက်စေသည်။ သို့သော်လည်း သူက အံကိုတင်းတင်းကြိတ်ပြီး အရှုံးပေးဖို့ကို ငြင်းဆန်နေ၏။
ဆူဇီမိုအနေဖြင့် ခေါင်းသုံးလုံးလက်ခြောက်ဖက်ကိုသုံးပြီး ဤကဲ့သို့ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်ဖို့အတွက် အားအင်ကြီးမားစွာသုံးစွဲရပေလိမ့်မည်။ သူသည်လည်းပဲ သိပ်ကြာကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
လူတစ်ယောက်သည် အထွတ်အထိပ်ကိုရောက်ပြီးလျှင် သေချာပေါက်ကျဆင်းလာမည်ဟု ဆိုကြလေသည်။
သူ၏ သန်မာသောကိုယ်ကာယနှင့် သန်မာသောဓားသွေးအပေါ်မှီခိုပြီး ယွင်ထင်သည် အံကိုတင်းတင်းကြိတ်ကာ တောင့်ခံနေ၏။ ဆူဇီမို၏ ခွန်အား ကုန်ခန်းလာသည်နှင့် သူက တန်ပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို စောင့်မျှော်နေသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ယွင်ထင်သည် စိတ်ပျက်အားငယ်မှုကို ပို၍တိုးစွာခံစားလာရသည်။
ငါးမိနစ်ကြာပြီးနောက် ဆူဇီမို၏ တိုက်ခိုက်မှုများက အားပျော့မသွားပေ။ ထိုအစား သူတို့က ပို၍ပင်ပြင်းထန်ကြမ်းတမ်းလာပြီး သူ၏ အော်ရာက သိပ်သည်းစုဖွဲ့ကာ သူ၏ ခွန်အားက မြင့်တက်လာလေသည်။
ယွင်ထင်သည် အသည်းအသန်ခုခံနေရပြီး သူက ဆက်လက်၍တောင့်မခံနိုင်တော့ဟု ခံစားလာရသည်။ သူ၏ ခေါင်းထဲက ချာချာလည်၍ သူ၏ အမြင်အာရုံက ဝေဝါးလာခဲ့သည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်ပတ်သက်သည့် အသန်မာဆုံး အချက်သည် ၎င်း၏ သက်လုံအားဖြစ်သည်ဆိုတာကို ယွင်ထင်က မသိရှိပေ။ ဆူဇီမိုသည် ငါးမိနစ်မျှမပြောနှင့် နောက်ထပ်နာရီဝက် တစ်နာရီပင် ဤကဲ့သို့သောပုံစံဖြင့် ဆက်လက်တိုက်ခိုက်နိုင်လေသည်။
“အဲဒါက အရမ်းကိုဆိုးဆိုးဝါးဝါးဖြစ်လွန်းမနေဘူးလား”
“ဘာပဲပြောပြော အဲဒါက လေးယောက်တစ်ယောက်တိုက်ခိုက်နေရသလိုပဲ... လက်သီးနှစ်ဖက်က လက်လေးဖက်ကို မယှဥ်နိုင်ဘူးတဲ့... အဲဒါက ယွင်ထင်ရဲ့အမှားတော့မဟုတ်ဘူး”
“အဲဒါ ဂျူနီယာတစ်ယောက် ဆုံးမခံနေရတာနဲ့တူတယ်လို့ ငါဘာလို့ခံစားနေရပါလိမ့်”
ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ကျင့်ကြံသူပေါင်းများစွာက ထိုမြင်ကွင်းကိုကြည့်ပြီး ကြောင်အ,မှင်တက်နေကြသည်။
တိုက်ပွဲ၏ အဆုံးသတ်မှာ ဤကဲ့သို့သောအခြေအနေတစ်ရပ်ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ပေါ်ရှိ အဆင့်-၁ ယွင်ထင်သည် ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ ဆူဇီမို၏ ချောင်ပိတ်ခြင်းခံရပြီး တုံ့ပြန်တိုက်ခိုက်ဖို့ မည်သည့်အခွင့်အရေးမှမရဘဲ ဆိုးဆိုးဝါးဝါးရိုက်နှက်ခံနေရသည်။
ကျိရွှမ်အင်မော်တယ်နိုင်ငံဘက်မှာ ယွင်ကျူးက ရုတ်တရက်ရယ်မောလိုက်၏။
ယွင်ထင်က ရှုံးနိမ့်တော့မည်ကို မိုချင်တွေ့မြင်သောအခါ သူမက ယွင်ကျူးကို စိုးရိမ်ပူပန်နေပြီး သူမကို မကြာမကြာလှည့်ကြည့်နေ၏။
“အစ်မ... နင်အဆင်ပြေရဲ့လား”
ထိုအခိုက်အတန့်မှာ ယွင်ကျူးက စိတ်ကောင်းဝင်နေသည့်အလား ရယ်ပြုံးနေသည်ကို တွေ့ရသောအခါ သူမက ဝေခွဲမရဖြစ်သွားပြီး စိုးရိမ်ပူပန်စွာမေးလိုက်သည်။
“အင်း... ငါသိပ်အဆင်ပြေတာပေါ့”
ယွင်ကျူးက ပြုံး၍ခေါင်းညိတ်ပြလိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် သူမကပြောလိုက်သည်။
“ယွင်ထင်... ရှုံးသွားတာလဲ ကောင်းတာပဲ... ပိုကောင်းတဲ့တစ်ယောက်ယောက်က အမြဲတမ်းရှိတယ်ဆိုတာ သူသိသွားဖို့ အဲဒါသင်ခန်းစာတစ်ခုပဲ”
“အင်း...”
မိုချင်ကလည်း ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။
“တကယ်တော့ အဲဒါက ဂျူနီယာမောင်ဆူအတွက်လည်း မမျှတတဲ့နိုင်ပွဲတစ်ခုပဲ... သူ့မှာ ခေါင်းသုံးလုံးလက်ခြောက်ဖက်နဲ့ ကိုယ်ပွားတစ်ခုရှိနေတယ်... သူက သက်သက်အနိုင်ကျင့်နေတာပဲ”
ထိုစကားလုံးများသည် ယွင်ကျူးကို နှစ်သိမ့်ပေးဖို့အတွက် ကြားကောင်းအောင် နှစ်သိမ့်ပေးခြင်းမျှသာဖြစ်သည်။
သို့သော်လည်း ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများစွာသည် ထိုစကားကိုကြားသောအခါ ထပ်တလဲလဲခေါင်းညိတ်လိုက်ကြသည်။
ကျင့်ကြံသူအချို့က မချင့်မရဲဖြစ်နေပြီး မင်းသားယွင်ထင်ရှုံးနိမ့်တော့မည့်အချက်ကို လက်မခံလိုဘဲ ပြောလိုက်ကြသည်။
“အဲဒါအမှန်ပဲ...တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ကြမယ်ဆိုရင် မင်းသားယွင်ထင်က ဆူဇီမိုကို သေချာပေါက်အနိုင်ယူနိုင်လိမ့်မယ်”
ယွင်ကျူးက မှင်သေသေဖြင့်ပြောလိုက်သည်။
“ခေါင်းသုံးလုံးလက်ခြောက်ဖက်ပဲဖြစ်ဖြစ် ကမ္ဘာဦးခန္ဓာပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက သူ့ရဲ့ဝှက်ဖဲတွေပဲ... သူက သူ့ရဲ့ဝှက်ဖဲတွေကို သူစိတ်ရှိသလို ထုတ်ဖော်နိုင်တာပေါ့”
“ယွင်ထင်သာတတ်နိုင်မယ်ဆိုရင် သူက ကိုယ်ပွားတစ်ရာကိုဆင့်ခေါ်နိုင်မယ်ဆိုရင် ဆင့်ခေါ်လို့ရတာပဲ”
ထိုစကားကိုကြားသောအခါ ကျိရွှမ်းအင်မော်တယ်နိုင်ငံမှလူတိုင်းသည် ထိုအချက်ကို လက်မခံလိုသော်လည်း လူတိုင်းသည် ထပ်မံ၍ စောဒကတက်ရဲခြင်းမရှိတော့ပေ။
ယွင်ကျူးက ဧရာမကျောက်ဖျာတိုက်ပွဲမြေမှ လူနှစ်ယောက်ကိုကြည့်ပြီး စိတ်လက်ပေါ့ပါးသောအမူအရာရှိနေသည်။
သူမသည် ဤမျှအထိဝမ်းသာပျော်ရွှင်နေခြင်းမှာ ထွက်ပေါ်လာတော့မည်ဖြစ်သော သူတို့နှစ်ယောက်ကြားတိုက်ပွဲ၏ ရလဒ်ကြောင့် မဟုတ်ပေ။
ပြိုင်စံရှားနှစ်ယောက်ကြား ဤတိုက်ပွဲမှာ မည်သူအနိုင်ရရှိသည်ဖြစ်စေ သူမက လက်ခံနိုင်လေသည်။
သူမစိုးရိမ်ပူပန်သည့် တစ်ခုတည်းသောအရာမှာ သူတို့နှစ်ယောက်က ထိခိုက်ဒဏ်ရာရရှိသွားမှာ သို့မဟုတ် တစ်ယောက်ယောက်သေဆုံးသွားမှာကိုဖြစ်သည်။
ယခုအခါမှသာသူမက ဟင်းချနိုင်သွားခဲ့သည်။
တကယ်တော့ သူတို့နှစ်ယောက်သည် ဤတိုက်ပွဲမှာ ထိန်ချန်ထားပြီး အသေအကြေ မတိုက်ခိုက်ကြသောကြောင့်လည်းဖြစ်သည်။
သူတို့နှစ်ယောက်မှာ အလိုက်တသိနားလည်မှုတစ်ခုရှိနေပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို အသုံးမပြုခဲ့ကြပေ။
ဒါ့အပြင် ဆူဇီမိုဖြစ်စေ၊ ယွင်ထင်ဖြစ်စေ သူတို့နှစ်ယောက်စလုံးက သူတို့၏ ခွန်အားကို ထိန်းချုပ်ထားကြသည်။
မဟုတ်ပါက ယွင်ထင်သည် ရှုံးနိမ့်နေခဲ့သည်မှာ ကြာခဲ့လေပြီ။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများနှင့်မတူဘဲ တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ချင်ကူနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကျုံးဖေးယွီက တိတ်တဆိတ်ကျေနပ်သဘောကျနေ၏။
သူတို့နှစ်ယောက်က ဆက်လက်တိုက်ခိုက်လေလေ သူတို့၏ စွမ်းအင်များက ကုန်ဆုံးလေလေဖြစ်ပြီး အဲဒါက သူတို့အတွက် ပို၍အကျိုးရှိမည်ဖြစ်သောကြောင့်ပင်။
ဧရာမကျောက်ဖျာတိုက်ပွဲမြေမှာ...။
“မရတော့ဘူး... ငါထပ်ပြီး မရတော့ဘူး”
ထောင့်တစ်နေရာမှာ ငါးမိနစ်ကြာအောင် ဆူဇီမို၏ ထိုးကြိတ်ရိုက်နှက်ခြင်းခံနေရသည့် ယွင်ထင်က ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ မောဟိုက်စွာဖြင့် အော်ပြောလိုက်သည်။
ဆူဇီမိုက ယွင်ထင်၏ အသံကိုကြားသောအခါ သူကဆက်လက်၍မတိုက်ခိုက်တော့ဘဲ နောက်သို့ ဖျတ်ခနဲခုန်ဆုတ်လိုက်၏။
ယွင်ထင်က ချွေးများဖြင့်စိုရွှဲနေ၏။ သူက လူပေါင်းများစွာစောင့်ကြည့်နေသည်ကို ဂရုမစိုက်တော့ဘဲ မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်လှဲချကာ သည်းထန်စွာမောဟိုက်နေလေသည်။
သူ၏ ခန္ဓာကိုယ်မှာ သိသာထင်ရှားသော မည်သည့်ဒဏ်ရာမှမရှိပေ။ သို့သော်လည်း သူသည် ဆူဇီမို၏ ခေါင်းသုံးလုံးးလက်ခြောက်ဖက်နှင့် ကမ္ဘာခန္ဓာ၏ ထိုးကြိတ်မှုများကြောင့် သူ၏ တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲကာ ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။
ယွင်ထင်သည် သူ၏ သိုလှောင်အိတ်ထဲကနေ ဆေးလုံးလက်တစ်ဆုပ်စာကိုထုတ်ယူပြီး သူတို့ကိုမျိုချကာ ဆေးအာနိသင်ကိုစုပ်ယူဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။
ကမ္ဘာဦးခန္ဓာကလည်း ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ တဖြည်းဖြည်းပျက်ပြယ်သွားသည်။
ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆူဇီမို၏ အသိစိတ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ခေါင်းသုံးလုံးလက်ခြောက်ဖက်ကလည်း ပျက်ပြယ်သွားလေသည်။
တကယ်တော့... ဆူဇီမိုသည် သူ၏ အန္တိမနတ်ဘုရားစွမ်းအားကို ဆက်လက်၍ ထိန်းမထားနိုင်တော့ပေ။
အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားနှင့် ခေါင်းသုံးလုံးလက်ခြောက်ဖက်မရှိဘဲ သူ၏ ခွန်အားက သိသိသာသာအားနည်းသွားလေသည်။
သို့သော်လည်း ယွင်ထင်သည် တကယ်ပင် ဆက်လက်၍တောင့်မခံနိုင်တော့ပေ။
ဒါ့အပြင် ဆူဇီမိုသည် စောစောက သူ၏ ခွန်အားကုန်ဖြင့် တိုက်ခိုက်ခဲ့မည်ဆိုပါက သူသည် ယခုအချိန်ထိပင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ဘူးဆိုတာ ယွင်ထင်က သိလေသည်။
ဧရာမကျောက်ဖျာတိုက်ပွဲမြေပေါ်မှာ..။
သူတို့ထဲမှတစ်ယောက်က အစိမ်းရောင်ဝတ်စုံကိုဝတ်ပြီး ပုံမှန်အသားအရေဖြင့် တည်ငြိမ်ကာဣန္ဒြေရနေ၏။
အခြားတစ်ယောက်ကတော့ မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်လဲကျပြီး ချွေးများစိုရွှဲကာ မောဟိုက်နေလေသည်။
အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
“သူနိုင်သွားပြီပဲ”
ယန်ယန်းအင်မော်တယ်နိုင်ငံမှ ရှဲ့ချင်းချန်က သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး စိတ်လှုပ်ရှားတက်ကြွစွာ ပြောလိုက်သည်။
“ညီကိုဆူက ဒီတစ်ခေါက် ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတစ်ဖြစ်လာတော့မှာပဲ”
သူက ဆူဇီမိုအတွက် တကယ်ကိုဝမ်းသာပျော်ရွှင်မိလေသည်။
လေ့ရွှမ်၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ဆူဇီမိုက ယွင်ထင်ကို အနိုင်ရခဲ့တယ်... ဒါပေမဲ့ သူက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်တော့ဖြစ်ချင်မှဖြစ်လိမ့်မယ်”
“ခင်ဗျားဘာလို့အဲလိုပြောတာလဲ”
ရှဲ့ချင်းချန်က မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
လေ့ရွှမ်၏ အကြည့်က မလှမ်းမကမ်းမှာ စိတ်အားထက်သန်နေသော ချင်ကူနှင့် ကျုံးဖေးယွီပေါ် ရောက်ရှိသွားသည်။
“ဟိုနှစ်ယောက်က သေချာပေါက်လက်လျှော့မှာမဟုတ်ဘူး”
“သူတို့တွေက ညီကိုဆူကို စိန်ခေါ်ကြဦးမလို့လား”
ရှဲ့ချင်းချန်က ရင်ထဲမှာနင့်ခနဲဖြစ်သွားသည်။
“ညီကိုဆူက ဒီတိုက်ပွဲမှာ စွမ်းအင်အတော်များများကို သုံးစွဲခဲ့ရပြီး သူ့ရဲ့ဝှက်ဖဲတွေအားလုံးကိုလည်း သုံးပြီးခဲ့ပြီးပြီ... သူတို့နှစ်ယောက်က ဘာသဘောလဲ သူတို့တွေက အခြေအနေပေါ် အမြတ်ထုတ်ဖို့ကြိုးစားချင်ကြတာလား”
လေ့ရွှမ်က အတော်လေးတည်ငြိမ်နေပြီး ဝေဖန်ဆန်းစစ်ပြလိုက်သည်။
“ဆူဇီမိုနဲ့ယွင်ထင်ကြားတိုက်ပွဲက အစကတည်းက စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ထားတဲ့တိုက်ပွဲတစ်ခုပဲ... ဂမ္ဘီရမိုးကောင်းကင်နန်းတော်က အဲဒါကို လက်ခံထားပေမဲ့ သူတို့တွေက အဲဒီတိုက်ပွဲကို အတိအကျသဘောတူထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာ မရှိဘူး”
“စည်းမျဥ်းစည်းကမ်းအရဆို ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကို ရယူဖို့ဆို အဆင့်သတ်မှတ်ချက်တိုက်ပွဲအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး အများသူငှာကို လက်ခံယုံကြည်စေနိုင်ရမယ်”
“ချင်ကူနဲ့ ကျုံးဖေးယွီက အဲဒီအချက်ကိုထောက်ပြီး မရမကပြောဆိုလာမယ်ဆိုရင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ဘာမှပြောနိုင်မှာမဟုတ်ဘူး... သူတို့တွေက ဆူဇီမိုနဲ့ ယွင်ထင်အတွက်နဲ့ နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက် စည်းမျဥ်းစည်းကမ်းတွေကို ရုပ်သိမ်းလိုက်မှာ မဟုတ်ဘူး”
ရှဲ့ချင်းချန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“အဲဒါကိုဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုခုရှိမလား”
လေ့ရွှမ်က သူ၏ ခေါင်းကိုခါပြီး ညင်သာစွာသက်ပြင်းချလိုက်သည်။
“သူတို့နှစ်ယောက်ကြားတိုက်ပွဲရဲ့ရလဒ်က ထွက်ပေါ်လာခဲ့ပေမယ့် တခြားသူတွေက အဲဒီကနေ အမြတ်ထုတ်ကြတော့မယ်... အာ”
“အဲဒီကနေအမြတ်ထုတ်ဖို့လား”
ထိုစဥ်မှာပင် ရှဲ့လင်က လေးနက်သောအဓိပ္ပါယ်တစ်ခုဖြင့် ရုတ်တရက်ပြောလိုက်သည်။
“သူတို့အနေနဲ့ အဲလိုမျိုးအမြတ်ထုတ်ဖို့ မလွယ်ကူမှာကို ငါစိုးမိတယ်။”