အစစ်အမှန်အင်မော်တယ်
Vol. 15 Ch. 202
အခန်း (၂၀၂) အစစ်အမှန်အင်မော်တယ်
မရဏဂူထဲတွင် ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
ထို့နောက် ညစ်နွမ်းသည့်လေပူများကို ပါးစပ်မှတစ်ဆင့် ရှူထုတ်လိုက်၏။
သူ ကျင့်ကြံခဲ့သည်မှာ နှစ်ပေါင်း (၂၅၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နဂါးများ လာရောက်စိန်ခေါ်မည့်သတင်းကို သိရှိခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူသည်လည်း လူသားအင်မော်တယ်အဆင့် အောင်မြင်ခဲ့ပြီဖြစ်လေရာ ရင်ဆိုင်ရန် အဆင်သင့်ဖြစ်ပြီဟု ဆိုရမည်။
အရင်ကထက် ပိုမိုစွမ်းအားမြင့်မားလာခြင်းမရှိသော်လည်း အရင်ကထက်ပိုမိုတည်ငြိမ်လာသည်။ ယခုဆိုလျှင် အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ရန် ပိုမိုသင့်တော်သည့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့နောက် ကျန်းလန်က လက်ဖဝါးကိုဖြန့်လိုက်ရာ လက်ဖဝါးထက်တွင် အနီရောင်ဆေးလုံးတစ်လုံး ပေါ်လာ၏။ ထိုဆေးလုံး အမတသွေးပြဒါးဆေးလုံး ဖြစ်သည်။
တစ်ချက်တုံ့ဆိုင်းမနေဘဲ ကျန်းလန်က ဆေးလုံးကို ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ဆေးလုံးမှ စွမ်းအားများက ချက်ချင်းပင် ကျန်းလန်၏ သွေးကြောများအတွင်း ပျော်ဝင်ပေါင်းစပ်သွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်လုံးပမာ တဟုန်းဟုန်းလောင်ကျွမ်းနေပြီး အစိတ်အစိတ်အမွှာမွှာ ကြေမွသွားတော့မည့်အလား ခံစားလိုက်ရသည်။
သူ၏ ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ လဲပြိုကျတော့မည့်အလား ဖြစ်ရလေသည်။
သူ၏ သွေးကြောဆုံချက်များတွင် ကြီးမားလှသည့် ဖိအားများက လှိုင်းလုံးကြီးများပမာ မြင့်တက်လာသည်။ ထိုခဏမှာပင် သူ သေလုနီးပြီဟု ခံစားလိုက်ရသည်။
ဤသည်က အစစ်အမှန်အင်မော်တယ်ဖြစ်ရန်အတွက် နောက်ဆုံး အတားအဆီး ဖြစ်၏။ ထိုနောက်ဆုံးအတားအဆီးကိုပင် လူသားအင်မော်တယ်များစွာ ရင်မဆိုင်ရဲကြခြင်း ဖြစ်သည်။
ထိုအတားအဆီးကို ခံနိုင်ရည်ရှိမည်ဆိုပါက လူသားခန္ဓာမှ အင်မော်တယ်ခန္ဓာသို့ ပြောင်းလဲသွားပြီး ပျက်သုန်းတစ်စပြင်လောကကြီးတွင် အစစ်အမှန်အင်မော်တယ်တစ်ပါးအဖြစ် ရပ်တည်နိုင်ပေလိမ့်မည်။
အဆုံးဆုံးအချက်မှာ ခန္ဓာကိုယ်ပျက်စီးပြီး သေခြင်းတရားကို ရင်ဆိုင်ရမည့်အချက် ဖြစ်သည်။
လူသားအင်မော်တယ်အဆင့်ဆိုသည်က အစစ်အမှန်အင်မော်တယ်အဆင့်ဖြင့် အလွန်နီးကပ်သည်။ မူလဝိညာဉ်အဆင့်နှင့် မရှိမှုအာကာသအဆင့် နီးကပ်ခြင်းထက်ပင် ပိုမိုနီးကပ်သည်ဟု ဆိုနိုင်သည်။
သို့သော် ကျင့်ကြံခြင်းအဆင့်တက်ရန်ကတော့ အဆပေါင်းတစ်ထောင်မက ခက်ခဲသည်။
ကျန်းလန် မရဏဂူထဲတွင့် ကျင့်ကြံနေသည်မှာ အချိန်အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူ၏ သွေးကြောနေရာတိုင်းနှင့် သူ၏ ခန္ဓာကိုယ်နေရာလပ်မကျန် ပြင်းထန်သည့်စွမ်းအားများနှင့်ပြည့်နက်နေပြီး သူ့ကို တစ်စစီဆွဲဖြဲရန် ကြိုးစားနေကြသည်။
သူ၏ ရုပ်ခန္ဓာတည်ငြိမ်စေရန် တန်ခိုးစွမ်းအားများကို ထိန်းချုပ်ပြီး သွေးကြောများ တစ်စစီပေါက်ပြဲမသွားအောင် ကာကွယ်ထားရသည်။
သွေးကြောတစ်မျှင်အက်ကွဲသွားသည်နှင့် ကျရှုံးခြင်းဆီသို့ ဦးတည်ပေလိမ့်မည်။
ကျန်းလန်က သူ၏တန်ခိုးစွမ်းအားများကို အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါက အဆင့်တက်ရန်အတွက် ဤမျှလျှင်လျှင်မြန်မြန် ရွေးခြယ်မည် မဟုတ်ပေ။
သာမန်ဆိုလျှင် လူသားအင်မော်တယ်တစ်ပါး အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရန် နှစ်ပေါင်း (၄၀၀)ခန့် အချိန်ယူရသည်။
ကျန်းလန်ကတော့ နှစ်ပါင်း (၅၀)သာ အချိန်ယူခဲ့လေရာ သာမန်ထက်ကျော်လွန်သည်ဟု ဆိုနိုင်သည်။
ဤနှစ်များအတွင်း ကျန်းလန် မရဏဂူထဲမှ အပြင်သို့ လုံး၀ ထွက်မလာခဲ့ပေ။ သူ နိုးထမလာတော့ဘဲ အဆက်မပြတ် ကျင့်ကြံနေခဲ့သည်။
အရင်အချိန်များထက်ပိုပြီး ယခုတစ်ကြိမ်က ပိုမိုအာရုံစိုက်ရသည်။ ခြေတစ်လှမ်းမှားသည်နှင့် ကျရှုံးနိုင်ခြေများသည် မဟုတ်ပါလား။
ရှောင်ယွိ လာရောက်လည်ပတ်သည့်တိုင် ကျန်းလန် ထွက်တွေ့နိုင်ခြင်း မရှိပေ။ သို့သော် ရှောင်ယွိကလည်း ကျန်းလန်ကို အပြစ်မတင်ပေ။
အမတသွေးပြဒါးဆေးလုံးကို မသောက်မီ တံခါးပိတ်ကျင့်ကြံမည်ဟု ကျန်းလန်က သူမကို အသိပေးထားခဲ့သည်။
အများအမြင်တွင်တော့ ကျန်းလန်က မူလဝိညာဉ် ၊ နောက်ဆုံးအဆင့်သို့တက်ရောက်ရန် အပြင်းအထန်ကျင့်ကြံနေသည်ဟု ထင်မှတ်ပေလိမ့်မည်။
ရှောင်ယွိကလည်း ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို အပေါ်ယံသာ သိရှိထားခြင်း ဖြစ်သည်။ သူမက မရှိမှုအာကာသ ၊ အလယ်ဆင့် ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျန်းလန်ကို အားနာသည့်အတွက် ကျင့်ကြံခြင်းအဆင့်ပင် ဖုံးကွယ်ထားခဲ့သည်။
………
ထိုသို့ဖြင့် အချိန် (၅)နှစ် ကုန်ဆုံးသွားခဲ့လေသည်။
ယခုနှစ်တွင် ကျန်းလန် နဝမတောင်ထွတ်သို့ ရောက်ရှိသည်မှာ (၂၆၃)နှစ် ပြည့်ပြီ ဖြစ်၏။
ထိုနှစ်မှာပင်…
ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်လျှက် ရှိသည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးမှ အင်မော်တယ်စွမ်းအားများ ထုတ်လွှတ်လျှက် ရှိသည်။
ပြင်းထန်လှသည့် တန်ခိုးစွမ်းအားများက ကျန်းလန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပျံဝဲထွက်ပေါ်လျှက် ရှိသည်။
သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က မူလဝိညာဉ်နှင့် တစ်သားတည်းပေါင်းစပ်သွားသည့်အခါ အင်မော်တယ်စွမ်းအားအနှစ်သာရများ ထွက်ပေါ်လာမည် ဖြစ်သည်။
ထိုအခါ လူသားခန္ဓာကိုယ်ကို ထားရစ်ခဲ့ပြီး အင်မော်တယ်ခန္ဓာ ရရှိမည် ဖြစ်သည်။
ပြောင်းလဲမှုများအားလုံးကို ခံစားသိရှိပြီးနောက် ကျန်းလန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထို့နောက် တန်ခိုးစွမ်းအားများ တဖြည်းဖြည်းလျော့ကျသွားပြီး အင်မော်တယ်စွမ်းအားများလည်း ပျောက်ကွယ်စပြုလာသည်။
သူ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။
ကျန်းလန် သူ့လက်များကို ငုံ့ကြည့်လိုက်သည်။
သူ ခွန်လွန်တောင်သို့ စတင်ဝင်ရောက်ခဲ့စဉ်က အင်မော်တယ်တစ်ပါးဖြစ်လာရန် ရည်ရွယ်ချက်ထားခဲ့သည်။ လူသားအင်မော်တယ်ဖြစ်လာပြီးနောက် အစစ်အမှန်အင်မော်တယ်ဖြစ်ရန် လိုအပ်သေးကြောင်း နားလည်လာခဲ့သည်။
ယနေ့တော့ သူ အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်နိုင်ခဲ့ပြီ။
လူသားအင်မော်တယ်နှင့် အစစ်အမှန်အင်မော်တယ်ကြား အခြေခံခြားနားချက်မှာ ရုပ်ခန္ဓာ ဖြစ်၏။ လူသားအင်မော်တယ်အဆင့်တွင် သူ၏ ခန္ဓာကိုယ်က အင်မော်တယ်စွမ်းအားများကို အပြည့်အ၀ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
လူသားအင်မော်တယ်များအတွက် အင်မော်တယ်စွမ်းအားများ အသုံးပြုရာတွင် မရေမတွက်နိုင်သည့် အတားအဆီးများကို ရင်ဆိုင်ရလေ့ ရှိသည်။
အစစ်အမှန်အင်မော်တယ်ဖြစ်းနောက် အင်မော်တယ်စွမ်းအားများကို အကန့်အသတ်မရှိ လွတ်လပ်စွာ အသုံးပြုနိုင်ပြီ ဖြစ်သည်။
ထို့ကြောင့်ပင် လူသားအင်မော်တယ်အဆင့်နှင့် အစစ်အမှန်အင်မော်တယ်အဆင့်ဆိုသည်က ကမ္ဘာခြားသည့်အလား ကွာခြားသည်ဟု ဆိုနိုင်သည်။
ကျန်းလန်အနေဖြင့် နှစ်ပေါင်း (၂၀၀)ကျော်တွင် အစစ်အမှန်အင်မော်တယ်ဖြစ်လာခြင်းမှာ အမှန်တကယ်ပင် အောင်ပွဲခံသင့်သည့်ကိစ္စဖြစ်သည်။
သို့သော် ထိုအကြောင်းကြောင့်တော့ဖြင့် ကျန်းလန် မာန်မတက်ဝံ့သလို ရန်သူများကိုလည်း လျှော့မတွက်ရဲပါချေ။ လောကတွင် ကိုယ့်ထက်သာသူက အမြဲတမ်း ရှိနေမည် ဖြစ်သည်။
အချို့သူများဆိုလျှင် အင်မော်တယ်အဖြစ် မွေးဖွားလာကြသူများ ဖြစ်သည်။ ထိုသူများ၏ တန်ခိုးစွမ်းအားက ကြောက်မက်ဖွယ်ရာ ဖြစ်၏။
ကျန်းလန် မတ်တတ်ထရပ်လိုက်ပြီး မရဏဂူထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သူက အများအမြင်တွင် ရှိရမည့် ကျင့်ကြံခြင်းအဆင့်နှင့် ထိုကျင့်ကြံခြင်းအဆင့်ကိုပင် ထပ်မံဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်များကို ညှိယူပြောင်းလဲလိုက်သည်။
ယခုဆိုလျှင် သူက အများအမြင်တွင် မူလဝိညာဉ် ၊ နောက်ဆုံးအဆင့်ဖြစ်ပြီး တောင်သခင်များနှင့် အကြီးအကဲများကတော့ မူလဝိညာဉ်အဆင့် အောင်မြင်ပြီးသူအဖြစ် သိရှိနိုင်မည် ဖြစ်သည်။
"နဂါးမျိုးနွယ်တွေ ရောက်လာကြတော့မယ်… အဲဒါက…"
ကျန်းလန် ငရဲတံခါးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အနည်းငယ်စိတ်ပူပန်ဟန်ဖြင့် ရေရွတ်လိုက်သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ စတင်များပြားလာပြီ ဖြစ်သည်။ နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်တော့မည် ဖြစ်၏။
မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်းက သူမျှော်လင့်ထားသည်ထက် အနည်းငယ် စောနေခဲ့သည်။ ထိုသို့ဆိုလျှင် နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများ တစ်ချိန်တည်းရောက်လာနိုင်သည်။
နဂါးမျိုးနွယ်များက ခွန်လွန်တောင်ကို နှိမ်နင်းရင်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ကိုက်ရောက်လာခြင်းလည်း ဖြစ်နိုင်သည်။
………………
မရဏဂူရှေ့တွင် ကျန်းလန် ရပ်နေလေသည်။
တောက်ပသည့်နေရောင်ခြည်က သူ့ခန္ဓာကိုယ်ထက် ဖြာကျနေသည်။ သူ နေရောင်ခြည်၏ ထိတွေ့မှုကို မခံစားရသည်မှာ အချိန်အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်သစ်ပင်များက ဆောင်းဦး၏အရောင်ဖြင့် တောက်ပနေသည်။
ယခုက ဆောင်းဦးရာသီဖြစ်၏။
ကောင်းကင်ပြာပြာက ပူပြင်းတောက်လောင်နေခြင်း မရှိသလို တောင်ပေါ်လေအေးများက တဟူးဟူးတိုက်ခတ်လျှက်ရှိသည်။
ကျန်းလန် သူနေထိုင်ရာ ခြံဝန်းဆီသို့ ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ ပြန်လာခဲ့သည်။ ယခုဆိုလျှင် သူ အပြင်မထွက်သည်မှာ အချိန် (၅)နှစ်ပင် ရှိခဲ့ပြီ။
သူ၏ သားရဲဥလေးနှင့် ရေသဖန်းပင်လေးပင် အသက်ရှိသေးရဲ့လား မသိပေ။ ယခင်က ထိုမျှအချိန်ကြာကြာ မနားတမ်း ကျင့်ကြံခဲ့ဖူးခြင်း မရှိပေ။
ခြံဝန်းဆီရောက်သည့်အခါတွင်တော့ ကျန်းလန် အံ့သြထိတ်လန့်စွာဖြင့် ခြေလှမ်းများ တုံ့ခနဲ ရပ်လိုက်မိသည်။
သူနေထိုင်သည့်အိမ်တစ်ခုလုံး ပြိုကျပျက်စီးနေခဲ့ပြီ မဟုတ်ပါလား။
အိမ်အပျက်အစီးများရှေ့တွင်တော့ မိန်းကလေးငယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက ဆံပင်လေးများကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး အင်္ကျီလက်များကိုလည်း ပင့်တင်ထားသည်။
သူမလက်ထဲတွင် အုတ်ခဲတစ်ခဲကိုကိုင်ထားပြီး ထိုအုတ်ခဲကို ကူရာကယ်ရာမဲ့စွာ ကြည့်လျှက်ရှိသည်။
သူမသည်ကား အခြားသူမဟုတ်ပေ။ ရှောင်ယွိပင် ဖြစ်တော့၏။
ခြံဝန်းအတွင်းသို့ တစ်စုံတစ်ယောက် ရောက်လာသည်ကို အာရုံခံမိသည်နှင့် သူမက ချက်ချင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ တစ်ယောက်တည်းကျင့်ကြံရာမှ ပြန်ထွက်လာသည့် သူမ၏ ဂိုဏ်းတူမောင်လေး ကျန်းလန်ကိုတွေ့လိုက်ရသည်။
အိမ်အပျက်အစီးများကို တစ်လှည့် ကျန်းလန်ကိုတစ်လှည့်ကြည့်ရင်း သူမ ရုတ်တရက် ဆွံ့ အ နေ၏။
ပြီးမှ…
"ဟို… အိမ်က သူ့ဟာသူ ပြိုကျတာနော် ဂိုဏ်းတူမောင်လေး… ၊ ကျွန်မလုပ်တာ မဟုတ်ဘူး… ၊ အိမ်က နည်းနည်းပျက်စီးနေလို့ ကျွန်မက စေတနာနဲ့ ပြင်ပေးမလို့လုပ်တာ… ၊ ဒီအိမ်က ကျွန်မပြင်ပေးတာကို လက်မခံချင်ဘူးထင်တယ်… ၊ သူ့ဟာသူ ပြိုကျသွားတယ်…"
"………………"
ကျန်းလန် ဆွံ့အသွားသည်။
ဒါဖြင့် အိမ်ကို တစ်စစီ ဖြိုချလိုက်သူက ဂိုဏ်းတူအစ်မပေါ့။
ကျန်းလန်က အိမ်ကိုပြုပြင်သည့်အချိန်တိုင်း ရှောင်ယွိကို အမြဲခေါ်လေ့ရှိသည်။ ထိုအချိန်တိုင်းလည်း ရှောင်ယွိက ကူညီသလိုနှင့် ဖျက်စီးမှုလေးများ ပြုလုပ်လေ့ ရှိသည်။
သို့သော် ယခုလို အိမ်တစ်ခုလုံး ပြိုကျသည်အထိတော့ မဖြစ်သင့်ဘူး မဟုတ်လား။
ယခုတာ့ ကျန်းလန် နေထိုင်သည့်အိမ်တစ်ခုလုံး ပြိုကျသွားခဲ့ပြီ ဖြစ်သည်။ သို့ပေသိ အိမ်ကလည်း နှစ်ပေါင်း (၁၀၀) ကျော်ပြီဖြစ်ရာ အိုဟောင်းပြီး သက်တမ်းကုန်နေပြီ ဖြစ်သည်။
"ဒါဖြင့်လည်း အသစ်ပြန်ဆောက်ကြတာပေါ့ ဂိုဏ်းတူအစ်မရယ်…"
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။
ကျန်းလန်၏ စကားကြောင့် ရှောင်ယွိ အံ့အားသင့်သွား၏။ ကျန်းလန်က သူမကို တစ်စက်လေးပင် အပြစ်မဆိုဘူးလား။
ထို့နောက် သူမက ပြုံးလိုက်ပြီး…
"ကောင်းပြီ…"
ပြောပြီးသည်နှင့် သူမက လက်ထဲတွင်ကိုင်ထားသည့် အုတ်ခဲကို မြေပြင်ထက် ပစ်ချလိုက်သည်။
ထို့နောက် ကျန်းလန်နှင့် ရှောင်ယွိတို့ ပျော်ပျော်ရွှင်ရွှင်ပင် အိမ်ကို အတူတူ ပြန်ဆောက်ကြလေသည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး… အိမ်ကို ကျွန်မစိတ်ကြိုက်ဆောက်လို့ရမလား…"
ကျန်းလန်က သဘောမတူဘဲ ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
"မဖြစ်ဘူး… မြန်မြန်ပြိုကျသွားလိမ့်မယ်…"
"ဒါဖြင့် ခြံဝန်းထဲမှ ရေကန်ဆောက်လို့ရော ရမလား…"
ရှောင်ယွိက မေးလိုက်ပြန်သည်။
"မဖြစ်ဘူး… စီးဆင်းနေတဲ့ ရေသွားရေလာမကောင်းရင် အဆင်မပြေဘူး…"
ကျန်းလန်က ငြင်းလိုက်ပြန်သည်။
"ဒါဖြင့် အုတ်နည်းနည်းလေးပဲသုံးပြီး အိမ်ဆောက်လို့မရဘူးလား…"
"မရဘူး…"
"ဒီနေရာမှာ ဒါလေးနှစ်ခုလောက် ထည့်လို့မရဘူးလား…"
"မရဘူး…"
"အုတ်နဲ့မဆောက်ဘဲ ဝါးလုံးအိမ်လေး မဆောက်ချင်ဘူးလား…"
"ဝါးလုံးအိမ်ဆို လေတိုက်ရင် လေအေးတွေဝင်ပြီး အေးမှာပေါ့…"
ထိုသို့ဖြင့် အချိန် (၃)လ ကုန်ဆုံးသွားခဲ့လေသည်။
ရှောင်ယွိက နေ့စဉ်နေ့တိုင်း နဝမတောင်ထွတ်သို့ ရောက်လာလေ့ရှိပြီး ညဘက်တွင်တော့ ကျောက်စိမ်းရေကန်သို့ ပြန်လေ့ ရှိသည်။
သူမက မရှိမှုအာကာအဆင့် ရောက်နေပြီဖြစ်သော်လည်း ကိုယ်တွင်းမိစ္ဆာဝင်ရောက်မည်စိုးသောကြောင့် နဝမတောင်ထွတ်တွင် အချိန်အကြာကြီး မနေဝံ့ပေ။
ကျန်းလန်ကလည်း နေ့စဉ် သူမ ဓားကို စီးနှင်ပျံသန်းသွားသည်ကို မျက်စိတစ်ဆုံးငေးမောရင်း လိုက်ပို့ပေးစမြဲပင်။
ရှောင်ယွိပြန်သွားသည်နှင့် ကျန်းလန်က နာမ်ဝိညာဉ်ရောင်ပြန်စာအုပ်ကို ထုတ်ပြီးဖတ်လေ့ရှိသည်။ အိမ်ကို အသစ်ပြန်လည်ဆောက်ရင်း နာမ်ဝိညာဉ်အိမ်တစ်လုံးကိုပါ ဆောက်လုပ်ရန် စီစဉ်ထားသည်။
ထိုသို့ တစ်ပြိုင်တည်း ဆောက်လုပ်သွားခြင်းဖြင့် အချိန်တန်၍ နာမည်ဝိညာဉ်အိမ်ကို အသက်သွင်းသည့်အခါ ခက်ခဲတော့မည် မဟုတ်ပေ။
ညဘက်ပိုင်းတွင်တော့ ကျန်းလန်က ရံဖန်ရံခါ ကျင့်ကြံမှုများ ပြုလုပ်သည်။ နေ့ဘက် ရှောင်ယွိရှိနေသည့် အချိန်များတွင်သာ သူက အိမ်ကို ဆက်လက်ဆောက်လုပ်သည်။
ကျန်းလန်က အိမ်ကို မြန်မြန်ဆန်ဆန် ဆောက်လုပ်နေခြင်း မဟုတ်ပေ။ လွန်ခဲ့သည့် နှစ် (၁၀၀) ခန့်က သူတစ်ယောက်တည်း အိမ်ဆောက်ခဲ့စဉ်ကအတိုင်း ပုံမှန်ပင် ဆောက်လုပ်နေခြင်း ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းနှင့် အနားတွင်ကူညီမည့် ရှောင်ယွိ ရှိနေခြင်းကြောင့် အိမ်ဆောက်ခြင်းအလုပ်က ပိုမိုလျှင်မြန်လာခြင်း မရှိပေ။
အချိန် (၃)လ ကုန်လွန်ပြီးသည့်နောက်…
အိမ်လေးတစ်လုံး ဆောက်လုပ်ပြီးစီးသွားလေသည်။
ကျန်းလန်၏နံဘေးတွင် ရှောင်ယွိကမတ်တတ်ရပ်နေပြီး ကျေနပ်သည့်အမူအရာဖြင့် ဆောက်ထားသည့်အိမ်လေးကို ကြည့်နေ၏။
"နောက်ဆုံးတော့ ပြီးသွားပြီ…"
ရှောင်ယွိက ပြောလိုက်သည်။
ကျန်းလန်လည်း ယခုမှ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
ရှောင်ယွိက ကျန်းလန်၏အလုပ်ကို မလျှင်မြန်စေသော်ငြား မနှေးကွေးစေခဲ့၍ ကျေးဇူးတင်ရမည် ဖြစ်သည်။ ဤသည်က အများကြီး ကူညီပေးသည်ဟု ဆိုနိုင်သည်။
အစပိုင်းတွင် ကျန်းလန်က အိမ်ပုံစံကို ယခင်အိမ်အတိုင်း ဆောက်လုပ်လိုခဲ့သော်လည်း နောက်ဆုံးတော့ ရှောင်ယွိအလိုကျ ပုံစံပြောင်းခဲ့ရသည်။
သို့သော် ကျန်းလန် စိတ်အနှောက်အယှက် မဖြစ်မိပေ။
ထိုစဉ် ရှောင်ယွိက ကျန်းလန်ဆီသို့ စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။
"ရော့… ကျွန်မ ရှင့်ကို လက်ဆောင်ပေးတာ…"
ကျန်းလန် စာအုပ်ကိုကြည့်လိုက်တော့ စာအုပ်အမည် ရေးသားထားခြင်း မရှိပေ။
စာအုပ်ကို ဖွင့်ကြည့်လိုက်သည့်အခါ နဂါးမျိုးနွယ်များနှင့်ပတ်သက်သည့် မှတ်တမ်းများ ရေးသားထားသည်ကို တွေ့လိုက်ရသည်။
စာအုပ်ထဲတွင် နဂါးမျိုးနွယ်များ အသုံးပြုသည့် မန္တန်ပညာ ၊ နဂါးများ၏အမူအကျင့်နှင့် တိုက်ပွဲဗျူဟာများအကြောင်း စုံလင်စွာ ရေးသားထားသည်။
လက်ရေးကို ကြည့်သည်နှင့် ရှောင်ယွိကိုယ်တိုင်ရေးသားပေးထားခြင်းဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်၏။
ကျန်းလန်က စာအုပ်လေးကို ကြည့်လိုက်ရင်း…
"ဒီလက်ဆောင်က ဘာအတွက်…"
"အင်း…"
ရှောင်ယွိက ခဏမျှတွေးနေပြီးနောက် ကျန်းလန်ကို ပြုံးပြလိုက်သည်။
"သိဘူး…"
"……………"