မျက်ရည်တွေ မလိုဘူး
Vol. 49 Ch. 722
ရဲ့လင်းချန်သည် လက်ထဲမှ လက်နက်ကို ကလိနေပြီး ၎င်း၏ အသုံးတင်ပုံများကို တွေးတောနေသည်။
သိုင်းပညာမှလွဲလျှင် အခြားသော အသိပညာများက အရန်စွမ်းရည်များသာ ဖြစ်လောက်သည်ဟု သူ အစက ထင်ခဲ့မိသည်။ သို့သော် သူ၏ စဉ်းစားပုံက အကြီးအကျယ် ပြောင်းလဲသွားလေပြီ။
ထိုစွမ်းရည်များက အခြေခံကျပေသည်။
လူတစ်ယောက်က သိုင်းပညာ၌ မည်မျှ ထူးချွန်နေပါစေ၊ ထိုခွန်အားက လူတစ်ယောက်တည်းသာလျှင် ပိုင်ဆိုင်ပေသည်။ အကယ်၍ သူက သိုင်းပညာကို လက်ဆင့်ကမ်းနိုင်လျှင် လူဘယ်လောက်ျားများက သင်ယူ နိုင်မည်နည်း။ သူတို့ သင်ယူနိုင်မည်ဆိုလျှင်တောင်မှ အချိန်ယူရပေဦးမည်။ သူတို့ထဲက တစ်ယောက်ယောက်က လမ်းတစ်ဝက်၌ လက်လျှော့သွားမည်ကို စိုးရိမ်ရပေဦးမည်။
သို့သော် အခြားသော စွမ်းရည်များက မတူပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူတစ်ယောက်၏ အရည်အချင်းကို အချိန်တိုတို၌ တိုးမြင့်စေနိုင်သောကြောင့်ပင်။ ၎င်းတို့တွင် လူတစ်ယောက်၏ အင်အားကို တိုးစေနိုင်သည့် နည်းလမ်းလည်း ရှိပေသေးသည်။
ဥပမာပြောရလျှင် အစောပိုင်းက အစီအရင်သာ မရှိလျှင် ရဲ့လင်းချန် အတင့်ရဲစွာ မလှုပ်ရှားရဲပါ။ သူ့ထက် ပိုမို၍ သန်မာသော ရန်သူတစ်ယောက်ကို သတ်နိုင်ရန် ထိုမျှ လွယ်ကူနိုင်မည် မဟုတ်ပေ။
သူ လက်နက်နှင့် အကာအကွယ်များကို သန့်စင်နိုင်စွမ်း ရှိသည်နှင့် လူသားတို့၏ တိုက်ရည်ခိုက်ရည် ထိရောက်မှုကို အကြီးအကျယ် တိုးမြှင့်စေနိုင်ပေမည်။ ထို့အပြင် ထိုပစ္စည်းများကို သိပ္ပံနှင့် နည်းပညာတွင် အသုံးပြုပါက Iron man ကို ဖန်တီးနိုင်ချေ ရှိလောက်သည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။
*Iron Man ရဲ့ ဝတ်စုံကို လုပ်တဲ့ ပစ္စည်းတွေကို ကမ္ဘာပေါ်မှာ ဘယ်သောအခါကမှ ရှာမတွေ့နိုင်ခဲ့ဘူး၊ ဒါပေမဲ့ အဲ့ဒါတွေက ဟင်းလင်းပြင် နယ်မြေမှာ ရှိနိုင်လောက်တယ်*
*ငါတို့ ဟင်းလင်းပြင်နယ်မြေထဲမှာ နည်းပညာ သုံးလို့မရဘူးတဲ့လား၊ ကိစ္စ မရှိဘူး၊ ငါတို့မှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိတာပဲလေ၊ ဟုတ်တယ်မလား၊ ဝတ်စုံရဲ့ စွမ်းအင် အရင်းအမြစ်ကို စိတ်ဝိညာဉ် ကျောက်တုံးနဲ့ အစားထိုးလိုက်ရင် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မသွားဘူးလား*
*လခွမ်း၊ ငါက ဉာဏ်ကြီးရှင်ကြီးပဲ*
*အဲ့ဒီမှာ ဆေးပင်တွေလဲ ရှိတယ်၊ နောက်ဆိုရင် စစ်သည်တော်တွေအတွက် အသုံးဝင်နိုင်တဲ့ ဆေးလုံးမျိုး ငါ ဖန်တီးနိုင်မှာ၊ ဒါကလဲ လူသားတွေအတွက် သတင်းကောင်းပဲ မဟုတ်လား*
*အရန်စွမ်းရည်တွေကလဲ အရေးကြီးလွန်းတယ်*
ထိုသို့တွေးမိပြီးနောက် ရဲ့လင်းချန်၏ မျက်လုံးများ တောက်ပသွားသည်။ ဟင်းလင်းပြင်နယ်မြေနှင့် တိုက်ခိုက်နိုင်မည့် ဖြစ်နိုင်ချေကို သူ မြင်ယောင်လာပြီး တစ်ချိန်တည်းမှာပင် ကျောင်းတစ်ကျောင်း ထောင်မည့် သူ့ဆုံးဖြတ်ချက်က ပို၍ ခိုင်မာသွားစေသည်။
သူသည် ဆန်းကြယ်ကျွန်းမှ စိတ်ဝိညာဉ်စွမ်းအင်၏ အရည်အသွေးကို တိုးတက်အောင် လုပ်နိုင်သဖြင့် ဆန်းကြယ်ကျွန်း၌ စစ်သည်တော်ကျောင်း တည်ထောင်ပြီး ကမ္ဘာ၏ မြင့်မြတ်သော စစ်သည်တော်နယ်မြေအဖြစ် ပြောင်းလဲလိုက်ချင်သည်။
တစ်ဖက်တွင်လည်း ၎င်းသည် လူသားတို့၏ အတိုက်အခိုက် စွမ်းရည်ကို တိုးတက်စေနိုင်ပြီး … ဆန်းကြယ်ကျွန်းကို ကာကွယ်မည့် အင်အားစုတစ်ခုအဖြစ်လည်း ထားနိုင်ပေသည်။ ဤနည်းအားဖြင့် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်နိုင်ပေလိမ့်မည်။
ကမ္ဘာ၏ အနာဂတ် ရေစီးကြောင်းက သိုင်းပညာ လေ့ကျင့်သည့်ဘက်သို့ ယိမ်းနေကြောင်းကို စဉ်းစားရန်ပင် မလိုပေ။ ၎င်းသည် ရှောင်ရှားမရနိုင်သဖြင့် သူက အရင် လက်ဦးမှုယူပြီး သိုင်းပညာ မြင့်မြတ်နယ်မြေအဖြစ် ဖန်တီးနိုင်လော်သည်။
တစ်ခုတည်းသော ပြဿနာမှာ … အရင်းအမြစ်က နည်းပါးလွန်းခြင်း ဖြစ်သည်။
အစီအရင်များ၊ သန့်စင်ခြင်းနှင့် ဆေးရည်များ အားလုံးသည် လိုအပ်သော အရာများ ဖြစ်သည်။ ကမ္ဘာဂြိုဟ်သည် သိသိသာသာပင် ၎င်းတို့အားလုံးကို ပံ့ပိုးပေးနိုင်စွမ်း မရှိသဖြင့် ဟင်းလင်းပြင်နယ်မြေမှ ရယူရပေသည်။
အစောပိုင်းက အသုံးပြုခဲ့သော အစီအရင်သည် ရဲ့လင်းချန်၏ အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး အားလုံးကို သုံးခဲ့ရပြီး သူ့အား ပိုက်ဆံများစွာ ကုန်ကျစေခဲ့သည်။ စစ်ပွဲသည် ပိုက်ဆံကုန်စေသော အရာ ဖြစ်ပြီး သူက … ဆင်းရဲပေသည်။
ဆင်းရဲလွန်းပေသည်။
ထို့အပြင် ၎င်းသည် သေးငယ်သော ထောင်ချောက် အစီအရင်လေးသာ ဖြစ်သည်။ ကြီးမားသော အစီအရင် သို့မဟုတ် သတ်ဖြတ်ခြင်း အစီအရင်ကိုသာ သူ အသုံးပြုပါက ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်ကို သူ မတွေးရဲပေ။
သို့သော်လည်း ၎င်းက တန်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် A+ အဆင့် သတ္တဝါနှင့် အေအဆင့် သတ္တဝါ နှစ်ကောင်ကို သတ်လိုက်နိုင်ခြင်းက ဆန်းကြယ်မှုသာ ဖြစ်သည်။
စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်းကို ဟင်းလင်းပြင်နယ်မြေမှနေ၍ ဆန်းကြယ်ကျွန်းသို့ ပြောင်းနိုင်မည်ဆိုလျှင် ကောင်းပေလိမ့်မည်။
ရဲ့လင်းချန်၏ ဟင်းလင်းပြင်နယ်မြေအပေါ် အမြင်က တဖြည်းဖြည်း ပြောင်းလဲလာသည်။ စစ်ပွဲအတွင်း၌ ပိတ်မိနေသည်ဟု မြင်ရာမှ အခုအခါတွင် သူသည် သူ လုယက်ရမည့် အဟမ်း … ရယူနိုင်မည့် ရတနာအဖြစ် မြင်လာ၏။
…
“တိုက်ပွဲ ပြီးသွားပြီ၊ လက်ထောက် ဒါရိုက်တာချန်နဲ့ တခြားသူတွေ ပြန်လာပြီ”
သိုင်းပညာစံအိမ်၌ သတင်း ရထားပြီးသော စစ်သည်တော်များက တံခါးဝသို့ အတူတူ ပြေးလာကြသည်။ ထောင်ချီသော လူများက ညီညီညာညာ လျှောက်လာပြိး မတ်မတ် ရပ်နေကြကာ မျက်လုံးများက တောက်ပ နေသည်။
သိုင်းပညာစံအိမ်၌ နေခဲ့သည့် သိုင်းပညာရှင် အားလုံးနီးပါး ရောက်လာကြသည်။ သူတို့သည် အတွင်းအားကို မလေ့ကျင့်ရသေးသောလည်း ငယ်ရွယ်နေဆဲ ဖြစ်ကာ ပညာရှင်များအဖြစ် သတ်မှတ်နိုင်ပေသည်။ သူတို့သည် သိုင်းပညာစံအိမ်၏ အနာဂတ် မျှော်လင့်ချက်များ ဖြစ်သည်။
သူတို့အား စစ်မြေပြင်သို့ သွားခွင့်မပေးပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျင့်ကြံခြင်း၌ ပိုမိုမြင့်မားသော အမြင့်သို့ ရောက်နိုင်သည်ဟု ယုံကြည်သောကြောင့်ပင်။ ထိုသို့ဆိုလျှင် သူတို့သည် နောက်အခါ၌ စစ်မြေပြင်တွင် အသက်ရှင်ကျန်နိုင်စွမ်း ပိုမြင့်လာလောက်ပြီး ပိုကြီးမားသော အောင်မြင်မှုများ ပြုလုပ်နိုင်ပေလိမ့်မည်။
အရှေ့ဆုံး၌ ရှန်းကော်ချန်၏ မျက်လုံးများက လေးနက်နေပြီး ခပ်လှမ်းလှမ်းသို့ ကြည့်နေသည်။
“အလေးပြု၊ သူရဲကောင်းတွေကို ကြိုဆိုကြ”
“ဝှီး”
လူတိုင်း လက်ကို ပြိုင်တူ မြှောက်လိုက်ကြသဖြင့် လေတိုးသံကိုပင် ကြားရလေသည်။
ချန်ချီက ရှေ့သို့တက်ကာ ဘယ်လက်ကိုမြှောက်၍ အလေးပြုလေသည်။ ထိုအခါတွင်မှ သူ၏ ညာလက်နှင့် ဘယ်လက်တို့၌ လက်မတို့ ပျောက်ဆုံးနေပြီး လက်ကောက်ဝတ်မှ အရိုးများ ပေါ်နေသည်ကို ရဲ့လင်းချန် သတိထား မိသွားသည်။ A+ အဆင့် သတ္တဝါကို သူ တစ်ယောက်တည်း၏ အင်အားဖြင့် တိုက်ခိုက်ခဲ့ရသဖြင့် ပြင်းထန်သော ဒဏ်ရာ ရသွားခဲ့မှာ အသေအချာပင်။ ထိုသို့ဖြစ်သော်ငြားလည်း သူသည် လမ်းတစ်လျှောက်လုံး မည်သို့သော နာကျင်မှုမျိုးကိုမှ မပြခဲ့ပေ။
“ဒါရိုက်တာရှန်း၊ ကျုပ်တို့ တာဝန်ကို ဂုဏ်ယူစွာနဲ့ ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပါပြီ၊ ဟင်းလင်းပြင်နယ်မြေက သတ္တဝါကို တားဆီးနိုင်ခဲ့ပင်မယ့် … နည်းပြဟဲ၊ ဒါရိုက်တာလျှို၊ နည်းပြချုပ်လီတို့ တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ် …”
ရှန်းကော်ချန်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာသည်။ သူသည် ရဲ့လင်းချန် ပထမဆုံး တွေ့ခဲ့သည့် အချိန်နှင့် လုံးဝ မတူပေ။ လက်ရှိအချိန်၌ သူသည် တုန်ယင်နေသော လက်ကို ဆန့်၍ ချန်ချီ၏ ပခုံးကို ပုတ်လိုက်သည်။ သူ၏ ဓားသွားကဲ့သို့ အကြည့်က ခပ်ဝေးဝေး၌ ရှိနေသော ငရဲတံခါးကိုပင် ထိုးခွင်းနိုင်သည်ဟုပင် ထင်မှတ်ရသည်။
“မူလ စိတ်ဝိညာဉ်အဆင့် စစ်သည်တော် သုံးယောက်နဲ့ အခြား ရာချီတဲ့ စစ်သည်တော်တွေ …”
ရှန်းကော်ချန်က တီးတိုး ရေရွတ်သည်။
“ဒီနှစ်တွေထဲမှာ ကျင့်ကြံခြင်းကို အောင်မြင်ခဲ့တဲ့သူတွေထဲက တစ်ဝက်လောက်က သေသွားခဲ့တယ်၊ ငါ …”
သူသည် အပြစ်ရှိစွာဖြင့် ခေါင်းခါလိုက်ပြီး ပြောစရာစကားများ ပျောက်ဆုံးနေခဲ့သည်။
သူ့တွင် အင်အား ရှိပါသော်လည်း စစ်ပွဲအတွင်း၌ ပါဝင်၍ မရပေ။ သူ လုပ်နိုင်တာဟူ၍ ထိုလူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်ကို ကြည့်နေရုံသာ ရှိပြီး ယင်းက သူကိုယ်တိုင် သေဆုံးရသည်ထက် ပို၍ နာကျင်စရာ ကောင်းလှသည်။ သို့သော် ဟင်းလင်းပြင်နယ်မြေမှ အထွတ်အထိပ် မူလစိတ်ဝိညာဉ်အဆင့် သတ္တဝါ ရုတ်တရက် ထွက်ပေါ်လာမည်ကို စိုးရသဖြင့် သူ ဤနေရာကို စောင့်ကြည့်နေမှ ရပေမည်။
စစ်သည်တော်တိုင်း ဦးညွှတ် အရိုအသေ ပြုလာပြီး ဝမ်းနည်းကြေကွဲသော အမူအရာများ ရှိနေကြသည်။
လူတော်တော်များများသည် သူတို့၏ သူငယ်ချင်းများ ပြန်ရောက်မလာကြောင်း တွေ့လိုက်ရသည်။ အစက သူတို့ ဇဝေဇဝါ ဖြစ်နေသော်လည်း နောက်ပိုင်းတွင် မျက်ရည်များ ကျလာကြသည်။
“အဘိုး”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ခေါ်လာသည်။ လင်းအောင်နှင့် လင်းရို့ရူတို့ ပြေးလာကြသည်။
လက်ရှိအချိန်၌ လင်းထျန်းရှုံး၏ အဝတ်အစားများသည် သွေးများဖြင့် စွန်းထင်းနေပြီး အတော်လေး အသက်မဲ့ နေသည်ဟု ခံစားနေရသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် သူ၏ အခြေအနေက သိသိသာသာ ဆိုးရွားနေသည်။ ထို့အပြင် သူ၏ ဘယ်ဘက်လက်က တွဲလောင်းကျနေပြီး ကျိုးကြေနေ၏။
လင်းအောင်နှင့် လင်းရှို့ရူတို့ ချက်ချင်း မျက်ရည်ကျလာပြီး စကားပင် မပြောနိုင်တော့ချေ။
“မင်းတို့ နှစ်ယောက်လုံး ပါးစပ်ပိတ်ထား၊ ငါ မသေသေးတာကို မင်းတို့က ဘာလို့ ငိုနေတာလဲ၊ ငါ အသက်ရှင်လျက် ထွက်လာတာမို့လို့ မင်းတို့ ငိုရဲရင် ငိုကြည့်စမ်း”
လင်းထျန်းရှုံး၏ ဖြူရော်နေသော မျက်နှာက ဒေါသကြောင့် နီရဲလာပြီး သွေးအန်လာသည်။
လင်းအောင်နှင့် လင်းရို့ရူတို့ ချက်ချင်း ထိတ်လန့်ကာ ကြောင်စီစီ ဖြစ်သွားကြသည်။
“ငါ စစ်ပွဲကနေ အသက်ရှင်လာတော့ အခု မင်းတို့က ငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာလား”
“ငါ သေတာ၊ မသေတာက အဓိက မဟုတ်ဘူး၊ ငါ သေရင်တောင် မင်းတို့ မျက်ရည်တွေကို ငါ မလိုအပ်ဘူး၊ ဟင်းလင်းပြင် သတ္တဝါ နည်းနည်းလောက် ပိုသတ်လိုက်နိုင်တာက ကမ္ဘာပေါ်က အခြားအရာတွေထက် ပိုကောင်း သေးတယ်”
“မင်းတို့ သေမှာကြောက်ရင် ဒီမှာ မနေနဲ့၊ အနည်းဆုံးတော့ မင်းတို့ ငါ့ကို အရှက်ရအောင် မလုပ်ဘူး”
လင်းထျန်းရှုံးက ဆက်၍ ဆူပူနေသည်။
“မင်းတို့ မျက်ရည်တွေသာ ရန်သူကို သတ်နိုင်မယ်ဆိုရင် ငါ မင်းတို့ကို ချီးကျူးမိဦးမယ်၊ မင်းတို့ ဝမ်းနည်းစိတ်ကြောင့် ငိုနေတာကို ဘယ်သူမှ မလိုအပ်ဘူး”
လင်းအောင်နှင့် လင်းရို့ရူတို့ အံကြိတ်ထားကြသည်။ မျက်ရည်များက သူတို့မျက်နှာပေါ် စီးကျနေဆဲ ဖြစ်သည်။
လင်းထျန်းရှုံးက ရဲ့လင်းချန်သို့ ရှေ့သို့တွန်းပို့၍ ပြောလိုက်သည်။
“မင်းတို့ ဒီကလေးကို နမူနာယူပြီး သူ့လိုနေလို့ မရဘူးလား၊ သူ့ကြောင့်သာ မဟုတ်ရင် ငါ သေနေလောက်ပြီ၊ ဒီတခေါက် သူက ကိစ္စကြီးတစ်ခု လုပ်ပေးခဲ့တာ၊ သူ့ခွန်အားက မင်းတို့ထက် အဆပေါင်းများစွာ သာတယ်၊ သူ့အဆင့်ကို မင်းတို့ ဘယ်လိုတောင် ရောက်နိုင်မှာလဲ”
“ငါ မင်းတို့ကို အရှက်မရှိ ဒီကို လွှတ်ရတဲ့ အကြောင်းရင်းက မင်းတို့ကတိကြောင့်ပဲ၊ ငါ့ရှေ့က ထွက်သွားစမ်း၊ မင်းတို့ကြောင့် ငါ စိတ်တိုလာပြီ”
ထိုသို့ပြောပြီးနောက် လင်းထျန်းရှုံးက တစ်ဖက်လှည့်၍ သူ့ဘာသာသူ ထွက်သွားလေသည်။ လင်းအောင်နှင့် လင်းရို့ရူတို့သည် မျက်ရည်ကျကာ ဘာလုပ်၍လုပ်ရမယ်မှန်း မသိတော့ပေ။
“စိတ်မပူပါနဲ့၊ ဟင်းလင်းပြင်နယ်မြေရဲ့ဆေးရည်က တော်တော် အစွမ်းထက်တာ၊ အဘိုးလင်း အဆင်ပြေသွားမှာပါ”
ရဲ့လင်းချန် အားပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ညီလေးရဲ့၊ မင်း ငါ့အဘိုးကို ထပ်ပြီး ကယ်ပေးခဲ့တာပဲ”
လင်းအောင်က မျက်ရည်ကို သုတ်ကာ အလေးအနက် ကျေးဇူးတင်လာသည်။
“အစ်ကိုလင်း၊ ခင်ဗျားလဲ ကျွန်တော့်ကို အများကြီး ကူညီခဲ့ပါတယ်၊ အဘိုးလင်းနဲ့ ကျွန်တော်တို့က ရဲဘော်ရဲဘက်တွေပဲလေ၊ အဲ့ဒီတော့ ကျွန်တော် သူ့ကို ကယ်တာ မဆန်းပါဘူး”
ရဲ့လင်းချန် ပြုံးနေသည်။
“လင်းချန်၊ ရှင် စစ်မြေပြင်အကြောင်း ပြောပြပေးလို့ရမလား”
လင်းရှို့ရူ၏ မျက်နှာတွင် မျက်ရည်များ စီးကျလျက် ရှိပြီး ရဲ့လင်းချန်အား မေးလာသည်။
“စစ်မြေပြင်က …”
ရဲ့လင်းချန် သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ”
…