ဆေးလုံး အလဲအလှယ်
Vol. 49 Ch. 723
ရဲ့လင်းချန်သည် တိုက်ပွဲတွင် ကြာကြာ မပါဝင်ခဲ့သော်လည်း တိုက်ပွဲတွင်းမှ သွေးစက်တို့က သူ့အပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ သူသည် အဖြစ်အပျက်များကို အတိအကျ ပြန်ပြောပြခဲ့ပြီး အထူးသဖြင့် ဝံပုလွေပြာ နည်းပြချုပ်က A+ အဆင့် သတ္တဝါကို အချိန်ဆွဲရန် သူ့အသက်ကို စတေးခဲ့ပုံကို ပြောပြခဲ့လေသည်။
လင်းအောင်နှင့် လင်းရှို့ရူတို့သည် စစ်ပွဲက ရက်စက်မှန်း သိသော်လည်း သူတို့၏ ခံစားချက်များ ယခင်က ရဲ့လင်းချန်နှင့် အတူတူပင် ဖြစ်သည်။ သိတာက တစ်ကဏ္ဍ၊ တကယ်တမ်း တွေ့မြင်ခံစားရတာက တစ်ကဏ္ဍပင်။ လက်ရှိတွင် ရဲ့လင်းချန်က အခြေအနေကို ပြောပြပြီးနောက် သူတို့၏ စိတ်အခြေအနေက ပို၍ လေးနက်လာသည်။ ထို့နောက် နှစ်ယောက်လုံး ငြိမ်ကျသွားသည်။
ရဲ့လင်းချန် အမှတ်လဲလှယ်ခန်းသို့ သွားလိုက်သည်။ သူသည် အစီအစဉ် ချထားပြီးဖြစ်ကာ ပစ္စည်းကောင်းတစ်ချို့နှင့် လဲလှယ်ရန် အသင့်ဖြစ်နေ၏။
ထို့အပြင် သူသည် စစ်ပွဲ၌ ပါဝင်ခဲ့ပြီး မရေတွက်နိုင်သော ရန်သူများကို သတ်ကာ အခြေအနေကို ပြောင်းလဲခဲ့သည်။ ထို့ကြောင့် သူ ဆုချခံသင့်ပေသည်။
အမှတ်လဲလှယ်ခန်း၌။
အဘိုးအိုသည် ယခင်နေရာ၌ ထိုင်နေဆဲဖြစ်ကာ စစ်ပွဲတွင်း၌ ပါဝင်ခဲ့သော စစ်သည်တော်များလည်း ရှိနေကြသည်။ သူတို့သည် သူတို့၏ ခွန်အားကို တိုးမြင့်ရန်နှင့် နောက်တိုက်ပွဲအတွက် ပိုအာမခံချက် ရရှိရန် သူတို့၏ အောင်မြင်မှုများကို အသုံးချနေကြသည်။ အရင်းအမြစ်များ ရှားပါးသဖြင့် ရဲ့လင်းချန်သည် စစ်သည်တော် တစ်ယောက်၏ ကြိုးပမ်းမှု နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လာသည်။
အဘိုးအိုက ရဲ့လင်းချန်ကို မြင်သောအခါ ချက်ချင်း ပြုံးပြလာ၏။
“မိတ်ဆွေလေးရဲ့၊ ဒီတစ်ခေါက် တိုက်ပွဲက မင်းရဲ့ လုပ်ဆောင်ချက်က သိပ်ကောင်းတယ်၊ မင်း ဒူးလေးသမားနဲ့ အေအဆင့် သတ္တဝါအပြင် အခြား စီအဆင့် သတ္တဝါနဲ့ ဘီအဆင့် သတ္တဝါတွေကိုပါ မင်းကိုယ်တိုင် သတ်ခဲ့တယ်၊ အဲ့ဒါအပြင်ကိုမှ မင်းက ချင်ပိုင်ချွမ်းတို့ သုံးယောက်နဲ့ ပူးပေါင်းပြီး အေအဆင့် သတ္တဝါတွေနဲ့ A+ အဆင့် သတ္တဝါတစ်ကောင်ကို သတ်ခဲ့တယ်”
“ငါတို့ မင်းကို အမှတ် နှစ်ထောင့်သုံးရာ ဆုချတယ်၊ မင်းက တိုက်ပွဲရဲ့ အခြေအနေကိုလဲ ပြောင်းလဲပေးခဲ့တဲ့အတွက် နောက်ထပ် အမှတ် ငါးရာ ထပ်ရမယ်”
ရဲ့လင်းချန် တစ်ခဏမျှ အံ့ဩသွားပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဒါဆို အခု ကျွန်တော့်မှာ အမှတ် နှစ်ထောင့်ရှစ်ရာတောင် ရှိနေပြီပေါ့”
စစ်ပွဲတွင် မပါဝင်ခင်က သူ၏ အမှတ်သည် နှစ်ရာသာလျှင် ရှိခဲ့သည်။ သို့သော် ယခုအခါ၌ အမှတ်က ဆယ်ဆမက ထိုးတက်သွားခဲ့သည်။
သူသည် တစ်ခဏမျှ သူဌေးလက်သစ်တစ်ဦးသဖွယ် ခံစားလိုက်ရသည်။
တိုက်ပွဲ၌ အများအပြား ကုန်ကျခဲ့သော်လည်း အကျိုးအမြတ်ကလည်း အတော်အသင့် များပြားလှသည်။ အကယ်၍ သူသာ ဟင်းလင်းပြင်နယ်မြေထဲ ဝင်ရောက်ပြီး လုယက်ပါက ပို၍ အံ့ဩဖွယ် ကောင်းပေလိမ့်မည်။
အမှတ် ၂,၈၀၀ အား များသည်ဟု သတ်မှတ်နိုင်နေပြီ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရှန်းကော်ချန်က သူ့သိက္ခာကို ချ၍ ရဲ့လင်းချန်ထံမှ အမှတ် ၂၈ မှတ်ကို လှည့်ဖျား ရယူမည် မဟုတ်ပါ။
ထို့နောက်တွင်မူ ရဲ့လင်းချန်သည် တိုက်ပွဲအတွင်း၌ ကျဆုံးသွားရသည့် စစ်သည်တော်များကို စဉ်းစားမိပြီး မျက်လုံးများ နက်မှောင်လာသည်။ သူသည် ထိုအမှတ်များကို သူတို့၏ အသက်များနှင့် လဲ၍ ရလာခဲ့ခြင်း ဖြစ်သည်။
ရဲ့လင်းချန် ထိုအမှတ်များကို ကောင်းကောင်း အသုံးချရပေမည်။
သူသည် တစ်ဝက်တစ်ပျက်၌ ရုတ်တရက် ပေါ်လာခြင်း ဖြစ်ပြီး ဟင်းလင်းပြင် သတ္တဝါများကို သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့်ပင် သတ်ရ လွယ်ကူနေခြင်း ဖြစ်သည်။ အကယ်၍ ထိုသတ္တဝါများက အစကတည်းက ဗျူဟာများကို အသားကျနေပြီး ရဲ့လင်းချန်အား အေအဆင့် သတ္တဝါ တစ်ကောင် သို့မဟုတ် နှစ်ကောင်နှင့် ထိန်းထားပါက ရဲ့လင်းချန်၏ လုပ်နိုင်စွမ်းအပေါ် ကြီးမားစွာ သက်ရောက်ပေလိမ့်မည်။
ဥပမာအားဖြင့် ချန်ချီပင်၊ သူသည် ရဲ့လင်းချန်ထက် သိသိသာသာ ခွန်အားအရာပ သာသော်လည်း A+ အဆင့် သတ္တဝါကို ထိန်းရုံသာ ထိန်းထားနိုင်ပြိး အဆုံး၌ A+ အဆင့် သတ္တဝါ တစ်ကောင်ကိုသာ သတ်နိုင်ခဲ့သည်။
သို့သော် ရဲ့လင်းချန်၏ လုပ်ဆောင်ချက်များကိုလည်း မည်သူမှ မငြင်းပယ်နိုင်ပါ။ သူသည် သူ့ထက် ပိုသန်မာသော ရန်သူများကို သတ်ခဲ့ပြီး မရေတွက်နိုင်သော အခြားအကောင်များကိုလည်း သတ်ခဲ့သဖြင့် သူ၏ လုပ်ဆောင်ချက်က ချန်ချီထက် မသေးပေ။
“ဒါနဲ့ စကားမစပ်၊ ဒါကလဲ စစ်ပွဲမှာ ပါဝင်တဲ့အတွက် ထောက်ပံ့ကြေး”
အဘိုးအိုက ပြုံးပြီး ရဲ့လင်းချန်အား အရည်ပုလင်း သုံးပုလင်း ပေးလာသည်။
စိတ်ဝိညာဉ် အားဖြည့်ဆေးရည် သုံးပုလင်းသည် အမှတ် ဆယ့်ငါးမှတ် တန်ပြီး ဘီအဆင့် သတ္တဝါ တစ်ကောင်ကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာမည့် အောင်မြင်မှုနှင့် ညီမျှသည်။ တကယ်တမ်းတွင် ၎င်းက အလွန် ရက်ရောနေခြင်း မဟုတ်ပေ။
သို့သော် သိုင်းစံအိမ်၌ အရင်းအမြစ်များ ပြတ်လပ်နေသည်ကိုလည်း ရဲ့လင်းချန် သတိထားမိပါသည်။ သိုင်းပညာရှင်များ တိုက်ခိုက်လုယက်၍ ရလာသော ပစ္စည်းများကလည်း ထိုသိုင်းပညာရှင်သာ ပိုင်ဆိုင်ပြီး သိုင်းစံအိမ်က ထောက်ပံ့ကြေးများ ပေးနိုင်သည့် အချက်ကပင် တော်တော်လေး လုံလောက်နေလေပြီ။ ထို့ကြောင့် ရဲ့လင်းချန် ပြုံး၍ လက်ခံလိုက်သည်။
ရဲ့လင်းချန်သည် တစ်ပုလင်းကိုဖွင့်၍ နှာခေါင်းနားကပ်ကာ အနံ့ခံကြည့်လိုက်သည်။ ၎င်းသည် အနံ့ကင်းမဲ့ကာ သူ တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။
ဆေးရည်အား မီလီမီတာ သုံးဆယ်ဝန်းကျင်ရှိသော ဖန်ပုလင်းငယ်ထဲ၌ ထည့်ထားသည်။ ယင်းက ရဲ့လင်းချန်၏ ပါးစပ်ကို မတင်းတိမ်နိုင်စေပါ။
ဤသည်က ဟင်းလင်းပြင်နယ်မြေ၏ ဆေးနှင့် ရဲ့လင်းချန် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သည်။ သူသည် ပါးစပ်ထဲ၌ ဆေးရည်ကို ဟိုဘက်ပို့လိုက်၊ သည်ဘက်ပို့လိုက် လုပ်နေပြီး ၎င်း၌ ချိုသော အရသာ ရှိပြီး အသီးဖျော်ရည်နှင့် ယှဉ်လိုက်ပါက အနည်းငယ် ဖွယ်သော အရသာ ရှိလေသည်။
ထို့နောက် အေးမြသော ဆေးရည်က သူ၏ အစာအိမ်ထဲသို့ စီးဝင်သွားသည်ကို သူ အာရုံခ့မိသည်။ ထို့နောက် ၎င်းက စိတ်ဝိညာဉ် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြည့်နှက်သွားလေသည်။ ထိုစိတ်ဝိညာဉ် စွမ်းအင်က အလွန် အားပျော့သည်ဟု ရဲ့လင်းချန် ခံစားမိသည်။ သို့သော် သာမန် အတွင်းအားသုံး သိုင်းပညာရှင်များအတွက်မူ ၎င်းက သူတို့၏ အတွင်းအား သုံးဆယ်ရာခိုင်နှုန်းကို ပြန်ဖြည့်ဆည်းပေးသည်နှင့် ညီမျှလေသည်။
“ဟင်းလင်းပြင်နယ်မြေရဲ့ ဆေးက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”
ရဲ့လင်းချန်က ဆေးကို မှတ်ချက်ချလိုက်သည်။
အဘိုးအိုက အံ့ဩမျင်တက်နေပြီး ရဲ့လင်းချန်အား ကြောင်တောင်တောင်နှင့် ကြည့်နေသည်။
“မင်း အဲ့ဒါကို ဒီအတိုင်း သောက်ချလိုက်တာလား”
“အင်းလေ … ဘာဖြစ်လို့လဲ”
“သေလိုက်ပါတော့ကွာ၊ ဒါက စိတ်ဝိညာဉ် အားဖြည့်ဆေးရည်ကွ၊ ဒါကို စစ်သည်တော်တစ်ယောက်ရဲ့ ဒုတိယအသက်ကို ပြောလို့ရတယ်၊ မင်း … မင်းကွာ”
အဘိုးအို၏ ဆံပင်မွေးများ ထောင်တက်နေသည်။ တစ်စုံတစ်ယောက်က သဘာဝ အရင်းအမြစ်ကို အလွန် နမော်နမဲ့နိုင်စွာ ဖြုန်းတီးသည်ကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
၎င်းတစ်ပုလင်းကို အမှတ် ငါးမှတ် ကုန်ကျသည်။ ၎င်းအား စစ်သည်တော်များအတွက် အဖိုးအတန်ဆုံး အရာများထဲမှ တစ်ခုဟု သတ်မှတ်နိုင်ပြီး သိုင်းစံအိမ်အတွက် ပို၍ အဖိုးတန်လေသည်။ စိတ်ဝိညာဉ် အဖိုးတန် ဆေးရည်သည် စိတ်ဝိညာဉ် အားဖြည့် မြက်ပင်မှ ထုတ်ယူထားခြင်း ဖြစ်သည်။ ၎င်းအား စုဆောင်းခြင်းအတွက် မရေတွက်နိုင်သော စစ်သည်တော်များက ဟင်းလင်းပြင်ထဲမှ ထုတ်ယူလာနိုင်ရန် သူတို့၏ အသက်ကို စတေးခဲ့ ကြရသည်။ ထို့ကြောင့် အရင်းအမြစ်များကို အချည်းနှီး ဖြုန်းတီးလိုက်ခြင်းက အဘိုးအိုကို စိတ်တိုသွားစေခဲ့သည်။
“ကျွန်တော်က ဒီဆေးရည်ရဲ့ ဂုဏ်သတ္တိတွေကို လေ့လာနေရုံပါ၊ အဲ့ဒါမှ နောက်ပိုင်း သိုင်းပညာရှင်တွေအတွက် ပိုအကျိုးရှိတဲ့ ဆေးတွေကို ထုတ်နိုင်မှာပါ”
ရဲ့လင်းချန်က ပြောလိုက်သည်။
သူသည် သူတို့၏ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိများ၏ အသုံးဝင်မှုကို မြင့်တင်နိုင်ရန် ဟင်းလင်းပြင်နယ်မြေ၏ ဆေးရည်နှင့် ကမ္ဘာဂြိုဟ်၏ ဆေးပင်များကို မည်သို့ ပေါင်းစပ်ရမလဲဟု စဉ်းစားပြီးသွားလေပြီ။
အဘိုးအို၌ သံသယအချို့ ရှိနေသည်။
“တကယ်လား၊ မင်း ဆေးဝါးကိုလဲ သုတေသန လုပ်တာပဲလား”
“စီနီယာ၊ ကျွန်တော် နတ်ဆေးဆရာဝိုင်ဆိုတဲ့ နာမည်နဲ့လဲ လှုပ်ရှားပါတယ်”
ရဲ့လင်းချန်၏ စကားက အဘိုးအို၏ မျက်လုံးကို ရုတ်တရက် တောက်ပသွားစေပြီး ကသိကအောက် ဖြစ်နေရာမှ နားလည် သဘောပေါက်သွားလေသည်။
“မင်း ဘယ်လို ထင်လဲ၊ မင်း တစ်ခုခုကို တွေ့မိလား၊ မင်းက တကယ်ပဲ သုတေသန တစ်ခုခု လုပ်နိုင်တယ်ဆိုရင် မင်းက သိုင်းပညာစံအိမ်နဲ့ လူသားမျိုးနွယ် အားလုံးအတွက် သူရဲကောင်းတစ်ယောက် ဖြစ်သွားမှာကွ”
ရဲ့လင်းချန် စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲလိုက်မိသည်။ သူ ဘယ်လိုလုပ် ဒီလောက် မြန်မြန် လုပ်နိုင်ပါမည်နည်း။ သူ၏ တရုတ် တိုင်းရင်းဆေးပညာ ဗဟုသုတ၏ ကမ္ဘာဂြိုဟ် အတိုင်းအတာမျှသာ ရှိပြီး သူသည် စိတ်ဝိညာဉ် အားဖြည့်ဆေးပင်နှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိပေသေးသည်။
တစ်ခဏမျှ ငြိမ်နေပြီးနောက် သူသည် ဒူးလေးနှင့် စိတ်ဝိညာဉ် အားဖြည့် ဆေးရည် နှစ်ပုလင်းကို စားပွဲပေါ် တင်လိုက်သည်။
“စီနီယာ၊ ဒီဟာတွေနဲ့ လဲမယ်ဆိုရင် ကျွန်တော် အမှတ် ဘယ်လောက် ရနိုင်လဲ”
“အေအဆင့် ဒူးလေးက သာမန် အေအဆင့် လက်နက်တွေထက် ပိုပြီး တန်ဖိုးရှိတယ်၊ ပြီးတော့့ အမှတ် လေးရာ တန်ဖိုး ရှိတယ်၊ စုစုပေါင်း အမှတ် လေးရာနဲ့ ဆယ်မှတ်”
အဘိုးအိုက လျှင်မြန်စွာ ဖြေလာသည်။
ထိုနည်းအားဖြင့် ရဲ့လင်းချန်သည် အမှတ် ၃,၂၁၀ ရရှိသွားလေသည်။
သူသည် ပစ္စည်းစာရင်းကို ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။ ဆေးရည်တန်ဖိုးက ဆေးအရည်သက်သက်ထက်ပင် ပို၍ များပြီး ငါးဆ ကုန်ကျသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း အပင်: လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေသည့် အာနိသင်ရှိပြီး သုံးစွဲပါက သာမန်လူတစ်ယောက်၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို တိုးတက်စေနိုင်စွမ်း ရှိသည်။ အမှတ် ၅ မှတ်။
သွေးကြော သန့်စင်ခြင်းအပင်: စစ်သည်တော်များ၏ သွေးကြောများကို သန့်စင်ပေးသည်။ အမှတ် ၂၅ မှတ်။
အသက်ဓာတ် အသီး: ပြင်ပဒဏ်ရာမှ သက်သာလာစေသည်။ ၂၅ မှတ်။
စိတ်ဝိညာဉ် အားဖြည့်မြက်ပင်: စိတ်ဝိညာဉ် စွမ်းအင်ကို ချက်ချင်း ပြန်ရလာစေနိုင်သည်။ ၂၅ မှတ်။
…
အပင်များသည် ဆယ့်ခြောက်မျိုးသာ ရှိပြီး အားလုံးက အလွန် တန်ဖိုးကြီးသည်။
“စီနီယာ ဒီဆေးရည်တွေက တော်တော်လေး အခြေခံကျသလိုပဲ”
ရဲ့လင်းချန်က အဘိုးအိုကို မေးလိုက်သည်။
“မူလစိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်တွေအတွက် အသုံးဝင်တဲ့ ဆေးရည်တစ်ခုခု မရှိဘူးလား”
“ဒါပေါ့ ရှိတာပေါ့ကွ၊ မူလစိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်တွေအတွက်တောင် မဟုတ်ဘူး၊ အဲ့ထက် ပိုမြင့်တဲ့သူတွေအတွက်ပါ ရှိတယ်”
အဘိုးအိုက ပြုံး၍ ရဲ့လင်းချန်ကို ကြည့်နေသည်။
“ငါတို့ သိုင်းပညာစံအိမ်မှာ အဲ့ဒါတွေ မရှိရုံလေးပဲ၊ ဒါမှမဟုတ် အဲ့ဒါတွေကို ယေဘုယျအားဖြင့် မရနိုင်ဘူးလို့ ပြောလို့ရတယ်၊ အဲ့ဒါတွေက မင်း အမှတ်တစ်ခုတည်းကို သုံးပြီး လဲလို့ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး”
ဟင်းလင်းပြင်နယ်မြေက တကယ်တမ်းတွင် ကောင်းကင်ဘုံနယ်မြေ ဖြစ်ကြောင်း ရဲ့လင်းချန် သိနေသည်။ သူ တွေးမိလေလေ ပို၍ သိချင်လာလေလေ ဖြစ်သည်။
“ကျွန်တော့်ကို ဆေးပင် တစ်မျိုးချင်းစီတိုင်းကို ငါးပင်စီ ပေးပါ”
ရဲ့လင်းချန်က နှာခေါင်းပွတ်၍ ပြောနေသည်။
သူသည် ၎င်းတို့ကို ဆန်းကြယ်ကျွန်း၌ စိုက်ပျိုးကြည့်ရန် စဉ်းစားထားပြီး သစ်သားဝိညာဉ် ခန္ဓာကိုယ်က ထိုစိတ်ဝိညာဉ်ဆေးပင်များအတွက်လည်း အသုံးဝင်နိုင်လိမ့်မည်ဟု သူ ခံစားချက် ရနေသည်။ ၎င်းတို့ ရှင်သန်နိုင်ပြီး ကြီးထွားလာနိုင်လျှင် ဘယ်လိုလုပ်မလဲ။
“စီနီယာ၊ ဒီစိတ်ဝိညာဉ်ဆေးပင်တွေကို သိုင်းပညာစံအိမ်မှာ စိုက်ပျိုးဖို့ မစဉ်းစားဖူးဘူးလား”
ရဲ့လင်းချန် စူးစမ်းကြည့်လိုက်သည်။
အဘိုးအိုက ခါးသီးစွာပြုံး၍ ခေါင်းခါကာ ပြန်ပြောလေသည်။
“အရမ်း ခက်လွန်းတယ်၊ ဒီစိတ်ဝိညာဉ်ဆေးပင်တွေက ကြမ်းတမ်းတဲ့အခြေအနေတွေမှာ ရှင်သန်တာ၊ အဲ့ဒါတွေက ဟင်းလင်းပြင်နယ်မြေမှာလဲ ရှားတယ်၊ သူတို့ကို စိတ်ဝိညာဉ် ကျောက်တုံးတွေကို သုံးပြီး စိုက်ပျိုးမှ ရမှာ၊ ပြီးတော့ သူတို့ အများစုက စိတ်ဝိညာဉ် ကျောက်တုံး မိုင်းတွင်းတွေမှာ ပေါက်တာ၊ အဲ့ဒါတွေကို ဒီကမ္ဘာဂြိုဟ်မှာ စိုက်ပျိုးဖို့က မဖြစ်နိုင်ဘူး၊ တကယ်လို့ မင်း စိတ်ဝိညာဉ် ကျောက်တုံးတွေ အများကြီး သုံးပြီး ဒီဆေးပင်တွေကို စိုက်ပျိုးမယ်ဆိုရင် စိတ်ဝိညာဉ် ကျောက်တုံးတွေ လောက်မှာ မဟုတ်တော့ ဒါအတွက် ဆုံးရှုံးမှုက မတန်ဘူး”
ရဲ့လင်းချန် အတွေးလွန်နေပုံရသည်။ ၎င်းတို့ကို သိုင်းပညာစံအိမ်၌ အလွန်တကူ စိုက်ပျိုးနိုင်ပါက ဆေးရည်များက ထိုမျှ တန်ဖိုးကြီးနေမည် မဟုတ်ပါ။