ဗဟိုမျိုးနွယ်စုများ
Vol. 13 Ch. 181
လောင်ဟယ်သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ မူလဇာစ်မြစ်နှင့် မီးတောက်အကြောများမှာ ဘိုးဘွားပိုင်မြေတွင် ရှိနေတုန်းပဲဟု ပြောခဲ့လေသည်။ ထို့ကြောင့် ဘိုးဘွားပိုင်မြေပေါ်ရှိ နတ်မီးတောက်ကို ပြန်လည်ထွန်းညှိရပေလိမ့်မည်။ ဤအရာအား ရှောက်ရွှမ်လုံး၀မသိခဲ့ပေ။ ဖြစ်နိုင်သည်မှာ နတ်ဆေးဆရာတွင် ထိုအရာနှင့်ပတ်သက်ပြီး အကြံတစ်ခုခုရှိပုံပေါ်ပြီး သူ့ကိုတော့ ပြောမပြခဲ့ပေ။
ဘိုးဘေးများသည် အခြားအကြောင်းပြချက်များ ရှိပါလျှက် သူတို့ဘိုးဘွားပိုင်မြေသို့သာ ပြန်သွားချင်နေကြခြင်းမှာ အံ့ဩစရာတော့ မဟုတ်ခဲ့ပေ။
မျိုးနွယ်စုမှ ကွဲထွက်ကုန်ကြသော လေလွင့်သူများအတွက်သာမကဘဲ မျိုးနွယ်စုကိုယ်တိုင်သည်လည်း သူတို့၏ ထွန်းတောက်ခဲ့သော နေ့ရက်များကို ပြန်လည်ရရှိရန် အမှန်တကယ်ပင် ဤမြေပေါ်သို့
ပြန်လာဖို့ လိုပေသည်။ သူတို့ပြန်လာမည်ကို စောင့်မျှော်နေကြသော လူပေါင်းမည်မျှရှိမည်ကို ဘယ်သူသိနိုင်ပါမည်နည်း။
ခရီးသွားအဖွဲ့သည် ခရီးရှည်ကြီးအား ဆက်သွားရဦးမည် ဖြစ်သောကြောင့် ဖုန်မျိုးနွယ်စုတွင် အကြာကြီးအနားယူခြင်း မရှ်ိခဲ့ပေ။ ၂ရက်ကြာပြီးနောက် ခေါင်းဆောင်များသည် သူတို့အဖွဲ့သားများအား ခေါ်ကာ ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်ကြလေသည်။
ရှောက်ရွှမ် လောင်ဟယ်နှင့်သူ့မိသားစုအတွက် ပစ္စည်းအချို့နှင့် အမဲသား သိုးသားများစွာ လဲလှယ်ပေးခဲ့၏။ ရှောက်ရွှမ်ပေးသော်လည်း လောင်ဟယ်သည် ရေလကျောက်တုံးများကိုတော့ မလိုချင်ခဲ့ပေ။ သူ့အိမ်တွင် လူအိုကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်သာ ရှ်ိသောကြောင့် ထိုကျောက်တုံးများကို သူကာကွယ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။ အကယ်၍ တစ်ယောက်ယောက်ကသာ သူတို့တွင်ကျောက်တုံးရှိမှန်းသိသွားပြီး လောဘတက်လာပါက သူတို့အတွက် ကံဆိုးသွားပေလိမ့်မည်။
ကောင်းသောအရာမှာ ကွေ့အာသည် လောင်ဟယ်နှင့်သူ့မိသားစုအား ဂရုစိုက်ပေးဖို့ သဘောတူခဲ့ခြင်းဖြစ်ပြီး သူ့ဂရုစိုက်မှုနှင့်ဆိုပါက လောင်ဟယ်တို့မိသားစု ပိုမိုကောင်းမွန်သောဘ၀ဖြင့် နေထိုင်ကြရမည် ဖြစ်၏။
အကယ်၍ ခက်ခက်ခဲခဲနေထိုင်ရမည်ဆိုလျှင်လည်း ကိစ္စတော့မရှိပေ။ အခုတွင် လောင်ဟယ်၌ မျှော်လင့်ချက်တစ်ခုရှိနေပြီမဟုတ်ပါလား။ အကယ်၍ သူသာနှစ်အနည်းငယ်စောင့်နိုင်မည်ဆိုပါက သူ့မိသားစုနှင့် သူတို့မျိုးနွယ်စုမှ လေလွင့်သူများကို မျိုးနွယ်စုဆီသို့ ပြန်လည်ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။ သူမသေခင်အချိန်အတွင်း သူ့မျိုးနွယ်စုဆီသို့ ပြန်သွားနိုင်ခြင်းမှာ အမှန်ပင် ကောင်းချီးတစ်ခုဖြစ်လေတော့သည်။
လောင်ဟယ်အားနှုတ်ဆက်စကားပြောပြီးသည့်နောက် ရှောက်ရွှမ်နှင့် ခရီးသွားအဖွဲ့သည် ဖုန်မျိုးနွယ်စုမှ ထွက်ခွာခဲ့ကြ၏။
ခရီးသွားအဖွဲ့ထွက်ခွာသွားပြီး မကြာခင်မှာပင် ကွေ့အာ၏အဖေသည် ကင်းလှည့်သွားရာမှ ပြန်လာခဲ့လေသည်။ သူသည် ကွေ့အာ သူ့အားခုတ်ခိုင်းခဲ့သော သစ်သားကို မည့်သည့်နေရာတွင် သုံးလိုက်သလဲ ဟုမေးရန် စဉ်းစားလာခဲ့၏။ သူ့သားသာ ဘာမှမသုံးရသေးပါက ထိုသစ်သားကို သူထင်းလုပ်ပစ်ရန် တွေးနေမိသည်။
သူ သားရေခန်းစီးအားဆွဲကာ သူ့အိမ်ထဲ၀င်လာခဲ့လိုက်၏။ သို့သော် ထိုအခိုက်တွင် သူ့အိမ်ထဲ၌ တစ်စုံတစ်ခုကိုတွေ့လိုက်ရရာ သူ့မျက်လုံးများပြူးကျယ်သွားပြီး သူ့ခါးမှဓားကို ဆွဲထုတ်လိုက်မိမလိုပင် ဖြစ်သွားလေသည်။
သို့သော် သူမလှုပ်ရသေးခင်ပင် အိမ်ထဲမှာ လူရိပ်တစ်ခုထွက်ပေါ်လာပြီး သူ့အဆုတ်များအား တုန်ခါသွားစေသော အသံတစ်မျိုး ထွက်ပေါ်လာ၏။
“အဖေ….”
ကွေ့အာ သူ့အဖေခြေထောက်အား ဖက်ထားလိုက်သည်။
“အဖေ အိမ်မှာထင်းတွေအများကြီးရှိနေတာပဲ ကျွန်တော့်သစ်သားရုပ်လေးကို ထင်းလုပ်မပစ်ပါနဲ့ဗျာ”
“သစ်သားရုပ်လား” ကွေ့အာအဖေ တခဏကြောင်အသွားကာ သေချာပြန်ကြည့်လိုက်သည်။ “တကယ်ကြီး သစ်သားရုပ်ပဲ”
သူသစ်သားရုပ်အား အထင်မှားခဲ့ရခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ သစ်သားရုပ်တစ်ခုကို ထိုမျှအဆင့်အထိ ထွင်းထုနိုင်ခြင်းသည် ရိုးရှင်းသောအရာတော့ မဟုတ်နိုင်ပေ။ သူထိုအရုပ်အား စစမြင်လိုက်တုန်းက တောထဲမှ သားရဲတစ်ကောင်ကောင် သူ့အိမ်ထဲသို့ ရောက်ရှိနေသည်ဟု ထင်ခဲ့မိခြင်း ဖြစ်၏။
“ဒီသစ်သားရုပ်က ဘယ်ကလာတာလဲ” ကွေ့အားအဖေသူ့ဓားအား ချလိုက်ကာ သူ့ရှေ့ရှိသစ်သားရုပ်ကို ရှားပါးပစ္စည်းတစ်ခုလို အသေးစိတ်ကြည့်ရှုစစ်ဆေးလိုက်သည်။
“ကျွန်တော် အဖေ့ကိုအရင်ကပြောပြီးပြီမလား ဒါက ခရီးသွားအဖွဲ့ထဲက ရှောက်ရွှမ်ကို ကျွန်တော်သွားရှာပြီး အဖေ့ကိုခုတ်ခိုင်းခဲ့တဲ့ သစ်သားနဲ့ ထွင်းခိုင်းခဲ့တာ” ကွေ့အာ သူကြုံတွေ့ခဲ့ရသော ဇာတ်လမ်းအား ပြန်ပြောပြလိုက်ပြီး လောင်ဟယ်တို့မိသားစုအား စောင့်ရှောက်ပါမည်ဟူသော ကတိကိုလည်း ပြောပြလိုက်သည်။ ပြောပြီးသည့်နောက် ကွေ့အာ အနည်းငယ် စိုးရိမ်နေကာ ခေါင်းအားငုံ့ထားပြီး သူ့အဖေကို မျက်လုံးလေးလှန်ပြီး ခိုးကြည့်နေလိုက်၏။ မကြာခင်တွင် ရိုက်ခံရတော့မည်ကို သူကြောက်နေလေသည်။
သူ့အဖေသည် အကြာကြီးတိတ်ဆိတ်နေပြီးနောက် ထိုသို့ပြောလိမ့်မည်ဟုတော့ သူထင်မထားခဲ့ချေ။
“မင်းကတိပေးထားရင် အဲ့ကတိကို တည်အောင်လုပ်ရမှာပေါ့ကွ”
ဖုန်မျိုးနွယ်စုမှ ထွက်ခွာသွားပြီးဖြစ်သော ရှောက်ရွှမ်မှာတော့ ကွေ့အာနှင့် သူ့အဖေကြား စကားဝိုင်းကို မသိခဲ့ချေ။ သူနှင့် အခြားလူများသည် မြစ်ကမ်းတစ်လျှောက် ခရီးဆက်ခဲ့ကြ၏။ ဤမြစ်သည် မြစ်အထက်ပိုင်းသို့တက်မည်ဆိုပါက မြက်ခင်းလွင်ပြင်ဒေသ အတွင်းပိုင်းထဲသို့ ၀င်သွားမည်ဖြစ်ပြီး အောက်သို့ဆင်းမည်ဆိုပါမူ ဗဟိုမျိုးနွယ်စုကြီးများဆီသို့ စီးဆင်းနေသော အဓိက မြစ်ကြီးဆီသို့ ပေါင်းဆုံသွားည် ဖြစ်သည်။
ဤအချိန်တွင် သူတို့၌ မည်သည့်ဖောင်မှလည်း မရှိတော့ရော လမ်းလျှောက်၍သာ ခရီးဆက်ခဲ့ကြ၏။
အခြားခရီးသွားများပြောစကားအရ သူတို့သည် ရက်ပေါင်းအနည်းငယ် ဆက်လျှောက်သွားပြီးလျှင် သူတို့သွားမည့် ပန်းတိုင်သို့ ရောက်ရှိတော့မည်ဟု ဆိုကြ
သည်။
“ရှေ့နည်းနည်းဆက်သွားပြီးရင် ဗဟိုမျိုးနွယ်စုတွေရဲ့ နယ်မြေဆီရောက်ပြီကွ”
“ခရီးသွားအဖွဲ့ သတိနဲ့နေကြနော် ရှေ့မှာက မျိုးနွယ်စုကြီးနှစ်ခုရဲ့နယ်မြေပဲ ဘယ်သူ့ကိုမှ အပြစ်မလုပ်မိစေကြနဲ့” အတွေ့အကြုံရင့်ခရီးသွားတစ်ယောက်မှ လူသစ်များကို အကြံပေးလိုက်သည်။
ဗဟိုမျိုးနွယ်စုများ ကြား၌ တည်ထောင်ထားသော မျိုးနွယ်စုကို မျိုးနွယ်စုအသေးလေးတစ်ခုဟု လုံး၀ သတ်မှတ်၍ မရပေ။ သူတို့ မျိုးနွယ်စုတစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်နည်းလမ်းများရှိတတ်ကြပြီး အခြားဒေသရှိ မျိုးနွယ်စုအသေးလေးများမှာ သူတို့နှင့် လုံး၀ယှဉ်လို့ရမည် မဟုတ်ပေ။
လမ်းတွင် ဤနေရာသို့ လာရောက်ကြသော အခြား
ဒေသများမှ ခရီးသွားများကိုတွေ့ခဲ့ရပါသော်လည်း သူတို့ကြားတွင် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြခြင်းမျိုးများ မရှိကြဘဲ တစ်ဖွဲ့နှင့် တစ်ဖွဲ့သတိထား၍သာ ဆက်ဆံကြပေသည်။
တောင်အနည်းငယ်အား ကျော်ဖြတ်ပြီးသည့်နောက် ရှောက်ရွှမ် ဘေးမှ ခရီးသွားတစ်ယောက် သူ့အားပြောလိုက်၏။ “အဲ့ဒီဘက်ကို ကြည့်လိုက်”
ခရီးသွားအဖွဲ့၏ ဘေးတွင် တွန့်ခေါက်တောင်တန်းများ ရှိနေပြီး တောင်များ၏ထိပ်တွင်မူ မျိုးနွယ်စုတစ်ခု၏ သဏ္ဍာန်ကို ရေးဆွဲထားသော ကျောက်တုံးများ ရှ်ိနေကြသည်။
ကျောက်တုံးပေါ်ရှ်ိ ပုံများသည် အသေးစိတ်ရေးဆွဲထားသော ပုံများတော့ ဟုတ်ဟန်မပေါ်ပေ။ သူတို့ဆွဲထားသည်မှာ လူတစ်ယောက်ပုံမျိုးမဟုတ်သော်လည်း ထိုပုံများ၏ မျက်နှာမှာတော့ လူနှင့်တူနေသေးသည်။
ရှောက်ရွှမ်၏မြင်ကွင်းရှေ့တွင် လေးထောင့်ပုံကျောက်တုံးကြီးတစ်ခုရှိနေပြီး ထိုကျောက်တုံးပေါ်တွင် ပါးစပ်ပြဲပြဲနှင့် လူမျက်နှာပုံတစ်ခုဆွဲထားသော်လည်း သူ့မျက်နှာအောက်ရှိ ခန္ဓာကိုယ်မှာတော့ လူနှင့်တူမနေချေ။ ထိုအရာတွင် လက်လေးဖက် ပို၍ ပါရှ်ိနေလေသည်။
ဆွဲထားသော ပန်းချီပုံစံသည် ကြမ်းတမ်းကာ အရိုင်းဆန်သော ပုံစံမျိုးဖြစ်သည်။ ထိုအရာသည် ထူးဆန်းသောခန္ဓာကိုယ်အချိုးအစားမျိုးရှိသော လူတစ်ယောက်နှင့်တူပြီး ထိုလူတွင်လက်ခြောက်ဖက်ရှ်ိနေကာ ထိုလက်များနှင့် သူ့ပါးစပ်ကြီးကို ခပ်ဟဟ ဖွင့်ထား၍ ခြေထောက်များကို ထောင့်ချိုးတစ်ခုအတိုင်းရပ်ထားလေရာ ဖြတ်သန်းသွားလာသူများကို ကြည့်ရှုနေသော ပင့်ကူတစ်ကောင်နှင့် တူလေသည်။ သူ့နောက်ရှိ ကျောက်တုံး၏ အခြားအပိုင်းများတွင်မူ မျဉ်းကြောင်းများစွာရှိနေပြီး ထိုမျဉ်းကြောင်းများကိုလည်း စိတ်ထင်ရာ ဆွဲထားခြင်းမျိုးမဟုတ်ဘဲ စနစ်တကျနှင့် တစ်ခုခုကို ပုံဖော်ပြီး
ဆွဲထားဟန်ရ၏။
“အဲ့တာက ဘာကြီးလဲ” ယွီ သူ့ဘေးမှ အတွေ့အကြုံရင့် ခရီးသွားတစ်ယောက်ကို မေးလိုက်သည်။
ရှောက်ရွှမ်မှာမူ ပန်းချီကိုကြည့်ရုံနှင့် ထိုမေးခွန်းကိုသိရှိပြီး ဖြစ်၏။
ထိုအရာသည် ဘိုးဘေးများ၏ သားရေလိပ်ပေါ်တွင်မှတ်သားထားပြီး ဂူနံရံများပေါ်တွင်လည်း ရေးဆွဲထားသော ခြေလက်ရှစ်ဖက် မျိုးနွယ်စု ဖြစ်သည်။
တောင်ခြေနားရှိ ဂူထဲတွင် ထိုပုံကိုတွေ့ခဲ့စဉ်က သူသည် ထိုအရာကို ပင့်ကူတစ်ကောင်ဟုသာ ထင်ခဲ့ခြင်း ဖြစ်၏။
သားရေလိပ်ထဲမှ မှတ်တမ်းတင်ထားသော စာများကိုတွေ့မှသာ ထိုအရာသည် ပင့်ကူတစ်ကောင်မဟုတ်ဘဲ ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသည့် ခြေလက်ရှစ်ဖက်
နှင့် လူတစ်မျိုးဖြစ်မှန်း သိလိုက်ရသည်။
ထိုအနားရှိ ကျောက်တုံးနက်ကြီးများပေါ်တွင်လည်း မျက်နှာပုံစံအမျိုးမျိုးနှင့် ခြေလက်ရှစ်ဖက်ရှိသည့် လူပုံများကို ရေးဆွဲထားလေသည်။
ထိုမျိုးနွယ်စုကို ဗဟိုဒေသရှိ မျိုးနွယ်စုကြီးတစ်ခုဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။ သူတို့သည် သူတို့၏ နယ်ခြားမျဉ်းများတွင်ပင် မြင်ရုံနှင့်ကြောက်လန့်သွားစေရန် ထိုပန်းချီများကို ရေးဆွဲထားခဲ့၏။ မျက်စိတစ်ဆုံးမြင်နေရသော ကျောက်တုံးအတန်းများပေါ်တွင် ခြေလက်ရှစ်ဖက်မျိုးနွယ်စု၏ ပုံသဏ္ဍာန်အမျိုးမျိုးကို ရေးဆွဲထားပြီး တစ်ချို့မှာ အကြီးကြီးများဖြစ်ကြကာ တစ်ချို့မှာ သေးငယ်လှသည်။ ဤနေရာသို့ ဖြတ်သန်းသွားသူများသည် သူတို့၌ ဤနေရာနှင့်ပတ်သက်၍ အမှတ်တရဆိုးများရှိနေလျှင်တောင် ထိုမျှအံ့ဩစရာကောင်းသော ကျောက်တုံးများပေါ်ရှိ အရုပ်များကိုတော့ မေ့ပစ်ဖို့ရန် ခက်ပေလိမ့်မည်။
ထိုအချိန် ဘေးမှလူတစ်ယောက် ၀င်ပြောလိုက်သည်။
“ဒါက ခြေလက်ရှစ်ဖက်မျိုးနွယ်စုရဲ့ နယ်မြေမဟုတ်သေးဘူး ငါတို့သွားနေတဲ့ လမ်းတစ်လျှောက်လုံးက ခြေလက်ရှစ်ဖက်မျိုးနွယ်စုနဲ့ မုန့်မျိုးနွယ်စု ရဲ့ကြားထဲမှာရှိတာ”
“မုန့်တောထဲက ကျောက်စိမ်းတွေနဲ့ ခြေလက်ရှစ်ဖက်က ပိုးထည်တွေ အဲ့ဒီမျိုးနွယ်စုကြီးနှစ်ခုရဲ့ အဲ့ဒီစာဆိုက ဘာကိုဆိုလိုတာလဲ” ဤအားကောင်းသော မျိုးနွယ်စုကြီးနှစ်ခု၏ နာမည်ကို ယွီ ခရီးသွားများထံမှ အရင်ကတည်းက ကြားခဲ့ဖူးပြီး သူတို့မျိုးနွယ်စုများမှ ထွက်ကုန်များကိုလည်း ကြားခဲ့ဖူးပေသည်။ သို့သော် သူသည် မုန့်မျိုးနွယ်စု၏ ကျောက်စိမ်းများကို တစ်ခါမှမမြင်ဖူးသလို ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ ထွက်သော အကောင်းစားပိုးထည်များကိုလည်း တစ်ခါမှ မမြင်ဖူးပေ။
မုန့်မျိုးနွယ်စု တောနက်ထဲမှ ကျောက်စိမ်းများနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စု၏ ပိုးထည်များသည် သူတို့မျိုးနွယ်စုနှစ်ခု၏ လူသိများသော ထွက်ကုန်များ ဖြစ်ကြ၏။ ထိုနှစ်ခုထဲမှ မုန့်မျိုးနွယ်စု၏ ကျောက်စိမ်းများဖြစ်စေ ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ ပိုးထည်များဖြစ်စေ ထိုအရာနှစ်ခုလုံးမှာ အလွန်ဈေးကြီးသော အရာများ ဖြစ်ကြပေသည်။ သာမန်အားဖြင့် အဝေးမှလာကြသော မျိုးနွယ်စုအသေးလေးများသည် ထိုသို့သော ပစ္စည်းများကို လိုလည်းမလိုကြသောကြောင့် လဲလှယ်ကြလိမ့်မည် မဟုတ်ပေ။ သာမန်အထည်စများရှိကြသောကြောင့် သူတို့သည် ထိုသို့သော ပိုးထည်များကို မလဲလှယ်ကြချေ။ အကယ်၍ သူတို့လဲလှယ်မိလျှင်လည်း ထိုပိုးထည်များကို ချောင်ထိုးထားရမည်သာ။
ရှင်းရှင်းပြောရပါက သူတို့၏ ဇိမ်ခံနိုင်စွမ်းသည် ထိုမျှမမြင့်ဘဲ ထိုသို့သောပိုးထည်များကို အရသာခံနိုင်စွမ်း မရှ်ိကြပေ။ ထို့အပြင် သူတို့ကဲ့သို့ လက်တွေ့ဘ၀၌သာ လက်တွေ့ကျကျ အသုံးပြုလိုသော လူများအတွက် ပိုးထည်ဟူသည် အသုံးမ၀င်သော အရာသာဖြစ်သည်။
“ခြေလက်ရှစ်ဖက် မျိုးနွယ်စုရဲ့ ကျောက်တုံးဆေးပန်းချီတွေအပြင် ဒီနားမှာ မုန့်မျိုးနွယ်စုရဲ့ အမှတ်အသားတွေလည်း ရှိကြတယ် အဲ့ဘက်ကို ကြည့်လိုက် အဲ့တာက မုန့်မျိုးနွယ်စုရဲ့ အမှတ်အသားတွေပဲ” ရှောက်ရွှမ်နှင့် ယွီဘေးမှ ခရီးသွားတစ်ယောက် ပြောလိုက်သည်။
ထိုနေရာတွင် သိပ်မမြင့်သော ဝါးရုံတောတစ်ခုရှိနေလေသည်။ ဝါးများမှာမူ မာကျောပြီး ထူထဲကြပုံပေါ်၏။ ထိုဝါးများသည် အလွန်မာကျောကြပုံပေါ်ပြီး ရှောက်ရွှမ်ပင် သူ့လက်ချည်းသက်သက်ဖြင့် ချိုးနိုင်လိမ့်မည် မဟုတ်ပေ။
ထိုမာကျောသော ဝါးများပေါ်တွင်မူ မုန့်မျိုးနွယ်စု၏ နတ်အမှတ်အသားများကို ရေးဆွဲထားလေသည်။ ဝါးပင်များပေါ်တွင် ဆည်းလည်းများကိုလည်း ချိတ်ဆွဲထားလေရာ လေတိုက်သောအခါ ထိုအရာ၏ ကြိုးများသည် တစ်ခုနှင့်တစ်ခုတိုက်မိနေကြပြီး ကြားရ
သူကို သာယာသွားစေသော အသံတစ်မျိုးကို ထုတ်လွှင့်ပေးနေလေသည်။
သာမန်အခြေအနေတွင်သာဆိုပါက လူအများသည် ထိုဝါးပင်များအား ခုတ်ယူကာ သာယာသောအသံထွက်ပေါ်နေသော ဆည်းလည်း များကိုလည်း ဖြုတ်ယူသွားကြမည် ဖြစ်သည်။ သို့သော် အမှန်တရားမှာ လူတစ်ချို့သာ ထိုအရာများကို ထိရဲမည်ဖြစ်ပြီး ခြေလက်ရှစ်ဖက်မျိုးနွယ်စု၏ ကျောက်တုံးပန်းချီများကို မည်သူမှမထိရဲကြသလိုပင် ဖြစ်၏။ ထိုအရာများသည် မျိုးနွယ်စုကြီးနှစ်ခု၏ အမှတ် သင်္ကေတများ ဖြစ်ကြပေသည်။ ထိုအရာများအား ထိရန်ကြိုးစားသူများသည် သူတို့မျိုးနွယ်စုကြီးနှစ်ခုအား ရန်စသည်ဟု သတ်မှတ်ခံရပေလိမ့်မည်။
ခရီးသွားအဖွဲ့မှ လူများသည် ထိုသို့အန္တရာယ်များသော အလုပ်မျိုးကို လုပ်ဝံ့ကြမည်မဟုတ်ပေ။ အဘယ်ေကြာင့်ဆိုေသာ် သူတို့ဗဟိုမျိုးနွယ်စုကြီးများသို့ မရောက်သေးခင် မည်သည့် အင်အားကြီးသောမျိုးနွယ်စုကိုမှ အပြစ်ပြုမိ၍ မရကြောင်း
သူတို့သတိပေးခံထားရသောကြောင့် ဖြစ်၏။
ဤလမ်း၏ တစ်ဖက်တွင် ဆေးပန်းချီကျောက်တုံးများ ရှ်ိနေကြသည်။ ကျောက်တုံးပေါ်ရှ်ိ ပန်းချီများမှာ ဖြတ်သွားသူများအား စိုက်ကြည့်နေသော ခြေလက်ရှစ်ဖက်ရှိလူသဏ္ဍာန်များဖြစ်ကြပြီး ခရီးသွားများ ထိုအကြည့်အားခံလိုက်ရသောအခါ သူတို့စိတ်အား ဖိအားတစ်ခုပေးနေသလို ခံစားကြရသည်။ ထို့ကြောင့်ပင် သူတို့သည် ခြေလက်ရှစ်ဖက် မျိုးနွယ်စုအား ပို၍ပင် ကြောက်ရွံ့သွားမိကြ၏။ ထိုမျိုးနွယ်စုသည် အလွန်ပင် အင်အားကြီးသော မျိုးနွယ်စုမျိုးဖြစ်ပြီး သူတို့ဆေးပန်းချီများမှာပင် သူတို့ကို ခြောက်လန့်နိုင်စွမ်းရှိနေသည်။
လမ်း၏ တစ်ဖက်တွင်မူ စိမ်းစိုနေသော ဝါးပင်များနှင့် ဆည်းလည်းများရှိေနရာ အခြားတစ်ဖက်နှင့် လုံး၀ကွာခြားသော မြင်ကွင်းမျိုး ရှိ၏။ သို့သော်လည်း ထိုရှုခင်းများသည် သူတို့အား သာယာသည်ဟူသော ခံစားချက်ကိုမပေးဘဲ ထိုဝါးပင်များကြားမှ မျက်လုံးပေါင်းများစွာသူတို့အား စိုက်ကြည့်နေသည်ဟု ခံစားရပြီး စိတ်မသက်မသာဖြစ်
ကြရသည်။ ထိုမျက်လုံးများနှင့် ကြည့်ခံနေရသောကြောင့်လည်း သူတို့သည် ထိုဝါးပင်များနှင့် ဆည်းလည်းများကို ထိဖို့စဉ်းပင် မစဉ်းစားရဲကြပေ။
ထိုအရာသည် မျိုးနွယ်စုကြီးများ သူတို့၏ သန်မာမှုကို သရုပ်ပြပုံဖြစ်ပြီး ဖြတ်သွားဖြတ်လာများသည် သူတို့၏ ကျောက်စိမ်းများနှင့် ပိုးထည်များကိုသာ သတိမရဘဲ သူတို့ခွန်အားကိုလည်း သတိရသွားစေမည့် သရုပ်ပြမှုမျိုးလည်း ဖြစ်သည်။
ထိုကျောက်တုံးပန်းချီများနှင့် ဝါးပင်များကို မကျော်မချင်း ခရီးသွားများမှာ သက်တောင့်သက်သာရှိမနေကြဘဲ ထိုအရာများအား ကျော်လွန်သွားသော အခါမှသာ သူတို့စိတ်အား ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်ကြရသည်။
“ရှေ့ကိုနည်းနည်းဆက်သွားရင် တောင်ကြားတစ်ခုကို ရောက်လိမ့်မယ် အဲ့ဒီနေရာက ကုန်သွယ်ဖို့ကောင်းတဲ့နေရာတစ်ခုပဲ မုန့်မျိုးနွယ်စု ခြေလက်ရှစ်ဖက်မျိုး
နွယ်စုတို့နဲ့ ကပ်နေတော့ ဘယ်သူမှလည်း ပြဿနာမရှာရဲကြဘူး” ရှေ့မှ ခရီးသွားတစ်ယောက် ပြောလိုက်သည်။
မကြာခင်တွင် ရှောက်ရွှမ် ကုန်သွယ်သည့် နေရာတစ်ခုကို တွေ့လိုက်ရ၏။ ထိုနေရာသည် ဈေးအသေးလေးတစ်ခုနှင့် တူပြီး အိမ်များကို သစ်သားများ ဝါးများနှင့် တည်ဆောက်ထားလေသည်။ အခြားဒေသမှလာကြသော ခရီးသွားများနှင့် ထိုအနီးတဝိုက်ရှိ မျိုးနွယ်စုများမှ မျိုးနွယ်စု၀င်များသည် ထိုဈေးလေးတွင် ကုန်အလဲအလှယ် ပြုလုပ်ကြခြင်း ဖြစ်၏။ ဈေးလေးသည် မျိုးနွယ်စုကြီးနှစ်ခုအနီးတွင် ရှိရသောကြောင့် ထိုမျိုးနွယ်စုများကိုလည်း တစ်ခါတစ်ရံတွင် လက်ဆောင်ဘဏ္ဍာပေးရခြင်းမျိုး ရှိပေသည်။
ဈေးထဲအား ၀င်လိုက်သောအခါ ထိုနေရာသည် အလွန်အလုပ်ရှုပ်သော နေရာဖြစ်မှန်း ရှောက်ရွှမ်ခံစားလိုက်ရသည်။ လူတစ်ချို့သည် သူတို့လဲလှယ်လိုကြသော ပစ္စည်းများကို မြေပေါ်တွင် တိရစ္ဆာန်
သားရေများခင်းကာချထားကြပြီး တစ်ချို့မှာတော့ စင်များပေါ်တွင် ပစ္စည်းများတင်ပြီး ပြသထားကြ၏။
ဤနေရာသည် အလွန်ရိုးစင်းလှကာ အကြမ်းထည်ဆန်လှသော ဈေးမျိုးဖြစ်ပါသော်လည်း ရှောက်ရွှမ်ဤကမ္ဘာသို့ ရောက်လာကတည်းက မြင်ခဲ့ဖူးသမျှထဲတွင် အကြီးဆုံးနှင့် အလုပ်အရှုပ်ဆုံး ဈေးမျိုးလည်း ဖြစ်ပေသည်။