ဂူလုခြင်း
Vol. 13 Ch. 182
ဈေးထဲတွင် အိုးခွက်ပစ္စည်းများ အများအပြားရှိကြပြီး အချို့ဆိုလျှင် အိုးခွက်များပေါ်၌ ပုံများဆွဲထားကြခြင်းမျိုးပင် ရှိကြသည်။
ထိုအိုးခွက်များသည် အသုံး၀င်ရုံတင်မကဘဲ အမြင်လည်း လှကြ၏။ ထိုအရာများေပါ်ရှိ ပန်းချီများသည် ဆန်းကြယ်ကာ ဒဏ္ဍာရီဆန်သော ခံစားချက်ကိုပင် ပေးလေသည်။
အဝိုင်း သို့မဟုတ် အဝိုင်းခြမ်းပုံ အိုးခွက်များကို ပစ္စည်းများထည့်ရန် အသုံးပြုကြခြင်း ဖြစ်ပေသည်။ နားရွက်ပါသော အိုးခွက်များကိုတော့ ကြိုးပါးလေးတစ်ချောင်းနှင့် ချည်နှောင်ထား၏။
ဤနေရာတွင် သာမန်မဟုတ်သော အိုးခွက်ပုံစံများရှိနေကြပါသော်လည်း အချို့အိုးခွက်များအား ဖန်တီး
ထားပုံမှာ အတော်လေးစိတ်ကူးကောင်းလှသည်။ ဥပမာအားဖြင့် သုံးချောင်းထောက်အိုးများ စားသောက်ရန်အိုးခွက်များနှင့် အ၀ကျဉ်းသောအိုးလေးများ ဖြစ်ကြ၏။
“ဒါတွေက ဘာအတွက်သုံးတာလဲ” ရှောက်ရွှမ်အ၀ကျဥ်းကျဥ်းအိုးေလးများကို ညွှန်ပြလိုက်ကာ သူ့ဘေးမှလူကို မေးလိုက်သည်။
“အို အဲ့တာက ဝိုင်အတွက် သုံးတာလို့ပြောတာပဲ” သူ့ဘေးမှလူဖြေလိုက်ပြီး သူ့မျက်လုံးများမှာလည်း ထိုအရာကို လိုချင်မှုများဖြင့် ကြည့်ရှုနေလေသည်။ “ငါကြားတာတော့ ဒီအိုးတွေကို ဝိုင်တွေ အသယ်အပို့လုပ်ဖို့ သုံးတာလို့ကြားဖူးတယ် အဲ့တာက ဒီနေရာမှာ အတော်လေးနာမည်ကြီးတယ် ငါအရင်က အဲ့တာမျိုးအိုးတစ်လုံးလဲခဲ့ဖူးတယ် ဒါပေမယ့် ဝိုင်တော့မပါဘူးပေါ့ အဲ့လိုမျိုးအိုးတွေက ပစ္စည်းတွေ သိုလှောင်တာ သယ်ဆောင်တာမျိုးမှာ အတော်လေးအသုံး၀င်တယ်ကွ သူ့ထဲကိုတစ်ခုခုထည့်ထားရင် ထွက်ကျဖို့လည်း မလွယ်ဘူး နောက်ပြီး သူ့ရဲ့အောက်ခြေပြားပြားတွေ
ကလည်း အတော်လေးခံနိုင်ရည်ရှိကြတယ် တော်ရုံမကွဲကြဘူး ငါတို့ပြန်တဲ့အခါကျ အဲ့လိုအိုးနည်းနည်းလောက် ထပ်လဲမယ်လို့ စဉ်းစားထားတယ် ဝိုင်နည်းနည်းလောက်ရရင်တော့ ပိုကောင်းတာပေါ့ကွာ”
“ဝိုင်ဆိုတာဘာလဲ” ယွီ မေးလိုက်သည်။
“ဝိုင်လား အဲ့တာက ရေတစ်မျိုးပဲကွ” ဝိုင်အကြောင်းကောင်းကောင်းမသိသော အခြားလူတစ်ယောက် ၀င်ပြောလိုက်၏။
“ငါလည်းအဲ့တာကိုမသောက်ဖူးဘူး ဒါပေမယ့် ခေါင်းေဆာင်ပြောတာတော့ အဲ့တာကို သစ်သီးတွေကနေ ပြုလုပ်ထားတာတဲ့ကွ ဝိုင်ရှိတဲ့ မျိုးနွယ်စုတိုင်းက မျိုးနွယ်စုကြီးတွေချည်းပဲ သူတို့မှာ အစားအစာလည်း မရှားကြဘူး”
သူတို့နားရှိ လူငယ်များမှာ အားကျသည့်မျက်နှာများ
ဖြစ်နေကြသည်။ အစားအစာမရှားဘဲ ဇိမ်ခံပစ္စည်းများလည်း ရှိနေပေရာ မည်သူက အားမကျဘဲ နေပါတော့မည်နည်း။
ဗဟိုဒေသရှိ မျိုးနွယ်စုအတော်များများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ အတော်လေးအဆင့်မြင့်သော အခြေအနေသို ့ရောက်ရှိနေကြပြီး ဖြစ်သည်။ သူတို့၌ စားနပ်ရိက္ခာလုံလောက်သောအခါ သူတို့၏ လက်မှုပညာများမှာလည်း အလျင်အမြန်ပင် တိုးတက်လာခဲ့ကြ၏။ သူတို့တွင် များစွာသော အနုပညာလက်ရာများစွာရှိနေပြီး ထို့ကြောင့်ပင် ခရီးသွားများမှာ အလယ်ပိုင်းဒေသသည် စိတ်လှုပ်ရှားစရာ ဒေသတစ်ခုဖြစ်သည်ဟု ပြောကြခြင်းဖြစ်သည်။
ဈေးထဲတွင် ရှောက်ရွှမ်မြင်ခဲ့ရသော အိုးခွက်များမှာ ပုံစံမျိုးစုံရှိကြလေသည်။ အရင်ကသူ မီးတောက်ဦးချိုမျိုးနွယ်စုတွင် မြင်ဖူးခဲ့သည်များမှာ ရှေးဟောင်းအိုးခွက်များသာ ဖြစ်ပါသော်လည်း ဤနေရာတွင်တော့ အိုးခွက်ပေါင်းစုံ ရှိနေကြသည်။
သူသာ ထိုအိုးခွက်များကို မျိူးနွယ်စုထံ ပြန်ယူသွားပါက မျိုးနွယ်စုမှလူများ မည်သို့တုန့်ပြန်မည်ကို သူတကယ်သိချင်ပေသည်။ အထူးသဖြင့် သူ့အဖိုးတန်အိုးခွက်များကို ရှောက်ရွှမ်အား ကြွားတတ်သော ရှင်း ဖြစ်သည်။
ဤနေရာတွင် အိုးခွက်များအပြင် ကျောက်စိမ်းထုတ်ကုန်များလည်း ရှိကြ၏။ ကျောက်စိမ်းထုတ်ကုန်များကြားတွင် ကျောက်စိမ်းအချောင်းသဏ္ဍာန် အဆောင်တန်ဆာများ၊ စက်ဝိုင်းခြမ်းသဏ္ဍာန်အဆောင်တန်ဆာများ နှင့် စက်ဝိုင်းတစ်ခြမ်းစာပင်မပြည့် သောကျောက်စိမ်းတန်ဆာများဟူ၍ အမျိုးမျိုးရှိကြသည်။ အချို့ စက်ဝိုင်းခြမ်းသဏ္ဍာန်ကျောက်စိမ်းပြားများပေါ်တွင်တံတားများနှင့်တူသောအရုပ်များရေးဆွဲထားလေ့ရှိပြီး အချို့ကျောက်စိမ်းပြားများမှာတော့ ဗြောင်များဖြစ်ကြ၏။ ထိုဗြောင်ကျောက်စိမ်းပြားများပေါ်တွင် အလယ်၌အပေါက်တစ်ခု သို့မဟုတ် အပေါက်
အနည်းငယ် ပါရှ်ိတတ်ကြသည်။ ထို့အပြင် အချို့ကျောက်စိမ်းပြားများကို ရှုပ်ထွေးနေအောင် အလှဆင်ထားတတ်ကြပြီး တပြားလုံးအပြည့် အရုပ်များရေးဆွဲထားကြ၏။
“အဲ့တာတွေအကုန်လုံးက ကျောက်စိမ်းတွေလား” ထိုကျောက်စိမ်းပြားများကိုကြည့်နေရင်း ယွီမျက်လုံးများ တောက်ပနေလေသည်။
“ဟုတ်တယ် ဒါပေမယ့် အဲ့တာတွေကအရမ်းအရည်အသွေးကောင်းတဲ့ဟာတွေတော့ မဟုတ်ဘူး ခဏနေလို့ မုန့်မျိုးနွယ်စုကလူတွေကိုတွေ့ရင် သေချာကြည့်ကြည့် သူတို့မျိုးနွယ်စု၀င်တိုင်းကိုယ်ပေါ်မှာ ကျောက်စိမ်းအဆောင်တွေရှိတာတွေ့ရလိမ့်မယ် အဆောင်အများစုကတော့ ဒီပုံစံပဲ”
ခရီးသွားတစ်ယောက်သည် စက်ဝိုင်းပြတ် တံတားပုံသဏ္ဍာန်တစ်ခုကို လက်ဟန်ဖြင့်ပြလိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒီမုန့်မျိုးနွယ်စုကလူတွေက အဆင့်အတန်းအတော်လေးမြင့်ကြတဲ့သူတွေပဲ ငါတို့သူတို့ကို အပြစ်မပြုမိဖို့ ဂရုစိုက်ရမယ်”
အနားမှ လူငယ်များ အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်ကြ၏။
“အခုတော့ ပတ်၀န်းကျင်ကို လျှောက်ပတ်ကြည့်မနေကြနဲ့ဦး ငါတို့အခုထိနားဖို့ ဂူမရသေးဘူး” အတွေ့အကြုံရင့် ခရီးသွားတစ်ယောက်သည် ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်နေကြသော လူငယ်များကို သတိပေးလိုက်သည်။
“အဝေးကြီးကိုလျှောက်သွားပြီး လမ်းပျောက်မသွားစေနဲ့ ဒီနေရာမှာ လမ်းပျောက်သွားလို့ကတော့ ဒုက္ခရောက်သွားနိုင်တယ် မင်းတို့အသက်ပါ ပါသွားတာမျိုးတောင် ဖြစ်နိုင်တယ်”
ဤနေရာကဲ့သို့ ဥပဒေမရှိသောနေရာမျိုးတွင် အရာရာတိုင်းကို ခွန်အားဖြင့်သာ ဆုံးဖြတ်နိုင်ပေသည်။ ဗဟိုမျိုးနွယ်စုကြီးများသည် ပုံမှန်အားဖြင့် အလွန်သန်မာကြသောကြောင့် သူတို့ကဲ့သို့ ခရီးသွားများမှာ ဤနေရာတွင် အုပ်စုဖွဲ့ထားကြရ၏။ ဤနည်းဖြင့်သာ သူတို့ပိုပြီး ဘေးကင်းလုံခြုံနိုင်ပေလိမ့်မည်။
ဤနေရာမှစ၍ ခရီးသွားအဖွဲ့သည် အနားမယူရဲကြတော့ဘဲ သတိမလွတ်အောင်နေနေကြရသောကြောင့် ပတ်၀န်းကျင်ရှိ ရှုခင်းများကိုပင် ကြည့်ရှုခံစားခြင်း မပြုနိုင်ကြတော့ပေ။ သူတို့ အလွန်ပင် သတိထားနေကြရသည်။ ဈေးထဲတွင် ခရီးသွားအဖွဲ့ပေါင်းစုံမှလူများ ရှိနေပေရာ အချိန်မရွေးပင်ထိုထဲမှ တစ်ဖွဲ့ဖွဲ့သည် သူတို့၏ ရန်သူဖြစ်လာနိုင်သည် မဟုတ်ပါလား။ အကယ်၍ သတိလက်လွတ်နေမိမည်ဆိုပါက ထိုထဲမှတစ်ယောက်ယောက်သည် သူတို့အားဓားဖြင့်ထိုးကာ သူတို့ပိုင်ဆိုင်မှုများကို လုယူသွားပြီး အလွယ်တကူပင် အရိပ်များကဲ့သို့ ပျောက်သွားကြပေလိမ့်မည်။ ဤနေရာတွင် ထိုကဲ့သို့ အဖြစ်အပျက်မျိုးမှာ ထူးဆန်းသောအရာမဟုတ်ပေ။
ဈေးနှင့် မဝေးသောနေရာတွင် တောင်များရှိကြပြီး ထိုတောင်များတွင် အရမ်းမများသော်လည်း နည်းလည်းမနည်းသော လိုဏ်ဂူများရှိကြ၏။ တချို့ဂူများမှာ သဘာ၀အတိုင်းဖြစ်ပေါ်နေကြခြင်းဖြစ်ပြီး အချို့ဂူများမှာတော့ အရင်ခရီးသွားများ ဖောက်ခဲ့ကြခြင်း ဖြစ်သည်။
မုန့်မျိုးနွယ်စုနှင့် အခြားမျိုးနွယ်စုရှစ်ခုမှာလည်း ဤဘက်ခြမ်းရှ်ိ ဂူများအပေါ် ၀င်ရောက်စွက်ဖက်ခြင်းမျိုး မရှိကြဘဲ ထိုဂူများ၌ မည်သူနေမည် မနေဘူးဆိုသည်ကို သူတို့၏ ကိုယ်ပိုင်ခွန်အားပေါ်တွင်သာ မူတည်လေသည်။
အကယ်၍ ရှေ့သို့အနည်းငယ်ဆက်သွားမည်ဆိုပါက မုန့်မျိုးနွယ်စုနှင့် အခြားမျိုးနွယ်စု ၈ ခု၏ နယ်မြေထဲသို့ ရောက်သွားမည်ဖြစ်ပြီး ထိုနေရာတွင် တည်းခိုရန် အိမ်များစွာရှိကြပြီး ဒီနေရာထက်လည်း ပိုလုံခြုံ၏။ သို့သော် ထိုအိမ်များတွင် တည်းခိုရန်မှာ ကုန်ပစ္စည်း
များစွာနှင့် လဲလှယ်ရမည်ဖြစ်သောကြောင့် ခရီးသွားများသည် ထိုနေရာသို့ မသွားလိုကြပေ။
ရှောက်ရွှမ်နှင့် ခရီးသွားအဖွဲ့သည် တောင်တစ်လုံး၏ အခြေသို့ ရောက်ရှိလာခဲ့ကြသည်။
ဝုန်းးး!
ထိုစဉ် ခန္ဓာကိုယ်ရှိ အရိုးများကြေမွသွားသည်အထိ အရိုက်နှက်ခံထားရပုံပေါ်သော လူတစ်ယောက် အမြင့်တစ်နေရာမှ ပြုတ်ကျလာခဲ့၏။ ထိုလူသည် နောက်ဆုံးထွက်သက်အား မရှူရှိုက်ခင် အသက်အနည်းငယ် ရှူသွားခဲ့သေးသည်။
ပတ်၀န်းကျင်ရှိလူများမှာမူ ကိုယ့်အလုပ်ကိုယ်သာ လုပ်နေကြပြီး မြေပြင်ပေါ်တွင် လူသေတစ်ယောက်ရှိနေသည်ကို ဂရုပင်မစိုက်ကြပေ။ ပြောစရာရှိတာပြောပြီး လုပ်စရာရှိတာသာ လုပ်နေကြ၏။
ခရီးသွားများအတွက် သာမန်အားဖြင့် ထူးဆန်းတာတစ်ခုခုကိုတွေ့ရလျှင်ပင် သူတို့အတွက်တော့ ထူးဆန်းသောအရာမဟုတ်တော့ပေ။ ဤနေရာတွင် ထိုသို့သော လိုဏ်ဂူလုခြင်း ကုန်ပစ္စည်းလုခြင်းကဲ့သို့သော ကိစ္စများမှာ သာမန်သာဖြစ်ပြီး နေ့တိုင်းဖြစ်နေကျ ကိစ္စများဖြစ်ကြသည်။ အချိန်မရွေးပင် ထိုကဲ့သို့သောကိစ္စများကို တွေ့မြင်နိုင်ပြီး ကံဆိုးသောသူများမှာတော့ သူတို့အသက်ကိုပင် ပေးဆပ်လိုက်ရ၏။
တောင်ပေါ်သို့ ရောက်ခါနီးသောအခါ ခရီးသွားအဖွဲ့အတွင်း ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသည်။ သန်မာပြီးအတွေ့အကြုံရှိသော စစ်သည်တော်များမှာ အဖွဲ့၏ အပြင်သို့ထွက်လာကြပြီး အားနည်းပြီး ငယ်ရွယ်သော အဖွဲ့၀င်များကိုမူ အဖွဲ့၏ အလယ်သို့ ပို့လိုက်ကြသည်။ ဤနေရာတွင် မျိုးနွယ်စုခွဲခြားခြင်းဟူသာ ကိစ္စမျိုးမရှိကြပေ။ သူတို့သည် ခရီးသွားအဖွဲ့အတွင်း ပူးပေါင်းလိုက်ကြပြီး ဖြစ်သောကြောင့် အဖွဲ့တစ်ခုအဖြစ် ပူးပေါင်းလုပ်ဆောင်ကြရမည်သာ ဖြစ်သည်။ ဤနေရာတွင် ပူးပေါင်းလုပ်ဆောင်ခြင်းမ
ရှိဘဲ စိတ်၀မ်းကွဲနေပါက အခြားအဖွဲ့များက သူတို့အား အားနည်းသောအဖွဲ့တစ်ခုဟု သတ်မှတ်လိုက်ကြမည် ဖြစ်၏။
ဂူများထဲတွင် အကြီးအသေးအမျိုးမျိုးရှိနေကြပြီး သူတို့အဖွဲ့မှာလည်း လူပေါင်း ၁၀၀ကျော်ပါ၀င်သောကြောင့် ဂူအကြီးကြီးတစ်ခုအား လိုမည်မှာ သေချာပေသည်။ ထိုသို့သော ဂူအကြီးကြီးအားရရှိရန် ကြမ်းတမ်းသောတိုက်ပွဲတစ်ခုအား ဆင်နွှဲရမည်မှာလည်း သေချာနေ၏။
အဖွဲ့ရှေ့မှ ခေါင်းဆောင်များသည် တောင်ဆီသို့ကြည့်နေကြပြီး ဂူထဲမှ ထွက်လာသောလူများကို ကြည့်ရုံမျှနှင့် ထိုလူများ မည်မျှသန်မာသည်ကို သူတို့ခန့်မှန်းနိုင်ကြသည်။ အကယ်၍ သန်မာသောသူများအား တွေ့ပါက ထိုသူများအား သူတို့အပြစ်မပြုမိစေရန် သတိထားရမည်ဖြစ်ပြီး အားနည်းသောသူများ နေကြသည့်ဂူများမှာလည်း သူတို့လိုချင်သလောက် မကြီးမားနိုင်ကြပေ။ ထို့ကြောင့် သာမန်ဆန်သောဂူများကိုသာ ပစ်မှတ်ထားလိုက်ကြပြီး သူတို့အား ပြန်
မခုခံနိုင်လောက်သောသူများရှိသည့် ဂူကိုသာ ရွေးချယ်လိုက်ကြသည်။
“ဒီဘက်..”
ဖန်းနင် အရပ်မျက်နှာတစ်ခုအား လက်ညှိုးထိုးပြလိုက်ပြီး အခြားခေါင်းဆောင်များမှာလည်း လက်ခံသဘောတူလိုက်ကြကာ သူတို့မျိုးနွယ်စုများကို ထိုဘက်သို့ လိုက်ခဲ့ကြရန် အချက်ပြလိုက်ကြ၏။
သူတို့သည် လူပေါင်းရာချီပါသော အဖွဲ့တစ်ခုဖြစ်လေရာ လူတစ်ချို့၏ အာရုံစိုက်မှု အကြည့်တစ်ချို့ကို ခံနေရပြီး အချို့မှာလည်း သူတို့အား အလိုလိုရှိန်နေကြသည်။ သူတို့အား သိရှိထားကြသော သူများမှာ သူတို့နှင့်တွေ့သောအခါ မည်သို့နေထိုင်ပြုမူရမည်ကို သိထားကြပြီး မတွေ့ဖူးသော လူသစ်များမှာတော့ သူတို့အဖွဲ့ကို စုံစမ်းရန် ကြိုးစားနေကြ၏။ ဤကဲ့သို့ ဖရိုဖရဲဖြစ်နေသော နေရာတွင် တည်တည်ငြိမ်ငြိမ်နေနိုင်ရန်မှာ သင့်ရန်သူအားသင့်ရဲဘော်ကဲ့သို့
သိရှိထားရန်မှာလည်း မရှိမဖြစ်လိုအပ်သော အရာဖြစ်ပေသည်။
ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်ဖူးသော လူသစ် လူငယ်လေးများအတွက်မူ ယခင်ကသူတို့ခံစားခဲ့ရသော စိတ်လှုပ်ရှားမှုများသည် ဖိအားနှင့် ထူးဆန်းသောခံစားချက်များဖြင့် အစားထိုးခြင်းကို ခံလိုက်ကြရ၏။ သူတို့သည် ပတ်၀န်းကျင်ရှိ လူများနှင့် မျက်လုံးခြင်းဆုံအောင်ပင် မကြည့်ရဲကြတော့ပေ။
“ခေါင်းမော့လိုက်စမ်း ငကြောက်တစ်ကောင်လိုလုပ်မနေနဲ့ မင်းကမင်းမျိုးနွယ်စု မျက်နှာကို အိုးမဲသုတ်နေတာပဲ” အဖွဲ့ထဲမှ လူတစ်ယောက် အသံခပ်တိုးတိုးဖြင့် ဆူငေါက်လိုက်သည်။
ရှောက်ရွှမ် တောင်ပေါ်ရှိ လူများကို ကြည့်လိုက်ရာ ထိုလူများတွင် လက်အပိုများမပါကြသလို ခြေထောက်များ လျော့နေကြခြင်းမျိုးလည်း မရှိကြပေ။
သို့သော် သူတို့၏ အမွှေးအမျှင်များနှင့် ခန္ဓာကိုယ်အရွယ်အစားများမှာတော့ သိသိသာသာပင် ကွဲပြားကြ၏။
တစ်ချို့တွင် မျက်နှာ၌ ဆေးမှင်ကြောင်များရှိကြပြီး တစ်ချို့မှာတော့ မရှိကြပေ။ သူတို့၏ အ၀တ်အစားများမှာလည်း တူညီမနေဘဲ သူ့ကိုယ်ပိုင်ဟန်နှင့်သူ ရှိကြသည်။ ဤနေရာသည် အမှန်တကယ်ပင် အစုံသုပ်နေရာတစ်ခု ဖြစ်၏။ ရှောက်ရွှမ်အတွက် ဤကဲ့သို့ မျိုးနွယ်စုပေါင်းစုံမှ လူပေါင်းစုံရောစပ်ထားသော နေရာသို့ ရောက်ဖူးခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်လေသည်။
တောင်ပေါ်တွင် အနည်းငယ်လျှောက်လိုက်ပြီး အဖွဲ့သည် ခပ်ကြီးကြီးဂူတစ်ခုဆီသို့ ဦးတည်သွားခဲ့ကြ၏။
ထိုဂူ၏ အ၀င်၀တွင်မူ လူအနည်းငယ် ထိုင်နေကြသည်။ အဖွဲ့တစ်ခုသူတို့ဆီသို့ လာနေသည်ကိုမြင်
သောအခါ ထိုလူများသည် အထဲရှိ သူတို့လူများကို အော်ခေါ်လိုက်ကြ၏။
“ဒီဂူကို ငါတို့ယူပြီးပြီ” ခပ်ပိန်ပိန်လူတစ်ယောက် ရှေ့သို့ထွက်လာပြီး ပြောလိုက်သည်။
“အို့” ဖန်းနင် အဖွဲ့ကိုယ်စားပြောလိုက်၏။
“အခု ဒီဂူကငါတို့ဟာ ဖြစ်သွားပြီ”
မည်သည့်စကားမှ ဆက်ပြောစရာမလိုတော့ဘဲ တိုက်ပွဲမှာ စတင်ခဲ့လေသည်။
ဂူထဲမှ အရိပ်နက်တစ်ခုထွက်ပေါ်လာပြီး လေထုအားဖြိုခွဲသွားသော အသံတစ်သံထွက်ပေါ်လာကာ ဖန်းနင်၏ ဦးခေါင်းဆီသို့ ဦးတည်သွားခဲ့၏။
လေအသံအားကြားလိုက်သောအခါ ဖန်းနင်၏ မျက်လုံးများ တစ်ချက်လက်သွားပြီး ရှေ့သို့တစ်လှမ်းလှမ်းလိုက်ကာ သူ့ခြေကျင်း၀တ်အား အားယူပြီး တစ်ဖက်လူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
တစ်ဖက်လူ၏ ခြေထောက်များမှာ အလွန်ထက်ရှလှပြီး ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေလေသည်။ ထိုခြေကန်ချက် လူတစ်ယောက်၏ ခေါင်းအားထိသွားမည်ဆိုပါက ဦးနှောက်များပင် ခေါင်းအပြင်သို့ ထွက်လာမည်ကို သံသယရှိစရာမလိုပေ။
ခြေကန်ချက်အား ဖန်းနင် ကာကွယ်လိုက်ပြီးသည့်နောက် ထိုလူသည် မြေပြင်ပေါ်တွင် ပြန်ရပ်လိုက်ပြီး လက်များအားသုံး၍ တိုက်ခိုက်လိုက်၏။ သူ့လက်များအား ပုဆိန်တစ်လက်ကဲ့သို့ အပေါ်အောက် ခုတ်ပိုင်းသည့်ပုံစံဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ကွက်အား ဖန်းနင်ရှောင်လိုက်သောအခါတွင် သူ့တိုက်ကွက်သည် ဘေးရှိ ကျောက်
တုံးတစ်တုံးကို ထိသွားပြီး ကျောက်တုံးပေါ်၌ အမှတ်အသားအရာကြီးတစ်ခုကိုပင် ချန်ခဲ့လေ၏။
ငယ်သေး၍ ခရီးသွားများအလယ်တွင် နေနေရသော ရှောက်ရွှမ်ပင် အံအားသင့်သွားမိပြီး သူ့ဘေးရှိ အခြားငယ်ရွယ်သောကောင်လေးများမှာမူ ထိုအန္တရာယ်များသော တိုက်ပွဲအား ကြည့်နေရင်း မျက်လုံးများ ပြူးကျယ်နေကြကာ ဆွံ့အနေကြသည်။ သူတို့တောင်ခြေသို့ ရောက်စဉ်က တစ်ကိုယ်လုံးရှိအရိုးများကျိုးကာ သေဆုံးသွားရသော လူ၏ ပုံရိပ်သည် သူတို့မျက်လုံးထဲတွင် ပြန်ပေါ်လာ၏။ တိုက်ပွဲတွင် ရှုံးနိမ့်သွားသော လူမှာ ထိုသို့အဆုံးသတ်ရပုံ ပေါ်ပေသည်။ ဂူအား ဆုံးရှုံးရခြင်းမှာ ထိုမျှကြီးမားသော ကိစ္စမျိုးမဟုတ်ပါသော်လည်း အသက်ကိုပါဆုံးရှုံးရခြင်းမှာတော့ ကြီးမားသောကိစ္စမျိုး ဖြစ်၏။ သို့သော် ဤအချိန်တွင် သူတို့နောက်ပြန်ဆုတ်ချင်လျှင်တောင် ဆုတ်၍ရတော့မည် မဟုတ်ပေ။
“ခေါင်းဆောင်ဖန်းနင်အကြိုက်ဆုံးက ဘယ်လိုဖား
မျိုးလည်း ခင်ဗျားသိလား” ယွီ ရှောက်ရွှမ်အား မေးလိုက်သည်။
“ဘယ်လိုဖားမျိုးလဲ” ရှောက်ရွှမ် ယွီဘက်သို့ လှည့်ကြည့်လိုက်၏။ ဖန်းနင် မျက်လုံးတစ်ဝိုက်ရှိ ပန်းသဏ္ဍာန်ဆေးမှင်ကြောင်တွင် ယွီတွင်ရှိသော ရောင်စုံတောက်နေသော အဆိပ်ဖားများကဲ့သို့ အရောင်အများကြီး မရှိသည်ကို ရှောက်ရွှမ် သတိရသွားသည်။
“အုပ်ချုပ်သူ ကျောက်ဖားမျိုးဗျ သူနဲ့မျိုးနွယ်စုခေါင်းဆောင်က အကြိုက်တူကြတယ်” ယွီရှင်းပြလိုက်သည်။
ပုမျိုးနွယ်စုခေါင်းဆောင် ကွမ်းဟူသည် ပေါက်စီလုံးကြီးနှင့်တူသော ခန္ဓာကိုယ်ရှိသည့်လူဖြစ်၏။ ထိုလူနှင့် တွေ့ပြီးသည့်နောက် ပုမျိုးနွယ်စုရှိ အချို့ဖားများမှာ အခြားဖားများထက် အရွယ်အစားပိုမိုကြီးမားကြသည်ကို ရှောက်ရွှမ် သိခဲ့ရသည်။ ကွမ်းေဟာ့၏
အသွင်အပြင်မှာလည်း ထိုသို့သော ဖားကြီးမျိုးများထဲမှ ကျောက်ဖား များနှင့် တူညီ၏။ ထို့အပြင် ပုမျိုးနွယ်စုထဲရှိ ထိုသို့ ခန္ဓာကိုယ်အရွယ်အစားကြီးမားကြသူများတွင် ပေါက်ကွဲလွယ်သော စရိုက်မျိုးလည်း ရှိတတ်ကြလေသည်။
ဖန်းနင်သည် အုပ်ချုပ်သူကျောက်ဖားမျိုးကို အကြိုက်ဆုံးဖြစ်လေရာ သူ့အပြုအမူများမှာလည်း အုပ်ချုပ်သူတစ်ယောက်နှင့် တူညီ၏။ သူ့တွင် ပုမျိုးနွယ်စု မှီခိုအားကိုးနိုင်သော ခွန်အားမျိုးလည်း ရှိပေသည်။
ဤပုမျိုးနွယ်စုမှ ခရီးသွားအဖွဲ့ခေါင်းဆောင်ဖန်းနင်သည် သူ့အား ခရီးတစ်လျှောက်လုံးတွင် ဘာအကူအညီမှမပေးပါသော်လည်း ထိုလူသည် စွမ်းဆောင်ရည်ရှိသော လူတစ်ယောက်ဖြစ်သည်ကိုတော့ ရှောက်ရွှမ် ၀န်ခံရပေမည်။
တိုက်ပွဲထဲတွင် ဖန်းနင် တစ်ဖက်လူ၏ ဟာကွက်ကို
တွေ့ရှိသွားပြီး ရိုးရှင်းပုံပေါ်သော တိုက်ကွက်တစ်ခုဖြင့် တိုက်ခိုက်လိုက်၏။ သူထိုးလိုက်သော လက်သီးသည် သာမန်ဖြစ်ပုံပေါ်သော်လည်း အမှန်တကယ်တွင် ကြောက်မက်ဖွယ်ခွန်အားမျိုးပါရှိနေပြီး တစ်ဖက်လူ၏ ရင်ဘတ်သို့ တိုး၀င်သွားလေသည်။
ဖုန်းး!
လက်သီးချက် ထိခံလိုက်ရသောသူမှာ နောက်သို့ မီတာအနည်းငယ်လွင့်ပျံသွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။ ထိုလူသည် တစ်ခုခုပြောရန် ကြိုးစားလိုက်ပါသော်လည်း သူ့ပါးစပ်ထဲမှ ပါးစပ်အပြည့် သွေးတစ်လုပ်သာ အန်ထုတ်ခဲ့ရသည်။
ထိုလူ့အဖွဲ့မှ လူများ၏ မျက်နှာအမူအရာများလည်းပြောင်းလဲသွားပြီး ရပ်နေသော ဖန်းနင်အား ကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ ဖန်းနင်လည်း ဒဏ်ရာအချို့ ရရှိခဲ့သည်ဆိုသော်ငြား သူ့ဒဏ်ရာသည် သူ၀တ်ဆင်ထားသော
သားရဲအရေပြားအနည်းငယ်စုတ်ပြဲကာ သွေးအနည်းငယ်ထွက်သွားသော ဒဏ်ရာမျိုးလောက်သာ ဖြစ်ပြီး မြေပြင်ပေါ်တွင် လဲနေသောလူနှင့်ယှဉ်ပါက အများကြီး သာနေသေးသည်။ ထို့အပြင် သူသည် မြေပြင်ပေါ်၌လည်း မတ်မတ်ပင်ရပ်နေနိုင်သေး၏။
ဤလက်သီးချက်အား ဖန်းနင် အနည်းငယ်လျှော့၍ ထိုးလိုက်ခြင်းဖြစ်သည် ဟုရှောက်ရွှမ် ထင်မိသည်။ ခရီးစဉ်အတွင်း ဖန်းနင် သားရဲများအားအမဲလိုက်သည်ကို သူမြင်ဖူးခဲ့ပြီး ဖန်းနင် လက်သီး၏ ပေါက်ကွဲအားကိုလည်း သူသိ၏။ အကယ်၍ ဖန်းနင်သာ ထိုလက်သီးချက်တွင် အားကုန်ထုတ်၍ ထိုးခဲ့ပါက တစ်ဖက်လူသည် သေဆုံးပြီးနေလောက်ပြီ ဖြစ်သည်။ သူ့အရိုးများမှာလည်း တစ်စစီပင် ဖြစ်သွားခဲ့လောက်၏။
ယခုတွင် တစ်ဖက်လူသည် ပြန်ထလာနိုင်ပါသော်လည်း သူ့နှုတ်ခမ်းထောင့်မှတော့ သွေးများစီးကျနေဆဲ ဖြစ်သည်။ ထိုလက်သီးချက်သည် သူ့အရိုးများအား မကျိုးကြေသွားစေပါသော်လည်း သူ့
အတွင်းအင်္ဂါများကိုတော့ ဒဏ်ရာရသွားစေခဲ့၏။ ဤတိုက်ပွဲအား ဆက်လက်တိုက်ခိုက်ရန်မှာ သူ့အတွက် မဖြစ်နိုင်တော့ပေ။ သူ့အရိုးများ မကျိုးသေးပါသော်လည်း ကွဲအက်နေကြသည်ကိုတော့ သူခံစားမိနေသည်။ အကယ်၍ နောက်တစ်ချက်သာ အထိုးခံလိုက်ရပါက သူ့အခြေအနေယခုထက် အများကြီးပိုဆိုးသွားပေလိမ့်မည်။
သူ့ခန္ဓာကိုယ်ကို အလေးမထားဘဲ အလောတကြီးဆက်တိုက်ခိုက်ဖို့လား။ ထိုအရာသည် မထိုက်တန်ပေ။
ထိုလူ၏ အဖွဲ့မှ လူများသည် တစ်ခုခုပြောရန် ပြင်လိုက်ပါသော်လည်း ဖန်းနင်၏ ဖားမျက်လုံးများအား တွေ့လိုက်သောအခါ ပြောမည့်စကားကို ပြန်သာမျိုချထားလိုက်ကြသည်။
“ဘယ်သူလာဦးမလဲ” ဖန်းနင် ရပ်နေရင်း ဂူအ၀င်၀မှ လူများကို လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။
လူအများစုသည် သူ့အကြည့်အား ရင်မဆိုင်ရဲကြပေ။ ဖန်းနင် ထုတ်ပြခဲ့သော ကြမ်းတမ်းကာ မောက်မာသောအသွင်အပြင်နှင့် မြန်ဆန်သောလက်သီးချက်များမှာ ထိုလူများ၏ သတ္တိကို ရိုက်ချိုးခဲ့လေသည်။
သူတို့ခေါင်းဆောင် ရိုက်နှက်ခံလိုက်သောအခါ သူတို့အဖွဲ့ထဲတွင် သန်မာသောလူတစ်ချို့ရှိပါသေးသော်လည်း ထိုမျှလောက် ပမာဏဖြင့် သူတို့ရှေ့ရှိအဖွဲ့ကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သူတို့ရှေ့ရှိ အဖွဲ့မှာ ယခုအချိန်တွင် စိတ်ခွန်အားလည်းတက်ကြွနေကြပြီ ဖြစ်ပြီး အထူးသဖြင့် သူတို့ခေါင်းဆောင်နှင့် တိုက်ခိုက်ခဲ့သောသူမှာ အဆိုးဆုံးဖြစ်သည်။ မကောင်းဆိုးဝါးမျက်နှာနှင့် ထိုလူသည် ရှေ့တွင် မတ်မတ်ရပ်နေပြီး ထိုလူ့အားကြည့်ရသည်မှာ နောက်အကြိမ်အနည်းငယ်ပင် ထပ်တိုက်ခိုက်နိုင်သေးပုံ ပေါိပေသည်။
“မေ့လိုက်တော့ သွားကြစို့ ခေါင်းဆောင်ကိုလည်းမနိုင် အရည်အတွက်အားဖြင့်လည်း မသာမှတော့ ငါ
တို့အင်အားကိုခြွေတာပြီး အခြားပစ်မှတ်ကိုပဲ ရှာကြရအောင်”
ဂူ၀ရှိအဖွဲ့မှာ သူတို့ပစ္စည်းများအား သိမ်းဆည်းပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။ ထို့ေနာက် သူတို့မနေ့ကတွေ့ခဲ့သော လိုဏ်ဂူအသေးလေးများကိုသာ ပြန်သွားရှာရန် စီစဉ်ခဲ့ကြသည်။
ထိုသို့ ရလဒ်ထွက်ပေါ်လာသောအခါ ယွီ ရှောက်ရွှမ်အား ငါတို့ခေါင်းဆောင်ကဘယ်လောက် လွှမ်းမိုးနိုင်လိုက်သလဲ ဆိုသည့် ဂုဏ်ယူနေသောအကြည့်ဖြင့် ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် ကျောက်ဖား၏ ဆေးမှင်ကြောင်မျိုးရှိသော လူတစ်ယောက်အကြောင်း ယွီတွေးမိသွားသည်။ အကယ်၍ ခေါင်းဆောင်ဖန်းနင်သာ မျိုးနွယ်စုခေါင်းဆောင်ကဲ့သို့ မျက်ခုံးမွှေးမျိုးရှိမည်ဆိုပါက အလွန်ကောင်းပေလိမ့်မည်။ ထိုအခါ သူ့တွင်လည်း ကျောက်ဖားနှင့် အမှန်တကယ်တူသော
ပုံစံမျိုး ရှိလာမည် ဖြစ်၏။
ယွီတင်မကဘဲ အခြားပုမျိုးနွယ်စုလူငယ်များမှာလည်း ဖန်းနင်အား လေးစားအားကျသော အကြည့်မျိုးနှင့် ကြည့်ရှုနေကြလေသည်။
ဖန်းနင်သည် အေးစက်စက်လူတစ်ယောက်ပုံစံပေါ်နေသော်လည်း ယခုအချိန်တွင် သူ့စိတ်ထဲ၌ နာကျင်မှုကို တောင့်ခံထားခြင်း ဖြစ်၏။ အကယ်၍ ယခုခန္ဓာကိုယ်နဲ့သာ နောက်တစ်ကြိမ်ထပ်တိုက်ခိုက်ရပါက သူဆိုးဆိုးရွားရွားရှုံးနိမ့်ရမည်မှာ သေချာပေသည်။ တိုက်ပွဲအတွင်း သူ့အားထိခဲ့သော တိုက်ကွက်အချို့မှာ သူ့ကိုယ်တွင်းအင်္ဂါများအား ဒဏ်ရာရသွားစေခဲ့သော်လည်း သူဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့ပြီး အနည်းငယ်အနားယူလိုက်လျှင် ကောင်းသွားမည့်ပုံဖြင့် နေခဲ့၏။ သူ့နောက်ဆုံးလက်သီးချက်တွင် အားကုန်မသုံးလိုက်ခြင်းမှာလည်း နောက်ဖြစ်လာနိုင်သည့်အရာများအတွက် သူအားအနည်းငယ် ချန်ထားချင်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
“အထဲ၀င်ပြီး ပစ္စည်းတွေကို နေရာချကြ” ဖန်းနင် အဖွဲ့အား ပြောလိုက်၏။
အဖွဲ့သည် ဂူထဲသို့ ၀င်သွားခဲ့ကြသည်။ သူတို့အဖွဲ့သည် အတော်လေးလူများလှသော်လည်း ဂူမှာသူတို့အဖွဲ့နေထိုင်ရန် လုံလောက်အောင် ကြီး၏။ ဂူထဲတွင် လှုပ်လှုပ်ရှားရှားနေရ မရနိုင်သော်လည်း ဒီလောက်ကြီးသောဂူကို ရထားခြင်းမှာပင် သူတို့အတွက် လုံလောက်ပေသည်။
သူတို့အဖွဲ့သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဂူထဲသို့ ၀င်ရောက်ခဲ့ကြသော်လည်း ထိုအခိုက်တွင် ဂူထဲမှအသံတစ်သံထွက်လာခဲ့၏။
“ဘာလို့ ဆူညံနေကြတာလဲကွ” ပျင်းရိနေဟန်ရသော အသံတစ်ခုမှာ သန်းဝေနေရင်း ထွက်ပေါ်လာလေသည်။
ခရီးသွားအဖွဲ့သည် ဂူအားသူတို့သိမ်းပြီးသွားချိန်အထိ ဂူထဲတွင် တစ်ယောက်ယောက်ရှိနေဦးရဲမည်ဟု မထင်မိခဲ့ကြပေ။ ထိုလူသည် ခုနကအဖွဲ့မှ လူဖြစ်ပြီး သူတို့တိုက်ခိုက်နေသောအချိန်က ကုလားသေကုလားမောအိပ်ပျော်နေခြင်းကြောင့် ဆူညံသံများကို မကြားလိုက်၍ ကျန်နေသောသူ ဖြစ်နိုင်ပါသလော။
“ဘယ်သူလဲ ထွက်ခဲ့စမ်း ဒီဂူကိုငါတို့သိမ်းပြီးသွားပြီ မင်းအထုပ်သိမ်းပြီး ထွက်သွားလိုက်တာ ပိုကောင်းလိမ့်မည်” အဖွဲ့ထဲမှ ခေါင်းဆောင်တစ်ယောက် ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။