သတ္တိကမသေးဘူး
Vol. 13 Ch. 183
လိုဏ်ဂူအတွင်းမှ ခြေသံများထွက်ပေါ်လာလေသည်။
ဂူအတွင်းထဲမှလူသည် မနှေးမမြန် ဘာကိုမှဂရုမစိုက်ဟန်ဖြင့် လိုဏ်ဂူထဲမှ တစ်လှမ်းခြင်းလှမ်း၍ ထွက်လာခဲ့၏။
သူသည် ဂူထဲရှိလူစိမ်းများကြောင့် အလောတကြီးဖြစ်နေပုံလည်း ပေါ်မနေချေ။
အစက ဂူထဲတွင် မီးထွန်းထားခြင်းမရှိသောကြောင့် မှောင်နေလေရာ အဖွဲ့မှလူများသည် ထိုလူအား မြင်တွေ့ရခြင်း မရှ်ိပေ။ သို့သော် ယခုအခါ ရုတ်တရက်ထိုလူထွက်ပေါ်လာခြင်းအား မြင်တွေ့လိုက်သောအခါ လူတုိင်းသည် လက်နက်ကိုယ်စီကိုင်လိုက်မိကြသည်။
ဤနေရာ၌ လူတစ်ယောက်ထဲဆိုလျှင်ပင် အထင်သေး၍မရဘဲ အထင်သေးမိပါက သင့်ဘ၀အဆုံးသတ်သို့ ရောက်ရှိသွားပေလိမ့်မည်။
ဂူထဲတွင် အလင်းရောင်တဖြည်းဖြည်းရရှိလာလေရာ ထိုလူ၏ ပုံရိပ်ကို မြင်လာရလေသည်။
ထိုလူသည် အလွန်ငယ်ရွယ်ပုံပေါ်ပြီး လီနင်၀တ်စုံတစ်ခုအား ၀တ်ဆင်ထား၏။ အင်္ကျီစသည် အရောင်လွင့်နေပြီ ဆိုပါသော်လည်း ရှောက်ရွှမ် ပုမျိုးနွယ်စု၌ တွေ့ခဲ့ရသည့် လီနင်စနှင့်ယှဉ်ပါက သူ့အင်္ကျီသည် အပုံကြီးသာပေသည်။ ၀တ်စုံ၏ ကော်လံပေါ်တွင်လည်း ဝါးအပိုင်းအစများဖြင့် အလှဆင်ထားပေရော ထိုလူ၏၀တ်စုံသည် ရိုးရှင်းပုံတော့ မပေါ်ချေ။
ထိုလူသည် ပျင်းရိနေဟန်ဖြင့် အကြောဆန့်လိုက်ပြီး သူ့ခန္ဓာကိုယ်အား အနားရှိကျောက်တုံးတွင် မှီထားလိုက်သည်။ ရှုပ်ပွနေသော သူ့ဆံပင်အား လက်ဖြင့်
သပ်၍ ပြုပြင်လိုက်ပြီး ဂူထဲရှိလူများကိုကြည့်လိုက်ပြီး ပြောလိုက်၏။
“ဟေး ဒီတစ်ခါကမင်းတို့ဂူထဲ၀င်ရမယ့် အလှည့်လား”
“မင်းက ဘယ်သူလဲ” အဖွဲ့ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းဆောင်ထဲမှတစ်ယောက် မေးလိုက်သည်။
“ဒီဂူက ငါတို့ဟာ မင်းလစ်လိုက်တော့”
ထိုခေါင်းဆောင်၏ ဘေးတွင်လူငယ်တစ်ယောက်ရှိနေ၏။ ထိုလူငယ်သည် ဂူထဲတွင် နေရာကောင်းရရန် ရှာဖွေဖို့ ကြိုးစားနေတုန်း အထဲမှ အသံတစ်သံထွက်ပေါ်လာသောအခါ ကြောက်လန့်သွားခဲ့သည်။ ထိုအခါ သူ့အနောက်မှလူသည် သူ့နေရာကောင်းလေးအား အရင်ဦးသွားခဲ့၏။ ထို့ကြောင့် ဂူထဲမှထွက်
ပေါ်လာသော အသံပိုင်ရှင်အပေါ် သူမကျေမနပ်ဖြစ်နေပြီး ပြောလိုက်သော သူ့အသံမှာလည်း ဒေါသသံပါနေလေသည်။
သို့သော် သူ့ခေါင်းဆောင်ပင် လေသံအား အတော်လေးလျှော့၍ပြောနေပြီး အဖွဲ့ထဲရှိအတွေ့အကြုံရင့် ခရီးသွားများမှာလည်း မျက်နှာများ ဖြူဖျော့နေသည်ကို သူသတိမထားမိခဲ့ပေ။
တစ်ဖက်လူမှ ဘာမှပြန်မဖြေသည်ကို မြင်လိုက်သောအခါ သူတစ်ခုခုထပ်ပြောဖို့လုပ်လိုက်သော်လည်း သူ့အနားမှ အဖိုးကြီးများသည် အတင်းပင် သူ့ပါးစပ်အား ဆွဲပိတ်ထားလိုက်ကြပြီး အဖွဲ့အတွင်းလူအုပ်ထဲသို့ ဆွဲခေါ်သွားခဲ့ကြ၏။
ရှောက်ရွှမ် ဂူထဲမှထွက်လာသောလူကို ကြည့်လိုက်သည်။
လီနင်အထည်စများသည် ဗဟိုဒေသတွင် အလွန်ကျော်ကြားပြီး ထိုအထည်များအား၀တ်သည့်သူ အများအပြားရှိသည်ကို သူသိပါသော်လည်း ထိုလူ၀တ်ထားသလောက် ကောင်းသောအထည်မျိုးကို ၀တ်နိုင်သူမှာတော့ အများကြီးမရှိလောက်ပေ။ ထို့အပြင် ထိုလူ့၀တ်စုံမှာ ကော်လံ၌ ဝါးစများဖြင့်ပင် အလှဆင်ထားသေးသည်။ သို့သော် ပို၍အရေးကြီးသည့်အရာမှာ ထိုလူ့ခါး၌ ချိတ်ဆွဲထားသော ကျောက်စိမ်းအဆောင်တန်ဆာ ဖြစ်၏။
အတွေ့အကြုံရင့်ခရီးသွားများဆိုကြသည်မှာ မုန့်မျိုးနွယ်စုတိုင်းသည် ကျောက်စိမ်းတန်ဆာများ ၀တ်ဆင်ကြသည်ဟု ဆိုကြသည်။ သို့သော် ထိုကျောက်စိမ်းသည် အရည်အသွေး အနိမ့်အမြင့်တော့ ရှိနိုင်ပြီး ကျောက်စိမ်း၏ အရည်အသွေးကို ကွင်းပြည့် ကွင်း၀က်နှင့် ကွင်းသုံးပုံတစ်ပုံ ဟူ၍ အဆင့်သတ်မှတ်ထား၏။ ထိုအရာအားကြည့်၍ ထိုလူ၏ ရာထူးနှင့်အဆင့်အတန်းကို သိရှိနိုင်ပေသည်။
ယခုတွင် သူတို့ရှေ့ရှိလူ၏ခါး၌ ချိတ်ဆွဲထားသော
ကျောက်စိမ်းမှာ ၂၄၀ ဒီဂရီနီးနီးရှိသော စက်ဝိုင်းခြမ်းပုံကျောက်စိမ်းတန်ဆာတစ်ခု ဖြစ်၏။ ထိုကျောက်စိမ်းပြားပေါ်တွင် ရေးဆွဲထားသော ပုံများမရှိပါသော်လည်း ကျောက်စိမ်းပြားပေါ်ရှိ အစိမ်းရောင်မျဉ်းကြောင်းများကိုတော့ သိသိသာသာမြင်နိုင်ပေသည်။
ဤအရာကိုကြည့်ခြင်းအားဖြင့် ထိုလူသည် ပေါ့သေးသေးလူတစ်ယောက်တော့ မဖြစ်တန်ရာပေ။ ထိုလူသည် ဂူထဲ၌ဘာကြောင့်အိပ်နေသည်ကို မသိပါသော်လည်း အပြစ်ပြုမိ၍ရသောလူတစ်ယောက်မဟုတ်ခြင်းကိုတော့ အဖွဲ့ခေါင်းဆောင်တိုင်း သိရှိသွားကြသည်။
ထိုလူသည် အဖွဲ့တစ်ခုလုံးအား ဝေ့ကြည့်လိုက်ပြီး ပြောလိုက်၏။ “ငါအိပ်ပျော်နေတုန်း မင်းတို့၀င်လာတာကွ”
အဖွဲ့ထဲမှမည်သူမှအထဲ၀င်မသွားပါသော်လည်း ထိုလူသည် ရှေ့သို့တက်လာလေသည်။ ထိုအခါ ၀င်
ပေါက်အားပိတ်ထားသော လူများသည် အမြန်ပင် ဖယ်ပေးလိုက်ကြ၏။ မဖယ်ပေးသော လူငယ်များကိုလည်း သူတို့နောက်ရှိလူကြီးများက အတင်းဆွဲခေါ်သွားကြသည်။
အ၀င်၀အား မည်သူမှပိတ်ရပ်မနေတော့သောအခါ ဂူထဲသို့ အလင်းရောင်ပို၀င်လာပြီး ထိုထူးဆန်းသောလူငယ်ရုပ်အား ပို၌ရှင်းရှင်းလင်းလင်း မြင်လာရ၏။
သူသည် အတော်လေးအားနည်းကာ ဖြူဖျော့နေသောပုံစံရှိလေသည်။သူ့အသွင်အပြင်သည် ဖန်းနင်ကဲ့သို့ မြင်လိုက်သည်နှင့် သန်မာသည်ဟူသောခံစားချက်မျိုးကို ပေးမနေချေ။ သို့သော် သူ့အ၀တ်အစားများမှာတော့ အတော်လေးကောင်းမွန်ပေသည်။
အဖွဲ့ထဲမှလူတချို့သည် သူတို့ဘာလို့ ထိုမျှကြောက်လန့်နေကြသည်ကို နားမလည်ကြသော်လည်း ထိုလူ့ခါး၌ ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကိုတွေ့သွားသောအခါတွင်မူ အသိ
နောက်ကျသော သူတို့ကိုယ်သူတို့ကျိန်ဆဲမိလိုက်ကြပြီး ခေါင်းပင်မော်မကြည့်ဝံ့ကြတော့ပေ။
ဂူထဲတွင် တခဏတာ တိတ်ဆိတ်သွား၏။ ဂူအကြောင်း ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးနေကြသောလူများမှာပင် သူတို့ပါးစပ်ကို ပိတ်ထားလိုက်ကြသည်။
လေထုမှာ တင်းကြပ်နေလေ၏။
ဒေါက် ဒေါက် ဒေါက်…
ဂူထဲတွင် ခြေသံတစ်ခုသာ ရှင်းရှင်းလင်းလင်းထွက်ပေါ်နေသည်။ ဂူထဲသို့ အပြင်မှ၀င်လာသော ဆူညံသံများမှာပင် ထိုခြေသံကို ဖုံးကွယ်မသွားနိုင်ပေ။
ရုတ်တရက် ထိုလူသည် ဂူအပြင်သို့ဦးတည်လျှောက်နေရင်း ရပ်တန့်လိုက်ကာ ခရီးသွားအဖွဲ့ဘက်သို့
လှည့်ကြည့်လိုက်သည်။
ထိုအခါ ခရီးသွားအဖွဲ့ခေါင်းဆောင်းများ၏ နှလုံးသားများ တင်းကြပ်သွားလေသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မတော်တဆတစ်ခုခုဖြစ်လာပါက ဘာလုပ်ရမည်ကို တွေးေနကြ၏။
သို့သော် ထိုလူသည် အဖွဲ့ထဲသို့ တစ်ချက်ကြည့်ရုံသာဖြစ်ပြီး အဓိပ္ပာယ်ပါသောအပြုံးတစ်ခုအား ပြုံးလိုက်ကာ ပြောလိုက်သည်။ “မင်းရဲ့သတ္တိကတော့မသေးဘူးပဲ ဒါပေမယ့် အပြင်သွားတဲ့အခါတော့ တစ်ယောက်ထဲမသွားနဲ့”
အဖွဲ့ထဲမှ အခြားလူများသည် ထိုလူကြည့်နေသော နေရာအား လိုက်ကြည့်လိုက်ကြရာ မျက်မှောက်ကြုံ့နေသော ရှောက်ရွှမ်ကို မြင်လိုက်ကြရ၏။
ထိုသို့ပြောပြီးနောက် ထူးဆန်းသောလူမှာ ထွက်ခွာသွားခဲ့သည်။ ဂူအပြင်ရောက်သောအခါ ပျင်းရိနေဟန်ဖြင့် သူ့ခါးကြောများကိုဆန့်လိုက်ကာ တောင်ခြေသို့ တစ်ချက်ကြည့်လိုက်ပြီး လွှားကနဲ ခုန်ချသွားလေသည်။
ဤတောင်ရှ်ိ တောင်စောင်းသည် အတော်လေးမတ်စောက်လှပြီး အောက်ရှိတောင်ခြေမှာလည်း တောင်ပေါ်နှင့် အတော်လေးဝေးသောနေရာတွင်ရှိနေကာ အလွန်မြင့်သည်ဟု သတ်မှတ်နိုင်သော တောင်တစ်လုံးဖြစ်၏။
သို့သော် ဂူထဲမှလူများ အပြင်ထွက်၍ တောင်အောက်ခြေသို့ ကြည့်မိကြသောအခါတွင် ထိုလူ၏အရိပ်ကိုပင် မမြင်ရတော့ချေ။
ဖန်းနင် ရှောက်ရွှမ်ရှေ့သို့ အေးစက်နေသော မျက်နှာဖြင့် ရောက်လာခဲ့လေသည်။ ရရှိထားသော အတွင်းဒဏ်ရာများကြောင့် သူ၏အေးစက်စက်မျက်နှာမှာ
ပို၍ရုပ်ဆိုးနေသလိုပင် ဖြစ်နေ၏။ “မင်း မုန့်မျိုးနွယ်စုကလူတွေကို သွားရှုပ်ထားတာလား”
“ဟင့်အင်း ဒါကကျွန်တော့်ရဲ့ ပထမဆုံးအကြိမ် ဒီနယ်မြေကို ရောက်ဖူးတာ မုန့်မျိုးနွယ်စုကလူတွေကိုမြင်တောင် မမြင်ဖူးဘူး” ရှောက်ရွှမ်ကိုယ်တိုင်လည်း ထိုလူပြောသွားေသာ ပဟေဠိဆန်ဆန်စကားများကို အံ့ဩမိနေခြင်း ဖြစ်သည်။ ထိုလူဘာကိုဆိုလို၍ ပြောသွားသည်ကို မည်သူသိနိုင်မည်နည်း။
“သွားမရှုပ်မိတာက အကောင်းဆုံးဖြစ်လိမ့်မယ်” ဖန်းနင်သက်ပြင်းမောကြီးတစ်ခု ချလိုက်မိ၏။ ထိုသို့ သက်ပြင်းချလိုက်မိသောကြောင့် သူချောင်းအနည်းငယ်ပင် ဆိုးသွားရပြီး သွေးအန်မိမလိုပင် ဖြစ်သွားရသည်။ သို့သော် အပြင်ပန်းတွင် တည်ငြိမ်နေသလိုဟန်ဆောင်ထားရခြင်းကြောင့် ပျို့တက်လာသော သွေးများကို ပြန်သာမျိုချလိုက်ရ၏။
“ဂူကို သန့်ရှင်းရေးလုပ်လိုက်ကြ” ခေါင်းဆောင်ထဲမှတစ်ယောက် ပြောလိုက်သည်။
ဂူထဲတွင် အခြားသူတစ်ယောက်ယောက်ကျန်နေသေးမည်ကို စိုးရိမ်နေကြသောကြောင့် မီးတုတ်များထွန်းကာ ဂူအတွင်းပိုင်းအား သေချာရှာဖွေလိုက်ကြပြီး မည်သူမှမရှိတာသေချာမှသာ ဂူထဲရှိ အမှိုက်သရိုက်များကို ရှင်းလင်း၍ အနားယူရန်နေရာတစ်ခု ပြုလုပ်လိုက်ကြ၏။ ဗဟိုမျိုးနွယ်စုများဆီသို့ လာရောက်ရသော ခရီးမှာအလွန်ဝေးကွာလှသောကြောင့် သူတို့အတော်လေး ပင်ပန်းနေကြပြီဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ဂူတစ်လုံးအားလု၍ရခဲ့သောအခါ ပင်ပန်းနေသူများမှာ အနားယူကြမည်ဖြစ်ပြီး ဒဏ်ရာရရှိထားသူအချို့ကိုလည်း ဆေးကုသပေးရပေလိမ့်မည်။
ရှောက်ရွှမ်နှင့် လူအချို့သည်လည်း အနားယူရန်နေရာတစ်ခုရှာလိုက်ကြပြီး မီးဖိုအသေးလေးဖိုကာ အသားအချို့ကိုကင်၍စားလိုက်ကြပြီး အားပြန်ဖြည့်လိုက်ကြသည်။
“ရှောက်ရွှမ် ခင်ဗျားအဲ့လူကိုတကယ်မသိဘူးလား” ယွီ မေးလိုက်၏။
“ငါမသိဘူး သူေပြာသွားတာက ဘာကိုဆိုလိုတာလဲဆိုတာကိုလည်း မသိဘူး” ရှောက်ရွှမ် ထိုလူဘာကြောင့်အဲ့သလိုပြောသွားသလဲ ဟူသော အကြောင်းပြချက်ကို တွေးတောနေဆဲဖြစ်သည်။ ထိုလူသည် သူ မီးတောက်ဦးချိုမျိုးနွယ်စုမှဖြစ်သည်ကို သိသွားခြင်းဖြစ်မည်ဟု သူတွေးမိပါသော်လည်း သူတို့မျိုးနွယ်စုနှင့် မုန့်မျိုးနွယ်စုကြားတွင် ဘာရန်းငြိုးရန်စမှ ရှိမနေပေ။ ထို့အပြင် ထိုလူ့ဆီမှ သတ်ဖြတ်လိုစိတ်ကိုလည်း ရှောက်ရွှမ်မခံစားမိချေ။ သူ့အပေါ်အမြင်ကောင်းတစ်ခုရှိနေသည်ဟုလည်း မခံစားရဘဲ သူစိမ်းသက်သက်သာ ဖြစ်ပေ၏။
အခြားတစ်ဖက်တွင် ဂူထဲမှထွက်လာသောသူမှာ ဈေးအနီးတွင် ရောက်ရှိနေလေသည်။ ဈေးထဲသို့ မ၀င်သော်လည်း သူရောက်ရှ်ိနေသောနေရာမှာ ဈေးနှင့် မီတာရာဂဏန်းလောက်သာ ဝေးသောနေရာဖြစ်၏။
ဝှစ်!
ထိုစဥ် သူ့အရှေ့ရှိ မြေပေါ်တွင် လှံတစ်ချောင်းစိုက်၀င်သွားပြီး လှံ၏တစ်၀က်ခန့်သည် မြေကြီးထဲသို့ နစ်၀င်သွားခဲ့သည်။
“ချွီဆဲ့ ပိုင်လင်းကို ထုတ်ပေးစမ်း”
မျက်စိတမှိတ်အတွင်း အဖြူရောင်အရိပ်တစ်ခု ချွီဆဲ့ရှေ့တွင် ပေါ်လာခဲ့၏။
ထိုအရိပ်သည် အဖြူရောင်ပိုးသား၀တ်စုံကို၀တ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ဖြစ်ပြီး ချွီဆဲ့အား ဒေါသထွက်နေသော မျက်နှာနှင့် စိုက်ကြည့်နေလေသည်။
“အဲ့တာက ပင့်ကူတစ်ကောင်ပဲမလား မင်းငါ့ကို ဘယ်နှစ်ရက်လောက်လိုက်သတ်ဖို့ ကြိုးစားနေဦးမှာပဲ” ချွီဆဲ့ သမ်းလိုက်ပြီး ဂရုမစိုက်သည့်ပုံဖြင့် ထပ်ပြောလိုက်၏။ “နင်လည်း နင့်ပင့်ကူကိုဂရုစိုက်သလို ငါလည်း ငါခက်ခက်ခဲခဲမွေးထားရတဲ့ ဝါးကြွက်တွေကို ဂရုစိုက်တာပဲ အဲ့တာကိုရော ဘာနဲ့ပြန်လျော်ပေးမှာလဲ ငါ့မှာစွတ်ပြုတ်အိုးထဲထည့်ချက်ဖို့ သူတို့ကိုသေချာပျိုးထောင်ထားခဲ့ရတာ ဒါပေမယ့် တစ်ချက်လောက်သတိလွတ်သွားတာနဲ့ ငါ့ကြွက်လေးတွေက အရိုးပဲကျန်တော့တာလေ”
အတိတ်အကြောင်းပြန်ပြောနေရင်း ချွီဆဲ့မျက်နှာ အေးစက်လာလေသည်။
“နင့်ကြွက်တွေအတွက် ပိုးထည်တွေနဲ့ ပြန်လျော်ပေးလို့ရတယ်”
“အဲ့တာလောက်က နင့်ရဲ့ရှားပါးမျိုးနွယ်စုပင့်ကူနဲ့ ယှဉ်လို့ရမလား ငါတို့မှာလည်း အဲ့တာမျိုးအဖိုးတန်
တဲ့ပစ္စည်းတွေ မရှိဘူးထင်လို့လား”
“ဘာပဲဖြစ်ဖြစ် နင်ပိုင်လင်းကို ဒီနေ့ပြန်ပေးရမယ်” အဖြူရောင်၀တ်အမျိုးသမီးမှာ အရှုံးမပေးချေ။
“နင်ပြန်မယူနိုင်မှာကို ကြောက်မိတယ် …နေဦး” အမျိုးသမီး စတင်မတိုက်ခိုက်ခင် ချွီဆဲ့ ရပ်ခိုင်းလိုက်သည်။
ကောင်းကင်သို့ မော့ကြည့်နေရင်း ချွီဆဲ့၏ အကြည့်မှာ တစ်နေရာတွင် ရပ်တန့်သွား၏။ ထို့နောက် ဒေါသထွက်နေသော သူ့မျက်နှာကို အပြုံးတစ်ခုဖြင့် အစားထိုးလိုက်ပြီး လက်ဖဝါးအား မြှောက်လိုက်သည်။
တခဏကြာသောအခါ အစိမ်းရောင်ပုံရိပ်တစ်ခု ဖြတ်ကနဲပေါ်လာပြီး သူ့လက်ဝါးပေါ်၌ ရပ်တန့်သွား၏။
ထိုအရာသည် လက်ဖဝါးထက်ပင်သေးသော ငှက်တစ်ကောင် ဖြစ်လေသည်။ သူ့အတောင်များသည် ဓားများနှင့်တူပြီး အမှီးသည်တော့ ပျံလွှားငှက်နှင့် တူ၏။ သူ့ခန္ဓာကိုယ်သည်လည်း အလွန်သေးငယ်ပေရာ သေချာမကြည့်ဘူးဆိုပါက ပိုးမွှားတစ်ကောင်နှင့်ပင် မှားနိုင်ပေသည်။
“ဘာဖြစ်လို့လဲ” ချွီဆဲ့ငှက်၏ ခေါင်းကိုသူ့လက်ချောင်းဖြင့် ထိထားလိုက်ရင်း မေးလိုက်သည်။
ငှက်သည် မြည်တမ်းလိုက်ပြီး လက်ကိုသူ့နှုတ်သီးဖြင့် ထိုးဆိတ်လိုက်၏။
“နောက်ဆုံးတော့ ဒီသူခိုးတွေကိုတွေ့ပြီ” ချွီဆဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာပြီး “ယောင်ရှစ် ငါ့မှာမင်းနဲ့အချိန်ဖြုန်းနေဖို့ အချိန်မရှိတော့ဘူး” ချွီစဲ့ပြောလိုက်ပြီး သူ့၀တ်စုံထဲမှ သားရေပြားဖြင့်ပတ်ထားသော ဘောလုံးတစ်လုံးကို ပစ်ပေးလိုက်သည်။
အဖြူရောင်၀တ်မိန်းမမှာလည်း ဖမ်းထားလိုက်ပြီး သူ့လက်ထဲရှိ အဖြူရောင်အလုံးကို ကြည့်လိုက်၏။ ထိုအလုံးသည် မူလကအဖြူရောင်အမွှေးရှည်များနှင့် ပင့်ကူတစ်ကောင်ဖြစ်ပေသည်။ သို့သော် ယခုအခါတွင် ဝါးအပ်များနှင့်ထိုးစိုက်ကာ လက်သီးစုပ်အရွယ်ခန့်ရှိ အလုံးတစ်လုံးအဖြစ် လုံးခံထားရ၏။ ထိုးစိုက်ထားသော ဝါးအပ်များကြောင့် ပင့်ကူမှာ အလွန်အမင်းနာကျင်မှုကို ခံစားနေရပုံ ပေါ်ပေသည်။
“ချွီဆဲ့!” အဖြူရောင်၀တ်အမျိုးသမီးမျက်နှာမှာ ဒေါသဖြင့် နီရဲလာလေသည်။
“ဘာတွေလာအော်နေတာလဲ နင့်အကောင်မသေသေးဘူး ငါ့ဝါးကြွက်လေးတွေနဲ့စာရင် အများကြီးအခြေအနေကောင်းနေသေးတယ် မင်းငါ့ကြွက်တွေကို စားပစ်ရင်တော့ အပစ်ပေးခံရမှာပဲ တကယ်လို့ အဲ့ကောင်သေသွားရင်တောင် အဲ့တာကသူ့အတွက် ထိုက်တန်တယ်”
အဖြူရောင်၀တ်အမျိုးသမီးဘာမှ မပြောနိုင်တော့ဘဲ ဒေါသကို ပြန်မျိုချလိုက်ရသည်။ ထို့နောက် သူ့အဖြူေရာင်ဘောလုံးပေါ်မှ ဝါးအပ်များကို ဆွဲထုတ်ပေးလိုက်ရာ အဖြူရောင်ခြေတံရှည်များ ထွက်ပေါ်လာပြီး မူလကလက်သီးဆုပ်ရွယ်ရှိသော အလုံးသည် နှစ်ဆခန့် ပိုကြီးမားလာလေ၏။
“နောက်တစ်ခါ အဲ့ကောင်ကငါ့ကြွက်တွေကိုစားရင် ဒီလောက်နဲ့ပြီးသွားမှာမဟုတ်ဘူး” ချွီဆဲ့အိတ်တစ်လုံးအား ထုတ်လိုက်ကာ ဤနေရာမှထွက်သွားတော့မည့်ဟန် ပြင်လိုက်သည်။
“ငါသူခိုးသွားဖမ်းဦးမယ် ဘယ်ကောင်ကများ ငါ့ဝါးကြွက်တွေကိုခိုးရဲလည်း သိချင်မိတယ် ဘယ်တုန်းကများငါကအဲ့လောက်လွယ်လွယ်စော်ကားလို့ရတဲ့သူ ဖြစ်သွားပါလိမ့်”
အစိမ်းရောင်ငှက်လေးသည် ရှေ့မှပျံသန်းသွားပြီး ချွီဆဲ့လည်း နောက်မှလိုက်သွားလေသည်။ အဖြူရောင်၀တ်အမျိုးသမီးမှာလည်း တစ်ခဏတာတွန့်ဆုတ်သွားပြီးနောက် ချွီဆဲ့နောက်သို့ လိုက်သွားလိုက်၏။ သူ့မျိုးနွယ်စုတွင်လည်း ပိုးထည်အချို့ပျောက်ဆုံးသွားခြင်းမျိုး ရှ်ိခဲ့သည်။ မုန့်မျိုးနွယ်စုမှ ဝါးကြွက်များနှင့် သူတို့ပိုးထည်များကို ခိုးယူသွားသည်သူခိုးမှာ တစ်ယောက်ထဲဖြစ်နေနိုင်သည် မဟုတ်ပါလား။
…….
အစာစားပြီး အချိန်အနည်းငယ်အနားယူပြီးနောက် ရှောက်ရွှမ် ယွီနှင့် အခြားသူများမှာဂူထဲမှ ထွက်ခဲ့ကြသည်။ ခရီးသွားအဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်ကာ တစ်ဖွဲ့သည် ကုန်သွယ်ရန်သွားရမည်ဖြစ်ပြီး ထိုအဖွဲ့ကုန်သွယ်နေစဉ် အခြားတစ်ဖွဲ့က ဂူကိုစောင့်ရှောက်ထားရမည် ဖြစ်၏။
ယခုအခါ ဖန်းနင်အဖွဲ့သည် ဂူထဲမှ ထွက်ခွာလာခဲ့သည်။
သူတို့သည် ဈေးထဲ၌ ကုန်ပစ္စည်းပထမအသုတ်ကို လဲလှယ်ကြမည် ဖြစ်၏။ ဗဟိုမျိုးနွယ်စု၌ ကျော်ကြားသော ပစ္စည်းများမှာ သူတို့ဒေသများမှာကဲ့သို့ မဟုတ်ကြပေ။ သူတို့သည် သူတို့နေထိုင်သောမြစ်ဝှမ်းဒေသများနှင့် လိုက်ဖက်သောပစ္စည်းများကို ယူကြပြီး သူတို့ဒေသရှိထွက်ကုန်များနှင့် ပြန်လဲကြသည်။
ပုမျိုးနွယ်စု၌ ရှောက်ရွှမ်မြင်ခဲ့သောလီနင်အ၀တ်စမျိုးမှာဆိုလျှင် ဤနေရာ၌ ဘာမှမဟုတ်သော အထည်ကြမ်းမျိုးဖြစ်သည်။ ထိုအစမျိုးကို ပစ္စည်းများအား ဖုံးအုပ်သည့်အခါမျိုးတွင်သာ အသုံးပြုကြခြင်း ဖြစ်၏။ သို့သော် သူတို့ဒေသသို့ပြန်ယူသွားသောအခါ ထိုအ၀တ်စသည် တန်ဖိုးကြီးအရာဖြစ်သွားပြီး ရေလကျောက်တုံးများဖြင့်ပင် လဲလှယ်နိုင်သည်။ ပြန်လည်ရရှိသော ရေလကျောက်တုံးကိုမူ ဤနေရာရှိ ပစ္စည်းကောင်းများနှင့် လဲလှယ်နိုင်၏။
ဤနေရာတွင် ကမ္ဘာသုံးငွေကြေးစနစ်သတ်မှတ်ချက်မျိုးမရှိသောကြောင့် ရှောက်ရွှမ် ထူးဆန်းသောပစ္စည်းများ အလဲအလှယ်ကို မြင်ခဲ့ရသည်။ တစ်ခါတစ်လေတွင် ၀ယ်သူများတွင်ရောင်းသူများ ကြိုက်လောက်သည့် ပစ္စည်းမျိုးမရှိ၍ အရောင်းအ၀ယ်မဖြစ်သည်ကိုလည်း တွေ့ခဲ့ရ၏။
ယွီ၏ ဖားအဆိပ်များမှာမူ အတော်လေးကျော်ကြားလှပြီး အတော်များများက လာရောက်လဲလှယ်ကြသည်။ ကူမျိုးနွယ်စု၏ ရေလကျောက်တုံးများမှာမူ ပို၍ပင် ရောင်းရ၀ယ်ရ လွယ်နေသေးသည်။
အကယ်၍ လုံလောက်သော ပမာဏမျိုးအထိသာ ထုတ်လုပ်နိုင်ပါက ကူမျိုးနွယ်စု၏ ရေလကျောက်တုံးများကို ငွေကြေးစနစ်တစ်ခုအဖြစ်ဖြင့်ပင် အသုံးပြုနိုင်လိမ့်မည်ဟု ရှောက်ရွှမ် တွေးမိလေသည်။ မည်သည့် ဒေသမှ ကုန်သည်မဆို ရှောက်ရွှမ်လဲလှယ်ချင်ပါက သူ့ရေလကျောက်တုံးများကို
ထုတ်ပေးလိုက်ရုံပင်ဖြစ်ပြီး သူနှင့်မလဲချင်သည့်လူဟူ၍ မရှ်ိချေ။
ပုမျိုးနွယ်စုမှလူများ ကူမျိုးနွယ်စုများကိုမြင်သည်နှင့် ဘာကြောင့် အလွန်ပျော်ရွှင်ကြသလဲဆိုသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။ သူတို့ထံမှ ရေလကျောက်တုံးအများအပြား ရနိုင်သည် မဟုတ်ပါလား။
ရေလကျောက်တုံးများထက် ပိုတစ်ဆင့်မြင့်သောအရာမှာတော့ မုန့်မျိုးနွယ်စု၏ ကျောက်တုံးများဖြစ်ကြသည်။ လဲလှယ်ကြသောအခါ သူတို့အားဈေးအတူတူနီးပါးဟု သတ်မှတ်နိုင်ပါသော်လည်း အမှန်တကယ်တွင် ရေလကျောက်တုံးများထက် အနည်းငယ်ဈေးပိုများကြ၏။
ရှောက်ရွှမ်သည် အိုးခွက်များ အထည်စများသာမက မုန့်မျိုးနွယ်စုမှ ကျောက်စိမ်းများကိုပင် စိတ်မ၀င်စားခဲ့ပေ။ ကျောက်စိမ်းများသည် ထိုအရာများကို ထိကိုင်ထားလိုက်ရုံဖြင့် စိတ်အေးချမ်းမှုကို ရနိုင်ပေ
သည်။ နတ်စစ်သည်တော်များအတွက်ပင် ထိုအရာက အသုံး၀င်သော်လည်း ရှောက်ရွှမ်မှာတော့ သူ့အတွက်လိုသည်ဟု မခံစားရပေ။ ထို့အပြင် သူ့တွင်ငွေလည်းအများကြီးရှိမနေလေရာ ထိုအရာများကို၀ယ်၍ ဖြုန်းပစ်လိမ့်မည် မဟုတ်ပေ။
ရှောက်ရွှမ် ယွီနှင့် အခြားသူများ ဈေးထဲတွင် လမ်းလျှောက်နေကြရင်း သူတို့ရှေ့၌ မျက်နှာလေးထောင့်နှင့်လူတစ်ယောက် ပေါ်လာခဲ့၏။
“မင်းတို့တွေ ကျောက်စိမ်းလိုချင်ကြလား” ထိုလူသည် ပတ်၀န်းကျင်အား သတိထားနေသည့်ပုံစံဖြင့် လှည့်ပတ်ကြည့်လိုက်ရင်း သူ့အင်္ကျီထဲမှ သားရေပြားနှင့်ထုပ်ထားသော ကျောက်စိမ်းအပိုင်းအစများကို ထုတ်ပြလိုက်သည်။
“ကျောက်စိမ်းလား” ယွီအနည်းငယ် တွန့်ဆုတ်သွားပြီး ကျောက်စိမ်းအားလိုချင်နေ့သည်ပုံပေါ်သော်လည်း မျိုးနွယ်စုထဲမှ လူများပြောသည်ကို
သတိရသွား၏။ ကျောက်စိမ်းသည် ကုန်သွယ်ရတန်သည့်ပစ္စည်းမျိုးမဟုတ်သောကြောင့် ပုမျိုးနွယ်စုမှမည်သူမှ ကျောက်စိမ်းကို မလဲလှယ်ကြပေ။
“ကျွန်တော့်မှာ ကျောက်စိမ်းကုန်သွယ်နိုင်လောက်တဲ့ အရည်အချင်းမျိုးမရှိပါဘူး ကျောက်စိမ်းအစားအခြားပစ္စည်းတွေကိုပဲ လဲလှယ်ချင်ပါတယ်” ယွီငြင်းလိုက်သည်။
ပုမျိုးနွယ်စုမှ အခြားသူများတွင်လည်း ထိုသို့အတွေးသာရှိကြပြီး ရှောက်ရွှမ်မှာတော့ တွေဝေနေဟန် ပေါ်နေ၏။
“ကျောက်စိမ်းကိုခင်ဗျားက ဘာနဲ့လဲချင်တာလဲ” ရှောက်ရွှမ်မေးလိုက်သည်။
“မင်းအဖြူရောင်ကျောက်တုံးတွေထုတ်တာကိုမြင်လိုက်တယ် အဲ့တာနဲ့လဲလို့ရတယ် ဒါပေမယ့် ဒီနေရာ
ကအရမ်းထင်ပေါ်လွန်းနေတယ် အဲ့ဒီဘက်ကိုသွားရအောင်” ထိုလူသည် နေရာတစ်ခုအား ညွှန်လိုက်ရင်း ပြောလိုက်သည်။
“ရှောက်ရွှမ် ငါတို့လည်းလိုက်ခဲ့မယ်” ယွီပြောလိုက်၏။ ဈေးထဲ၌ပစ္စည်းလဲလှယ်ခြင်းသည် အလွန်အန္တရာယ်များသည်ဟု သူကြားဖူးထားပြီး လဲလှယ်ရာ၌ အဖွဲ့လိုက်လုပ်ဆောင်ရန် လိုအပ်ပေသည်။
ရှောက်ရွှမ်တခဏစဉ်းစားလိုက်ပြီး ပြန်ပြောလိုက်၏။ “မလိုက်ပါနဲ့ မင်းတို့ဆက်သွားကြည့်လိုက်ကြဦး ငါလဲပြီးရင် ပြန်လာခဲ့မယ် ဒီကျောက်စိမ်းကိုငါအတော်လေးစိတ်၀င်စားနေလို့ အခြားကျောက်စိမ်းတွေကိုလည်း ထပ်ကြည့်ချင်သေးတယ်”
“ဟုတ်တယ်ဟုတ်တယ် ငါတို့မှာ ကောင်းကောင်းထွင်းထားတဲ့ ကျောက်စိမ်းအတော်များများရှ်ိတယ်” ကျောက်စိမ်းလဲမည့်လူ ၀င်ပြောလိုက်သည်။
“မင်းတကယ်ကြီး ငါတို့ကိုလိုက်မလာစေချင်ဘူးလား” ယွီဘေးမှ အသက်ကြီးကြီးလူတစ်ယောက် မေးလိုက်၏။
“ဟုတ်ကဲ့ ဒါပေမယ့်ကျေးဇူးတင်ပါတယ်”
“ကောင်းပြီလေ” ဈေးထဲရှိ လူတိုင်းတွင် လျှို့ဝှက်လဲလှယ်လိုကြသည့် ပစ္စည်းများရှိနေတတ်လေရာ ပုမျိုးနွယ်စုမှလူများရှောက်ရွှမ်ကို ဘာမှဆက်မေးမနေတော့ဘဲ ယွီနှင့်အတူထွက်ခွာသွားခဲ့ကြသည်။
သူတို့ထွက်ခွာသွားသည့်အခါ ကျောက်စိမ်းကုန်သည်ရှောက်ရွှမ်ကို ခေါ်လိုက်၏။
“လာလာ ဒီနေရာက လဲလှယ်ဖို့နေရာကောင်းတစ်ခုပဲ”
ရှောက်ရွှမ် လူရှင်းသောနေရာတစ်ခုသို့ လိုက်လာခဲ့
လိုက်သည်။
“ဒီဘက်ဒီဘက် ဟုတ်တယ်” ရှောက်ရွှမ်ဘေးမှလူမှာ သူ့ဘေးမှနေ၍ လမ်းပြကာ ခေါ်ဆောင်သွားခဲ့၏။
ဈေးမှ အနည်းငယ်လှမ်းသောနေရာသို့ ရောက်သောအခါ ရှောက်ရွှမ်ရပ်တန့်လိုက်သည်။
သူ့ရှေ့တွင် လူနှစ်ယောက်သည် ဘယ်တစ်ယောက် ညာတစ်ယောက် ရပ်နေကြကာ အလယ်တွင်လည်း လူတစ်ယောက်ရှ်ိနေလေ၏။
ရှောက်ရွှမ် ကျောက်စိမ်းကုန်သည်အား လှည့်ကြည့်လိုက်သောအခါ ထိုလူသည် ယခင်ကလိုပင် ပြုံးနေဆဲဖြစ်ပြီး ယခုအပြုံးမှာတော့ ချိုသာသော အပြုံးမျိုးမဟုတ်ဘဲ ရက်စက်လိုသည့် အပြုံးမျိုး ဖြစ်၏။
ရှောက်ရွှမ် လူလေးယောက်ဝိုင်းထားခြင်းအား ခံထား
လိုက်ရလေပြီ။
“ကောင်လေးမင်းမှာရှ်ိတဲ့ပစ္စည်းတွေ အကုန်ထုတ်လိုက်” ရှောက်ရွှမ်ရှေ့မှလူ ပြောလိုက်သည်။
ရှောက်ရွှမ်ဘာမှပြန်မပြောသလို သူ့ပုံစံမှာလည်း ကြောက်ရွံ့နေသည့်ပုံ မပေါ်ချေ။
“ဖွက်ထားဖို့မစဉ်းစားနဲ့ မင်းမှာဘာရှိလဲဆိုတာ ငါတို့ကောင်းကောင်းသိတယ် မင်းကသတ္တိတော့ရှိတာပဲကွ ဒီလောက်အဖိုးတန်ပစ္စည်းတွေရှိနေတာတောင် တစ်ယောက်ထဲလိုက်လာရဲသေးတယ်” ကျောက်စိမ်းကုန်သည်၏ မျက်လုံးထဲတွင် လောဘအရောင်များ တောက်ပနေလေ၏။
တန်ဖိုးကြီးပစ္စည်းလား။
ရှောက်ရွှမ် သူ့ကိုယ်ပေါ်ရှိ အဖိုးတန်ပစ္စည်းများကို စဉ်းစားလိုက်ရာ သူ၀တ်ထားသော ပိုးမွှားများမှရသည့် ချည်ထည်ကုတ်အင်္ကျီ၊ ကူမျိုးနွယ်စု၏ ရေလကျောက်တုံးများနှင့် မီးလျှံသလင်းကျောက် ကိုတွေးမိသွားသည်။
ရှောက်ရွှမ် မျက်လုံးများဖြတ်ကနဲလက်သွားပြီး ဂူထဲရှိလူပြောခဲ့သောစကားကို သတိရသွား၏။
“မင်းအပြင်သွားရင်တော့ တစ်ယောက်ထဲမသွားနဲ့”