← Chapters

ငတုံး

Vol. 13 Ch. 184

ငတုံး

Vol. 13 Ch. 184

လက်သန်းလောက်အရွယ် ပျားလေးတစ်ကောင်သည် ထိုလူများထဲမှ တစ်ယောက်၏ အနားတွင် ပျံဝဲနေလေသည်။

ရတနာရှာသူများသည် ရတနာအားအာရုံခံနိုင်သော တိရစ္ဆာန်များကိုသုံး၍ ရတနာများမည်သည့်နေရာတွင်ရှိသည်ကို သိနိုင်ကြသည်ဟု အဖွဲ့ထဲရှိ လူတစ်ချို့ပြောဖူးသည်ကို ရှောက်ရွှမ် ကြားဖူးခဲ့၏။ ထိုကဲ့သို့သော တိရစ္ဆာန်များသည် မီးလျှံသလင်းကျောက်ကဲ့သို့ ထူးခြားသောစွမ်းအင်ရှိသည့် ရတနာမျိုးကို အာရုံခံနိုင်ကြပေသည်။ ဤတိရစ္ဆာန်များ၏ အကူအညီဖြင့် ရတနာရှာသူများသည် ရတနာရှာရာ၌ အောင်မြင်နိုင်ချေကို ပိုတိုးမြှင့်နိုင်၏။

ထိုလူအနားပျံဝဲနေသော ထူးဆန်းသည့်ပံုရှိသည့် ပျားလေးမှာလည်း ရတနာအမဲလိုက်ပျား ဟုခေါ်သော အကောင်သာ ဖြစ်ပေလိမ့်မည်။

“ခင်ဗျားတို့က ဘာလိုချင်တာလဲ” ရှောက်ရွှမ်မေးလိုက်သည်။

“သရုပ်ဆောင်မနေနဲ့တော့ မင်းမှာမီးလျှံသလင်းကျောက်ရှိတာ ငါတို့သိပြီးပြီ ဒါပေမယ့်မင်းကအခြားပစ္စည်းတွေကိုပါ အလွယ်တကူ ထုတ်ပေးမယ်ဆိုရင်တော့ မင်းကိုလွှတ်ပေးမယ်လို့ ကတိပေးတယ် မဟုတ်ရင်တော့….” ရှောက်ရွှမ် ရှေ့တွင်ရပ်နေသောသူ ခြိမ်းခြောက်လိုက်သည်။

“ထင်ထားသလိုပါပဲလား” ရှောက်ရွှမ် တွေးမိလိုက်၏။

ဒါဆို ဂူထဲမှလူမှာလည်း သူ့တွင်မီးလျှံသလင်းကျောက်ရှိသည်ကို အာရုံခံခဲ့မိပါသလော။

ခဏကြာတဲ့ထိ ရှောက်ရွှမ်ဘာမှပြန်မပြောသည်ကို မြင်သောအခါ အဖွဲ့ထဲမှလူတစ်ယောက် စိတ်ရှည်တော့ပုံ မပေါ်ချေ။ “ဒီကောင်နဲ့ ဘာမှအဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့ သူမပေးချင်ဘူးဆိုရင် သတ်ပစ်ပြီး သူ့အလောင်းပေါ်မှာ ရှာလို့ရတယ်”

သူတို့အတွက် ရှောက်ရွှမ်သည် အားနည်းပြီး ငယ်ရွယ်သော လူသစ်လေးတစ်ယောက်သာ ဖြစ်ပေသည်။ သူတို့လုယက်ဓားပြတိုက်သည့်အချိန်တိုင်းတွင် သူတို့ပစ်မှတ်၏ အခြေအနေအား အရင်လေ့လာလေ့ရှိကြ၏။ ထို့ကြောင့် ရှောက်ရွှမ်တွင် ရတနာရှိသည်ဟု ရတနာအမဲလိုက်ပျားမှအာရုံခံမိသောအခါ သူ့အကြောင်းကို ဈေးထဲရှိ ကုန်သည်များနှင့် ခရီးသွားအဖွဲ့ရှိလူတစ်ချို့ထံမှ အရင်စုံစမ်းခဲ့ရာ ထိုကောင်လေးကို ရှောက်ရွှမ်ဟုခေါ်ပြီး အဖွဲ့ထဲရှိ မည်သည့်မျိုးနွယ်စုနှင့်မှလည်း ဆက်စပ်မနေမှန်း သိရှိခဲ့ပြီး ဖြစ်လေသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဆိုတာ ဘာကြီးဖြစ်သနည်း။ ထိုနာမည်ကို သူတို့တစ်ခါမှ မကြားဖူးချေ။

ထိုမျိုးနွယ်စုသည် ဤနေရာနှင့်ဝေးသော နေရာမှ မျိုးနွယ်စုခပ်သေးသေးလေးတစ်ခုသာ ဖြစ်မှာ သေချာပေသည်။ ထိုသို့သော မျိုးနွယ်စုလေးမှ မျိုးနွယ်စု၀င်အား သတ်ဖြတ်ခြင်းမှာ ဘာမှအလေးအနက်ထားစရာကိစ္စပင် ဟုတ်မနေချေ။ သူတို့သည် ဗဟိုဒေသရှိ မျိုးနွယ်စုများမှ လူတစ်ချို့ကိုပင် သတ်ဖြတ်ခဲ့ဖူး‌ေလရာ ဤသို့သော မျိုးနွယ်စုလေးမှ ကောင်လေးတစ်ယောက်ကိုမူ ထည့်တွက်နေစရာပင် မလိုပေ။

လိုအပ်လျှင် မုန့်မျိုးနွယ်စုနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုကဲ့သို့သော အတော်လေးသန်မာသည့် မျိုးနွယ်စုကြီးများမှလွဲ၍ အခြားမည်သူ့ကိုမဆို သူတို့လုယက်ဓားပြတိုက်ရဲကြပေသည်။

ယခုအခါ အနားပတ်၀န်းကျင်တွင်လည်း မည်သူမှရှိမနေဘဲ ရှောက်ရွှမ်လူလေးယောက်ဝိုင်းထားခြင်းအား ခံထားရ၏။ သူတို့ထဲမှ တစ်ယောက်သည် ရက်စက်သောမျက်နှာပေးဖြင့် ပြုံးနေပြီး သူ့ခန္ဓာကိုယ်သည်လည်း ကြွက်သားများနှင့်ပြည့်နှက်

လေရာ အ၀တ်အစားများပင် ဖောင်းကားနေလေသည်။ ထိုလူ့ကြွက်သားများသည် ကူမျိုးနွယ်စု၀င်များကဲ့သို့တော့ ဖောင်းကြွမနေသော်လည်း မြင်လိုက်သည်နှင့် သန်မာသည်ဟူသော ခံစားချက်ကိုတော့ ပေးနိုင်ကာ ခန္ဓာကိုယ်ပေါ်တွင်လည်း ဆေးအမှတ်အသားတစ်ချို့ကို မြင်နိုင်ပေသည်။

ဤနတ်စစ်သည်တော်သည် သွေးဆာနေသောအသွင်အပြင်ရှိပြီး ဓားပြတိုက်ရာတွင်လည်း အတော်လေး အတွေ့အကြုံရင့်ပုံပေါ်‌၏။ အရင်က ဈေးထဲသို့ ကုန်သွယ်ရန်လာသော လူပေါင်းများစွာသည် ထိုဓားပြအဖွဲ့ထံတွင် လုယက်ခံရပြီး အသတ်ခံရဖူးပေသည်။

ဖောင်းကားနေသောကြွက်သားများနှင့် ထင်ရှားသော ဆေးအမှတ်အသားများသည် ထိုလူ့အား ပို၍ပင် ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်စေသည်။ ထိုလူသည် သူ့ပါးစပ်အားဟလိုက်ပြီး ဟိန်းဟောက်လိုက်ကာ ရှောက်ရွှမ်အား သူ့ခွန်အားကို ပြသလိုက်၏။ ထိုအော်သံသည် သားရဲပေါင်းများစွာ

ဟိန်းဟောက်လိုက်သောအသံနှင့် တူနေပြီး ခြိမ်းခြောက်လိုသည့်ရည်ရွယ်ချက်ရှိနေသည်မှာလည်း ထင်ရှားပေသည်။

ပုံမှန်အားဖြင့် သူတို့အဖွဲ့ဝိုင်းခြင်းအားခံထားရသော သူသည် သူတို့၏ ကြောက်မက်ဖွယ်ရာ မျက်နှာပေးများနှင့်ပင် ကြောက်လန့်သွားတတ်ကြ၏။ တချို့ဆိုလျှင် သူတို့၏ ရတနာအကုန်လုံးကိုထုတ်ပေးပြီး သူတို့အသက်အားချမ်းသာပေးဖို့ တောင်းပန်တတ်ကြလေသည်။ သို့သော် နောက်ဆုံးတွင်မူ ရတနာများလည်း လုယူခံရသလို အသက်ကိုလည်းချမ်းသာပေးခြင်း မခံရခဲ့ပေ။

ထိုနေရာနှင့် မီတာအနည်းငယ်ဝေးသောနေရာတွင် ချွီဆဲ့ ခြုံတစ်ခုနောက်တွင်ပုန်းနေရင်း လူငါးယောက်အား ကြည့်ရှုနေမိသည်။ အစိမ်းရောင်ငှက်လေးနောက်သို့လိုက်လာရင်း ဤသို့သော မြင်ကွင်းမျိုးကိုမြင်ရလိမ့်မည်ဟု သူထင်မထားမိခဲ့ပေ။

“ဟမ့် ငါသူ့ကိုအစကတည်းက အကြံပေးခဲ့သားပဲ

အခုတော့ ဒီကောင်ကတစ်ယောက်ထဲထွက်လာတာကိုး တကယ့်ငတုံးကောင်လို့ပဲ ခေါ်ရမယ် သေဖို့ထိုက်တန်တယ်” ချွီဆဲ့ တိုးတိုးလေးငြီးတွားပြောဆိုလိုက်သည်။

သူဘေးတွင်တော့ ၀တ်စုံဖြူ၀တ်အမျိုးသမီးသည် လက်မောင်းပေါ်တွင် သူ့ပင့်ကူဖြူလေးကိုပိုက်ထားရင်း ထိုလူငါးယောက်အား မျက်လုံးအနည်းငယ်မှေး၍ ကြည့်နေ၏။ သူသည် ထိုမျိုးနွယ်စုလေးများကြားမှ ပြဿနာကိုစိတ်၀င်စားမှုမရှိဘဲ သူချွီဆဲ့နောက်သို့ လိုက်လာရခြင်းမှာ သူတို့ ပင့်ကူမျှင်များအား ခိုးသည့်သူခိုးကို တွေ့လိုတွေ့ငြား လိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က သူခိုးတွေလား” အဖြူရောင်၀တ်အမျိုးသမီး မေးလိုက်သည်။

“ ဟုတ်တယ် သူတို့ဒါမျိုးဓားပြတိုက်တာမျိုးလည်းလုပ်မှန်းတော့ ငါမသိခဲ့ဘူး ဒါပေမယ့်လည်း မုန့်မျိုး

နွယ်စုနဲ့ ခြေလက်ရှစ်ဖက်မျိုးနွယ်စုက ပစ္စည်းကိုတောင်ခိုးရဲတဲ့ လူတွေက ဒါမျိုးလည်း လုပ်ရဲမယ်ဆိုတာ ဖြစ်နိုင်ပါတယ်” ချွီဆဲ့ ပြန်ပြောလိုက်သည်။

“နင်သွားမကူညီဘူးလား”

“ဘာလို့ကူညီရမှာလဲ သူတို့ပြီးသွားမှ သူတို့အကုန်လုံးကို၀င်ရှင်းလိုက်မယ်”

ချွီဆဲ့ဖြစ်စေ ၀တ်စုံဖြူ၀တ်အမျိုးသမီးဖြစ်စေ သူတို့နှစ်ယောက်လုံးအတွက် မျိုးနွယ်စုလေးများမှ လူများသည် အာရုံစိုက်တန်ထိုက်တန်သောသူများ မဟုတ်ကြပေ။ သူတို့မျက်လုံးထဲတွင် သူတို့သည် ထိုလူများထက် ပိုညဏ်ရည်မြင့် ပိုသန်မာ ပိုချမ်းသာ ပိုယဉ်ကျေး ကြသောလူများဖြစ်ကြပြီး ထိုမျိုးနွယ်စုလေးများမှ လူများမှာတော့ တိုက်ခိုက်ဖို့ သတ်ဖြတ်ဖို့ နဲ့ လုယက်ဖို့မှလွဲ ဘာမှမသိသော အမြင်ကျဥ်းသည့်အရိုင်းအစိုင်းများသာ ဖြစ်ကြသည်။ သူတို့သည် တူညီသောအဆင့်အတန်းတွင် မရှိကြရာ ထိုအရိုင်း

အစိုင်းများအကြောင်း စကားဝိုင်းတွင် ထည့်ပြောစရာပင်လိုသည်ဟု မထင်ကြပေ။

ချွီဆဲ့ဂူထဲတွင် ရှောက်ရွှမ်အား သတိပေးခဲ့သည် အဖြစ်အပျက်မျိုးမှာမူ အလွန်ရှားပါးသော အဖြစ်အပျက်မျိုးသာဖြစ်ပြီး သူ့သတိပေးချက်မှာလည်း လိုက်နာခြင်းမခံခဲ့ရပေ။ ချွီဆဲ့ ထိုလူအား နောက်ထပ်ကယ်ဆယ်ချင်စိတ် မရှိတော့ပေ။ ဤအခြေအနေတွင် ထိုလူသေသေရှင်ရှင် သူ့ကိစ္စမဟုတ်ချေ။ ထိုကောင်သည် သူ့မျိုးနွယ်စု၀င်လည်းမဟုတ်သောကြောင့် ထိုကောင်၏ တုံးအမှုနှင့် ကံဆိုးမှုကိုသာ အပြစ်တင်ရပေလိမ့်မည်။

“သူတို့ကိစ္စပြီးသွားရင် မင်းထွက်ရှင်းမှာလား ငါရှင်းရမှာလား” ချွီဆဲ့ မေးလိုက်သည်။

လက်မောင်းထဲရှိ အဖြူရောင်ပင့်ကူအား ပွတ်သပ်နေရင်း ၀တ်စုံဖြူအမျိုးသမီးဖြေလိုက်၏။ “အတူတူလုပ်ကြတာပေါ့ တစ်ယောက်တစ်၀က်”

“ဟုတ်ပြီ”

ချွီဆဲ့နှင့် ၀တ်စုံဖြူအမျိုးသမီး ထိုသူခိုးများအား မည်သူရှင်းမည်ကို ဆွေးနွေးနေကြစဉ်တွင် ရှောက်ရွှမ်မှာ ထိုသူခိုးများရှေ့တွင် တည်တည်ငြိမ်ငြိမ်ရပ်နေရင်း ထိုလူများ နတ်စွမ်းအား အသက်သွင်းနေသည်ကို ရပ်ကြည့်နေ၏။

“မင်းတို့က မီးလျံသလင်းကျောက်ကို လိုချင်တာလား ကိစ္စမရှိပါဘူး မင်းတို့မှာယူနိုင်လောက်တဲ့ အစွမ်းရှိရင် ယူကြပေါ့” ရှောက်ရွှမ်ပြောလိုက်သည်။

ရှောက်ရွှမ်၏ အပြုအမူအားကြည့်ပြီး ဓားပြလေးယောက် ကြောင်သွားကြသော်လည်း ထိုကောင်လေးသည် သေခြင်းတရားဘာဆိုတာမသိသော သွေးပူနေသည့် ကောင်လေးတစ်ယောက်ဟုသာ တွေးမိလိုက်ကြသည်။ ထိုကောင်‌ေလးသည်အတော်လေးတုံး

အပြီး အတော်လေးမိုက်မဲလှပေသည်။

ကျားများ ခြ‌ေင်္သ့များဟိန်းသံကဲ့သို့ အသံမျိုး နတ်စစ်သည်တော်တစ်ယောက်ဆီမှ ထွက်ပေါ်လာလေသည်။ ကြွက်သားများနှင့်ဖုထစ်နေသော သူ့ခြေထောက်နှစ်ချောင်းသည် ယခုအခါတွင် ပိုဖောင်းကားလာပြီး ခွန်အားများပိုပြည့်လာပုံ ပေါ်နေ၏။ ထိုခြေထောက်များနှင့် ကန်ခံရလျှင် ဆင်တစ်ကောင်ပင်လျှင် တုံးကနဲလဲသေသွားနိုင်သည်ဟု ထင်ရလေသည်။

တစ်ချက်ဟိန်းပြီးသည့်နောက် ထိုလူသည် ရှောက်ရွှမ်ဆီသို့ ရုတ်တရက်ပြေး၀င်လာ‌ကာ သူခြေတစ်လှမ်းခြင်းစီမှာလည်း မီတာပေါင်းများစွာ ကျော်လွှားနိုင်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူသည် ရှောက်ရွှမ်ရှေ့သို့ ရောက်ရှိလာလေသည်။

ထိုအခိုက်တွင် ရှောက်ရွှမ်ကိုယ်ပေါ်ရှိ နတ်စွမ်းအားမှာလည်း ရုတ်ချည်းမြင့်တက်သွားပြီး သူ့စိတ်ထဲရှိ နတ်မီးတောက်သည် ဆီလောင်းခံရသော မီးပုံတစ်ခု

ကဲ့သို့ တရှဲရှဲလောင်ကျွမ်းလာ၏။ သူ့လက်များသည် အခြားသူများကဲ့သို့ ဖောင်းကားလာခြင်းမျိုးမရှိဘဲ အရေပြားအောက်ရှိ နဂါးပြာများနှင့်တူသော သွေးကြောများသည်သာ ထွက်ပေါ်လာလေသည်။

ရှောက်ရွှမ် သူ့‌ဆီသို့သတ်ဖြတ်ရန် ပြေး၀င်လာနေသော လူကို ကြည့်လိုက်၏။ ထိုအခါ သူ့မျက်လုံးထဲရှိ တိုက်ခိုက်လိုစိတ်သည် ပို၍ပင် ပြင်းထန်လာလေတော့သည်။

“တကယ်လို့ လူတိုင်းက မီးတောက်ဦးချိုမျိုးနွယ်စုကို မေ့နေပြီဆိုရင် ပြန်အမှတ်ရအောင်လုပ်ပေးရတာပေါ့..”

ရှောက်ရွှမ် နတ်ဆေးဆရာပြောသော ထိုစကားကို အပြည့်အ၀ထောက်ခံပေသည်။

မည်သူမှ မမှတ်မိတော့ဘူးဆိုပါက မမှတ်မိသူတို့

အား ခွန်အားသုံး၍ အတင်းအကြပ်မှတ်မိလာအောင် လုပ်ရုံသာ ရှ်ိ၏။

ထိုလူများသည် ရှောက်ရွှမ်ထံမှ ရပ်နေပြီး လက်အားဆန့်ထုတ်လုိက်ကာ ထိုးရန်ပြင်နေသော အပြုအမူမှလွဲ၍ မည်သည့်ထူးခြားသော တိုက်ကွက်ကိုမှ မမြင်ကြရချေ။

ရှောက်ရွှမ်ဆီသို့ ပြေး၀င်လာသောသူသည် သူ၏ပထမတိုက်ကွက် လေကိုသာ ထိသွားသည်ကို ခံစားလိုက်ရသည်။ သူနောက်တိုက်ကွက်တစ်ခုမထုတ်ရသေးခင်တွင် အလွန်သန်မာသော အားတစ်ခု သူခန္ဓာကိုယ်အား ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရ၏။ ထိုအားသည် အလွန်သန်မာလှကာ အလွန်လည်း လျင်မြန်ပြီး ပေါက်ကွဲအားသည်လည်း ပြင်းထန်လွန်းလေရာ သူ့ခန္ဓာကိုယ်အား တစ်စက္ကန့်လောက် ရပ်တန့်သွားစေသည်။ ရပ်တန့်ပြီးသောနောက်တွင်မူ သူ့ရင်ဘတ်အား လက်သီးတစ်လုံးဖြင့် ထိုးနှက်ခြင်းကို ခံလိုက်ရတော့သည်။

သူ၏ အလွန်သန်မာပြီး မာကျောလှသည်ဟု ထင်ရသော ကြွက်သားများထဲသို့ ထိုသန်မာဖြစ်ပုံရသော လက်သီးသည် နစ်၀င်သွားလေသည်။ ထို့နောက် သူ့ရင်ဘတ်ပေါ်တွင် မျက်လုံးနှင့်ပင်မြင်နိုင်သော လှိုင်းတွန့်များ ပေါ်ပေါက်လာပြီး အရိုးကျိုးသံများကို ကြားလိုက်ရ၏။

သူ၏ သွေးဆာနေသောမျက်နှာမှာမူ ယခုအခါတွင် အေးခဲနေလေပြီ။ ပြင်းထန်သောလက်သီးချက်ကြောင့် သူ့ခန္ဓာကိုယ်မှာ ကျုံ့၀င်သွားသလိုဖြစ်သွားခဲ့သည်။ သူ့နောက်ကျောမှာမူ ရင်ဘတ်နှင့်ဆန့်ကျင်ဘက်ပင် ဖောင်းကားနေပြီး ခါးကုန်းကြီးတစ်ယောက်နှင့်ပင် တူညီနေ၏။ ပါးစပ်မှလည်း သွေးများစွာ အန်ထုတ်လိုက်ရပြီး နောက်သို့မီတာ ၂၀လောက်ထိ လွင့်ထွက်သွားကာ ပြန်ကျချိန်တွင် မြေပြင်ပေါ်၌ လှုပ်ရှားခြင်းမရှိတော့ပေ။

လေညှင်းတစ်ချက်တိုက်ခတ်သွားပြီး မနီးမဝေးရှိ သစ်တောမှ သစ်ရွက်များ ကြွေကျကာ လေနှင့်အတူ

လွင့်ပျံနေလေသည်။ မြေပြင်ပေါ်သို့ တစ်ခုခုပြုတ်ကျလာသော အသံကြီးကိုလည်း ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ရ၏။

ပတ်၀န်းကျင်ရှိလေထုမှ အေးခဲသွားပြီး တခဏကြာထိ မည်သူမှ ဘာမှမပြောကြချေ။

ချွီဆဲ့နှင့် ၀တ်စုံဖြူ၀တ်အမျိုးသမီးမှာလည်း မျက်လုံးများပြူးကျယ်သွားကြကာ သူတို့မြင်လိုက်ရသည့် အရာကို မယုံနိုင်ဖြစ်နေကြလေသည်။

ယခုပင် သူတို့နှစ်ယောက်သည် သူတို့ကိစ္စပြီးသည့်နောက် သူခိုးလေးယောက်ကို မည်သို့ရှင်းလင်းကြမည်ကို ဆွေးနွေးနေကြခြင်းဖြစ်ပြီး ထိုကောင်လေးကိစ္စကိုတော့ ဂရုပင်စိုက်ခဲ့ကြခြင်း မဟုတ်ပေ။ ရှောက်ရွှမ်သေသွားမည်ဟူ၍သာ သူတို့ထင်ထားကြခြင်းဖြစ်ပြီး ထိုတိုက်ပွဲမှာလည်း ဘာမှကြာလိမ့်မည်မဟုတ်ဟု ထင်ထားကြခြင်း ဖြစ်သည်။

တိုက်ပွဲမှာ အမှန်တကယ်ပင် ကြာခဲ့ခြင်းမရှိပေ။ သို့သော် သေသွားသည့်သူမှာတော့ ရှောက်ရွှမ်မဟုတ်ခဲ့ပေ။

ဤနေရာရှိ သူခိုး ဓားပြ လူသတ်သမားများနှင့် ရင်ဆိုင်ရန်မှာ လွယ်ကူသော အရာမဟုတ်ချေ။ သို့သော် သူတို့ရှေ့ရှိ ရလဒ်မှာမူ ကြမ်းကြုတ်ပုံရသည့် သန်မာသောလူကြီးသည် မြေပြင်ပေါ်တွင် သေသည်အထိ ရိုက်နှက်ခံထားရပြီး ထိုးလိုက်သော လက်သီးပိုင်ရှင်မှာ အတော်လေးရိုးအပုံရသော ကောင်လေးတစ်ယောက် ဖြစ်နေလေသည်။

ချွီဆဲ့ပင်လျှင် သူထိုကဲ့သို့ တစ်ချက်တည်းဖြင့် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှ်ိမနေပေ။

ချွီဆဲ့တင်မဟုတ်ဘဲ ၀တ်စုံဖြူ၀တ်အမျိုးသမီးသည်လည်း သူအမြဲအထင်သေးနေခဲ့သော မျိုးနွယ်စုလေးမှကောင်လေးသည် သူ့မျက်စိရှေ့တွင် ထိုသို့လုပ်ပြ

နိုင်လိမ့်မည်ဟုထင်မ‌ထားလေရာ ရုတ်တရက်အံ့ဩသွားပြီး သူ့လက်မောင်းထဲရှိ အဖြူရောင်ပင့်ကူလေး၏ အမွှေးများအား ဆွဲမိသလိုပင် ဖြစ်သွားရ၏။

“ချွီဆဲ့ သူကမျိုးနွယ်စုလေးကဆိုတာ သေချာလို့လား” အဖြူရောင်၀တ်အမျိုးသမီး မေးလိုက်သည်။

မည်သို့သော မျိုးနွယ်စုလေးက ထိုသို့သော စွမ်းအားနှင့်လူငယ်လေးတစ်ယောက်ရှိနိုင်မည်နည်း။ ထို့အပြင် ထိုကောင်လေးသည် သူ၏နတ်စွမ်းအားကိုလည်း အချိန်တိုလေးအတွင်း ထိန်းချုပ်နိုင်ပြီး သူ့နတ်စွမ်းအားသည် ဘာမှမရှိရာမှ အထွတ်အထိပ်အခြေအနေသို့ ရုတ်ချည်းရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အတော်လှမ်းသော နေရာမှကြည့်နေခြင်းဖြစ်သော်လည်း ထိုနေရာတွင် သားရဲကြီးတစ်ကောင်ရုတ်ချည်းပေါ်ပေါက်လာသလို ပြောင်းလဲမှုကြီးဖြစ်သွားပြီး နောက်အခိုက်အတန့်၌ ရုတ်ချည်းပင် ဘာမှမရှိတော့သလို ဘာအမှတ်အသားမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်ကို သူအာရုံခံမိခဲ့၏။ ထိုအရာသည် အချိန်ခဏလေး

အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ ထိုကောင်လေးသည်သာ မျိုးနွယ်စုလေးတစ်ခုမှလာသည်ဆိုပါက သူသည် သူတို့မျိုးနွယ်စုဧ။် အတော်လေး ပါရမီပါသောလူငယ်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။

ချွီဆဲ့ဘာမှပြန်မဖြေသည်ကို မြင်သောအခါ အဖြူရောင်၀တ်အမျိုးသမီး ထပ်မေးလိုက်သည်။ “သူက ဘယ်မျိုးနွယ်စုက လာတာလဲ”

ချွီဆဲ့ တံတွေးမျိုချလိုက်ပြီး ပြောလိုက်၏။ “ငါမသိဘူး”

ပြဿနာများမှ ရှောင်ပြေးရန် သူဂူထဲတွင် အိပ်နေခဲ့ခြင်းဖြစ်ပေသည်။ ညဏ်ရှိသော မည်သူမဆို သူအိပ်နေသည်ကိုမြင်သောအခါ လာရှုပ်ရဲလိမ့်မည် မဟုတ်ပေ။ သူအိပ်နေစဉ်အတွင်း ဂူထဲ၌ အဖွဲ့နှစ်ဖွဲ့ပင် ပြောင်း၍ နေထိုင်ခဲ့ကြ၏။ သို့သော် ထိုအဖွဲ့များသည် မည်သည့်မျိုးနွယ်စုမှဖြစ်သည်ကို သူမ

သိ‌ခဲ့ချေ။ ထိုသို့သော မျိုးနွယ်စုလေးများကို သိရန်လိုသည်ဟုလည်း သူမထင်ခဲ့ပေ။ ယနေ့တွင် ဤအရာမျိုး ကြုံရလိမ့်မည်ဟု သူဘယ်လိုထင်ခဲ့လိမ့်မည်နည်း။

အဖြူရောင်၀တ်အမျိုးသမီး ချွီဆဲ့အား ကြည့်လိုက်ပြီး

“ငတုံးကောင်”

English Translator note-

(ဟဟ မင်းတို့ကောင်တွေ ဒီခေါင်းစဉ်က ရှောက်ရွှမ်ကို ညွှန်းတာလို့ ထင်နေကြတာမလား)

All Chapters