၀မ်ရှစ်မျိုးနွယ်စု
Vol. 13 Ch. 189
မွေးမြူရေးခြံကြီး၏ ပတ်ပတ်လည်တွင် ကျောက်တုံးကြီးများ သစ်ပင်ကြီးများဖြင့် ပြုလုပ်ထားသော ခြံစည်းရိုးကြီးများ ရှိကြလေသည်။ ထိုခြံစည်းရိုး၏ အကွာအဝေးတစ်ခုချင်းစီတိုင်းတွင်လည်း စောင့်ကြပ်နေသော အစောင့်များ ရှိကြ၏။ ပြောကြသည်မှာ ယနေ့မနက်ဖြစ်ခဲ့သော မတော်တဆမှုကြောင့် လုံခြုံရေးများကို ပို၍ထူထပ်စွာ ချထားသည်ဟု ဆိုကြသည်။
ခြံထဲတွင်မူ ကြီးမားသောခန္ဓာကိုယ်နှင့်မလိုက်အောင် ကြက်အသည်းနှလုံးသာရှိသော ငှက်ကြီးများသည် သူတို့လည်ပင်းကြီးများကို လှည့်ကာ ဟိုဟိုဒီဒီလှည့်ပတ် ကြည့်ရှုနေကြ၏။ တစ်ခါတလေတွင် အပြင်မှအစောင့်များသည် အသီးအချို့ကို ခြံထဲသို့ ပစ်၍ကျွေးကြသည်။ ထိုအခါ ငှက်ကြီးများသည် နှုတ်သီးများနှင့်ထိုး၍ အလုအယက်ပင် အစာကောက်လေ့ရှိကြ၏။ ဗိုက်ပြည့်သွားသောအခါ
တွင်မူ တစ်ဖက်ခြမ်းတွင် အေးအေးဆေးဆေးသွားလှဲနေလေ့ရှ်ိပြီး နေရောင်ခံကာ အိပ်ကြလေသည်။
မီတာ၀က်ခန့်ကြီးသော ဥကြီးများကိုလည်း ခြံထဲမှ လူတစ်ချို့သယ်ဆောင်နေသည်ကို ရှောက်ရွှမ်မြင်ခဲ့ရ၏။ နှိုင်းယှဉ်ကြည့်ရလျှင် ချာချာ၏ ဥများမှာ အလွန်သေးငယ်လှပေသည်။ ချာချာ့ ဥအားမြင်သောသူများမှာ ထိုမျှကြီးသောအကောင်ကြီးက ထိုဥသေးသေးလေးများကို ဥလိမ့်မည်ဟု မည်သူမျှ ယုံနိုင်လိမ့်မည် မဟုတ်ပေ။
လုမျိုးနွယ်စုသည် ထိုငှက်ကြီးများကို အသားငှက်ဟု ခေါ်ကြပေသည်။ မျိုးဆက်ပေါင်းများစွာ မွေးမြူရေးတိရစ္ဆာန်အဖြစ် မွေးမြူခံကြရပြီးနောက် ငှက်ကြီးများသည် သူတို့ကိုယ်သူတို့ပင် မေ့လျော့နေပြီဖြစ်ကာ သူတို့ကိုယ်သူတို့ ကြက်တစ်ကောင်လို့ပင် ထင်နေပြီ ဖြစ်၏။ သို့သော် သူတို့၏ တိုတိုတုတ်တုတ်ခြေထောက်ကြီးများမှာတော့ ထင်မထားလောက်အောင်ပင် အပြေးသန်နေကြဆဲဖြစ်သည်။
ထိုအသားငှက်များအပြင် ယန်ကျို ရှောက်ရွှမ်အား အခြားမွေးမြူရေးတိရစ္ဆာန်များဖြစ်သော ကျွဲနွားခြံများ မြင်းခြံများနှင့် သိုးခြံများကို လိုက်လံပြသခဲ့၏။ ထိုခြံများ၏ အရွယ်အစားသည် ရှောက်ရွှမ် ဖုန်မျိုးနွယ်စုတွင် မြင်ခဲ့ရသော ခြံကြီးများလောက်မကြီးမားပါသော်လည်း စုံလင်လှသော မျိုးစိတ်များနှင့် အစာကျွေး မွေးမြူရေးနည်းလမ်းများကြောင့် လုမျိုးနွယ်စုသည် အစာရေစာပြတ်လပ်ခြင်းပြဿနာမျိုးကို ဘယ်တော့မှ ကြုံရတော့မည် မဟုတ်ပေ။
“ငါတို့မျိုးနွယ်စုရဲ့ မွေးမြူရေးကို ဘယ်လိုထင်လဲ” ယန်ကျို ဂုဏ်ယူနေသော မျက်နှာဖြင့် မေးလိုက်သည်။
“တကယ်ပဲ အံ့ဩစရာကောင်းတယ်” ရှောက်ရွှမ် ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
ရှောက်ရွှမ် လမ်းတစ်လျှောက်တွေ့ခဲ့သော ဗဟိုဒေသရှိ မျိုးနွယ်စုအတော်များများသည် တိရစ္ဆာန်များမည်သို့ မွေးရမည်ကို သိကြပါသော်လည်း လုမျိုးနွယ်စုနှင့် ယှဉ်နိုင်သည့် မျိုးနွယ်စုမျိုးကိုတော့ သူမတွေ့ခဲ့ဖူးချေ။ ထို့ကြောင့်ပင် လုမျိုးနွယ်စုသည် ဗဟိုဒေသ၌ မျိုးနွယ်စုကြီးများနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ လုမျိုးနွယ်စုသာ အန္တရာယ်တစ်ခုခုရှိနေပါက ထိုမျိုးနွယ်စုကြီးများသည် စစ်ကူတစ်ချို့ပင် ပို့ပေးလိမ့်မည်ဖြစ်ပြီး စစ်ကူမပို့ဘူးဆိုပါကလည်း လုမျိုးနွယ်စုဘက်မှ ရပ်တည်မည်ကတော့ သေချာလှပေသည်။
ရှောက်ရွှမ်ထင်သည်မှာ လုမျိုးနွယ်စုသည် ဗဟိုဒေသ၌ ကြမ်းတမ်းသောမျိုးနွယ်စုတစ်ခုမဟုတ်ဘဲ ကောင်းမွန်သော မျိုးနွယ်စုတစ်ခုဟုပင် ခေါ်နိုင်သော မျိုးနွယ်စုမျိုး ဖြစ်၏။ သို့သော်လည်း မျိုးနွယ်စုကောင်းဟု ဆိုတိုင်းလည်း အစွယ်လုံး၀မရှ်ိသော မျိုးနွယ်စုတော့ မဟုတ်ပေ။ ဗဟိုဒေသလို နေရာ၌ ထိုကဲ့သို့သော မွေးမြူရေးမျိုးလုပ်နေနိုင်ခြင်းမှာ သူတို့သည် ခွန်အားအရာ၌လည်း တော်ရုံမဟုတ်သူများ
ဖြစ်သောကြောင့် ဖြစ်ပေသည်။
“သူတို့တွေကိုရော အစာအတွက်ပဲ မွေးထားတာလား” ရှောက်ရွှမ် လယ်ကွင်းတစ်ခုအား လက်ညှိုးထိုး၍ မေးလိုက်၏။ ထိုနေရာတွင် ကျွဲနွားကြီးများ ကျက်စားနေကြလေသည်။ အခြားအရေအတွက်များသော မျိုးစိတ်များနှင့်ယှဉ်ပါက ဤကျွဲနွားကြီးများသည် အလွန်လည်းကြီးမားလှပြီး အရေအတွက်လည်းနည်းပါးလှသောကြောင့် ပို၍ မြင်သာနေကြ၏။
“မဟုတ်ဘူး သူတို့အကုန်လုံးကတော့ အစားအစာနဲ့ ကုန်သွယ်ဖို့အတွက်ပဲ မဟုတ်ဘူး အချိန်အများစုမှာ သူတို့ကိုလှည်းတွေဆွဲဖို့သုံးတယ်” ယန်ကျို ဖြေလိုက်သည်။
“လှည်းတွေကိုဆွဲဖို့လား”
“ဟုတ်တယ် အဲ့ဘက်ကိုကြည့်လိုက် အစကအသားငှက်တွေကို လှည်းေပါ်တင်နေတာလေ မနက်ကလို မတော်တဆမှုမျိုးသာ မဖြစ်ရင် ငါတို့အဆင်သင့်ဖြစ်ပြီး လမ်းမှာတောင် ရောက်နေလောက်ပြီ” ထိုစကားအားပြောလိုက်သောအခါတွင်မူ ယန်ကျိုမျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွား၏။
မွေးမြူရေးခြံများတွင် ထိုကဲ့သို့ မတော်တဆမှုမျိုးဖြစ်ပွားသွားပြီး ခြံစည်းရိုးပျက်ဆီးသွားသည်ကိုလည်း မည်သူမှမမြင်ခဲ့ဘဲ အစောင့်များသည်လည်း မတော်တဆမှုကို မတားနိုင်ခဲ့ခြင်းမှာ ဖြစ်နိုင်သောအရာတော့ မဟုတ်ပေ။ ထို့ကြောင့်ပင် ယန်ကျိုထိုအရာသည် မတော်တဆမှုဖြစ်သည်ဟု မယုံချေ။ ခြံစည်းရိုးများအား ရည်ရွယ်ချက်ရှိရှိဖျက်ဆီးသွားသည့်သူ ရှိသည်ဟုသာ သူထင်ပေသည်။ သို့သော် ထိုကိစ္စများသည် သူတို့မျိုးနွယ်စု၏ အတွင်းရေးကိစ္စများဖြစ်ကြပြီး အပြင်လူအား ပြောပြ၍ကောင်းသော အရာများ မဟုတ်ပေ။ ထို့ကြောင့် အပြင်လူများအား ပြောသောအခါ ထိုအရာသည် မတော်တဆမှုဟူ၍သာ ပြောကြ၏။
ရှောက်ရွှမ်အတွက်မူ ကျွဲနွားလှည်းများကို ဤနေရာတွင် အခုမှပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။
မြင်ရသည်မှာလည်း အတော်ကြီးသော နွားလှည်း ကျွဲလှည်းကြီးများ ဖြစ်ကြ၏။
အကယ်၍ လှည်းကြီးကိုမမြင်လိုက်ရဘူးဆိုလျှင်တောင် ထိုလှည်းဖြတ်သွားသော လမ်းပေါ်တွင်ကျန်နေသည့် လှည်းဘီးရာကြီးကို ကြည့်ပြီးပင် ထိုလှည်းမည်မျှကြီးသည်ကို သိနိုင်လောက်မည့် လှည်းမျိုးကြီးများ ဖြစ်ပေသည်။
ထိုလှည်းဘီးကြီးနှစ်ခုကြားအကွာအဝေးမှာပင် လေးမီတာခန့်ရှိ၏။
သူတို့ရှေ့သို အနည်းငယ်ဆက်သွားလိုက်သောအခါတွင်မူ တဂျိန်းဂျိန်းအသံများကို ကြားလိုက်ရသည်။ လူအများအပြားသည် အသားငှက်ကြီးများအား
လှည်းပေါ်ရှိ လှောင်ချိုင့်ကြီးများအတွင်းသို့ တင်နေကြခြင်းဖြစ်ပြီး ထိုငှက်ကြီးများအား ကြည့်ရသည်မှာ တောင်အသေးလေးတစ်လုံးကဲ့သို့ပင် ဖြစ်နေ၏။ သို့သော် ထိုငှက်များကို ချည်နှောင်ထားပြီးဖြစ်သောကြောင့် ထွက်ပြေးရန်မှာတော့ မဖြစ်နိုင်တော့ပေ။
ယန်ကျို အသားငှက်များအား သယ်နေသော စစ်သည်တော်တစ်ယောက်အား မေးလိုက်လေသည်။
“ထွက်ပြေးသွားတဲ့ အသားငှက်တွေအကုန်လုံးကို ပြန်ဖမ်းမိပြီလား”
စစ်သည်တော် သူ့နှဖူးပေါ်မှချွေးများကိုသုတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ “သွားရှာတဲ့ အဖွဲ့တွေအကုန်လုံးပြန်လာကြပြီ ငှက်အကုန်လုံးနီးပါးကိုလည်း ပြန်ဖမ်းလာနိုင်ကြပေမယ့် တစ်ကောင်ကတော့ ပျောက်နေတုန်းပဲ”
“တစ်ကောင်ပဲပျောက်တာလား အဲ့တာဆိုရင်တော့ ရလဒ်ကမဆိုးဘူးပဲ” ယန်ကျို သက်ပြင်းချရင်း ပြောလိုက်သည်။ ထို့နောက် ပတ်၀န်းကျင်ကို တစ်ချက်လှည့်ပတ်ကြည့်လိုက်ရင်း ပြောလိုက်ပြန်၏။
“စကားမစပ် ကုန်တွေတင်နေတာရော ဘယ်လိုအခြေအနေရှိလဲ”
“ပြီးခါနီးနေပြီ ကျွန်တော်တို့နေ့လည်လောက်ဆို စထွက်လို့ရပြီ”
“ကောင်းပြီ ဒါဆိုမင်းအလုပ်မင်းဆက်လုပ်လို့ရပြီ”
အခြားမည်သူ့ကိုမှ ဘာမှပြောမနေတော့ဘဲ ယန်ကျိုရှောက်ရွှမ်အား နေ့လည်စာစားဖို့ခေါ်လိုက်ကာ သူ့အကူအညီအတွက်ကျေးဇူးတင်သည့်အနေဖြင့်
အသားငှက်တစ်ကောင်နှင့် အသားငှက်ဥတစ်လုံးကို ပေးလေသည်။ ထိုအသားငှက်ဥကိုမူ ရှောက်ရွှမ် ချာချာအား သွားရေစာအနေနှင့်စားရန် ပေးခဲ့လိုက်၏။
ရှောက်ရွှမ်အား ထိုလက်ဆောင်များပေးသည်မှာ သူ၏အကူအညီတစ်ခုတည်းကြောင့်သာ ဟုတ်မနေချေ။ ယန်ကျို၌ အခြားအစီအစဉ်တစ်ခုလည်း ရှိနေလေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဆိုသော နာမည်ကို သူမကြားဖူးပါသော်လည်း ထိုမျိုးနွယ်စုသည် အားနည်းသော မျိုးနွယ်စုတစ်ခုတော့ ဟုတ်ဟန်မပေါ်ချေ။ ထို့ကြောင့် အနာဂတ်တွင် သူတို့ထိုမျိုးနွယ်စုနှင့် အဆက်အသွယ်ရစေရန် ရှောက်ရွှမ်နှင့် မိတ်ဆွေဖြစ်ထားခြင်းမှာ မကောင်းသောအရာတော့ မဟုတ်ပေ။
ရှောက်ရွှမ်သည် မျိုးနွယ်စုမှထွက်လာပြီး ခရီးရှည်ကြီးတစ်ခုအား သွားနေသည်ကို သိလိုက်ရသောအခါတွင်လည်း ယန်ကျိုဘာမှ အသေးစိတ်ထပ်မမေးခဲ့ချေ။ မျိုးနွယ်စုတိုင်းတွင် ထိုသို့သောလူများ ရှိတတ်
ကြသည် မဟုတ်ပါလား။ အထူးသဖြင့် မျိုးနွယ်စုအသေးလေးများတွင် ဖြစ်ကြသည်။ သူတို့မျိုးနွယ်ရှိ အကြီးအကဲများသည် လူငယ်များအား ဗဟိုဒေသသို့လွှတ်လိုက်ကာ မျိုးနွယ်စု၏ အသိအမြင်အား ချဲ့ထွင်တတ်ကြ၏။ သို့သော် အုပ်စုဖွဲ့၍သာ ထွက်ကြခြင်းဖြစ်ပြီး ရှောက်ရွှမ်ကဲ့သို့ တစ်ယောက်ထဲထွက်လာခြင်းမျိုးမှာတော့ ရှားပါးလှပေသည်။
ရှောက်ရွှမ် ယန်ကျိုနှင့်စကားဝိုင်းတွင် သူသွားမည့်နေရာအတိအကျကို မပြောခဲ့ဘဲ သူတို့ ဘိုးဘွားပိုင်မြေအနီးတဝိုက်ရှိ ဒေသများသို့ သွားမည်ဟူ၍သာ ပြောခဲ့၏။
“ငါတို့ ကုန်စည်ပို့ဆောင်ရေးအဖွဲ့ကလည်း အဲ့နေရာကနေ ဖြတ်သွားရမှာလေ အဲ့တော့ မင်းငါတို့နဲ့လိုက်ခဲ့လို့ရတယ် အဲ့တာကပိုပြီးအန္တရာယ်ကင်းမှာပါ တစ်ခုရှိတာက ၀မ်ရှစ်မျိုးနွယ်စုကလည်း အဲ့နေရာမှာရှိတယ် သူတို့ကအတော်လေးအဆိုးမြင်စိတ်များတဲ့ မျိုးနွယ်စုပဲကွ”
လုမျိုးနွယ်စုမှပင် အဆိုးမြင်စိတ်များသည်ဟု သတ်မှတ်ခံရသော မျိုးနွယ်စုတစ်ခုမှာ အမှန်တကယ်ပင် အဆိုးမြင်စိတ်များသော မျိုးနွယ်စုတစ်ခုဖြစ်မည်မှာ သေချာပေသည်။
လုမျိုးနွယ်စုအနေနှင့် အပြင်လူတစ်ယောက်ယောက်အား သူတို့လှည်းပေါ်သို့ ဖိတ်ခေါ်ခြင်းမှာ မိတ်ဖြစ်ဆွေဖြစ် ဧည့်၀တ်ပြုခြင်းတစ်မျိုးဖြစ်သောကြောင့် ရှောက်ရွှမ်မငြင်းခဲ့ပေ။ သူတို့အား ကျေးဇူးတင်စကားပြောပြီးသည့်နောက် ရှောက်ရွှမ်လည်း အသားငှက်များကို လှည်းပေါ်တင်ရာ၌ ၀င်ကူခဲ့လေသည်။
ထိုအသားငှက်များအား အနီးကပ်ကြည့်မိသောအခါ ရှောက်ရွှမ်တစ်စုံတစ်ခုကို သတိထားမိသွား၏။ ထိုငှက်များသည် သူတို့အားချည်နှောင်ပြီးသည့် အချိန်မှသာ တစ်ခါတစ်လေထအော်လေ့ရှိကြပြီး ပုံမှန်အချိန်များတွင် အများအားဖြင့်အိပ်သာအိပ်နေတတ်ကြပြီး ဘာအပူအပင်မှ ရှိပုံလည်း မပေါ်ကြချေ။
ထိုအသားငှက်ကြီးအား လှည်းပေါ်တင်ရာတွင် လုမျိုးနွယ်စုအနေနှင့် အသားငှက်တစ်ကောင်ကို စစ်သည်နှစ်ယောက်သုံး၍ သယ်ကြသော်လည်း ရှောက်ရွှမ်အတွက်မူ ငှက်နှစ်ကောင်ကိုပင် တစ်ယောက်တည်းနှင့် သက်တောင့်သက်သာ မနိုင်လေသည်။
“ရှောက်ရွှမ် မင်းတို့မျိုးနွယ်စုလူတွေက အတော်လေးသန်မာကြပုံပဲကွ” ယန်ကျို မနေနိုင်ဘဲ ၀င်ပြောလိုက်မိ၏။
“ဟုတ်တယ်ဗျ ကျွန်တော်တို့မျိုးနွယ်စုက အကောင်းမြင်စိတ်တော့ သိပ်မရှိကြဘူး ဒါပေမယ့် အတော်လေးသန်မာကြတာတော့ အမှန်ပဲ” ရှောက်ရွှမ် အသားငှက်နှစ်ကောင်ကို လှည်းပေါ်တင်လိုက်ပြီး ပြောလိုက်သည်။
ရှောက်ရွှမ်ပြောလိုက်သော “ကျွန်တော်တို့ မျိုးနွယ်စု
က အကောင်းမြင်စိတ်တော့ သိပ်မရှိကြဘူး” ဟူသည့်စကားကို ယန်ကျို အတည်မမှတ်ခဲ့ပေ။ သူထိုအရာအား ဟာသတစ်ခုဟုသာ မှတ်ယူခဲ့ပြီး ရှောက်ရွှမ်မှာပင် မောက်မာပြီး ရိုင်းစိုင်းသောသူတစ်ယောက်မဟုတ်လေရာ သူ့မျိုးနွယ်စုမှလူများသည်လည်း အဘယ်ကြောင့် ထိုသို့ဖြစ်နိုင်ပါမည်နည်း ဟူ၍သာ သူတွေးမိ၏။ သို့သော် ရှောက်ရွှမ်ပြောသော သူတို့မျိုးနွယ်စုသည် အတော်လေးသန်မာသည်ဟူသော စကားကိုတော့ သူလက်ခံပေသည်။
“မင်းတို့မျိုးနွယ်စုက ၀မ်ရှစ်မျိုးနွယ်စုနဲ့တူတာပဲ နှစ်ခုလုံးက သန်မာတဲ့ခွန်အားတွေရှိကြတယ်” ယန်ကျို ပြောလိုက်သည်။
ဆိုကြသည်မှာ ၀မ်ရှစ်မျိုးနွယ်စုသည် ယခင်က ဗဟိုဒေသတွင် ကြီးမားသောမျိုးနွယ်စုတစ်ခုမဟုတ်ခဲ့ဘဲ နောက်မှသာထိုမျှ တိုးတက်လာသည်ဟု ပြောကြ၏။ ထို့ကြောင့်ပင် အချို့သန်မာသောရှေးဟောင်းမျိုးနွယ်စုကြီးအချို့မှာ ၀မ်ရှစ်မျိုးနွယ်စုကို အထင်သေးနေကြဆဲ ဖြစ်သည်။
ကုန်ပစ္စည်းအားလုံးအား လှည်းပေါ်တင်ပြီးသည့်နောက် အဖွဲ့ခေါင်းဆောင်သည် အခြားသူများကို ထွက်ခွာဖို့ အသင့်ပြင်ရန် ပြောလိုက်၏။ ယန်ကျိုသည်လည်း ထိုအဖွဲ့တွင် အဖွဲ့၀င်တစ်ယောက် ဖြစ်ပေသည်။
သူတို့သည် လှည်းကြီးဆယ်စီးကျော်ကို အတန်းလိုက်စီတန်းထားကြ၏။ ထို့နောက် ကျွဲနွားများကို အစာကျွေးပြီးသောအခါ စတင်ထွက်ခွာဖို့ ပြင်လိုက်ကြလေသည်။
“လာလာ ရှောက်ရွှမ် ဒီလှည်းပေါ်တက်” ယန်ကျို လှည်တစ်စီးပေါ်ခုန်တက်လိုက်ရင်း ရှောက်ရွှမ်ကို လှမ်းခေါ်လိုက်၏။
ရှောက်ရွှမ်လည်း သူ့အရပ်ထက်ပင် မြင့်နေသော လှည်းကြီးပေါ် ခုန်တက်လိုက်လေသည်။
ထိုလှည်းကြီးများ၏ ဘီးများမှာ ဝိုင်းစက်နေသော ကျောက်ဘီးကြီးများ ဖြစ်ကြ၏။ အသားငှက်များအား ၀န်ပိုဆန့်စေရန်အတွက်လည်း ထိုလှည်းပေါ်တွင် ခေါင်မိုးတပ်မထားဘဲ အမိုးပွင့်လှည်းတစ်စီးပုံစံသာ လုပ်ထားကြပေသည်။
ကောင်းသည်မှာ လှည်းအားဆင်ထားသော သစ်သားပြားများသည် အတော်လေးထူထဲလှပြီး ဆွဲလှဲရုံမျှဖြင့်တော့ ထိုလှည်းကြီးသည် ယိုင်လဲသွားလိမ့်မည် မဟုတ်ပေ။
လှည်းများအား ရေတွက်ကြည့်ပြီးသည့်နောက် အဖွဲ့ခေါင်းဆောင် အော်ပြောလိုက်လေသည်။
“ထွက်ကြစို့”
အဖွဲ့စတင်ထွက်ခွာသောအခါတွင် ကျောက်ဘီးကြီးများ မြေကြီးဖြင့်ပွတ်မိသော တဂျိန်းဂျိန်းအသံများနှင့် လှည်းဆင်ထားသော သစ်သားပြားများ လှုပ်ခါသံအပြင် အသားငှက်များစတင်အော်ဟစ်သော အသံများပင် ထွက်ပေါ်လာ၏။
ရှောက်ရွှမ်အတွက်မူ ဤအရာသည် အတွေ့အကြုံအသစ်အဆန်းတစ်ခု ဖြစ်ပေတော့သည်။
လှည်းေပါ်၌ ခြေထောက်အား လှည်းထောင့်စွန်းမှ အောက်သို့ချကာ ထိုင်နေရင်း ရှောက်ရွမ် သူ့အနားရှိအခြားသူများ ဗဟိုဒေသရှိ အခြားမျိုးနွယ်စုများအကြောင်း ပြောနေသံများကို နားထောင်နေလိုက်သည်။ ဥပမာအားဖြင့် မည်သည့်မျိုးနွယ်စုတွင် စစ်ပွဲဖြစ်နေပြီ မည်သည့်မျိုးနွယ်စုသည် အတိုက်ခိုက်ခံလိုက်ရသည် မည်သည့်မျိုးနွယ်စုသည် ရတနာများ ထပ်ရထားသည် မည်သည့်မျိုးနွယ်စု၏ နတ်ဆေးဆရာနဲ့ ခေါင်းဆောင် အပြောင်းအလဲဖြစ်သည် ဟူသော ကိစ္စမျိုး ဖြစ်၏။
နေ့လည်ခင်း၏ နေမှာအတော်လေး ပူပြင်းနေဆဲဖြစ်သည်။ သို့သော် နှစ်တစ်နှစ်၏ အဆုံးပိုင်းဖြစ်နေသောကြောင့် ထိုမျှပူနေခြင်းမျိုးတော့ မရှိခဲ့ပေ။
လှည်းပေါ်တွင်ထိုင်ကာ လုမျိုးနွယ်စုမှလူများ ပြောနေသည်များကို နားထောင်ရင်း တချို့သူသိလိုသောအချက်အလက်များကို ၀င်ရောက်မေးမြန်းလိုက်ကာ ဤဒေသရှိအခြေအနေများကို ပိုမိုသိရှိပြီး သူ့မြေပုံလေးအားလည်း ပိုမိုဖြည့်တင်းနိုင်စေရန် ရှောက်ရွှမ်ကြိုးစားနေလိုက်သည်။
သူတို့ဘိုးဘွားပိုင်မြေနှင့် နီးလာသည့်အချိန်အထိ ရှောက်ရွှမ် မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း တစ်ယောက်ယောက်ပြောသည်ကို မကြားရသေးပေ။ မည်သူမှ မီးတောက်ဦးချိုမျိုးနွယ်စုဟူသော နာမည်ကိုမပြောကြဘဲ သူတို့ပြောသည်မှာ ခွန်အားကြီးပြီး စိတ်သဘောထားဆိုးရွားလှသည်ဟူသော ၀မ်ရှစ်မျိုးနွယ်စုအကြောင်းသာ ဖြစ်၏။
မီးတောက်ဦးချိုမျိုးနွယ်စု ဘိုးဘွားပိုင်မြေ၏ ဘေးတွင် ထိုသန်မာသော ၀မ်ရှစ်မျိုးနွယ်စုသည် အချိန်တိုအတွင်း တိုးတက်လာခဲ့ပြီး နယ်မြေများအား သိမ်းယူခဲ့ကြသည်။ လုမျိုးနွယ်စုမှလူများ ပြောသောစကားများအရဆိုလျှင် မုန့်မျိုးနွယ်စုနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုကဲ့သို့သော သန်မာသည့်ရှေးဟောင်းမျိုးနွယ်စုကြီးများအတွက် ထို၀မ်ရှစ်မျိုးနွယ်စုသည် ဗဟိုဒေသ၌ မီးတောက်ဦးချိုမျိုးနွယ်စု မေ့လျော့ခံခဲ့ရပြီးသည့်နောက် ပေါ်ပေါက်လာသည့် ဒုတိယမီးတောက်ဦးချိုမျိုးနွယ်စုဟု သတ်မှတ်ခံထားရခြင်း ဖြစ်ပေလိမ့်မည်။
စကားပြောနေရင်း ရှောက်ရွှမ် သူတို့ရှေ့မှ ဦးချိုမှုတ်သံအကျယ်ကြီးတစ်ခုကို ကြားလိုက်ရ၏။
အသံထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်သောအခါ အနက်ရောင် ပုံရိပ်များကို တွေ့လိုက်ရလေသည်။ သို့သော် ခပ်လှမ်းလှမ်းတွင် ဖြစ်သောကြောင့် မြင်ကွင်းမှာတော့ ဝေဝါးနေဆဲ ဖြစ်၏။
“၀မ်ရှစ် မျိုးနွယ်စု”
“သူတို့က ၀မ်ရှစ်မျိုးနွယ်စုကပဲ”
လုမျိုးနွယ်စုဝင်များသည် အေးအေးဆေးဆေးဆက်စကားပြောမနေကြတော့ဘဲ မျက်နှာထားများ တင်းမာလာကြကာ တချို့ဆိုလျှင် လက်နက်များကိုပင် တိတ်တဆိတ်ထုတ်ထားလိုက်ကြလေသည်။
လုမျိုးနွယ်စုသည် ဗဟိုဒေသ၌ မျိုးနွယ်စုကောင်းတစ်ခုဟု သတ်မှတ်ခံထားရသော မျိုးနွယ်စုတစ်ခုဖြစ်ပြီး မျိုးနွယ်စုကြီးများနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် နယ်မြေလုပွဲများတွင်ပင် သူတို့နယ်မြေအား လွှတ်ပေးထားလေ့ရှိ၏၊ သို့သော် ၀မ်ရှစ်မျိုးနွယ်စုမှာတော့ မတူချေ။
ယန်ကျို ပြောသောစကားတွင်လည်း ၀မ်ရှစ်မျိုးနွယ်စုသည် စိတ်သဘောထားကောင်းမရှိဘူး ဟူသောမှတ်ချက်မျိုးပါနေလေရာ သူတို့မျိုးနွယ်စုနှစ်ခုကြား ရန်စတစ်ချို့ ရှ်ိကောင်းရှိနိုင်ပေသည်။
“သူတို့ ပုံစံကိုကြည့်လိုက် ဒီကောင်တွေ အခြားမျိုးနွယ်စုတွေကို ထပ်ပြီးတိုက်ခိုက်လာပြန်ပြီ” လှည်းပေါ်မှ တစ်ယောက်ပြောလိုက်၏။
“သေချာတာပေါ့ သူတို့ဆင်ရိုင်းကြီးတွေကျောပေါ်မှာ ပစ္စည်းတွေ ဘယ်လောက်ပါနေလဲ ကြည့်ပါဦး” အခြားလူတစ်ယောက်လည်း ၀င်ပြောလိုက်သည်။
“သူတို့မှာ အဲ့လောက်အစွမ်းရှိနေရင် အခြားမျိုးနွယ်စုတွေကို တိုက်ခိုက်လုယက်မဲ့အစား တောထဲသွားပြီး သားရဲကြီးတွေကိုပဲ သွားတိုက်ခိုက်လိုက်ပါတော့လား”
၀မ်ရှစ်မျိုးနွယ်စုသည် တောတောင်ထူထပ်ပြီး သားရဲပေါသော နေရာတွင် ရှိနေခြင်းဖြစ်သော်လည်း တောထဲမှ သားရဲများကိုအမဲလိုက်ခြင်းမျိုးကိုတော့ တစ်ခါတစ်လေမှသာ ပြုလုပ်လေ့ရှိကြသည်။ သူတို့မျိုးနွယ်စုထဲတွင် အစားအသောက်ကုန်လုနီးပါးဖြစ်သွားသောအခါ သူတိုသည် အခြားမျိုးနွယ်စုတစ်ခုခုကို တိုက်လိုက်လုယက်လေ့ရှိကြပြီး သူတို့ပစ်မှတ်မှာ သူတို့ထက် သေးငယ်သော မျိုးနွယ်စုလေးများ ဖြစ်ကြ၏။ အင်အားကြီးသော မျိုးနွယ်စုကြီးများကိုတော့ သူတို့မထိရဲကြပေ။
“ငါကြားဖူးတာတော့ အရင်တုန်းအဲ့ဒီသားရဲပေါတဲ့ တောအုပ်ကြီးထဲမှာ မျိုးနွယ်စုကြီးတစ်ခုရှိတယ်လို့ ကြားဖူးတယ် ဒါပေမယ့် အဲ့ဒီမျိုးနွယ်စုက ပျက်သုဉ်းသွားပြီ ၀မ်ရှစ်မျိုးနွယ်စုလည်း တစ်နေ့ကျအဲ့လိုပျက်သုန်းသွားတယ်ဆိုတဲ့ သတင်ကြားရရင် ကောင်းမှာပဲကွာ” လူတစ်ယောက် သူ့အသံအား နှိမ့်၍ ပြောလိုက်၏။
“မပြောနဲ့တော့ ကုန်ပစ္စည်းတွေကိုပဲ ကာကွယ်ကြ
ရအောင်” ယန်ကျို လှည်းပေါ်မှ လူများကို ပြောလိုက်သည်။
“ရှောက်ရွှမ် ဂရုစိုက်ဦး ၀မ်ရှစ်မျိုးနွယ်စုက ငါတို့ကို မဖြစ်မနေလိုအပ်မှသာ တိုက်ခိုက်လောက်မှာဆိုပေမယ့် ကြိုတင်ကာကွယ်ထားတာတော့ အကောင်းဆုံးပဲ”
“ကောင်းပါပြီ ကျွန်တော်သတိထားပါ့မယ်”
ပြောလိုက်ရင်း ရှောက်ရွှမ်သူတို့နှင့် နီးကပ်လာသော ပုံရိပ်များကို ကြည့်လိုက်၏။
လူပေါင်းများစွာ ဖြတ်သန်းလာကြသည်ဖြစ်သောကြောင့် မြက်အနည်းငယ်သာ ရှ်ိသောလမ်းမှာ ဖုန်များထနေကြလေသည်။ ဆင်ရိုင်းကြီးများ မြေပြင်ပေါ်တွင် နင်းလျှောက်နေခြင်းမှာလည်း လမ်းကိုပို၍ ဖုန်ထသွားစေ၏။ လူပေါင်းရာချီနှင့် ကျွဲနွားကြီးများထက်ပင်ကြီးေသာ ဆင်ပေါင်း ဒါဇင်
အနည်းငယ်ပါသော အဖွဲ့တွင် လူတိုင်းလိုလိုသည် သွေးဆာနေသော မျက်နှာများ ရှ်ိနေကြေလေသည်။
သူတို့ရှေ့ရှိ လူရမ်းကားများနှင့် ပြဿနာမဖြစ်လိုသောကြောင့် လုမျိုးနွယ်စုအဖွဲ့ခေါင်းဆောင် သူ့အဖွဲ့အား ဘေးသို့ကပ်၍ လမ်းဖွင့်ပေးလိုက်ရန် အမိန့်ေပးလိုက်၏။
၀မ်ရှစ်မျိုးနွယ်စုမှလူများမှာမူ သူတို့အပေါ် ဘာလေးစားမှုမှ ရှိမနေဘဲ လမ်းကြောင်းအတိုင်းပုံမှန်သာလာနေလေပြီး အနားသို့ရောက်သောအခါ သူတို့ဆင်များကိုပင် ပို၍ အရှိန်တင်လိုက်ကြသေးသည်။ အကယ်၍ လုမျိုးနွယ်စုသာ ဘေးသို့ကပ်မပေးခဲ့ပါက ထိုဆင်များသည် သူတို့ကို တည့်တည့်တိုက်သွားကြမည်မှာ သေချာပေ၏။
ဆင်တိုင်း၏အပေါ်တွင်မူ လူပေါင်းများစွာ ထိုင်နေကြလေသည်။ ထိုဆင်များပေါ်တွင် လုယက်၍ရလာ
သော ပစ္စည်းများအပြင် အမျိုးသမီးအချို့ကိုလည်း တုပ်နှောင်ထားသေး၏။ သူတို့အ၀တ်အစားများကိုကြည့်ရသည်မှာ ၀မ်ရှစ်မျိုးနွယ်စုမှဟုတ်ဟန်မပေါ်ဘဲ တိုက်ပွဲတွင်အနိုင်ရခဲ့သောကြောင့်ဆုလဒ်အနေနှင့် သိမ်းယူလာခဲ့ခြင်း ဖြစ်ပုံပေါ်သည်။ ဤနေရာရှိ စစ်ပွဲများတွင်မူ ဤအရာမှာ ပုံမှန်သာဖြစ်၏။ မျိုးနွယ်စုနှစ်ခုစစ်ပွဲကြားတွင် လူအချို့မှာ အသတ်ခံရမည် ဖြစ်ကာ လူအချို့မှာ ကျွန်သခင်များထံ ရောင်းချခံရမည်ဖြစ်ပြီး အချို့မိန်ကလေးများသည်တော့ ဆုလဒ်အဖြစ် သိမ်းယူခြင်းကို ခံကြရသည်။
ရှေ့ဆုံးတွင်ဦးဆောင်နေသော ဆင်ကြီးသည် အစွယ်ရှည်ကြီးများ ရှိသော ဆင်ကြီးတစ်ကောင်ဖြစ်၏။ သူ့ကိုယ်ပေါ်တွင်လည်း အရိုးများ ကျောက်တုံးများ သစ်သားများဖြင့် ပြုလုပ်ထားသော အရောင်အသွေးစုံလင်သည့် အဆောင်တန်ဆာများကိုတပ်ဆင်ပေးထားပြီး သူ့ေခါင်းပေါ်တွင်မူ ဆင်စွယ်အား ရှုံ့မဲ့နေသည့်သဏ္ဍာန်ထွင်းထားသော ခေါင်းဆောင်းတစ်ခုကို ဆောင်းထားသော လူတစ်ယောက်ထိုင်နေလေသည်။
ထိုလူသည် ၀မ်ရှစ်မျိုးနွယ်စုမှ အဖွဲ့ခေါင်းဆောင်ဖြစ်၏။
လုမျိုးနွယ်စုလှည်းပေါ်ရှိ အသားငှက်များအား မြင်သောအခါ ထိုလူသည် လောဘရောင်များတောက်နေသော မျက်လုံးဖြင့် ကြည့်နေလေသည်။ သို့သော် မကြာသေးမှီကမှ သူ့အားသတိပေးထားသည်ကို ပြန်စဉ်းစားမိသောကြောင့် သူ့ဓားအားထုတ်၍ လုယက်ပလိုက်လိုစိတ်ကို ဖိနှိပ်ထားလိုက်ရ၏။
သူတို့ခေါင်းဆောင်သာမကဘဲ မြေပြင်ပေါ်တွင် လမ်းလျှောက်လိုက်လာသော ၀မ်ရှစ်မျိုးနွယ်စု မျိုးနွယ်စုဝင်များမှာလည်း လုမျိုးနွယ်စု ကုန်ပစ္စည်းများကို လောဘစိတ်ဖြင့် ကြည့်ရှူနေကြခြင်း ဖြစ်ပေသည်။ သူတို့သည် သူတို့ခေါင်းဆောင်အား ခဏခဏပြန်ကြည့်နေပြီး ခေါင်းဆောင်အမိန့်ပေးသည်နှင့် ချက်ချင်းလုယက်တော့မည့်ပုံ ပေါ်နေ၏။
လုမျိုးနွယ်စု၀င်များ၏ မျက်နှာများမှာတော့ တင်းမာနေချေပြီ။ သူတို့သည် ယနေ့တွင် ထို၀မ်ရှစ်မျိုးနွယ်စုဝင်များနှင့် ပြဿနာမဖြစ်လိုသော်လည်း သူရဲဘောကြောင်သူများတော့ ဟုတ်မနေလေရာ သူတို့ကုန်ပစ္စည်းများကို အလကားပေးပစ်ကြလိမ့်မည် မဟုတ်ကြပေ။
၀မ်ရှစ်မျိုးနွယ်စုအဖွဲ့ခေါင်းဆောင်သည် သူ့လူများထံမှ အကြည့်များကိုလစ်လျူရှူထားလိုက်ပြီး လုမျိုးနွယ်စု အဖွဲ့ခေါင်းဆောင်ကိုသာ ခပ်ထန်ထန်လှမ်းကြည့်လိုက်သည်။
အခြားသူများကို ကြည့်ရာတွင်မူ တစ်ချက်လောက်သာကြည့်ပြီး ဂရုပင်မစိုက်ခဲ့ချေ။ သူ့အကြည့်များမှာ လုမျိုးနွယ်စု၏ လှည်းပေါ်ရှိ အသားငှက်များပေါ်တွင်သာ ဝဲနေခဲ့၏။ ထို့နောက်တွင်တော့ လက်ထဲရှိကြာပွတ်ကြီးကို ယမ်းလိုက်ပြီး ဆင်ကြီးအားရိုက်လိုက်ကာ “အမြန်သွား” ဟု အော်ငေါက်လိုက်လေသည်။
ဆင်ကြီးမှာ နာကျင်မှုကြောင့် အော်ဟစ်လိုက်ရပြီး အရှိန်တင်လိုက်ရ၏။
ထိုအခါ လမ်းပေါ်ရှိ ဖုန်သဲများမှာ လေနှင့်အတူ လုမျိုးနွယ်စုဝင်များပေါ် ကျရောက်ကုန်ကြပြီး လုမျိုးနွယ်စုဝင်များသည် သူတို့ဒေါသနှင့် တို်ကခုိက်လုိစိတ်ကို အစွမ်းကုန် ဖိနှိပ်ထားလိုက်ကြရသည်။ ထိုအရေအတွက်များပြားပြီး ကိုင်တွယ်ရခက်သော ရန်သူများသည် ယခုအချိန်တွင် တိုက်ခိုက်ရန် လွယ်သည့်သူများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့ဒေါသအား ဖိနှိပ်ထားကြရုံသာ တတ်နိုင်ကြ၏။ ဤအဖြစ်အပျက်ကြောင့် သူတို့ရင်ထဲရှိ ၀မ်ရှစ်မျိုးနွယ်စုအပေါ် မကျေနပ်မှုများမှာတော့ ပို၍ပင်နက်ရှိုင်းလာကြလေတော့သည်။
၀မ်ရှစ်မျိုးနွယ်စု၏ ဆင်အားရိုက်လိုက်သော ကြာပွတ်ရှည်ကြီးများမှာ အလွန်ရှည်လှသောကြောင့် ဘေးရှ်ိ လုမျိုးနွယ်စု၏ ကျွဲနွားများကိုပင် လာထိမလို ဖြစ်နေကြ၏။ အကယ်၍ လာမျိုးနွယ်စုမှ စစ်သည်တော်များသာ သူတို့ဓားနှင့် မကာကွယ်ခဲ့ပါက ထိုကြာပွတ်များသည် ကျွဲနွားများကို ထိသွားပေ
လိမ့်မည်သာ။
လုမျိုးနွယ်စုဘေးမှ ဖြတ်သွားသောအခါမျိုးတွင်လည်း ထို၀မ်ရှစ်မျိုးနွယ်စုဝင်များသည် လှည်းပေါ်ရှိ အသားငှက်များကို လောဘတကြီးစိုက်ကြည့်နေကြရင်း သွားများကိုဖြဲကာ လက်ထဲရှိ ဓားလှံများကို ဝေ့ယမ်း၍ မကြာခင် တစ်ချိန်ချိန်တွင် ထိုအရာများကို သူတို့လုယက်ပစ်မည်ဟု အမူအရာဖြင့် ပြောနေကြလေသည်။
၀မ်ရှစ်မျိုးနွယ်စု သူတို့အား ဖြတ်သွားပြီးသောအခါမှသာ လမ်းပေါ်တွင် ဖုန်သဲများ ပြန်ငြိမ်သွားပြီး လုမျိုးနွယ်စုဝင်များလည်း စိတ်လျှော့လိုက်ကြကာ သူတို့ခရီးကို ပြန်ဆက်ခဲ့ကြ၏။
ထိုလူများကို ကြည့်နေရင်း ရှောက်ရွှမ်တွေးနေမိသည်။
“ဒါက ဗဟိုဒေသရဲ့ ဒုတိယမီးတောက်ဦးချိုမျိုးနွယ်စုလား”
သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စု လေလှည့်လည်ရန်ပင် တန်သောကောင်များ မဟုတ်ကြပေ။