← Chapters

ဘိုးဘွားပိုင်မြေ

Vol. 13 Ch. 190

ဘိုးဘွားပိုင်မြေ

Vol. 13 Ch. 190

၀မ်ရှစ်မျိုးနွယ်စုနှင့် ရင်ဆိုင်ခဲ့ပြီးသည့်နောက်တွင် အစက ပျော်ပျော်ရွှင်ရွှင်စကားတပြောပြောနှင့် ခရီးထွက်ခဲ့ကြသော လုမျိုးနွယ်စု၀င်များသည် အတော်လေး တိတ်ဆိတ်သွားခဲ့၏။

ထိုလူများနှင့် ခရီးတစ်ထောက်အထိ လိုက်ပါလာခဲ့ပြီးနောက်တွင် ရှောက်ရွှမ် သူတို့အား နှုတ်ဆက်စကားပြောလိုက်သည်။ ဤနေရာတွင် လုမျိုးနွယ်စုအဖွဲ့မှာ ရှောက်ရွှမ်သွားလိုသော သားရဲများကျက်စားသည့် အရပ်နှင့် လမ်းမတူညီသော အရပ်သို့ သွားတော့မည် ဖြစ်၏။

“ဒီနေရာက ၀မ်ရှစ်မျိုးနွယ်စုနဲ့ သိပ်မဝေးသေးဘူးဆိုတော့ ငါတို့နဲ့နောက်ထပ်နည်းနည်းလောက် ထပ်လိုက်ခဲ့ပါဦးလား” ယန်ကျို အကြံပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုက်တော့ပါဘူး အစ်ကိုစိတ်ပူစရာမလိုပါဘူး” ရှောက်ရွှမ် ကောင်းကင်ပေါ်သို့ ညွှန်ပြလိုက်ရင်း ပြောလိုက်၏။

ကောင်းကင်ပေါ်တွင် ဝဲပျံနေသော လင်းယုန်ကြီးအား ကြည့်လိုက်ရင်း ရှောက်ရွှမ်ထိုငှက်၏ အကူအညီဖြင့် ကောင်းကင်ပေါ်မှ ခရီးဆက်နိုင်မည်ကို သိသွားလေသည်။ နောက်ဆုံးတွင် ကောင်းကင်ပေါ်မှ သွားခြင်းသည် မြေပြင်ပေါ်ထက် အများကြီးလုံခြုံပြီး ၀မ်ရှစ်မျိုးနွယ်စုတွင် ကောင်းကင်ပေါ်၌ပျံသန်းနိုင်သော ငှက်များမွေးမြူထားသည်ဟုလည်း မကြားဖူးချေ။

“ဘာပဲဖြစ်ဖြစ် မင်း၀မ်ရှစ်မျိုးနွယ်စုကိုတော့ သတိထားရမယ်” ယန်ကျို ပြောလိုက်သည်။

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် အို့ ခဏလေး” ရှောက်ရွှမ် နတ်ဆေးဆရာပေးလိုက်သော သူတို့မျိုး

နွယ်စု၏ နတ်အမှတ်အသား‌ရေးဆွဲထားသည့် ကျောက်တံဆိပ်တုံးကို ထုတ်ပြလိုက်၏။

လှည်းပေါ်မှလူများ သူထုတ်ပြသော ကျောက်တံဆိပ်တုံးကို ကြည့်နေသောအခါ ရှောက်ရွှမ်ပြောလိုက်သည်။

“ဒါက ကျွန်တော်တို့မျိုးနွယ်စုရဲ့ နတ်ရုပ်ပါ အခုတော့ ဒီအရုပ်ကို လူအတော်များများက မမှတ်မိတော့ဘူးဆိုပေမယ့် မကြာခင်မှာပဲ သူတို့အားလုံး ပြန်မှတ်မိသွားကြလိမ့်မယ်လို့ ကျွန်တော်ယုံတယ်”

လှည်းပေါ်မှလူများသည် ကျောက်တုံးကိုကြည့်နေရင်း ရှောက်ရွှမ်ဘာကိုဆိုလိုချင်လဲဆိုသည်ကို စဉ်းစားနေကြသည်။ ရှောက်ရွှမ်ပြောသော လူတိုင်းထိုနာမည်ကို ပြန်မှတ်မိလာကြလိမ့်မည် ဟူသောစကားကို သူတို့နားမလည်ကြသော်လည်း ရှောက်ရွှမ်အား ခင်မင်မိကြသောကြောင့် ထိုကောင်လေးကို အနာဂတ်တွင် ပြန်တွေ့နိုင်ဦးမလားဆိုသည်ကိုသာ

တွေးနေမိကြ၏။

လှည်းပေါ်ရှိလူများ၏ နားမလည်သည့်အမူအရာကိုတွေ့သောအခါ ရှောက်ရွှမ်ဘာမှ ပြောမနေတော့ဘဲ ပြုံးသာပြုံးနေလိုက်သည်။ ထို့နောက် ကျောက်တုံးအားအိတ်ထဲ ပြန်ထည့်လိုက်ပြီး လုမျိုးနွယ်စု၀င်များကိုနှုတ်ဆက်လိုက်ကာ ကောင်းကင်ပေါ်မှချာချာအား လက်ဟန်ပြ၍ခေါ်လိုက်ပြီး ဆင်းသက်လာသောအခါ သူ့ကျောပေါ်ခုန်တက်လိုက်၏။

“နှုတ်ဆက်ခဲ့ပါတယ်”

ယန်ကျိုနှင့် အခြားလူများကို ချာချာ့ကျောပေါ်မှပင် လက်ပြလိုက်ပြီး ရှောက်ရွှမ်စတင် ပျံတက်သွားလေတော့သည်။

ရှောက်ရွှမ်ပုံရိပ် ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသောအခါမှပင် လှည်းပေါ်မှလူများ သူ့ဆီမှ အကြည့်

လွှဲလိုက်ကြ၏။

“ငါတို့ ရှောက်ရွှမ်ကိုအနာဂတ်မှာ ထပ်တွေ့နိုင်ဦးမယ်လို့ မင်းတို့ထင်ကြလား” လူတစ်ယောက် မေးလိုက်သည်။

“ငါကတော့ မီးတောက်ဦးချိုမျိုးနွယ်စုကလူတွေက လူကောင်းတွေပဲလို့ထင်တယ် အရမ်းမကောင်းရင်တောင် ၀မ်ရှစ်မျိုးနွယ်စုကကောင်တွေလို မဟုတ်တာတော့ သေချာတယ် ငါတို့နဲ့သာ အရမ်းဝေးမနေရင် အဲ့ဒီမျိုးနွယ်စုကို အလည်သွားလို့တောင်ရမှာကွာ ဒါပေမယ့် အခုတော့…”

လူများစွာသည် ရှောက်ရွှမ်နှင့် မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်း တွေး‌မိနေကြ၏။ တခဏအကြာထိ ယန်ကျိုဘာမှ၀င်မပြောသည်ကို တွေ့လိုက်သောအခါ လူတစ်ယောက်ယန်ကျိုအား မေးလိုက်သည်။ “ယန်ကျိုမင်းရော ဘယ်လိုထင်လဲ”

ထိုအခါမှ ယန်ကျိုသတိ၀င်သွားပြီး လှည်းပေါ်ရှိလူများကို ကြည့်လိုက်၏။ “ငါ့အထင်လား”

ချာချာ ပျံသန်းသွားသောအရပ်ကို လက်ညှိုးညွှန်ပြလိုက်ပြီး ယန်ကျိုပြောလိုက်သည်။

“အဲ့ဒီဘက်ကတစ်ခုခုမှားနေတယ်လို့ မင်းတို့မထင်ဘူးလား”

“အဲ့ဒီဘက်လား”

ယခုအချိန်တွင် ရှောက်ရွှမ်အကြိမ်ပေါင်းများစွာပြောခဲ့သော မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ထိုမျိုးနွယ်စု၏နတ်ရုပ်အကြောင်းကိုသာ တွေးတောနေမိရာ ရှောက်ရွှမ်ထွက်သွားသော အရပ်ကို သူတို့သတိမထားမိခဲ့ကြပေ။ သို့သော် ပြန်စဉ်းစားကြည့်မိသောအခါ ထိုအရပ်သည် သားရဲကြီးများနှင့် ၀မ်ရှစ်မျိုးနွယ်စုရှိရာ အရပ်ဖြစ်နေ၏။

“သူကဘာလို့ အဲ့ဘက်ကိုသွားတာလဲ”

“သူလမ်းမှားသွားတာလား”

“ငါတို့ ဒီကောင်လေးကိုအနာဂတ်မှာ နောက်တစ်ကြိမ်ထပ်တွေ့ရပါတော့မလား” လူတစ်ယောက် စိတ်ပူနေသည့်ပုံစံဖြင့် ပြောလိုက်သည်။

ထိုတောတောင်ထူထပ်သောအရပ်သည် ဗဟိုဒေသနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော်လည်း အတော်လေးကျယ်ပြောကာ အန္တရာယ်များသော အရပ်ဖြစ်၏။ ထို့အပြင် တောအပြင်တွင်လည်း အမျိုးမျိုးသော မျိုးနွယ်စုအသေးလေးများမှာ တကွဲတပြား ပြန့်ကျဲနေထိုင်ကြသည်။ ၀မ်ရှစ်မျိုးနွယ်စုပင်လျှင် ထိုတောထဲသို့ မ၀င်ရဲကြချေ။ တောထဲသို့ သွားကြသည့်သူများမှာလည်း အုပ်စုဖွဲ့၍သာ သွားလေ့ရှိကြပြီး ပြန်ထွက်လာသောအခါတွင်မူ ထိုအဖွဲ့ထဲမှ လူအ

တော်များများကိုပင် ဆုံးရှုံးရလေ့ ရှိကြသည်။

“ငါလည်းမသိဘူး” ယန်ကျိုသက်ပြင်းချ၍ ခေါင်းခါလိုက်ကာ တိတ်ဆိတ်သွား၏။

အခြားတစ်ဖက်တွင်မူ ရှောက်ရွှမ်ချာချာ့ကျောပေါ်မှနေ၍ အောက်ကိုငုံ့ကြည့်နေလေသည်။

ထိုအခါ ခုနကမှသူတို့နှင့် တွေ့ခဲ့သော ၀မ်ရှစ်မျိုးနွယ်စုအဖွဲ့အား သူမြင်လိုက်ရ၏။ ထိုအဖွဲ့အား ကျော်သွားပြီး အနည်းငယ်ဆက်လက်ပျံသန်းပြီးသောအခါတွင် ၀မ်ရှစ်မျိုးနွယ်စု၏ နယ်မြေသို့ သူတို့ရောက်ရှိသွားသည်။

မုန့်မျိုးနွယ်စုနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုတို့နှင့် ယှဉ်ပါက ၀မ်ရှစ်မျိုးနွယ်စုသည် အတော်လေး အရိုင်းဆန်လှသော လူနေမှုပုံစံရှိကြ၏။ သူတို့သည် သူတို့အိမ်များကို အရိုးများ ကျောက်တုံးများဖြင့် အလှ

ဆင်ရခြင်းကို ကြိုက်နှစ်သက်ကြပြီး အိမ်တိုင်းတွင် ထိုသို့သောအရာများကို ချိတ်ဆွဲထားကြသည်။ မျိုးနွယ်စုထဲတွင် လမ်းလျှောက်နေကြသော လူများစွာကိုလည်း မြင်ရသလို ခြံများထဲတွင် မွေးမြူထားသော မွေးမြူရေးတိရစ္ဆာန်များကိုလည်း မြင်နေရ၏။ သို့သော် ကြည့်ရသည်မှာ ထိုတိရစ္ဆာန်များသည် အစာကျွေးမွေးမြူထားသော တိရစ္ဆာန်များဖြစ်ပုံမပေါ်ဘဲ တစ်နေရာရာမှ လုယက်ဖမ်းဆီးလာပြီး ခြံထဲသို့ ထည့်ထားပုံနှင့်သာ ပိုတူနေသည်။ သူတို့သည် ထိုတိရစ္ဆာန်များကို အချိန်အကြာကြီးထိ အစာကျွေးမွေးမြူထားမည့် စိတ်ကူးမရှ်ိဘဲ သူတို့အစာလိုသောအခါ ထိုကောင်များကိုသတ်၍ စားပစ်ကြမည်သာ ဖြစ်၏။ ထို့အပြင် ဆောင်းရာသီမှာလည်း မကြာခင်တွင် ရောက်လာ‌ေတာ့မည် ဖြစ်သည်။ ဒီနှစ်ဆောင်းတွင် ဤအရပ်၌ နှင်းကျမကျကို မည်သူမှ မပြောနိုင်ချေ။ ထို့ကြောင့် သူတို့အစာများ သိုလှောင်ထားကြခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင် ၀မ်ရှစ်မျိုးနွယ်စုထဲ၌ တစ်ခုခုဖြစ်နေပုံပေါ်ပြီး အဖွဲ့အမြောက်အများသည် မျိုးနွယ်စုအတွင်း ပြေးလွှားနေကြပြီး တစ်ခုခုအား ရှာဖွေနေ

ကြသလို ဖြစ်နေကြ၏။

ရှောက်ရွှမ်သည် ထိုလူများနှင့် ကုန်ပစ္စည်းဖလှယ်လိုစိတ်လည်း မရှ်ိလေရာ ဆင်းမနေတော့ဘဲ သူသွားလိုရာအရပ်ကိုသာ ဆက်သွားလိုက်သည်။

သူ့စိတ်ထဲရှ်ိ မျိုးနွယ်စုနတ်မီးတောက်မှာလည်း ဘိုးဘွားပိုင်မြေနှင့် နီးလာလေလေ ယမ်းခါလာလေလေဖြစ်ပြီး တစ်စုံတစ်ခုက သူ့အား ဆွဲဆောင်နေသကဲ့သို့ပင် လှုပ်ယမ်းနေလေသည်။

၀မ်ရှစ်မျိုးနွယ်စုအပေါ်မှ ပျံသန်းရာတွင် ထိုမျိုးနွယ်စု၌ ပျံသန်းနိုင်သောသားရဲများမရှိကြ၍ အန္တရာယ်ရှိနိုင်မည် မဟုတ်သော်လည်း ခပ်နိမ့်နိမ့်မှ ပျံသန်းလျှင်တော့ ထိုလူများ အန္တရာယ်ပြုခြင်းကို ခံရမည်မှာ သေချာပေ၏။ ထို့ကြောင့် ချာချာ ထိုမျိုးနွယ်စုအပေါ်ခပ်မြင့်မြင့်မှသာ ပျံသန်းလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်အော်ဟစ်လိုက်ကာ ထိုမျိုးနွယ်စုပေါ် မစင်များပင် စွန့်ခဲ့လိုက်လေသည်။

၀မ်ရှစ်မျိုးနွယ်စုအတွင်း ပြေးလွှားနေသော အဖွဲ့များသည် လင်းယုန်အော်သံအား ကြားလိုက်သောအခါ သူတို့လက်ထဲရှိ လှံများ လေးများကို ပြင်ကာ အသင့်အနေအထားဖြင့် ကာကွယ်ကြမည့်ပုံ ဖြစ်သွားကြသည်။ ဤဒေသ၌ တချို့ငှက်ကြီးများသည် သူတို့မျိုးနွယ်စုထဲဆင်းကာ မျိုးနွယ်စုထဲရှိ မွေးမြူရေးတိရစ္ဆာန်များကို သုတ်ချီသွားလေ့ရှိပြီး တစ်ခါတလေတွင် လူများကိုပင် သုတ်ချီသွားတတ်ကြ၏။ ထို့ကြောင့် လင်းယုန်အော်သံအား ကြားသောအခါ ကာကွယ်ရန် အသင့်ဖြစ်သွားကြခြင်း ဖြစ်သည်။

သို့သော် တခဏကြာသည်အထိ ထိုငှက်ကြီးသည် ဆင်းသက်မလာဘဲ သူတို့ခေါင်းပေါ် အိမ်ပေါ်များ မွေးမြူရေးခြံများနှင့် အစားအစာသိုလှောင်သည့်နေရာများသို့သာ ငှက်ချေးများ ကျလာကြလေသည်။ မရှောင်နိုင်သောသူများမှာ သူတို့ခေါင်းပေါ်ကျလာသော ငှက်ချေးများကို သုတ်လိုက်ကြပြီး ကောင်းကင်ပေါ်ရှိ ချာချာကို အော်ဟစ်ကျိန်ဆဲလိုက်ကြတော့၏။

မွေးမြူရေးခြံထဲမှ တိရစ္ဆာန်များမှာတော့ ငှက်ကြီးသူတို့အား သုတ်ချီသွားမည်ကို ကြောက်ရွံ့နေကြ၍ ပြေးလွှားနေကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ သူတို့မှတ်ညဏ်များထဲတွင် ထိုသို့သောငှက်ကြီးများမှာ မကြာခဏပင် သူတို့အား ထိုးချီသွားလေ့ရှိသည်ကို မှတ်မိနေကြ၏။ ထို့ကြောင့် ငှက်အော်သံအား ကြားသောအခါ ခြံစည်းရိုးအား တွန်းထိုးကာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီး အချင်းချင်းလည်း တွန်းထိုးနေကြလေသည်။

ချိုများဖြတ်ခံထားရသော သိုးတစ်ကောင်သည် နွားသိုးကြီးတစ်ကောင်လိုက်ခြင်းကို ခံနေရပြီး သူ့ဟာသူနေနေသော နွားအိုကြီးတစ်ကောင်မှာလည်း မြင်းတစ်ကောင်၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသောကြောင့် လှန်ကျသွားခဲ့ကာ ထိုမြင်းကို ပြန်လည်တိုက်ခိုက်နေခဲ့၏။

ထိုခြံထဲရှိ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုအား ဖြေရှင်းရန်

၀မ်ရှစ်မျိုးနွယ်စုသည် လူတစ်ချို့ကို ခြံထဲပို့၍ပင် ဖြေရှင်းခဲ့ကြရသည်။

ချာချာမှာတော့ သူပါချလိုက်သော မစင်များကြောင့် ၀မ်ရှစ်မျိုးနွယ်စုဤမျှ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်ကို မသိလိုက်ချေ။ ထိုမျိုးနွယ်စုအား ကျော်သွားသည့်အခါ ရှောက်ရွှမ်ညွှန်ပြသော အရပ်ကိုသာ ဆက်လက်ပျံသန်းသွားလိုက်၏။

လူများနေထိုင်သော အရပ်များနှင့်စာရင် ထိုသို့သော တောတောင်များထဲတွင် ပျံသန်းရခြင်းမှာ ချာချာအတွက် ပိုသက်တောင့်သက်သာ ရှိပေသည်။

တောတောင်ထဲတွင် သူပျံသန်းနေပါက မျိုးနွယ်စုများ လူများ၏ ဆူညံသံများကိုလည်း သူမကြားရချေ။

သူတို့ပျံသန်း‌ေနရင်း ကောင်းကင်ပေါ်တွင် ပျံသန်း

နေသော ငှက်ပမာဏမှာ တဖြည်းဖြည်း ပိုများလာကြ၏။

ရှောက်ရွှမ်အား ကျောပေါ်တွင် တင်ထားရသောကြောင့် ထိုငှက်များက အန္တရာယ်တစ်ခုခုပေးလာပါက ချာချာ လွတ်လွတ်လပ်လပ်ရှောင်တိမ်းနိုင်တော့မည်မဟုတ်ဘဲ ရှောက်ရွှမ်မှာလည်း လေပေါ်တွင် သူ့စွမ်းအားအပြည့်အ၀ကို ထုတ်သုံးနိုင်မည်မဟုတ်ရာ ရှောက်ရွှမ် ချာချာအား သူ့ကိုမြေပြင်ပေါ် ချပေးဖို့ ပြောလိုက်သည်။ မြေပေါ်ရောက်သောအခါ သူတိတ်တဆိတ်ပင် ရင်းနှီးပုံပေါ်သော်လည်း ထူးဆန်းသော ဤ‌ဒေသကို လှည့်ပတ်ကြည့်ရှုလိုက်၏။

လမ်းတစ်လျှောက်လုံးတွင် သူမြင်ခဲ့ရသော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးမှာ ပျောက်ကွယ်သွားလေပြီ။ ဤနေရာတွင်မူ ကမ္ဘာသည် သူ၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနေ၏။

အိမ်များ လှည်းများ နှင့် ပုံအမျိုးမျိုးဖော်ထားသော အ၀တ်အစားများမရှ်ိကြတော့ဘဲ တောတွင်း၏ ကြမ်းတမ်းသော ဥပဒေသသည်သာ ပြန်လည်ထွက်ပေါ်လာလေသည်။

ရှောက်ရွှမ် သစ်ပင်ကြီးတစ်ပင်‌ေပါ်တွင် ရပ်နေရင်း အသက်ပြင်းပြင်းရှူလိုက်ကာ သူ့အရှေ့ရှိ တောကြီးကို ကြည့်နေမိသည်။ အသက်တစ်ချက်ရှူလိုက်သည်နှင့် ထိုတောထဲရှိ အန္တရာယ်များသော အငွေ့အသက်ကို သူခံစားမိလိုက်ရ၏။ သို့သော်လည်း သူကြောက်ရွံ့နေခြင်းမျိုးရှိမနေဘဲ ပို၍သာ စိတ်လှုပ်ရှားလာလေသည်။

ထို့နောက် သစ်ပင်ပေါ်မှ ခုန်ချလိုက်ကာ သူတောထဲသို့ ၀င်ရောက်သွားခဲ့သည်။ ထိုတောထဲသို့ ခြေတစ်လှမ်းချလိုက်မိသည်နှင့် ရှောက်ရွှမ် သူ့ကိုယ်သူ အကောင်းဆုံးအနေအထားသို့ ထိန်းညှိထားလိုက်၏။

အကယ်၍ မုန့်မျိုးနွယ်စုမှ ချွီဆဲ့နှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုမှ ရွှီတို့သာ အခုအချိန်ရှောက်ရွှမ်ကို မြင်သွားပါက သူတို့မြင်နေသည့်အရာကို ယုံနိုင်လိမ့်မည်ပင် မဟုတ်ပေ။ ယခုအချိန်တွင် ရှောက်ရွှမ်အသွင်အပြင်သည် အတော်လေးအရိုင်းဆန်ကာ ကြမ်းတမ်းသည့်ပုံပေါ်နေပြီး သူ့အရင်ပုံစံနှင့် လုံး၀ကွဲပြားနေပေသည်။

သူသည် လျင်မြင်ဖြတ်လက်စွာပင် မလိုအပ်သည့် မည်သည့်အပိုလှုပ်ရှားမှုမျိုးမှ မလုပ်ဘဲ တောထဲသို့ ၀င်သွားခဲ့၏။

တောထဲတွင် တောရိုင်းကောင်များနှင့် သားရဲများ အများအပြားရှ်ိနေကြလေသည်။ ရှောက်ရွှမ် ထိုသားရဲများနှင့် တွေ့တိုင်း ရှောင်၍သာ သွားလိုက်၏။ အစားအစာအတွက်မဟုတ်ပါက တောထဲတွင် သူမည်သည့်သားရဲကိုမှ တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ သူ့ခွန်အားအား သူရှာလိုသော ပစ်မှတ်ကိုရှာဖွေရန် ချန်ထားရပေလိမ့်မည်။

ခွန်အားကို မရှိမဖြစ်လိုအပ်သော အခြေအနေမျိုး၌သာ အသုံးပြုသင့်၏။ တောထဲတွင် ရှင်သန်ရာ၌ အားအနည်းငယ်သာ စိုက်ထုတ်ရမည့်နေရာမျိုးတွင် အနည်းငယ်သာ စိုက်ထုတ်ပြီး အသက်အန္တရာယ်ရှိသည့် နေရာမျိုး၌သာ သင့်ခွန်အားကို အသုံးပြုရန် ချန်ထားရမည် ဖြစ်သည်။

ထိုစဉ်တွင် နွယ်ပင်တစ်ခုသည် တိတ်တဆိတ်ပင် ရှောက်ရွှမ်နောက်ဘက်မှ ချဉ်းကပ်လာနေပြီး မြေပြင်နှင့်ပွတ်တိုက်သည့်အသံတိုးတိုးလေးသာ ထွက်ပေါ်နေ၏။ ထိုနွယ်ပင်၏ ထိပ်ဖျားတွင်မူ ချွန်ထွက်သည့် အစွယ်များနှင့်ပြည့်နေသည့် ပါးစပ်ပေါက်ကြီးတစ်ခုသည် ရှောက်ရွှမ်ခြေထောက်အနီးသို့ ရောက်သောအခါ ရုတ်တရက် ဟလိုက်လေသည်။

ထိုအခါ ထိုနွယ်ပင်ခေါင်းသည် ဓားတစ်လက်ဖြင့် ခုတ်ဖြတ်ခြင်းကို ခံလိုက်ရလေတော့သည်။ ခေါင်းပြတ်သွားသည့်နေရာမှ အစိမ်းပုတ်ရောင်အရည်များ ထွက်ပေါ်လာပြီး နွယ်ပင်သည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားခဲ့၏။

ရှောက်ရွှမ်မှာတော့ ထိုသို့သော နွယ်ပင်မျိုးကို အမဲလိုက်နယ်မြေ၌ ယခင်ကတည်းက မြင်ဖူးထားသောကြောင့် ထိုမျှအံ့ဩခြင်း ရှိမနေချေ။

သူတို့ဘိုးဘွားပိုင်မြေသည် ဤနေရာအနီးတစ်ဝိုက်တွင်သာ ရှိရပေလိမ့်မည်။

ရှောက်ရွှမ်သူ့စိတ်ထဲရှိ နတ်မီးတောက်၏စိတ်လှုပ်ရှားနေမှုအား ခံစားနေရလေသည်။

ဆက်သွားနေရင်း တောထဲရှိ ကျောက်တုံးကြီးတစ်တုံးမှာ ရှောက်ရွှမ်အာရုံအား ဆွဲဆောင်သွားခဲ့၏။

ထိုကျောက်တုံးကြီးသည် သူ့ဘေးပတ်၀န်းကျင်နှင့် လိုက်ဖက်မှုမရှ်ိဘဲ ထီးထီးကြီး တည်ရှ်ိနေခြင်း

ဖြစ်သည်။ ကျောက်တုံးပေါ်တွင်မူ ရေညှိများ သစ်ရွက်များနှင့် ဖုံးအုပ်ထားပြီး မည်းညစ်နေလေ၏။

ပတ်၀န်းကျင်အား သတိထားကြည့်လိုက်ပြီး မည်သည့်အန္တရာယ်မှ မတွေ့သောအခါ ရှောက်ရွှမ်ထိုကျောက်တုံးကြီးအနားသို့ ချဉ်းကပ်သွားလိုက်သည်။ ထို့နောက် သူ့ဓားဖြင့် ကျောက်တုံးပေါ်ရှိ ရေညှိများနှင့် အမှိုက်များကို ခြစ်ချခဲ့၏။ ထိုအခါ ကျောက်တုံးကြီးပေါ်တွင် ရေးဆွဲထားသော ထွင်းကြောင်းတစ်ချို့ ပေါ်ထွက်လာလေသည်။

ရှောက်ရွှမ်ထိုထွင်းကြောင်းများအား ပိုရှင်းရှင်းလင်းလင်းမြင်ရစေရန် ကျောက်တုံးပေါ်ရှိ ရေညှ်ိများကို ဆက်ခြစ်ချနေခဲ့သည်။

ရေညှိများ မရှိတော့သောအခါ ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ မီးတောက်ဦးချိုမျိူနွယ်စု၏ နတ်အမှတ်အသားနှင့် အခြားစာသားအချို့ ပေါ်ထွက်လာလေ၏။

အတိတ်တုန်းက အချို့အကြောင်းပြချက်များကြောင့် ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ အစိတ်အပိုင်းအချို့သည် ထိခိုက်ထားပြီး မီးတောက်ဦးချိုများ ဟူသောစကားလုံးကိုသာ သေချာမြင်ရတော့ပြီး အခြားစာသားများကိုတော့ မြင်ရခြင်း မရှ်ိတော့ပေ။

ရှောက်ရွှမ် ကျောက်တုံးပေါ်ရှိ ရေညှိများအမှိုက်များ အကုန်လုံးကို ခြစ်ချပြီးသော အခါမှသာ မီးတောက်ဦးချိုများ ဟူသောစကားလုံးမှာ ကျောက်တုံးမျက်နှာပြင်ပေါ်တွင် မှိန်ပျပျ ပြန်ပေါ်လာခဲ့ခြင်း ဖြစ်၏။

ကြည့်ရသည်မှာ ခြေလက်ရှစ်ဖက်မျိုးနွယ်စုရှိ ကျောက်တုံးပန်းချီများကဲ့သို့ပင် ဤကျောက်တုံးကြီးများသည်လည်း မီးတောက်ဦးချိုမျိုးနွယ်စု၏ နယ်မြေအမှတ်အသားဖြစ်နိုင်ပြီး သူတို့နယ်မြေသို့ ရောက်လာသည့် သူများကို ဤနေရာသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ နယ်မြေဖြစ်မှန်း

သတိပေးသည့် အရာဖြစ်ပုံပေါ်ပေသည်။

ထိုကျောက်တုံးကြီးအပြင် ရှောက်ရွှမ် အခြားအရွယ်အစားအမျိုးမျိုးသော ကျောက်တုံးများကိုလည်း တွေ့ခဲ့ရသည်။ အချို့ကျောက်တုံးများမှာ အလယ်မှ ထက်ခြမ်းကွဲနေပြီ ဖြစ်ပြီး အချို့မှာတော့ မြေကြီးထဲသို့ပင် မြုပ်နေကြပြီ ဖြစ်၏။

လောင်ဟယ်ပြောခဲ့သော မီးတောက်ဦးချိုမျိုးနွယ်စု၏ ဇစ်မြစ်မှာမူ ဤနေရာတွင် ရှ်ိနေသည်မှာ သေချာပေသည်။

ဤနေရာသို့ မရောက်ခင်က ရှောက်ရွှမ်ထိုဇစ်မြစ်၏ တည်ရှ်ိမှုကို မခံစားမိခဲ့ချေ။ သို့သော် ဤနေရာသို့ ၀င်ရောက်လာသောအခါ ရှောက်ရွှမ် ထိုအရာ၏ ဆွဲခေါ်နေခြင်းကို ခံစားလိုက်မိသည်။

ဤနေရာသို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်း ဖြစ်

ပါသော်လည်း ရင်းနှီးနေသောခံစားချက်ကို ရနေ၏။ ထိုခံစားချက်သည် နတ်မီးတောက်နှင့် နတ်ရုပ်ကြောင့်ဆိုသည်ကိုလည်း‌ ရှောက်ရွှမ်သိပေသည်။

သူ့အားဆွဲခေါ်နေသော အားနောက်သို့ ရှောက်ရွှမ်အလျင်အမြန်ပင် လိုက်သွားခဲ့၏။ ထိုအရာနောက်သို့ လိုက်နေရင်း ရှောက်ရွှမ်အချက်တစ်ချက်ကိုလည်း သတိပြုမိခဲ့သည်။

ဤဒေသ၏ ဗဟိုမြေနှင့်နီးကပ်လာလေလေ သားရဲကြီးများကို ပိုတွေ့လာရလေလေ ဟူသောအချက်ပင် ဖြစ်၏။

ဖြစ်နိုင်သည်မှာ လောင်ဟယ်ပြောသော မီးတောက်ဦးချိုမျိုးနွယ်စု၏ ဇစ်မြစ်မှာ ဆက်လက်တည်ရှ်ိနေသေးသောကြောင့် ထိုအရာသည် ဤဒေသရှိ တောရိုင်းကောင်များနှင့် သားရဲများအပေါ်လည်း အကျိုးသက်ရောက်မှု ရှိသွားခဲ့ပုံ ပေါ်ပေသည်။

ထိုသားရဲများအား ရှောင်ရှားသွားရင်းပင် ရှောက်ရွှမ်ရှေ့သို့ ခရီးဆက်ခဲ့၏။

သူသွားနေသော နေရာနှင့် ပိုမိုနီးကပ်လာသောအခါ ရှောက်ရွှမ်မျိုးနွယ်စု၏ သဲလွန်စများကို ထပ်မံတွေ့ရှ်ိခဲ့လေသည်။

ဥပမာအားဖြင့် အိမ်များနှင့် ကျောက်တိုင်များ ဖြစ်ကြ၏။

နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်သောကြောင့် ထိုအရာများသည် သူတို့၏ မူလပုံစံအတိုင်း ရှိမနေကြတော့ချေ။ ထို့အပြင် မြေပြင်အနေအထားများမှာလည်း ပြောင်းလဲသွားသောကြောင့် ထိုပစ္စည်းများအပေါ် ပို၍ပင် ထိခိုက်မှု ရှိခဲ့၏။ လူလုံး၀နေထိုင်ခြင်းမရှိဘဲ သားရဲအနည်းငယ်သာ ကျက်စားရာအရပ်ဖြစ်နေသောကြောင့် ဤနေရာသည် ခြုံနွယ်ပိတ်ပေါင်းများစွာဖြင့် ထူထဲနေလေသည်။ သို့သော်လည်း တောထဲရှိ အခြားနေရာများတွင် ပေါက်နေသော ခြုံနွယ်

များနှင့် ယှဉ်ပါက ဤနေရာသည် ထိုမျှရှုပ်ထွေးနေသည်ဟုတော့ မဆိုသာသေးပေ။ အနည်းဆုံးတော့ သစ်ပင်ခြုံနွယ်များသည် ဤနေရာတစ်ခုလုံးကို ဖုံးအုပ်မနေပေ။

အိမ်များ၏ ထိပ်ပိုင်းများမှာ အပင်များနှင့် ပိုးမွှားများ ကျက်စားရာနေရာတစ်ခုဖြစ်လာခဲ့ပြီး ထိုအိမ်များ၏ မူလပုံစံကို သိရှိရန် ရှောက်ရွှမ် သူတို့ပေါ်ရှိ အပေါ်ယံအလွှာတစ်ခုကိုပင် ခြစ်ချကြည့်ခဲ့ရသည်။ သစ်သားပစ္စည်းများမှာတော့ ဆွေးမြေ့သွားပြီးဖြစ်ပြီး ကျောက်သားနှင့်လုပ်ထားသော အိုးခွက်ပစ္စည်းအနည်းငယ်သာ ကျန်တော့သည်ကို တွေ့ရ၏။

ဤနယ်မြေထဲသို့ ၀င်ရောက်လာသောအခါ ရှောက်ရွှမ် မျိုးနွယ်စု၏ ရှေးဟောင်းလက်ကျန်ပစ္စည်းများကို တူးခြင်း ခွာခြင်းမလုပ်တော့ဘဲ နှစ်ပေါင်းထောင်နှင့်ချီ လူမနေသော အရပ်မှ ပစ္စည်းများကို ကြည့်ရုံသာ ကြည့်နေ‌လိုက်တော့သည်။

အချို့ကျောက်တုံးအိမ်များသည် မြေပြင်ပေါ်တွင် ပြိုလဲနေကြပြီး တချို့အိမ်များမှာမူ ကုန်းပေါ်တွင်တစ်၀က် ရေထဲတွင် တစ်၀က်ဖြစ်နေကြ၏။ ဤနေရာတွင် စီးဆင်းနေသော ချောင်းလေးတစ်စင်းမှာ ထိုကျောက်တုံးအိမ်ကို ကျောက်ပြားများသာ ကျန်တော့သည်အထိ တိုက်စားသွားခြင်းဖြစ်သည်။

ထိုနေရာ၌ အုံ့အုံ့မှိုင်းမှိုင်းသစ်ပင်ကြီးများလည်း မရှိလေရာ ကျောက်တိုင်ကြီးများသည် အတော်လေး မြင်သာဖွယ် ရှ်ိနေ၏။

သို့သော် ကျောက်တိုင်ကြီးများသည် ချုံနွယ်ပိတ်ပေါင်းများစွာဖြင့် ဖုံးအုပ်ခြင်းကို ခံထားရလေသည်။ ရှောက်ရွှမ် ထိုခြုံနွယ်များကို ဂရုတစိုက်နှင့် ကျောက်တိုင်အား မထိခိုက်စေရန် ရှင်းလင်းလိုက်၏။

ခြုံနွယ်များရှင်းသွားသောအခါ ကျောက်တိုင်ပေါ်တွင် ရေးဆွဲထားသော ထွင်းရာများ ပေါ်ပေါက်လာခဲ့

သည်။ နယ်မြေအစပ်ရှ်ိ ကျောက်တုံးကြီးများနှင့်ယှဉ်ပါက ကျောက်တိုင်ပေါ်ရှိ ထွင်းရာများသည် ပိုပြီးရှင်းရှင်းလင်းလင်း ရှိလှ၏။

ထိုကျောက်တိုင်ပေါ်တွင် ရှောက်ရွှမ်ပင် ဖတ်ရန်မလွယ်သော ရုပ်ပုံများနှင့် မီးတောက်ဦးချိုမျိုးနွယ်စု၏ အသွင်အပြင်များကို မှတ်တမ်းတင်ထားကြသည်။

ထိုကျောက်တိုင်များကို နေနာရီအတွက် သုံးခဲ့ခြင်းလား ယဇ်ပူဇော်ရန်အတွက် သုံးခဲ့ခြင်းလား ဆိုသည်ကိုတော့ ရှောက်ရွှမ်မသိချေ။

သို့သော် ဖြစ်နိုင်သည်မှာ နေနာရီအတွက် သုံးခဲ့ခြင်းသာ ဖြစ်နိုင်ပေသည်။ ယဇ်ပူဇော်ရန်အတွက်မူ ယဇ်ပူဇော်ခြင်းကို မျိုးနွယ်စုမီးတောက်ရှိသော နေရာတွင်သာ ပြုလုပ်ကြခြင်း ဖြစ်၏။ ထိုမီးတောက်ရှိသော နေရာသည် ရှောက်ရွှမ်ရှာဖွေနေသော နေရာလည်း ဖြစ်နိုင်ပေသည်။

နေသည် တဖြည်းဖြည်း၀င်သွားပြီးဖြစ်လေရာ နေ၀င်ရီတရောအချိန်သို့ ရောက်ရှိလာပြီဖြစ်၏။

ကျောက်တိုင်ကြီးတစ်တိုင်ပေါ်တွင် ရပ်နေရင်း ရှောက်ရွှမ် အဝေးတစ်နေရာသို့ စိုက်ကြည့်နေလေသည်။ ထိုနေရာရှိ မိုးကုတ်စက်၀ိုင်းကြီးဧ။် အောက်ခြေတွင် ကွေ့ကောက်နေသော တောတောင်များကို မြင်တွေ့နေရ၏။

ယခင်အချိန်က ဤဒေသသည် မည်မျှပင် စည်ပင်တိုးတက်ခဲ့သော ဒေသဖြစ်စေကာမူ ယခုအချိန်တွင်တော့ သစ်ပင်ခြုံနွယ်များ ထူထပ်စွာပေါက်ရောက်နေသည့် မြေရိုင်းတစ်ခုသာ ဖြစ်နေလေသည်။

သက်ပြင်းရှည်ကြီးတစ်ခုအား ချလိုက်ပြီး ရှောက်ရွှမ် ကျောက်တိုင်ပေါ်မှ ခုန်ဆင်းချလိုက်ကာ နောက်ထပ်တစ်နေရာသို့ ဆက်သွားလိုက်၏။

ထိုနေရာတွင်မူ မည်သည့်ထူးဆန်းသောအရာမှ ရှိမနေဘဲ မြေပြန့်ပေါ်တွင် ပေါက်နေသော အပင်တစ်ချို့နှင့် ဟိုတစ်စဒီတစ်စ ပြန့်ကျဲပေါက်ရောက်နေသော ပန်းပင်အချို့ကိုသာ တွေ့ခဲ့ရသည်။

ထိုနေရာတစ်ဝိုက်အား စက်ဝိုင်းပုံသဏ္ဍာန်ရှောက်ရွှမ် လှည့်ပတ်ကြည့်ရှုလိုက်ပြီးသည့်နောက် ထိုနေရာ၏ အလယ်ကို၀င်လိုက်ကာ ခါးကိုင်း၍ သူ့လက်များကို မြေကြီးထဲ ထိုးထည့်လိုက်လေသည်။

ဤပန်းများပွင့်‌နေ‌သော မြေကြီးအောက်တွင် တစ်ခုခုရှ်ိနေသည်ဟု သူခံစားမိသောကြောင့် ဖြစ်၏။

All Chapters