မီးတောက်၏ တည်နေရာ
Vol. 13 Ch. 191
တောင်၏ အခြားတစ်ဖက်ရှိ နေမင်းမှာ အနောက်ဘက်ဂေါ်ယာကျွန်းဆီသို့ ချဉ်းနင်း၀င်ရောက်လာပြီဖြစ်သောကြောင့် တောထဲရှိ အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ပျစပြုလာလေသည်။
ပတ်၀န်းကျင်တစ်ဝိုက်လုံးသည် တဖြည်းဖြည်းပိုမှောင်မဲလာကြ၏။
ထိုအခိုက်တွင် ရှောက်ရွှမ် တရွေ့ရွေ့နှင့် အချိန်ကုန်ဆုံးသွားမှုအား သတိမပြုမိပေ။ သူ့ပတ်၀န်းကျင်ရှိ အန္တရာယ်များကိုလည်း သူဂရုမစိုက်တော့ပေ။ ဤနေရာတွင် ရှိနေရခြင်းမှာ လုံခြုံသည်ဟု သူခံစားနေရပြီး နွယ်ပင်များ သားရဲများ၏ တိုက်ခိုက်မှုကို ဤနေရာ၌ ခံရလိမ့်မည်မဟုတ်ဟု သူခံစားနေရသည်။
ထို့ကြောင့် သူ့အာရုံအား မြေကြီးအောက်ရှိ သူ့လက်ဖဝါးတွင်သာ စိုက်ထားလိုက်၏။
ထိုစဉ် ရှောက်ရွှမ် သူ့လက်ဖဝါးမှ တစ်ဆင့် သူ့လက်မောင်းအားဖြတ်ကျော်ကြီး သူ့စိတ်ထဲရှိ နတ်မီးတောက်ကို တဖြတ်ဖြတ်လှုပ်ယမ်းသွားစေသော နွေးထွေးမှုမျိုးကို ခံစားလိုက်ရသည်။
ည၏ လေပြေသည် မူမမှန်သော တစ်စုံတစ်ခုအား သယ်ဆောင်လာသကဲ့သို့ တိုက်ခတ်နေ၏။
ပတ်၀န်းကျင်တစ်ခုလုံးမှာလည်း လုံး၀ပင်တိတ်ဆိတ်သွားလေသည်။ ငှက်အော်သံများ ပိုးမွှားများ၏ တစီစီအော်နေသံများနှင့် သားရဲဟိန်းသံများမှာ နက်ရှိုင်းလှသော တောထဲတွင် လုံး၀ထွက်ပေါ်မနေတော့ချေ။
ဟူးးး~~~
ဟူးးး~~~
ပတ်၀န်းကျင်တစ်ခုလုံး၌ လေထုထဲတွင် မီးတောက်တစ်ခုလွင့်နေသော အသံမျိုးသာ ထွက်ပေါ်နေတော့သည်။
သို့သော်လည်း ပတ်၀န်းကျင်၌လည်း မည်သည့်မီးတောက်မျိုးမှ ရှ်ိမနေချေ။ နေမှာ လုံး၀၀င်သွားပြီဖြစ်သောကြောင့် တောထဲတွင် မည်သည့်အရာကိုမှ မမြင်နိုင်လောက်အောင် အမှောင်ထု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ဖြစ်၏။
ရှောက်ရွှမ် မြေကြီးအောက်ရှိ သူ့လက်ဖဝါးကို ကြည့်လိုက်ရင်း မလှုပ်မယှက်ငြိမ်နေလိုက်သည်။ သူ့လက်ဖဝါးအောက်ရှိ တစ်စုံတစ်ခုသည် ပြန့်ကားလာပြီး မြေပြင်ပေါ်သို့ တိုးထွက်ချင်နေသလိုသူခံစားနေရပြီး ထိုအရာကြောင့် သူ့လက်ဖဝါးမှာလည်း ပိုမိုနွေးထွေးလာနေ၏။
ထိုစဉ် အမှောင်ညထဲတွင် အတော်လေးမြင်သာလှသော မီးတောက်အသေးလေးနှစ်ခုသည် သူ့လက်ချောင်းများကြားထဲမှ တစ်ဆင့် တိုးထွက်လာလေသည်။
မကြာခင်တွင် သူ့လက်ဖဝါးအောက်မှ မီးတောက်သည် ပိုမိုပြန့်ကားလာပြီး ရှောက်ရွှမ်လက်ဖဝါးနှင့်ပင် မကာနိုင်တော့လောက်အောင်ထိ ပြန့်ကားလာ၏။
ထိုမီးတောက်သည် ရှောက်ရွှမ်လက်ဖဝါးအောက်တွင် ပိုမိုကြီးမားလာပြီးသည့်နောက် မီးတောက်ခြောက်ခုအနေနှင့် အရပ်မျက်နှာခြောက်ခုသို့ ခွဲထွက်သွားလေသည်။ မီးတောက်သည် မြေပြင်ပေါ်သို့ တိုးထွက်လာခြင်းမျိုးမဟုတ်ဘဲ မြေပြင်အောက်ရှ်ိ ချော်ရည်ပူများကဲ့သို့ပင် အရပ်မျက်နှာခြောက်ခုသို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ပြန့်ကျဲသွားခြင်း ဖြစ်၏။
ရှောက်ရွှမ် မြေကြီးထဲမှ သူ့လက်ကိုပြန်ထုတ်လိုက်ပြီး ပြန်မတ်တပ်ရပ်လိုက်ကာ ဆုံမှတ်တစ်ခုထဲမှ ခြောက်ခုအဖြစ်ခွဲထွက်သွားသော မီးတောက်များကို ကြည့်နေလိုက်သည်။
ထိုအရာသည် လောင်ဟယ်၏ ဘိုးဘေးများပြောသော ဇစ်မြစ် ဆိုသောအရာ ဖြစ်နေနိုင်သည်လော။ ထို့အပြင် ထိုမီးတောက်ခြောက်ခု၏ ဆုံမှတ်သည် သူတို့ မျိုးနွယ်စုမီးတောက်၏ မူလတည်နေရာ ဖြစ်နေနိုင်ပါသလော။
ထိုသို့စဉ်းစားနေမိရင်း ရှောက်ရွှမ်တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရကာ ရုတ်တရက်ပင် သူ့ခန္ဓာကိုယ်သည် သူထိန်းချုပ်၍ မရသော အထူးအခြေအနေတစ်ရပ်သို့ ၀င်ရောက်သွားလေသည်။
သူ့ခြေထောက်အောက်သို့ ကြည့်လိုက်သောအခါ ထို
မြေပြင်ပေါ်တွင် ပန်းပွင့်များ မြက်များ အမှိုက်များ ရှ်ိရမည်ဖြစ်သော်လည်း ယခုအခါ ထိုနေရာတွင် ကျောက်တုံးများ ရှ်ိနေကြ၏။ ထိုကျောက်တုံးများ၏ အရွယ်အစားများနှင့် ကျောက်တုံးများကို စီထားပုံကို ကြည့်မိသောအခါ ရှောက်ရွှမ် ထိုအရာနှင့် အတော်လေးရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူသည် သူတို့မီးတောက်ဦးချိုမျိုးနွယ်စု၏ မီးဖိုကြီး ရှေ့တွင် ရပ်နေသလို ဖြစ်နေသည် မဟုတ်ပါလား။
မီးဖိုကြီးလား။
ရှောက်ရွှမ် အခြားနေရာများကိုပါ လှည့်ပတ်ကြည့်လိုက်သည်။
သူ့နားတစ်ဝိုက်ရှိ တောနက်ကြီးသည် လုံး၀ပျောက်ကွယ်သွားပြီး ယခုအခါ သစ်ပင်များ ခြုံနွယ်များအစား ဝိုးတဝါးဖြစ်နေသော ပုံရိပ်များစွာရှ်ိနေပြီး ထိုလူပုံရိပ်များစွာသည် သူရပ်နေသောနေရာနှင့် အတော်လေးလှမ်းသော အရပ်တွင် ရပ်နေကြ၏။ ထို
လူများ၏ နောက်တွင်မူ လူများထက် အဆပေါင်းများစွာကြီးသော ကျောက်တုံးအိမ်ကြီးများ ရှ်ိနေကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုရှ်ိ တောင်ခြေမှဂူထဲရှိ နံရံများပေါ်တွင် ရေးဆွဲထားသလိုပင် မီးတောက်ဦးချိုမျိုးနွယ်စု၏ ကျောက်တုံးအိမ်များမှာ အခြားမျိုးနွယ်စုများနှင့် ယှဉ်ပါက အတော်လေး ပိုမိုကြီးမားပြီး ပိုမိုမြင့်မားကြကာ အတော်လည်း ပိုမိုခမ်းနားလှ၏။
ထိုနေရာတွင် လူများ တိရစ္ဆာန်များ၏ ရုပ်ထုအချို့လည်း ရှိနေပြီး အချို့ရုပ်ထုများဆိုလျှင် စစ်သည်တော်က သားရဲကြီးများကို ရိုက်နှက် နှိမ်နှင်းနေကြသည့်ပုံ ထွင်းထုထားလေသည်။
မီးဖိုကြီးနှင့် ပိုမိုနီးကပ်သောနေရာတွင်မူ အချို့လူများသည် မျိုးနွယ်စု၌ အခမ်းအနားများရှိသည့်အခါ လုပ်ရသော နေရာယူမှုအတိုင်း အစဉ်လိုက်စီတန်းထားကြပြီး အချို့မှာ မျိုးနွယ်စုရိုးရာအကကို ကနေကြ၏။ ထိုရိုးရာအကကနေသော လူများ၏ အနီးတွင်မူ ကျောက်တိုင်ကြီးအချို့လည်း ရှိပေသည်။ ထို
လူများအားလုံးနှင့် မတူသည်မှာ မီးဖိုကြီးအနီးတွင် ရပ်နေသော လူခြောက်ယောက်သာ ဖြစ်၏။ ရှောက်ရွှမ်ထိုလူခြောက်ယောက်၏ ပုံသဏ္ဍာန်ကို သေချာမမြင်ရဘဲ ဝေဝါးနေသော ပုံရိပ်များကိုသာ မြင်နိုင်လေသည်။ သို့သော် ထိုလူခြောက်ယောက်၏ အ၀တ်အစားများမှာ အခြားသူများနှင့် မတူညီကြဘဲ အတော်လေးပိုမိုရှုပ်ထွေးကာ သူတို့ခေါင်းပေါ်နှင့် ကိုယ်ပေါ်တွင် တပ်ဆင်ထားသော အဆင်တန်ဆာများမှာလည်း အတော်လေး များပြားလှ၏။
ထိုစဉ် ပုံရိပ်တစ်ခုသည် ရှေ့သို့ ထွက်လာပြီး ရှောက်ရွှမ်ဆီသို့ ဦးတည်လာနေလေသည်။
ထိုလူသည် သူ့ဆီသို့ လာနေခြင်းမဟုတ်မှန်းလည်း ရှောက်ရွှမ်သိနေ၏။ သူဦးတည်နေသောနေရာမှာ ရှောက်ရွှမ်ရပ်နေသော မီးတောက်တည်ရှိသည့် နေရာဖြစ်နိုင်သည်။ ထိုလူမှာလည်း ထိုကာလက မီးတောက်ဦးချိုမျိုးနွယ်စု၏ နတ်ဆေးဆရာ ဖြစ်နိုင်၏။
ဤနေရာရှိ လူများအားလုံးကို သူတို့၏ ဘိုးဘေးများဟု ခေါ်ဆိုရပေလိမ့်မည်။ အကယ်၍ ဤမြင်ကွင်းကိုသာ မြစ်တစ်ဖက်ကမ်းရှိ အခြားမီးတောက်ဦးချိုမျိုးနွယ်စုများ မြင်တွေ့ခဲ့ပါက အများစုမှာ ဒူးထောက်အရိုအသေပြုကြမည်မှာ သေချာပေသည်။
ရှောက်ရွှမ်မှာတော့ သူရပ်နေသည့်နေရာတွင်ပင် တိတ်တိတ်ဆိတ်ဆိတ်ရပ်နေရင်း သူ့ရှေ့ကိုမြင်ကွင်းကို ဆက်လက်ကြည့်ရှုနေ၏။
နတ်ဆေးဆရာသည် မီးတောက်၏ ဘေးသို့လျှောက်သွားပြီး မီးတောက်ထဲသို့ တစ်ခုခုထည့်လိုက်ကာ မီးဖိုကြီးနောက်သို့ ပြန်ဆုတ်သွားလေသည်။ ထို့နောက် မီးဖိုကြီးရှေ့တွင် ရပ်နေလိုက်ပြီး သူ့လက်နှစ်ဖက်အား မြှောက်လိုက်ကာ သီချင်းတစ်ပုဒ်ကို စတင်သီဆိုတော့၏။
ထိုအခါ ပတ်၀န်းကျင်သည် ပိုမိုလင်းထိန်လာခဲ့
သည်။
ရှောက်ရွှမ် ပတ်၀န်းကျင်တစ်ခုလုံးအား လှည့်ပတ်ကြည့်လိုက်၏။ မီးတောက်သည် သူ့အား ဖုံးလွှမ်းသွားသည်အထိ အလျင်အမြန်မြင့်တက်လာသောကြောင့် ပတ်၀န်းကျင်တစ်ခုလုံးသည် လင်းထိန်သွားခဲ့သည်။ ထိုသို့ လင်းထိန်သွားသော်လည်း ရှောက်ရွှမ် သူ့ရှေ့ရှိ လူပုံရိပ်များကိုတော့ သဲသဲကွဲကွဲ မြင်နေရခြင်း မရှိသေးချေ။ သို့သော် ထိုနေရာရှိ ကြမ်းတမ်းသည့်သွင်ပြင်ဖြင့် ပုံရိပ်များမှာ မိန်းမကြီးများ လူအိုများနှင့် လူငယ်များ အစုံအလင်ပါနေသည့်အပြင် အမှတ်အသားပါသည့် အမဲလိုက်ခွေးအချို့လည်း ရှိနေသည်ဆိုသည်ကိုတော့ သူမြင်လိုက်ရသည်။
လူတိုင်းမှာ မီးတောက်ကို ကြည့်ရှုနေကြ၏။ ရှောက်ရွှမ် ထိုသူများ၏ မျက်နှာအမူအရာများကို သေချာမမြင်ရသော်လည်း ထိုသူများသည် သူရပ်နေသာနေရာရှိ မီးတောက်ကို ကြည့်ရှုနေခြင်းဖြစ်သည်ကိုတော့ သူခံစားမိနေသည်။
ရှောက်ရွှမ် ထိုမီးတောက် ရှိနေသော ဗဟိုနေရာမှ ထွက်သွားလိုက်ပြီး မီးတောက်အလင်းရောင် မရှိသော နေရာသို့သွားကာ အပြင်လူတစ်ယောက်အနေနှင့် ပုံရိပ်များကို သေချာကြည့်ရှုလိုက်၏။
ရှောက်ရွှမ်ထွက်သွားလိုက်သော်လည်း ထိုသူများမှာတော့ သူ၏လှုပ်ရှားမှုနှင့် ပတ်သက်ပြီး သတိထားကြမိသည့်ပုံ မပေါ်ချေ။ သူတို့သည် မတူညီသော အချိန်ကာလတွင် ရှိနေကြသည် မဟုတ်ပါလား။ ဤအရာအားလုံးသည် အတိတ်ကာလက အဖြစ်အပျက်တစ်ခု ပြန်လည်ပေါ်ပေါက်လာခြင်းသာဖြစ်ပြီး အစိမ်းရောင်နယ်မြေဆီသို့ သူ့လိုက်သွားခဲ့စဉ်က အစိမ်းရောင်သူခိုးများ ညဘက်တွင်ခိုး၀င်လာခဲ့သည့် မြင်ကွင်းကို သူပြန်မြင်ခဲ့ရသလိုပင် ဖြစ်သည်။
လူအုပ်ကြီးသည် ဒူးထောက်သွားကြပြီး သူ့တို့ရှေ့ရှိ မီးဖိုကြီးကို ယုံကြည်သက်၀င်စွာဖြင့် ရှိခိုးနေကြ၏။
သူ့ခေါင်းအား မီးဖိုကြီးရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ လှုပ်ခါနေသော မီးတောက်များသည် ပိုမိုတောက်လောင်လာကာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ယမ်းနေပြီး ထိုအရာသည် သူမီးတောက်ဦးချိုမျိုးနွယ်စုတွင် ရှိစဉ်က ရိုးရာအခမ်းအနားများတွင် မြင်တွေ့ခဲ့ရသော မီးတောက်ထက်ပင် ပိုမိုတောက်လောင်နေသည့်ပုံပေါ်ပြီး ကောင်းကင်တစ်ခုလုံးကိုပင် လောင်ကျွမ်းပစ်တော့မည့်ပုံ ပေါက်နေလေသည်။
မီးဖိုကြီးသည် သုံးခုရှိခြင်းဖြစ်ပြီး ထိုပထမတွင်းမှာပင် ထိုမျှတောက်လောင်နေပေရာ တတိယတစ်ခုမှာသာဆိုလျှင် မည်သို့ဖြစ်နေလိမ့်မည်နည်း။
မီးတောက်ဦးချိုမျိုးနွယ်စုတွင် ရှိစဉ်က သူတို့မျိုးနွယ်စု၏ မီးတောက်တောက်လောင်နေပုံကိုကြည့်ပြီး ထိုမြင်ကွင်းသည် အတော်လေးခမ်းနားကာ မယုံနိုင်စရာကောင်းလှသည်ဟု ရှောက်ရွှမ်ထင်ခဲ့မိသော်လည်း ယခုအခါမှသာ သားရဲသားရေလိပ်များထဲတွင် မှတ်တမ်းတင်ထားခဲ့သော တကယ့်
မီးတောက်အစစ်ဆိုသည်ကို ရှောက်ရွှမ်သိသွားခဲ့ရ၏။
ရှောက်ရွှမ်သူတို့ ဘိုးဘွားပိုင်မြေရှိ မီးဖိုကြီးရှေ့တွင် ရပ်နေရင်း လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က မြင်ကွင်းကို ပြန်လည်ကြည့်ရှုနေချိန်တွင် မြစ်တစ်ဖက်ကမ်းရှိ ဗဟိုဒေသနှင့် အလွန်တရာကွာဝေးလှသော အရပ်တွင်တော့……
မီးတောက်ဦးချိုမျိုးနွယ်စုတွင် ထိုအချိန်၌ လူအချို့သာ အပြင်ထွက်နေကြတော့သည်။ တောင်ခြေရှိ နေရာအတော်များများသည် ထိုအချိန်တွင် မှောင်မဲနေပြီ ဖြစ်၏။ ညပျံလွှားငှက်များသည် မှောင်မဲနေသော ကောင်းကင်ပေါ်တွင်ဝဲပျံကာ ကျက်စားနေကြပြီဖြစ်ပြီး အိမ်ထဲမှ ထွက်လာမည့်လူကို တိုက်ခိုက်သုတ်ချီသွားရန် စောင့်စားနေကြပြီ ဖြစ်သည်။
တောင်ပေါ်တွင်မူ အချို့အိမ်များတွင် အလင်းရောင်ရှိ
နေဆဲဖြစ်ပြီး စစ်သည်တော်များမှာ မီးပုံများဖိုကြရင်း ချက်ပြုတ်စားသောက်နေကြကာ မီးပုံဘေးတွင် ဝိုင်းဖွဲ့စကားပြောနေကြ၏။
တောင်ထိပ်တွင် နတ်ဆေးဆရာ တစ်စုံတစ်ခုကို သတိထားမိသွားပြီး တောင်ဝှေးကိုပင် မယူတော့ဘဲ သူ့ကျောက်တုံးအိမ်ထဲမှ လေအလျင်ဖြင့် ပြေးထွက်လာလေသည်။ မီးဖိုကြီးနားရှိ အစောင့်များမှာလည်း မီးဖိုကြီးတစ်ခုခုပြောင်းလဲသွားသလို ခံစားလိုက်ရသဖြင့် နတ်ဆေးဆရာနှင့် မျိုးနွယ်စုခေါင်းဆောင်ကို အကြောင်းကြားရန် ပြင်လိုက်ပါသော်လည်း ထိုအခိုက်တွင် နတ်ဆေးဆရာကိုယ်တိုင်ရောက်လာလိမ့်မည်ဟုတော့ ထင်မထားခဲ့ကြချေ။
သူ့ရှေ့ရှိ မီးဖိုကြီးကိုကြည့်နေရင်း နတ်ဆေးဆရာ ဆွံ့အနေပုံရပြီး တခဏတာ သူ့စိတ်ထဲတွင် ဘာမှမရှိတော့သလို ခံစားလိုက်ရ၏။
မီးဖိုကြီးထဲတွင် မီးတောက်လေးများနှင့် မူလ
မီးတောက်မှာ လောင်ကျွမ်းနေကြပြီး ခုန်ပေါက် ယမ်းခါနေကြကာ ရုတ်တရက် ပြန့်ကားလာပြီး မီးတောက်တွင်းတစ်ခုလုံးကိုပင် ပြည့်နှက်သွားစေခဲ့သည်။
ထိုအချိန်သည် မျိုးနွယ်စု၏ ရိုးရာအခမ်းအနားကျင်းပချိန် မဟုတ်လေရာ မီးတောက်သည် ထိုသို့လောင်ကျွမ်းနေစရာ အကြောင်းမရှ်ိချေ။ သို့သော်လည်း ဆောင်းရာသီကုန်တိုင်း ကျင်းပနေကြဖြစ်သော သူတို့ရိုးရားအခမ်းအနားကျင်းပနေစဉ်ကလိုပင် ယခုအခါ မီးတောက်မှာ လောင်ကျွမ်းနေလေ၏။
ထို့အပြင် မီးတောက်များမှာ သူတို့ဖာသာ တောက်လောင်နေကြခြင်း ဖြစ်သည်။ ထိုယိမ်းခါနေသော မီးတောက်များသည် အခမ်းအနားကျင်းပနေစဉ်ကထက်ပင် ပိုမိုတောက်လောင်နေပုံ ပေါ်နေကြ၏။
“ဒါ ဒါ ဒါက….” သတင်းကြားကြားခြင်း မီးဖိုကြီးဆီ အပြေးထွက်လာခဲ့သော မျိုးနွယ်စုခေါင်းဆောင်မှာ
လည်း သူ့ရှေ့ရှိ မီးဖိုကြီးကို မြင်သောအခါ ဆွံ့အသွားမိခဲ့သည်။
“သူရောက်သွားပြီ သူတွေ့ခဲ့ပြီကွ အားရွှမ် မီးတောက်ဦးချိုမျိုးနွယ်စုရဲ့ ဘိုးဘွားပိုင်မြေကို တွေ့ခဲ့ပြီကွ”
နတ်ဆေးဆရာ ဒူးထောက်လိုက်ပြီး မီးဖိုကြီးရှိရာအရပ်သို့ ဦးညွှတ်ရှိခိုးလိုက်လေတော့သည်။
မျိုးနွယ်စုထဲရှိ လူတိုင်း၏ မျက်လုံးထဲတွင် သူတို့နတ်ဆေးဆရာသည် အလွန်တည်ကြည်သည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင် ထိုလူကြီးမှာ ငိုလုမတတ်ဖြစ်နေလေသည်။ နတ်ဆေးဆရာ၏ ထိုပုံစံအား ကြည့်မိပြီး မည်သူမှတော့ သူ့ကို မရယ်ခဲ့ကြပေ။ သူတို့လည်း နတ်ဆေးဆရာကဲ့သို့ပင် ဒူးထောက်ပြီး ဦးညွှတ်ရှိခိုးခြင်းကိုသာ ပြုခဲ့ကြသည်။ ဘာဖြစ်နေမှန်း သူတို့အတိအကျမသိပါသော်လည်း သူတို့စိတ်ထဲတွင် သူတို့အတွက်အတော်လေးစိတ်လှုပ်ရှားစရာ ကိစ္စတစ်ခု
ဖြစ်ပျက်သွားသည်ကိုတော့ ခံစားမိကြ၏။
ရှောက်ရွှမ်သည် မျိုးနွယ်စုမှ မိုးရာသီကုန်သည့်အချိန်တွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ဆောင်းရာသီပင် ၀င်တော့မည် ဖြစ်သည်။ မည်သူမှလည်း ရှောက်ရွှမ် မြစ်အားဖြတ်၍ တစ်ဖက်ကမ်းသို့ရောက်သွားပြီး ထိုတစ်ဖက်ကမ်းတွင်လည်း အန္တရာယ်ကင်းကင်းဖြင့် နေနိုင်မနိုင်ကို အတိအကျမပြောဝံ့ပေ။ နောက်ဆုံးတွင် သူသည် စစ်သည်တော်ငယ်လေးတစ်ယောက်သာ မဟုတ်ပါလား။
လူတိုင်းသည် သူတို့စိတ်ကူးယဉ်မှုများနှင့် မျှော်လင့်ချက်များကို ရှောက်ရွှမ်အပေါ်ပုံအပ်ထားကြပါသော်လည်း သူတို့စိတ်ထဲတွင်တော့ စိတ်ရှုပ်ထွေးမှု သံသယများ ရှိနေကြဆဲသာ ဖြစ်သည်။ နောက်ဆုံးတွင် မြစ်သည် အတော်လေးအန္တရာယ်များသော အရာဖြစ်ပြီး မြစ်တစ်ဖက်ကမ်းသည်လည်း မြစ်ထက်ပင် ပို၍အန္တရာယ်များနိုင်သော နေရာဖြစ်၏။ ရှောက်ရွှမ်တစ်ယောက်တည်းနှင့် ထိုအန္တရာယ်များအားလုံးကို ကိုင်တွယ်နိုင်ပါမည်လော။
သို့သော် ယခုတွင်မူ နတ်ဆေးဆရာပြောစကားအရ ရှောက်ရွှမ်သည် မြစ်အားအန္တရာယ်ကင်းကင်းဖြတ်သွားနိုင်ခဲ့ရုံသာမက ဟိုဘက်ကမ်းတွင်လည်း သူတို့မျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေကို ရှာတွေ့နိုင်ခဲ့သည်ဟု ဆိုနေလေပြီ။
လူအိုကြီးအမြောက်အများမှာလည်း ထိုမီးဖိုကြီးရှိသော နေရာသို့ အပြေးအလွှားလာနေကြပြီး သူတို့စိတ်ထဲတွင်လည်း ဘာပြောရမှန်း မသိအောင်ပင် လှုပ်ရှားနေကြလေသည်။
တောင်ခြေရှိ လူများမှာလည်း တောင်ထိပ်ရှိအပြောင်းအလဲများကို သတိထားမိခဲ့ကြ၏။ တိုးထွက်နေသော မီးတောက်များသည် အမှောင်ထုထဲတွင် အလွန်ထင်ရှားနေသည် မဟုတ်ပါလား။ ကောင်းကင်ပေါ်ရှိ ညပျံလွှားများမှာမူ ထိုမီးတောက်ရှိသောအရပ်မှ အန္တရာယ်ကင်းလောက်သော အရပ်သို့ ခွာသွားကြပြီး နှစ်တိုင်း ရိုးရာအခမ်းအနားကျင်းပလျှင် ကြောက်နေကြသလိုပင် သူတို့ကြောက်နေခဲ့
ကြ၏။
လောင်ခဲ့ သူ့အိမ်ထဲမှ ထွက်လာခဲ့ပြီး တောင်ထိပ်ရှိ မီးဖိုကြီးသို့ ကြည့်လိုက်ကာ သူ့ဘေးရှိ ဆီဆာ ကိုပြောလိုက်သည်။ “အဲ့တာက အားရွှမ်ကြောင့်လား”
ဆီဆာမှာလည်း တောင်ထိပ်ကိုကြည့်ရှုနေပြီးနောက် လောင်ခဲ့အား ပြန်ကြည့်လိုက်ကာ လောင်ခဲ့ပြောနေသည်ကို ထောက်ခံလိုက်သလို ပြုမူလိုက်၏။
အပြောင်းအလဲများမှာ မီးတောက်ဦးချိုမျိုးနွယ်စုတွင်သာ ဖြစ်ခဲ့ကြခြင်းမဟုတ်ပေ။ မြစ်တစ်ဖက်ကမ်းတွင် ဖြစ်စေ ဗဟိုဒေသတွင်ဖြစ်စေ အပြင်ဘက်ဒေသများတွင်ဖြစ်စေ လူပေါင်းများစွာမှာ အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရ၏။
ယန်ရှို့ ထိုနေ့တွင် တောထဲသို့ အမဲလိုက်ထွက်ခဲ့ပြီး သားကောင်လေးအချို့ရလာခဲ့လေသည်။ သူ့ခွန်အား
များ တိုးတက်လာပြီးနောက် သူ့ကိုယ်ပေါ်ရှိ နတ်အမှတ်အသားများသည် မှေးမှိန်နေဆဲဖြစ်ပါသော်လည်း အရင်ထက်စာလျှင်မူ အတော်လေးကောင်းမွန်လာခဲ့၏။ သူတောကောင်အချို့ကိုလည်း အမဲလိုက်နိုင်ခဲ့ပြီး သူ့မိန်းမနှင့်ကလေးများအတွက် ပြန်ယူလာနိုင်ခဲ့သည်။
ထိုအခိုက်တွင်တော့ ယန်ရှို့နှင့် သူ့မိသားစုမှာ အသားများကိုချက်ပြုတ်နေပြီး မီးပုံဘေးတွင် ဝိုင်းဖွဲ့စကားပြောနေခဲ့ကြသည်။ ထိုစဉ် ယန်ရှို့တစ်ခုခုကိုသတိထားမိသွားပြီး သူ့လက်မောင်းအား ငုံ့ကြည့်မိလိုက်ရာ လက်မောင်းပေါ်ရှိ မှိန်ပျပျနတ်အမှတ်အသားများသည် ပိုမိုမဲနက်လာခဲ့ပြီး ယခင်ထက်သိသိသာသာပင် ပိုမိုထင်ရှားလာသည်ကို သတိထားမိသွား၏။
သူဘာမှဆက်ပြောမနေတော့ဘဲ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ တောက်ပနေသောမျက်လုံးများဖြင့် သူ့ဇနီးနှင့် ကလေးများကို စကားတစ်ခွန်းသာ ပြောလိုက်လေတော့သည်။ “ငါတို့
စောင့်ဆိုင်းနေတဲ့အရာက မကြာခင်ရောက်လာတော့မယ်လို့ ငါခံစားနေရတယ်”
မြက်ခင်းလွင်ပြင် ဒေသတွင်…..
လောင်ဟယ် မီးပုံထဲ ထင်းများထည့်နေရင်း ယနေ့တူးထားခဲ့သော ပေါင်းပင်များကို စီနေခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက်ထူးဆန်းသောအရာတစ်ခုကို သူခံစားလိုက်ရ၏။ အိပ်ပျော်နေသော သူ့မိန်းမအားမနှိုးတော့ဘဲ လောင်ဟယ် ရေဇလုံတစ်ခုကို သာအပြေးအလွှား သွားယူခဲ့သည်။ ထို့နောက် မီးပုံမှ ထွက်ပေါ်နေသော အလင်းရောင်ဖြင့် သူရေဇလုံထဲကို ကြည့်လိုက်၏။
ထိုအခါ သူမြင်တွေ့လိုက်ရသည်မှာ သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သော အမှတ်အသားများ ဖြစ်ပေသည်။ အလင်းရောင်သိပ်မရှိသောကြောင့် သူထိုအမှတ်အသားများကို သေချာမမြင်ရပါသော်လည်း ထိုအရာသည် သူ့အဖေမျက်နှာပေါ်၌ ပေါ်လာခဲ့ဖူး
သော အမှတ်အသားများ ဖြစ်မှန်း သူသိလိုက်၏။
ထိုစွမ်းအားသည် အမှန်တကယ်တည်ရှိနေခြင်းဖြစ်ပြီး ယခင်ကဲ့သို့ ပုံရိပ်ယောင်တစ်ခုသက်သက်ဖြင့် ရှိနေခြင်း မဟုတ်တော့ပေ။
ထိုအရာသည် သူတို့ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်း သွေးစက်တိုင်းတွင် စီးဆင်းနေမြဲ ဖြစ်ပေသည်။
ကျယ်ပြောလှသော မြစ်ပြင်ကြီးတစ်ခု၏ ကမ်းတွင်….
မြစ်ကမ်း၌ ၁၀မီတာခန့်ရှည်သော လှေကြီးများကို ကျောက်ချထားကြသည်။ အခြားမျိုးနွယ်စုများ၏ လှေများနှင့် ယှဉ်ပါက ဤလှေကြီးများသည် အတော်လေးပို၍ အဆင့်မြင့်ပုံ ပေါ်နေ၏။
ထိုနေရာနှင့် မဝေးသော မြစ်ကမ်းတွင်တော့ ကျိုးပဲ့နေသော လှေအသေးလေးများကို ကျောက်ချထားလေသည်။ ၁၀မီတာရှည်သော လှေကြီးများနှင့် ယှဉ်ပါက ထိုလှေလေးများမှာ အတော်လေး သနားစရာကောင်းလှ၏။
ထိုလှေလေးများ ရပ်နားထားသော ကမ်းစပ်တွင်မူ လေလွင့်သူအချို့မှာ စုဝေးနေကြ၏။ သူတို့သည် နေ့စဉ် နောက်ကျသည်အထိ အလုပ်လုပ်ကြရပြီးသည့်နောက် ဤနေရာတွင် စုဝေးကြကာ ချက်ပြုတ်စားသောက်ကြခြင်း ဖြစ်ပေသည်။
ယခုအခါတွင်လည်း သူတို့ ရယ်ရယ်မောမောစကားပြောဆိုနေကြ၏။ ဦးတည်ရာမဲ့ လျှောက်သွားနေရသော လေလွင့်သူများနှင့် ယှဉ်ပါက သူတို့ဘ၀မှာ သက်ေတာင့်သက်သာ မရှိကြပါသော်လည်း အတော်လေးအဆင်ပြေပုံရကြ၏။
စကားပြောဆိုနေကြရင်း ထိုလူများမှာ မီးပုံဘေး
တွင် ထိုင်နေကြရင်း မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ကြရသလို ဆွံ့အသွားကြလေသည်။
ရယ်သံနှင့် စကားပြောသံများ တိတ်ဆိတ်သွားကြ၏။ ကိုယ်အပေါ်ပိုင်း အ၀တ်ဗလာနှင့် သာမန်လူများထက် ပိုမိုထွားကြိုင်းလှသော လူကြီးများသည် အခြားသူများက သူတို့အား လက်ညှိုးထိုးနေကြပြီး အံ့ဩနေကြသည့်ပုံ ပေါ်နေကြသော အခါ တစ်ခုခုမေးရန် ပြင်လိုက်ကြသည်။
သို့သော် ထိုသူများ လက်ညှိုးထိုးနေကြသော သူတို့ကိုယ်အပေါ်ပိုင်းအား ပြန်ကြည့်မိသောအခါတွင်မူ သူတို့လည်း တုန်လှုပ်သွားခဲ့ကြသည်။ ထိတ်လန့်တုန်လှုပ်သွားမှုကြောင့် လက်များပင်တုန်သွားကြရပြီး သူတို့ရတနာများကဲ့သို့ တန်ဖိုးထားကာ တိုက်ခိုက်ရယူခဲ့ရသော ကျောက်ပန်းကန်လုံးများသည် မြေပြင်ပေါ်လွတ်ကျသွားခဲ့ရကာ အသားစွပ်ပြုတ်များပင် ဖိတ်စင်ကျသွားရ၏။ သာမန်အချိန်များဆိုပါက ထိုလူများသည် ထိုမြေကြီးပေါ်ရှိ အသားစွတ်ပြုတ်များကိုပင် နှမြောလွန်း၍ လျှာဖြင့် လိုက်လျက်ကြမည်
ဖြစ်သော်လည်း အခုချိန်မှာတော့ လူတိုင်းတုန်လှုပ်နေမှုကြောင့် တိတ်ဆိတ်နေကြသည်။
ထိုအချိန်တွင် မည်သူမှ အသားစွတ်ပြုတ်ကို သတိမရကြပေ။
“နတ် နတ် နတ်အမှတ်အသားတွေ…”
မည်သူက စပြောလိုက်မှန်းမသိသော်လည်း ထိုစကားမှာ မီးပုံထဲ ဆီဖြန်းလိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့ရ၏။
နတ်အမှတ်အသားများ!
ထိုနတ်အမှတ်အသားများသည် အချိန်အတော်ကြာပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ပါသော်လည်း လူတိုင်း ထိုညတွင် ကောင်းကောင်းအိပ်ပျော်ကြတော့မည် မဟုတ်ဘဲ သူတို့စိတ်ထဲတွင်လည်း အပြောင်းအလဲ
များ ဖြစ်ပေါ်ခဲ့ကြလေသည်။
ထိုအဖြစ်အပျက်များအားလုံးအား ဖြစ်ပေါ်စေခဲ့သော ရှောက်ရွှမ်မှာတော့ ထိုအကြောင်းများအား ဘာမှသိမနေချေ။ သူသည် မီးဖိုကြီးရှေ့တွင် ရပ်နေရင်း မီးဖိုကြီးအား ထိုအရာပျောက်ကွယ်မသွားခင် အချိန်အထိ ကြည့်ရှုနေခဲ့၏။ အရာရာ မူလအခြေအနေအတိုင်း ပြန်ရောက်သွားသောအခါတွင်မူ ကျောက်တုံးအိမ်များ လူများ နတ်ဆေးဆရာနှင့် မီးဖိုကြီးများမှာ ဘာတစ်ခုမှ ရှိမနေတော့ချေ။ အရာရာတိုင်းသည် တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခြင်းဖြစ်ပြီး မီးဖိုကြီးမှာလည်း အရင်လိုရှိမနေတော့ဘဲ မီးတောက်အခွဲ ခြောက်ခုမှာလည်း ပျောက်ကွယ်သွားခဲ့၏။
ရှောက်ရွှမ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
“အတိတ်က အောင်မြင်မှုတွေက ကြာရှည်မခံခဲ့ဘူး”
ထိုမြင်ကွင်းများကို ရှောက်ရွှမ်တစ်ယောက်တည်းသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။ ယခုအခါ ပတ်၀န်းကျင်သို့ ပြန်ကြည့်လိုက်သောအခါ မီးဖိုကြီးရော မီးတောက်ခြောက်ခုပါ မရှိတော့ဘဲ ထိုနေရာတွင် ပန်းပင်များနှင့် မြေပြင်ကြီးသာ ကျန်ရှိခဲ့လေသည်။
ကြည့်ရသည်မှာ ထိုအဖြစ်အပျက်တစ်ခုလုံးသည် ပုံရိပ်ယောင်များကဲ့သို့ပင် ဖြစ်နေ၏။ သို့သော်လည်း မီးတောက်အခွဲခြောက်ခုမှာတော့ အမှန်တကယ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
သားရဲများကျက်စားသော ထိုတောနှင့် မဝေးသော ၀မ်ရှစ် မျိုးနွယ်စုထဲတွင်…
“သေချာ မသိသေးပေမယ့် တောထဲမှာသာမန်မဟုတ်တဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်ခဲ့တယ် အဲ့တာက ငါ
တို့မျိုးနွယ်စုအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမယ်လို့ ခံစားနေရတယ်” အရိုးအဆင်တန်ဆာများ မျက်နှာပေါ်တွင် ၀တ်ဆင်ထားသော ၀မ်ရှစ်မျိုးနွယ်စု နတ်ဆေးဆရာ တောရှိရာဘက်သို့ လှမ်းကြည့်နေရင်း ပြောလိုက်သည်။
၀မ်ရှစ်မျိုးနွယ်စုခေါင်းဆောင်မှာလည်း ထိုလူ့ဘေးတွင် ရပ်နေရင်း တောထဲသို့ ကြည့်နေကာ တစ်ခုခုပြောင်းလဲသွားသည်ကို ခံစားမိနေ၏။
“အဆင်သင့်လုပ်ထား မနက်ဖြန်၀မ်ရှစ်သားရဲတွေနဲ့ တောထဲကို ၀င်ကြမယ်”