← Chapters

တားဆီးခြင်း

Vol. 13 Ch. 193

တားဆီးခြင်း

Vol. 13 Ch. 193

ဤနေရာတစ်ဝိုက်တွင် ခြုံပုတ်များစွာ ရှ်ိနေလေသည်။ ခြေလှမ်းအနည်းငယ်လှမ်းလိုက်တိုင်းပင် ခြုံပုတ်များ ရှိနေခြင်း ဖြစ်၏။

“နောက်ဆုတ်ကြ” ဤပတ်၀န်းကျင်သည် သူတို့အတွက် တိုက်ခိုက်ရန် အဆင်ပြေနိုင်မည့် ပတ်၀န်းကျင်မျိုးမဟုတ်လေရာ ခေါင်းဆောင်နောက်ပြန်ဆုတ်ရန်သာ ဆုံးဖြတ်လိုက်ပြီး မူလသွားနေကျ လမ်းကြောင်းအတိုင်းသာ ပြန်ဆုတ်ခဲ့ကြသည်။ ဤနေရာတစ်၀ိုက်တွင် မည်သည့်ထောင်ချောက်များ ဆင်ထားသည်ကို သူမသိသော်လည်း သူတို့လာခဲ့သော လမ်းကြောင်းတွင်တော့ ထိုထောင်ချောက်များ ရှ်ိမည်မဟုတ်ပေ။

သူထိုသို့ တွေးနေစဉ် နောက်ထပ်အော်သံနှစ်ခုအား ကြားလိုက်ရ၏။

စစ်သည်တော်နှစ်ယောက် မြေပေါ်လဲကျသွားခြင်းဖြစ်ပြီး တစ်ယောက်မှာ အဆိပ်အပ်ဖြင့် ပစ်ခံရခြင်းဖြစ်ကာ အခြားတစ်ယောက်မှာ လည်ပင်းအား ပိုင်းဖြတ်ခံရခြင်းကြောင့် ဖြစ်သည်။

ရှက် ရှက် ရှက် ရှက်…

တစ်ယောက်ယောက် ခြုံပုတ်ထဲမှ ပြေးလွှားနေသော အသံများ ထွက်ပေါ်လာခဲ့၏။

ခေါင်းဆောင်လည်း အလျင်အမြန်ပင် သူ့ခြေထောက်များအားကြွကာ ထိုအသံထွက်ပေါ်လာရာ ခြုံပုတ်‌ေနာက်မှ လူနောက်သို့ ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြေးလွှားသွားခဲ့လေသည်။ ထိုသို့ လိုက်ရာ၌ ထောင်ချောက်ရန်များကို‌ေကြာက်၍ သူသည် ဂရုမပြုဘဲလိုက်ခြင်းမျိုးမဟုတ်ဘဲ ထိုလူခြေချသွားသော ခြေလှမ်းများအတိုင်း တစ်ထပ်ထဲကျလုနီးပါးပင် လှမ်း၍ လိုက်ခဲ့ခြင်း ဖြစ်၏။

သို့သော် သူ့နောက်မှ လိုက်လာသော သူ့အဖွဲ့သားများမှာတော့ ထိုသို့မဟုတ်ကြပေ။ ဂရုမစိုက်ဘဲ ၀ရုန်းသုန်းကား ပြေးလွှားလိုက်ခဲ့ခြင်းကြောင့် ထောင်ချောက်များမိ၍ အလဲလဲအပြိုပြို ဖြစ်ကုန်ကြသည်။

သူ့နောက်မှ အသံများကို ကြားလိုက်သောအခါ ခေါင်းဆောင် သူ့အဖော်များ ကံကြမ္မာဆိုးနှင့် ရင်ဆိုင်လိုက်ရပြီဆိုသည်ကို သိ၏။ သို့သော်လည်း သူနောက်ပြန်လှည့်ရမည့်အစား ရှေ့သို့တက်နေခြင်းကိုသာ အရှိန်တင်ခဲ့လိုက်သည်။

ထို့နောက် သူ့မျက်နှာပေါ်တွင် ညှစ်ထုတ်ထားသော ညစ်ကျယ်ကျယ်အပြုံးတစ်ခုပေါ်ပေါက်လာခဲ့၏။

“မင်းကိုတွေ့ပြီ အခု ငရဲကိုသွားလိုက်တော့”

ထိုကောင်၏ခေါင်းအားဖြတ်ကာ မျိုးနွယ်စုထံ ပြန်ယူ

သွားပါက မျိုးနွယ်စုက ချီးမြှင့်သော ဆုလဒ်များအား ရနိုင်ရုံသာ ကံကောင်းလျှင် မီးလျှံသလင်းကျောက်များပါရနိုင်ပြီး အကြီးတန်းနတ်စစ်သည်တော်တစ်ယောက်အဖြစ်ပင် သူအဆင့်တက်သွားနိုင်သေးသည်။ သူသည် အလယ်တန်းနတ်စစ်သည်တော်ဘ၀တွင်ရှိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီးဖြစ်ပြီး အကြီးတန်းနတ်စစ်သည်တော်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းစာသာ လိုတော့သောသူ ဖြစ်၏။ ထိုသို့သော စစ်သည်တော်မျိုးသည် မျိုးနွယ်စုအတွက် ကိစ္စကြီးကြီးမားမား အကျိုးဆောင်ပေးနိုင်ပါက အကြီးတန်းနတ်စစ်သည်တော်အဖြစ်သို့ တိုးမြှင့်ပေးခြင်း ခံရနိုင်ပေသည်။ ထိုအခါ မျိုးနွယ်စုထဲရှိ သူ့ဂုဏ်ပုဒ်မှာ ပိုမိုမြင့်မားလာပြီး အစားအစာများ မိန်းမများ အရင်းအမြစ်များနှင့် အာဏာကိုလည်း ရရှိနိုင်နေလိမ့်မည်သာ။

ထိုသို့တွေးတောမိရင်း သူပိုပြီး စိတ်လှုပ်ရှားလာခဲ့မိသည်။ သူ့မျက်နှာပေါ်ရှိ နတ်အမှတ်အသား ဆေးမှင်ကြောင်များမှာလည်း ပို၍တောက်ပလာလေရာ သူသည် ပို၍ပင် ကြောက်စရာကောင်းနေ၏။ ထို့နောက် သူ့ခြေထောက်တွင်အားပိုထည့်လိုက်ပြီး

တစ်ချက်ခုန်လိုက်ကာ သူ့လက်မောင်းတွင်အားကုန်ထည့်၍ လက်ထဲမှ ကျောက်ဓားဖြင့် ရှောက်ရွှမ် နောက်ကျောဘက်အား ခုတ်ပိုင်းချလိုက်လေသည်။

ရှောက်ရွှမ်သူ့နောက်မှ လေသံကို ကြားလိုက်သောအခါ ရပ်တန့်လိုက်ပြီး သူ့ညာခြေအား မြေပြင်ပေါ် တစ်ချက်ဆောင့်လိုက်ရာ ဘုန်း ကနဲမြည်သံတစ်သံထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ ဖုန်သဲများ လွင့်စင်သွားကြ၏။ ထိုသို့ တစ်ချက်ဆောင့်ချလိုက်အပြီးတွင် ရှောက်ရွှမ် ရုတ်တရက် သူ့ကိုယ်အား နောက်ပြန်လှည့်လိုက်ကာ ဆောင့်ချလိုက်သော အားကို သုံး၍ သူ့နောက်မှ ဓားချက်အား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုအချိန်မှသာ ခေါင်းဆောင် ရှောက်ရွှမ်မျက်နှာအား မြင်ခဲ့ရ၏။

သူရှောက်ရွှမ်မျက်နှာပေါ်တွင် မည်သည့်နတ်အမှတ်အသားကိုမှလည်း မမြင်ခဲ့ရဘဲ ထိုကောင်

လေးသည် အတော်လေးလည်း ငယ်ရွယ်နေသေးသောကြောင့် အံ့ဩသွားခဲ့ရသည်။ သို့သော် ထိုအရာများသည် အရေးမကြီးပေ။ သူလုပ်ဖို့လိုသည်မှာ ဘာပဲဖြစ်နေနေ ထိုကောင်လေးကို သတ်ပစ်ရန်သာ ဖြစ်၏။

သူတို့နှစ်ယောက်လုံးသည် အလွန်လျင်မြန်ကြသည်။ နဂိုကတည်းကပင် အလွန်ဝေးသော အနေအထားတွင် ရှိမနေလေရာ ယခုကဲ့သို့ လျင်မြန်သော အရှိန်ကိုသုံး၍ ရှေ့တက်လာသောအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နှစ်ယောက်ကြား ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့၏။ ထိုအခိုက်တွင် ရှောက်ရွှမ် သူ့ခြေလှမ်းများကို ဘယ်ညာပြောင်း၍ လှမ်းနေပြီး တစ်ခဏအတွင်းမှာပင် ဦးတည်ချက်မျိုးစုံပြောင်း၍ လှမ်းနေလိုက်သည်။ သူ့ကိုယ်လုံးအား ဝေ့ကာဝိုက်ကာဖြင့် ဘယ်ညာ‌ပြောင်းလဲနေရာ သူ့ပုံစံသည် ဘယ်ဘက်အားခုတ်မလိုလိုနှင့် ညာဘက်အားရှောင်တိမ်းနေသလို ဖြစ်နေ၏။ ထိုခဏတွင် ရှောက်ရွှမ် ဘာလုပ်ချင်နေသလဲဆိုသည်ကို ခေါင်းဆောင်နားမလည်ခဲ့ပေ။ သူ့စိတ်ထဲတွင် အနည်းငယ်တွန့်ဆုတ်သွားသောကြောင့် ခုနကလို သူ့ကျောက်ဓားအား

တိုက်ရိုက်လွှဲခုတ်ရဲခြင်းမျိုးလည်း မရှိတော့ပေ။

ရှောက်ရွှမ်၏ ခန္ဓာကိုယ်ပြောင်းလဲနေမှုအား ကြည့်‌ေနပြီး တိုက်ခိုက်မှု ဘယ်ဘက်မှ ရောက်လာမလဲဆိုသည်ကိုသာ သူအဖြေရှာနေခဲ့၏။ ထိုသို့ သေချာကြည့်နေရင်း ရှောက်ရွှမ်၏ မျက်လုံးများအား ရုတ်တရက်မြင်လိုက်ရသောအခါ သူတုန်လှုပ်သွားခဲ့လေသည်။

ရှောက်ရွှမ်မျက်လုံးများသည် သူလွန်ခဲ့သော နှစ်ပေါင်းများစွာက အခြားမျိုးနွယ်စုဝင်များနှင့် ဤတောထဲသို့ အမဲလိုက်ထွက်ခဲ့ရင်း ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်နှင့် တွေ့ခဲ့ရသည့် အဖြစ်ကို ပြန်အမှတ်ရသွားစေခဲ့သည်။ ထိုသားရဲကြီးသည် သန်မာရုံသာမကဘဲ ပုန်းကွယ်ရာနှင့် ညဏ်များသောနေရာတွင်လည်း အလွန်တော်သောကြောင့် သူတို့ထိုသားရဲကြီးနှင့် ရင်ဆိုင်ရသောအခါ နောက်ဆုံးတွင် ထွက်ပြေးကြရန်သာ တတ်နိုင်ခဲ့၏။ သူတို့ အတတ်နိုင်ဆုံးပြန်တိုက်ခိုက်ခဲ့ကြပါသော်လည်း မပြေးနိုင်သော သူများမှာ သေသာသွားခဲ့ကြရသည်။ သူတို့

တောထဲသို့ ၀င်ခဲ့သည်မှာ အကြီးတန်းနတ်စစ်သည်တော်များနှင့် ဖြစ်ပြီး ထိုနတ်စစ်သည်တော်များသည် အပြင်ပိုင်းတွင် မောက်မာသည့်ပုံပေါ်ပါသော်လည်း ထိုသားရဲကြီးနှင့် ရင်ဆိုင်ရသောအခါ တစ်၀က်လောက်မှာ အသတ်ခံလိုက်ရပြီး အပြေးမြန်သော လူများသာ လွတ်မြောက်ခဲ့ကြရသည်။

ထိုစဉ်က သားရဲကြီးသည် သိသိသာသာကြီးမားနေခြင်းမျိုး မဟုတ်သော်လည်း သူတို့အား အတော်လေးကြောက်လန့်စေခဲ့ကာ သူတို့ပြန်လည်ခုခံရန်ပင် သတ္တိမရှိခဲ့ကြပေ။

အကယ်၍သူသာ ထိုစဉ်က အပြေးမသန်ခဲ့ပါက သူလည်း သေသွားခဲ့မည်သာ။ ထိုအချိန်က အိပ်မက်ဆိုးသည် သူ့အား နှစ်ပေါင်းများစွာကြာ ခြောက်လှန့်နေခဲ့၏။ ယခုအခါတွင် မျိုးနွယ်စုမှပေးမည်ဟု ကြေငြာထားသော ဆုလဒ်များကို မက်ပြီး သူ့ခွန်အားမှာလည်း ယခင်နှင့်ယှဉ်ပါက အတော်လေးတိုးတက်လာသည်ဟု သူယုံကြည်မိခဲ့၍သာ ဤတောထဲသို့ ပြန်လာရဲခြင်း ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် ထိုနှစ်တုန်းက အတွေးမျိုး သူ့စိတ်ထဲ တစ်ဖန်ပြန်၀င်လာခဲ့လေပြီ။

သူရှောက်ရွှမ်မျက်လုံးအား ကြည့်မိသောအခါ ထိုသားရဲကြီး၏ မျက်လုံးအား ကြည့်လိုက်မိတုန်းကလို ခံစားချက်မျိုး ပြန်ရလာခဲ့၏။

ထို့ကြောင့် ခေါင်းဆောင်တခဏရပ်တန့်သွားခဲ့ကာ သူ့နှလုံးသားထဲမှလည်း ပြေး ပြေး အမြန်ပြေး ဒီနေရာက လွတ်အောင်ပြေး ဟူသော အသံများသာ မြည်နေလေတော့သည်။

ထိုသို့သော တိုက်ပွဲမျိုးတွင် တခဏဟူသော အချိန်သည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည့် အချိန်မျိုး ဖြစ်၏။

“အချက်ပြလိုက်တော့”

ထိုစကားအား ပြောပြီးသောအခါ ခေါင်းဆောင်သည် ကျောက်ဓားတစ်ချောင်းဖြင့် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရလေတော့သည်။

လူတစ်ယောက်အား သတ်ပြီးသော်လည်း ရှောက်ရွှမ်မရပ်တန့်ခဲ့ပေ။ ဓားမကိုင်ထားသော အခြားလက်တစ်ဖက်အား ထုတ်လိုက်ပြီး ခါးတစ်ခုအား ဆွဲညှစ်ပစ်လိုက်၏။

နောက်ထပ်လူတစ်ယောက် ခေါင်းဆောင်နောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။ ထိုလူသည် ခွန်အားအရာ၌ ခေါင်းဆောင်နှင့် မယှဉ်နိုင်ပါသော်လည်း အမြန်နှုန်းတွင်မူ ခေါင်းဆောင်နှင့်ပင် ယှဉ်နိုင်သူ ဖြစ်၏။

ယခုအခါ ခေါင်းဆောင်အခြေအနေမကောင်း

သည်မှာ ထင်ရှားနေပါသော်လည်း သူလုံး၀၀င်မကူခဲ့ပေ။ ထိုအစား ထိုအခွင့်အရေးကိုအသုံးချ၍ နောက်မှ ချောင်းမြောင်းတိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့ပေသည်။ သို့သော် သူမျှော်လင့်မထားဘဲ ရန်သူ့လက်ထဲ အဖမ်းခံလိုက်ရ၏။

ရှောက်ရွှမ် သူ့လက်အား အားထည့်ညှစ်လိုက်သောအခါ သူဖမ်းမိထားသော ထိုလူ့ခါးမှာ အက်ကွဲသံများ ထွက်ပေါ်လာပြီး ကျိုးကြေသွားလေသည်။

“အားးး”

ခါးမှပြင်းထန်လှသော နာကျင်မှုကြောင့် ထိုလူမထိန်းနိုင်တော့ဘဲ ဆိုးဆိုးဝါးဝါးအော်လိုက်ရ၏။ နာကျင်မှုကြောင့် သူ့လက်တွင် ကိုင်ထားသော ဆင်စွယ်ဓားကိုပင် သူဆက်ကိုင်မထားနိုင်တော့ချေ။

ရှောက်ရွှမ် ထိုလူ့လက်ထဲမှ ဆင်စွယ်ဓားကို တစ်ဖက်တွင် ကိုင်ထားလိုက်ပြီး နောက်တစ်ဖက်တွင် သူ့

ကျောက်ဓားကို ကိုင်ကာ ထိုလူအား ခုတ်ပိုင်းချလိုက်၏။

ထိုကိစ္စများသည် အချိန်ခဏလေးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆင်စွယ်ဓားအား ကိုင်ထားခဲ့သောသူသည် ယခုအခါတွင် တုန်လှုပ်နေပြီး နောင်တများနှင့် ပြည့်နှက်နေကာသူ့ခါးမှနာကျင်မှုမှာလည်း သူ့အား ဘာမှမတွေးနိုင်တော့လောက်အောင် ဒုက္ခပေးနေခဲ့၏။ ထို့ကြောင့် ထိုအခိုက်တွင် ရှောက်ရွှမ်၏ ဓားချက်အား ကာကွယ်ရန် သူအများကြီးမစဉ်းစားနိုင်တော့ဘဲ နောက်လက်တစ်ဖက်ဖြင့် ညိုမဲနေသော ဓားတစ်ချောင်းကို ထုတ်၍သာ ကာကွယ်လိုက်ရသည်။

ဘုန်းး!

ဓားနှစ်ချောင်းမှာ တစ်ချောင်းနှင့် တစ်ချောင်းရင်ဆိုင်မိသွား၏။ ဓားမှတစ်ဆင့် ထွက်ပေါ်လာသောအားမှာ ထိုလူကို နောက်သို့ လွင့်ထွက်သွားစေပြီး သူ့လက်မောင်းများသည်ပင် ကျိုးကြေသွားခဲ့ရသည်။

လက်မောင်းမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပြန့်နှံ့သွားသောအားသည် သူ့ကို နောက်မှတစ်ယောက်ယောက်က ဆွဲခေါ်သွားသကဲ့သို့ပင် နောက်သို့ လွင့်ထွက်သွားစေခဲ့၏။

ထိုအခါ သူ့တကိုယ်လုံးအား ဘယ်နေရာကိုမှ မကာကွယ်ထားနိုင်တော့ဘဲ ရှောက်ရွှမ်၏ ကျောက်ဓား သူ့ကိုယ်ထဲ တိုး၀င်သွားခြင်းကို ခွင့်ပြုလိုက်ရလေတော့သည်။

သူ့နောက်မှလိုက်လာသော လူနှစ်ယောက်ကိုရှင်းပြီးသည့်နောက် ရှောက်ရွှမ်သူ့ကျောက်ဓား‌ေပါ်ရှိ‌ေသွးများကို ဘေးရှိ မြက်ပင်များနှင့်သုတ်လိုက်၏။

အမဲလိုက်သည့်ဘ၀တွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီးသည့်နောက် သေခြင်းရှင်ခြင်း နယ်စပ်မျဥ်းပေါ် သူအကြိမ်များစွာ ဖြတ်ကျော်ခဲ့ဖူးပြီးသား ဖြစ်ပေ

သည်။ ဤနေရာသို့ ကမ္ဘာကူးပြောင်းလာခဲ့ပြီးသည့်နောက် ရှောက်ရွှမ်မျိုးနွယ်စုများကြားရှိ ရက်စက်လွန်းသော စစ်ပွဲများကို မြင်တွေ့ခဲ့ရပြီးသောအခါ သူဘက်ကဘယ်တော့မှ စတင်တိုက်ခိုက်မည်မဟုတ်သော်လည်း စတင်တိုက်ခိုက်သောအခါတွင်လည်း အကြင်နာကင်းမဲ့စွာ တိုက်ခိုက်ရမည်ကို သူသင်ယူခဲ့ရပြီးသား ဖြစ်၏။

သက်ပြင်းတစ်ချက် ချလိုက်ပြီးသည့်နောက် ရှောက်ရွှမ် သူနှင့်သိပ်မဝေးသော နေရာမှ ၀စီသံတစ်ချက်ကို ကြားလိုက်ရသည်။ ကြည့်ရသည်မှာ ခေါင်းဆောင်မသေခင် နောက်ဆုံးပြောသွားခဲ့သော စကားကို တစ်ယောက်ယောက်ကကြားသွား၍ အချက်ပြလိုက်ခြင်း ဖြစ်နိုင်၏။

ရှောက်ရွှမ် ထိုလူအား ရှင်းရန် ပြန်သွားမနေတော့ချေ။ ဤနေရာရှိ ဆူညံသံများနှင့် လူသံများ‌သည် ဗိုက်ဆာနေသော ငှက်ကြီးများအား ဆွဲဆောင်သွားမည်မှာ သေချာနေသောကြောင့် ဖြစ်ပေသည်။

ဤသည်မှာ ရှောက်ရွှမ် အခုမှ ရှာတွေ့ခဲ့သော ကိစ္စတစ်ခု ဖြစ်၏။ ဤနေရာရှိ ဘိုးဘွားပိုင်မြေမှ မီးဖိုကြီးကြောင့် ဤနေရာတစ်ဝိုက်တွင် သားရဲများနှင့် နွယ်ပင်များ၏ အန္တရာယ်များ မရှိကြပေ။ သို့သော် ဤမနက်က သူပတ်၀န်းကျင်တစ်ဝိုက်အား လှည့်ပတ်စစ်ဆေးနေရင်း ငှက်ခြေရာများအား တွေ့လိုက်ရ၏။ ထိုခြေရာများအား ကြည့်ရင်း ထိုငှက်သည် ဘာငှက်ဖြစ်နိုင်မလဲဆိုသည်ကို ရှောက်ရွှမ်ခန့်မှန်းနိုင်ခဲ့သည်။

ထိုငှက်များသည် ငှက်ကုလားအုတ်ကြီးများနှင့် တူသောငှက်များဖြစ်ကြပြီး သူတို့နှုတ်သီးနှင့် ထိုးဆိတ်ခံရသောအခါ ထိုးဆိတ်ခံရသောနေရာတွင် ပေါက်တူးဖြင့် ပေါက်ခံရသလိုဖြစ်အောင် ထိုးဆိတ်နိုင်ကြသူများ ဖြစ်ကြသည်။ ထိုငှက်ကြီးများသည် ဤနေရာတွင် ကျန်ခဲ့သောသူများအတွက် အိပ်မက်ဆိုးကြီးများ ဖြစ်လာကြပေလိမ့်မည်။

ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရင်း ချာချာပျံသန်းနေသည့် လမ်းကြောင်းအား တွေ့လိုက်သောအခါတွင်မူ ရှောက်ရွှမ် ထိုလူများအား ဂရုမစိုက်တော့ဘဲ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားခဲ့၏။

၀စီမှုတ်၍ အချက်ပြလိုက်သောလူမှာ သူ့ဘေးနားရှိ စစ်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်ကို မြင်ခဲ့ပြီးသည့်နောက် ဤနေရာမှ ချက်ချင်းပင် ထွက်ခွာသွားချင်ခဲ့သည်။ မျိုးနွယ်စုမှ ပေးသောဆုများကို ရရမရရ ကိစ္စမရှိတော့ချေ။ ထိုအခိုက်တွင် အရေးကြီးဆုံးအရာမှာ သူအသက်ရှင်နေရန်သာ ဖြစ်၏။ ထိုအချိန်တွင် ခေါင်းဆောင်အော်သံအား သူကြားခဲ့ရခြင်းဖြစ်ပြီး သူကြောက်ကြောက်လန့်လန့်နှင့် ၀စီမှုတ်ခဲ့ရကာ ပြီးသည့်နောက် ချက်ချင်းပင် နောက်ပြန်လှည့်ပြေးခဲ့လေသည်။ ပြေးနေရင်း သူကြောက်လန့်နေသည့်အတွက် လမ်းတွင် တစ်စုံတစ်ရာအား ခလုတ်တိုက်သွားမိပြီး ပစ်လဲသွားခဲ့၏။ ထိုအခါ သူခလုတ်တုိက်မိ‌ေသာအရာကို ထောင်ချောက်များ နွယ်ပင်များ ဟုသာ ထင်မှတ်မိပြီး မြင်မြင်သမျှကို ဓားဖြင့် ခုတ်ပိုင်းပစ်ခဲ့သည်။ သို့သော် သူသေချာကြည့်မိ

သောအခါ ထိုအရာမှာ ရွှံ့ခဲများသာ ဖြစ်နေခဲ့၏။

ထိုသို့လဲနေရင်း သူခြေသံများအား ကြားလိုက်ရသောအခါ သူထရပ်လုမတတ် ဖြစ်သွားခဲ့သည်။

ထိုခြေသံများသည် သူ့အားလာကူညီသော မျိုးနွယ်စု၀င်များ ဖြစ်နိုင်ပါသလော။

မဖြစ်နိုင်ပေ။

ထိုအရာသည် လူခြေသံကဲ့သို့ ခြေသံမျိုး ဟုတ်မနေချေ။

သူချက်ချင်းပင် ထရပ်လိုက်ပြီး သူဆုတ်ခွာနေသာ လမ်းကြောင်းမှ ထွက်ပေါ်နေသည့် ခြေသံများဆီမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ထိုစဉ် သူ့အနားရှိ ခြုံပုတ်ထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး ပါးစပ်ထဲရှိ ၀စီပင်မဖြုတ်ရသေးသော လူဆီသို့ ပြေး၀င်လာလေတော့သည်။

ထိုအကောင်များတွင် ထင်ရှားသိသာသော အတောင်များမရှိကြဘဲ လုမျိုးနွယ်စုမှ အသားငှက်များလောက်လည်း မကြီးကြပေ။ သို့သော် သူတို့တွင် ကြီးမားသော နှုတ်သီးကြီးများ ရှိကြ၏။ သူတို့၏မျက်လုံးများမှာလည်း သားကောင်ကိုတွေ့သောအခါ ဆာလောင်မှုဖြင့် တောက်ပနေကြလေသည်။

“အားးး”

တောအုပ်ထဲမှ ကြောက်မက်ဖွယ် အော်သံကြီးထွက်ပေါ်လာသောအခါ ၀စီသံကိုကြားလိုက်၍ ထိုနေရာသို့ သွားနေသော လူများနှလုံးသားထဲတွင် အေးစိမ့်စိမ့်ပင် ဖြစ်သွားခဲ့ရသည်။

ထိုအချိန်တွင် ရှောက်ရွှမ်မှာတော့ ထိုနေရာနှင့် အတော်လေးဝေးသော နေရာတစ်ခုသို့ရောက်နေပြီး သစ်ပင်တစ်ပင်ပေါ်တွင် တက်နေကာ ၀က်ဝံတစ်ကောင်အား စောင့်ကြည့်နေလေ၏။

သစ်တောထဲတွင် ၀က်ဝံမျိုးများ အများအပြားရှိကြပြီး သူကြည့်နေသော ၀က်ဝံကြီးမှာမူ ၀က်ဝံများထဲ၌ အသန်မာဆုံး မျိုးစိတ်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။ ထိုသို့သော ၀က်ဝံကြီးများ၏ သန်မာမှုကို သူတို့၏ အလေးချိန်အရွယ်အစားဖြင့် တိုင်းတာရခြင်းမျိုးမဟုတ်ဘဲ သူတို့၏ အလျင်နှင့် ခွန်အား၏ သန်မာမှုဖြင့်သာ တိုင်းတာရခြင်း ဖြစ်၏။

သူ့ရှေ့ရှိ အကောင်တွင် အခြား၀က်ဝံများနှင့်ယှဉ်ပါက သေးသွယ်သော လက်တံ ခြေတံများ ရှိကြပြီး အခြားကောင်များနှင့်ယှဉ်ပါက ထိုမျှကြောက်စရာမကောင်းဘူးဟု ထင်ရပါသော်လည်း အမှန်တကယ်တွင် ထိုကောင်များသည် သူတို့၏သားကောင်အား

လိုက်ရာတွင် ပြေးမလွတ်နိုင်အောင် လျင်မြန်သော ကောင်များ ဖြစ်ကြသည်။ တိုတိုတုတ်တုတ်နှင့်ကားသောမေးရိုးကြီးများ နှင့် အစာခြေလွယ်သော သွားကြီးများမှာလည်း တောရိုင်းကောင်များ၏ အရိုးကိုပင် အလွယ်တကူဝါးစားပစ်နိုင်ပြီး တော်ရုံသားရဲကြီးများကိုပင် ဝါးစားပစ်နိုင်ကြသည်။

ယခုအချိန်တွင် ထိုကောင်များသည် ကိုယ်တိုင်လည်း အမဲမလိုက်ကြချေ။ အခြားအသားစားကောင်များ အမဲလိုက်ထားသော သားကောင်များကိုသာ လုယက်စားသောက်ကြ၏။ ထိုကောင်များ ဝံပုလွေများဆီက သားကောင်များကို လုယက်စားသောက်ပစ်သည်ကို ရှောက်ရွှမ် အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရပြီးလည်း ဖြစ်သည်။

အမဲလိုက်အဖွဲ့ထဲတွင် နှစ်ပေါင်းများစွာ ပါ၀င်လာသူတစ်ယောက်အနေနှင့် တစ်ချက်ကြည့်ရုံမျှဖြင့် ထိုကောင်များသည် ဤတောထဲရှ်ိ အစာကွင်းဆက်ထိပ်ဆုံးရှိ သတ္တဝါများဖြစ်‌မှန်း ရှောက်ရွှမ်သိခဲ့၏။

ယခုအခိုက်တွင် ရှောက်ရွှမ်ကြည့်နေသော ၀က်ဝံကြီးသည် တစ်စုံတစ်ခုအားရှာဖွေနေသည့်ပုံဖြင့် သစ်ပင်ကြီးတစ်ပင်ရှေ့တွင် ရပ်ကာ ထိုသစ်ပင်အား လျှာဖြင့် လျက်ကြည့်နေလေသည်။ ထိုကောင်သည် ထိုသို့လျက်နေရင်း ကျေနပ်တော့သည့်ပုံမပေါ်ဘဲ လက်မောင်းအရွယ်သစ်ကိုင်းကြီးတစ်ကိုင်းအား သူ့လက်ဖဝါးကြီးဖြင့် ပိုင်းကာ ချိုးချပစ်လိုက်ပြီး ထိုသစ်ကိုင်းကို ပါးစပ်ထဲထည့်ကာ ဝါးနေခဲ့၏။

သစ်ကိုင်းအား ခဏကြာဝါးနေခဲ့ပြီးနောက် ဝါးရခြင်းကို ပျော်တော့သည့်ပုံမပေါ်ဘဲ အပိုင်းပိုင်းအစစများဖြစ်သွားသော သစ်ကိုင်းကို ထွေးထုတ်ပစ်လိုက်သည်။ ထို့နောက် တရှုံ့ရှုံ့လုပ်ကာ တစ်ခုခုကိုအနံ့ခံမိသည့်ပုံဖြင့် အနံ့နောက်သို့ လိုက်သွားခဲ့၏။

ဤရာသီတွင် ၀က်ဝံများသည် ဆောင်းရာသီတွင် အာဟာရဖြည့်တင်းရန်အတွက် ပျားရည်များကို ရှာဖွေကြသော ရာသီဖြစ်သောကြောင့် ရှောက်ရွှမ်ပျားရည်အနည်းငယ် ရှာခဲ့ကာ ထို၀က်ဝံကို မျှားခေါ်

ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ၀မ်ရှစ်မျိုးနွယ်စုက အနည်းပေါင်းလူပေါင်း ၁၀၀ လောက်တောထဲတွင် ရောက်နေခဲ့ပြီး သူ့မှာတော့ သူတစ်ယောက်ထဲသာ ရှိနေခြင်း ဖြစ်၏။

ဤနေရာသည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေ ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် အချို့ကိစ္စများသည် အန္တရာယ်များသည်မှာသေချာသော်လည်း ပစ်ပယ်သွား၍ ရသောအရာမျိုး မဟုတ်ကြချေ။ ဘိုးဘွားပိုင်မြေဟူသည် မီးတောက်ဦးချိုမျိုးနွယ်စုအတွက် အတော်လေးအဖိုးတန်သော နေရာဖြစ်၏။ ရှောက်ရွှမ် ဤနေရာတွင် အချိန်ပြည့်နေမနေနိုင်သည့်တိုင် အနည်းဆုံးတော့ ထိုလူများကို တားဆီးရန် သူအကောင်းဆုံးကြိုးစားပြီး သူတို့၏ ဘိုးဘွားပိုင်မြေအား ကျူးကျော်ချင်သော ကောင်များကို သွေးလွှမ်းသော သင်ခန်းစာတစ်ခု ပေးရပေလိမ့်မည်။

သူ့အတွက် ကောင်းသည်မှာတော့ ဤတောသည် သားရဲကြီးများနှင့် ပြည့်နှက်နေသောနေရာဖြစ်ပြီး

ထူးဆန်းသော်လည်း သူနှင့်ရင်းနှီးသည့်နေရာမ‌ျိုး ဖြစ်ပေသည်။

ကောင်းကင်ပေါ်တွင် ဝဲပျံနေသော ပုံရိပ်တစ်ခုကို ကြည့်လိုက်ရင်း ရှောက်ရွှမ် သစ်ပင်ပေါ်မှ ရှောဆင်းလိုက်ကာ တောအုပ်ထဲသို့ တိုး၀င်သွားခဲ့၏။

All Chapters