နောက်မှလိုက်၍ သတ်ဖြတ်ခြင်း
Vol. 13 Ch. 194
၀စီသံကိုကြားလိုက်၍ ထိုနေရာသို့ အရင်ဆုံးရောက်လာသောအဖွဲ့မှာ ထိုနေရာသို့ရောက်သွားသောအခါ အနားသို့မကပ်ရဲခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အသားစားငှက်များ အကောင် ၂၀ ခန့်ရှိနေကြသောကြောင့် ဖြစ်ပြီး ထိုကောင်များမှာ သူတို့အစာကို စားသောက်နေကြလေသည်။
ပတ်၀န်းကျင်တစ်ခုလုံးတွင် သွေးနံ့များဖြင့် မွှန်ထူနေ၏။
ထိုငှက်ကြီးများသည် သူတို့အစာအား လက်သည်းကြီးများဖြင့် ဆုပ်ကိုင်ထားကြပြီး ထိတ်လန့်ဖွယ်မျက်လုံးကြီးများနှင့် ကြည့်ကာ စားသောက်နေကြသည်။
ထို့ကြောင့် အဖွဲ့ခေါင်းဆောင် သူ့လူများအား နောက်ဆုတ်နေရန် လက်ဟန်အမူအရာဖြင့် အချက်ပြလိုက်၏။ သူထင်ခဲ့သည်မှာ ဤနေရာသို့ရောက်သောအခါ မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆေးဆရာပြောသော လူများကို တွေ့ရလိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ရောက်သောအခါ ထိုအသားစားငှက်များကိုသာ တွေ့ခဲ့ရ၏။
သူ့လူများအား နောက်ဆုတ်ရန် အမိန့်ပေးလိုက်သော်လည်း သူတို့နှင့်ပါလာသော ၀မ်ရှစ်သားရဲများကိုတော့ သူလစ်လျူရှုခဲ့မိသည်။
၀မ်ရှစ်သားရဲများသည် အခြားကြမ်းကြုတ်သော သားရဲကြီးများမှ ရွေးချယ်၍ သားပေါက်ထားခြင်းဖြစ်ပေရာ သာမန်အားဖြင့် သူတို့သားကောင်ကိုမြင်သည်နှင့် ထိုသားကောင်ကို မနိုင်နိုင်လျှင်တောင် ကိုက်ခဲပစ်ချင်ကြသည်။ အခြားမျိုးနွယ်စုများမှ သေချာမွေးမြူထားသော သားရဲများနှင့် မတူသည်
မှာ ထိုကောင်များသည် ထိုမျှနာခံလိုခြင်းမရှိကြပေ။ သူတို့ ရူးသွပ်သွားသောအခါ ၀မ်ရှစ်မျိုးနွယ်စုမှ မည်သူမှ သူတို့အား ထိန်းနိုင်ကြလိမ့်မည် မဟုတ်ပေ။
ယခုအခါတွင် သူတို့ရှေ့၌ အသားစားငှက်များကို မြင်တွေ့လိုက်သောအခါ ၀မ်ရှစ်သားရဲလေးကောင် ဟိန်းဟောက်လိုက်၏။ ထို့နောက် ရှေ့သို့အတင်းတက်သွားရန် သူတို့အားချည်နှောင်ထားသော ကြိုးများအား အတင်းရုန်းကန်နေကြတော့သည်။
၀မ်ရှစ်သားရဲများထံမှ ဟိန်းဟောက်သံများထွက်ပေါ်လာသောအခါ ၀မ်ရှစ်မျိုးနွယ်စုအဖွဲ့၀င်များ သူတို့ဒုက္ခရောက်ပြီဟု သိလိုက်ကြသည်။ ထိုအခိုက်တွင် သူတို့အလွန်ဒေါသထွက်သွားကြပြီး ဓားထုတ်၍ ထိုသားရဲများကို ခုတ်ပိုင်းပစ်လိုက်ချင်စိတ်ပင် ဖြစ်သွားကြ၏။ သို့သော် ယခုအချိန်တွင် ထိုသို့လုပ်လိုက်လျှင်လည်း ဘာမှထူးတော့မည်မဟုတ်ပေ။
စားစရာကုန်သွားသော အသားစားငှက်များသည် ဟိန်းဟောက်သံများေကြာင့် ထိုနေရာ၌ ပုန်းနေသော လူများကို သတိထားမိသွားကြပြီး အလွန်စိတ်လှုပ်ရှားသွားကြကာ အော်ဟစ်လိုက်ကြပြီး ခြုံပုတ်နောက်တွင် ပုန်းကွယ်နေသော လူများဆီသို့ ပြေးတက်သွားကြတော့သည်။
ငှက်တစ်ကောင် အရင်ဆုံးလှုပ်ရှားလိုက်သည်နှင့် အခြားကောင်များမှာလည်း ထိုနေရာသို့ အပြေးအလွှား ပြေးတက်သွားကြ၏။
အဖွဲ့ခေါင်းဆောင် ကျိန်ဆဲလိုက်ရုံမှလွဲပြီး ဘာမှမတတ်နိုင်တော့ဘဲ ပုန်းနေရာမှ ထွက်လိုက်ရသည်။
“နောက်ဆုတ်ကြ”
ဤနေရာရှိ အပင်များမှာ အများအားဖြင့် ခြုံများနှင့် မြက်ရိုင်းရှည်များသာ ဖြစ်ကြ၏။ ခြုံများနှင့် မြက်
ရိုင်းရှည်များသည် ၂ မီတာကျော်လောက်မြင့်ကြပြီး ထူထူထဲထဲပေါက်ရောက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် အသားစားငှက်များ သူတို့ဆီ ပြေး၀င်လာကြသောအခါ သူတို့သည် သတိထားလိုပါသော်လည်း သူတို့အောက်ရှိ မြက်ပြင်များပေါ်ကိုတော့ ထိုမျှ သတိမထားနိုင်ကြတော့ပေ။
“အု”
လူတစ်ယောက်၏ ခြေထောက်ကို တစ်စုံတစ်ခုက ရစ်ပတ်သွားခဲ့၏။ ထိုအခါ ထိုလူ သူ့ခြေထောက်မှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ထုံကျင်သွားခဲ့ကာ လဲကျသွားခဲ့သည်။ ထို့နောက် သူ့ခြေထောက်အား ရစ်ပတ်ထားသည်မှာ နွယ်ပင်များဖြစ်သည်ကို သိသွားပြီးသည့်နောက် ဓားဖြင့် ထိုနွယ်များကိုဖြတ်ကာ အမြန်ပင် ပြန်ထပြေးလေတော့သည်။ သို့သော်လည်း အချိန်မှာနောက်ကျသွားလေပြီ။ သူ့နောက်ရှိအသားစားငှက်များသည် သူပစ်လဲသွားသောအချိန်တွင်ပင် သူ့အနားသို့ ရောက်နေကြပြီဖြစ်ရာ ထိုလူအား နောက်မှလိုက်မှီသွားကြတော့၏။
တစ်ချို့လူများမှာတော့ အသားစားငှက်များကို ဓားများဖြင့်ခုတ်ပိုင်း၍ ခြောက်လန့်နေကြပါသော်လည်း ထိုငှက်များကို မောင်းမထုတ်နိုင်ခဲ့ကြပေ။ မောင်းမထုတ်နိုင်သည့်အပြင် သူတို့အား စော်ကားလိုက်သလိုဖြစ်သွားပြီး ထိုငှက်များမှာ ပို၍ပင် အနီးကပ်နောက်မှ လိုက်လာခဲ့ကြသည်။
အဖွဲ့ထဲမှ တစ်ယောက်မကသော လူများမှာလည်း ခြုံပုတ်များထဲရှိ ထောင်ချောက်များကို တက်နင်းမိနေကြ၏။ ဤနေရာရှိ ထောင်ချောက်များမှာ အရင်ထောင်ချောက်များကဲ့သို့ သစ်ပင်ပေါ်၌ ဇောက်ထိုးဖြစ်သွားနိုင်သည့် ထောင်ချောက်မျိုးမဟုတ်ကြပေ။ ထောင်ချောက်များသည် ဤနေရာရှိ မြက်ပင်များနှင့် အရောင်တူနေသော ပေါင်းမြက်များဖြင့် ပြုလုပ်ထားခြင်းသာ ဖြစ်သည်။ ထိုမြက်များကို နင်းမိသည့် အခါလည်း ခလုတ်တိုက်မိ၍ ပစ်လဲသွားရုံလောက်သာ ဖြစ်စေ၏။ သို့သော် ဤနေရာတွင် ထိုသို့ ပစ်လဲသွားလျှင်ပင် သေခြင်းတရားမှာ စောင့်ကြိုနေလိမ့်မည် ဖြစ်သည်။
ငှက်များ၏ လက်ထဲသို့ကျရောက်သွားသူများသည် ထိုငှက်ကြီးများ၏ လက်သည်းကြီးများဖြင့် ထိုးခွဲခြင်းအား အရင်ခံကြရ၏။ တချို့မှာမူ ငှက်ခေါင်းဖြင့် တိုက်ခြင်းကို ခံကြရပြီး တချို့မှာတော့ မသေမချင်း ငှက်နှုတ်သီးဖြင့် ထိုးဖောက်ခြင်းကို ခံကြရသည်။
၀မ်ရှစ်သားရဲများမှာလည်း မည်မျှပင် ကြမ်းတမ်းသည် ဆိုစေကာမူ ထိုငှက်အုပ်ကြီးတစ်ခုလုံးကိုတော့ အနိုင်မယူနိုင်ကြပေ။ သူတို့ပိုင်နက်ထဲသို့ ၀မ်ရှစ်သားရဲများ ၀င်ရောက်လာသည်ကို တွေ့သွားသောအခါ ထိုငှက်များသည် ပို၍ပင် ဒေါသထွက်သွားကြ၏။ သူတို့မှာလည်း ထိုသားရဲများထက် မလျော့သော ခွန်အားနှင့် ကြမ်းတမ်းမှုမျိုး ရှိကြသည် မဟုတ်ပါလား။
ထိုအခိုက်တွင် လူများအော်ဟစ်သံများ သားရဲများ ဟိန်းဟောက်သံများနှင့် ငှက်များအော်မြည်သံများမှာ မရပ်တန့်သွားခဲ့တော့ချေ။
ယခင်အဖွဲ့ကဲ့သို့ပင် အခုအဖွဲ့မှာလည်း အချိန်ခဏလေးအတွင်းတွင် သူတို့အဖွဲ့၏ လူသုံးပုံတစ်ပုံအား ဆုံးရှုံးလိုက်ကြရ၏။
“သစ်ပင်ပေါ် တက်ကြ”
“သစ်ပင်အမြင့်ကြီးတွေကိုရှာပြီး တက်ကြ”
မြက်ပင်ကြီးများကို ကျော်သောအခါ သူတို့ရှေ့က တောထဲတွင် သစ်ပင်ကြီးများကို တွေ့လိုက်ရသောကြောင့် ၀မ်ရှစ်မျိုးနွယ်စု၀င်များ ပျော်သွားခဲ့ကြသည်။ ထိုသစ်ပင်ကြီးများေပါ် သူတို့တက်နေသ၍ မပျံနိုင်သော အသားစားငှက်များ လက်မှ လွတ်မြောက်နိုင်မည်သာ ဖြစ်၏။
စစ်သည်တော်တစ်ယောက်သည် သစ်ပင်ကြီးတစ်ပင်
ပေါ် တက်နေလေသည်။ ထိုစဉ် သစ်ကိုင်းတစ်ခုအား သူကိုင်ထားတုန်း ကိုင်ထားသော လက်အား သစ်သားအပ်တစ်ချောင်းထိမှန်ခြင်း ခံလိုက်ရ၏။ ထိုအခါ သစ်ကိုင်းအားကိုင်ထားသောသူ့လက် ထုံကျဉ်သွားကာ နာကျင်မှုကို ခံစားလိုက်ရပြီး သစ်ပင်အောက်သို့ ပြုတ်ကျသွားလေတော့သည်။ အောက်သို့ ကျသွားသောအခါ သူ့ကံကြမ္မာသည် ပြောစရာပင် လိုတော့မည်မဟုတ်ပေ။
“တစ်ယောက်ယောက်ရှိနေတယ်”
“သတိထားကြ” ခေါင်းဆောင်၏မျက်လုံး ဖြတ်ကနဲလက်သွားပြီး သူ့အနီးပတ်၀န်းကျင်အား တချက်ကြည့်လိုက်၏။
သစ်ပင်ပေါ်ကိုတက်နေသော နောက်ထပ်လူတစ်ယောက်မှာလည်း တက်နေရင်းနှင့်ပင် သူ့ခြေထောက် ရုတ်တရက်နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူချက်ချင်းပင် ခြေထောက်ထဲမှ
သစ်သားအပ်ကို ဆွဲထုတ်ပစ်လိုက်၏။ ကံကောင်းစွာဖြင့် သူသစ်ပင်အောက်သို့ ပြုတ်ကျမသွားခဲ့ချေ။ ထို့ကြောင့် အလျင်အမြန်ပင် သစ်ပင်ပေါ်ဆက်တက်လိုက်ရင်း သူ့ကိုယ်သူ အလွန်ကံကောင်းသည်ဟု တွေးလိုက်မိသည်။
“သတိထား”
ထိုစဉ် ခေါင်းဆောင်သူ့အား လှမ်းသတိပေးလိုက်၏။ ကံဆိုးစွာဖြင့် အချိန်မမှီခဲ့ချေ။ ထိုသူ ခေါင်းဆောင်သတိပေးစကားအား ကြားလိုက်ချိန်တွင်ပင် သူ့ခေါင်းမှာ ဓားတစ်ချက်ဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး သေဆုံးသွားခဲ့ရသည်။
ယခုအခါ ငှက်အချို့မှာ ပြန်သွားကြပြီဖြစ်ပြီး အောက်တွင် ကျန်နေသည်မှာ ငှက် ၇ ကောင်လောက်သာ ကျန်နေတော့၏။ အရည်အတွက်ချင်း ယှဉ်ပါက သူတို့တွင် လူပေါင်း ၁၂ ယောက်လောက် ကျန်နေသေးရာ ဆင်း၍ တိုက်ခိုက်မည်ဆိုပါက သူတို့ မရှုံး
နိုင်ကြပေ။ သို့သော်လည်း ဘယ်သူမှ အောက်သို့ဆင်း၍ ထိုငှက်များနှင့် မတိုက်ခိုက်လိုကြချေ။ သူတို့အနားပတ်၀န်းကျင်သည် လူတချို့ပုန်းအောင်း၍ သူတို့အား သတ်ဖြတ်ရန် ကြိုးစားနေသည်ကို သူတို့သိထားကြသည် မဟုတ်ပါလား။
ထိုအချိန်တွင် ခေါင်းဆောင်ပြောလိုက်၏။ “သစ်ပင်တွေ ပေါ်ကနေ သွားကြမယ်”
သစ်ပင်များမှာ တစ်ပင်နှင့်တစ်ပင်မဝေးလှပေရော ထိုအပင်များပေါ်မှ ခုန်ပျံ၍ သူတို့ရှေ့သို့ ဆက်သွားနိုင်ကြသည်။
“အန္တရာယ်ရှိနိုင်တဲ့အတွက် သတိ….” သူ့စကားပင် မဆုံးသေးချေ ကြိုးမျှင်လေးတစ်ချောင်း ထိလိုက်မိသော “ဟမ်” ဆိုသည့် ကြိုးတုန်ခါသံမျိုး ထွက်ပေါ်လာခဲ့၏။
လူတစ်ယောက် သစ်ပင်ပေါ်မှ နောက်တစ်ပင်ပေါ်သို့
ခုန်လိုက်သောအခါ သတိပြုမိရန် ခက်သော ကြိုးမျှင်လေးတစ်ချောင်းအား ထိလိုက်မိခြင်း ဖြစ်လေသည်။
ဝှစ်! ဝှစ်!
ထိုသို့ ထိလိုက်မိသည်နှင့် သစ်သားအပ်များသည် သူ့အနားရှိ သစ်ရွက်များ မြက်များကို ဖြတ်၍ သစ်ပင်နှစ်ပင်ကြား ခုန်ကူးနေကြသော လူများဆီသို့ ဦးတည်၀င်ရောက်လာကြ၏။
ထိုလူများသည် ဓားကိုဝေ့ယမ်း၍ အပ်များကို ကာကွယ်လိုက်ကြသည်။ သို့သော် သေချာဂရုမစိုက်ခဲ့သော လူတစ်ယောက်မှာတော့ အပ်တစ်ချောင်းထိကာ မြေပြင်သို့ ပြုတ်ကျသွားခဲ့၏။ မကြာခင်တွင်ပင် ထိုလူ ငှက်များ၏ အစာဖြစ်သွားလေတော့သည်။
လူတစ်ယောက်မှာတော့ အပ်ချောင်းများရန်မှ လွတ်၍ နောက်သစ်ပင်တစ်ပင်၏ သစ်ကိုင်းပေါ်သို့ ခြေချနိုင်ခဲ့၏။ သို့သော်လည်း ထိုလူသည် တိတ်တဆိတ်ပင် သူ့နားကပ်လာသော ဓားတစ်ချောင်း၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရလေသည်။
ဒါက….
ခေါင်းဆောင်မျက်လုံးများ ပြူးကျယ်သွားပြီး အတော်လေးအံ့ဩသွားမိ၏။ ရှောက်ရွှမ်အား သူတွေ့လိုက်သောအခါ ရှောက်ရွှမ်ကိုယ်ပေါ်ရှိ နတ်အမှတ်အသားကို သူမသိသောကြောင့် မည်သည့်မျိုးနွယ်စုမှ ဖြစ်သည်ကို သူမသိခဲ့ချေ။ သို့သော် သူမြင်ရသလောက် ထိုကောင်လေးသည် အတော်လေး ငယ်ရွယ်နေသေးသည်။
“မင်းက ဘယ်မျိုးနွယ်စုကလဲ” ခေါင်းဆောင် မေးလိုက်ရင်း နောက်ကျောမှ ချွေးစေးများ ထွက်လာ
ခဲ့၏။ ထိုမျှငယ်ရွယ်ပြီး သန်မာနေသော ကောင်လေးမှာ မျိုးနွယ်စုကြီးတစ်ခုမှသာ ဖြစ်ရမည်ဆိုသည်ကို သူသိနေခြင်းကြောင့် ဖြစ်သည်။
အရင်အဖွဲ့မှ ခေါင်းဆောင်ကဲ့သို့ပင် သူလည်း ရှောက်ရွှမ်အား ခြေလက်ရှစ်ခုမျိုးနွယ်စုမှဟု ထင်မိခဲ့သော်လည်း ထိုကောင်လေးကိုယ်ပေါ်ရှိ နတ်အမှတ်အသားများကို တွေ့သောအခါ ခြေလက်ရှစ်ဖက်မျိုးနွယ်စု၏ နတ်အမှတ်အသားနှင့် မတူသည်ကို သူသိသွားခဲ့၏။
ထိုကောင်လေးသည် အမှန်တကယ်တွင် မည်သူဖြစ်သနည်း။
ခေါင်းဆောင် အံ့ဩသင့်နေချိန်တွင် ရှောက်ရွှမ် သူ့ညာဘက်ဒူးအား အနည်းငယ်ကွေးလိုက်ပြီး သူနင်ထားသော သစ်ကိုင်းပေါ် အားကုန်သုံး၍ စုံကန်ပစ်လိုက်၏။ ထို့နောက် တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ခေါင်းဆောင်ဆီသို့ တိုး၀င်
သွားလေသည်။ သူ့လက်ထဲရှိ ကျောက်ဓားမှာလည်း မိုးကြိုးတစ်စင်းကဲ့သို့ အရှိန်ဖြင့် အရာရာကို စုတ်ဖြဲပစ်တော့မလို တိုး၀င်သွားခဲ့၏။
ရှောက်ရွှမ် ၏သားရဲတစ်ကောင်ကဲ့သို့ မျက်လုံးများကို မြင်လိုက်သောအခါ ခေါင်းဆောင်အံ့ဩသင့်နေရာမှ အသိ၀င်လာပြီး ရှောက်ရွှမ်ဓားအား ကာရန် သူ့လက်မောင်းအား မြှောက်၍ ဓားထုတ်ကာ ခုခံလိုက်လေသည်။
ဘန်းး!
ခေါင်းဆောင်ဓားမှတစ်ဆင့် သူ့လက်ဖဝါးအား ဖြတ်သန်းသွားသော အားသည် သူ့လက်မောင်းများကို ကျိုးကြေသွားစေတော့မလိုပင် နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် ထိုပြင်းအားကြောင့် ရုတ်တရက်ပင် သူ့ခြေဖဝါးအောက်ရှိ သစ်ကိုင်းမှာ ကျိုးကျသွားခဲ့၏။
မည်မျှကြီးမာသော ခွန်အား ဖြစ်ပါသနည်း။
ထိုကောင်လေးသည် မည်သည့် မျိုးနွယ်စုမှလာခြင်း ဖြစ်ပါသနည်း။ သူသည် ဘာကြောင့် သူတို့မျိုးနွယ်စုကဲ့သို့ပင် သန်မာသော ခွန်အားမျိုး ရှိနေရပါသနည်း။ သူ့အပြင်ရော ဤနေရာတွင် ပုန်းအောင်းနေသည့်သူများ ရှိနေနိုင်သေးပါသလား။
ပုန်းအောင်းနေသူများ ရှိဦးမည်ဟုသာ ခေါင်းဆောင်ထင်မိသည်။ ထိုကောင်လေးသည် မည်မျှသန်မာသည် ဆိုစေကာမူ သူတို့ရှေ့မှ အဖွဲ့၏ လူပေါင်း ၂၀ ကျော်ကို တစ်ယောက်ထဲသတ်ဖြတ်ပစ်ရန်မှာ မဖြစ်နိုင်သေ။
အကယ်၍ အခြားလူများသာ အနီးအနားတွင် ပုန်းအောင်းနေသေးပြီး သားရဲများမှာလည်း အချိန်မရွေး ထွက်ပေါ်လာနိုင်မည် ဆိုလျှင်….
ခေါင်းဆောင် ထိုအခြေအနေကို တွေးမိပြီး ကြောက်လန့်သွားခဲ့ကာ ဆုံးဖြတ်ချက်ချလိုက်၏။
အရင်ဆုံး ပြန်သွားရမယ်။
သစ်ကိုင်းကျိုးကျသွားခဲ့ခြင်းကြောင့် သူမြေပြင်ပေါ် ပြုတ်ကျသွားခဲ့ရသည်။ သူ့ဆီသို့ ပြေး၀င်လာနေသော ငှက်များကို ကြည့်လိုက်ရင်း ကျန်နေသော သူ့အဖွဲ့၀င်များကို နောက်ဆုတ်ရန် အော်လိုက်ပြီး သူနောက်လှည့်ပြေးလေတော့သည်။ သူပြေးနေသော အရပ်သည် နောက်အဖွဲ့ လာနေသော လမ်းကြောင်းဆီသို့ ပြေးနေခဲ့ခြင်း ဖြစ်၏။ သူတို့ ဤနေရာမှ ချက်ချင်းပင် ထွက်ပြေးလိုခဲ့ကြပြီး အဖွဲ့ထဲမှတစ်ယောက်သည် ဝစီကို တရွှီရွှီမှုတ်၍ အခြားအဖွဲ့တစ်ဖွဲ့သူတို့အား လာကယ်မည်ကို မျှော်လင့်နေခဲ့ကြသည်။
ရှောက်ရွှမ် ထိုထွက်ပြေးသွားသော လူများနောက်သို့ မလိုက်ခဲ့ချေ။ သူသစ်ပင်ပေါ်မှ ခုန်သွားလိုက်ပြီး တောထဲသို့သာ ၀င်ရောက်ပျောက်ကွယ်သွားခဲ့၏။
ခေါင်းဆောင်နှင့် လက်ကျန်လူများသည် အချိန်အတန်ကြာ ပြေးလွှားခဲ့ပြီးသည့်နောက်တွင် မည်သည့်ငှက်အော်သံကိုမှ မကြားရတော့သည်ကို သတိထားမိသွားကြသည်။ ထို့ကြောင့် သူတို့အရှိန်လျှော့လိုက်ပြီး စိတ်လျှော့လိုက်ကာ အနားယူလိုက်ကြ၏။
သို့သော် သူတို့အတွက် လုံခြုံသည်ဟု ခံစားရရန်မှာမူ စောလွန်းလှသေးသည်။
သူတို့အနားယူနေစဉ်အတွင်း သားရဲဟိန်းဟောက်သံတစ်ခုအား ကြားလိုက်ရပြီး သူတို့နောက်ဘက်ရှိ တောထဲမှ လေးမီတာခန့်ရှည်သော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအဖြစ်အပျက်မှာ သူတို့အား ဆောင်းရာသီသို့ ရုတ်ချည်းရောက်သွားသလိုပင် ခံစားစေခဲ့ရသည်။ သူတို့အတော်လေး အေးစက်သွားကြ၏။
ထွက်လာသည့် အကောင်မှာလည်း ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင်သာ ဖြစ်နေသည် မဟုတ်ပါလား။
၀က်ဝံကြီးသည် သူ့လက်ဖဝါးကြီးကို မြှောက်ကာ စတင်တိုက်ခိုက်လိုက်သည်။ သူနှင့်အနီးဆုံး စစ်သည်တော်တစ်ယောက်မှာ ထိုလက်ဝါးချက် ထိမှန်သွားခဲ့ပြီး သွေးများအန်ထွက်သွားခဲ့ရ၏။
၀က်ဝံကြီးသည် ပျားရည်အနံ့ရှိရာသို့ လိုက်လာရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် သူလူသံများနှင့် ငှက်သံများကို ကြားခဲ့ရ၏။ ဤနေရာသည် သူ့ပိုင်နက်ဟုသာ သူအမြဲခံယူထားခြင်းဖြစ်ပေသည်။ ထို့ကြောင့် ငှက်များကို သူသည်းခံနိုင်ပါသော်လည်း သူမရင်းနီးသည့် ထိုလူများကိုတော့ လုံး၀ သည်းမခံနိုင်ခဲ့ချေ။ ထိုလူများအား ကျူးကျော်သူများဟုသာ သူသတ်မှတ်ခဲ့၏။
ထို့ကြောင့် ထိုကျူးကျော်သူများဧ။် အသံနှင့် အနံ့များကို အာရုံခံပြီးသောအခါ ဤနေရာသို့ ရောက်လာမည်မှာ သေချာသောကြောင့် သူဒီနေရာတွင် ပုန်းအောင်း၍ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ထိုလူများ ရောက်လာသောအခါမှသာ သူထွက်လာခဲ့လေ၏။
ထိုကဲ့သို့ သေချင်ယောင်ဆောင်တတ်သည်အထိ လှည့်ကွက်သုံးတတ်ကြပြီး ခွန်အားလည်း အလွန်ကြီးကြသော ၀က်ဝံကြီးများသည် မီးတောက်ဦးချိုမျိုးနွယ်စုပင် ရှိန်ကြသော သတ္တဝါကြီးများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် မဖြစ်မနေလိုအပ်သည့်တစ်ခါတစ်ရံသာ သူတို့ ထို၀က်ဝံများကို တိုက်ခိုက်လေ့ရှိပြီး မလိုပါက ထိုကောင်များနှင့်တွေ့လျှင် ရှောင်သာသွားခဲ့ကြ၏။
၀မ်ရှစ်မျိုးနွယ်စုကဲ့သို့ သားရဲကြီးများနှင့် တိုက်ခိုက်ခြင်းကိုပင် ရှောင်ရှားနေကြသော သူများအတွက်တော့ ထို၀က်ဝံကြီးသည် တကယ့်အိပ်မက်ဆိုးကြီးပင် ဖြစ်သည်။
၀က်ဝံကြီးသည် လူတစ်ယောက်ကို လွင့်ထွက်သွားအောင် ရိုက်နှက်ပစ်လိုက်ပြီး နောက်လူနှစ်ယောက်ကိုမူ သေသည်အထိ ကိုက်ဖြတ်ပစ်ခဲ့၏။ သူ့အား အကြိမ်ပေါင်းများစွာလည်း ရိုက်ခံနေရလေရာ သူပိုပိုပြီး ဒေါသထွက်လာခဲ့လေသည်။
ထိုအခိုက်တွင် လှံသုံးစင်းမှာ ၀က်ဝံကြီးဆီသို့ ပြေး၀င်လာခဲ့ကြ၏။
နောက်ဆုံးတွင် ၀မ်ရှစ်မျိုးနွယ်စု၏ တတိယအဖွဲ့ ရောက်လာခဲ့လေပြီ။
၀က်ဝံကြီးသည် လှံနှစ်စင်းကို ရှောင်လိုက်နိုင်ပါသော်လည်း နောက်တစ်စင်းမှာ သူ့အား ထိမှန်သွားခဲ့၏။ သို့သော် ဒဏ်ရာအကြီးအကျယ်ရသွားခဲ့ခြင်းမျိုး မဟုတ်ခဲ့ပေ။ အကယ်၍ သူသာ ပထမလှံတစ်စင်းကို မရှောင်နိုင်ခဲ့လျှင်မူ သူ့အတွင်းအင်္ဂါများပင်
ထိခိုက်သွားပေလိမ့်မည်။ သို့သော် သူရှောင်နိုင်ခဲ့သည်။
ဟိန်းဟောက်လိုက်ပြီး ၀က်ဝံကြီး ထိုလူများကို ဆက်မတိုက်ခိုက်တော့ဘဲ နောက်လှည့်ပြေးလေတော့၏။ ထိုလူသားများကို သူမနိုင်တော့လေရာ ဆက်တိုက်ခိုက်တော့မည် မဟုတ်ပေ။ ချက်ချင်းသာ ထွက်ပြေးခဲ့၏။
၀မ်ရှစ်သားရဲလေးကောင် ထို၀က်ဝံကြီးနောက်သို့ လိုက်သွားခဲ့လေသည်။ စစ်သည်တော်များထံမှ လှံများ မြှားများကို ရှောင်ရှားရင်း ၀က်ဝံကြီး ၀မ်ရှစ်သားရဲလေးကောင်နှင့် တိုက်ခိုက်နေခဲ့ရ၏။ ထိုသို့နှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တဖြည်းဖြည်းပိုများလာခဲ့သည်။ လှံများနှင့် မြှားများမှာလည်း အဆိပ်သုတ်ထားသော လက်နက်များဖြစ်လေရာ ထိုအဆိပ်ကို သူခေတ္တတောင့်ခံနိုင်ပါသော်လည်း အချိန်ကြာလာသောအခါ သူတောင့်ခံနိုင်ဦးမည်လား ဆိုသည်ကိုတော့ မည်သူမှ မသိနိုင်ကြချေ။
“သတ်ပစ်” ၀မ်ရှစ်မျိုးနွယ်စုက စစ်သည်တစ်ယောက် ပြောလိုက်သည်။
နတ်ဆေးဆရာနှင့် မျိုးနွယ်စုခေါင်းဆောင်ပြောသော သူများကို သူတို့မတွေ့ခဲ့လျှင်တောင် ထိုသားရဲကြီးအား မျိုးနွယ်စုဆီသို့ ခေါ်သွားနိုင်ပါက မျိုးနွယ်စုခေါင်းဆောင် စိတ်ဖြေစရာတစ်ခု ရသွားလိမ့်မည်သာ။
“သတ်ကြ” တတိယအဖွဲ့မှ ခေါင်းဆောင် နောက်ဆုံးတွင် အမိန့်ပေးလိုက်တော့၏။ သူတို့သည် ဤတောထဲရှိ ကြမ်းကြုတ်သော သားရဲကြီးများကို ရန်မစချင်ပါသော်လည်း ယခုအခါတွင် ထိုသို့ ဒဏ်ရာရနေသော ၀က်ဝံတစ်ကောင်အား တွေ့ခဲ့ရသည်။ အခြားအဖွဲ့နှစ်ဖွဲ့မှ အဖွဲ့၀င်များ ဘာဖြစ်နေနေ သူတို့ကတော့ ထိုသားရဲအား ဖမ်းပစ်မည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြ၏။
“သတ်ကြ”
၀က်ဝံကြီး ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လိုက်ကြသောအခါ သူတို့လိုက်ဖမ်းဖို့ ပြင်လိုက်ကြသည်။ ထိုသို့သော သားရဲကြီးမျိုးကို တစ်ခါတစ်ရံမှသာ တွေ့နိုင်သည် ဖြစ်လေရာ ထိုကောင်အား ရအောင်သတ်ပစ်မည်ဟု သူတို့ဆုံးဖြတ်ထားကြ၏။
လူပေါင်းနှစ်ဆယ်ကျော်သည် အလျင်လိုနေခဲ့ကြသည်။ သူတို့သည် ဒုတိယအဖွဲ့မှ လက်ကျန်လူများနှင့်ပေါင်းပြီး ၀က်ဝံအား လိုက်ဖမ်းခဲ့ကြလေသည်။ ၊ထို၀က်ဝံအား အရင်သတ်ပြီးမှသာ တောထဲတွင် ပုန်းနေသော သူများကို လိုက်ရှာမည်ဟု သူတို့အစီအစဉ်ချခဲ့ကြ၏။
ရှောက်ရွှမ် သစ်ပင်တစ်ပင်ပေါ်တွင် ရပ်နေရင်း သစ်ရွက်များကြား၌ ပုန်းနေခဲ့သည်။ ၀က်ဝံအား လိုက်ဖမ်းနေသော လူများကို ကြည့်နေရင်း ကောင်းကင်အား ကြည့်လိုက်ကာ သူတိတ်တဆိတ်ပင် အချိန်မှတ်နေလိုက်၏။
တခဏအကြာတွင် ရှောက်ရွှမ် ထိုလူများ ပြေးသွားသော အရပ်ကို ကြည့်လိုက်သည်။
ထိုနေရာတွင် ထိုသူများ လိုက်ဖမ်းနေသော ၀က်ဝံအော်သံနှင့် မတူသော နောက်ထပ် ၀က်ဝံအော်သံတစ်ခုထွက်ပေါ်လာပြီး တောကြီးတစ်ခုလုံးအား တုန်ခါသွားစေခဲ့သည်။
ထို၀က်ဝံမျိုးများကို ဧရာမ၀က်ဝံ ဟုခေါ်ရခြင်းမှာ သူတို့၏ သုံးလေးမီတာရှည်သော အရပ်ကြောင့် မဟုတ်ကြပေ။ ထိုကောင်သည် ၀က်ဝံလေးတစ်ကောင်သာ ဖြစ်ပေသည်။ ယေဘုယျအားဖြင့်တော့ ထိုသို့သော ၀က်ဝံလေးမျိုးများတွင် သူတို့အား ကာကွယ်စောင့်ရှောက်နေတတ်သော ၀က်ဝံအမေကြီးများ ရှိတတ်ကြ၏။ ရှောက်ရွှမ် ပိုကြီးသော ၀က်ဝံခြေရာကြီးများကို တွေ့ခဲ့ဖူး၍ ထိုအကြောင်းသိနေခြင်း ဖြစ်သည်။
ထိုဧရာမ၀က်ဝံမျိုးများသည် ညဏ်ကောင်းရုံသာမက ကလဲ့စားချေရခြင်းကိုလည်း နှစ်သက်ကြသူများ ဖြစ်ကြ၏။ သူတို့ ကလဲ့စားချေသောအခါတွင် သားကောင်အား နောက်မှလိုက်၍ ရက်ရက်စက်စက် သတ်ဖြတ်တတ်ကြလေသည်။