မသိဘူး
Vol. 13 Ch. 195
လူအမြောက်အများ ထို၀က်ဝံအားဖမ်းရန် လိုက်ပါသွားခဲ့ကြပါသော်လည်း အချို့လူများမှာတော့ လိုက်မသွားခဲ့ကြပေ။ ထိုသို့သော သားရဲကြီးကို တိုက်ခိုက်မည့်အစား သူတို့သည် သူတို့အသက်လေးကိုသာ ပိုတန်ဖိုးထားကြသူများ ဖြစ်ကြ၏။ သူတို့ လိုက်သွားရန် အနည်းငယ်တွန့်ဆုတ်နေခဲ့ကြပါသော်လည်း ထိုလူများ လိုက်သွားသည့်ဘက်မှ ဟိန်းဟောက်သံကြီးကိုကြားလိုက်သောအခါ ၀က်ဝံကြီးနောက်သို့ လိုက်သွားသည့်သူများ ကံကြမ္မာဆိုးနှင့် ကြုံလိုက်ရပြီဟု သူတို့သိလိုက်ကြသည်။
ထို့ကြောင့်ပင် သူတို့ကိုယ်သူတို့ ကံကောင်းသည်ဟု တွေးလိုက်ကြပြီး သက်ပြင်းမောကြီးများ ချလိုက်မိကြ၏။
ထိုစဥ် ရှောက်ရွှမ် ကျန်ခဲ့သည့် သူများနားသို့ တိတ်တဆိတ်ချဉ်းကပ်သွားကာ သစ်ကိုင်းများ
နောက်မှ ခုန်ထွက်လိုက်ပြီး သူ့လက်ထဲရှိ ဓားနှင့် ခုတ်ပိုင်းပစ်လိုက်လေသည်။
အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရသည်ဖြစ်ရာ ဤနေရာတွင် နေကျန်ခဲ့သည့်လူများအားလုံး တခဏအတွင်းပင် သေဆုံးသွားခဲ့ရ၏။
ရှောက်ရွှမ် သေဆုံးသွားသော လက်ကျန်လူများကို အသံတိတ်ရေတွက်လိုက်ရင်း သူ့နောက်မှ တိတ်တဆိတ်ချဉ်းကပ်လာသော မြွေတစ်ကောင်ကို ဓားနှင့်ခုတ်ပိုင်းလိုက်သည်။
ထို့နောက်တွင်တော့ မြေပြင်ပေါ်တွင် ကျန်ခဲ့သော အလောင်းများနှင့် အပိုင်းပိုင်းပြတ်နေသော မြွေကို ဂရုမစိုက်တော့ဘဲ ရှောက်ရွှမ် ကြောက်စရာ၀က်ဝံကြီးရှိသော ဘက်သို့ ထွက်လာခဲ့တော့၏။
ထိုနေရာတွင် ၀က်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်တွင်
ကိုက်ဖဲ့ရာများနှင့် မြား လှံ များစွာ စိုက်နေခဲ့ကြသည်။ ထိုစဥ် ၀က်ဝံကြီးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း ၀မ်ရှစ်မျိုးနွယ်စုဘက်သို့ ကြည့်လိုက်ကာ အသံကျယ်ကြီးတစ်သံဖြင့် ဟိန်းဟောက်လိုက်၏။ ကြည့်ရသည်မှာ ထို၀က်ဝံကြီးသည် သူ့အမေအား “အမေ သူတို့သားကိုအနိုင်ကျင့်နေတယ်” ဟု လှမ်းတိုင်လိုက်သလိုပင် ဖြစ်သည်။
၀က်ဝံကြီး၏ မိခင် ကြောက်မက်ဖွယ်၀က်ဝံကြီးသည် ထိုတောအား သူ့အပိုင်တောဟု သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုအချိန်တွင် သူအတော်လေး ဒေါသထွက်နေကာ ရူးသွပ်လုမတတ်ခင် ဖြစ်နေခဲ့၏။ သူ့ဒေါသ အရှိန်အဝါအား အဝေးကြီးမှပင် ခံစားမိပေရာ အခြားသားရဲကြီးများသည် ခပ်ဝေးဝေးသို့ပင် ရှောင်ရှားနေခဲ့ကြသည်။ အသားစားငှက်အုပ်မှာပင် ဤနေရာ၌ မနေဝံ့တော့ဘဲ သူတို့အိမ်သို့ ပြန်သွားခဲ့ကြ၏။
၀မ်ရှစ်သားရဲတစ်ကောင်အား ကိုက်ဖြတ်ပြီးသည့်နောက် မိခင်၀က်ဝံကြီး၏ ပါးစပ်တွင် သွေးများ
ဖြင့် နီရဲနေလေသည်။ ၀မ်ရှစ်သားရဲများအား သေသည်အထိ ကိုက်ဖြတ်ခဲ့သောကြောင့် သူ့အစွယ်လေးချောင်းလုံးမှာလည်း သွေးများဖြင့် ချင်းချင်းနီနေခဲ့၏။ သွေးစက်များပင် ပါးစပ်မှ တပေါက်ပေါက် ကျနေလေသည်။ ထို့နောက် မိခင်၀က်ဝံ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ့ပါးစပ်မှသွေးများကို ၀မ်ရှစ်သားရဲများနှင့် ၀မ်ရှစ်မျိုးနွယ်စု၀င်များဘက်သို့ ထွေးထုတ်လိုက်၏။
မီးတောက်ဦးချိုမျိုးနွယ်စုပင် ထိုကဲ့သို့ ဒေါသထွက်နေသော ကြောက်မက်ဖွယ်၀က်ဝံကြီးနှင့် တွေ့ပါက ရှောင်သွားကြမည်သာ ဖြစ်သည်။
ယခုအခါတွင်မူ ၀မ်ရှစ်မျိုးနွယ်စုသည် ထို၀က်ဝံကြီး၏ ပစ်မှတ်ဖြစ်သွားခဲ့ရပြီး ပါလာသောအဖွဲ့မှလူအားလုံးနီးပါးပင် သေသည်အထိ ၀က်ဝံလက်ဖဝါးကြီးဖြင့် ရိုက်သတ်ခြင်းကို ခံခဲ့ရ၏။
“လူခွဲပြေးကြ” ခေါင်းဆောင် အော်ပြောလိုက်သည်။
ဤသားရဲများကျက်စားရာ တောထဲတွင် သားရဲကြီးတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို သူတို့အကြောက်ဆုံး ဖြစ်ကြ၏။ ယခုအချိန်တွင်တော့ သူတို့တွင် လူအင်အားများစွာပါလာလေရာ သာမန် သားရဲကြီးတစ်ကောင်ကောင် တွေ့ပါက ထိုကောင်အား သူတို့အနိုင်ယူနိုင်ပေသည်။ ကံကောင်းလျှင် ထိုသားရဲအား သတ်ပင်သတ်ပစ်နိုင်ဦးမည် ဖြစ်၏။ သို့သော် ယခုအခါ သူတို့ရှေ့ရှ်ိ ကြောက်မယ်ဖွယ်၀က်ဝံသားရဲမျိုးကြီးနှင့် ရင်ဆိုင်ရသောအခါမှာတော့ ပြေးရန်မှတစ်ပါး သူတို့၌ အခြားရွေးချယ်စရာ မရှ်ိခဲ့ကြချေ။
“ပြေးးးး”
ထိုသို့သော သားရဲကြီးမျိုး၏ လက်မှ ပြေးလွတ်ရန်မှာ သင်သည် ထိုမျှမြန်မြန်ပြေးနိုင်စရာ မလိုပေ။ သင့်အဖော်ထက် ပို၍ မြန်မြန်ပြေးနိုင်ရန်သာ လိုပေသည်။ ဤသဘောတရားကိုလည်း ၀မ်ရှစ်မျိုးနွယ်
စု၀င်များအားလုံး နားလည်ကြ၏။
ရှေ့ဆုံးမှ အမြန်ထွက်ပြေးသွားနိုင်ခဲ့သော စစ်သည်တော်တစ်ေယာက်သည် သူထိုမျှမြန်မြန်ပြေးနိုင်သောကြောင့် ကံကောင်းသွားရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူ့ခွန်အားသည် အခြားသူများထက် မသာပါသော်လည်း အမြန်နှုန်းတွင်တော့ ခေါင်းဆောင်များပင် သူ့ကို မှီနိုင်လိမ့်မည် မဟုတ်ချေ။
ထိုစစ်သည်တော် တောထဲမှ ဝေးရာသို့ အမြန်ထွက်ပြေးလာရင်း ကွင်းပြင်တစ်ခုသို့ရောက်သောအခါ ကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခု ရုတ်တရက်ထိုးဆင်းလာသည်ကို တွေ့လိုက်ရ၏။
စစ်သည်တော် သူ့ခန္ဓာကိုယ်ကို ကျောက်တုံးကြီးတစ်တုံးနှင့် ပစ်ပေါက်ခံရသလို ခံစားလိုက်ရပြီး ပြန်တုန့်ပြန်ရန်ပင် အချိန်မရှိခဲ့ပေ။
ဖူးးး
လက်သည်းများသည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားလေသည်။ သူ့ဘ၀၏ နောက်ဆုံးအသက်ရှူချိန်တွင်မူ ကောင်းကင်ပေါ်မှ ထိုးဆင်းလာသော ထိုသတ္တဝါကြီးကို သူမြင်ခဲ့ရ၏။
ကြောက်မက်ဖွယ်ဝက်၀ံကြီးလက်မှ လွတ်အောင် ပြေးလာပြီးနောက်မှ နောက်ထပ်သားရဲကြီးတစ်ကောင် လက်ထဲသို့ ကျရောက်သွားရလိမ့်မည်ဟု သူလုံး၀ထင်မထားခဲ့မိပေ။ အကယ်၍ သူ့မှာသာ အခွင့်အရေးနောက်တစ်ကြိမ် ရှိခဲ့ပါက သူဒီတောထဲသို့လာရန် ရွေးချယ်ခဲ့မိလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အကယ်၍ ဆိုသောအရာမှာ မရှ်ိချေ။
ဤသို့ဖြင့် ကြောက်မယ်ဖွယ်၀က်ဝံကြီးလက်မှ လွတ်ရန် နေရာခွဲ၍ ပြေးခဲ့ကြသော ၀မ်ရှစ်မျိုးနွယ်စု၀င်များသည် ကြိုစောင့်နေသော ရှောက်ရွှမ်နှင့် ချာချာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေတော့သည်။
…………
တစ်ရက်ကြာပြီးနောက်…
ဘန်းးး!
ကျောက်ဓားနှစ်ချောင်း တစ်ချောင်းနှင့် တစ်ချောင်း ထိပ်တိုက်တွေ့သွားခဲ့ပြီး ထိုကျောက်ဓားများ၏ အသွားများ ပဲ့ကြွေမသွားခဲ့ပါသော်လည်း ကျောက်မှုန်များတော့ ပြန့်ကျဲသွားခဲ့ကြ၏။
ရှောက်ရွှမ်၏ လက်မကြားတွင်မူ ဓားနှစ်ချောင်း ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ထွက်ပေါ်လာသည့် တုန်ခါမှုကြောင့် ဒဏ်ရာတစ်ခု ရသွားခဲ့ဧ။်။ သွေးများမှာလည်း ဓားရိုးတစ်လျှောက် စီးကျနေေလသည်။
ထိုစဉ် ကောင်းကင်မှ ပုံရိပ်တစ်ခုထွက်ပေါ်လာသောကြောင့် တစ်ဖက်လူသည် ရှောက်ရွှမ်နှင့် တိုက်ပွဲအား ခဏရပ်ကာ ထိုကောင်းကင်မှအရာကို တိုက်ခိုက်ရန် ပြင်လိုက်၏။
ရှောက်ရွှမ်မှာတော့ သူ့လက်မှ ဒဏ်ရာကို လစ်လျူရှုလိုက်ပြီး သူ့ခြေဖဝါးအား တစ်ချက်လှည့်လိုက်ကာ ထိုလူအား ဓားဖြင့် ခပ်ကြမ်းကြမ်း ခုတ်ချလိုက်သည်။
ထိုအခါ ဓားသွားနှင့် လေထုပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
ရှောက်ရွှမ် အရှေ့မှလူသည် အခုမှ ကောင်းကင်ပေါ်မှထိုးဆင်းလာသော ချာချာအား တိုက်ခိုက်ပြီးသည့်အချိန်တွင် ထိုကောင်လေး ထပ်မံတိုက်ခိုက်လာရာ အတော်လေး စိတ်ရှုပ်သွားခဲ့သည်။ ထိုကောင်လေးသည် အတော်လေး လျင်မြန်ဖြတ်လတ်ကာ ခွန်အား
ကြီးပြီး အတော်လေးလည်း ရက်စက်လှ၏။ သူတို့တောထဲသို့ ၀င်ခဲ့စဉ်က အဖွဲ့ငါးဖွဲ့ရှိခဲ့ကာ လူတစ်ရာကျော်နှင့် ၀မ်ရှစ်သားရဲ အကောင် ၂၀ ပါခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူတို့ထဲမှ လူပေါင်းမည်မျှ အသက်ရှင်ကျန်နေခဲ့ပါသနည်း။
ရှောက်ရွှမ် သူ့ရှေ့မှလူအား သုံးချက်မြောက် လေးချက်မြောက် ငါးချက်မြောက်ဟူ၍ မရပ်မနား တရစပ် ခုတ်ပိုင်းနေခဲ့၏။ ထိုလူ လုံး၀အနားယူချိန်မရအောင် သူနှောင့်ယှက်မည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ကောင်းကင်ပေါ်မှ ချာချာကိုလည်း ရရင်ရသလို အလစ်အငိုက်တိုက်ခိုက်ရန် သူမှာထားခဲ့၏။ ဤနည်းလမ်းဖြင့် ထိုလူအား သူအနိုင်ယူနိုင်မည့် အခွင့်အရေးကို တိုးမြှင့်ပေးပေလိမ့်မည်သာ။
ရှောက်ရွှမ် မရပ်မနားခုတ်ပိုင်းနေရမှုကြောင့် သူ့လက်မောင်းများ ကျိုးသွားတော့မလိုပင် ခံစားနေခဲ့ရသည်။ သို့သော်လည်း သူဆက်လက်၍ ခုတ်နေခဲ့၏။
“ကျောင်း~~”
လေပေါ်တွင် ချာချာတစ်ချက်အော်ဟစ်လိုက်ကာ ထိုလူဆီသို့ ထိုးဆင်းလာခဲ့သည်။
ထိုလူမှာလည်း ချာချာ့ လှုပ်ရှားမှုအား သတိပြုမိလေရာ ရှောက်ရွှမ်နှင့် ထိပ်တိုက်တိုက်ခိုက်နေရာမှ နောက်ဆုတ်သွားခဲ့၏။
ဤအချိန်သည် လှုပ်ရှားရန် အချိန်ပင်။
ရှောက်ရွှမ် သူ့ခါးအားတစ်ချက်လှုပ်လိုက်ပြီး ဓားဖြင့်ထိုးစိုက်မည့်အစား ထိုလူ့ဆီသို့ သူ့လက်ထဲရှိ ကျောက်ဓားဖြင့် ပစ်ပေါက်ချလိုက်သည်။
တစ်ဖက်လူ အမြန်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့
ဆီတိုး၀င်လာသော ဓားထိပ်ဖျားကို သူ့ဓားဖြင့် ကာကွယ်လိုက်သည်။
သို့သော်လည်း ရှောက်ရွှမ်မှာ ဓားဖြင့်ပစ်ပေါက်ပြီးလျှင် ပြီးချင်း ထိုလူ့ဆီသို့ ပြေးတက်သွားခဲ့ခြင်း ဖြစ်၏။ မြေပြင်အား အားယူ၍ ပြေးတက်သွားသောကြောင့် သူ့ခြေထောက်အောက်ရှိ မြေပြင် ချိုင့်ပင် ချိုင့်သွားခဲ့ရသည်။ ထို့နောက် ရှောက်ရွှမ် သူပေါက်လိုက်ပြီး တစ်ဖက်လူ ဓားဖြင့်ခံ၍တားဆီးခြင်းအား ခံလိုက်ရသော ဓားကိုကိုင်၍ ထိုလူအား ခုတ်ပိုင်းပစ်လိုက်၏။
ထိုအချိန်တွင် တစ်ဖက်လူမှာလည်း သူ့ဆီသို့ပြေးတက်လာသော ရှောက်ရွှမ်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည့်အချိန်ဖြစ်သည်။ သို့သော် ရှောက်ရွှမ် ဂရုမစိုက်တော့ချေ။ သူ့ဆီသို့ဘယ်ဘက်မှ၀င်လာသော ဓားကိုလျစ်လျူရှုထားပြီး ညာဘက်မှဓားကိုသာကိုင်၍ ခုတ်ပိုင်းပစ်လိုက်ခြင်း ဖြစ်၏။ သူ့လက်တွင်ဒဏ်ရာများရှိနေပြီး သူ့လက်မောင်းရိုးမှာလည်း ကျိုးကြေလုမတတ် ဖြစ်နေပါသော်လည်း ရှောက်ရွှမ် သူ့အမဲ
လိုက်သက်တမ်းတစ်လျှောက်လုံးတွင် အမြန်ဆုံးဟု ပြောရလောက်မည်ဖြစ်သော အလျင်ဖြင့် ဓားကိုခုတ်ပိုင်းပစ်လိုက်ခြင်း ဖြစ်သည်။
ဖူးးး!
ထိုလူ့လည်ပင်းမှ သွေးများ ပန်းထွက်လာခဲ့၏။
ထိုလူခုတ်ပိုင်းလိုက်သောဓားချက်ကိုမူ ရှောက်ရွှမ်ကိုယ်ကို အနည်းငယ်နောက်တွန့်၍ ရှောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ထိုခုတ်ချက်မှာ သူ့လည်ပင်းအားထိရမည့်အစား သူ့ရင်ဘတ်ကိုသာ တိုက်ရိုက်ခုတ်ပိုင်းမိသွားခဲ့၏။
တစ်ဖက်လူများ လဲကျမသွားမီတွင်မျက်လုံးများ ပြူးကျယ်နေကာ သူဓားချက်ပေါင်းများစွာ ထိုကောင်လေးအားခုတ်ပိုင်းခဲ့ပါသော်လည်း ထိုကောင်
လေးကိုယ်ပေါ်တွင် အဘယ်ကြောင့် ဘာဒဏ်ရာမှ ရှိမနေသလဲ ဟုအံ့ဩမိနေလေသည်။
ရှောက်ရွှမ် မြေပြင်ပေါ်တွင် လဲကျနေပြီး အသက်မရှူတော့သော လူကြီးကိုတစ်ချက်ပြန်ကြည့်လိုက်ကာ သူ့ကျောက်ဓားမှ သွေးများကိုသုတ်ရန် ပြင်လိုက်၏။
ထိုမြေပြင်ပေါ်မှလူသည် တောထဲသို့၀င်လာသော ၀မ်ရှစ်မျိုးနွယ်စုအဖွဲ့များထဲမှ လေးခုမြောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အရင်ရှောက်ရွှမ်သတ်ခဲ့သောသူများနှင့် မတူသည်မှာ ထိုလူသည် အကြီးတန်းနတ်စစ်သည်တော်ဖြစ်ခြင်း ဖြစ်၏။ သို့သော် ကြောက်မက်ဖွယ်၀က်ဝံကြီး၏ကျေးဇူးကြောင့် သူ့တိုက်ကွက်များမှာ အလွန်အားပျော့နေ၍သာ ရှောက်ရွှမ်ထိုလူ့အား ခက်ခက်ခဲခဲသတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
၀မ်ရှစ်မျိုးနွယ်စုသည် စိတ်သဘောထားမ
ကောင်းမွန်သော မျိုးနွယ်စုတစ်ခုဖြစ်ပါသော်လည်း မျိုးနွယ်စုဝင်များမှာတော့ ဗဟိုဒေသတွင်ပင် အတော်ေလးအားကောင်းသော အစုအဖွဲ့ဟု သတ်မှတ်၍ရသူများ ဖြစ်ကြ၏။ အငယ်တန်းနတ်စစ်သည်တော်များနှင့် ယှဉ်လျှင် ထိုမျိုးနွယ်စု၏ အကြီးတန်းနတ်စစ်သည်တော်များမှာ အတော်လေးရင်ဆိုင်ရန် ခက်ခဲကြသူများ ဖြစ်ကြပေသည်။
ရှောက်ရွှမ်၏ ခြေလက်လေးဖက်လုံးတွင် ဒဏ်ရာများ ရှိနေကြ၏။ သားရဲသားရေဖြင့်ကာထားသော ခါးမှဒူး အထိတွင်သာ ကြီးကြီးမားမားသွေးထွက်နေသော ဒဏ်ရာမျိုးရှိမနေခြင်းဖြစ်သည်။(ကံကောင်းလို့ပါလား)
ခုနက တိုက်ပွဲမှ တစ်ဖက်လူခုတ်ပိုင်းခဲ့သော နောက်ဆုံးဓားချက်မှာလည်း ရှောက်ရွှမ်အား ဒဏ်ရာရသွားစေခဲ့ခြင်းမျိုး မရှိခဲ့ပေ။
ရှောက်ရွှမ် သူ့သားရေ၀တ်စုံအား ချွတ်လိုက်ကာ အတွင်းထဲရှိ အတွင်း၀တ်အင်္ကျီအား ပြန်ကြည့်
လိုက်၏။ ထိုအင်္ကျီသည် အရေလဲထားေသာ အထူးပိုးေကာင်အရေခွံမှချုပ်ထားခြင်း ဖြစ်ပြီး ထိုအရေခွံအား သူချာချာနောက်သို့လိုက်ရင်း လင်းယုန်တောင်ပေါ်မှ ရခဲ့ခြင်းဖြစ်သည်။ ထိုအင်္ကျီသည် သူ့အား အန္တရာယ်ရှိသော တိုက်ကွက်များရန်မှ ကာကွယ်ပေးခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုအင်္ကျီသည် သူ့အား ပြင်ပဒဏ်ရာများမှသာ ကာကွယ်ပေးခဲ့ခြင်း ဖြစ်ပြီး အတွင်းဒဏ်ရာများကိုတော့ ကာကွယ်မပေးနိုင်ပေ။ ယခုအချိန်တွင် သူ့တွင်အပြင်ဒဏ်ရာထိုမျှမရှိပါသော်လည်း သူ့နံရိုးပေါင်းများစွာမှာတော့ ကျိုးနေခဲ့ပြီ မဟုတ်ပါလား။
မြေပြင်ပေါ်မှလူကို တိတ်တဆိတ်ကြည့်နေလိုက်ရင်း ရှောက်ရွှမ် နှစ်ရက်ကြာ သွေးလွှမ်းတိုက်ပွဲအတွင်းသူ့တွင် အတွင်းဒဏ်ရာများစွာ ရခဲ့သည်ကို စဉ်းစားနေမိသည်။ ထိုတိုက်ပွဲအပြီးတွင် ရှောက်ရွှမ် သူထိုမျှမသန်မာသေးသည်ကို သိရှိသွားပြီး မည်သူ့ကိုမှ အထင်သေး၍မရကြောင်းကိုလည်း နားလည်သွားခဲ့၏။ အကယ်၍ ဤနေရာတွင်သာ အကြီးတန်းနတ်
စစ်သည်တော်နှစ်ယောက်ထက်သာ ပိုရှိနေပါက တိုက်ပွဲရလဒ်သည် တစ်မျိုးပြောင်းသွားနိုင်ပေသည်။
လေထုထဲတွင် သွေးနံ့များ မွှန်ထူနေလေသည်။ ရှောက်ရွှမ် သူ့လက်မောင်းရှိဒဏ်ရာအား ကိုင်ကြည့်လိုက်ပြီး ကောင်းကင်အားတစ်ချက်ကြည့်လိုက်ကာ တောထဲ ပြန်၀င်သွားလိုက်၏။
ထိုတောထဲ၌ လူတစ်ချို့ အသက်ရှင်လျက်ရှိနေကြသေးသည်။
ရှောက်ရွှမ် ဝေးဝေးမသွားရသေးခင်တွင်ပင် ၀မ်ရှစ်မျိုးနွယ်စုမှ နေရာခွဲ၍ ပြေးနေကြသော လူများအား တွေ့လိုက်ရ၏။ ရှောက်ရွှမ် သူ့ကျောက်ဓားအားကိုင်ကာ ထိုလူများဆီသို့ ပြေး၀င်သွားလိုက်လေတော့သည်။
တစ်ယောက် နှစ်ယောက် သုံးယောက်……
ရှောက်ရွှမ် နှစ်ရက်နှင့်တစ်ညလုံးလုံး တိုက်ခိုက်နေခဲ့ရခြင်းဖြစ်၏။ အကယ်၍ သူ့ခန္ဓာကိုယ်သာထိုမျှသန်မာမနေပါက သူအခုချိန်ထိ တောင့်ခံနေနိုင်မည် မဟုတ်ပေ။
နေမင်းကြီးသည် တောင်၏တစ်ဖက်ခြမ်းသို့ ပြန်၀င်သွားတော့မည့်အချိန်တွင် ရှောက်ရွှမ်တစ်ကိုယ်လုံးသွေးများဖြင့် စိုရွှဲနေခဲ့ပြီး သူ့ဓားအားသယ်ကာ ဘိုးဘွားပိုင်မြေရှိသောအရပ်သို့ ပြန်သွားခဲ့လေသည်။
သူ့ဘိုးဘေးများချန်ခဲ့သောဓားသည် အရည်အသွေးမြင့်ကျောက်သားဖြင့် ပြုလုပ်ထားသော ဓားဖြစ်၏။ သို့သော် တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ပြီးသည့်နောက် ထိုဓားပေါ်တွင် ထင်ရှားသောအမှတ်အသားများစွာပင် ကျန်နေခဲ့လေသည်။ ထို့ကြောင့် ရှောက်ရွှမ်ထိုဓားအား ထက်ရှနေသည်အထိ ပြန်သွေးရန် ဓားသွေးကျောက်တုံးတစ်တုံးရှာ
ရန် စီစဉ်ခဲ့၏။
လေထဲတွင်တော့ ချာချာပတ်၀န်းကျင်အား သတိထား၍ စောင့်ကြည့်နေခဲ့သည်။ တောထဲရှိလူအများစုကို သူတို့သတ်ခဲ့ပြီးဖြစ်သော်လည်း ဂရုစိုက်ရန်လိုနေဆဲပင်။ ယခုအချိန်တွင် ရှောက်ရွှမ် စွမ်းအင်လုံး၀ပင် ကုန်ခမ်းနေပြီ မဟုတ်ပါလား။
ရှောက်ရွှမ် သူ့အနားရှိ ကျောက်တုံးကြီးတစ်တုံးအား ကြည့်နေရင်း ထိုကျောက်တုံးကြီးဆီသို့သွားကာ ကျောက်တုံးပေါ်ရှိ ရေညှိများကို သွေးများဖြင့်ပေကျံနေသော သူ့လက်များဖြင့် ခြစ်ပစ်လိုက်သည်။ ထို့နောက်တွင်တော့ သူလက်ဖဝါးကို ကျောက်တုံးပေါ်ရှိ မီးတောက်ဦးချို ဟူသော စာလုံးပေါ်တွင် တင်ထားလိုက်၏။
သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ ရှောက်ရွှမ် သူ့လက်အား ပြန်ရုတ်လိုက်လေသည်။ ထို့နောက် ချာချာပစ်ပေးသော သစ်သီးတစ်လုံးအားစားကာ
ခြောက်သွေ့နေသောသူ့လည်ချောင်းကို အစိုဓာတ်ပေးလိုက်၏။ သူ့ဒဏ်ရာများကို ကုသရန်ဆေးပင်တစ်ချို့လည်း သူရှာဖွေခဲ့သည်။ သူ့ရင်ဘတ်နှင့် ၀မ်းဗိုက်ကို ပွတ်ကြည့်မိချိန်မှာတော့ သူ့အတွင်းဒဏ်ရာများ မည်မျှပြင်းနေသည်ကို ရှောက်ရွှမ် အံ့ဩသင့်စွာပင် သိလိုက်ရ၏။
ထို့နောက် ပတ်၀န်းကျင်အား တစ်ချက်ကြည့်လိုက်ကာ ရှောက်ရွှမ် ဘိုးဘွားပိုင်ေမြအလယ်ဗဟိုရှိ မီးဖိုကြီးရှိရာအရပ်ဆီသို့ ထွက်ခွာလာခဲ့လေသည်။
………
၀မ်ရှစ်မျိုးနွယ်စုခေါင်းဆောင် နယ်စပ်တွင်ရပ်နေရင်း တောထဲသို့ စိုးရိမ်တကြီးလှမ်းကြည့်နေခဲ့၏။ သူ့ဘေးတွင်တော့ နတ်ဆေးဆရာမှာ စိတ်ဖိစီးနေသည့်ပုံစံဖြင့် တိတ်တဆိတ်ပင် ရပ်နေလေသည်။
မနေ့ကတည်းက တောထဲသို့လွှတ်လိုက်သော သူတို့မျိူနွယ်စုဝင်များ တစ်ယောက်ပြီးတစ်ယောက်ပြန်လာခဲ့၏။ ပြန်လာသော သူအားလုံးမှာ ဒဏ်ရာကိုယ်စီရထားကြပြီး အတော်လေးလည်း စိတ်ဓာတ်ကျနေပုံ ရကြသည်။ သူတို့၌ မည်သည့်အသုံး၀င်မည့်သတင်းမှလည်း ပါမလာခဲ့ကြချေ။
ပြန်လာခဲ့သောလူတစ်ချို့မှာ ကြောက်မက်ဖွယ်သားရဲကြီးများ၏ တိုက်ခိုက်ခြင်းအား ခံခဲ့ရသည်ဟုပြောကြ၏။ တစ်ချို့မှာတော့ တောထဲတွင်ပုန်းအောင်းနေသော တစ်စုံတစ်ခုက နောက်မှလိုက်၍ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ပြောနေကြသည်။ သူတို့ဘာအကြောင်းကြောင့် ဒဏ်ရာများရလာခဲ့သည်ကို သေချာမသိကြပါသော်လည်း ပြန်လာခဲ့သော ၀မ်ရှစ်မျိုးနွယ်စုများမှာ အတော်လေး ကြောက်ရွံ့နေခဲ့ကြ၏။ မျိုးနွယ်စုစစ်ပွဲ၌ အခြားမျိုးနွယ်စုများကို အနိုင်ရခဲ့၍ ပျော်ရွှင်နေသော သူတို့၏ ပျော်ရွှင်မှုများမှာ ယခုအခါ ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ဆုံးသွားခဲ့ရသည်။
သူ့ရှေ့တွင် ကြောက်လန့်တကြားရပ်နေသောသူအား တောထဲမှ နောက်ဆုံးပြန်လာသောသူကို ခေါ်လာရန် ခေါင်းဆောင် အမိန့်ပေးလိုက်၏။
“လူဘယ်နှစ်ယောက်ပြန်လာလဲ” နတ်ဆေးဆရာ မေးလိုက်၏။
“ခြောက်ယောက်” ခေါင်းဆောင် ဒေါသထွက်နေသည့်ပုံဖြင့် ဖြေလိုက်သည်။
တောထဲသို့ လူပေါင်းတစ်ရာကျော်၀င်သွားခဲ့ပါသော်လည်း ပြန်လာခဲ့သည်မှာ ခြောက်ယောက်ထဲသာ ဖြစ်နေ၏။
၀မ်ရှစ်သားရဲများလည်း တစ်ကောင်မှ ပြန်မလာခဲ့ကြပေ။
တောထဲမှ နောက်ဆုံးပြန်လာသောသူ ရောက်လာသောအခါ ခေါင်းဆောင်ထိုလူ့ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်၏။
ခေါင်းဆောင်မျက်နှာအား မြင်သောအခါ ထိုလူ ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့ရသည်။ တောထဲတွင်လည်း အလွန်ကြောက်လန့်ခဲ့ရပြီး ယခုအခါတွင်လည်း ဒေါသထွက်နေသောခေါင်းဆောင်၏ မျက်နှာအားမြင်လိုက်ရသောအခါ သူအတော်လေးပင် ကြောက်လန့်နေခဲ့၏။
ခေါင်းဆောင်ထိုလူ့၏ ကြောက်လန့်နေမှုအား ဂရုမစိုက်ဘဲ မေးလိုက်သည်။ သူ့မေးခွန်းများမှာ အရင်တောထဲမှပြန်လာသူများအား မေးသည့်မေးခွန်းများပင် ဖြစ်၏။ သို့သော် သူတို့အဖြေများမှာတော့ အတူတူသာ ဖြစ်နေကြသည်။
ရန်သူကဘယ်သူလဲ?
အာ မသိဘူးဗျ
ရန်သူကဘာနဲ့တူလဲ?
အာ မသိဘူးဗျ
တောထဲသို့ စစ်သည်ပေါင်း ၁၀၀ ကျော်၀င်သွားခဲ့ပါသော်လည်း ဆယ်ယောက်ထက်နည်းသောပမာဏသာ ပြန်လာနိုင်ခဲ့ကြသည်။ ပိုဆိုးသည်မှာ ထိုပြန်လာသူများသည် သူတို့ရန်သူမှာ လူလား သားရဲလားဆိုသည်ကိုပင် သိမလာခဲ့ကြပေ။
ခေါင်းဆောင်အတော်လေးဒေါသထွက်လာခဲ့ပြီး သူ့ရှေ့မှလူအား ဆောင့်ကန်ပစ်လိုက်၏။
ထို့နောက် သူ့ရှေ့တွင် ဒူးထောက်နေသောထိုလူအား သူ့အရှေ့မှထွက်သွားရန် မောင်းထုတ်ပစ်လိုက်လေ
သည်။