မိုးမျိုးနွယ်စု၊ ယန်ဆွေ့
Vol. 14 Ch. 196
ထိုရှာဖွေမှုပြီးသည့်နောက် ၀မ်ရှစ်မျိုးနွယ်စုသည် တခဏတော့ တောထဲသို့၀င်ရောက်ခြင်း မပြုကြတော့ပေ။ သို့သော် တောစပ်တွင်တော့ အစောင့်များ ချထားကြ၏။ ထိုအချိန်တွင် ၀မ်ရှစ်မျိုးနွယ်စုမှလွဲ၍ တောထဲသို့၀င်မည့် မည်သူ့ကိုမဆို သူတို့သတိထားစစ်ဆေးနေကြသည်။ ၀မ်ရှစ်မျိုးနွယ်စုသည်တော့ သေချာမပြင်ဆင်မပြီးမခြင်း ထိုတောထဲသို့ မည်သည့်စစ်သည်ကိုမှ ပို့တော့မည် မဟုတ်ပေ။
ဤသည်မှာ နတ်ဆေးဆရာနှင့် မျိုးနွယ်စုခေါင်းဆောင် အချိန်အတော်ကြာဆွေးနွေးပြီးမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက် ဖြစ်၏။ ထိုသားရဲတောကြီးသည် သူတို့အား ထိုမျှကြောက်လန့်စေနေသည်ကို မကြိုက်ပါသော်လည်း ကြောက်စရာကောင်းနေသည်ကိုတော့ သူတို့လက်ခံနေရပြီး ထိုတောထဲမှအရာသည်သူတို့မျိုးနွယ်စုအား ကြီးကြီးမားမားလာမခြိမ်းခြောက်နိုင်သရွေ့ ထိုအရာ
အား လစ်လျူရှုထားမည်ဟု သူတို့ဆုံးဖြတ်ချက်ချခဲ့ကြသည်။
သို့သော် အခြေအနေများပိုပြီးတည်ငြိမ်သွားလျှင်တော့ ထိုအရာကိုသူတို့နောက်တစ်ကြိမ်ထပ်ပြီး စုံစမ်းကြမည်သာ။
၀မ်ရှစ်မျိုးနွယ်စုမှလူများ သားရဲတောကြီးအကြောင်းဆွေးနွေးပြောဆိုနေကြချိန်တွင် ဒဏ်ရာများနှင့်ရှောက်ရွှမ် ဘိုးဘွားပိုင်မြေအလယ်နေရာသို့ ရောက်ရှိလာခဲ့ပြီး မီးဖိုကြီးဆီသို့ သွားနေခဲ့သည်။
သို့သော် သွားနေရင်း နှစ်စက္ကန့်မျှကြာသောအခါ သူရပ်လိုက်ပြီး နေရာတစ်ခုသို့ စိုက်ကြည့်နေလိုက်၏။
“မင်းဖာသာထွက်လာမှာလား ငါမင်းကိုအဲ့နေရာကဆွဲထုတ်ရမလား”
ရှောက်ရွှမ်စကားဆုံးသောအခါ ခြုံနွယ်များနောက်မှ ခေါင်းတစ်ခေါင်းပေါ်လာလေသည်။
“ငါ ငါ ငါ့ဖာသာထွက်လာခဲ့ပါ့မယ်”
ထိုခေါင်းပိုင်ရှင်သည် စိတ်ညစ်နေဟန်ရသော ခပ်ပိန်ပိန်လူငယ်လေးတစ်ယောက် ဖြစ်၏။ သူတိရစ္ဆာန်သားရေ၀တ်စုံတွင်လည်း အပေါက် အပြဲများနှင့် ပြည့်နေပြီး ထိုအပေါက်အပြဲများသည် ဓားကြောင့်ဖြစ်သောအပေါက်အပြဲများဆိုသည်မှာလည်း သိသာနေပေသည်။
ထိုလူ ရှောက်ရွှမ်လက်ထဲမှဓားကိုကြည့်လိုက်ရင်း ဖျစ်ညှစ်ပြုံးပြလိုက်၏။
“ငါ့မှာ ဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိပါဘူး ငါမင်းအတွက် ၀မ်ရှစ်မျိုးနွယ်စု ၈ယောက်ကိုတောင်
ကူသတ်ခဲ့သေးတယ်”
“ငါမြင်တာတော့ လေးယောက်ထဲပါ” ရှောက်ရွှမ် လူစိမ်းအား စိုက်ကြည့်လိုက်သည်။ ထိုလူ့တွင် အမှန်တကယ်ပင် သတ်ဖြတ်လိုစိတ်များ ရှိမနေချေ။
ထိုလူ အံ့ဩသင့်သွားမိသည်။ ရှောက်ရွှမ် ၀မ်ရှစ်မျိုးနွယ်စုများအား သတ်နေစဉ်တွင် သူသတ်ပြီးသော လူများကိုလည်းအသေးစိတ် ရေတွက်ထားလိမ့်မည်ဟု သူမထင်ခဲ့ပေ။ “မင်းမမြင်ဘဲ ကျန်ခဲ့တာတွေ ရှိတယ်” ဟု သူညာဖို့ပြင်လိုက်ပါသော်လည်း ရှောက်ရွှမ်အကြည့်ကို မြင်လိုက်သောအခါ သူအမှန်အတိုင်းပြောရန်သာ ဆုံးဖြတ်လိုက်၏။ “ဟုတ်ပါတယ် ငါသတ်ခဲ့တာလေးယောက်ထဲရယ် ဒီနေရာကိုလည်း ၀မ်ရှစ်မျိုးနွယ်စုက အတင်းလိုက်ဖမ်းနေလို့ ပြေးလာခဲ့ရတာပါ”
ရှောက်ရွှမ်ဘာမှ ပြန်မပြောခဲ့ပေ။
လူစိမ်း ရှောက်ရွှမ်ဆီသို့ ခြေနှစ်လှမ်း လှမ်းလာလိုက်သော်လည်း ၂မီတာလောက်ဝေးသော နေရာတွင် ရပ်တန့်လိုက်၏။
သူရှေ့သို့ လှမ်းလိုက်သည်နှင့် ကောင်းကင်ပေါ်မှချာချာဆင်းသက်လာခဲ့ပြီး ရှောက်ရွှမ်ဘေးတွင် ရပ်လိုက်ကာ သူ့အတောင်ကြီးများကိုဖြန့်ကားရင်း လူစိမ်းအား စူးရဲသော လင်းယုန်မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ရှောက်ရွှမ် ချာချာအား စိတ်အေးအေးထားရန် ပြောလိုက်၏။ “ဘာမှမဖြစ်ပါဘူး ချာချာ”
ချာချာ့၏ ကြောက်မက်ဖွယ်အသွင်အပြင်မှာ လူစိမ်းအား ကြောက်လန့်သွားစေခဲ့ပြီး ကြောက်လန့်တကြားနောက်ပြန်ဆုတ်ကာ ခြုံနွယ်များနောက်သို့ပင် ပြန်သွားပုန်းနေစေခဲ့လေသည်။ ချာချာ ကောင်းကင်ပေါ်ပြန်တက်သွားသောအခါမှ
သာ သူပြန်ထွက်လာရဲခဲ့ပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်၏။
“မိုးမျိုးနွယ်စုက ယန်ဆွေ့ပါ”
ရှောက်ရွှမ် လူစိမ်းအား သူ့မျက်နှာပေါ်မှအပြုံးတောင့်တင်းလာသည်အထိ စိုက်ကြည့်နေခဲ့သည်။
ထို့နောက်မှ သူပြန်မိတ်ဆက်လိုက်၏။ “မီးတောက်ဦးချိုမျိုးနွယ်စုက ရှောက်ရွှမ်ပါ”
“မီးတောက်ဦးချိုမျိုးနွယ်စုလား” ဤနေရာရှိ ကျောက်တုံးများပေါ်တွင် ရေးထားသောနာမည်ကို ပြန်မှတ်မိသွားပြီး ယန်ဆွေ့အံအားသင့်သွားမှုကြောင့် ပါးစပ်ပင် မစိနိုင်ဖြစ်သွားခဲ့ရသည်။
မီးတောက်ဦးချိုမျိုးနွယ်စု။ ထိုမျိုးနွယ်စုသည် ဤတောထဲတွင် တည်ရှိခဲ့သော မျိုးနွယ်စုကြီးတစ်ခု
ဖြစ်၏။ သို့သော် ထိုမျိုးနွယ်စုသည် ပျက်သုဉ်းသွားခဲ့တာ နှစ်ပေါင်းထောင်ချီပင် ကြာမြင့်နေပြီ မဟုတ်ပါလော။
ရှောက်ရွှမ်တစ်ဖက်လူ၏ အမူအရာအား ကြည့်နေရင်း ထိုလူ့မျက်နှာပေါ်တွင် နတ်အမှတ်အသားများပေါ်ပေါက်လာသောကြောင့် သူ့လက်ထဲရှိဓားအား မြှောက်ကာ ထိုလူ့ဘက်သို့ ချိန်ထားလိုက်သည်။ သူ့တွင် ဒဏ်ရာအများအပြားရှိနေပါသော်လည်း လုံး၀ ခွန်အားမရှိတော့သည့် အခြေအနေမျိုးတော့ ဟုတ်မနေချေ။ ထို့အပြင် တစ်ဖက်လူမှာလည်း ထိုမျှသန်မာသောစစ်သည်တော်မျိုး ဟုတ်ဟန်ပေါ်မနေပေ။
“မဟုတ်ဘူး မဟုတ်ဘူး နေပါဦး ငါကဒီတိုင်းကြည့်လိုက်ရုံလေးပါ” ယန်ဆွေ့အလောတကြီး ရှင်းပြလိုက်သည်။
ယန်ဆွေ့မျက်နှာပေါ်တွင် ဒေါင်လိုက်မျဉ်းတိုများ ပေါ်လာခဲ့ခြင်းဖြစ်ပြီး ထိုအရာသည် မိုးမျိုးနွယ်စု၏
နတ်အမှတ်အသားဖြစ်ပုံပေါ်၏။ သို့သော် သူ့နှဖူးပေါ်တွင်တော့ အလျားလိုက်မျဉ်းတစ်ကြောင်း ရှိနေလေသည်။
မျက်လုံးထဲရှိ မျက်ဆံများသည်လည်း ဒေါင်လိုက်မျဉ်းတစ်ကြောင်းသဏ္ဍာန်သာဖြစ်ပြီး နတ်အမှတ်အသားပေါ်လာသောအခါ ထိုမျဉ်းများမှာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့ကြ၏။
“မဖြစ်နိုင်တာ မင်းကတကယ်ပဲ မီးတောက်ဦးချိုမျိုးနွယ်စုကလား” ယန်ဆွေ့၌ သံသယများစွာ ရှိနေပေသည်။
“ဒီနေရာမှာ မီးမျိုးစေ့လည်း မရှိဘူး နောက်ပြီး မီးတောက်ဦးချိုမျိုးနွယ်စုကရှိသေးတယ်လို့လည်း မကြားဖူးပါဘူး”
(English T/N စာဖတ်သူတွေက မီးတောက်ဦးချိုမျိုးနွယ်စုက မျိုးနွယ်စုမီးတောက်နဲ့ပတ်သက်ပြီး
ရောထွေးနေကြလို့ ဒီနေရာကစပြီး မျိုးနွယ်စုမီးတောက်အစား မီးမျိုးစေ့လို့ပဲ သုံးပါတော့မယ်)
မီးမျိုးစေ့မရှိလျှင် မျိုးဆက်များကျန်နေမည်ဆိုလျှင်တောင်မှ ထိုမျိုးဆက်များသည် လေလွင့်သူများသာ ဖြစ်လာကြမည်ဖြစ်ပြီး အချို့ဆိုလျှင် အခြားမျိုးနွယ်စုသို့ဝင်သွားကာ ထိုမျိုးနွယ်စုဝင်အဖြစ်ပင် ခံယူသွားကြရပေလိမ့်မည်။ သို့သော်လည်း သူ့အရှေ့မှလူမှာတော့ သူ့ကိုယ်သူမီးတောက်ဦးချိုမျိုးနွယ်စုမှဟု ပြောနေေလသည်။ ထို့အပြင် ထိုလူသည် နတ်စစ်သည်တော်ဖြစ်သည်မှာလည်း သေချာနေပြီး ထိုအကြောင်းကြောင့်ပင် သူသံသယ၀င်နေရခြင်း ဖြစ်၏။
တစ်နေ့က ယန်ဆွေ့ တောထဲမှ မီးမျိုးစေ့စွမ်းအင်အတက်အကျအား ခံစားမိခဲ့သည်။ သို့သော် ထိုတစ်ညသာသူခံစားမိခဲ့ခြင်းဖြစ်ပြီး နောက်တစ်နေ့တွင် သူထိုအရာအား မခံစားမိတော့ချေ။ ဖြစ်နိုင်သည်မှာ သူ့စွမ်းအင်မလုံလောက်၍ သူမခံစားမိတော့သည်
လော။ ယန်ဆွေ့ ပဟေဠိဖြစ်နေခဲ့၏။
ရှောက်ရွှမ် မလှုပ်မရှားထိုနေရာ၌သာ ရပ်နေခဲ့ပြီး ယန်ဆွေ့ပြောသော မီးမျိုးေစ့လည်းမရှိဘူး ဆိုသော စကားကိုသာ တွေးနေမိသည်။ သိသာစွာပင် မီးဖိုကြီးအောက်ရှိ မီးတောက်အမြစ်များအား ယန်ဆွေ့ သတိမပြုမိခဲ့ပေ။
ဖြစ်နိုင်သည်မှာ ထို့ကြောင့်ပင် ထိုအမြစ်များသည် နှစ်ပေါင်းထောင်ချီကြာသည်အထိ မပျောက်ပျက်ဘဲဤနေရာ၌ ရှိနေခဲ့ခြင်း ဖြစ်ရပေမည်။ မည်သူမှ ထိုအရာတည်ရှိနေမှုအား သတိမထားခဲ့မိ၍သာ ဖျက်ဆီးမခံရဘဲ ဆက်လက်တည်ရှိနေခဲ့ခြင်း ဖြစ်နိုင်၏။
“မင်းကနတ်ဆေးဆရာလား” ယန်ဆွေ့ အမွေဆက်ဆံခြင်းအစွမ်းအား အသုံးပြုနေခဲ့သည်ကို ရှောက်ရွှမ်သိနေလေသည်။
“ဟုတ်ပါတယ် မင်းဘယ်လိုလုပ်သိလဲ ဖြစ်နိုင်တာက မင်းလည်း နတ်ဆေးဆရာလား” ယန်ဆွေ့ရှောက်ရွှမ်အား အံ့ဩတကြီးကြည့်လိုက်မိသည်။
“မဟုတ်ပါဘူး”
ရှောက်ရွှမ် ဘာမှဆက်မပြောတော့ဘဲ ကျောက်တိုင်ကြီးတစ်တိုင်အား ကျောမှီ၍ထိုင်လိုက်ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး လက်ဟန်သင်္ကေတတစ်ခု ပြလိုက်၏။
ကောင်းကင်ပေါ်တွင် ချာချာတစ်ချက်အော်ဟစ်လိုက်ကာ ပျံသန်းသွားပြီး တခဏအကြာတွင်တော့ သစ်ရွက်များဖြင့်ထုပ်ထားသော အထုပ်တစ်ခုအား ရှောက်ရွှမ်ဆီ ပစ်ချပေးလိုက်သည်။
အထုပ်အား ဖမ်းလိုက်ပြီး အထုပ်ပေါ်ရှိမြက်ကြိုးများအား ဖြည်လိုက်လေရော သစ်ရွက်များထဲမှ အေး
စက်နေသောအသားကင်များ ထွက်ပေါ်လာခဲ့၏။
ထိုအသားသည် သူအရင်ကကင်ထားခဲ့သောအသားဖြစ်ပြီး ကုန်အောင်မစားရသေးဘဲ ကျန်နေခဲ့သောအသားကင်ဖြစ်သည်။
ချာချာဖမ်းလာခဲ့သော သားရဲကြီးတစ်ကောင်အား ကင်ထားသောအသားကင်ဖြစ်ပြီး သားရဲသည်ထိုမျှအားကောင်းသောကောင်မဟုတ်ပါသော်လည်း သာမန်သားကောင်များထက်တော့ ပိုကောင်းသောအသားဖြစ်ပေသည်။
အသားကင်အားစားလိုက်ပြီး ရေအနည်းငယ်သောက်လိုက်ပြီးသည့်နောက် ရှောက်ရွှမ်သူ့ကိုယ်ထဲတွင် အားအနည်းငယ်ပြန်ပြည့်လာသလိုခံစားလိုက်ရ၏။ ပုံမှန်အားဖြင့် မီးလျှံသလင်းကျောက်မှစွမ်းအင်များအား စုပ်ယူလိုက်ပါက သူအလျင်အမြန် ခွန်အားပြန်ပြည့်လာမည်ဆိုသော်ငြားလည်း အကြောင်းသေချာမသိသေးသော လူစိမ်းတစ်ယောက်ရှေ့တွင် သူမီးလျှံ
သလင်းကျောက်ကို ထုတ်မပြချင်ပေ။
မုန့်မျိုးနွယ်စုနှင့် ခြေလက်ရှစ်ဖက်မျိုးနွယ်စုနယ်မြေများကို ဖြတ်လာခဲ့ပြီးသည့်နောက် မီးလျှံသလင်းကျောက်များအားရှာရန် နည်းလမ်းပေါင်းစုံသုံးနေသော လူပေါင်းများစွာရှိသည်ကို ရှောက်ရွှမ် နားလည်ခဲ့ပြီးဖြစ်သည်။ သို့သော် ထိုနည်းလမ်းများမှ ကာကွယ်ထားနိုင်သည့် နည်းလမ်းများရှ်ိသည်ကိုလည်း ရှောက်ရွှမ်သိခဲ့ရ၏။ ဥပမာအားဖြင့် ကျောက်စိမ်းသေတ္တာထဲတွင် မီးလျှံသလင်းကျောက်အားထည့်ထား၍ အခြားသူများရှာဖွေနိုင်သည့် နည်းလမ်းများမှ ကာကွယ်နိုင်ပေသည်။
လက်ရှိတွင် ရှောက်ရွှမ်၏ မီးလျှံသလင်းကျောက်မှာ ကျောက်စိမ်းသေတ္တာတစ်လုံးထဲတွင် ရှိနေ၏။ ကျောက်စိမ်းသည် အရည်အသွေးကောင်းသောကျောက်စိမ်းမျိုးမဟုတ်ပါသော်လည်း ထိုကျောက်စိမ်းသေတ္တာအားရရန် သူ ရေလကျောက်တုံးအတော်များများသုံး၍ လဲလှယ်ခဲ့ရသည်။ သို့သော်လည်း မီးလျှံသလင်းကျောက်အားဖွက်
ထား၍ ရမည့်ရည်ရွယ်ချက်သာ ပြည့်မြောက်ပါက သူရင်းလိုက်ရသော ရေလကျောက်တုံးများမှာ တန်၏။
၀မ်ရှစ်မျိုးနွယ်စုနှင့် ရင်မဆိုင်မီတွင် ရှောက်ရွှမ် ထိုမီးလျှံသလင်းကျောက်ထည့်ထားသော ကျောက်စိမ်းသေတ္တာနှင့် အခြားပစ္စည်းများကို ဖွက်ထားခဲ့လေသည်။
ရှောက်ရွှမ်မျက်လုံးမှိတ်၍ အနားယူနေသည်ကို တွေ့သောအခါ ယန်ဆွေ့မှောင်မဲနေသော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး ရှောက်ရွှမ်နား အနည်းငယ်တိုးလိုက်၏။ သို့သော် သူအရမ်းလည်းမတိုးရဲပေ။ မနီးမဝေးနေရာလောက်ကိုသာ တိုးသွားခဲ့သည်။
ယန်ဆွေ့ သူ့ခွန်အားသူ ကောင်းကောင်းနားလည်ပြီး ၀မ်ရှစ်မျိုးနွယ်စု၀င် လေးယောက်လောက်နှင့်ရင်ဆိုင်ရခြင်းမှာ သူအကောင်းဆုံးလုပ်နိုင်သော အရာဖြစ်၏။ ရှောက်ရွှမ်ကဲ့သို့ ထောင်ချောက်များကို
အားကိုးလျှင်ပင် တောထဲ၌ ကြမ်းကြုတ်သည့်သားရဲကြီးများနှင့် သူ့ဖာသူရင်ဆိုင်ရသည့်အခါ လွယ်ကူလိမ့်မည်မဟုတ်ပေ။ ရှောက်ရွှမ်ခွန်အားအား တွေ့ပြီးသောအခါတွင်မူ သူအတော်လေးကြောက်ရွံ့မိပါသော်လည်း ကြမ်းကြုတ်သောသားရဲကြီးများနှင့် တွေ့ရမည်ထက်တော့ ပိုကောင်းဦးမည်ဟုတွေးကာ ရှောက်ရွှမ်အနား ကပ်နေခဲ့ခြင်း ဖြစ်သည်။ ဤတောထဲ၌ ညအခါတွင် သားရဲကြီးများမှာ နေရာအနှံ့မှပေါ်လာနိုင်သည် မဟုတ်ပါလား။
ချာချာမှာလည်း ကျောက်တိုင်ကြီးပေါ်တွင် အနားယူနေရင်း ယန်ဆွေ့အား စောင့်ကြည့်နေခဲ့၏။
ဤအကောင်သည်လည်း သားရဲအစစ်ကြီးတစ်ကောင်ဖြစ်ပေသည်။ ထို့ကြောင့် ထိုသို့သောသားရဲကြီး၏အကြည့်အောက်တွင် ယန်ဆွေ့အတော်လေး တုန်လှုပ်နေခဲ့မိ၏။ ထိုသို့သောဖိအားများအောက်တွင် ယန်ဆွေ့ဤည အိပ်ပျော်တော့မည်မဟုတ်ဟု ထင်ခဲ့မိပါသော်လည်း အံ့အားသင့်စွာပင် သူတစ်ချက်လောက်မျက်လုံးမှိတ်၍ အနားယူမိသည်နှင့်
ဖြတ်ကနဲအိပ်ပျော်သွားခဲ့ကာ ဟောက်သံများပင် ထွက်ပေါ်လာခဲ့လေသည်။ သူ့အိပ်မက်ထဲတွင်လည်း မသဲကွဲသောပုံရိပ်များကိုမြင်ခဲ့ရပြီး ထိုပုံရိပ်များမှာ မီးတောက်များနှင့်တူပြီး ထိုမီးတောက်များထဲတွင်မူ ဦးချိုနှစ်ချောင်း ရှိနေခဲ့၏။ ထိုအရာသည် သူအရင်ကတစ်ခါမှ မမြင်ဖူးခဲ့သောအရာဖြစ်သည်။
ရှောက်ရွှမ် မျက်လုံးဖွင့်လိုက်ပြီး ဟောက်နေသော ယန်ဆွေ့အား မြင်လိုက်သောအခါ ဆွံ့အသွားခဲ့သည်။ သူသည် ယန်ဆွေ့အား အတော်လေးလိမ္မာပါးနပ်သည့်လူဟု ထင်ထားခဲ့ခြင်းဖြစ်ပြီး ထိုလူသည် ထိုမျှသတိမဲ့သည့်လူဟု တွေးပင်တွေးမထားမိခဲ့ပေ။ ဤလူသည် အမှန်တကယ်ရော နတ်ဆေးဆရာတစ်ယောက် ဟုတ်ပါရဲ့လော။
ပတ်၀န်းကျင်အား တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး မည်သည့်အန္တရာယ်ရှိသည့်အရာကိုမှ မတွေ့သောအခါ ရှောက်ရွှမ် တစ်ဖန်မျက်လုံးပြန်မှိတ်၍ အနားယူလိုက်၏။ မီးမိိျုးေစ့သည် လောင်ကျွမ်းနေခြင်းမရှိပါသော်လည်း မီးဖိုကြီးအောက်ရှိ
မီးတောက်အမြစ်များမှာမူလောင်ကျွမ်းနေဆဲဖြစ်လေရာ ရှောက်ရွှမ်အား များစွာကူညီထောက်ပံ့နေလေသည်။ သူ့စိတ်ထဲရှိ နတ်မီးတောက် အလျှံတညီးညီးလောင်ကျွမ်းနေသည်ကို ရှောက်ရွှမ်ခံစားနေရပြီး သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော နတ်စွမ်းအားများ ပိုမိုသိပ်သည်းလာသည်ကိုလည်း ရှောက်ရွှမ် ခံစားမိနေ၏။
နောက်တစ်နေ့ ရှောက်ရွှမ်နိုးလာသောအခါ သူ့ဒဏ်ရာများမှာ အတော်လေးပိုမိုကောင်းမွန်လာခဲ့လေသည်။ ပင်ပန်းနွမ်းနွယ်နေမှုများမှာလည်း ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် ရှောက်ရွှမ် မနက်စာအတွက် သားရဲတစ်ကောင် သွားဖမ်းရန် တောထဲသို့ ၀င်သွားခဲ့သည်။
ရှောက်ရွှမ် မီးဖိုကာ အသားကင်နေသည်ကို ကြည့်နေရင်း ယန်ဆွေ့ တံတွေးမျိုချမိနေပြီး အတော်လေးလည်း အံ့ဩနေမိ၏။
မနေ့က ရှောက်ရွှမ် ဒဏ်ရာအပြင်းအထန်ရနေသည်
ကို သူတွေ့ခဲ့ရပြီး ထိုဒဏ်ရာများမှ သက်သာရန် ရက်ပေါင်းများစွာအနားယူရတော့မည်ဟု သူတွေးထားမိခဲ့သည်။ သို့သော်လည်း ယနေ့မနက်တွင် ထိုကောင်မှာ မနေ့ကဘာဒဏ်ရာမှမရှိခဲ့သလို တက်ကြွနေပြီး အမဲပင်လိုက်နေခဲ့သေး၏။
ထိုကောင်သည် လူတစ်ယောက် ဖြစ်ပါသလော။
သားရဲကြီးတစ်ကောင် လူပုံစံပြောင်းထားတာ ဖြစ်နိုင်ပါသလော။
သားရဲကြီးတစ်ကောင်၏ ပြန်လည်ကုသနိုင်စွမ်းပင် ထိုမျှမြန်မည် မဟုတ်ပေ။
ရှောက်ရွှမ် လူလား သားရဲလား စဉ်းစားနေရင်း ယန်ဆွေ့ ရှောက်ရွှမ်ခေါ်သံကို ကြားလိုက်ရသည်။
“ဟေးး” ရှောက်ရွှမ် သားရဲကင်မှ ခြေတစ်ချောင်းအားဖြတ်ကာ ယန်ဆွေ့ဆီ ပစ်ပေးလိုက်၏။
ယန်ဆွေ့ ကြောင်ငေးနေရာမှ အသိ၀င်မလာသေးပါသော်လည်း သူ့လက်များမှာတော့ အလိုအလျောက်ပင် ထိုသားရဲခြေထောက်ကို ဖမ်းထားလိုက်လေသည်။ ထို့နောက် အပူလောင်မည်ကိုပင် မကြောက်တော့ဘဲ ထိုခြေထောက်အား တစ်ချက်ကိုက်ပစ်လိုက်၏။ ရှောက်ရွှမ် လူလား သားရဲလား ဆိုသည့်မေးခွန်းကိုမူ သူ့စိတ်ထဲတွင်သာ ထားခဲ့လိုက်သည်။
ရှောက်ရွှမ် ယန်ဆွေ့အား ထိုခြေထောက်ပေးလိုက်ခြင်းမှာ အကြောင်းမဲ့သက်သက်ပေးလိုက်ခြင်းမျိုးမဟုတ်ဘဲ သူတို့ကြားရှိ တင်းမာနေသော လေထုအားလျှော့ချပြီး မေးခွန်းများမေးနိုင်ရန် ပေးလိုက်ခြင်း ဖြစ်၏။
ယန်ဆွေ့မှာလည်း ဘာကိုမှထိန်ချန်မထားဘဲ ရှောက်
ရွှမ်မေးသမျှ အကုန်ဖြေလေသည်။
မိုးမျိုးနွယ်စုတွင် နတ်ဆေးဆရာများသည် ငယ်ရွယ်စဉ်ကတည်းက အရပ်ဒေသအသီးသီးသို့သွားရောက်ကာ အတွေ့အကြုံနှင့် ဗဟုသုတရှာ၍ ပိုကောင်းသော နတ်ဆေးဆရာဖြစ်စေရန် မျိုးနွယ်စုမှထွက်ခွာရ၏။ ထိုသည်မှာ ယန်ဆွေ့အတွက်လည်း အတူတူပင်ဖြစ်သည်။ မိုးမျိုးနွယ်စုသည် ဗဟိုဒေသနှင့် အရမ်းမဝေးသောအရပ်တွင် တည်ရှိသောမျိုးနွယ်စုဖြစ်ပြီး ယန်ဆွေ့မှာတော့ မျိုးနွယ်စုမှ ထွက်ခွာခဲ့သည်မှာ တစ်နှစ်နီးနီးရှိပြီ ဖြစ်၏။
လွန်ခဲ့သော ရက်ပေါင်းအနည်းငယ်အတွင်းတွင်ေတာ့ ယန်ဆွေ့ ၀မ်ရှစ်မျိုးနွယ်စုနယ်မြေထဲသို့ ရောက်ရှိခဲ့ပေသည်။ ထိုစဉ် မျိုးနွယ်စုစစ်ပွဲတစ်ခုမှ ပြန်လာသော ၀မ်ရှစ်မျိုးနွယ်စု၀င်များနှင့် တွေ့ခဲ့ပြီး ထိုအဖွဲ့တွင် ဖမ်းဆီးခေါ်ဆောင်လာသော အမျိုးသမီးများကို သူတွေ့လိုက်ရ၏။ ထိုအခါ ထိုသနားစရာအမျိုးသမီးများကို ၀မ်ရှစ်မျိုးနွယ်စုထဲမေရာက်ခင် ကယ်တင်ရန် သူဆုံးဖြတ်ချက်ချလိုက်ပြီး အစီအစဉ်
တစ်ခုဆွဲခဲ့သည်။ သို့သော် မျှော်လင့်မထားဘဲ သူကယ်တင်နေရင်း ထိုအမျိုးသမီးများထဲမှတစ်ယောက်မှ အော်ဟစ်ခဲ့ပြီး သူ့အား ၀မ်ရှစ်မျိုးနွယ်စုမှ သတ်မိလုနီးနီးပင် ဖြစ်သွားခဲ့ရ၏။ ကံကောင်းစွာပင် သူအလျင်အမြန်ထွက်ပြေးလာနိုင်ခဲ့ပြီး ဤသားရဲပေါသောတောအုပ်ကြီးထဲသို့ ထွက်ပြေးလာခဲ့ရသည်။ သူ့နောက်မှလိုက်လာသော ဝမ်ရှစ်မျိုးနွယ်စုများမှာတော့ လက်ဗလာနှင့်သာ အိမ်သို့ ပြန်သွားကြရ၏။
ရှောက်ရွှမ် နားလည်သွားခဲ့သည်။ သူ၀မ်ရှစ်မျိုးနွယ်စုပေါ် ရောက်တုန်းက ထိုလူများ အလောတကြီးဖြစ်နေခဲ့ကြခြင်းမှာ အံ့ဩစရာမဟုတ်တော့ချေ။ ထိုအရာမှာ ဤကောင်ကြောင့် ဖြစ်၏။
“မင်း လုမျိုးနွယ်စုက ငှက်၀၀ကြီးတစ်ကောင်ရော ခိုးခဲ့သေးလား” ရှောက်ရွှမ်မေးလိုက်သည်။
“မခိုးပါဘူး လုံး၀မခိုးဘူးနော်” ယန်ဆွေ့ ရုပ်တည်ကြီး
နှင့် ငြင်းလိုက်ပြီးသည့်နောက်မှ ထပ်ပြောလိုက်၏။ “ငါအဲ့နားကဖြတ်သွားတော့ အဲ့ကောင်ကြီးတစ်ကောင်တည်း ဖြစ်နေတာတွေ့တာနဲ့ သူ့အပေါ်တက်စီးသွားလိုက်မိတာ”
အသားငှက်ကြီးများသည် အလွန်မျှားခေါ်ရန် လွယ်သောအကောင်ကြီးများ ဖြစ်ကြ၏။ သူတို့ရှေ့တွင် သစ်သီးတစ်လုံးအား ကြိုးဖြင့်ဆွဲ၍ ပြထားမည်ဆိုလျှင်ပင် ထိုကြိုးနောက်မှ ထိုကောင်များ လိုက်လာကြမည်သာ။ ထိုအခိုက်တွင် ယန်ဆွေ့အလွန်ပင်ပန်းနေလေရာ ထိုကောင်အား တက်စီးခဲ့ခြင်း ဖြစ်ဟန်ရ၏။ ယန်ဆွေ့လုပ်ခဲ့သည်မှာ လုမျိုးနွယ်စုထင်သလို ခိုးခဲ့ခြင်းမျိုးမဟုတ်သောကြောင့် ရှောက်ရွှမ်သူ့အား အပြစ်တင်မနေတော့ချေ။