နောက်ကျသွားပြီ
Vol. 14 Ch. 203
လေလွင့်သူများနယ်ပယ်အခြေအနေမှာ လုံကျိုးမျိုးနွယ်စု သင်္ဘောများနှင့်တော့ မနှိုင်းယှဥ်နိုင်ပေ ။
ယန်ဆွေ့က ပတ်ပတ်လည်က ဟောင်းနွမ်းပေါက်ပြဲနေသည့် သစ်သားတဲများကြည့်လိုက်ရာ အများစုမှာ သစ်သားများအက်ကွဲကြောင်းကြီးများ ရှိနေလေသည် ။ သူတို့အေးခဲပြီးများသေသွားကြမလားကို သူ အလေးအနက်သိချင်နေမိသည် ။
သို့သော် သေသည်အထိအေးခဲရခြင်းက အသတ်ခံရခြင်းထက်စာရင်တော့ တော်ပါသေးသည် ။
ရှောက်ရွှမ်က ယန်ဆွေ့ကို ယန်ကျစ်တို့ညီအကိုရဲ့ သစ်သားအိမ်လေးကို ခေါ်လာခဲ့သည် ။ ယန်ရှို့နဲ့ကျောက်ဝူက သားရေများ သွားလဲနေကြရာ ပြန်မလာကြသေးပေ ။ ယန်ကျစ်က သစ်သားအိမ်လေးကို ပြင်ဖို့ရာ နှင်းတွေကို ရင်ဆိုင်နေသည် ။
ယန်ဆွေ့ကိုတော့ သူတို့က သံသယရှိရှိနဲ့ သတိကြီးကြီးထားကြမှာမလွဲပေ ။ ရှောက်ရွှမ် ကြောင့်သာ မဟုတ်ရင် ယန်ဆွေ့ကိုသူတို့ အထဲပေးဝင်မည်မဟုတ်ပေ ။
“ ရှေ့ကသွားပါ ၊ ငါ သူတို့သစ်အိမ်လေးပြင်တာ ကူညီပေးလိုက်ဦးမယ် “
ရှောက်ရွှမ်က ယန်ဆွေ့ကိုပြောလိုက်သည် ။
“ ကောင်းပြီ “
ယန်ဆွေ့က အပြင်မှာ အရမ်းအေးနေလေရာ သူကအပြင်မှာနေပြီး အအေးဒဏ်မခံလိုသည့်အတွက် အခန်းထဲကိုချက်ချင်းဝင်လာလေသည် ။
ယန်ကျစ် ယူလာသောသစ်လုံးများက မခွဲရသေးပေ ၊ ရှောက်ရွှမ် က ဓားကိုသုံးကာ နှစ်ပိုင်း သုံးပိုင်း ပိုင်းလိုက်ပြီး ယန်ကျစ်ကိုပေးလိုက်လေသည် ။
ယန်ကျစ်က သူတို့ဖြတ်တာထက် အတော်လျင်မြန်ပြီး ချောမွေ့တဲ့ သစ်ပြားဖြတ်စများကို ကြည့်နေလေသည် ။
ဒါ မျိုးနွယ်စု စစ်သည်တော်တို့ရဲ့ခွန်အားပင်ဖြစ်သည် ။
သူလည်း တစ်နေ့မှာ ဒီလိုခွန်အားရှိလာမည်ကို တွေးမိသောအခါ ယန်ကျစ်နှလုံးသားကအတိုင်းအဆမရှိခုန်သွားလေသည် ။
သစ်သားအိမ်လေးကို ကြံ့ခိုင်အောင်ပြန်လည် ပြင်ဆင်ပြီးသည့်နောက် ယန်ရှို့နဲ့ ကျောက်ဝူတို့လည်း ပစ္စည်းများနဲ့ ပြန်လာကြလေသည် ။ သို့သော် သူတို့က သားရေများကို ကိုင်ပြီး ပြန်မလာကြပဲ သူတို့အိပ်ရာခင်းဖို့ ၊ သို့မဟုတ် မီးမွှေးဖို့ထားတဲ့ မြက်ခြောက်ထုံးများကြားတွင် သားရေများထည့်ကာ ပြန်လာကြသည် ။
ထိုနည်းလမ်းက သူများအာရုံကိုမဆွဲဆောင်စေပဲ လျှို့ဝှက်ထားရာရောက်လေသည် ။ ပြောရရင် ဒီနှစ်ယောက် သားရေတွေအများကြီးကိုင်ပြီးသာ ပြန်လာလျှင်အလွန်ထူးဆန်း၍နေပေလိမ့်မည် ။
အခန်းထဲ ဝင်လာတဲ့အခါ ရှောက်ရွှမ်က ကျောက်ဝူနဲ့ ယန်ရှို့တို့ရဲ့အပြုအမှုများက ယန်ဆွေ့အား သံသယနဲ့သတိကြီးကြီးထားနေသည်ကို သတိထားမိလိုက်သည် ။ သို့သော် အခြား အမူအရာများနှင့်ယှဥ်ရင် ၎င်းကမပြောပလောက်ပေ ။
နောက်ပိုင်းမှာ ရှောက်ရွှမ် နဲ့ ယန်ကျစ်က အိမ်ထဲ ဝင်လာသောအခါ ယန်ဆွေ့က သူ့ခရီးသွားဇာတ်လမ်းကို စကားတန်ဆာဆင်ကာ ချဲ့ကားပြီး ပြောပြနေရာ ကျောက်ဝူက အလွယ်လေးယုံသွားလေသည် ။ ယန်ရှို့နဲ့ ယန်ကျစ်ကလည်း အတော် စိတ်ဝင်တစားနားထောင်နေသည်ကို တွေ့ရသည် ။ သူတို့က ယန်ဆွေ့စကားတွေအကုန်လုံးက အမှန်မဖြစ်နိုင်တာ သိကြသော်လည်း သူကစိတ်ဝင်စားစရာကောင်းအောင်ပြောနေသည်ကတော့ အမှန်ပင်ဖြစ်လေသည် ။
ရှောက်ရွှမ် လာတာကိုမြင်တဲ့အခါ စိတ်မထိန်းနိုင်တော့တဲ့ကျောက်ဝူက ရှောက်ရွှမ်ကိုအလောတကြီးမေးလေသည် ။
“ ယန်ဆွေ့က သူက သူ့မျိုးနွယ်စုမှာ နတ်ဆေးဆရာအလောင်းလျာထဲက တယောက် လို့ပြောတယ် ၊ အဲ့တာအမှန်လားဟင် “
ရှောက်ရွှမ်က ယန်ဆွေ့ကိုကြည့်ကာ သူအနှောင့်အယှက်မဖြစ်သည်ကိုတွေ့ရတဲ့အခါ ခေါင်းညိတ်ပြလိုက်သည်။
“ ဟုတ်တယ် “
ရှောက်ရွှမ် အတည်ပြုတာကိုသိရပြှးနောက်မှာ ယန်ဆွေ့ကိုကြည့်နေကြတဲ့လူများ အကြည့်မှာ အတော်လေး စိတ်လှုပ်ရှားလာလေသည် ။
နတ်ဆေးဆရာ ၊ ဒါ မျိုးနွယ်စုတစ်ခုက နတ်
ဆေးဆရာပေါ့
သူက အခုချိန်မှာ အရွေးချယ်ခံထဲက တစ်ယောက်သာဖြစ်သေးသော်လည်း နတ်ဆေးဆရာဖြစ်လာနိုင်သည့် အလောင်းအလျာတစ်ဦးပင် ဖြစ်နေလေသည် ။ သေချာပေါက် ကြီးကျယ်သည့်လူဖြစ်သည်။
သူတို့ လုံကျိုးမျိုးနွယ်စုမှာနေလာတာ နှစ်ပေါင်းများစွာကြာသော်လည်း ယန်ကျစ်တို့အဖွဲ့မှာ နတ်ဆေးဆရာကို ဘယ်တုန်းကမှ မမြင်ဘူးပဲ လုံကျိုးမျိုးနွယ်စုကနတ်ဆေးဆရာကိုပင် မတွေ့ဖူးပါပေ ။
ရှောက်ရွှမ်ကတော့ ဒီလူတွေက ယန်ဆွေ့ကိုအတော်လေး သတိထားနေရခြင်းအကြောင်းကိုနားလည်လေသည် ။ ယန်ဆွေ့လည်း သူတို့အပြုအမူများနဲ့သဘောမကျမှုများကို သတိထားမိကောင်းမိနိုင်ပြီး ထို့ကြောင့် သူ ဒီမှာကောင်းကောင်းနေနိုင်ဖို့ရာ သူ့အဆင့်အတန်းကိုပြောပြလိုက်ခြင်းဖြစ်နိုင်သည်။
လူပေါင်းများစွာက နတ်ဆေးဆရာဆိုလျှင် ရိုသေ
လေးစားရမည်ဟူသော စိတ်ထားရှိကြသည် ။ လုံကျိုးမျိုးနွယ်စု နတ်ဆေးဆရာမှာအလွန် အဆင့်အတန်းမြင့်မားလေရာ ယန်ကျစ်တို့အဖွဲ့မှာလည်းထိုသို့သောလူများပင်ဖြစ်ကြလေသည် ။ သို့သော် မိုးမျိုးနွယ်စုအနားက လေလွင့်သူများကတော့ ကွဲခြားလေသည် ။ မိုးမျိုးနွယ်စု နတ်ဆေးဆရာမှာ သူတို့မျိုးနွယ်စု မီးလောင်ချိန်မှာ မိုးရွာဖို့ဆုတောင်းခြင်းမအောင်မြင်ခဲ့သည့်အတွက် သူ့အဆင့်အတန်းမှာ အခြားမျိုးနွယ်စုကနတ်ဆေးဆရာများထက် နိမ့်ကျသွားလေသည် ။ အကယ်၍ သူသာ မိုးရွာအောင်ဆုတောင်းနိုင်ခဲ့လျှင် နတ်ဆေးဆရာအဆင့်အတန်းမှာလည်း အလွန်တရာမြင့်မားသွားမည်ပင်ဖြစ်သည် ။
“ ကောင်းပါပြီ ၊ အကိုကြီး..ကျွန်တော်နဲ့ ယန်ရှို့က သားရေလဲဖို့သွားကြတုန်းက တချို့လေလွင့်သူတွေအသတ်ခံရတယ်လို့ ကျနော်တို့ကြားခဲ့ရတယ် “
ကျောက်ဝူက အလေးအနက်ပြောလေသည် ။
“ သူတို့အစားအစာ လဲနေကြတုန်း အသတ်ခံရတယ်လို့ကြားတယ် ၊ သူတို့အလောင်းတွေကိုလည်း ရေထဲ
ပစ်လိုက်တယ်တဲ့ “
ယန်ရှို့က ထိုကိစ္စကို သေချာပြောပြလေသည် ။
“ ဘယ်သူ သတ်တာလဲ ၊ လုံကျိုးမျိုးနွယ်သားတွေလား “
ယန်ဆွေ့က တွေဝေစွာမေးလေသည် ။
“ မဟုတ်ဘူး “
ယန်ကျစ်က ခေါင်းခါလိုက်သည် ။
“ ခရီးသွားအဖွဲ့ကတဲ့ “
“နှစ်စဉ်နှစ်တိုင်း ဒီနေရာက လေလွင့်သူ အများအပြားက ခရီးသွားအဖွဲ့ လက်ချက်နဲ့ပဲ သေဆုံးရတယ် ၊ လုံကျိုး မျိုးနွယ်စုက လေလွင့်သူတွေ ဒီနေရာမှာ နေထိုင်ခွင့်ပြုထားတာ ၊ ပြီးတော့ ဒီမှာ ဘာမှမရှိတော့ သူတို့က အနှောက်အယှက်မပေးကြဘူး ။
ပြောရရင် သူတို့အနီးအနားမှာ လေလွင့်သူ များများစားစား ရှိမနေ စေချင်ဘူး “ ယန်ကျစ်က ပေါ့ပေါ့ပါးပါး ဖြေသည်။ ဒီအကြောင်းကို သူအရင်က မြင်ဖူးပြီး အသားကျနေလေပြီ ။
ပြောရရင် လုံကျိုးမျိုးနွယ်စုပင်မဟုတ် ဘယ်မျိုးနွယ်စုဖြစ်ပါစေ သူတို့ပတ်ပတ်လည်မှာ လေလွင့်သူပမာဏဟာ တည်ငြိမ်နေပြီး သူတို့လက်ခံနိုင်တဲ့ပမာဏထက် မကျော်လွန်လာပါပေ ။ မျိုးနွယ်စုကတော့ သူတို့လမ်းစဥ်ကိုကျော်လွန်ကာ လေလွင့်သူများကို မသတ်ကြပေမဲ့ တိတ်တဆိတ်ရန်ပွဲများ ၊ ပြသာနာများကတော့ သူတို့ကို အရေအတွက်တည်ငြိမ်နေအောင် ထိန်းညှိပေးလေသည် ။ ထို့အတွက် မျိုးနွယ်စုက ဘေးမှာရပ်ပြီး အပျော်အနေနဲ့ပွဲကြည့်ကြလေသည် ။
ယန်ရှို့နဲ့ကျောက်ဝူက သားရေများလဲဖို့ထွက်သွားသောအခါ သူတို့က အလွန်သတိကြီးကြီးထားရပြီး သားရေများကိုမြက်ခြောက်များနဲ့ အလုံပိတ်ထားရ
သည် ။ လေလွင့်သူများနယ်ပယ်က အခြားသူများကို ကာကွယ်ရခြင်းအပြင် လုံကျိုးမျိုးနွယ်စုမှာ ခဏလာနေတဲ့ခရီးသွားအဖွဲ့များ ရန်ကနေလည်း ကာကွယ်ရလေသည် ။ သူတို့ထဲက အများစုမှာ မျိုးနွယ်စုစစ်သည်တော်များဖြစ်ပြီး လေလွင့်သူများထက် ပိုပြီး အန္တရာယ်များလေသည် ။
“ အဲ့တော့ သူတို့လား “
ယန်ဆွေ့က ရှောက်ရွှမ်ကိုကြည့်လိုက်သည် ။
“ စောစောတုန်းက ငါ သူတို့ကို တွေ့ခဲ့သေးတယ် ၊ သူတို့က လုပ်ခဲ့တာတခုခုကို ဆွေးနွေးနေကြတာကို ကြားခဲ့သေးတယ် ၊ ကြည့်ရတာ သူတို့လူသတ်ခဲ့တာ ထင်တယ် “
ရှောက်ရွှမ်က သူနဲ့ယန်ဆွေ့ ဆင်းလာကြတုန်းက ဒီလူတွေဆီပြေးသွားမိတာ ပြန်တွေးမိသည် ။ အဲ့ဒီတုန်းက သူတို့လူသတ်ပြီး ပြန်လာကြတာဖြစ်နိုင်လေသည် ။
အခန်းထဲက လေထုမှာ တဖြည်းဖြည်းအေးစက်လာလေသည်။
“ နောက်နေ့တွေကျ သတိထားကြပေါ့ ၊ ရာသီဥတုကောင်းလာရင် ငါတို့ထွက်ကြတာပေါ့ “
ရှောက်ရွှမ်ကပြောလေသည် ။
ဒီနေရာနဲ့ မြစ်တဘက်ခြမ်းက မီးတောက်ဦးချိုများမျိုးနွယ်စုနဲ့ ရာသီဥတုမှာ အလွန်ကွာလေသည် ။ ဆောင်းတွင်းမှာ တချိန်လုံးနှင်းမကျပါပေ ။ ကောင်းကင်မှာ ရှင်းလင်းနေကာ နေထွက်လာရင် နှင်းထုများမှာ အတော်ကို မြင်ရခဲသွားလေသည် ။
ရှောက်ရွှမ် စကားကိုကြားရတဲ့အခါ ယန်ကျစ်တို့အဖွဲ့က ပိုစိတ်လှုပ်ရှားလာကြသည် ။ ဒီတခါတော့ သူတို့တကယ်ထွက်သွားပြီး မျိုးနွယ်စုကို ပြန်ကြရတော့မည် ။
“ ယန်ဆွေ့ ၊ နှင်းဘယ်ချိန်ပို သည်းလာမလဲ “
ရှောက်ရွှမ် ကမေးသည် ။
“ ညနေ ဖြစ်နိုင်တယ် ၊ နေဦး ငါတစ်ခေါက်ပြန်စစ်ဆေးကြည့်လိုက်မယ် “
ယန်ဆွေ့က ပြတင်းပေါက်ကိုအသာဟကာ ကောင်းကင်ကိုကြည့်လိုက်သည် ။
ယန်ကျစ်တို့အဖွဲ့က အသံတစ်ချက်မှမဆူရဲပေ ။ နတ်ဆေးဆရာအလောင်းလျာလေး ရာသီဥတုကို ကြည့်နေချိန်မှာ အနှောင့်အယှက်ပေးမိမှာစိုးကြလေသည် ။
တစ်ချိန်တည်းမှာပဲ နတ်ဆေးဆရာအလောင်းလျာလေးက ရာသီဥတုတောင်ခန့်မှန်းနိုင်နေပါလားဟု တိတ်တဆိတ်တွေးနေကြလေသည် ။
တစ်မိနစ်ကြာသောအခါ ယန်ဆွေ့က ပြတင်းပေါက်
ကိုပိတ်လိုက်ပြီး
“ မမှောင်ခင်မှာ နှင်းတွေထူထပ်စွာကျလိမ့်မယ် ၊ မနက်ဖြန်မနက်ကျရင်တော့ နည်းနည်းစဲသွားလိမ့်မယ် ၊ ဒါပေမဲ့ ခဏကြာရင် နှင်းတွေ ပြန်ပြီးသည်းလာလိမ့်မယ် ၊ သုံးရက်လောက်ကြာရင်တော့ နှင်းတွေလုံးဝရပ်သွားလိမ့်မယ် ၊ ရက်တော်တော်ကြာ နေသာလိမ့်မယ် ၊ အဲ့ဒီနောက်ဖြစ်မှာကိုတော့ ငါအခု မခန့်မှန်းတတ်သေးဘူး “
နောက် ဘာဖြစ်မည်လဲကလွဲရင် ယန်ဆွေ့က အနည်းဆုံးတော့ လတ်တလောရာသီဥတုကို ခန့်မှန်းနိုင်လေသည်။ ထိုပြင် လုံကျိုးမျိုးနွယ်စုက နတ်ဆေးဆရာထက်ပင်ပိုတိကျသေးလေသည် ။
ယန်ကျစ်တို့အဖွဲ့က လေးစားတဲ့အကြည့်များကို တွေ့ရတဲ့အခါ ယန်ဆွေ့က ကိုယ့်ကိုယ်ကိုယ်အတော်လေးကျေနပ်သွားလေသည် ။
“ ငါက နတ်ဆေးဆရာအဖြစ် အခြေခံအရွေးချယ်ခံ
ပဲ “
“ တကယ် အံ့သြစရာကောင်းလိုက်တာ “
ကျောက်ဝူက သူ့ခံစားချက်တွေကို လွယ်လွယ်ကူကူထုတ်ပြတတ်သူဖြစ်ပြီး သူ့ကိုချက်ချင်းပင် ချီးမြှောက်နေလေသည် ။
သူကသာ မီးတောက်ဦးချိုများ မျိုးနွယ်စုနတ်ဆေးဆရာဆိုလျှင်လား ၊ ဒါဆိုရင် ဒီလူတွေ ချက်ချင်း ဒူးထောက်ရှိခိုးအရိုအသေပေးကြပေလေမည် ။ သူတို့က နတ်ဆေးဆရာ အကြိုက်တွေ့စေမယ့် လွယ်လွယ်လေးလှည့်စားလို့ရတဲ့လူမျိုးတွေဖြစ်တယ်လို့ ရှောက်ရွှမ် တွေးမိသည်။
သူထင်ထားသည့်အတိုင်းပင် ရှောက်ရွှမ် လင်းယုန်အော်မြည်သံကိုကြားလိုက်ရသည် ။ အသံကမကျယ်သည့်အတွက် ယန်ကျစ်တို့အဖွဲ့ကတော့ မကြားနိုင်ပေ ။ သို့သော် ကျောက်ဝူက ချီးကျူးနေသည့်အတွက် ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေသည့် ယန်ဆွေ့
က အပြင်ကို ကြည့်နေလေသည် ။
“ ကျောက်ဝူ ၊ အပြင်ထွက်ပြီး မြေပေါ်ကျလာတဲ့ဟာကို အထဲ ယူလာခဲ့ “
ရှောက်ရွှမ်ကပြောလေသည် ။
“ မြေပေါ်ကျလာတဲ့ဟာ ၊ အဲ့တာဘာလဲ “
ကျောက်ဝူက တွေဝေစွာ အပြင်ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည် ။ ပတ်ဝန်းကျင်မှာ လူများစွာ နောက်နှစ်ရက်လုံးနှင်းကျမည်ကိုသိသည့်အတွက် သူတို့က ပစ္စည်းအများစုကိုအထဲမှာသိမ်းထားပြီး ပြတင်းပေါက်များ ၊ တံခါးများကို ကြပ်နေအောင်ပိတ်ထားကြပြီး သူတို့အိမ်ထဲမှာပဲ စောင့်နေကြလေသည် ။
မြေကြီး ၊ အမိုး ၊ အကုန်လုံးက ဖြူနေသည်။
“ ငါ ဘာမှမတွေ့ပါဘူး “
ကျောက်ဝူက အသံတိတ်ပြောလိုက်သည် ။ သူပတ်ပတ်လည်ကို တကြိမ်ပြီးတကြိမ် ထပ်ကြည့်နေပြီး ထိုးထွက်နေတဲ့အရာတခုခုကို ခွဲမြင်နိုင်အောင်ကြိုးစားနေသည် ။ သို့သော် အဖြူရောင်နှင်းများမှအပ သူအခြားဘာကိုမှ မတွေ့ရပေ ။
အထဲမှာ ယန်ကျစ်နဲ့ ယန်ရှို့က အပြင်ဘက်ကိုဘာကျလာသလဲ သိချင်နေသည် ။ ရှောက်ရွှမ်ကို မေးမလို့ပြင်စဥ်မှာ ယန်ကျစ်က “ ဗန်း “ ဆိုသောအသံကိုကြားလိုက်ရသည် ။
“ ဘာပါလိမ့် “
ယန်ကျစ်က ကျောက်ဝူကို မေးလိုက်သည် ။
ကျောက်ဝူက တံခါးကိုအားပြင်းပြင်း တွန်းဖွင့်လိုက်ပြီး အိမ်ထဲကိုလူတွေကို ပြောလိုက်သည် ။
“ တော..တောဝက် ရိုင်း “
ကျောက်ဝူက ပတ်ပတ်လည်ကို တချက်ကြည့်လိုက်ပေမဲ့ လေထဲကိုတော့ သူသတိမထားလိုက်မိပေ ။ သူ ကောင်းကင်ပေါ်က အသံကြားလိုက်ရသောအခါ သူ စိတ်ရှုပ်ထွေးစွာနဲ့ အပေါ်မော့ကြည့်လိုက်ပြီး ငှက်တကောင်သူတို့ဆီကို အလွန်လျင်မြန်စွာပျံလာသည်ကိုတွေ့လိုက်ရသည် ။
ကျောက်ဝူ ပထမဆုံးတွေးမိတာကပြေးဖို့ပင် ဖြစ်ပေမဲ့ သူခြေလှမ်းနှစ်လှမ်းနောက်ဆုတ်ပြီးသည့်အခါ ကောင်းကင်ပေါ်က တခုခု သူ့ဘေးနားသို့ ကျလာသည်ကို တွေ့လိုက်ရသည် ။ သူလှည့်ကြည့်လိုက်သောအခါ တောဝက်ရိုင်း တကောင်ကိုတွေ့ရပြီး အကောင်လည်းကြီးလေသည် ။
ကောင်းကင်ကို တချက်ကြည့်ချိန်မှာ လင်းယုန်ငှက်က အမြင့်ကိုတခါပျံသွားပြန်လေပြီး မကြာမီပင် ကျောက်ဝူမြင်ကွင်းမှ ပျောက်သွားလေသည် ။
မြေပေါ်က တောဝက်အသေကောင်ကို ကြည့်လိုက်
ရာ ၎င်းကနွေးနေသေးသည်ကို သူသတိထားမိလိုက်သည် ။ ဘာလုပ်ရမလဲမဆုံးဖြတ်တတ်သည့်အတွက် ကျောက်ဝူက အိမ်ထဲကလူတွေကို အမြန်အော်ခေါ်လိုက်လေသည် ။
ကျောက်ဝူ အော်သံကို နားထောင်ပြီးတဲ့နောက် ယန်ကျစ်နဲ့ ယန်ရှို့က ဝေခွဲမရ ဖြစ်သွားသည် ။ တောဝက်ရိုင်းလား ၊ ဒီမှာ ဘာလို့တောဝက်ရိုင်း ရှိနေမှာလဲ
“ အဲ့ဒါပဲ ၊ မြန်မြန် ၊ အထဲကိုဆွဲလိုက် “
ရှောက်ရွှမ် စကားပြောတာကိုတောင်မစောင့်ဘဲ ယန်ဆွေ့က အမြန်ခေါ်လိုက်လေသည် ။ သူက ထိုအချိန်မှာ အတော်လေး ဆာလောင်၍နေလေသည် ။
“ ဒါပေမဲ့ “
ယန်ကျစ်တို့အဖွဲ့က တောဝက်ရိုင်းကို တခြားတယောက်ရဲ့အမဲ ဖြစ်နေမှာကို စိတ်ပူနေကြသည် ။
အကယ်၍ သူတို့သာ အသားကို ခိုးယူမိလျှင် အသေအကြေတိုက်ပွဲတခုကြုံလာနိုင်ပေသည် ။
သူတို့ယခုလောလောဆယ်မှာ ဘယ်သူနဲ့မှ ပြသာနာမတက်ချင်ကြပေ ။ အကြောင်းမှာ နတ်စွမ်းအင် အလိုလိုသိစိတ်ကြောင့် လုံကျိုးမျိုးနွယ်စုမှ သူများကတောင် ၎င်းတို့ကိုသတိထားကြလေသည် ။
လုံကျိုးမျိုးနွယ်စုက လေလွင့်သူများကို ဒီမှာနေခွင့်ပေးထားသော်လည်း မျိုးနွယ်စုစစ်သည်တော်များကိုတော့ ဒီမှာနေခွင့်ပြုမည်မဟုတ်ပေ ။ အကယ်၍ ကျောက်ဝူတို့ညီအကိုကိုသာ မျိုးနွယ်စုစစ်သည်တော်အဖြစ် သူတို့က သတ်မှတ်လိုက်လျှင် သူတို့ချက်ချင်းမောင်းထုတ်ခဲ့ရပေမည် ။ ဆောင်းတွင်းမှာဆိုလျှင် ဤကဲ့သို့အေးခဲနေသော နေ့ရက်များနှင့် အစွန်အဖျားဘက်တွေမှာ ပုန်းကွယ်နေသော အန္တရာယ်ပေါင်းများစွာ ရှိလေသည် ။ အကယ်၍ သူတို့သာမောင်းထုတ်ခံရလျှင် သူတို့အသက်ရှင်နိုင် ခြေမှာ သုညကျော်ရုံလေးသာ ရှိလေသည် ။ သူတို့ရလာတဲ့စွမ်းအင်အနည်းအကျဥ်းသာ ထိန်းချုပ်နိုင်သေးလေရာ ထိုနေ့မှစ၍ သူတို့နတ်အမှတ်အသားများ
နောက်တခါထပ်ပေါ်မလာတော့ပေ ။
သတိထားခြင်းက လုံးဝကောင်းသော်လည်း တောဝက်ဆိုလျှင်တော့ဒါ တကယ့်အစာကောင်းပင် ၊ သူတို့ တံခါးကထွက်လိုက်လေသည် ။
သူတို့က တွန့်ဆုတ်နေကြပြီး မြေပြင်က တောဝက်ကိုတခါ ရှောက်ရွှမ်ကိုတခါ အကြိမ်များစွာ ကြည့်နေကြသည် ။
“ အထဲကို ယူလိုက် ၊ ဒါ ကျွန်တော်တို့အမဲပဲ “
ရှောက်ရွှမ်ကပြောလေသည် ။
ရှောက်ရွှမ် ပြောပြီးတဲ့နောက်မှာ ကျောက်ဝူက တောဝက်ကိုအထဲကို အမြန်ဆွဲလိုက်လေသည် ။
“ ပြင်ထားလိုက်ပါ “
ယန်ရှို့က သူ့ဇနီးကိုပြောပြီး အပြင်ထွက်သွားလေသည် ။
“ ငါ အပြင်က သွေးတွေကို သန့်ရှင်းလိုက်ဦးမယ် “
ယန်ကျစ်က ပြတင်းပေါက်ကိုဖွင့်ကာ ပတ်ဝန်းကျင်ကိုသေချာစစ်ဆေးကြည့်လိုက်လေသည် ။ လေလွင့်သူနယ်ပယ်မှာ နေတဲ့အတွက် သူတို့အရာရာသတိထားဖို့လိုအပ်လေပြီး ပြောရရင် သူတို့ကလည်းလုံလုံလောက်လောက်မသန်မာကြပါပေ ။
ရှောက်ရွှမ်က အနီးအနားကတောင်တွေဆီ လေ့ကျင့်ခန်းလုပ်သည့်အနေနဲ့ တွေးကာသွားသော်လည်း မထင်ထားပဲ ချာချာက ထိုအရာကိုဖမ်းမိကာ မြှောက်လိုက်ချလိုက် လုပ်နေလေသည် ။ သူက လုံကျိုးမျိုးနွယ်စု နေရာမှာနေရတာ သိပ်မပျော်ပဲ တောင် တောအုပ်တွေထဲမှာပိုပြီးနေလိုလေသည် ။
ညစာစားရင်း ရှောက်ရွှမ်က သူတို့စိတ်တွေ ကြိုပြင်
ထားလို့ရအောက် ချာချာအကြောင်း သူတို့ကိုပြောပြလိုက်သည် ။ အကြောင်းမှာ သူတို့ လုံကျိုးမျိုးနွယ်စုကထွက်ပြီးသည်နှင့် တချိန်ချိန်မှာ ချာချာနဲ့တွေ့ရမည်ပင်ဖြစ်သည် ။
ယန်ကျစ်တို့အဖွဲ့ကတော့ ဒီနေ့တနေကုန် အံ့သြစရာများမကုန်ပေ ၊ သူတို့စိတ်ခံစားချက်များက ညနေမှာ တကြိမ်ပြီးတကြိမ်မြင့်တက်၍လာလေသည်ပင် ။ ရှောက်ရွှမ်ကနောက်ထပ် ဘာလုပ်ရမလဲတွေးနေချိန်တွင် ယန်ဆွေ့ကတော့ ဝက်တကောင်လို အိပ်နေလေသည် ။
ထိုနေ့မှာ ယန်ဆွေ့ပြောခဲ့သလိုပင် မမှောင်ခင်မှာ နှင်းများပိုကျလာလေသည် ။
နှင်းပေါက်ကြီးများ ကျလာပြီး ညကိုရောက်လာတဲ့အခါ နှင်းများက ဒူးလောက်အထိ အမြင့်ဖြစ်လာလေသည် ။ မီးတောက်ဦးချိုများ မျိုးနွယ်စုမှာနှင့်ယှဥ်ရင်တော့ ဘာမှမဟုတ်ပေ ။ သို့ပေမဲ့ ဒီမှာကတော့
အနည်းငယ်ကွာခြားလေသည် ။ ဒီလို နှင်းထူထပ်ခြင်းက ပုံမှန်မဟုတ်ပဲ နှစ်အတော်ကြာကြာမှသာ နှင်းထူထပ်ခြင်းမျိုးကိုမြင်ရခဲလေသည် ။
သူတို့ မနက်နိုးလာသောအခါ နှင်းကအကျနည်းသွားလေသည် ။ သို့ပေမဲ့ ကောင်းကင်မှာတော့ တိမ်ထူထပ်နေဆဲပင် ဖြစ်လေသည် ။
ယခုတော့ ယန်ကျစ်တို့အဖွဲ့က ယန်ဆွေ့ရဲ့အစွမ်းကို လုံးဝယုံကြည်သွားလေသည် ။ မနေ့က ယန်ဆွေ့စကားများအတိုင်းပင် နှင်းများကမနက်ပိုင်းတွင် အကျနည်းသွားလေသည် ၊သို့ပေမဲ့ ခဏကြာပြီးတဲ့နောက် နှင်းက တဖန်ပိုထူထပ်စွာ ကျဆင်းလာလေသည် ။ ဒီလို မဖြစ်ခင်မှာ သူတို့က အစာနဲ့ရေများ ကြိုတင်ပြင်ဆင်နိုင်ခဲ့လေသည် ။
ရှောက်ရွှမ်က အနီးအနားကတောင်များကို လမ်းလျှောက်ထွက်ဖို့တွေးနေပြီးမနေ့က သူတို့စားလို့ ကုန်သလောက်ဖြစ်သွားတဲ့ တောဝက်ရိုင်းလို အမဲများထပ်တွေ့နိုင်မလားဟု တွေးနေလေသည် ။ ပုံမှန်ဆိုရင် မီးတောက်ဦးချိုများ မျိုးနွယ်သားများက
အတော်လေးစားနိုင်ကြလေသည် ။ ယန်ရှို့ဇနီး ယန်ကျန့်အပါအဝင် ယန်ကျစ်တို့အဖွဲ့က သူတို့ နတ်စွမ်းအင်များလုံးဝမနိုးထသေးသော်လည်း အများကြီးစားကြလေသည် ။
ယန်ကျစ်ကလည်း ကာကွယ်စောင့်ရှောက်ဖို့တွေးနေပေမဲ့ နောက်နေ့တွေမှာ သူတို့ မြန်နိုင်သမျှ မြန်မြန်သွားဖို့ရာ လိုအပ်သည့်အတွက် သူတို့မှာ ပြန်လည်ကုစားဖို့ရာအခွင့်အရေးအများကြီး မရှိသည့်အတွက် ဒီရက်များမှာ သူတို့ကိုယ်မှာခွန်အားကိုတိုးမြှင့်စေဖို့လိုအပ်နေသေးသည့်အတွက် ရှောက်ရွှမ်က သူ့ကိုတားလိုက်လေသည် ။
ယန်ရှို့နဲ့ကျောက်ဝူက ဒီနေ့မှာ သားရေတချို့နဲ့အလဲအလှယ်ပြုလုပ်ဖို့တွေးထားကြသည် ။ သူတို့ လေလွင့်သူတွေအသတ်ခံရတာကိုကြားရပြီးတဲ့နောက်မှာ သူတို့ပိုသတိထားဖို့လိုပြီး သူတို့က တခါတည်း သားရေအားလုံးမလဲလှယ်ကြပဲ အကြိမ်ရေ ခဏခဏလဲလှယ်ကြဖို့ ဆုံးဖြတ်ထားသည် ။ သူတို့ကို ရှောက်ရွှမ်ပေးတဲ့အရာများကိုသုံးပြီး သူတို့
သားရေအများအပြားလဲလှယ်နိုင်လေသည် ။ သို့ပေမဲ့ ၎င်းက အသိနည်းရာရောက်ပြီး သူတပါးအာရုံကိုဆွဲဆောင်ရာ ရောက်ပေလိမ့်မည် ။ မည်သူကမှ မြက်ခြောက်ထုံးကြီးကို အိမ်ကိုပြန်သယ်ကြမည်မဟူတ်ပေ ။
ယန်ဆွေ့အပြင် အခြားသူများက သူတို့တာဝန်ကိုခွဲဝေယူကြလေသည် ။ သူတို့အပြင်ကို ထွက်ဖို့လုပ်ချိန်မှာ ရုတ်တရက် တယောက်ယောက်က အထဲကို ပြေးဝင်လာလေသည် ။ သူအထဲကိုဝင်လာတဲ့အခါမှာ သူ့ကိုအပြင်ထွက်လာဖို့ခေါ်နေတဲ့ ကျောက်ဝူနဲ့ရန်ဖြစ်တဲ့လူနှစ်ယောက်ကို ရှောက်ရွှမ် မြင်ရလေသည် ။
“ မင်းတို့ နှစ်ယောက် ဘာဖြစ်လာတာလဲ “
ယန်ကျစ်က မေးလေသည် ။
“ကျောက်ဝူ နဲ့ ယန်ကျစ် ၊ မြန်မြန်သွား ပုန်းဖို့နေရာရှာပြီး မုချန်ကိုရှာ ၊ သူမကို အကူအညီတောင်းကြ “
နှစ်ယောက်က အမြန်အော်ကြလေသည် ။
“ ဘာဖြစ်လာတာလဲ “
ကျောက်ဝူက မေးသည် ။ သူတို့မနေ့က ဒီလူနှစ်ယောက်နဲ့ရန်ဖြစ်ခဲ့ပေမဲ့ ရန်လိုခြင်းမရှိကြဘဲ သူတို့ဆက်ဆံရေးမှာ အတော်လေးကောင်းလေရာ အားလုံး အကြပ်ရိုက်နေလေသည် ။
“ မနေ့က မင်းတို့ သားရေတချို့လဲခဲ့သေးတယ်မလား “
ထိုနှစ်ယောက်ကမေးလေသည် ။
“ ဟုတ်တယ် “
ယန်ကျစ်က ကွယ်ဝှက်၍မထားပါပေ ။
“ မင်း ကျောက်စိမ်းပြားလေး ယူသွားသေးလား ၊
မင်းနဲ့သားရေတွေလဲခဲ့တဲ့သူက ခရီးသွားတွေကို ဒီအကြောင်းပြောပြနေတယ်လို့ ငါ့ကိုလူတယောက်ပြောလိုက်တယ် ၊ ငါတော့ ဒီလူတွေ မင်းဆီ လာနေပြီလို့ထင်တာပဲ ၊ မင်းတို့မြန်မြန်သွားကြပေတော့ “
“ ကျောက်စိမ်းလား “
ကျောက်ဝူ ဘာမှမပြောနိုင်ခင် ယန်ရှို့က သူ့ကို အလောတကြီးခေါ်လိုက်သည် ။
ရေလကျောက်တို့မှာ အခွံဒင်္ဂါးပြားတို့နဲ့ယှဥ်ရင် ကျောက်စိမ်းရဲ့တန်ဖိုးကြီးမှုကြောင့် သူတို့လုံခြုံရေးအတွက် ကျောက်ဝူနဲ့ ယန်ရှို့က မနေ့တုန်းက ကျောက်စိမ်းကိုသုံးဖို့ အစီအစဥ်မရှိပေ ။ သို့သော် ယန်ရှို့ မနေ့က သားရေတွေ သွားလဲတုန်းက သူနဲ့သင်္ဘောပေါ်မှာ အလုပ်လုပ်နေကျ သူ့ သူငယ်ချင်းကောင်းတယောက်ကို သူနဲ့အတူ အဖော်ခေါ်သွားလေသည် ။ သို့ပေမဲ့ မနေ့က ယန်ရှို့က အခွံဒင်္ဂါးတွေထုတ်တုန်းက ထိုလူက ကျောက်စိမ်းကို မြင်သွားလေသည် ။
ယန်ရှို့က သူ့ကို လျှို့ဝှက်ထားဖို့ကျိန်ဆိုခိုင်းပြီး သူနဲ့သူ့သူငယ်ချင်းက ဆက်ဆံရေးကောင်းရှိကာ အချင်းချင်း အများကြီးကူညီပေးခဲ့ကြသည်မို့ သူ့ကို သူ့မိတ်ဆွေကိုအတော်လေးယုံကြည်မိသည်။ သူကလည်း အဲ့ဒီတုန်းက လျှို့ဝှက်ပေးဖို့ သဘောတူခဲ့သည်ပင် ၊ ဒါပေမဲ့ အခု...ဒါ သူ့လက်ချက်ပဲလား ။
“ မင်းတို့နှစ်ယောက် ၊ ကျေးဇူးတင်ပါတယ် “
ယန်ကျစ်ကပြောလိုက်သည်။
“ အာ..မြန်မြန် ၊ ပြီးတော့ မုချန်ကို သွားကြည့်ချေ ၊ အခု နှင်းတွေကျနေတာ ၊ မင်းပြေးရင်တောင် ရှင်ဖို့ကမလွယ်ဘူး ၊ မင်း မုချန်ကိုအကူအညီတောင်းသင့်တယ် “
ယန်ကျစ်က မုချန်အတွက် ပြသာနာမဖြစ်စေလိုသည့်အတွက် ဒီကနေထွက်ပြေးလွတ်မြောက်ဖို့သာ ဆုံးဖြတ်လိုက်သည် ။
“ နောက်ကျသွားပြီ “
ရှောက်ရွှမ်ကပြောလေသည် ။
“ ဘာလဲ “
ယန်ကျစ်က လွတ်လမ်းကို အလေးအနက်စဥ်းစားနေချိန်မှာ ရှောက်ရွှမ် စကားကိုကြားလိုက်ရတဲ့အတွက် ဘယ်လိုတုံ့ပြန်ရမလဲပင်မသ်တော့ပေ ။
ရှောက်ရွှမ်က တစ်နေရာတည်းကိုကြည့်နေလေသည်။
ထိုနေရာမှ သားရေအထူကြီးများခြုံထားတဲ့ လူများ အဖွဲ့လိုက် လာနေလေသည် ။