← Chapters

စုထားရသော ဒေါသ

Vol. 32 Ch. 435

စုထားရသော ဒေါသ

Vol. 32 Ch. 435

လောထျန်းက ခေတ္တမျှ စဥ်းစား၍ ပြန်ပြောသည်။

" အဲ့ဒါတော့ ငါလဲ မသိဘူး။ ဒါပေမယ့် ငါ မြင်ဖူးသမျှ မသေမျိုးတွေ ထဲမှာတော့ သူ့လောက် ခန္ဓာကိုယ် အစွမ်းထက်တဲ့သူ ဘယ်သူမှ မရှိသေးဘူးကွ ။ သူ့အစွမ်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်အဆင့် ရှိသွားပြီလား ၊ မရှိသေးဘူးလား ဆိုတာတော့ မပြောတတ်ဘူးပေါ့လေ "

" ကမ္ဘာပေါ်က မသေမျိုး ဟုတ်လား.. "

ဟွမ်ယင်တစ်ယောက် ချက်ချင်း အံ့အားသင့်သွားရသည်။

ရှောက်ထျန်းလုံလေးက အလွန်အစွမ်းထက်သူတစ်ယောက် ဆိုသည်ကို သူမ သိထားပြီး ဖြစ်သော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။

ယခုတွင်ကား.. ခန္ဓာကိုယ်အစွမ်းသည်ပင် ကမ္ဘာပေါ်မှ မသေမျိုးအဆင့် ရှိနေသတဲ့လား။

၎င်းက သာမာန် မသေမျိုးတစ်ယောက်သာ ဖြစ်သော မြွေဖြူကြီးအား အလွယ်တကူ ဖိနှိပ်နေနိုင်သည်မှာ မဆန်းတော့ပါ။

" အဲ့ကောင်လေးက ဘယ်လို မှော်သားရဲမျိုးပါလိမ့် "

ဟွမ်ယင် တီးတိုးရေရွတ်လိုက်သည်။

လောထျန်းက သူမအား ကူကယ်ရာ မဲ့နေဟန်ဖြင့် ကြည့်ပြီး ပြန်ပြော၏။

" ဟိုးအစောပိုင်းတည်းက မင်းကို ပြောပြဖူးတယ်လေကွာ။ သူက ကောင်းကင်ဘုံ နဂါးတစ်ကောင်ပါဆို "

" ကောင်းကင်ဘုံနဂါး... တကယ်ကြီး ကောင်းကင်ဘုံနဂါး တစ်ကောင်လား။ ကျွန်မက ရှင် နောက်နေတယ်လို့ပဲ ထင်နေခဲ့တာ "

ဟွမ်ယင်က တအံ့တသြ ပြန်ပြောလိုက်သည်။

လောထျန်းမှာ မည်သို့ ပြန်ပြောရမည် မသိဘဲ ဆွံ့အသွားတော့၏။ သူ ရှောက်ထျန်းလုံလေး၏ နောက်ကြောင်းနှင့် ပတ်သက်၍ ဘယ်သောအခါမှ မဖုံးကွယ်ခဲ့ဖူးပါချေ ။

ရှောက်ထျန်းလုံလေးသည် ကောင်းကင်ဘုံ နဂါးတစ်ကောင် ဖြစ်ကြောင်း သူ အစတည်းက ပြောပြခဲ့ပါသည်။

သို့သော် သူ့စကားကို မည်သူကမှ မယုံခဲ့ကြပါ။

" ကောင်လေးက နဂါးလေးတစ်ကောင် ဖြစ်နေလို့လဲ အရမ်း အစွမ်းထက်နေတာကို "

ထိုစဥ် အသိပြန်ဝင်လာသော ဟွမ်ယင်ထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာ၏။

အမှန်တွင်မူ သူမ နားလည်မှု လွဲနေဆဲပင်။

ရိုးရိုးသာမာန် နဂါးတစ်ကောင်သည် ဤမျှ အစွမ်းမထက်ပါချေ။

သို့သော် ယခု ရှောက်ထျန်းလုံလေးမှာ သာမာန်နဂါးများနှင့် ကွဲပြားပါသည်။

လောထျန်း ရှောက်ထျန်းလုံလေးအား ရပြီးသည့် အချိန်မှစ၍ ကမ္ဘာမျိုးစေ့ကဲ့သို့ ကံကောင်းမှုများ ရခဲ့

ပြီး လျှို့ဝှက်ဒေသတစ်ခု ဖွင့်လှစ်နိုင်ခဲ့၏။ ထို့နောက် သူ ဖန်တီးထားသည့် စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံများမှ တစ်ဆင့် မသေမျိုး သုံးယောက်၏ မသေမျိုးအစွမ်းကို ရှောက်ထျန်းလုံလေး ရသွားခဲ့ပါသည်။

ရှောက်ထျန်းလုံလေး မွေးဖွားလာပြီးသည့် အချိန်တွင်လည်း မူလအရှုပ်အထွေးမြေနှင့် ရွှယ်ဟွမ် အစွမ်းနှစ်ခုကို စားသောက်ခဲ့ရသေးသည်။

နဂါးကြီး ထျန်းလုံသည်ပင် ဘဝတလျှောက် ရှောက်ထျန်းလုံလေးကဲ့သို့ ရှားပါးအဖိုးတန် ရတနာများစွာကို မစားခဲ့ရဖူးပါ။

ထို့ကြောင့်လည်း လောထျန်း ရှာဖွေပေးသော ထျန်းယွမ်ကမ္ဘာအပြင်မှ အဖိုးတန် ရတနာများကို စားသုံးနေခဲ့သည့် ရှောက်ထျန်းလုံလေးက ကြောက်စရာ ပါရမီရှင်တစ်ယောက် ဖြစ်နေခြင်းပင်။

ပုံမှန် အခြေအနေဆိုလျှင်ပင် ရှောက်ထျန်းလုံလေးက ဤမျှ ကြောက်စရာ ကောင်းမနေနိုင်ပါ။

လောထျန်းတို့နှစ်ဦး စကားပြောနေကြစဥ်မှာပင် မြွေဖြူကြီးက တိုက်ပွဲစင်မြင့်ထက်သို့ တွားသွားပြီး ထပ်တက်လာပြန်၏။

" ဒီ ခွေးမ $#@# "

မြွေဖြူကြီးက ခေါင်းငုံ့ကြည်လိုက်ရာ ရှောက်ထျန်းလုံလေး၏ ဒုတိယမြောက် လက်သီးချက်ကြောင့် သူ့ကိုယ်ထဲမှ အရိုးများ များစွာပင် ကျိုးသွားခဲ့ကြောင်း သိလိုက်ရသည်။ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ရလေပြီ။

" သွားသေစမ်း.. မျိုးမစစ်ကောင် "

မြွေဖြူကြီးမှာ ဒေါသထွက်လွန်း၍ ရူးတော့မလိုပင် ဖြစ်သွားသည်။

ဝီ..

တခဏအတွင်းမှာပင် သူ့ခေါင်းပေါ်၌ ထျန်းရွှမ်းဖန်ပုလင်း အရိပ်ပေါ်လာသည်။

" သတိထားနော် ၊ သူ စောနက အကွက်ကို ထပ်သုံးတော့မယ် "

မြွေဖြူကြီး ထိုအကွက် သုံးသွားသည်ကို မြင်တွေ့ခဲ့ရသော ပွဲကြည့်စင်ပေါ်ရှိ လူတစ်ယောက်ထံမှ စိုးရိမ်တကြီး ရေရွတ်သံ ထွက်ပေါ်လာ၏။

" ဝု "

ထိုစဥ် ရှောက်ထျန်းလုံလေးမှာ မြွေကြီးအား နှစ်ချက်တိတိ ထိုးခဲ့ရပြီး ဖြစ်သဖြင့် သူ့ရင်ထဲမှ စိတ်အလိုမကျမှုများ ပြေလျော့သွားကာ ပြန်တည်ငြိမ်နေပြီ ဖြစ်သည်။

ထို့ကြောင့် ဖန်ပုလင်းကို မြင်သည့်အခါ သူ အနည်းငယ် ကြောက်သွားမိ၏။

ထို ဖန်ပုလင်း၏ အစွမ်းကို သူကိုယ်တိုင် မြင်ခဲ့ရသည်ဖြစ်ရာ မကြောက်ဘဲ မနေနိုင်ပါချေ။

မြွေဖြူကြီးက ထို ဖန်ပုလင်းဖြင့် အရိုးစုနဂါးကြီးကို သတ်သွားခဲ့သည် မဟုတ်ပါလား။

ထိုအရာက အန္တရာယ်များလှပါသည်။

" သေစမ်းကွာ "

ထိုစဥ်မှာပင် မြွေဖြူက ဒေါသတကြီး အော်လိုက်ရာ ဖန်ပုလင်းထဲမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး ရှောက်ထျန်းလုံလေးဆီသို့ တိုးဝင်သွား၏။

" ဝု.. "

ရှောက်ထျန်းလုံလေး လန့်သွားကာ ချက်ချင်း ဘေးသို့ ပြေးသွားလိုက်သည်။

ဝှစ်..

ဤသို့ဖြင့် မြွေဖြူ၏ တိုက်ခိုက်မှုက လွဲချော်သွားခဲ့၏။

မြွေဖြူက ပြေးသွားသော ရှောက်ထျန်းလုံကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလာသည်။

" ထွက်ပြေးနေတယ်ပေါ့လေ ။ မင်း ဘယ်နှခါ ထွက်ပြေးနိုင်မလဲ ကြည့်ကြတာပေါ့ "

မြွေဖြူက ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ဒေါသတကြီး ထပ်အော်လိုက်သည်။ ထျန်းရွှမ်း

ဖန်ပုလင်းမှလည်း အလင်းတန်းများ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်လာပြီး ရှောက်ထျန်းလုံဆီသို့ တိုးဝင်သွားကြ၏။

ရှောက်ထျန်းလုံလေးမှာလည်း ထို တိုက်ခိုက်မှုကို ထိပ်တိုက် ရင်မဆိုင်ရဲဘဲ လေထဲတွင် နေ၍သာ ရှောင်တိမ်းလိုက်သည်။

ထိုစဥ်တွင် ... အမှောင်ထုထဲမှ မျက်လုံးတစ်စုံက မြွေဖြူကြီးအား ကြည့်နေပါ၏။

" အဘိုးကြီးပိုင် ၊ ရူးနေတာလား ။ အဲ့ဒါ ထျန်းရွှမ်း ဖန်ပုလင်းအစစ် မဟုတ်ဘူးလေ။ အဲ့လိုမျိုး ဆက်ပြီး လုပ်နေလို့ကတော့ မင်းခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး "

၎င်းက ဒေါသတကြီး အော်လိုက်သည်။

သို့သော် မြွေဖြူကြီးမှာ ထိုအော်သံကို လုံးဝ မကြားပါချေ။

ထိုအချိန်တွင် ၎င်းမှာ အရူးတစ်ယောက်လို ဖြစ်နေပြီး သူ့ကိုယ်သူ ပြန်ထိခိုက်မိမည်ကို လုံးဝ ဂရုမစိုက်

ဘဲ ရှောက်ထျန်းလုံကိုသာ ဆက်တိုက် တိုက်ခိုက်နေပါ၏။

သို့သော် ရှောက်ထျန်းလုံလေး၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်သည့်အပြင် အမြန်နှုန်းကလည်း ကြောက်စရာ ကောင်းလွန်းနေသဖြင့် မြွေဖြူကြီး အကြိမ် ၂၀ ၊ ၃၀ ကျော် တိုက်ခိုက်ခဲ့ပြီးသည့်တိုင် အလင်းတန်း တစ်ခုမှ သူ့ကို ထိမသွားခဲ့ပါ။

" ချီးပဲ... မင်းကို ငါ တစ်ချက်တည်းနဲ့ သတ်နိုင်တယ်ကွ။ ဒါကို အခု ဘာလို့ မထိဘဲ ဖြစ်နေရတာလဲ "

မြွေဖြူ ဒေါသတကြီး ထပ်အော်လိုက်သည်။

သို့သော်.. ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးက နေရာရွှေ့ရင်း အမှားတစ်ခု လုပ်လိုက်မိ၏။

ဝီ..

အလင်းတန်းတစ်ခုက ရှောက်ထျန်းလုံရှေ့၌ ရုတ်တရက် ပေါ်လာသည်။

အား..

ရှောက်ထျန်းလုံသည်သာမက ၎င်းကို မြင်လိုက်ရသော ပွဲကြည့်စင်မှ လူများအားလုံးပါ လန့်သွားကြ၏။

ထိုအလင်းတန်းနှင့် ထိမိသွားသော အရိုးစုနဂါးကြီး၏ အဖြစ်ဆိုးကို သူတို့ သေချာ မှတ်မိနေသေးပါသည်။

ဤတစ်ကြိမ်တွင် ရှောက်ထျန်းလုံအလှည့် ဖြစ်တော့မည်လား။

ဝီ..

အလင်းတန်းက ယခင်အတိုင်းပင် အသံကျယ် မပေးဘဲ ရှောက်ထျန်းလုံ၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်သွား၏။

တိုက်ပွဲကွင်းပြင် တစ်ခုလုံး အသံတိတ်သွားကြသည်။

တိတ်ဆိတ်မှုထဲ၌ မြွေဖြူကြီး၏ မာထန်ထန် ရယ်သံ

တစ်ခုသာ ဟိန်းထွက်နေတော့၏။

" ဟား ဟား.. အားလုံး ပြီးသွားပြီကွ ...ငါ နိုင်သွားပြီ။ မင်း ဘယ်လိုကောင်လဲဆိုတာ ငါ မသိပေမယ့် အခု ဘာမှ အရေးမကြီးတော့ဘူး ။ ဒီ ပြိုင်ပွဲကို ငါနိုင်သွားပြီ "

မြွေဖြူက ခေါင်းမော့ကာ တဟားဟား အော်ရယ်ရင်း ပြောလိုက်သည်။

ပွဲကြည့်စင်မှ လူများမှာလည်း မြွေဖြူ၏ စကားကို သဘောတူဟန်ဖြင့် ငြိမ်နေကြပါ၏။

ထိုစဥ် မြွေဖြူက လေထဲမှ ရှောက်ထျန်းလုံလေးကို ကြည့်ရင်း လှောင်ပြုံးဖြင့် ပြောလာပြန်သည်။

" ငါ့ရဲ့ အလင်းတန်းနဲ့ ထိဖူးတဲ့သူတွေထဲမှာ အသက်ရှင်ပြီး လွတ်မြောက်တဲ့သူ ဘယ်သူမှ မရှိဘူး။ မင်းလဲ အဲ့လိုပဲ သွားမှာပဲ။ ငါ တစ်ကနေ သုံးအထိ ရေနေတဲ့ အချိန်အတွင်းမှာတောင် မင်းကိုယ်က ပြာမှုန့်အဖြစ် ပြောင်းသွားတော့မှာ "

" တစ်... နှစ်... သုံး... "

မြွေဖြူက ထိုသို့ ရေနေစဥ် ပွဲကြည့်စင်မှ လူများမှာ

လည်း လေထဲမှ ရှောက်ထျန်းလုံလေးတစ်ယောက် ပြာမှုန့်အဖြစ် ပြောင်းသွားမည်ကို စောင့်ကြည့်နေကြ၏။

သို့သော်... ရှောက်ထျန်းလုံကမူ လေထဲ၌ မလှုပ်မယှက် ရပ်နေဆဲပင်။

" ဟင်.. ခုနက ပြောတော့ ပြာမှုန့်အဖြစ် ပြောင်းသွားမှာဆို။ အခု ဘာလို့ မပြောင်းသေးတာလဲ "

" ဟုတ်တယ်ကွ "

အားလုံး အံ့အားသင့်ကုန်ကြ၏။

ထိုစဥ် မြွေဖြူမှာလည်း အံ့သြနေရပါသည်။ ပုံမှန်အတိုင်း ဆိုပါက ထိုကောင်လေး ပြာမှုန့်အဖြစ် ပြောင်းနေသင့်လေပြီ။

သူ သုံးခဲ့သည့် အကွက်က ဘယ်သောအခါမှ မလွဲချော်ခဲ့ဖူးပါ။

ယခု.. သူ စိတ်လှုပ်ရှားလွန်း၍ အချိန်ခန့်မှန်းရာ၌

အမှားယွင်း လုပ်မိသွားသည်များလား။

ထိုသို့သာ ဖြစ်ရပေမည်။

မြွေဖြူက ထိုသို့တွေးကာ ပေါ့ပေါ့ပါးပါး ရယ်၍ ပြောလိုက်သည်။

" စိတ်မရှိနဲ့ကွာ.. ငါ အချိန်တွက်တာ မှားသွားတယ်။ အခုမှ တကယ့် နံပါတ်စဥ်ရေတာ စမှာ။ ငါ ရေလို့ ပြီးသွားတာနဲ့ ဒီကောင်လေး သေသွားမှာပဲ ။ တစ်... နှစ်... သုံး... "

သူ တမင်ပင် နှစ် နှင့် သုံး ကြား၌ အချိန်ကြာကြာဆွဲကာ ရေလိုက်သည်။

သို့သော်.. သူ ရေတွက်၍ ပြီးသွားသည့်တိုင် လေထဲမှ ရှောက်ထျန်းလုံက မူလအတိုင်း ရှိနေဆဲပါပင်။

ဤတစ်ကြိမ်တွင်မူ ပွဲကြည့်စင်မှ လူများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့သည်။

မြွေဖြူကြီး၏ တိုက်ခိုက်မှု အလင်းတန်းဖြင့် ထိသွားခဲ့သည့်တိုင် ရှောက်ထျန်းလုံလေးက ဘာမှ မဖြစ်ဘူး

တဲ့လား။

အားလုံး နားမလည်နိုင် ဖြစ်နေကြစဥ်မှာပင် တစ်ယောက်က ရုတ်တရက် အော်ပြောလာ၏။

" ကြည့်ဦးဟေ့.. ဟိုကောင်လေး လှုပ်လာပြီ "

ထိုအော်သံကြောင့် အားလုံး ခေါင်းမော့ ကြည့်လိုက်ကြပြန်သည်။

မြွေဖြူကလည်း စိတ်လှုပ်ရှားနေဟန်ဖြင့် ဆို၏။

" ဟီးဟီး.. ဒီတစ်ခါတော့ တကယ်ကို ပြာမှုန့်အဖြစ် ပြောင်းတော့မယ် "

သို့သော်... သူ မော့ကြည့်လိုက်သည့် အချိန်တွင်မူ အံ့သြမှင်သက်သွားရတော့သည် ။

လေထဲရှိ ရှောက်ထျန်းလုံလေးမှာကား သူ့ ရှေ့လက်နှစ်ဖက်ကို မြှောက်၍ သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်နေ၏။ ထို့နောက် ကောင်လေးက သူ့ခြေနှစ်ဖက်ကိုပါ မြှောက်၍ စစ်ဆေးကြည့်ပြီး သူ့အမြီးကိုလည်း စစ်ကြည့်လိုက်သေးသည်။ အားလုံးပြီးနောက် ပြဿနာ တစ်စုံတရာ ရှိဟန် မတူမှသာ သူ

စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်၏။

သူ့အသွင်မှာ " အစောက သေမလို ကြောက်ခဲ့ရတာ " ဟု ပြောချင်နေသယောင် ။

ထို့နောက်တွင်မူ ရှောက်ထျန်းလုံလေးက စင်မြင့်ထက်မှ မြွေဖြူအား လက်ညိုးထိုး ၊ နှုတ်ခမ်းမဲ့ပြီး အထင်သေးဟန်ဖြင့် အသံပေးလိုက်သည်။

" ဝု.. "

မြွေဖြူကြီးမှာ ရထားသည့် ဒဏ်ရာများကို မမှုလှသော်လည်း ယခု ရှောက်ထျန်းလုံလေး၏ အမူအရာကြောင့် အရှိုက်ထိသွားပါ၏။

သူ အလွန် အရှက်ရသွားကာ မျက်နှာပျက်သွားတော့သည်။

" မျိုးမစစ်ကောင် ၊ ငါ့ကိုများ အဲ့လို စော်ကားရဲတယ်ပေါ့လေ။ မင်းသာ သတ္တိရှိရင် ပုန်းမနေဘဲနဲ့ ငါ့ သိုင်းကွက်ကို ထိပ်တိုက် ရင်ဆိုင်ပါလားကွ "

မြွေဖြူ ဒေါသတကြီး အော်လိုက်သည်။

All Chapters