← Chapters

မြွေကြီးအား သတ်ခြင်း

Vol. 32 Ch. 436

မြွေကြီးအား သတ်ခြင်း

Vol. 32 Ch. 436

မြွေဖြူ၏ စကားသံ ဆုံးသည်နှင့် ပွဲကြည့်စင်ပေါ်ရှိ လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

ဟွမ်ယင် အရင်ဆုံး ထရပ်ကာ ဒေါသတကြီး အော်လိုက်သည်။

" ဟေ့.. နံစော်နေတဲ့ မြွေဖြူကြီး ၊ နင်က တော်တော်အရှက်မဲ့တာပဲ။ မသေမျိုးအဆင့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေပြီးတော့ အငယ်လေးတစ်ကောင်ကို အတင်း တိုက်ခိုက်ရုံတင် မကဘူး ၊ မပုန်းဘဲ ထိပ်တိုက်တောင် ရင်ဆိုင်ခိုင်းလိုက်သေးတယ်။ နင့်မှာ အရှက် မရှိဘူးလား "

ပွဲကြည့်စင်ပေါ်မှ လူများကလည်း သူမ စကားကို သဘောတူကာ သံယောင် လိုက်ကြ၏။

" အမှန်ပဲ ။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်အရွယ်အစားချင်းကို ကြည့်ပါဦးကွာ... ပြီးတော့ အသက်အရွယ်ရော ။ ဒီကောင်က တော်တော်အရှက်မဲ့တာပဲ "

" တောင်ပိုင်းဒေသက သားရဲတွေ အကုန်လုံးက အဲ့လိုပဲ အရှက်မဲ့ကြတာလား။ အစောတုန်းကလဲ မီးတောက်ယူနီကွန်းက သူ့ပြိုင်ပွဲမဟုတ်ဘဲ အတင်းကြီး ဝင်တိုက်ခိုက်ခဲ့သေးတယ်။ အခု မြွေဖြူကြီးကလဲ အငယ်လေးတစ်ယောက်ကို နောက်ကွယ်က တိုက်ခိုက်ချင်နေပြန်ပြီ "

" ရှက်စရာကြီးပါကွာ "

အားလုံးထံမှ ထွက်လာသော စကားများကြောင့် မြွေဖြူကြီး မျက်နှာ ပျက်သည်ထက် ပျက်လာ၏။

သို့သော် အမှန်တိုင်း ဆိုရပါက လက်ရှိတွင် သူ ထိုအရာများကို ဂရုမစိုက်လှပါချေ။

သူ့စိတ်ထဲတွင် ရှောက်ထျန်းလုံအား မြန်နိုင်သမျှ မြန်မြန် အနိုင်ယူရန်သာ ရှိနေပါသည်။

ထို့ကြောင့် သူ ခေါင်းမော့ပြီး ပြောလိုက်သည်။

" အင်းလေ ၊ မင်းက အဲ့လိုလဲ မလုပ်ရဲဘူး မဟုတ်လား "

သူသုံးခဲ့သော နည်းလမ်းမှာ တစ်ဖက်လူကို တမင်ရန်စ စော်ကားပြီး သူ့အလိုကျ လိုက်လုပ်လာအောင် ဆွပေးလိုက်ခြင်းသာ ဖြစ်ပါ၏။ ပုံမှန် သိုင်းလောကတွင် ကျင်လည်ကြသော သူများမှာ ထိုလှည့်ကွက်အတွင်း ဝင်မိကြမည် မဟုတ်ပေ။

သို့သော်.. လေထဲမှ ရှောက်ထျန်းလုံလေးမှာ သိုင်းလောက အတွေ့အကြုံ ဘာတစ်ခုမှ မရှိသေးသည့် သားရဲလေးတစ်ကောင် ဖြစ်ပါသည်။

အထူးသဖြင့် ယနေ့တွင် သူ ဒေါသထွက်စရာ များစွာနှင့် ကြုံခဲ့ရပြီး လူများ၏ အထင်သေးခြင်းကိုလည်း ခံခဲ့ရ၏။ သို့ကြောင့် သူ့အစွမ်း မည်မျှကောင်းသည်ကို ပြသချင်နေသည် ဖြစ်ရာ မြွေဖြူ၏ ရန်စ စကားများကို သူ သည်းမခံနိုင်ပါချေ။

ရှောက်ထျန်းလုံက လက်ယမ်း၍ မြွေဖြူအား စတိုက်ခိုက်ရန် အချက်ပြလိုက်၏။

၎င်းကို မြင်သောအခါ မြွေဖြူ အံ့အားသင့်သွားရတော့သည်။

သူ့ခေါင်းထဲတွင် ရှောက်ထျန်းလုံအား ရန်စလှောင်ပြောင်သည့် စကားမျိုးစုံ ပြောပြီး သူလိုချင်သည့် အကွက်ထဲသို့ ဝင်လာစေရန် နည်းပေါင်းစုံသုံး၍ လှည့်စားရန် စဥ်းစားထားခဲ့ပါ၏။

သို့သော် မျှော်လင့်မထားစွာပင် သူ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် ရှောက်ထျန်းလုံလေးက သူ့လှည့်ကွက်အတွင်းသို့ ရောက်လာခဲ့ချေပြီ။

မည်မျှ ရိုးအလိုက်သော သားရဲပါနည်း..

သို့သော် ယခုလက်ရှိမှာ ထိုအကြောင်းကို တွေးနေရန် အချိန်မဟုတ်သေးပါ...

မြွေဖြူက မည်သို့မှ မပြောဘဲ သူ့ခေါင်းပေါ်တွင်သာ ထျန်းရွှမ်း ဖန်ပုလင်းကို ထပ်စုစည်းလိုက်သည်။

ဝီ..

ချက်ချင်းမှာပင် အလင်းတန်းတစ်ခု စုစည်းလာပါ၏။

ဤတစ်ကြိမ်တွင် ရှောက်ထျန်းလုံက မရှောင်ဟု သဘောတူထားသဖြင့်လည်း မွေဖြူက အလင်းတန်းထဲ၌ အစွမ်းများ အပြည့်အဝ ထည့်လိုက်၏။ ထို့ကြောင့်လည်း ယခု သိုင်းကွက်၏ အစွမ်းက ယခင်ထက် များစွာ ပိုကြောက်စရာကောင်းနေသည်။

" သေစမ်းကွာ "

မြွေဖြူ၏ ဒေါသတကြီး အော်သံနှင့်အတူ အလင်းတန်းက ရှောက်ထျန်းလုံဆီသို့ တိုးဝင်သွားတော့သည်။

" ကောင်လေး "

ထိုတခဏတွင် လောထျန်းတစ်ယောက်မှလွဲ၍ တိုက်ပွဲကွင်းပြင်ထဲ ရှိနေသူများ အားလုံးနီးပါး ကြောက်လန့်တကြား ထအော်မိသွားကြသည်။

ဝီ..

အလင်းတန်းက ယခင်တစ်ကြိမ်ကဲ့သို့ပင် ရှောက်ထျန်းလုံလေး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်သွား၏။

ရှောက်ထျန်းလုံမှာ စစချင်း အနည်းငယ် လန့်နေဟန် တူသော်လည်း အလင်းတန်းဖြတ်သွားပြီးနောက် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။

သူ မည်သို့သော ထိခိုက်ဒဏ်ရာမျိုးမှ မရခဲ့ပေ။

ရှောက်ထျန်းလုံလေး၏ မျက်နှာ ဝင်းသွားပြီး ဂုဏ်ယူနေဟန် တူကာ လက်ကို ခါးထောက်၍ မြွေဖြူကြီးအား လှောင်ပြောင်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

" ဘယ်လိုဖြစ်ပြီး.. "

မြွေဖြူမှာလည်း ထိုအချိန်တွင် အလွန်အံ့သြတုန်လှုပ်နေပါ၏။

သူ အစောပိုင်းတွင် သုံးသွားခဲ့သော သိုင်းကွက်က ယခင်အကွက်များထက် များစွာ ပိုအစွမ်းထက်ပါသည်။

သို့တိုင် ထိုကောင်လေးက ဘာမှ ဖြစ်မသွားခဲ့ဘူးတဲ့လား။

၎င်းက မည်သို့သော သားရဲမျိုးပါနည်း။

" ချီးပဲကွာ.. မဖြစ်နိင်ဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး "

မြွေဖြူမှာ ဒေါသထွက်သွားသလို ရှက်လည်း ရှက်သွားပြီး ထျန်းရွှမ်းဖန်ပုလင်းအား ထပ်စုစည်းလိုက်၏။

ဝီ... ဝီ... ဝီ...

ဤတစ်ကြိမ်တွင်မူ သူ အလင်းတန်း ဆယ့်နှစ်ခု တိတိ ဆက်တိုက် ထုတ်လွှတ်ပြီး တိုက်ခိုက်လိုက်သည်။

ထိုအလင်းတန်းများက ရှောက်ထျန်းလုံ၏ ကိုယ်ထဲသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွားကြ၏။ သို့သော် ရှောက်ထျန်းလုံလေးက မလှုပ်မယှက် ရှိနေဆဲပင်။

" မဖြစ်နိင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး "

ထိုစဥ် မြွေဖြူမှာ အံ့သြလွန်း၍ ရူးသွပ်သွားတော့မလို

ပါပင်။

ထိုသို့သော သားရဲမျိုးနှင့် သူ ယခုမှသာ ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။

ပုံမှန်ဆိုပါက သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော မသေမျိုး နတ်ဘုရားသားရဲ ဖြစ်သည့် ၊ မီးတောက်ယူနီကွန်းသည်ပင် ယူနီကွန်းမီးတောက် အစစ်ကို ပိုင်ဆိုင်ထားသည့်တိုင် သူ၏ ထျန်းရွှမ်းဖန်ပုလင်း တိုက်ခိုက်မှုကို ဆက်တိုက် မခံဝံ့ပါချေ။

သို့သော် ယခု သူ့ရှေ့မှ ကောင်လေးကမူ သူ့သိုင်းကွက်များ အားလုံးကို အေးအေးဆေးဆေးပင် ငြိမ်ခံသွားခဲ့ပါ၏။

၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း....

" သူက ကမ္ဘာပေါ်က မသေမျိုးများလား... "

မြွေဖြူ၏ စိတ်ထဲတွင် တစ်ခု တွေးမိကာ ရင်တစ်ခုလုံး ဗြောင်းဆန်သွားသည်။

သို့ဆိုလျှင် ယခု ဖြစ်နေသည့် အရာအားလုံးက အဓိပ္ပါယ် ရှိသွားပေမည်။

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်နှင့် သာမာန် မသေမျိုးတစ်ယောက်တို့ကြားမှ ကွာဟချက်က ကြီးလွန်းလှသည် မဟုတ်ပါလား။

ထိုသို့ တွေးမိကာ မြွေဖြူ၏ ရင်ထဲမှ လှိုက်၍ ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။

အစောပိုင်းတွင် ရှောက်ထျန်းလုံအား ကိုင်တွယ်ရန် နောက်ထပ် နည်းတစ်ခု သုံးမည်ဟု သူ စဥ်းစားထားသေးသော်လည်း..

ယခု ထိုနည်းကို မသုံးဝံ့တော့ပါချေ။

" ငါ ဒီပွဲကို အရှုံးပေးပါတယ် "

မြွေဖြူ ပြောလိုက်ပြီး တိုက်ပွဲကွင်းပြင်ထဲမှ အမြန်ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော်... လေထဲမှ ရှောက်ထျန်းလုံလေးက

အသာတကြည် လက်မခံပါချေ။

ဝှစ်..

၎င်းက မြွေဖြူရှေ့သို့ ရုတ်တရက် ရောက်လာ၏။

" ဟင် "

မြွေဖြူ အလွန်ကြောက်ရွံ့တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး တုန်သွားကာ သူ့ကြေးခွံများလည်း အေးစက်တောင့်တင်းသွားသည်။

တစ်ပြိုင်နက်တည်း နီးပါးမှာပင် ရှောက်ထျန်းလုံလေး၏ လက်သီးချက်က ရောက်လာခဲ့သည်။

ဘုန်း..

ထိုလက်သီးချက်ကြောင့် မြွေဖြူ နောက်သို့ လွင့်ထွက်သွားပြန်တော့၏။

အု..

မြွေဖြူ သွေးအန်သွားပြီး သူ့ကိုယ်ထဲမှ မြောက်များ

စွာသော အရိုးများနှင့် ကြေးခွံများ ကျိုးကုန်ကြသည်။

သို့သော် လက်ရှိတွင် သူ ထိုအရာများကို ဂရုမစိုက်နိုင်ချေ။

အဘယ့်ကြောင့်ဆိုသော် ထိုစဥ်တွင် ရှောက်ထျန်းလုံလေးက သူ့အမြီးကို ကုတ်တွယ်ထားပြီး သူ့ကိုယ်မှ ကြေးခွံများအား ခွာနေသည်ကို သိလိုက်ရသောကြောင့်ပင်။

" ဟေ့.. အဲ့လောက်ကြီးက လွန်နေပြီနော် "

မြွေဖြူ ဒေါသတကြီး အော်လိုက်သည်။

ထိုကောင်လေးက သူ့အား တိုက်ခိုက်ချင်သည်ကို သူ နားလည်နိုင်သော်လည်း သူ့ကြေးခွံများအား အဘယ့်ကြောင့် ခွာနေရသည်ကိုမူ သူ နားမလည်နိုင်ပါ။

ဝီ..

ချက်ချင်းမှာပင် မြွေဖြူက သူ့အမြီးအား ရေခဲအစွမ်းများ ပါဝင်သော လေအေးများဖြင့် လွှမ်းခြုံပြီး အေးခဲစေလိုက်၏။

ထိုစဥ် ကြေးခွံများကို ဆွဲခွာနေသော ရှောက်ထျန်းလုံလေး၏ လက်နှစ်ဖက်လည်း အေးခဲသွားသည်။

" ဝု... "

ရှောက်ထျန်းလုံလေး အလွန်ဒေါသထွက်သွား၏။

မြွေဖြူက အေးစက်စက် ပြန်ပြောလိုက်သည်။

" ငါက မင်းနဲ့ ယှဥ်နိုင်တဲ့ ပြိုင်ဘက် မဟုတ်ဘူး ဆိုပေမယ့်.. ငါ့ကြေးခွံတွေကို အဲ့လောက်လွယ်လွယ်နဲ့ ခွာလို့ရမယ် ထင်နေရင်တော့ မင်း မှားနေပြီ "

သူ ထိုသို့ပြောပြီး ရှောက်ထျန်းလုံ လွင့်ထွက်သွားအောင် အမြီးကို ခပ်ကြမ်းကြမ်း ရမ်းလိုက်သည်။

သို့သော်.. သူ မည်မျှ ခက်ခက်ခဲခဲ ကြိုးစားသည့်တိုင် ရှောက်ထျန်းလုံလေးက လွင့်မသွားဘဲ သူ့အမြီးတွင်သာ ဆက်တွယ်ကပ်နေပါ၏။

သို့သော် သူ ထိုသို့ ခါရမ်းနေခြင်းက ရှောက်ထျန်းလုံအတွက် ကြေးခွံများအား ခွာရန် ခက်သွားခဲ့

ပါသည်။

ရှောက်ထျန်းလုံ မျက်နှာလေး ချက်ချင်း ညိုသွားသည်။

သူ စားချင်နေသော အရာကို ရရန်ဆိုလျှင် အချိန်ကိုက် လှုပ်ရှားမှ ရပေမည် ။

ထိုစဥ် ရုတ်တရက်... ရှောက်ထျန်းလုံ၏ အတွေးထဲ လောထျန်း သင်ပေးထားခဲ့သည့် လျှို့ဝှက်နည်းတစ်ခုကို သတိရကာ ပျော်သွားသည်။

သူ သတိရရချင်းပင် လက်နှစ်ဖက်ဖြင့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများအား စတင်စုစည်းလိုက်၏။

ချွှင်..

မကြာမီမှာပင် သူ့လက်ထဲမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်း ဆိုသလိုပင်.. သူ့လက်ထဲ၌ သုံးလက်မခန့်

ခန့် အရွယ်ရှိသော ဓားမြှောင်လေး တစ်လက်လည်း ပေါ်လာ၏။

မြွေဖြူမှာလည်း ကြောက်မက်ဖွယ် အရောင်အဝါ ထွက်ပေါ်လာသည်နှင့် တစ်စုံတစ်ခု လွဲနေပြီဖြစ်ကြောင်း သတိထားမိသွားကာ ချက်ချင်း လှည့်ကြည့်လိုက်သည်။

သို့သော် သုံးလက်မခန့်သာ ရှိသော ဓားအား မြင်ပြီးနောက်တွင်မူ သူ မျက်မှောင်ကြုံ့သွား၏။

" ကောင်လေး ၊ မင်းက ငါ့ကို အဲ့ဓားသေးသေးလေး သုံးပြီး တိုက်ခိုက်ချင်တယ်ပေါ့ "

မြွေဖြူ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ထိုဓားလေးက ပုံမှန်ဓားတစ်လက် မဟုတ်သည်ကို သူ သတိထားမိသည့်တိုင် သူ့အား မည်သို့မှ ဒုက္ခပေးနိုင်မည် မထင်ပါချေ။

ထိုအချိန်တွင် ရှောက်ထျန်းလုံလေးက ဓားကိုင်ထားသော လက်ကို ခပ်မြင့်မြင့်မြှောက်၍ မြွေဖြူအား အပြုံးဖြင့် ကြည့်လာသည်။

ထို့နောက်တွင်..

ဝှစ်...

ဓားလေး လှုပ်ရှားသွားပြီး မြွေဖြူကြီး၏ အမြီးအား တိုဟူးတုံး တစ်တုံးလိုပင် ဖြတ်ပစ်လိုက်ပါ၏။

အား....

မြွေဖြူက နာကျင်စွာ အော်နေရင်း ရှောက်ထျန်းလုံလေးအား ကြောက်လန့်တကြား လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှောက်ထျန်းလုံမှာ အောက်သို့ ဆင်းပြီး ပြတ်ကျနေသော မြွေဖြူ၏ အမြီးကိုပင် သွားယူနေလေပြီ။

" ဝု... "

ထို့နောက်တွင် ရှောက်ထျန်းလုံလေးက အမြီးပြတ်ကြီးအား လက်တစ်ဖက်ဖြင့် ကိုင်ရင်း ဓားသေးလေး

ကိုင်ထားသော အခြားလက်တစ်ဖက်ဖြင့် မြွေဖြူဘက် လှမ်းရွယ်ကာ အော်လိုက်သည်။

သူ့အသွင်မှာ မြွေဖြူကြီးအား ဆက်ပြီး တိုက်ခိုက်လိုသေးသည်လား ဆိုသည်ကို မေးချင်နေသယောင် ။

မြွေဖြူမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ကြောက်လန့်တုန်လှုပ်နေပါ၏။

ရှောက်ထျန်းလုံ၏ လက်ထဲမှ ဓားပိစိလေးက အဘယ့်ကြောင့် ဤမျှ ကြောက်စရာ ကောင်းနေရသည်ကိုလည်း သူ နားမလည်နိုင်ပေ။

အစောက ထိုဓား တိုက်ခိုက်လာသည့် အချိန်၌ သူ့ စိတ်စွမ်းအင်များ ၊ အကာအကွယ် အစွမ်းများနှင့် ကြေးခွံများအားလုံး တစ်ခုမှ အလုပ်မဖြစ်ခဲ့ဘဲ..

သူ့အမြီး တစ်ပိုင်း ချက်ချင်း ပြတ်တောက်သွားခဲ့ရပါသည်။

ထိုဓားလေးက မည်သို့သော မှော်လက်နက်မျိုးပါနည်း။

ထိုသို့သော ဓားမျိုး ရှိကြောင်းကို သူ ကြားပင် မကြားဖူးခဲ့ပါ။

ထိုသို့ တွေးနေရင်း သူ နာကျင်နေသည်ကိုပင် မေ့လျော့ကာ ရှောက်ထျန်းလုံလေးအား ကြောက်လန့်တကြား ကြည့်လိုက်သည်။

ရှောက်ထျန်းလုံမှာမူ မြွေဖြူကြီးက ဘာမှ ပြန်မပြောသည့်အတိုင် ဆက်တိုက်ခိုက်ချင်သေးသည် ဟုသာ တွေးပြီး မျက်မှောင်ကြုံ့၍ ထပ်ပြေးသွားလိုက်သည်။

မြွေဖြူမှာ ၎င်းကို မြင်မှသာ အသိပြန်ဝင်သွားပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ချက်ချင်း ပြန်အော်လိုက်၏။

" အရှုံးပေးပါတယ် ၊ ငါ အရှုံးပေးပါတယ် "

ဝှစ်...

ထိုအချိန်တွင် ရှောက်ထျန်းလုံမှာ ပြတ်နေသော အမြီးကို ကိုင်ဆွဲ၍ မြွေဖြူရှေ့ သုံးပေအကွာသို့ပင် ရောက်နေခဲ့လေပြီ။

သူ့လက်ထဲမှ ဓားပိစိလေးမှာလည်း မြွေဖြူ၏ ကိုယ်ထဲ စိုက်ဝင်ခါနီး ဖြစ်နေပါ၏။

All Chapters