နံပါတ် ၁
Vol. 32 Ch. 437
" ဝု.. "
ရှောက်ထျန်းလုံလေးက ဓားအား ပြန်သိမ်းကာ မြွေဖြူ၏ အမြီးပြတ်အား ကိုင်၍ ဟင်းအိုးဆီသို့ ပြေးသွားလိုက်သည်။
လူအုပ်မှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာကြပြီး အားရပါးရ လက်ခုပ်တီး၍ အော်ဟစ်အားပေးလိုက်ကြသည်။
" ဒါ... နိုင်သွားတာလား။ ဒီကောင်လေးက တကယ်ကြီး နိုင်သွားတာလား "
" နောက်များနေတာလားကွာ... မသေမျိုး အဆင့်ရှိတဲ့ နတ်ဘုရား သားရဲတစ်ကောင်ကို တကယ်ကြီး နိုင်သွားတာလား "
" ရိုးရိုး နိုင်တာတောင် မဟုတ်ဘူး ၊ အပြတ်အသတ်ကို နိုင်သွားတာ။ အစွမ်းထက်လိုက်တာကွာ... ဒီကောင်လေးက ဘယ်လိုသားရဲမျိုးပါလိမ့် "
အားလုံး အံ့အားသင့်ကုန်ကြတော့သည်။
ယွမ်ရှောက်မြို့စားကြီးသည်ပင် ရှောက်ထျန်းလုံအား အံ့သြတုန်လှုပ်စွာ ကြည့်နေပါ၏။
ထိုကောင်လေး၏ အစွမ်းက သူ ထင်ထားသည်ထက် များစွာ ပိုနေခဲ့လေပြီ။
တဖက်မှ မြွေဖြူမှာကား မျက်နှာကြီး သုန်မှုန်နေပြီး အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်း၍ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ယခု တိုက်ပွဲ၏ ရလဒ်မှာ အားလုံး လုံးဝ ထင်မထားသည့် ရလဒ်ပင်...
ဘုတ်..
ထိုစဥ် တဖက်မှ ရှောက်ထျန်းလုံလေးက မြွေဖြူ၏ အမြီးပြတ်အား ဟင်းအိုးထဲသို့ ပစ်ထည့်ကာ မျောက်ဘက်လှည့်၍ လက်ဖြင့် အချက်ပြလိုက်သည်။
ထိုအမြီးအား ချက်ရန် ပြောချင်နေသည်မှာ အသိအသာပင်။
မျောက်မှာ အိုးထဲမှ အမြီးပြတ်ကို ကြောင်တောင်တောင် ကြည့်နေရင်း အနည်းငယ် တုန့်ဆိုင်းနေ၏။
သို့သော် သူ ရှောက်ထျန်းလုံ၏ အမိန့်ကိုလည်း မလွန်ဆန်ရဲသဖြင့် ချက်ချင်း အလုပ်စရန် ပြင်လိုက်ရသည်။
ထိုစဥ် ရှောက်ထျန်းလုံက အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ တိုက်ပွဲစင်မြင့်ထက်သို့ ပျံတက်သွား၏။ ထို့နောက် မြွေဖြူကြီးတို့ အုပ်စု ရှိနေခဲ့သည့် ဘက်သို့ လက်ညိုးတထိုးထိုးဖြင့် လှောင်ပြောင်သည့် အမူအရာ လုပ်ပြလိုက်သည်။
မြွေဖြူကြီးက ရှုံးနိမ့်သွားသည့်တိုင် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက မပြီးသေးပါချေ။
မြွေဖြူကြီးတို့ အုပ်စုတွင် နတ်ဘုရား သားရဲသုံး
ကောင် ရှိပြီး မီးတောက်ယူနီကွန်း သေဆုံးသွားကာ ၊ မြွေဖြူမှာလည်း ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သဖြင့် နောက်ဆုံးသားရဲတစ်ကောင် ကျန်နေပါသေးသည်။
အားလုံး၏ အကြည့်ကလည်း ရှောက်ထျန်းလုံ ကြည့်နေသည့်ဘက် ရောက်သွားကာ တဖက်မှ သားရဲ တိုက်ခိုက်လာမည်ကို စောင့်မျှော်နေလိုက်ကြသည်။
သို့သော်..
" သခင်လေး လောထျန်းက အင်မတန် အစွမ်းထက်သလို သခင်လေးလောထျန်းရဲ့ သားရဲကလဲ အံ့မခန်းကို အစွမ်းထက်ပါတယ်။ ကျုပ်က သခင်လေးတို့အတွက် ပြိုင်ဘက်မဟုတ်တာ အသိသာကြီးပဲမို့ ကျုပ်ကိုယ်ကျုပ် အရှက်ရအောင် မလုပ်တော့ပါဘူးဗျာ။ ကျုပ် အရှုံးပေးပါတယ် "
မှောင်ရိပ်ထဲမှ အသံတစ်သံ ထွက်လာ၏။
လူများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာပြန်သည်။
တစ်ခါတည်း တန်းပြီး အရှုံးပေးသွားပြီ တဲ့လား။
တောင်ပိုင်းဒေသမှ အစွမ်းထက် သားရဲများက တိုက်ပင် မတိုက်ခိုက်ဘဲ တန်းပြီး အရှုံးပေးသွားခဲ့ကြလေပြီ။
ဤသည်ကို ကြည့်ခြင်းဖြင့်ပင် တိုက်ပွဲစင်မြင့်ထက်တွင် ရှိနေသော ကောင်လေးက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာပါ၏။
ထိုစဥ်မှာပင် လူများ တစ်ခု အသိဝင်သွားကြသည်။
ယခု ပွဲမှာ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ရောက်နေပြီဖြစ်ရာ... တဖက် ပြိုင်ပွဲဝင်များ အရှုံးပေးသွားပြီ ဆိုပါက လောထျန်းတို့အုပ်စုက ကောင်းကင်ဘုံနဂါး ပြိုင်ပွဲ၏ ချန်ပီယံများ ဖြစ်သွားကြပြီ ဆိုသည့် အဓိပ္ပါယ်ပင် ။
" လောထျန်းက... တကယ်ကြီး နိုင်သွားခဲ့ပြီပေါ့ "
" ပြိုင်ပွဲ အစောပိုင်းတုန်းက ကြေငြာတဲ့အချိန်မှာ သူက မြောက်ပိုင်းဒေသကဆိုတာ ငါ ကြားလိုက်
သေးတယ်ကွ။ မြောက်ပိုင်းဒေသက အဲ့လောက်တောင် အစွမ်းထက်နေပြီလား "
" အင်း.. ငါတို့ ကျုံ့ကျိုးဒေသက လူတွေက ကိုယ့်ဒေသကိုယ် ဒီထျန်းယွမ်ကမ္ဘာကြီးမှာ အစွမ်းအထက်ဆုံး လို့ပဲ ယူဆပြီး တခြားသူတွေကို အထင်သေးခဲ့ကြတာလေ။ ဒီတိုင်းဆို ငါတို့တွေ မောက်မာလွန်းနေပြီနဲ့ တူပါတယ် "
လူများက ထင်ရာကို ပြောဆိုလိုက်ကြသည်။
လောထျန်းကမူ အားလုံးကို လျစ်လျူရှုထားပြီး ယွမ်ရှောက်မြို့စားကြီး ဘက်သို့သာ လှည့်၍ ပြောလိုက်၏။
" ယွမ်ရှောက် မြို့စားကြီး ၊ အခု ကျုပ်တို့က ကောင်းကင်ဘုံနဂါး ပြိုင်ပွဲရဲ့ နံပါတ် ၁ ဖြစ်သွားပြီ မဟုတ်လား "
" အာ.. ဟုတ်ပါတယ် "
ယွမ်ရှောက်မြို့စားကြီးမှာ မည်သို့ ပြန်ပြောရမှန်း မသိဘဲ အလိုအလျောက် ခေါင်းညိတ်မိလိုက်သည်။
" ဒါဆို အခု ဆုတွေပေးဖို့ အချိန်ရောက်ပြီလေ "
လောထျန်းက ထပ်ပြောလာပြန်၏။
" ဆုပေးဖို့လား.. "
ယွမ်ရှောက်မြို့စားကြီး၏ ရင်ထဲ ဗြောင်းဆန်သွားတော့သည်။
သခင်ကြီး လွေ့နန်က ပြိုင်ပွဲကို နှောင့်နှေးအောင် လုပ်ရန် သူ့အား တာဝန်ပေးထားခဲ့ပါ၏။ အကယ်၍ ဆုများကိုသာ ယခု ပေးလိုက်မည် ဆိုပါက လောထျန်းတစ်ယောက် ဆုယူပြီးသည်နှင့် ပြန်ထွက်သွားနိုင်ပါသည်။
သို့ဆိုလျှင် လုံးဝ မကောင်းပါချေ။
" ယွမ်ရှောက်မြို့စားကြီး ၊ ကိုယ်ပြောထားတဲ့ စကားကို မတည်ဘဲ နေဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား "
ထိုစဥ် လောထျန်းတစ်ယောက် မျက်နှာ ရုတ်တရက် ညိုသွားကာ ပြောလာ၏။
ကြောက်မက်ဖွယ် ဖိအားတစ်ခုကလည်း ယွမ်ရှောက်မြို့စားကြီး၏ ခေါင်းပေါ်သို့ ရုတ်ချည်း ကျ
ရောက်လာသည်။
ဂလု..
ယွမ်ရှောက်မြို့စားကြီး အာခေါင်များ ခြောက်ကပ်သွားကာ လက်ကာပြ၍ အမြန်ရှင်းပြလိုက်ရသည်။
" မဟုတ်ပါဘူးဗျာ ၊ ကျုပ် ပေးထားတဲ့ ကတိကို တည်မှာပါ။ ဆုတွေကို ကျုပ် အခုပဲ စီစဥ်လိုက်ပါ့မယ် "
ထို့နောက် သူ သုန်မှုန်နေသော မျက်နှာဖြင့် စင်ပေါ်သို့ လျှောက်သွားကာ ပြောလိုက်သည်။
" အခု ကောင်းကင်ဘုံနဂါး ပြိုင်ပွဲရဲ့ ရလဒ်အဆင့်တွေ ထွက်လာပြီဆိုတာ အားလုံးကို ကြေငြာပါတယ်။ ကဲ.. ပြိုင်ပွဲဝင်တွေအားလုံး စင်မြင့်ပေါ်ကို တက်လာခဲ့ပေးကြပါ "
သူ အချိန်ဆွဲရန်အတွက် စကားကို နှေးနိုင်သမျှ နှေးအောင် တစ်လုံးချင်း ပြောလိုက်၏။
သူ့စကားဆုံးပြီး မကြာမီတွင်မူ ပြိုင်ပွဲဝင်များ စင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာ၏။
ယွမ်ရှောက်မြို့စားကြီးက အပြုံးဖြင့် ဆက်ပြောလိုက်သည်။
" ကဲ.. ဒါဆို စည်းမျဥ်းတွေအရ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ဝင်ယှဥ်ပြိုင်ခဲ့ကြတဲ့ ဘယ်သူမဆို ဆုတွေ ရကြမှာ ဖြစ်ပါတယ်။ ဒီတော့ အရင်ဆုံး ပြိုင်ပွဲ ပထမအဆင့်မှာ အထုတ်ခံလိုက်ကြရတဲ့ ပြိုင်ပွဲဝင်တွေ ထွက်လာပြီး ဆုလက်ခံ ယူပေးပါ "
သူ အချိန်ဆွဲရန်အတွက် ဆုများကို တမင်တကာ နောက်ဆုံးမှစ၍ ပေးလိုက်ပြိး ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီကို ဆုများ ပေးအပ်လိုက်၏။ ထိုသို့ ဆုပေးနေစဥ် အတွင်းတွင်လည်း ပြိုင်ပွဲဝင်များအား အားပေးစကားအချို့ ပြောလိုက်သေးပါသည်။
ဤသို့ဖြင့် ပြိုင်ပွဲ ပထမအဆင့်မှ လူများအား ဆုပေးရန် နာရီဝက်ခန့်ပင် ကြာသွားခဲ့သည်။
" ယွမ်ရှောက်မြို့စားကြီး ၊ နည်းနည်း ပိုမြန်ပေးလို့ မရဘူးလား "
ထိုစဥ် ဘေးတွင် စောင့်နေသော လောထျန်းက စိတ်မရှည်နိုင်တော့ဟန်ဖြင့် ပြောလာ၏။
" ဟုတ်ကဲ့ပါ ၊ ကျုပ် မြန်လိုက်ပါ့မယ် "
ယွမ်ရှောက်မြို့စားကြီးက ထိုသို့ပြောကာ ခြောက်ကပ်ကပ် တစ်ချက် ရယ်လိုက်သည်။ ထို့နောက် သူ စကားပြောသည့် နှုန်းကိုလည်း အမှန်တကယ်ပင် တိုးလိုက်၏။
သို့သော် ပြိုင်ပွဲ ဒုတိယအဆင့်အတွက် ဆုပေးခြင်းကလည်း နောက်ထပ် နာရီဝက် ကြာသွားခဲ့ပါသည်။
လောထျန်းမှာ ၎င်းကို ကြည့်နေရင်း စိတ်မရှည်နိုင် ဖြစ်နေ၏။
ရှောက်ထျန်းလုံနှင့် မျောက်တို့မှာကား ထိုကိစ္စများကို ဂရုမစိုက်ဘဲ ဟင်းအိုးထဲမှ မြွေအသားကိုသာ အားရပါးရ စားနေကြပါသည်။
ဟွမ်ယင်မှာ စစချင်း ရွံစရာဟုတွေးပြီး အသားကို မစားရန် ငြင်းလိုက်သေးပါသည်။
သို့သော် မြွေဖြူအသားကို စားပြီးနောက် ရှောက်ထျန်းလုံ၏ ကိုယ်မှ ကြောက်မက်ဖွယ် ရေခဲအစွမ်းများ
ထွက်လာသည်ကို မြင်သည့်အချိန်တွင်မူ သူမ ချက်ချင်း စိတ်ပြောင်းသွားဟန်ဖြင့် မြွေသားစားသည့် အဖွဲ့ထဲ ဝင်လိုက်ပါ၏။
ထိုမြင်ကွင်း အစဆုံးကို ခပ်ဝေးဝေးမှ ကြည့်နေသော သူတစ်ယောက်လည်း ရှိနေပါသေးသည်။ ထိုသူမှာ မြွေဖြူပင် ။
ထိုအချိန်တွင် မြွေဖြူမှာ သူ့ကိုယ်ပိုင် သွေးအစွမ်းနှင့် ဆေးရည်များ၏ ကျေးဇူးကြောင့် ဒဏ်ရာများ သက်သာနေခဲ့ပြီ ဖြစ်သည်။
သို့သော် သူ့အသားအား ပေါ်တင် စားနေကြသည်ကိုမူ ကြည့်ရန် မလွယ်ပါချေ။
" အခု ဆက်ပြီးတော့ စတုတ္ထအဆင့်မှာ အထုတ်ခံခဲ့ရတဲ့ သူတွေကို ဆုချီးမြင့်ပါမယ်။ ကျေးဇူးပြုပြီး စင်ပေါ် တက်လာပေးကြပါ "
ယွမ်ရှောက်မြို့စားကြီးက ကြေငြာလိုက်သည်။
ဤတစ်ကြိမ်တွင်မူ လောထျန်း ဆက်သည်းမခံနိုင်တော့ပါ။
" ယွမ်ရှောက်မြို့စားကြီး ၊ ဆုကို ကျုပ်ကိုပဲ အရင်ပေးလိုက်ပါလား။ ကျုပ် တခြားလုပ်စရာလေးတွေ ရှိသေးတယ် "
သူ ပြောလိုက်သည်။
သူ ဤကောင်းကင်ဘုံနဂါး ပြိုင်ပွဲ၌ အချိန်ကုန်နေခဲ့သည်မှာ ကြာပြီဖြစ်ရာ မြန်နိုင်သမျှ အမြန်ဆုံး ပြန်ထွက်သွားချင်နေလေပြီ။
" အမ်... ဒါက... "
သူ့စကားကြောင့် ယွမ်ရှောက်မြို့စားကြီး မျက်နှာထား ချက်ချင်း ပြောင်းသွား၏။
လောထျန်းအား ဆုကို အရင်ဆုံး ပေးရမည်တဲ့လား..
သို့ဆိုလျှင် သခင်ကြီး လွေ့နန်၏ အစီအစဥ် ပျက်သွားနိုင်ပေရာ သူ့အတွက် မကောင်းပါချေ။
သို့သော် ဆုကို မပေးပြန်လျှင်လည်း လောထျန်းတစ်ယောက် ဒေါသူပုန်ထပြီး သူ့အသက်ကို ရန်ရှာလာနိုင်ပါသည်။
သူ ထိုသို့ ဘေးကြပ်နံကြပ် ဖြစ်နေစဥ်မှာပင်..
ဘုန်း..
သူတို့ အနောက်ဘက်မှ အသံကျယ် တစ်သံ ထွက်လာ၏။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ။ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရဲ့ တံခါးမကြီးက ဘာလို့ ပိတ်သွားတာလဲ "
လူတစ်ယောက်က တအံ့တသြ မေးလိုက်၏။
ဘုန်း... ဘုန်း... ဘုန်း...
ထိုစဥ်မှာပင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်၏ ဘေးဘက်မှ တံခါးများကလည်း အသံကျယ်ပေးကာ တစ်ခုပြီး တစ်ခု ပိတ်သွားကြပြန်သည်။
ထိုမျှနှင့် မပြီးသေးပါချေ...
ဝီ...
တံခါးမကြီး ပေါ်မှ ထွင်းစာများလည်း အရောင်လက်လာပြီး အလင်းတန်းတစ်ခု တိုးထွက်လာ၏။
ထို ထွင်းစာများနှင့် စိတ်စွမ်းအင်အလင်းတန်းက တစ်ခုနှင့်တစ်ခု ရောယှက်နွယ်နေကြပြီး အစီအမံတစ်ခုအဖြစ် တဖြည်းဖြည်း ပုံပြောင်းသွားတော့သည်။
" ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်... ဘာတွေ လုပ်နေတာလဲ "
" ဟေ့.. ဒီ အစီအမံက ဘာအဓိပ္ပါယ်လဲ ။ ဘာမှ ကြိုပြောထားတာလဲ မရှိပါဘူး "
အခြေအနေ မဟန်သည်ကို တွေ့သော လူတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။
ကိုယ်မသိသည့် အစီအမံတစ်ခုထဲ၌ မည်သူမှ မနေချင်ရာ ထိုသို့ တုန့်ပြန်ခြင်းက အဆန်းမဟုတ်ပါ။
အထူးသဖြင့်.. ယခု အစီအမံမှာ ကောင်းကင်ဘုံ
သားရဲ တိုက်ပွဲခန်းမ၏ တံခါးဝများကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်ဟန်တူပြီး ..
တံခါးများအားလုံးက အဆင့် ၉ မှော်လက်နက်များ ဖြစ်ကြပါ၏။
သို့ဖြစ်ရာ ထိုသို့သော အစီအမံမျိုးက ပုံမှန် မဟုတ်ပါချေ ။
ဝေါင်း...
အားလုံးက မကျေမနပ် ဖြစ်နေကြစဥ်မှာပင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် အရှေ့တံခါးပေါက်၏ အပေါ်ဘက်မှ ကြောက်မက်ဖွယ် သားရဲအော်သံကြီး တစ်ခု ထွက်လာသည်။
ဝုန်း..
မရှေးမနှောင်းမှာပင် ခြေတစ်ချောင်း ကျွဲနဂါးကြီး တစ်ကောင် ကောင်းကင်ယံထက်၌ ပေါ်လာ၏။
ထိုသားရဲကြီး ပေါ်လာသည်နှင့် နတ်ဘုရားအစွမ်း
တစ်ခုလည်း ချက်ချင်း ကျလာသည်။
" မသေမျိုးအဆင့် ရှိတဲ့ ခြေတစ်ချောင်း ကျွဲနဂါးကြီး ပါလား။ ဒီကောင်ကြီးက ဘာလို့ ပေါ်လာတာလဲ "
တစ်ယောက်က တအံ့တသြ ပြောလိုက်သည်။
အား...
တစ်ချိန်တည်းမှာပင် အနောက်အရပ်ဘက်မှ စူးရှသော အော်သံကျယ်ကြီးတစ်ခု ထပ်ထွက်လာပြန်၏။
လေအေးများလည်း ချက်ချင်း တိုက်ခတ်လာသည်။
ထို့နောက်တွင်မူ ရှေ့သားရဲကဲ့သို့ ကြောက်မက်ဖွယ် အစွမ်းမျိုးနှင့် အမည်းရောင် ရေခဲငှက်ကြီးတစ်ကောင် အနောက်ဘက် တံခါးပေါ်၌ ပေါ်လာ၏။
" အဲ့ဒါ အမည်းရောင် ရေခဲငှက်ကြီးပဲ ။ အဲ့ကောင်ကြီး မြို့ထဲဝင်လာတဲ့ နေ့တုန်းက မီးတောက်ယူနီကွန်းနဲ့တောင် ပြဿနာ တက်သွားခဲ့သေးတယ်လေ။
ဒါပေမယ့် အဲ့နောက်ပိုင်း ပျောက်သွားတော့ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲကနေ ထွက်သွားပြီ ထင်နေခဲ့တာ။ အခု ဘာလို့ ဒီမှာ ပြန်ပေါ်လာတာလဲ "
တစ်ယောက်က အံ့သြတကြီး ပြောလိုက်သည်။
ဤသို့ဖြင့် .. အားလုံး အသိပြန်မဝင်လာခင်မှာပင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် တံခါးပေါက်များ အပေါ်၌ နတ်ဘုရား သားရဲပေါင်းများစွာ တစ်ကောင်ပြီးတစ်ကောင် ဆက်ပေါ်လာတော့၏။
ထိုသားရဲများ အားလုံးမှာလည်း မသေမျိုးအဆင့် သားရဲများ ဖြစ်ကြပါသည်။
သူတို့ထဲမှ အချို့မှာ ယွမ်ရှောက်မြို့ထဲတွင် ယခင်က ပေါ်လာဖူးပြီး အချို့ကိုမူ လူများ ယခုမှ ပထမဆုံး မြင်ဖူးကြခြင်း ဖြစ်၏။
သို့သော် ထိုသားရဲများ အားလုံးမှာ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲအတွင်းတွင် လုံးဝ ဝင်မပြိုင်ခဲ့ကြဘဲ ယခုမှသာ ရုတ်တရက် ပေါ်လာကြခြင်းပင်။
" ဒါ... "
လောထျန်းသည်ပင် ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားရသည်။
ထိုအချိန်မှာပင်..
" သခင်လေး လောထျန်း ၊ သတိထား.. ။ ဒီ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက လှည့်စားဖို့ လုပ်ထားတဲ့ ထောင်ချောက်ကြီး တစ်ခုပဲ "
ခပ်လှမ်းလှမ်းမှ ပန်းလင်က အော်ပြောလာ၏။