စိတ်ဝိဥာဥ် သခင်ကြီး
Vol. 32 Ch. 439
လောထျန်း လှုပ်ရှားလိုက်သည်နှင့် တံခါးပေါက်များ၏ အပေါ်တွင် ရှိနေကြသော နတ်ဘုရားသားရဲများက လေထဲသို့ ဝုန်းခနဲ ပျံတက်လိုက်ကြသည်။
ချက်ချင်း ဆိုသလို.. ပတ်ဝန်းကျင်တစ်ခုလုံး စတင်ပြောင်းလဲလာ၏။
အားလုံး ပြန်တည်ငြိမ်သွားသည့် အချိန်တွင်မူ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် အပေါ်ဘက်ရှိ ကောင်းကင်ယံက မှိုင်းညို့ နေခဲ့လေပြီ။
" ဘာတွေ ဖြစ်နေတာလဲ ။ အခု ဘယ်နေရာကို ရောက်နေတာလဲ "
" ဘာလို့ အဲ့လောက် မှောင်နေတာလဲ။ ဘာတွေ ဖြစ်နေလဲဆိုတာ သိတဲ့သူ ဘယ်သူရှိလဲ "
ပွဲကြည့်စင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
တိုက်ပွဲစင်မြင့် အောက်နားလေးတွင် ရှိနေသော လောထျန်းနှင့် အခြားသူများလည်း နားမလည်နိုင် ဖြစ်နေကြပါ၏။
လောထျန်း ဘေးနားတွင် ရှိနေသော ပန်းလင် တစ်ယောက်တည်းကသာ မျက်နှာထား ရုတ်ချည်း ပြောင်းသွားပြီး ပြောလာသည်။
" ဒီအရောင်အဝါက... မမှားနိုင်ဘူး ၊ လုံးဝ မမှားနိုင်ဘူး "
လောထျန်းက သူမဘက်လှည့်၍ မေးလိုက်၏။
" ဘာဖြစ်လို့လဲဗျ ၊ ခင်ဗျား ဘာတွေ သိထားလို့လဲ "
ပန်းလင်က အနည်းငယ် ကျောချမ်းနေဟန်ဖြင့် ပြန်ပြောသည်။
" ကျွန်မရဲ့ အရင် ဂိုဏ်းဟောင်းက လျှို့ဝှက်ဒေသ တစ်ခုကို ဝင်တဲ့ ဝင်ပေါက် ရှာတွေ့ခဲ့တယ်လို့ ကျွန်မ ပြောဖူးတာ မှတ်မိလား။ အဲ့ဝင်ပေါက်ကို အလောတကြီး ဖွင့်လိုက်မိလို့ မိစ္ဆာဝိဥာဥ်တွေ ထွက်လာပြီး ဒုက္ခအကြီးအကျယ် ရောက်သွားခဲ့တယ် ဆိုတာလေ "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
ထိုသို့ မိစ္ဆာဝိဥာဥ် ထွက်လာသည့် အတွက််ကြောင့်လည်း ပန်းလင်က ဆုမီတောင်တွင် နှစ်ပေါင်းများစွာကြာ နေ၍ ထိုမိစ္ဆာဝိဥာဥ်အား စောင့်ကြပ်နေခဲ့ရခြင်း ဖြစ်ပါသည်။
ပန်းလင်က အသံတုန်တုန်ဖြင့် ဆက်ပြော၏။
" အခု ဒီ အရောင်အဝါက အဲ့တုန်းက လျှို့ဝှက်ဒေသရဲ့ အရောင်အဝါနဲ့ တူနေတယ်။ မဟုတ်သေးဘူး ၊ အတိအကျ ပြောရမယ်ဆိုရင် ဒီအရောင်အဝါကတောင် ပိုအစွမ်းထက်နေသေးတယ်။ သခင်လေး လောထျန်း ၊ ကျွန်မတို့တွေ မိစ္ဆာဝိဥာဥ်အသိုက်ထဲ ရောက်နေပြီနဲ့ တူတယ် "
လောထျန်း အံ့သြမှင်သက်ကာ ဘေးပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သည်။
မိစ္ဆာဝိဥာဥ် အသိုက် တဲ့လား...
ထိုအချိန်မှာပင် ကြောက်မက်ဖွယ် အရောင်အဝါများ
တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။
တစ်ချိန်တည်း ဆိုသလို ထူးဆန်းသော ရယ်သံကျယ်ကြီး တစ်ခုလည်း ထွက်လာသည်။
" ဟင်.. ဘယ်သူရယ်နေတာလဲ "
ပွဲကြည့်စင်ပေါ်မှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ဘေးဘီသို့ ဝေ့ကြည့်ရင်း မေးလိုက်၏။
ထိုအချိန်မှာပင်..
ထိုလူကြီး၏ ရင်ဘတ်မှ အမည်းရောင် လက်သည်းချွန်ကြီး တစ်ခု တိုးထွက်လာသည်။
" ဘယ်လိုဖြစ်ပြီး... "
သူ ခက်ခက်ခဲခဲ နောက်လှည့်ကြည့်လိုက်ရာ ပိန်လှီသော သားရဲတစ်ကောင်က သူ့အား ကြောက်မက်ဖွယ် အကျည်းတန်လှသည့် အပြုံးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။
ထိုသားရဲ၏ လက်မှာ သူ့ရင်ဘတ်ထဲ စိုက်ဝင်နေ
ပါသည်။
ဇွပ်..
ထိုစဥ်မှာပင် သားရဲက လက်ကို ပြန်ရုတ်လိုက်ရာ သွေးများ ပန်းထွက်လာပြီး ထိုလူကြီး နေရာတွင်ပင် သေဆုံးသွားရတော့၏။ ချက်ချင်းဆိုသလိုပင် အမည်းရောင် အလွှာတစ်ခုက လူကြီး၏ ခန္ဓာကိုယ်အား ရစ်ပတ်လာကာ လူကြီးမှာ ခြောက်သွေ့နေသော အလောင်းကောင်ကြီး အဖြစ် ရုတ်ချည်း ပြောင်းသွားတော့သည်။
ထိုအခြင်းအရာကို ထိုလူကြီး တစ်ယောက်တည်း ကြုံတွေ့နေရခြင်း မဟုတ်ဘဲ.. ပွဲကြည့်စင် နေရာအနှံ့၌ ဖြစ်ပွားနေပါ၏။
ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် တစ်ခုလုံးမှာ တခဏအတွင်း လူသတ်ကွင်းကြီးအဖြစ် ပြောင်းသွားခဲ့လေပြီ ။
" ဟား ဟား... သွေးတွေ အများကြီးပဲကွာ။ အစာတွေ အများကြီးပဲ... အားလုံး ငါ့အပိုင်တွေ "
ထိုစဥ်မှာပင် ထူးဆန်းသော အရိပ်ကြီးတစ်ခုက တိုက်ပွဲစင်မြင့်ထက်တွင် ရှိနေကြသော လူအုပ်ကို သတိထားမိသွားကာ တိုက်ရိုက် ပျံသန်းလာသည်။
ထိုကောင်ကြီး၏ မျက်လုံးများက လူအုပ်အား ကြိမ်ဖန်များစွာ ဝေ့ဝဲကြည့်နေပြီး နောက်မှသာ မြွေဖြူကြီးပေါ်သို့ နောက်ဆုံး အကြည့်ရောက်သွား၏။
" အဲ့ကောင်ကို စားမယ် "
ထိုကောင်ကြီးက ပြောပြောဆိုဆိုပင် မြွေဖြူအား လှမ်းကိုက်ရန် ပြင်လိုက်သည်။
သို့သော်.. သူ အနားသို့ မရောက်ခင်မှာပင်..
ဝုန်း... ဝီ..
ရေခဲအစွမ်းများ ပါနေသော လေအေးတစ်ချက် တိုက်ခတ်လာပြီး ထိုကောင်ကြီး နေရာတွင်ပင် အေးခဲသွားတော့၏။
" ဟမ့်... တဖက်က ကောင်ရဲ့ အခြေအနေ ဘယ်လိုရှိ
တယ်ဆိုတာတောင် မကြည့်လိုက်တာ.. မင်း အရူးပဲကွ။ အဲ့လိုမှတော့ ဘယ်လိုလုပ်ပြီး စားလို့ရမှာလဲ "
ထိုစဥ် အသံနက်ကြီး တစ်သံ ထွက်လာသည်။
ထိုအသံနှင့် မရှေးမနှောင်းမှာပင် အရပ်ရှည်ရှည်နှင့် အရိပ်ကြီးတစ်ခု ပေါ်လာ၏။
ထိုအရိပ်ကြီး ပေါ်ပေါ်လာခြင်းမှာပင် အနံ့ဆိုးဆိုး တစ်ခု ထွက်လာသည်။
ထို ခပ်ပြင်းပြင်း အနံ့ကို ရှူမိလိုက်ကြသော သူများမှာ သူတို့၏ စိတ်စွမ်းအင်များ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့သည်ကို ခံစားလိုက်ကြရ၏။
ယခု သားရဲကြီးက အခြားသားရဲများထက် ပိုအစွမ်းထက်သည်မှာ သံသယ ဖြစ်စရာ မလိုပါချေ။
" သခင်ကြီး "
အခြားသားရဲများကလည်း ထိုသားရဲကို မြင်သည်နှင့် ဒူးထောက်ကာ ဦးညွှတ်အရိုအသေ ပေးလိုက်
ကြ၏။
ထိုကောင်ကြီး၏ အခြားသားရဲများ၏ လေးစားမှုကိုလည်း ရထားသူ တစ်ယောက်ဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြသည်။
" ခေါင်းဆောင်ကိုရော ၊ သူ့နောက်လိုက်တွေကိုရော ဖမ်းကြဟေ့ "
ထိုစဥ်တွင် မှောင်ရိပ်ထဲမှ အရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သခင်ကြီး ဆိုသည့် မိစ္ဆာနတ်ဆိုးဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။
ထိုသူ လှုပ်ရှားလိုက်သည့် နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျှင်မြန်လှသလို သူ့အစွမ်းကလည်း တုန်လှုပ်ဖွယ်ပါပင်။
" ဒါ.. တောင်ပိုင်းဒေသ နတ်ဘုရားသားရဲ အုပ်ထဲက နောက်ဆုံးကျန်တဲ့ နတ်ဘုရားသားရဲလား ။ သူက တကယ်ကြီး တိုက်ခိုက်လိုက်တာလား "
"ဟိုကောင်ကြီးကို အနိုင်တိုက်ပစ် "
၎င်းကို မြင်သွားသော လူတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်သည်။
ထိုနတ်ဘုရားသားရဲကြီးသာ အနိုင်ရသွားခဲ့ပါက ကျန်လူများ အသက်ချမ်းသာရာ ရနိုင်မည် မဟုတ်ပါလား။
သို့သော်...
" အလိုက်တာ "
မိစ္ဆာဝိဥာဥ်က နတ်ဘုရားသားရဲအား တစ်ချက်ကြည့်လိုက်၏။ ချက်ချင်းမှာပင် မိစ္ဆာဝိဥာဥ်ကြီး၏ အနောက်ဘက်၌ ထောင်ပေါင်းများစွာသော အမည်းရောင် ကြိုးမျှင်များ ထွက်ပေါ်လာကာ နတ်ဘုရားသားရဲဆီသို့ တိုးဝင်သွားတော့သည်။
" ဘယ်လို ဖြစ်ပြီးတော့.. "
တဖက်မှ သားရဲကလည်း ၎င်းကို မြင်သည်နှင့် သူ့ရှိသမျှ အစွမ်းကုန်သုံး၍ တန်ပြန်တိုက်ခိုက်လိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း...
သားရဲကြီးမှာ အမည်းရောင်ကြိုးမျှင်များ ဆယ်ဂဏန်းခန့်ကို အောင်အောင်မြင်မြင် ရှင်းထုတ်လိုက်နိုင်သေးသော်လည်း နောက်ဆုံးတွင် ဆက်မခုခံနိုင်တော့ဘဲ အမည်းရောင် ကြိုးမျှင်တစ်ခု၏ ရစ်ပတ်ခြင်းကို ခံလိုက်ရတော့၏။
ထို့နောက်တွင်မူ..
ဇွပ်..
အမည်းရောင် ကြိုးမျှင်က သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်သွားကာ သွေးများ ချက်ချင်း ပန်းထွက်လာသည်။
ထိုအချိန်မှာပင် မိစ္ဆာဝိဥာဥ်ကြီး၏ အမည်းရောင် ကြိုးမျှင်များ သားရဲဆီသို့ ထပ်တိုးဝင်လာကြပြန်၏။
ထိုကြိုးမျှင်များနှင့် တွေ့ပါက နတ်ဘုရားသားရဲ တစ်ကောင်သည်ပင် နေရာ၌ သေဆုံးသွားရမည် ဖြစ်ပါသည်။
သို့သော် ဤတစ်ကြိမ် သားရဲကြီး ကံကောင်းသွားသည်ဟု ပြောရပါမည်။
" ထျန်းရွှမ်း ဖန်ပုလင်း ရေခဲအစွမ်း ၊ သတ်စေ.. "
မြွေဖြူက မသေမျိုးအစွမ်းများ ထပ်ထုတ်လွှတ်လိုက်ပြီး မိစ္ဆာဝိဥာဥ်ဆီသို့ ဖန်ပုလင်းမှ အလင်းတန်းဖြင့် ပစ်လွှတ်လိုက်၏။
" အင်... "
မိစ္ဆာနတ်ဆိုး အံ့အားသင့်သွားရသည်။ သူ့ရှေ့တွင် ရှိနေသော အမည်းရောင် ကြိုးမျှင်များကလည်း ဒိုင်းတစ်ခုအဖြစ် ချက်ချင်း စုစည်းသွားကြ၏။
ဝီ...
အလင်းတန်းက ထိုဒိုင်းအပေါ်သို့သာ ကျသွားပြီး ဒိုင်း၏ အစွန်ဖျားများ ပျက်စီးသွားကြသည်။
သို့သော် အစွန်ပိုင်းနားလေးသာ ပျက်စီးသွားခြင်း ဖြစ်သဖြင့် ဒိုင်းတစ်ခုလုံးနှင့် ယှဥ်ပါက အသေးအမွှား ပျက်စီးမှုဟု ဆို၍ ရပါသည်။
" ဒီအကွက်က တော်တော်စိတ်ဝင်စားစရာ ကောင်းသားပဲ "
မိစ္တာနတ်ဆိုးက ၎င်းကို ကြည့်ရင်း အပြုံးဖြင့် ပြောလာ၏။
" ဒါ.... "
မြွေဖြူ အံ့သြတုန်လှုပ်သွားရပြန်တော့သည်။
သူ့သိုင်းကွက် အလုပ်မဖြစ်သည်မှာ ယနေ့တစ်ရက်တည်း နှစ်ကြိမ် ရှိသွားခဲ့လေပြီ။
ထို မိစ္ဆာဝိဥာဥ်ကြီးက သူ့ထက်ပို အစွမ်းထက်သည်မှာ သံသယဝင်စရာ မလိုတော့ပါ။
ထိုစဥ်မှာပင်...
ဝီ...
မိစ္ဆာဝိဥာဥ်ကြီး၏ ဘေး၌ အလင်းတန်းလိုက်ကာတစ်ခု ကျလာပြီး ထို အလင်းတန်းလိုက်ကာထဲမှ လွေ့နန်၏ အရိပ် ပေါ်လာ၏။
" သခင်ကြီး ၊ သခင်ကြီးအတွက် ယဇ်ပူဇော်ဖို့ ယူလာပေးပါတယ်။ ကျေးဇူးပြုပြီးတော့ နတ်ဆိုးဧကရာဇ်ကြီးကို မြန်မြန်သာ နှိုးလိုက်ပါဗျာ "
လွေ့နန်က စိုးရိမ်နေဟန်ဖြင့် ပြောလိုက်သည်။
မိစ္ဆာဝိဥာဥ်သခင်ကြီးက လွေ့နန်အား လှည့်ကြည့်ကာ လှောင်ပြုံးဖြင့် ပြော၏။
" သခင်ကြီး လွေ့နန် ၊ ဘာလို့ အဲ့လောက် အလျင်စလို ဖြစ်နေရတာလဲ။ ကျုပ်လူတွေက ဒီမှောင်မဲနေတဲ့ နေရာမှာပဲ ပိတ်မိနေခဲ့တာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီလေ။ အခုမှ အမဲလိုက်ပွဲ ကောင်းကောင်းကြီး ကျင်းပရတာဆိုတော့... သူတို့တွေ ပျော်ကြပါစေဦး "
လွေ့နန်က ခပ်လှမ်းလှမ်းတွင် ရှိနေသော လောထျန်းဘက်သို့ စိုးရိမ်မကင်းသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
" သခင်ကြီး ၊ နောက်ကျရင်လဲ အမဲလိုက်ဖို့ အခွင့်အရေးတွေ အများကြီး ရလာဦးမှာဗျ။ ဒါပေမယ့် အခု လောလောဆယ် ဟို ယဇ်ပူဇော်ခံရမယ့် ကောင်ကို မရှင်းထားရင် ပြဿနာတွေ တက်လာနိုင်တယ် "
မိစ္ဆာဝိဥာဥ် သခင်ကြီးက လွေ့နန်ကို ကြည့်ကာ အသံကျယ်ဖြင့် အော်ရယ်လိုက်သည်။
" ပြဿနာ ဟုတ်လား.. ဘာပြဿနာတွေ ဖြစ်နိုင်မှာမို့လဲ။ မင်းတို့ လူသားမျိုးနွယ်က ငါတို့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား "
" ဟိုးအရင် ငါတို့မျိုးနွယ်စုရဲ့ မှော်လက်နက်ကို မင်းကို ငှားပေးလိုက်ကတည်းက ငါတို့ မျိုးနွယ်စု ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်း သိသင့်တယ်နော်။ ဒါကို ဘယ်လိုလုပ်ပြီး ခုလိုစကားမျိုး လာပြောနေတာလဲ "
" ဒါနဲ့.. အဲ့ တားမြစ်မှော်လက်နက်တွေရော အခု အကောင်းတိုင်း ကျန်သေးတယ် မဟုတ်လား "
တားမြစ်မှော်လက်နက်အကြောင်း ထည့်ပြောလိုက်သည်နှင့် လွေ့နန်၏ မျက်နှာထား ချက်ချင်း ပြောင်းသွားသည်။
" သခင်ကြီး ၊ ကျုပ်လဲ အဲ့ကိစ္စကိုပဲ ပြောချင်နေတာ။ သခင်ကြီး ကျုပ်ကို ငှားပေးလိုက်တဲ့ မှော်လက်နက်
က ခုဆို ဖျက်ဆီးခံရတာ မဟုတ်ရင် တခြားသူရဲ့ လက်ထဲ ရောက်နေပြီ "
လွေ့နန် တီးတိုးပြောလိုက်သည်။
" မင်း ဘာစကား ပြောလိုက်တယ် "
မိစ္ဆာဝိဥာဥ်သခင်ကြီးက ချက်ချင်း ဒေါသတကြီး အော်လိုက်သည်။ သူ့ကိုယ်ထဲမှ လူသတ်အရိပ်အငွေ့များလည်း ဆူပွက်လာ၏။
လွေ့နန်မှာ ခန္ဓာကိုယ်အစစ်က ဤနေရာတွင် ရှိမနေသည့်တိုင် လွန်စွာ ကြောက်ရွံ့တုန်လှုပ်သွားရပါသည်။
" သခင်ကြီး ၊ အဲ့ မှော်လက်နက်ကို ယူသွားခဲ့တဲ့ တစ်ယောက်က ဒီတစ်ကြိမ် ကျုပ် ခေါ်လာပေးတဲ့ ယဇ်ပူဇော်ခံရမယ့် သူပါပဲဗျာ။ သူ့ကိုသာ ရှင်းလိုက်နိုင်ရင် အားလုံး အဆင်ပြေသွားမှာပါ "
လွေ့နန်က တရိုတသေ ပြောလိုက်သည်။
မိစ္ဆာဝိဥာဥ်သခင်ကြီးက လွေ့နန်အား ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် အချိန် အတန်ကြာ စိုက်ကြည့်နေပြီးမှသာ အေးစက်စက် လေသံဖြင့် ပြောလာ
သည်။
" အဲ့ဒီ ယဇ်ပူဇော်မယ့် ကောင်ကို ရှင်းပြီးသွားရင် မင်းနဲ့ပါ စာရင်းထပ်ရှင်းမယ် "
ထိုသို့ ပြောပြီးသည်နှင့် မိစ္ဆာဝိဥာဥ်ကြီး၏ ခန္ဓာကိုယ် လှုပ်ရှားသွားကာ တိုက်ပွဲစင်မြင့်ထက်သို့ ဘုန်းခနဲ ဆင်းသက်လိုက်သည်။
ထို့နောက် သူ လောထျန်းအား စားမတတ် ဝါးမတတ် စိုက်ကြည့်ကာ အေးစက်စက် အငွေ့အသက်များ ပါဝင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
" ကောင်လေး ၊ မင်း ဘယ်လိုပုံနဲ့ သေချင်လဲ "