ကျင့်ကြံချင်တယ်..
Vol. 32 Ch. 445
လောထျန်းမှာ မိစ္ဆာဝိဥာဥ်များနှင့် တစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့ဖူးပါသည်။
ထို မိစ္ဆာဝိဥာဥ်များ၏ ခန္ဓာကိုယ်သည် အလွန်ထူးဆန်းပြီး ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည့်တိုင် စိတ်ဝိဥာဥ်ကဲ့သို့ အခြားခန္ဓာကိုယ်တစ်ခု ပေါ်လာစမြဲပါပင်။
သို့ဖြစ်ရာ စိတ်ဝိဥာဥ်အစွမ်းကို အသုံးမပြုဘဲ ၎င်းတို့အား ဖျက်ဆီးရန်မှာ မဖြစ်နိုင်သလောက် နီးပါးဟု ပြော၍ ရပါ၏ ။
အစောက လက်သီးချက်တွင် သူ အားများစွာ သုံးခဲ့သည့်တိုင် စိတ်ဝိဥာဥ်အစွမ်း လုံးဝ မပါခဲ့ပါ။
သို့ဆိုလျှင် ထို မိစ္ဆာဝိဥာဥ်အား ဖျက်ဆီးရန် မဖြစ်နိုင်ပါချေ။
ပန်းလင်က ပြန်ပြောလိုက်သည်။
" အဲ့ဒါတော့ ကျွန်မလဲ မသိဘူး။ ဒါပေမယ့် နတ်ဆိုး
ဧကရာဇ်ကြီးရဲ့ အရောင်အဝါက ပြာမှုန့်အဖြစ် ပြောင်းသွားတာတော့ တကယ်ပဲ "
မိစ္ဆာနတ်ဆိုး မျိုးနွယ်စု၏ ခန္ဓာကိုယ်များသည်ပင် ခံနိုင်သော အစွမ်းက အကန့်အသတ် ရှိသည်ကို သူမ မည်သို့ သိပါမည်နည်း...
၎င်းတို့သည် စိတ်ဝိဥာဥ်အစွမ်း မပါဝင်သော သာမာန်အစွမ်းမျိုးနှင့် မသေနိုင်ခြင်းမှာ... ထိုအစွမ်းက လုံလောက်အောင် မပြင်း၍ ဖြစ်ပါ၏။
အစောက လောထျန်း ထိုးလိုက်သည့် လက်သီးချက်မှာမူ... ထိုမှော်အစွမ်းများ အားလုံးကို ချိုးဖျက်ရန် လုံလောက်ပါသည်။
မသေမျိုး ခန္ဓာကိုယ်သည်ပင် ၎င်းကို မခုခံနိုင်ပါချေ။
" ပြာအဖြစ် ပြောင်းသွားတယ်.. ဟုတ်လား "
လောထျန်း အံ့သြမှင်သက်သွား၏။
ထိုစဥ်မှာပင်..
ဘုတ်..
လေထဲတွင် ရှိနေသော လွေ့နန်ပါဝင်သည့် အလင်းတန်းလိုက်ကာ အောက်ကျလာသည်။
လွေ့နန်မှာ မျက်နှာဆိုးရွားစွာ ပျက်နေပြီး အခြေအနေကို လုံးဝ မယုံနိုင်သည့် မျက်လုံးများ ရှိနေပါ၏။
" မဖြစ်နိုင်ဘူး.. လုံးဝ မဖြစ်နိုင်ဘူး။ ငါတို့ ဒီလောက် နှစ်တွေအကြာကြီး ရှာခဲ့ရတဲ့ နတ်ဆိုးဧကရာဇ်ကြီးက အဲ့လောက် လွယ်လွယ်နဲ့ သေသွားတာလား။ လုံးဝ မဖြစ်နိုင်ဘူး... သူ သေသွားတယ်ဆိုတာ ငါ လုံးဝ မယုံဘူး "
သူ ငယ်သံပါအောင်ပင် အော်လိုက်သည်။
ထိုအချိန်၌ သူ လဲကျတော့မလိုပါပင် ။
သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းသည် မိစ္ဆာဝိဥာဥ် မျိုးနွယ်စုနဲ့ နတ်ဆိုးဧကရာဇ်ကြီးတို့ အကြောင်းအား မတော်တဆ တစ်ခုမှ တဆင့် အမှတ်မထင် သိခဲ့ရခြင်း ဖြစ်ပါသည်။
ထိုအချိန်မှ စ၍ သူတို့ဂိုဏ်း၏ အစွမ်းနှင့် အင်အားတစ်ဝက်ကို ဤကိစ္စအပေါ်တွင် ထည့်ထားခဲ့ကြပါ၏။
ထို မိစ္ဆာနတ်ဆိုးများ၏ ခန္ဓာကိုယ်က သူတို့အတွက် ပြီးပြည့်စုံသော အခြေအနေဟု မှတ်ယူ၍ ရပါသည်။
ထို့ကြောင့်လည်း ၎င်း မိစ္ဆာဝိဥာဥ်များ၏ ခန္ဓာကိုယ်ကို လေ့လာပြီး သူတို့၏ ကိုယ်ပိုင်အစွမ်းများ တိုးတက်လာအောင် လုပ်ရန် စီစဥ်ခဲ့ကြခြင်းပင်။
အစောပိုင်း၌ ဒဏ္ဍာရီကျော် နတ်ဆိုးဧကရာဇ်ကြီး လွတ်မြောက်သွားခဲ့ပြီ ဖြစ်သဖြင့် ..
ဤအခြေအနေကို အခွင့်ကောင်းယူကာ ထျန်းယွမ်ကမ္ဘာအား စိုးမိုးလိုက်မည်ဟု သူ မျှော်လင့်ထားခဲ့ပါ၏။
ထို့နောက်တွင်မူ သူ့အစွမ်းကို တိုးတက်အောင် လုပ်ရပေမည်။
သို့သော်... ယခုမှာကား.. မျှော်လင့်မထားစွာပင် နတ်ဆိုးဧကရာဇ်ကြီးက လက်သီးချက် တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရလေပြီ။
သူမှ အံ့သြတုန်လှုပ်ခြင်း ကြီးစွာ မဖြစ်လျှင် မည်သူ ဖြစ်ပါတော့မည်နည်း။
" လွေ့နန်.. .. "
ထိုစဥ်မှာပင် လောထျန်းက အေးစက်စက် အလင်းတန်းအချို့ လင်းလက်နေသည့် မျက်လုံးအစုံဖြင့် လွေ့နန်အား ကြည့်လာသည်။
လွေ့နန်က သူ့အား အကွက်ဆင် ချောက်ချခဲ့သည်မှာ တစ်ကြိမ် မကတော့ပါ။
ထို့ကြောင့်လည်း လောထျန်းစိတ်ထဲ လွေ့နန် အပေါ် မုန်းတီးစိတ် အပြည့်ရှိနေ၏။
" လောထျန်း... "
လွေ့နန်မှာလည်း လောထျန်းအား အလွန်မုန်းတီးနေသူ တစ်ယောက်ပင် ။
သို့သော်.. လက်ရှိတွင် လောထျန်း၏ အစွမ်းအခြေအနေက သူ စော်ကား၍ ရသူတစ်ယောက် မဟုတ်မှန်း လွေ့နန် သဘောပေါက်ပါသည်။
" ဟမ့်... လောထျန်း ၊ မင်းက တကယ်လဲ အစွမ်းထက်တာ ငါ ဝန်ခံပါတယ်။ အစွမ်းထက်လွန်းလို့ ငါတောင် နားမလည်တဲ့ အထိပဲ။ ဒါပေမယ့် အဲ့ဒါက အရေးမကြီးဘူးကွ "
အလင်းတန်း လိုက်ကာထဲမှ လွေ့နန်က လက်ခုပ်တစ်ချက် တီးကာ ပြောလိုက်သည်။
" ဟင်.. မင်းက ဘာကို ဆိုလိုတာလဲ "
လောထျန်း တအံ့တသြ ပြန်မေးလိုက်၏။
လွေ့နန်က အေးစက်စက် ပြန်ပြောသည်။
" အခု မင်းရောက်နေတဲ့ နေရာက ပျောက်ဆုံးနေတဲ့ ကမ္ဘာငယ်တစ်ခုပဲကွ။ မင်းမှာ ထူးခြားတဲ့ နည်းလမ်းမျိုး မရှိဘဲနဲ့ အဲ့နေရာက မထွက်နိုင်ဘူး "
" ငါ မင်းကို အစီအမံသုံးပြီး အဲ့နေရာ ပို့လိုက်ရတဲ့ အကြောင်းရင်းက မင်းကို နတ်ဆိုးဧကရာဇ်ကြီးအတွက် ယဇ်ပူဇော်ဖို့ အပြင် ၊ တခြား ရည်ရွယ်ချက်တစ်ခုလဲ ရှိသေးတယ် "
" ငါက.. တကယ်လို့ လုပ်ရမယ့်အလုပ်ကိုသာ မအောင်မြင်ခဲ့ရင် အဲ့လေထုကို ပိတ်ပြီးတော့ မင်းကို ဒီနေရာမှာပဲ အမြဲတမ်း လှောင်ပိတ်ထားဖို့ စဥ်းစားထားတာကွ "
" ဒါပေမယ့် ဒီလို အခြေအနေမျိုးကြီးနဲ့ ရှုံးနိမ့်သွားမယ်လို့တော့ ငါ ထင်မထားခဲ့မိဘူးပေါ့ကွာ။ လောထျန်း ၊ မင်းက ကမ္ဘာကြီးမှာ ပြိုင်ဘက်ကင်း ဆိုတဲ့ အဆင့်ကိုတောင် ရောက်ခါနီးနေလောက်ပြီကွ။ ဒါပေမယ့် အခုတော့ မင်းက ဒီလေထုထဲမှာပဲ ပြိုင်ဘက်ကင်း ဖြစ်ရတော့မှာပေါ့ကွာ "
လွေ့နန်က ပြောပြောဆိုဆိုပင် လက်ဝေ့ယမ်းလိုက်ရာ သူ့ရှေ့မှ အလင်းတန်းလိုက်ကာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသည်။
" လောထျန်း ၊ အခု မင်းလဲ နတ်ဆိုးဧကရာဇ်ကြီးလို ဒီ မှောင်မည်းနေတဲ့ လေထုထဲမှာပဲ အမြဲ ချုပ်နှောင်ခံရတော့မှာကွ "
လွေ့နန်က အလွန််မုန်းတီးနေဟန်ဖြင့် ဆိုလိုက်သည်။
" အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောမနေနဲ့။ ရှင်တောင် ကျွန်မတို့ကို တည်နေရာရွှေ့ပြောင်းခြင်း အစီအမံသုံးပြီး ဒီလေထုထဲ ပို့လို့ရသေးတာ ၊ လောထျန်းက ကျွန်မတို့ကို ပြန်ခေါ်ထုတ်လို့ ဘာလို့ မရ ရမှာလဲ "
ဟွမ်ယင်က သူ့အား ဒေါသတကြီး ပြန်အော်လိုက်သည်။
လွေ့နန်က ဟွမ်ယင်အား လှည့်ကြည့်ကာ လှောင်ပြုံးဖြင့် ဆို၏။
" အဲ့ဒါက ရှင်းပါတယ်။ ငါ ခုနကလေးတင် ဒီလေထုကနေ ထျန်းယွမ်ကမ္ဘာကို ပြန်သွားနိုင်တဲ့ လမ်းကြောင်းတွေအားလုံးကို ဖျက်ဆီးလိုက်ပြီလေ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကိုလဲ ထပ်သုံးလို့ မရတော့ဘူး "
" အဲ့တော့ မင်းတို့အနေနဲ့ ဒီကမ္ဘာငယ်ကို မဖျက်ဆီးမချင်း ပြန်စရာ လမ်းမရှိတော့ဘူးကွ။ ဒါပေမယ့် ဒီကမ္ဘာက မင်းတို့ ထင်ထားတာထက် ပိုထူးဆန်းပြီးတော့ ပိုပြီးလဲ တည်ငြိမ်တယ်။ ခုနက လောထျန်းရဲ့ လက်သီးချက်က ဒီကမ္ဘာကို မဖျက်ဆီးလိုက်နိုင်
တာ.. သက်သေပဲလေ "
" ဟင်.. ဒါဆို... "
ဟွမ်ယင်၏ မျက်နှာထား ချက်ချင်း ပြောင်းသွားတော့သည်။
လွေ့နန်ကမူ လောထျန်းတစ်ယောက် ဤကမ္ဘာထဲ၌သာ အမြဲတမ်း ပိတ်လှောင်ခံထားရတော့မည်ကို မြင်ယောင်နေဟန်ဖြင့် ရယ်လိုက်၏။
" လောထျန်း ၊ တကယ်လို့ မင်းမှာ အစွမ်းရှိတယ် ဆိုရင်တော့ ဒီကမ္ဘာကြီးကို ဖျက်ဆီးပြီး ထွက်သွားလို့ ရတယ်နော်။ ဒါပေမယ့် မင်း ထွက်သွားနိုင်တဲ့အချိန်ကျရင် ပင်ပန်းလွန်းပြီး သေသွားမှာပါကွာ "
လွေ့နန်က ထိုသို့ပြောကာ အရူးတစ်ယောက်သဖွယ် အော်ရယ်လိုက်ပြန်သည်။
သို့သော် သူ့ရယ်သံ မဆုံးခင်မှာပင် အလင်းတန်းလိုက်ကာက လုံးဝ ပျောက်ကွယ်သွား၏။
လွေ့နန်၏ အသံမှာလည်း လေထုထဲမှ ပျောက်ကွယ်
သွားသည်။
" ချီးပဲ... လောထျန်း ၊ ကျွန်မ ထင်ထာတော့ အဲ့ကောင်ကြီးက လျှောက်ပြောနေတာနဲ့ တူတယ်။ ဒီမှာရှိတဲ့ သူတွေထဲမှာ အစီအမံ သခင်ကြီး တစ်ယောက်တော့ ပါမှာပဲ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ သုံးလို့ မရဘူးဆိုတာ ကျွန်မတော့ မယုံဘူး "
ဟွမ်ယင်က ဒေါသတကြီး ပြောလိုက်သည်။
" အမှန်ပဲ ၊ ဒီမှာ အစီအမံ ပညာရှင်တွေ ဘယ်သူရှိလဲ.. "
လူတစ်ယောက်ကလည်း ကျယ်လောင်စွာ အော်လိုက်၏။
" ကျုပ် အစီအမံတွေနဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းနည်းတော့ ရှိပါတယ်။ ကျုပ် ကြိုးစားကြည့်မယ်လေ "
အဘိုးအိုတစ်ယောက်က ပြောလာသည်။
" ဟဲ့လောင်.. ငါလဲ ပါမယ်ကွာ "
" ကျုပ်လဲ စမ်းကြည့်မယ် "
တခဏအတွင်းမှာပင် အစီအမံပညာရှင် သခင်ကြီး ဆယ်ယောက်ကျော် ထွက်လာကြ၏။
ထိုလူများက ချက်ချင်း ဆိုသလိုပင် အစီအမံများ လုပ်လိုက်ကြသည်။
သို့သော် အစီအမံအား တစ်ဝက်ခန့် ပြင်ဆင်ပြီးသွားသည့် အချိန်တွင်မူ လူများ ရုတ်တရက် ရပ်လိုက်ကြပါ၏။
" ဟင်.. ဘာဖြစ်လို့လဲ ၊ ဆက်လုပ်ကြလေ "
ဟွမ်ယင်က လောလိုက်သည်။
အစီအမံပညာရှင် သခင်ကြီးများ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။
နောက်ဆုံးတွင်မူ ဟဲ့လောင် ဆိုသည့် အဘိုးအိုက ပြောလာသည်။
" သခင်မလေး နဲ့ သခင်လေး လောထျန်း ၊ ဟို.. လွေ့နန် ပြောသွားတာက အမှန်ပဲဗျ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို သုံးလို့ မရတော့ဘူး "
အဘိုးအို၏ စကားကို ကြားသည်နှင့် အားလုံး၏ မျက်နှာတွင် နားမလည်နိုင်သည့် အမူအရာများ ပေါ်လာကြသည်။
" ဘယ်လို.. အစီအမံကို သုံးလို့မရဘူး.. ဟုတ်လား။ ဒါဆို ကျုပ်တို့တွေ ဒီနေရာမှာပဲ ပိတ်လှောင်ခံထားရတော့မှာပေါ့ "
" မဖြစ်ဘူး... ဒီမှာ ပိတ်ခံထားရလို့ မဖြစ်ဘူးနော်။ အိမ်မှာ ငါ့မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်။ အိမ်ပြန်ချင်တယ် "
" ငါလဲ ဒီကနေ ထွက်သွားချင်တယ် "
ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
ထိုစဥ် ပန်းလင်မှာ မျက်လုံးများ မှေးစင်းထားပြီး တစ်စုံတစ်ခုကို တွေးတောတွက်ချက်နေဟန် ရှိပါ၏။
အချိန်တခဏ ကြာပြီး နောက်တွင်မူ သူမ သွေးဆုတ်
ဖြူရော်နေသည့် မျက်နှာဖြင့် မျက်လုံးများ ပြန်ဖွင့်လိုက်သည်။
" ထျန်းယွမ်ကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ရှာမတွေ့ဘူး... "
သူမ မျက်လုံးများထဲ၌ စိတ်ပျက်အားငယ်မှုတို့ အပြည့်ပင်။
သို့သော်.. ထိုစဥ်တွင် လောထျန်းက ရုတ်တရက် ပြောလာ၏။
" ကျုပ် အကြံတစ်ခု ရပြီ "
" ဟင်... "
ထိုတခဏ၌ လူများအားလုံးပင် လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။
" အားလုံး ခဏလောက် စောင့်ကြဗျာ။ ကျုပ် တစ်ခု ကြိုးစားကြည့်လိုက်ဦးမယ် "
လောထျန်းက ပြောပြောဆိုဆိုပင် အစီအမံတစ်ခု စတင်ပြုလုပ်လိုက်၏။
" အင်.. သခင်လေး လောထျန်းကလဲ အစီအမံ ပညာရှင်တစ်ယောက်ပဲလား ။ သိတောင် မသိဘူး "
" အခု သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ လုပ်မလို့လား။ ဒါပေမယ့် ခုနက သခင်ကြီးတွေ ပြောသွားတာတော့ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို သုံးလို့ မရဘူးဆို "
" ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်သာ ကြည့်နေစမ်းပါကွာ "
အားလုံး၏ အာရုံက လောထျန်းအပေါ်တွင်သာ ကျနေတော့၏။
အဘိုးအို ဟဲ့လောင် မှာလည်း လောထျန်းက အစီအမံအား ပြင်ဆင်နေသည်ကို ကြည့်ကာ အလွန်အံ့သြတုန်လှုပ်သွားတော့သည်။
လောထျန်း ပြုလုပ်နေသော အစီအမံ၏ ထွင်းစာများ အားလုံးမှာ ပြီးပြည့်စုံလွန်းနေရုံမက...
သူ ထွင်းစာများကို ရေးနေသည့် အမြန်နှုန်းမှာလည်း ယုံနိုင်စရာပင် မကောင်းပါချေ။
ဤသို့ဖြင့် တခဏ ကြာပြီး နောက်တွင်မူ.. လောထျန်းတစ်ယောက် အစီအမံကြီးတစ်ခုအား လုပ်၍ ပြီးသွား၏။
ဟဲ့လောင်နှင့် အခြား အစီအမံပညာရှင်များမှာကား ထိုမြင်ကွင်းကို ကြည့်ရင်း ခေတ္တမျှ အံ့သြမှင်သက်နေကြပါသည်။
" ဒါ... စိတ်ဝိဥာဥ် မသေမျိုး အစီအမံလား.. "
အားလုံးပင် အံ့သြမှင်သက်သွားကြတော့သည်။
စိတ်ဝိဥာဥ် မသေမျိုး အစီအမံ ဆိုသည်မှာ စိတ်စွမ်းအင်ကို သီးခြား ခွဲထုတ်ပေးသည့် အစီအမံတစ်ခု ဖြစ်ပါသည်။
ထိုအစီအမံ အတွင်းသို့ အပြင်မှ စိတ်စွမ်းအင်များ မစီးဝင်နိုင်သလို အတွင်းထဲမှ စိတ်စွမ်းအင်များလည်း အပြင်သို့ မထွက်နိုင်သည့်အတွက် အကာအကွယ်အစီအမံတစ်ခုဟုလည်း ပြော၍ ရပါ၏။
သို့သော် ယခုလို အချိန်မျိုးတွင် ထိုသို့သော အစီအမံအား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်က ဘာပါနည်း။
အားလုံး နားမလည်နိုင်သည့် ရုပ်များ ဖြစ်ကုန်ကြသည်။
ထိုအချိန်မှာပင် လောထျန်းက လက်ခုပ်တီး၍ ပြောလာ၏။
" ကဲ.. ပြီးသွားပြီ ။ အားလုံး အထဲကို ဝင်ကြပါ "
" ဟင်.. "
အားလုံး ဆွံ့အကုန်ကြသည် ။
အစီအမံ အထဲသို့ ဝင်ရမည်တဲ့လား။
အထဲဝင်ပြီး ဘာလုပ်ရပါမည်နည်း။
အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့၍ မေးလာ၏ ။
" သခင်လေး လောထျန်း ၊ ဘာတွေ လုပ်မလို့ စီစဥ်
နေတာလဲဗျ "
လောထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" ကျုပ် သိုင်းပညာ ကျင့်ကြံမလို့ "