ထူးဆန်းသော အမည်းရောင်သွေး
Vol. 32 Ch. 448
ကမ္ဘာငယ်မှာ အရှုပ်အထွေး လေထု၏ အဆက်မပြတ် ဝါးမြိုခြင်းကို ခံနေရတော့သည်။
တောင်တန်းများ ၊ မြစ်များ ၊ မြေပြင်နှင့် ကောင်းကင်ယံတို့ အားလုံးလည်း ပြိုကျကုန်၏။
ထိုပြိုကျပျက်စီးမှုများမှာ လူများနှင့် ခပ်ဝေးဝေးတွင် ရှိနေသေးသည့်တိုင် မကြာခင် အချိန်အတွင်း သူတို့ထံသို့ ရောက်လာတော့မည်ဖြစ်ကြောင်း အားလုံး နားလည်လိုက်ကြသည်။
သို့သော် လက်ရှိတွင် ၎င်းကို မည်သူမှ ဂရုမစိုက်နိုင်ကြဘဲ..
အားလုံး၏ အာရုံက လောထျန်း အပေါ်တွင်သာ ရှိနေပါ၏။
ထိုစဥ်မှာပင် ကျင့်ကြံခြင်း အဆင့်တက်သွားသည့် လောထျန်းက မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လာသည်။
" အင်း... ထုံရွှယ်အဆင့် ၉ ရဲ့ ထိပ်ဆုံးကို ရောက်တဲ့ ခံစားချက်က အဲ့လိုပဲလား... ။ တကယ်ကြီးလဲ အရင်ထက် ပိုအစွမ်းထက်သွားတာပဲ "
လောထျန်းက သူ့လက်ဝါးသူ ပြန်ကြည့်ရင်း သူ့ကိုယ်ထဲမှ အစွမ်းကို ပြန်ခံစားကြည့်ကာ တွေးလိုက်သည်။
ထို့နောက်တွင်မူ သူ နောက်လှည်ပြီး အားလုံးကို ကြည့်ကာ ပြောလိုက်၏။
" အားလုံး... ကျုပ် အခု ဒီကမ္ဘာငယ်ကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိသွားပြီ "
လောထျန်းက ထိုစကားအား ယုံကြည်ချက် အပြည့်ရှိနေသည့် မျက်နှာဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။
သို့သော် အားလုံးကမူ သူ့စကားကို ကြားသောအခါ ထူးဆန်းသော မျက်နှာထားများ ဖြစ်သွားကြ၏။
လောထျန်းမှာ အားလုံး ဖြစ်သွားသည့် အမူအရာကြောင့် အံ့အားသင့်သွားပြီး ပြောလိုက်သည်။
" ဘာလဲ.. ကျုပ်ပြောတာ မယုံလို့လား။ ကျုပ်ရဲ့
လက်ရှိအစွမ်းက စောနတုန်းကထက် အများကြီး ပိုအစွမ်းထက်နေပြီဗျ "
ထိုအချိန်တွင် ပန်းလင် မနေနိုင်တော့ဘဲ ပြောလာ၏။
" သခင်လေး လောထျန်း ၊ သခင်လေးကို မယုံလို့ မဟုတ်ပါဘူး။ အခု ကမ္ဘာငယ်က ဘာတွေ ဖြစ်နေတယ်ဆိုတာ အရင်ကြည့်လိုက်ပါဦး... "
လောထျန်း လန့်သွားကာ ချက်ချင်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။
သူ့ရှေ့မှ ကမ္ဘာငယ်မှာကား မမှတ်မိနိုင်တော့လောက်အောင် ပျက်စီးနေလေပြီ...
လောထျန်း အံ့သြတုန်လှုပ်သွားရကာ မေးလိုက်၏။
" အဲ့လိုဖြစ်အောင် ဘယ်သူ လုပ်လိုက်တာလဲ "
အားလုံး : " ............. "
ပန်းလင်က မျက်နှာအိုကြီးဖြင့် ပြန်ပြော၏။
" တခြား ဘယ်သူရှိရဦးမှာလဲ.. သခင်လေးရဲ့
လက်ချက်ကြောင့်ပေါ့ "
သူမ တလက်စတည်း မည်သို့ဖြစ်ပျက်သွားခဲ့သည်ကိုပါ ရှင်းပြလိုက်သည်။
စကားဆုံးအောင် နားထောင်ပြီးနောက်တွင်ကား.. လောထျန်းတစ်ယောက် အံ့အားသင့်သွားရပါ၏။
သူ့ မူလ အစီအစဥ်မှာ ပိုအစွမ်းထက်လာအောင် ကျင့်ကြံပြီး အစွမ်းတိုးလာမှ ကမ္ဘာငယ်အား ဖျက်ဆီးပစ်ရန် ဖြစ်ပါသည်။
သို့သော်.. ဤကမ္ဘာငယ်က သူ ကျင့်ကြံသည်ကိုပင် တောင့်မခံနိုင်မှန်း မည်သို့ ထင်မိပါမည်နည်း။
" ကဲ.. အားလုံး နားထောင်ကြပါ။ ခုက ဒါတွေကို စဥ်းစားနေရမယ့် အချိန် မဟုတ်သေးဘူး။ ဒီ ကမ္ဘာငယ် လုံးဝကြီး မပျက်စီးသွားခင် ထျန်းယွမ်ကမ္ဘာကို ပြန်မှဖြစ်မယ် "
ပန်းလင်က အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
" ဟုတ်တယ် ၊ အမှန်ပဲ ။ ဒီမှာဆက်နေရင် အန္တရာယ်များတယ် "
" သွားကြစို့ဟေ့.. သွားကြစို့ "
အားလုံးလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။
မကြာမီမှာပင် အားလုံး အစီအမံထဲမှ လမ်းလျှောက် ထွက်လာကြ၏။
" ဒီ လေထု တုန်ခါနေတာက အရမ်း အန္တရာယ်များတယ်နော်။ အထဲရောက်တာနဲ့ သေချာပေါက် သေသွားနိုင်တယ်။ ဒီတော့ ထွက်ရင် အားလုံး သတိကြီးကြီး ထားကြပါ "
အဘိုးအိုတစ်ယောက်က အားလုံးကို အော်၍ အသိပေးလိုက်သည်။
ဟဲ့လောင်ကလည်း ခေါင်းညိတ်၍ ဝင်ပြော၏။
" အမှန်ပဲ ၊ ဒီက ထွက်ရင် အတူတူ ထွက်ကြတာ ပိုကောင်းလိမ့်မယ်။ ကျုပ်တို့တွေထဲက အစွမ်းထက်တဲ့ သူနှစ်ယောက် ရွေးပြီးတော့ တစ်ယောက်က
ရှေ့က ဦးဆောင်လိုက်ပါ။ တစ်ယောက်က နောက်ကနေပြီး အခြေအနေကို စောင့်ကြည့်ပေါ့။ ဒါမှ လေထုပြိုကွဲတဲ့အထဲ မပါသွားအောင် "
အားလုံး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်နေကြစဥ်မှာပင် မြွေဖြူက အရင်ဆုံး စကားစလာသည်။
" ကျုပ် ရှေ့က ဦးဆောင်ပြီး လမ်းရှင်းပေးမယ် "
လောထျန်းက မြွေဖြူအား တစ်ချက်ကြည့်ကာ ပြော၏။
" ဒါဆို နောက်ပိုင်းကို ကျုပ် တာဝန်ယူလိုက်မယ် "
မကြာမီမှာပင် အားလုံး စီစဥ်စရာ ရှိသည်များကို စီစဥ်ပြီးသွားပြီး တစ်ယောက်ပြီးတစ်ယောက် လေထဲ ပျံတက်ကာ အက်ရာကြီးဆီသို့ ဦးတည် ပျံသန်းသွားလိုက်ကြသည်။
သူတို့ ထိုအက်ကွဲရာထဲမှ တဆင့် ထွက်နိုင်သည်နှင့် ထျန်းယွမ်ကမ္ဘာသို့ ပြန်ရောက်သွားပေလိမ့်မည်။
ဝုန်း...
မြွေဖြူက ရှေ့ဆုံးမှ ဦးဆောင်နေပြီး သူ့ကိုယ်မှ ရေခဲအစွမ်း ပါဝင်သည့် လေအေးများ ထွက်နေကာ ခေါင်းပေါ်တွင်လည်း ထျန်းရွှမ်း ဖန်ပုလင်း ရှိနေပါ၏။
သူ့ရှေ့ လမ်းကြောင်းတွင် ရှိနေသမျှ လေထုပြိုကွဲခြင်းများမှာ အဝေးသို့ လွင့်ထွက်သွားကုန်တော့သည်။
အဖွဲ့၏ နောက်ဆုံးတွင် ရှိနေသော လောထျန်းသည်လည်း လုံးဝ ပြိုကျလုနီးပါး ဖြစ်နေသည့် အောက်မှ မြေပြင်အား ကြည့်နေ၏။ ထိုအချိန်တွင် လေထုပြိုကွဲကြောင်း တစ်ခုကလည်း သူ့နောက် လိုက်လာသဖြင့် သူ ချက်ချင်း လှုပ်ရှားကာ ၎င်းအား ဖိနှိပ်ထားလိုက်သည်။
မကြာမီမှာပင် သူတို့လူစု အက်ကွဲကြောင်းကြီးအနီး ချဥ်းကပ်လာကြ၏။
ထိုအချိန်တွင် ကမ္ဘာငယ်၏ ၉၀ % မှာ အရှုပ်အထွေး လေထု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်ပြီး...
လူအုပ်ဆီ ချဥ်းကပ်လာသော လေထုတုန်ခါမှုကလည်း ပိုပို၍ ကြမ်းလာခဲ့လေပြီ။
အနားရောက်လာသော လေပြင်း အချို့ကို လက်ဝါးဖြင့် ရိုက်ထုတ်ပြီးနောက်တွင်မူ ထူးဆန်းသော အရာတစ်ခုကို လောထျန်း သတိထားမိသွား၏။
" ဟင်... ဒါ... "
သူ အောက်ဘက်မှ မြေပြင်အစိတ်အပိုင်းလေး တစ်ခုအား တအံ့တသြ ငုံ့ကြည့်လိုက်သည်။
ထိုအချိန်တွင် ကမ္ဘာငယ်တစ်ခုလုံး ပြိုကွဲတော့မလို ဖြစ်နေသည့်တိုင် ...
၎င်းမြေပြင်မှာ မပျက်မစီး အကောင်းတိုင်း ရှိနေဆဲပါပင်။
ဘေးပတ်ဝန်းကျင်တွင် ရှိနေသော ပြိုကွဲနေသည့် အရှုပ်အထွေး လေထုမှာလည်း ၎င်းမြေပြင် အပိုင်းလေးအား ထိခိုက်ပျက်စီးအောင် လုပ်နိုင်သည့် အရိပ်အယောင် လုံးဝ ရှိမနေပါ။
" ထူးဆန်းတယ်... "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" ခင်ဗျားတို့ အရင်သွားနှင့်ကြပါ။ ကျုပ် နောက်က လိုက်လာခဲ့မယ် "
လောထျန်း ပြောကာ ထို ထူးဆန်းသော မြေပြင် အပိုင်းလေးအား လက်ဖြင့် ကောက်ယူလိုက်သည်။
ဘုန်း...
ရွှေရောင်လက်ဝါးကြီးက ထိုမြေကြီး အပိုင်းလေးအား ချက်ချင်း ဖိချေပစ်လိုက်၏။
တစ်ချိန်တည်းမှာပင်...
ဝီ..
ထိုနေ ရာရှိ လေထုမှ အမည်းရောင် အလင်းတန်းတစ်ခု လင်းလက်လာသည်။
လောထျန်းအား ခုခံနေသော အစွမ်းတစ်ခု ရှိနေသလိုပါပင်...
လောထျန်း မျက်မှောင်ကြုံ့သွားကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
" ဒါ ဘယ်လို မိစ္ဆာသက်ရှိလဲ... ငါ့ကို ခုခံရဲတယ်ပေါ့လေ "
သူ လက်ထဲသို့ အစွမ်းအနည်းငယ် ထပ်ထည့်လိုက်သည်။
ခွမ်း...
အမည်းရောင် အလင်းတန်းက ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပါ၏။
သို့သော်.. တစ်ချိန်တည်းနီးပါးမှာပင် ..
ဝှစ်..
မြေပြင်အပိုင်းလေးမှ အမည်းရောင် အလင်းတန်းတစ်ခု ထပ်ထွက်လာပြီး လေဟာနယ်ထဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
မူလ မြေမှာလည်း အရှုပ်အထွေးလေထု၏ ဝါးမြိုခြင်းကို ဆက်တောင့်မခံနိုင်တော့ဘဲ ချက်ချင်း ပြိုကွဲသွား၏။
လောထျန်း လန့်သွားကာ အမည်းရောင် အလင်းတန်းအား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။ ထို့နောက်တွင်မူ သူ့ ပုံရိပ် လှစ်ခနဲ လှုပ်ရှားသွားကာ နေရာမှ ပျောက်ကွယ်သွား၏။
ဝှစ်..
ထို့နောက်တွင်ကား သူ အမည်းရောင် အလင်းတန်းရှေ့၌ ပြန်ပေါ်လာသည်။
" ထွက်ပြေးချင်တယ်ပေါ့လေ "
လောထျန်း အေးစက်စက် နှာခေါင်းရှုံ့ကာ အလင်းတန်းအား ထပ်ဖမ်းဆုပ်လိုက်သည်။
အလင်းတန်းမှာ ထွက်ပြေးရန် ကြိုးစားလိုက်သေးသော်လည်း ဤတစ်ကြိမ်တွင် လောထျန်းက အလွန်လျင်မြန်နေသဖြင့် ဝုန်းခနဲ အသံကျယ်ကြီး တစ်သံနှင့်အတူ ဖမ်းဆုပ်ခံလိုက်ရပါ၏။
ဝီ...
အလင်းတန်းမှာ လောထျန်းလက်ထဲ ရောက်သွားသည့်တိုင် ရုန်းကန်နေဆဲပါပင်။ လောထျန်း မျက်မှောင်ကြုံ့သွားပြီး သူ့လက်ထဲ အလင်းတန်းများ ထုတ်လွှတ်၍ အမည်းရောင် အလင်းတန်းအား ချက်ချင်း ဖိနှိပ်လိုက်သည်။
အမည်းရောင် အလင်းတန်းမှာ ထွက်ပြေး၍ မရတော့သည်ကို ထိုအချိန်မှ အသိဝင်သွားဟန် တူကာ ချက်ချင်း ငြိမ်ကျသွား၏။
လောထျန်းမှာလည်း ထိုအချိန်မှသာ သူ့လက်ထဲ ရောက်နေသည့်အရာက ငန်းဥတစ်လုံးစာ အရွယ်အစားရှိသည့် ကျောက်တုံးတစ်ခု ဖြစ်နေမှန်း သိလိုက်ရသည်။
သာမာန် ကျောက်တုံးနှင့် မတူသည်မှာ ယခု ကျောက်တုံးပေါ်၌ အမည်းရောင် သွေးအချို့ စွန်းထင်းနေခြင်းပင်။
ထိုအမည်းရောင် သွေးများမှာ မကြာသေးခင်ကမှ အ
ပက်ခံထားရဟန်တူပြီး လတ်ဆတ်နေ သေးပါ၏။
ထို့ထက်ပို အရေးကြီးသည်မှာ ထိုအမည်းရောင် သွေး၏ အရောင်အဝါက နတ်ဆိုးဧကရာဇ်ကြီး၏ အရောင်အဝါနှင့် တူနေခြင်းပင်။
" ဒီသွေးက နတ်ဆိုးဧကရာဇ်ကြီးရဲ့ သွေးလား "
လောထျန်း တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
သို့သော် ထိုအတွေးကို သူ့ခေါင်းထဲမှ ချက်ချင်း ပြန်ထုတ်လိုက်ပါ၏။
အဘယ့်ကြောင့်ဆိုသော် ယခု သွေးစက်လေး တစ်စက်တွင် ပါဝင်နေသော အစွမ်းက နတ်ဆိုးဧကရာဇ်ကြီးထက် အစွမ်းမနိမ့်သောကြောင့်ပင် ။
သွေးစက်လေး တစ်စက်တွင်ပင် ဤမျှအစွမ်းများ ပါဝင်နေသည် ဆိုပါက ပိုင်ရှင်မှာ နတ်ဆိုးဧကရာဇ်ကြီးထက် အဆများစွာ ပိုအစွမ်းထက်ပေလိမ့်မည်။
" ဒီကမ္ဘာကြီးမှာ အဲ့လောက်အစွမ်းထက်တဲ့သူ ရှိ
တယ်လား "
လောထျန်း မနေနိုင်ဘဲ အံ့အားသင့်သွားရ၏။
" သခင်လေး လောထျန်း "
ထိုစဥ်မှာပင် လေထဲမှ ပန်းလင်၏ စိုးရိမ်တကြီး အော်သံ ထွက်ပေါ်လာသည်။
လောထျန်း အသိပြန်ဝင်လာပြီး ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ အရှုပ်အထွေး လေထုက အက်ကွဲရာကြီးအား ဝါးမြိုခါနီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူ အချိန်ဆွဲနေ၍ မရတော့ကြောင်း လောထျန်း နားလည်လိုက်ပြီး သွေးစွန်းနေသော ကျောက်တုံးအား ဟင်းလင်းပြင်လက်စွပ်ထဲ ထည့်သိမ်းကာ လေထဲမှ အက်ကွဲရာနားလေးသို့ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
သို့သော်... လောထျန်း မသိလိုက်သည့် တစ်ခုမှာ.. ထို သွေးစွန်းနေသော ကျောက်တုံးက ဟင်းလင်းပြင်လက်စွပ်ထဲ ရောက်သွားသည်နှင့် အခြားအရာတစ်ခု၏ အာရုံစိုက်မှုကို ခံလိုက်ရခြင်း ဖြစ်ပါသည်။
ဝီ...
လောထျန်း ဆုမီတောင်မှ ပြန်ယူလာခဲ့သည့် ဓားမြှောင်တိုလေးမှာ ကျောက်တုံးကို မြင်သည်နှင့် အသံတိုးတိုး ပေးလာ၏။
ကျောက်တုံးပေါ်၌ စွန်းပေနေသည့် အမည်းရောင်သွေးကလည လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ ဓားမြှောင်နှင့် ရင်ဆိုင်လိုက်သည်။
သို့သော် ထိုအရာနှစ်ခုက တစ်ခုကိုတစ်ခု မျက်နှာချင်းဆိုင်နေကြသည့်တိုင် မည်သို့သော ပြဿနာမှ မဖြစ်သွားခဲ့ပါ။
ထိုစဥ် လောထျန်းမှာ လေထု အက်ကွဲကြောင်းမှ တဆင့် အပြင်သို့ ထွက်သွားခဲ့လေပြီ ။
စာစဉ်ပြီး၏