← Chapters

စိတ်လှုပ်ရှားနေသော အားညို

Vol. 115 Ch. 1750

စိတ်လှုပ်ရှားနေသော အားညို

Vol. 115 Ch. 1750

ရွှီချင်းက ကြယ်တာရာစက်ဝန်းမြက်မှ ဖွဲ့စည်းထားသော စည်းချအစီအရင်ထဲမှာ မတ်တတ်ရပ်နေသည်။

ယခု သူက တည်နေရာပြောင်းရွှေ့ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံးကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ အင်မော်တယ်ဘုရင် ပေးအပ်ခဲ့သော ကြယ်တာရာစက်ဝန်းမြက်ကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် ရွှေကြွက်လေး၏ အရှိန်အဝါက သူ၏ ဘေးပတ်ဝန်းကျင်မှာ ရစ်ဝဲနေသည်။

သူက အတွေးတစ်ချက်ဖြင့် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသက်သွင်းနိုင်သည်။

ထိုသို့အခြေအနေမှာ သူက ခေါင်းမော့လိုက်ပြီး အနီရောင်ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။

သူက အဖြေကို စောင့်ဆိုင်းသည်။

မကြာမီ စိတ်တွေဝေမှု တစ်စွန်းတစ်စပါရှိသော ရှေးဟောင်းအသံက ကမ္ဘာငယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ ငါ… မသိဘူး ”

“ ဟိုးလွန်ခဲ့တဲ့အချိန်တုန်းက တစ်ကြိမ် ငါသေဆုံးခဲ့တယ်… ငါပြန်ရောက်လာတဲ့အခါမှာ ငါ့ရဲ့ မှတ်ဉာဏ်တွေက နတ်ဘုရားတစ်ပါးရဲ့ မှတ်ဉာဏ်အကြွင်းအကျန်တွေနဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝမှတ်တမ်းအပိုင်းအစတွေနဲ့ ရောထွေးနေတယ် ”

“ မတူညီတဲ့ မှတ်ဉာဏ်နှစ်ခုရဲ့ ရောထွေးမှုက ငါ့ရဲ့ စိတ်ကို အမြဲတမ်း ကစဉ့်ကလျားဖြစ်စေတယ် ”

“ အဲ့ဒီလိုကစဉ့်ကလျားဖြစ်နေတဲ့အချိန် အသံတစ်သံက ငါ့ရဲ့ အသိစိတ်ထဲမှာ ရံဖန်ရံခါ ပဲ့တင်ထပ်လာလေ့ ရှိတယ် ”

“ ငါ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ အမှတ်အသားတစ်ခုကို သူချန်ထားခဲ့တယ်လို့ အဲ့ဒီအသံက ပြောတယ်… တစ်နေ့ကျရင် အဲ့ဒီအမှတ်အသားကို တစ်စုံတစ်ခုအတွက် သူအသုံးပြုလိမ့်မယ် ”

“ အဲ့ဒါက ငါ့ရဲ့ ဖြစ်တည်မှုအပေါ် အတင်းဖိအားမပေးခဲ့ဘူး… ဒါပေမဲ့ အဲ့ဒီအမှတ်အသားကို ပဲ့တင်ပြန်စေမယ့် ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ဆုံတဲ့အထိ ငါ့ရဲ့ လမ်းစဉ်အတိုင်း ဆက်ပြီး လျှောက်စေခဲ့တယ် ”

“ လျှို့ဝှက်နယ်မြေထဲ မင်းဝင်ရောက်လာတဲ့အခါမှာ အဲ့ဒီအမှတ်အသားက ပဲ့တင်ပြန်ခဲ့တယ်… အဲ့ဒီအချိန်မှာ မင်းက ငါစောင့်မျှော်နေတဲ့လူဆိုတာ ငါသိလိုက်တယ် ”

“ မင်းရဲ့ မေးခွန်းအတွက်တော့… အဲ့ဒါကို တိတိကျကျ ငါမဖြေနိုင်ဘူး… ငါက နတ်ဘုရားတစ်ပါးဖြစ်လောက်တယ်… ဒါမှမဟုတ် ငါက ကျင့်ကြံသူတစ်ယောက်ဖြစ်လောက်တယ် ”

“ ငါ့မှာ မင်းကို သက်သေပြစရာ ဘာအချက်အလက်မှ မရှိဘူး… ဒါကြောင့် မင်းယုံကြည်တာ မယုံကြည်တာက… မင်းရဲ့ ရွေးချယ်မှုပဲ ”

“ ဒါပေမဲ့ တစ်ခုကိုတော့ ငါမဖုံးကွယ်နိုင်ဘူး… ငါမင်းကို လွှဲပြောင်းပေးမယ့် ကျန်းရီအစစ်အမှန်နတ်ဘုရားကို စုပ်ယူနိုင်တဲ့ လျှို့ဝှက်အတတ်ပညာက အန္တရာယ်များတယ်… အဲ့ဒါက ဒီလျှို့ဝှက်နယ်မြေထက် ကျော်လွန်တဲ့ အနှောင့်အယှက်တွေကို လှုံ့ဆော်ပေးလိမ့်မယ်… အဲ့ဒါက ပြင်ပအင်အားစုတွေရဲ့ စိတ်အာရုံကိုတောင် ဆွဲဆောင်နိုင်လောက်တယ် ”

“ ဒါပေမဲ့ အဲ့ဒီလျှို့ဝှက်အတတ်ပညာက တကယ်စစ်မှန်ပြီး နတ်ဘုရားကို စုပ်ယူနိုင်တယ် ”

ယင်းကို ရွှီချင်းကြားသောအခါ သူက သူ့ခြေထောက်အောက်မှ စည်းချအစီအရင်ကို ငုံ့ကြည့်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ငါ့ကို အဲ့ဒီလျှို့ဝှက်အတတ်ပညာပေးပါ ”

နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော လျှပ်စီးတန်းများက အနီရောင်ကောင်းကင်တစ်ခွင် ဖြတ်ပြေးသွားပြီး ကျောက်စိမ်းပြားတစ်ခုအဖြစ် အတူတကွ ယှက်ထွေသွားကြသည်။ ထို့နောက် ကျောက်စိမ်းပြားက ရွှီချင်း၏ အရှေ့သို့ ကျဆင်းလာသည်။

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားသောအခါ ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းဟုခေါ်သော လျှို့ဝှက်အတတ်ပညာက သူ၏ နှလုံးသားထဲမှာ ချက်ချင်း တံဆိပ်ရိုက်ခတ်သွားသည်။

ထိုလျှို့ဝှက်အတတ်ပညာကို သူအာရုံခံမိသွားသည့်အခိုက် ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုလျှို့ဝှက်အတတ်ပညာ၏ ပထမစကားလုံးနှစ်လုံးက သူ၏ နှလုံးသားထဲမှာ လှိုင်းဂယက်တချို့ကို ထွက်ပေါ်စေသည်။

“ အဲ့ဒီအတတ်ပညာက ငါ့ရဲ့ ကျင့်ကြံသူမှတ်ဉာဏ်တွေထဲမှာ တည်ရှိနေတဲ့အရာပဲ… အင်မော်တယ်စွမ်းအင်ရှိတဲ့ လူတွေပဲ အဲ့ဒီအတတ်ပညာကို အသုံးပြုနိုင်တယ် ”

မြေကမ္ဘာနတ်ဘုရား၏ အသံက ကမ္ဘာငယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ရွှီချင်းက ရုတ်တရက် ပြောသည်။

“ မင်းရဲ့ ကျင့်ကြံသူမှတ်ဉာဏ်အပိုင်းအစတွေထဲမှာ… သူ့ရဲ့ နာမည်ရော ကျန်ရှိသေးလား ”

အချိန်အတန်ကြာပြီးနောက် မြေကမ္ဘာနတ်ဘုရားက နူးညံ့စွာ ပြောသည်။

“ မရှိဘူး ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းအတတ်က သူ၏ စိတ်ထဲမှာ အလွန်သိပ်သည်းသော မှော်သင်္ကေတများအဖြစ် ဖွဲ့စည်းသွားသည်။ ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်ပြီး မှော်သင်္ကေတတစ်ခုချင်းစီကို ဆင်ခြင်သုံးသပ်လိုက်သည်။ နောက်ဆုံးမှာတော့ ငွေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

နောက်အခိုက်အတန့်မှာ သူ့အနောက်မှ ဟင်းလင်းပြင်က ဝုန်းခနဲ ပြိုကွဲသွားပြီး အရွယ်အစား အလွန်ကြီးမားသော အင်မော်တယ်သန္ဓေသားလောင်းက ထွက်ပေါ်လာသည်။ ၎င်းက အလွန်ကြီးမားကျယ်ပြောလေရာ ကောင်းကင်နှင့် မြေပြင်ကြားတွင် ဧရာမထောင့်တိုင်တစ်ခုပမာ မားမားမတ်မတ် ရပ်နေဟန် ရ၏။

ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းအတတ်မှ မှော်သင်္ကေတများသည်လည်း ငွေရောင်ပြောင်းလဲသွားကြသည်။ ယင်းတို့က အရွယ်အစားကြီးမားသော ဧရာမအင်မော်တယ်သန္ဓေသားလောင်း၏ ခန္ဓာကိုယ်ပေါ်သို့ မြန်ဆန်စွာ ရွေ့လျားသွားကြပြီး နောက်ဆုံးမှာ ၎င်း၏ ညာဘက်လက်တွင် စုဝေးသွားကြသည်။

၎င်းက ကမ္ဘာငယ်၏ အနီရောင်ကောင်းကင်ကို ထိုလက်ဖြင့် ထိုးဖောက်လိုက်သည်။

ချက်ချင်းဆိုသလို ကောင်းကင်က အက်ကွဲသွားပြီး ဧရာမလက်ကြောင့် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။

တစ်ချိန်တည်းမှာ ကမ္ဘာငယ်၏ အပြင်ဘက်မှ လျှို့ဝှက်နယ်မြေထဲတွင် ကောင်းကင်နှင့် မြေပြင်က အပြင်းအထန် တိုက်ခိုက်နေကြသည်။

တောင်တန်းများက ဟိန်းဟောက်လိုက်ကြစဉ် သစ်ပင်ခြောက်များက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ ဧရာမအနက်ရောင်အသားပိုက အပြင်းအထန် တုန်ယင်သွားသည့်အခါ သွေးမိုးက ပိုပြီးသည်းထန်လာသည်။

ထိုစဉ် ထီးရွက်မှိုအားလုံးက ရုတ်တရက် ငွေရောင်ထွန်းလင်းသွားသည်။

ငွေရောင်အလင်းက လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် စွန်းထင်သွားသည်။ တစ်ချိန်တည်းမှာ ယင်းက ဧရာမငွေရောင်လက်တစ်ဖက်ကို ဖွဲ့စည်းသွားသည်။

ထိုဧရာမလက်က ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းမှ ဆန့်ထုတ်လိုက်သော လက်ဖြစ်သည်။

သူက ကောင်းကင်ပေါ်မှ အနက်ရောင်အသားပိုကို ဖမ်းဆုပ်လိုက်သည်။

ငွေရောင်မှော်သင်္ကေတများက ဧရာမလက်ထဲမှ ဒလဟော စိမ့်ထွက်လာကြပြီး အနက်ရောင်အသားပိုကို လွှမ်းခြုံလိုက်ကြသည်။ ကျန်းရီအစစ်အမှန်နတ်ဘုရားက မြေကမ္ဘာနတ်ဘုရားနှင့် အပြန်အလှန် တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူ၍ ငွေရောင်မှော်သင်္ကေတများက အောက်သို့ ဖိချလိုက်ကြပြီး စတင်ဝါးမျိုလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ မူလအနှစ်သာရစီးကြောင်းများက အလွန်အံ့ဖွယ်ကောင်းသော ပမာဏနှင့်အတူ ငွေရောင်မှော်သင်္ကေတများဆီသို့ တစ်ဟုန်ထိုး စီးဆင်းသွားသည်။ ယင်းတို့ထံမှ စွမ်းအင်က ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းဆီသို့ ရောက်ရှိလာစဉ် သူ၏ ရုပ်ခန္ဓာကိုယ်က ထိုမူလအနှစ်သာရကို အရူးအမူး သန့်စင်လိုက်သည်။

သူက မူလအနှစ်သာရကို အင်မော်တယ်စွမ်းအင်အဖြစ် သန့်စင်လိုက်ပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းကို အာဟာရဖြည့်ပေးလိုက်သည်။

ဤအခိုက်အတန့်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး နှောင်းပိုင်းအဆင့် ခြေလှမ်းဝက်အင်မော်တယ်သို့ အဆင့်ချိုးဖြတ်သွားသည်။

ကောင်းကင်ပေါ်မှ အနက်ရောင်အသားပိုက အပြင်းအထန် တုန်ယင်သွားသည်။ နတ်ဘုရားတစ်ပါး၏ အကြွင်းမဲ့ဖိအားက ပေါက်ကွဲထွက်လာသည်နှင့် ကောင်းကင်ဘုံအက်ကွဲစေနိုင်သော အော်သံက ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။

“ အတင့်ရဲလှချည်လား ”

ထိုမြည်ဟိန်းသံက လျှို့ဝှက်နယ်မြေ၏ ကောင်းကင်ကို အက်ကွဲသွားစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အက်ကွဲကြောင်းများက ကောင်းကင်ပေါ်မှာ ပင့်ကူအိမ်များသဖွယ် ပျံ့နှံ့သွားသည်။ အသားပိုက ဒေါင်လိုက်အက်ကွဲသွားပြီး ရွှေရောင်မျက်လုံးတစ်လုံးကို ဖော်ထုတ်လိုက်သည်။

၎င်းမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ အကယ်၍ ၎င်းသာ ကျင့်ကြံသူတစ်ယောက် သို့မဟုတ် မွေးရာပါနတ်ဘုရားတစ်ပါးဖြစ်လျှင် ဤအခိုက်အတန့်မှာ ၎င်း၏ ဒေါသက အဆုံးစွန်ထိ မြင့်တတ်သွားလိမ့်မည်။

၎င်းမှာ မည်သည့်စိတ်ခံစားချက်မှ မရှိသော်လည်း ယင်းက ဤအခြေအနေ၏ အရှုံးအမြတ်ကို ၎င်းမချင့်ချိန်နိုင်ဘူးဟု မဆိုလိုပေ။ ထို့ကြောင့် မြေကမ္ဘာနတ်ဘုရားကို ဝါးမျိုနေသည့် ၎င်း၏ လုပ်ငန်းစဉ်အတွင်းမှာ ရွှီချင်း၏ စုပ်ယူမှုက ၎င်း၏ အခြေခံအုတ်မြစ်၊ အနာဂတ်နှင့် အသက်ရှင်နိုင်ခြေကို လုယက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ၎င်းနားလည်သည်။

ပုံမှန်အခြေအနေမှာဆိုလျှင် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးက ၎င်းထံမှ မူလအနှစ်သာရကို စုပ်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းအရင်း၏ ဇစ်မြစ်မှာ စွမ်းအင်စုပ်ယူသော ထိုလျှို့ဝှက်အတတ်ပညာ၏ တမူထူးခြားသော ဝိသေသလက္ခဏာများကြောင့် ဖြစ်သည်။ သို့သော်လည်း အဓိကအရေးကြီးဆုံး အကြောင်းအရင်းမှာ…

၎င်း၏ ရန်သူဖြစ်သော မြေကမ္ဘာနတ်ဘုရားက ၎င်း၏ နောက်ဆုံးလက်ကျန်စွမ်းအားကို အသုံးပြု၍ အပြင်းအထန် ရုန်းကန်နေခြင်း ဖြစ်သည်။ ၎င်းက ဤနောက်ဆုံးအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ချင်နေသည်။

ရွှီချင်းက စတင်စုပ်ယူလိုက်သည်နှင့် မြေပြင်ပေါ်မှ တောင်တန်းအားလုံးက ဧရာမအရိုးဓားများသဖွယ် အသွင်ပြောင်းလဲသွားကြပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ ကျယ်လောင်သော မြည်ဟိန်းသံနှင့်တကွ ယင်းတို့က မိုးကောင်းကင်ကို ထိုးဖောက်လိုက်ကြသည်။

ထိုစဉ် သစ်ပင်ခြောက်များက တုံ့ဆိုင်းမနေဘဲ ၎င်းတို့ဘာသာ လောင်ကျွမ်းသွားကြပြီး ရွှီချင်း၏ ဧရာမငွေရောင်လက်ကို အစွမ်းမြှင့်တင်ပေးလိုက်သည်။ ရွှေရောင်အလင်းက နတ်ဘုရားအခွင့်အာဏာကို ဖိနှိပ်ထားစဉ် ငွေရောင်လက်က မည်သည့်အနှောင့်အယှက်မှမရှိဘဲ ဆက်လက် စွမ်းအင်စုပ်ယူနိုင်သွားသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အနက်ရောင်အသားပိုက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ၎င်း၏ အပြင်ဘက်မှ အသားလွှာများက အက်ကွဲသွားပြီး လောင်ကျွမ်းသွားကြသည်။ ၎င်းက ကိုယ့်ကိုယ်ကိုယ် စတေးပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ယင်းက ရွှီချင်း၏ စွမ်းအင်စုပ်ယူမှုကို တွန်းလှန်ပစ်မည့် ၎င်း၏ တန်ပြန်နည်းလမ်း ဖြစ်သည်။

မြေကမ္ဘာနတ်ဘုရားက အဖျက်စွမ်းအားအများစုကို ချေဖျက်ပေးခဲ့သော်လည်း အကြွင်းအကျန်စွမ်းအင်လှိုင်းများက အလွန်အားကောင်းနေဆဲပင်။ ယင်းတို့က ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်း၏ လက်ပေါ်သို့ ကျရောက်သွားသည့်အခါ ငွေရောင်လက်က ချက်ချင်း အက်ကွဲသွားသည်။

လက်က လုံးဝ ပြိုကွဲပျက်စီးသွားသည်။

အစစ်အမှန်နတ်ဘုရား၏ မူလအနှစ်သာရများက ရေပန်းသဖွယ် ပြန့်ကျဲသွားသည်။

ကမ္ဘာငယ်ထဲတွင် ရွှီချင်း၏ ဧရာမအင်မော်တယ်သန္ဓေသားလောင်းသည်လည်း ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ပြိုကွဲသွားသည်။

တည်နေရာပြောင်းရွှေ့ခြင်း စည်းချအစီအရင်ထဲတွင် ရွှီချင်းက ငွေရောင်သွေးခဲကို အန်ထုတ်လိုက်ရသည်။ ယင်းက အစောနက သူစုပ်ယူခဲ့သော မသန့်စင်ရသေးသည့် မူလအနှစ်သာရမှ ရလဒ်ဖြစ်သည်။

ဤအခိုက်အတန့်မှာ တစ်ဟုန်ထိုး မြင့်တတ်နေသော သူ၏ ကျင့်ကြံခြင်းအခြေခံက အတင်းအဓမ္မ ရပ်တန့်သွားသည်။ ယင်းက သူကို ပိုပြီးကြီးမားသော တန်ပြန်ဆိုးကျိုးအား ခံစားရစေသည်။

သို့တိုင် ရွှီချင်းက အကြင်နာကင်းမဲ့သည်။ သူအန်ထုတ်လိုက်သော သွေးခဲက မြေပြင်ပေါ်သို့ မကျမီ မြူခိုးအဖြစ် ပြောင်းလဲသွားသည်နှင့် သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ပေါ်လျှိုးလာသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ စိတ်ကို တည်ငြိမ်စေသည်။

သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ဝုန်းခနဲ မြည်ဟိန်းသံနှင့် ပြန်လည်ဖွဲ့စည်းသွားသည့်အခါ သွေးကြောများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဖောင်းကြွလာသည်။ ဧရာမလက်က နောက်တစ်ကြိမ် ဖွဲ့စည်းသွားသည်။ ထို့နောက် သူက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် သူ၏ လက်ကို အပြင်သို့ နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်သည်။

လျှို့ဝှက်နယ်မြေထဲတွင် ငွေရောင်လက်က နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာသည်။ ငွေရောင်မှော်သင်္ကေတများက အနက်ရောင်အသားပိုကို ထပ်မံ ဖုံးလွှမ်းသွားကြပြီး မူလအနှစ်သာရကို စုပ်ယူလိုက်ကြသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် နည်းလမ်းက လုံးဝကွာခြားသည်။

ဤတစ်ကြိမ် စုပ်ယူမှုသည် ယခင်ကထက် အဆပေါင်းများစွာ သာလွန်သည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက သန့်စင်ခြင်းလုပ်ငန်းစဉ်ကို စွန့်လွှတ်လိုက်သောကြောင့် ဖြစ်သည်။

မူလအနှစ်သာရကို အင်မော်တယ်စွမ်းအင်အဖြစ် ပြောင်းလဲပစ်ရန်အလို့ငှာ စုပ်ယူခြင်းနှင့် သန့်စင်ခြင်းကို ပြီးပြည့်စုံသော စက်ဝန်းတစ်ခုပမာ အတူယှဉ်တွဲ လုပ်ဆောင်ရလိမ့်မည်။

သို့သော်လည်း အစောနက အတွေ့အကြုံအရ သူ၏ သန့်စင်မှုအမြန်နှုန်းက စုပ်ယူသည့်နှုန်းကို အမှီမလိုက်နိုင်ကြောင်း ရွှီချင်း နားလည်ခဲ့သည်။

ယင်းက သူ့အား အခြေအနေအဖက်ဖက်မှ နှောင့်နှေးစေသည်။

ယခု သူက စိတ်ဓာတ်ပြတ်သားစွာ စိတ်ဆုံးဖြတ်လိုက်ပြီး သန့်စင်ခြင်းလုပ်ငန်းစဉ်ကို စွန့်လွှတ်လိုက်ကာ စုပ်ယူခြင်းတစ်ခုတည်းကို သီးသန့်ဆောင်ရွက်လိုက်သည်။

သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းမှာ ဆိုးကျိုးတချို့ ရှိသည်။

ပထမဆုံးအနေနှင့် ရွှီချင်း၏ စုပ်ယူနိုင်စွမ်းမှာ ပမာဏအကန့်အသတ် ရှိသည်။

မည်သို့ဖြစ်ပါစေ ၎င်းက အထွတ်အထိပ်အဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။ အကယ်၍ ၎င်းကို ပင်လယ်ဟု သတ်မှတ်မည်ဆိုလျှင် လက်ရှိ ရွှီချင်းက ရေကန်မျှသာ ဖြစ်သည်။

ဒုတိယအနေဖြင့် မူလအနှစ်သာရ အများအပြားက ဤလုပ်ငန်းစဉ်အတွင်းမှာ လျှံကျသွားပြီး အလဟဿဖြစ်သွားလိမ့်မည်။

သို့တိုင် ရွှီချင်းက ထိုစိုးရိမ်ပူပန်စရာများကို လျစ်လျူရှုထားသည်။ ဤသို့ရှားပါးအခွင့်အရေးနှင့် တွေ့ကြုံသည့်အခါ သူက တတ်နိုင်သမျှ ဝါးမျိုပစ်ပြီး အနာဂတ်အတွက် သိုလှောင်ထားရန် စိတ်ဆုံးဖြတ်ထားသည်။

ထိုသို့စိတ်ဆုံးဖြတ်မှုနှင့်အတူ သူက အစွမ်းကုန်သုံး၍ စုပ်ယူလိုက်သည်။

သူ၏ ခန္ဓာကိုယ်က မြန်ဆန်စွာ ဖောင်းကားလာသည်။ သို့တိုင် စုပ်ယူမှုက ဆက်လက် ဖြစ်ပွားနေဆဲပင်။

သူမသိမ်းဆည်းနိုင်သော အနှစ်သာရက အပြင်သို့ ဆက်လက် လျှံကျသွားနေသည်။

ထိုအခိုက်အတန့်မှာ အနက်ရောင်အသားပို၏ မျက်နှာပြင်ပေါ်မှ အစိတ်အပိုင်းတစ်ခုက စတင်ကျုံ့လာသည်။ ယင်းက သိပ်မသိသာသော်လည်း မြေကမ္ဘာနတ်ဘုရားနှင့် အပြင်းအထန် တိုက်ခိုက်နေသော ဤအဆုံးအဖြတ်တိုက်ပွဲမှာ ယင်းက ပြစ်ချက်တစ်ခု ဖြစ်လာသည်။

ထိုပြစ်ချက်က ကျန်းရီအစစ်အမှန်နတ်ဘုရားအတွက် သေစေနိုင်သော အားနည်းချက်ဖြစ်လာပြီး မြေကမ္ဘာနတ်ဘုရားအတွက်တော့ ကြီးမားသော အားသာချက် ဖြစ်လာသည်။

နောက်ဆုံးမှာတော့ ၎င်းတို့ကြားမှ တိုက်ပွဲချိန်ခွင်လျှာက ယခု စတင်တိမ်းစောင်းသွားသည်။

အနက်ရောင်အသားပိုကို ပိုပြီးအခြေအနေဆိုးဝါးစေသည်မှာ ရွှီချင်း၏ အရူးအမူး စုပ်ယူမှုဖြစ်သည်။ ယင်းက ၎င်းအတွက်တော့ ပူဖောင်းကို လေလျော့ခြင်းနှင့် ဆင်တူသည်။

ယင်းက ၎င်းကို ကြီးမားသော အန္တရာယ်ကပ်ဘေးဖြင့် ရင်ဆိုင်ရစေသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ အနက်ရောင်အသားပိုက အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ နောက်ထပ် အစိတ်အပိုင်းတစ်ခုက လောင်ကျွမ်းသွားသည့်အခါ ၎င်းက ဟင်းလင်းပြင်တုန်ခါသွားစေမည့် မြည်ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

၎င်းက ဤလျှို့ဝှက်နယ်မြေ၏ လေဟာနယ်ဘောင်ကို ဆုတ်ဖြဲချင်ပြီး ၎င်း၏ အရှိန်အဝါကို အပြင်လောကဆီသို့ ပို့လွှတ်ရန် ကြိုးစားလိုက်သည်။

ယင်းက ထွက်ပေါက်တစ်ခုကို ဖန်တီးပြီး ပြင်ပအင်အားစုများကို အချက်ပေးလိမ့်မည်။ ထိုအခါကျလျှင် ဖရိုဖရဲအခြေအနေကို တိမ်းရှောင်ချင်သော ၎င်း၏ ဆန္ဒက ပျက်စီးသွားပြီး ပိုပြီးကြီးမားသော ဖြစ်နိုင်ခြေများက ဆင်းသက်လာလိမ့်မည်။ သို့သော်လည်း ရွှီချင်း၏ အရူးအမူး စုပ်ယူမှုကြောင့် ၎င်းမှာ တခြားရွေးချယ်စရာ မရှိပေ။

၎င်းက ပိုပြီးကြီးမားသော ဖြစ်နိုင်ခြေများကို အသုံးပြု၍ ဤအန္တရာယ်ကပ်ဘေးကို ဖြေရှင်းမည်။

သို့သော်လည်း ၎င်းက ဟင်းလင်းပြင်ကို စတင်ဆုတ်ဖြဲပစ်တော့မည့်အချိန်…

ဘေးပတ်ဝန်းကျင်မှ ငွေရောင်မှော်သင်္ကေတများက ရုတ်ချည်း ပျောက်ကွယ်သွားကြသည်။ ငွေရောင်လက်နှင့် ကမ္ဘာငယ်ထဲမှ ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းသည်လည်း တစ်ပြိုင်နက် ပျောက်ကွယ်သွားကြသည်။

ရွှီချင်းက စွမ်းအင်စုပ်ယူခြင်းကို စိတ်ဓာတ်ပြတ်သားစွာ စွန့်လွှတ်လိုက်သည်။

သူက တုံ့ဆိုင်းမနေဘဲ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသက်သွင်းလိုက်ပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက ဤနေရာမှ ထွက်သွားသည်။

သူက မြေကမ္ဘာနတ်ဘုရားနှင့် အပေးအယူတစ်ခု လုပ်ခဲ့သော်လည်း တစ်ဖက်လူကို မျက်လုံးစုံမှိတ်ယုံကြည်ရန် မရွေးချယ်ခဲ့ပေ။

အစမှအဆုံးအထိ သူက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးရန် မစဉ်းစားခဲ့ပေ။

သူ့မှာ ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။

ယင်းက ဤနေရာမှ မျှခြေမညီမှုကို ပြန်လည်ညီမျှသွားအောင် ပြုလုပ်ပေးရန် ဖြစ်သည်။

သို့မှသာလျှင် ကျန်းရီအစစ်အမှန်နတ်ဘုရားဖြစ်စေ သို့မဟုတ် မြေကမ္ဘာနတ်ဘုရားဖြစ်စေ သူ့နောက်သို့ လိုက်ဖမ်းနိုင်ကြလိမ့်မည် မဟုတ်ချေ။

“ ထွက်သွားပြီလား ”

အနက်ရောင်အသားပိုက လေဟာနယ်အား ဆုတ်ဖြဲခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ ၎င်း၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားနေစဉ် မြေကမ္ဘာနတ်ဘုရားက နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

သို့ဖြစ်၍ မိုးကောင်းကင်နှင့် မြေပြင်၏ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲက မျှခြေညီစွာ ဆက်လက် ဖြစ်ပွားနေသည်။

လျှို့ဝှက်နယ်မြေက ပရမ်းပတာ တုန်လှုပ်နေစဉ် ရွှီချင်းပျောက်ကွယ်သွားခဲ့သော နေရာမှ ကြယ်တာရာစက်ဝန်းမြက် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်သည်လည်း မြန်ဆန်စွာ စတင်လွင့်ပြယ်နေသည်။

သို့သော်လည်း စည်းချအစီအရင်က အပြည့်အဝ မလွင့်ပြယ်ခင်မှာ…

လက်ချောင်းတစ်ချောင်း အရှည်ရှိသော လူသားမျက်နှာနှင့် အပြာရောင်ပိုးကောင်တစ်ကောင်က တည်နေရာပြောင်းရွှေ့ခြင်းအလင်းထဲမှ ရုတ်တရက် တွားသွားထွက်လာသည်။

၎င်းထွက်ပေါ်လာသည့်အခိုက် ကြယ်တာရာစက်ဝန်းမြက် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က မည်သည့်သဲလွန်စမှမကျန်ဘဲ လုံးဝပျောက်ကွယ်သွားသည်။

အပြာရောင်ပိုးကောင်သည်သာ ၎င်း၏ ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။

“ ဒါဘယ်နေရာလဲ ”

အပြာရောင်ပိုးကောင်က ဆွံ့အသွားသည်။ ၎င်း၏ မျက်နှာပေါ်မှ လူသားမျက်နှာသည်တော့…

အကယ်၍ ရွှီချင်းသာ ဤနေရာမှာရှိမည်ဆိုလျှင် သူက သေချာပေါက် အံ့ဩသွားပြီး အလွန်ဝမ်းသာသွားလိမ့်မည်။

၎င်းက ချန်းအားညိုမှလွဲ၍ တခြားလူမဟုတ်ပေ။

ဤအခိုက်အတန့်မှာ အားညိုက ရုတ်တရက် နှာခေါင်းတရှုပ်ရှုပ် လုပ်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး အဝေးသို့ စိုက်ကြည့်လိုက်လေရာ သူ၏ အကြည့်က မီးဟုန်းဟုန်းတောက်သွားသည်။ ထို့နောက် သူက အလန့်တကြား အော်ပြောလိုက်သည်။

“ အဲ့ဒါက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးရဲ့ အသွေးအသားအရှိန်အဝါပဲ ”

“ သေစမ်း… ဒီနေရာက ဘယ်နေရာလဲဟ… ”

အားညိုက စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်လူးလွန့်သွားသည်။ ထို့နောက် သူက ဝှစ်ခနဲ ပျောက်ကွယ်သွားပြီး ကမ္ဘာငယ်ထဲမှာ မြန်ဆန်စွာ ပျံသန်းလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက စောစောတုန်းက ရွှီချင်းနှင့် နတ်ဘုရားအုပ်စုတို့ တိုက်ပွဲဖြစ်ခဲ့သော နေရာဆီသို့ ရောက်ရှိသွားသည်။

နတ်ဘုရားအလောင်းများက မြေပြင်ပေါ်မှာ ပြန့်ကျဲနေသည်။ ၎င်းတို့ထဲမှာ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများ ဒါဇင်ခန့် ပါဝင်ကြသည်။ ထို့ပြင် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတချို့ပင် ပါရှိကြသည်။

အားညိုက စိတ်လှုပ်ရှားသွားပြီး တုန်ယင်သွားသည်။ သူက မျက်ရည်ကျလုနီးပါး ဝမ်းသာပျော်ရွှင်သွားသည်။

“ နောက်ဆုံးတော့ ကံကောင်းခြင်းက ငါ့ဆီ ပြန်ရောက်လာပြီ ”

“ ဟိုစောက်ကျိုးနဲ ဟွမ်ကောင်းကင်ဘုံထဲမှာ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးကို ခိုးရုံနဲ့တောင် ငါ့မှာ မနည်းအသက်လုပြီး ထွက်ပြေးခဲ့ရတယ်… ဒီမှာတော့ စားတော်ပွဲကြီးက ငါ့ကို အသင့်စောင့်ကြိုနေပါလား ”

“ ဟား ဟား… ငါတော့ ထောပြီ ”

အားညိုက နတ်ဘုရားအလောင်းများထံသို့ လောဘတကြီး ခုန်အုပ်လိုက်သော်လည်း စိုးရိမ်ကြောင့်ကြမှုက သူ၏ နှလုံးသားထဲမှာ ကိန်းအောင်းနေဆဲပင်။

“ ဒီနတ်ဘုရားတွေက လောလောလတ်လတ် သေဆုံးထားကြတယ်… ဘယ်သူက သူတို့ကို သတ်သွားတာလဲ… သတ်သွားတဲ့ နည်းလမ်းကတော့ အရမ်းရက်စက်တယ် ”

All Chapters