← Chapters

ဒီမှာလား

Vol. 115 Ch. 1753

ဒီမှာလား

Vol. 115 Ch. 1753

“ ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းအတတ်က အစစ်အမှန်နတ်ဘုရားတွေရဲ့ မူလအနှစ်သာရကို အတင်းအဓမ္မ စုပ်ယူသန့်စင်နိုင်တဲ့ လျှို့ဝှက်အတတ်ပညာပဲ ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ လေပြေက သူ့ကို တိုက်ခတ်သွားသည့်အလား သူ၏ အသိစိတ်ထဲမှ မြူခိုးက အနည်းငယ် ရှင်းလင်းသွားဟန် ရသည်။

ထို့နောက် သူက သူ၏ စိတ်ထဲမှ ခန့်မှန်းမှုကို အတည်ပြုရန်အလို့ငှာ လျှို့ဝှက်အတတ်ပညာအား အသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး ပုံမှန်နည်းလမ်းအတိုင်း မူလအနှစ်သာရကို ရိတ်သိမ်းရန် ကြိုးစားကြည့်လိုက်သည်။

ရလဒ်က သူမျှော်လင့်ထားသကဲ့သို့ပင် ဘာမှမရရှိခဲ့ပေ။

“ တကယ်ပဲ… ငါတွေးထားသလိုပါလား ”

“ အစစ်အမှန်နတ်ဘုရားတစ်ပါးဆီက မူလအနှစ်သာရကို ငါစုပ်ယူမယ်ဆိုရင် အဲ့ဒီနတ်ဘုရားကို ဖိနှိပ်ထားဖို့ မိုးသောက်ကောင်းကင်ဘုံအလွန်ရဲ့ စွမ်းအားကို မှီခိုရလိမ့်မယ်… ဒါမှမဟုတ်ရင် အဲ့ဒီနတ်ဘုရားက နတ်သမီးလိုမျိုး အဆင့်နိမ့်ကျသွားတာ ဖြစ်ရလိမ့်မယ် ”

“ ဒါ့အပြင် အတိတ်မှာ ငါတွေ့ဆုံခဲ့တဲ့ အစစ်အမှန်နတ်ဘုရားနှစ်ပါးမှာ… တစ်ပါးက ပြန်ရှင်သန်နေဆဲ အခြေအနေမှာဖြစ်ပြီး အခြားတစ်ပါးက အပြင်းအထန် ဒဏ်ရာရရှိထားပြီး အစစ်အမှန်နတ်ဘုရားအဆင့်ကို ပြန်မရောက်နိုင်ဘူး ”

“ ဒီနတ်ဘုရားအလောင်းကတော့ သူ့ရဲ့ မူလအနှစ်သာရက သူသေဆုံးသွားတဲ့နောက်မှာ မှေးမှိန်သွားခဲ့တယ်… အခု သူက မူလအပြစ်သားတွေရဲ့ ဝါးစားခံနေရပြီး မိခင်ဂြိုလ်ရဲ့ စုပ်ယူတာကို ခံနေရတယ်… ဒါကြောင့် သာမန်စုပ်ယူခြင်းနည်းလမ်းတွေက အလုပ်မဖြစ်ဘူး… လွှမ်းမိုးဖိနှိပ်တဲ့ သဘာဝရှိတဲ့ ရွှမ်ယုံဝိညာဉ်သန့်စင်ခြင်းအတတ်ကပဲ မူလအနှစ်သာရတချို့ကို လုယက်နိုင်လိမ့်မယ် ”

“ ဒီအတတ်ပညာနဲ့ဆိုရင် ငါ့ရဲ့ ကုန်ဆုံးသွားတဲ့ မူလအနှစ်သာရကို ပြန်ဖြည့်တင်းနိုင်လိမ့်မယ်… အဲ့ဒါက ငါ့ကို ဒီနေရာမှာ အချိန်ကြာကြာ နေနိုင်စေလိမ့်မယ် ”

“ ဒါပေမဲ့ ငါ့ကို ဒီနေရာကို စေလွှတ်ခဲ့တဲ့ အင်မော်တယ်ဘုရင်ရဲ့ ရည်ရွယ်ချက်က နတ်ဘုရားအလောင်းတွေကို စုပ်ယူခိုင်းဖို့ပဲ မဟုတ်လောက်ဘူး ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အမြင်မှာ အင်မော်တယ်ဘုရင်၏ အစီအစဉ်က သေချာပေါက် နက်နဲသိမ်မွေ့ရလိမ့်မည်။

“ ငါက သူ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်မယ်… ဒါမှမဟုတ် ငါက အရံဇာတ်ပို့တစ်ယောက်လား ”

“ ဒီနေရာမှာ ငါရှိနေတာက အစီအစဉ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်မယ် ထင်တယ်… ”

“ တစ်နည်းပြောရရင် အင်မော်တယ်ဘုရင်ရဲ့ အစီအစဉ်က ဘာလဲဆိုတာ ငါစဉ်းစားဖို့ မလိုဘူး… ဒီအတိုင်း ဆက်သွားမယ်ဆိုရင် အင်မော်တယ်ဘုရင်ရဲ့ ရည်ရွယ်ချက်က မမျှော်လင့်ထားတဲ့အချိန်မှာ သူ့ဘာသာ ထွက်ပေါ်လာလိမ့်မယ် ”

“ ဒါပေမဲ့ အဲ့လိုထိန်းချုပ်ခံရတာကို… ငါမကြိုက်ဘူး ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူ၏ ကံကြမ္မာအား တစ်စုံတစ်ယောက်က ကြိုးကိုင်ခြယ်လှယ်ခြင်းကို သူသဘောမကျပေ။ ကြိုးကိုင်ခြယ်လှယ်သူက အင်မော်တယ်ဘုရင်ဆိုလျှင်ပင် သူလက်မခံနိုင်ပေ။

သို့တိုင် အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ သူစတင်ရောက်လာသည့်အချိန်မှစ၍ အရာအားလုံးကို သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ရရှိခဲ့ဟန် ထင်ရသော်လည်း အင်မော်တယ်ဘုရင်၏ မမြင်ရသော အကြည့်က သူ့အတွက် အခက်အခဲအများကြီးကို လျော့နည်းစေခဲ့ကြောင်း ရွှီချင်း မငြင်းနိုင်ပေ။

သူ၏ ခရီးစဉ်အကြောင်း ပြန်တွေးတောကြည့်လျှင် ရွှီချင်းက ယင်းကို အာရုံခံနိုင်ပေသည်။

ထို့ကြောင့် သူက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး မူလအနှစ်သာရကို ဆက်လက် စုပ်ယူလိုက်သည်။ သူစုပ်ယူထားသော မူလအနှစ်သာရ၏ တချို့တလေကို ရွှံ့မြေခွေးဆီသို့ စွမ်းအင်ပြန်ဖြည့်တင်းရန် ပို့လွှတ်လိုက်သည်။

ထို့နောက် သူက ရေခဲပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး နတ်ဘုရားအလောင်းထံမှ မူလအနှစ်သာရကို အရူးအမူး စုပ်ယူလိုက်သည်။

ရက်ပေါင်းများစွာကြာပြီးနောက် နတ်ဘုရားအလောင်းက ရေခဲမြစ်အောက်သို့ လုံးဝ နစ်မြုပ်သွားသည့်အခါ ရွှီချင်းက မူလအပြစ်သားများထံမှ အပြာရောင်အကြည့်များအောက်မှာ လေပေါ်သို့ ပျံတတ်သွားသည်။

သူက ရှေးခေတ်မိခင်ဂြိုလ်၏ ကောင်းကင်ပေါ်မှာ ပျံသန်းလိုက်သည်။

“ ငါသန့်စင်ထားတဲ့ မူလအနှစ်သာရပမာဏက ငါနဲ့ ရွှံ့မြေခွေးကို ရက်အနည်းငယ်ကြာအောင် ထောက်ပံ့ပေးနိုင်တယ်… ”

“ ဒါဆိုရင်… နောက်ထပ်ခြေလှမ်းအနေနဲ့ ဒီနေရာကို ငါစူးစမ်းရှာဖွေရမယ် ”

“ တကယ်လို့ ထွက်ပေါက်တစ်ခုကို ငါရှာဖွေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ ”

“ အင်မော်တယ်ဘုရင်ရဲ့ အစီအစဉ်ကိုတော့… အဲ့ဒါကို ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားလိုက်မယ် ”

“ အင်မော်တယ်ဘုရင်ရဲ့ အစီအစဉ် သူ့ဘာသာ မထွက်ပေါ်လာခင်အထိ ကျင့်ကြံခြင်းမှာပဲ ငါအာရုံစိုက်ထားသင့်တယ် ”

ရွှီချင်းက စိတ်ဆုံးဖြတ်လိုက်ပြီးနောက် အဝေးသို့ ပျံသန်းသွားနေရင်း မူလအနှစ်သာရ တစ်စိတ်တစ်ပိုင်းကို နတ်သမီးထံသို့ ပို့လွှတ်လိုက်သည်။

နတ်သမီးက ယခုထိ မသေဆုံးသေးပေ။

ဤနေရာမှာ နတ်သမီးကို အသေခံခိုင်းခြင်းက ၎င်းကို တန်ဖိုးမဲ့စေလိမ့်မည်။

ရွှီချင်း၏ အမြင်မှာ အကယ်၍ ၎င်းက သေဆုံးတော့မည်ဆိုလျှင်ပင် သူ့အတွက် အကျိုးတစ်စုံတစ်ရာ ပြုလုပ်ပေးခဲ့သင့်သည်။ ယင်းက ၎င်း၏ သေဆုံးမှုကို အဓိပ္ပာယ်ရှိစေလိမ့်မည်။

ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ စီးဆင်းသွားပြီး လဝက်ကုန်ဆုံးသွားသည်။

ရှေးခေတ်မိခင်ဂြိုလ်မှာ နေ့နှင့်ည မရှိပေ။ ဤနေရာမှာ မှိန်ဖျော့ဖျော့ အစိမ်းရောင်ကြယ်တာရာအလင်းက အရာအားလုံးကို ထာဝရ လွှမ်းခြုံထားသည်။ သို့ဖြစ်၍ ရွှီချင်းက အချိန်တိုင်းတာမှုကို ဝမ်ကူးကုန်းမြေမှ အချိန်သတ်မှတ်ချက်အတိုင်း ယူဆခဲ့သည်။

ဤလဝက်အတွင်းမှာ နတ်ဘုရားအလောင်းအများအပြားက ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြောင်း သူမျက်မြင်တွေ့ခဲ့သည်။ ၎င်းတို့ထဲမှ အများစုက လေထဲမှာတင် ယိုယွင်းပျက်စီးသွားပြီး ဖုန်မှုန့်ဖြစ်သွားကြသည်။ နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ ရောက်ရှိနေကြသော အရေအတွက်အနည်းစုသာလျှင် ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းက အကောင်းတိုင်း ကျန်ရှိကြပြီး ရေခဲမြစ်အောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားကြသည်။

“ ကြည့်ရတာ နတ်သမီးပြောတာက အမှန်ဟုတ်တဲ့ပုံပဲ… အစစ်အမှန်နတ်ဘုရားအဆင့်အောက်က နတ်ဘုရားတွေက ခန္ဓာကိုယ်ယိုယွင်းပျက်စီးတဲ့အခါ ဒီနေရာကို ပြန်ရောက်လာပြီး အာဟာရဓာတ်တွေ ဖြစ်သွားကြတယ် ”

“ အစစ်အမှန်နတ်ဘုရားတွေရဲ့ အလောင်းတွေကပဲ အကောင်းပကတိအတိုင်း ကျန်ရှိနိုင်ကြတယ် ”

“ ဒီတော့ ဒီနေရာကို ရှေးခေတ်မိခင်ဂြိုလ်လို့ ခေါ်မယ့်အစား အလောင်းဂြိုလ် ဒါမှမဟုတ် မြေအောက်လောကလို့ ခေါ်တာကမှ ပိုပြီးသင့်တော်လိမ့်မယ် ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်၌ ဖုန်မှုန့်ဖြစ်သွားသော နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားတစ်ပါး၏ အလောင်းကို ကြည့်လိုက်သည်။

သူ၏ အနောက်တွင် ရေခဲပြင်ဧရိယာတစ်ခုက ပြိုကွဲသွားပြီး မရေမတွက်နိုင်သော မူလအပြစ်သားများက ထွက်ပေါ်လာကြသည်။ ၎င်းတို့က သူ့ကို လောဘတကြီး စိုက်ကြည့်နေကြသည်။

ထိုမူလအပြစ်သားများ၏ အနောက်မှ ရေခဲမြစ်၏ အောက်ခြေတွင် ဘုရားကျောင်းပျက်တစ်ခု ရှိသည်။ အစိမ်းရောင်ကြယ်တာရာအလင်းအောက်မှာ ဘုရားကျောင်းက မှိန်ဖျော့သော မီးအလင်းရောင်ကို ထုတ်လွှတ်နေသည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး ရေခဲမြစ်ကို ကြည့်လိုက်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

ဤလဝက်အတွင်းမှာ သူက အနက်ရောင်ရေခဲမြစ်၏ မျက်နှာပြင်မှာသာ စူးစမ်းလေ့လာခဲ့ခြင်းမဟုတ်ဘဲ ရေခဲမြစ်၏ အနက်ပိုင်းထဲမှာလည်း စူးစမ်းလေ့လာခဲ့သည်။ သို့ဖြစ်၍ သူက ဘုရားကျောင်းသုံးခုကို ရှာတွေ့ခဲ့သည်။

ဘုရားကျောင်းတစ်ခုစီ၏ ဘေးပတ်ဝန်းကျင်မှာ မရေမတွက်နိုင်သော နတ်ဘုရားအလောင်းများနှင့် အဆုံးမဲ့သော မူလအပြစ်သားများ ရှိကြသည်။

ရွှီချင်းက သူ့ကိုယ်ပိုင် မူလအနှစ်သာရတချို့ကို စတေး၍ သူ၏ အထွတ်အထိပ် တိုက်ပွဲစွမ်းအားဖြင့် ဘုရားကျောင်းများကို အတင်းအဓမ္မ ရိုက်ချိုးဖွင့်ခဲ့သည်။ ထို့နောက် ဘုရားကျောင်းတစ်ခုစီမှာ ကြေးနီရောင်တံခါးတစ်ချပ်ရှိကြောင်း သူရှာတွေ့ခဲ့သည်။

သို့သော်လည်း ကံမကောင်းစွာပင် မည်သို့သူကြိုးစားပါစေ ထိုတံခါးသုံးချပ်စလုံးက ပထမဆုံးအကြိမ် သူတွေ့ဆုံခဲ့သော တံခါးကဲ့သို့ မည်သည့်တုံ့ပြန်မှုမှ မပြချေ။

“ ကြည့်ရတာ ဘုရားကျောင်းတွေထဲက ကြေးနီရောင်တံခါးက ဒီနေရာကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ပုံပဲ… ဒါပေမဲ့ အဲ့ဒါက ထွက်ပေါက်မဟုတ်ဘူး ”

ရွှီချင်းက ထိုသုံးသပ်မှုကို အတည်ပြုနိုင်ခဲ့သည်။ သို့ဖြစ်၍ သူက မူလအပြစ်သားများထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည့်အခါ နောက်ထပ် အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။

“ ဘုရားကျောင်းတွေနဲ့ မူလအပြစ်သားတွေကြားမှာ ဆက်သွယ်မှုတချို့ ရှိရမယ် ”

ထိုမေးခွန်းအတွက် ယခုအချိန်ထိ သူ့ခေါင်းထဲမှာ အဖြေမရှိသေးပေ။ အချိန်တစ်ခဏကြာ ချင့်ချိန်စဉ်းစားပြီးနောက် ရွှီချင်းက လေပေါ်သို့ ပျံတတ်သွားပြီး အဝေးသို့ ပျံသန်းသွားသည်။

သူက ကုန်ဆုံးသွားသော မူလအနှစ်သာရကို ပြန်ဖြည့်တင်းရန် ပိုမိုများပြားသော နတ်ဘုရားအလောင်းများကို လိုက်လံရှာဖွေသည်။ သို့မှသာ သူက အချိန်ပိုကြာကြာ ဆွဲဆန့်နိုင်လိမ့်မည်။

ယင်းက ဤလဝက်အတွင်းမှာ သူ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သည်။

သူက ဤအတောအတွင်းမှာ နောက်ထပ် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အလောင်းဖြင့် မတွေ့ဆုံခဲ့သော်လည်း နတ်ဘုရားအလောင်းအများအပြားက ကောင်းကင်ပေါ်မှ ပြုတ်ကျလာနေဆဲပင်။

ယင်းတို့က သူ့အား အစစ်အမှန်နတ်ဘုရားအလောင်းကဲ့သို့ မူလအနှစ်သာရအများကြီးကို မထောက်ပံ့ပေးနိုင်သော်လည်း တစ်ကြိမ်သူစုပ်ယူလျှင် ရက်အနည်းငယ်ကြာ ဆက်နေနိုင်ရန် ထောက်ပံ့ပေးနိုင်သည်။

ယင်းက သူ့အား ပိုပြီးကျယ်ပြောသော ဧရိယာကို စူးစမ်းလေ့လာနိုင်စေရန် ခွင့်ပြုပေးသည်။

ထိုသို့ဖြင့် အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ ဤရက်များတွင် ရွှီချင်းက သူ၏ မူလအနှစ်သာရကို ပြန်လည်ဖြည့်တင်းနေရင်း ရှေးခေတ်မိခင်ဂြိုလ်ကို ကျယ်ကျယ်ပြန့်ပြန့် စူးစမ်းလေ့လာခဲ့သည်။ သို့သော်လည်း အနက်ရောင်ရေခဲမြစ်၏ ဧရိယာက အဆုံးမသတ်သွားပေ။

အရာအားလုံးက အနက်ရောင်ဖြစ်နေဆဲပင်။

ရေခဲမြစ်အောက်မှ မူလအပြစ်သားများနှင့် ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော နတ်ဘုရားအလောင်းများမှလွဲလျှင် ကျန်သည့်အရာအားလုံးက ဘာမှမပြောင်းလဲသွားချေ။

ဤလောကတစ်ခုလုံးမှာ သူတစ်ယောက်တည်း တည်ရှိနေဟန် အောက်မေ့ရ၏။ သာမန်သက်ရှိတစ်ကောင်က အကန့်အသတ်မရှိသော ဤစွန့်ပစ်ကုန်းမြေထဲမှာ ထာဝရ ပျံသန်းနေသည်။

ယင်းက ရွှီချင်း၏ စိတ်အာရုံက မမျှော်လင့်ထားသော တစ်စုံတစ်ခုကြောင့် ထုံထိုင်းမသွားခင်အထိ ကြာမြင့်ခဲ့သည်။ သူက ကောင်းကင်ပေါ်မှာ ပျံသန်းနေစဉ် ရုတ်တရက် ရပ်တန့်သွားပြီး အဝေးတစ်နေရာဆီသို့ စိုက်ကြည့်လိုက်သည်။

အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက… ”

သူ့မြင်ကွင်း၏ အဆုံးတွင် အနက်ရောင်ရေခဲမြစ်ပေါ်၌ ဧရာမအက်ကွဲကြောင်းတစ်ခု ရှိနေသည်။

ယင်းက နက်ရှိုင်းသော တောင်ကြားနှင့် ဆင်တူပြီး အံ့ဩထိတ်လန့်ဖွယ်ကောင်းသည်။

ယင်းက ဤတစ်လအတွင်းမှာ ရေခဲမြစ်မဟုတ်သည့် တခြားကုန်းမြေတစ်ခုကို ပထမဆုံးအကြိမ် ရွှီချင်း မြင်ဖူးခြင်း ဖြစ်သည်။

ထိုရှာတွေ့မှုက ရွှီချင်းကို ရွှင်လန်းတတ်ကြွစေသည်။ သူက အရှိန်မြှင့်တင်လိုက်ပြီး ဥက္ကာပျံတစ်စင်းအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ကို ချက်ချင်း ထိုးဖောက်သွားသည်။ မကြာမီ သူက တောင်ကြား၏ အပေါ်မှာ ထွက်ပေါ်လာသည်။

အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ တောင်ကြားက အလွန်ကြီးမားပြီး ကမ္ဘာမြေအက်ကွဲကြောင်းနှင့်ဆင်တူကြောင်း သူရှာတွေ့သွားသည်။ ယင်း၏ အလျားက ရွှီချင်းအာရုံခံနိုင်သော အတိုင်းအတာထက် ကျော်လွန်ပြီး ယင်း၏ အနက်က တိုင်းတာမရအောင် အလွန်နက်ရှိုင်းသည်။

ရွှီချင်းကို နှလုံးတုန်ယင်စေသည်မှာ တောင်ကြား၏ ရေခဲနံရံများ ဖြစ်ကြသည်။ ထိုနေရာတွင် အပေါ်မှအောက်အထိ မရေမတွက်နိုင်သော ကြေးနီရောင်တံခါးများဖြင့် ပြည့်နှက်နေသည်။

တချို့တံခါးများက ရေခဲထဲမှာ ချိပ်ပိတ်ခံထားရပြီး တချို့တံခါးများက တစ်စိတ်တစ်ပိုင်း ထွက်ပေါ်နေကြသည်။ တံခါးအနည်းစုသာလျှင် အပြည့်အဝ ထွက်ပေါ်နေကြသည်။

အကယ်၍ ထိုမျှသာဆိုလျှင် ရွှီချင်း နှလုံးတုန်သွားလိမ့်မည် မဟုတ်ချေ။ သူ့ကို တကယ် မျက်မှောင်ကြုတ်သွားစေသည်မှာ အပြည့်အဝ ထွက်ပေါ်နေကြသော ကြေးနီရောင်တံခါးများ၏ အပြင်ဘက်၌ တင်ပျဉ်ခွေထိုင်နေကြသော တမူထူးခြားသည့် မူလအပြစ်သားများ ဖြစ်ကြသည်။

ထိုမူလအပြစ်သားများသည် လက်တစ်ဖက်တည်း အပြာရောင်ဖြစ်နေခြင်း မဟုတ်ကြချေ။ ယင်းအစား ၎င်းတို့၏ တစ်ကိုယ်လုံးက အပြာရောင်ရေခဲဖြင့် ဖုံးလွှမ်းနေသည်။ ယင်းက စီနီယာအကိုကြီး၏ ကိုယ်ထဲမှ တစ်စုံတစ်ယောက်နှင့် အတိုင်းအတာတစ်ခုထိ ဆင်တူသည်။

“ မဟုတ်သေးဘူး… စီနီယာအကိုကြီးရဲ့ ကိုယ်ထဲက ဟာက အပြာရောင်ရင့်ရင့် ဖြစ်တယ်… အဲ့ဒီကောင်တွေကတော့ အပြာရောင်ဖျော့ဖျော့ ဖြစ်တယ် ”

ရွှီချင်းက ထိုမူလအပြစ်သားများကို မြင်သွားသည့်အခိုက် ပိုပြီးသတိကြီးစွာထားလိုက်သည်။

သူက ဤအတောအတွင်းမှာ မူလအပြစ်သားများဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့လေရာ ၎င်းတို့၏ သဘာဝနှင့် ၎င်းတို့က မည်မျှရက်စက်ကြမ်းကြုတ်ကြောင်း ကောင်းမွန်စွာ နားလည်သည်။ ထိုအပြာရောင်ဖျော့ဖျော့ မူလအပြစ်သားများကိုတော့ ယခုမှ ပထမဆုံးအကြိမ် သူမြင်တွေ့ဖူးခြင်း ဖြစ်သည်။

ထို့ပြင် ၎င်းတို့က အရေအတွက် အလွန်များသည်။

ရွှီချင်းက ၎င်းတို့ကို စိုက်ကြည့်နေသည့်အချိန် ကြေးနီရောင်တံခါးများ၏ အပြင်ဘက်မှာ တင်ပျဉ်ခွေထိုင်နေကြသော ထိုမူလအပြစ်သားများက ခေါင်းမော့လိုက်ကြသည်။ ၎င်းတို့က အပြာရောင်မျက်လုံးများဖြင့် ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်ကြသည်။

ရွှီချင်းက မဆင်မခြင် မပြုမူချေ။ မူလအပြစ်သားများသည်လည်း မလှုပ်ရှားကြချေ။ ၎င်းတို့က သူ့ကို စိုက်ကြည့်နေရုံသာ ကြည့်နေကြသည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက ဖြည်းဖြည်းချင်း ပြန်ဆုတ်ခွာသွားသည့်အခါ မူလအပြစ်သားတချို့က ၎င်းတို့၏ အကြည့်ကို ပြန်ရုပ်လိုက်ကြသည်။

“ သူတို့က အပြင်မထွက်လာနိုင်ကြဘူး… ”

သူ၏ ယခင်အတွေ့အကြုံများအရ ရွှီချင်းက ထိုသို့ကောက်ချက်ချခဲ့သည်။ ထို့အတူ ဤတောင်ကြားက အလွန်အမင်း အန္တရာယ်များကြောင်း သူနားလည်ခဲ့သည်။

“ ဒါပေမဲ့ ဘာလို့ သူတို့အားလုံးက အပြည့်အဝ ထွက်ပေါ်နေတဲ့ ကြေးနီရောင်တံခါးတွေရဲ့ အပြင်ဘက်မှာ ထိုင်နေကြတာလဲ ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက လေထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး တောင်ကြားထဲမှ မူလအပြစ်သားများကို တိတ်တဆိတ် လေ့လာစောင့်ကြည့်လိုက်သည်။

ရက်ပေါင်းများစွာကြာပြီးနောက် ထူးဆန်းသော အပြောင်းအလဲတစ်ခုက တောင်ကြားအတွင်းမှာ ထွက်ပေါ်လာပြီး ရွှီချင်း၏ သံသယများကို ဖြေရှင်းပေးလိုက်သည်။

တောင်ကြား၏ အောက်ဘက်နံရံပေါ်မှ ကြေးနီရောင်တံခါးများစွာအနက် တံခါးတစ်ချပ်က ဖြည်းညင်းစွာ ပွင့်သွားသည်။

နတ်ဘုရားတီးတိုးရေရွတ်သံက ပွင့်သွားသော တံခါးထဲမှ ပဲ့တင်ထပ်လာသည်။

“ ကန်ရှန်… ကန်ရှန်… ”

ယင်းက ကြယ်တာရာစက်ဝန်း၏ စွမ်းအား ကိန်းဝပ်နေသော နတ်ဘုရားအသံ ဖြစ်သည်။ နတ်ဘုရားအသံက ပျံ့လွင့်သွားသည်နှင့် အလွန်သိပ်သည်းသော ဒြပ်နှောက စုဝေးရောက်ရှိလာပြီး ဝေဝါးသော နတ်ဘုရားမှော်သင်္ကေတများကို ရက်လုပ်လိုက်ကြသည်။

ထိုမှော်သင်္ကေတများက တံခါးအပြင်ဘက်သို့ မျောလွင့်သွားကြသည်။

ယင်းတို့က တံခါးအပြင်ဘက်မှာ တင်ပျဉ်ခွေထိုင်နေသော မူလအပြစ်သားဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

ယင်းတို့က ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေပြီး ဖော်မပြနိုင်အောင် မှော်ဆန်ကြသည်။ ဤသည်မှာ အဆုံးမဲ့သော လျှို့ဝှက်ဆန်းကြယ်မှုများက ယင်းတို့ထဲမှာ ပါဝင်နေသည့်အလားပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ရွှီချင်းက အပြင်းအထန် နှလုံးတုန်ယင်သွားသည်။ ထို့ကြောင့် သူက အဝေးသို့ ချက်ချင်း အနောက်ဆုတ်သွားသည်။

မူလအပြစ်သားသည်တော့ ၎င်း၏ မျက်လုံးထဲမှာ အလွန်သိပ်သည်းသော အပြာရောင်အလင်း ထွက်ပေါ်လာသည်။ ၎င်းက ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်သည်။

ဤသည်မှာ ထိုမှော်သင်္ကေတများက ၎င်းရင်ဆိုင်ရမည့် ကပ်ဘေးဒုက္ခဖြစ်သည့်အလားပင်။ ၎င်းက ထိုမှော်သင်္ကေတများဆီသို့ ရူးသွပ်စွာ ပြေးသွားသည်။

ရွှီချင်း၏ စောင့်ကြည့်မှုအောက်မှာ မူလအပြစ်သားနှင့် မှော်သင်္ကေတများက အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

နောက်အခိုက်အတန့်မှာ မှော်သင်္ကေတများက ရွှေရောင်ထွန်းလင်းလာစဉ် မူလအပြစ်သားက အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းတို့နှစ်ယောက်က အပြန်အလှန် ဝါးမျိုနေကြဟန် ရ၏။

သို့သော်လည်း ရွှေရောင်အလင်းနှင့် နှိုင်းယှဉ်လျှင် အပြာရောင်အလင်းက ပွက်ပွက်ဆူနေသော ရေကန်ထဲသို့ ကျဆင်းသွားသည့် နှင်းပွင့်များနှင့် ဆင်တူသည်။ အပြာရောင်အလင်းက မည်မျှတောက်ပပါစေ ၎င်းက ရွှေရောင်အလင်းကို မခုခံနိုင်ပေ။ မကြာမီ ၎င်းက မှော်သင်္ကေတများ၏ ဝါးမျိုခံလိုက်ရပြီး ဖယ်ရှားခံလိုက်ရသည်။

ထို့နောက် မှော်သင်္ကေတများက သေဆုံးသွားသော မူလအပြစ်သားထံမှ အရာအားလုံးကို စုပ်ယူလိုက်သည့်အလား ယင်းတို့က ရုတ်တရက် အရွယ်အစား ကြီးမားလာကြသည်။ ထိုမှတဖန် အရိုးများ၊ သွေးကြောများနှင့် အသွေးအသားများက မှော်သင်္ကေတများထံမှတဆင့် စတင်ဖွဲ့စည်းသွားကြသည်။

နောက်ဆုံးမှာတော့ နတ်ဘုရားခန္ဓာကိုယ်တစ်ခုက ဖွဲ့စည်းသွားသည်။

၎င်းက အသက်ဓာတ်ဖြင့် ပြည့်ဝနေသည်။

၎င်းက အသစ်မွေးဖွားလာသော နတ်ဘုရားတစ်ပါး ဖြစ်သည်။

ထို့ပြင် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အရှိန်အဝါက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။ သို့သော်လည်း ၎င်းမနိုးထလာမီ ၎င်း၏ ဘေးနားမှ ကြေးနီရောင်တံခါးက ရုတ်တရက် ပွင့်သွားပြီး ၎င်းကို အထဲသို့ စုပ်ယူလိုက်သည်။

၎င်းက ပျောက်ကွယ်သွားသည်။

ရွှီချင်းက ဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားပြီးနောက် ပြင်းထန်သော စိတ်ခံစားချက်လှိုင်းများက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ပြန်ဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်က ဒီနေရာမှာပဲ ”

“ ဒီတော့ ခန္ဓာကိုယ်ပြန်ဖွဲ့စည်းဖို့အတွက် ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်ပြောင်းနေတဲ့ မူလအပြစ်သားတွေကို ကြားခံနယ်အဖြစ် လိုအပ်မယ်… ကြေးနီရောင်တံခါးထဲကနေ ပျံ့လွင့်လာတာက အစစ်အမှန်နာမည်ဖြစ်မယ် ”

“ အစစ်အမှန်နာမည်ကို မူလအပြစ်သားတွေပေါ်မှာ တံဆိပ်ခတ်လိုက်တဲ့အခါ နတ်ဘုရားအသစ်တစ်ပါးအဖြစ် ပြောင်းလဲသွားလိမ့်မယ်… ဒီလုပ်ငန်းစဉ်က မူလအပြစ်သားတွေအတွက် မရှောင်လွှဲနိုင်တဲ့အရာဖြစ်ပုံပဲ… ကြည့်ရတာ အဲ့ဒါက သူတို့ရဲ့ ကံကြမ္မာ ဖြစ်မယ် ”

ရွှီချင်းက နှလုံးခုန်မြန်သွားသည်။

“ ဒါဆိုရင် ငါက ဒီနေရာကို ကြေးနီရောင်တံခါးတစ်ချပ်ကနေ ဝင်ရောက်လာခဲ့တာဆိုတော့… ငါက အစစ်အမှန်နာမည်တစ်ခုရဲ့ ပုံသဏ္ဍာန်အနေနဲ့ ရောက်လာတာများလား ”

ရွှီချင်းက ယင်းကို မသေချာပေ။ သူက မူလအပြစ်သားများနှင့် ကြေးနီရောင်တံခါးများကို ကြည့်လိုက်သည့်အခါ သူ၏ စီနီယာအကိုကြီးကို မတွေးမိဘဲ မနေနိုင်ပေ။

“ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင်… စီနီယာအကိုကြီးက တမူထူးခြားတယ် ”

“ စီနီယာအကိုကြီး အစွမ်းထုတ်လွှတ်တဲ့အခါတိုင်း မူလအပြစ်သားတစ်ကောင်က သူ့ရဲ့ ကိုယ်ထဲကနေ ထွက်ပေါ်လာတယ်… ပြီးတော့ အဲ့ဒီမူလအပြစ်သားနဲ့ သူက တစ်သားတည်းဖြစ်နေပုံပဲ ”

“ ဒါ့အပြင် စီနီယာအကိုကြီးက မသေမျိုးစွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေးတယ် ”

ရွှီချင်းက စီနီယာအကိုကြီးနှင့်ပတ်သက်သော အရာအားလုံးကို တွေးတောစဉ်းစားလိုက်သည်။ တစ်ချိန်တည်းမှာ အဝေးမှ ကောင်းကင်ယံတွင် နတ်ဘုရားအလောင်းတစ်လောင်းက ၎င်း၏ ပန်းတိုင်ဖြစ်သော နေရာဆီသို့ နောက်ဆုံးမှာ ရောက်ရှိလာသည်။

၎င်းက ကောင်းကင်ပေါ်မှ ထိုးဆင်းလာသည်။

ထိုသို့ဆင်းသက်လာနေစဉ် ၎င်း၏ ရုပ်ခန္ဓာကိုယ်က ယိုယွင်းမပျက်စီးသွားပေ။

ရှင်းလင်းစွာပင် ၎င်းက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အလောင်းဖြစ်သည်။

ရွှီချင်းက ထိုနတ်ဘုရားအလောင်းကို မြင်သွားသည့်အခိုက် သူ၏ အတွေးအားလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။

သူက ဤအတောအတွင်းမှာ မူလအနှစ်သာရတချို့ကို သန့်စင်ထားခဲ့သည်။

သို့သော်လည်း ယင်းက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အလောင်းကို မယှဉ်နိုင်ပေ။

သို့ဖြစ်၍ ရွှီချင်းက ဆာလောင်နေသော ဝံပုလွေတစ်ကောင်သဖွယ် အလောင်းပြုတ်ကျသွားသော နေရာဆီသို့ ပျံသန်းသွားသည်။

တစ်ချိန်တည်းမှာ အောက်သို့ ဆင်းသက်သွားနေသော နတ်ဘုရားအလောင်းထဲတွင် ဝိညာဉ်ဖီးနစ်နတ်သမီးက မျက်လုံးဖွင့်လိုက်သည်။

“ ယောင်္ကျား… ကျွန်မတို့ ရောက်ပြီ… ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ ဘေးတွင် မိုးသောက်သခင်လေးက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်သည်။ သူက စကားပြောတော့မည့်အချိန် သူ၏ တည်ငြိမ်သော အမူအရာက အံ့ဩမှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။

“ ဟမ် ”

All Chapters