အကိုကြီးက မင်းကို ကိစ္စကြီးလုပ်ဖို့ ခေါ်သွားမယ်(ခ)
Vol. 115 Ch. 1755
ယင်းက ရွှီချင်း၏ တည်ရှိမှုကြောင့် ဖြစ်ကြောင်း ဝိညာဉ်ဖီးနစ်နတ်သမီး နားလည်သည်။
ထို့ကြောင့် သူက ပြုံးလိုက်ပြီး ပြောသည်။
“ ရှင်က ကောင်လေးရွှီကို ရှင့်ကို ‘ အကိုကြီး ’လို့ အရမ်းခေါ်စေချင်နေတာ မဟုတ်လား ”
မိုးသောက်သခင်လေးက ပြုံးဖြီးလိုက်သည်။
ရွှီချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး တစ်ချိန်က မိုးသောက်အင်မော်တယ်နန်းတော်ထဲမှ အဖြစ်အပျက်များကို ပြန်တွေးတောလိုက်သည်။ သို့ဖြစ်၍ မကြာမီ သူက ဤအခြေအနေဖြင့် နေသားကျသွားသည်။
“ အကိုကြီး ”
မိုးသောက်သခင်လေးက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ရွှီချင်းက မည်သို့ကြောင့် ဤနေရာသို့ ရောက်နေကြောင်း သူမမေးပေ။ ယင်းအစား သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ သူ့အောက်မှ နတ်ဘုရားအလောင်းက ဝုန်းခနဲ မြည်သွားပြီး မြန်ဆန်စွာ ကျုံ့သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ နတ်ဘုရားအလောင်းက မူလအနှစ်သာရသလင်းကျောက်များအဖြစ် အသွင်ပြောင်းလဲသွားပြီး ရွှီချင်းထံသို့ ပျံသန်းသွားကြသည်။
“ ငါနဲ့လိုက်ခဲ့ပါ… အကိုကြီးက မင်းကို ကိစ္စကြီးလုပ်ဖို့ ခေါ်သွားမယ် ”
ထိုသို့ပြောပြီးနောက် မိုးသောက်သခင်လေးက ဝိညာဉ်ဖီးနစ်နတ်သမီးနှင့်အတူ အရှေ့မှ ဦးဆောင်ပျံသန်းသွားသည်။ သူတို့က ရွှီချင်းကို တောင်ကြားဆီသို့ ခေါ်ဆောင်သွားသည်။
အလွန်ရင်းနှီးကျွမ်းဝင်သော စကားကို သူကြားလိုက်ရပြီး သူ့အရှေ့မှ မိုးသောက်သခင်လေးကို မြင်လိုက်သောအခါ ရွှီချင်း၏ နှလုံးသားက ပြင်းထန်သော စိတ်ခံစားချက်များနှင့်တကွ ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထိုသို့စကားကို သူ့အား မကြာခဏ ပြောခဲ့ဖူးသော တစ်စုံတစ်ယောက်ကို သူလွမ်းဆွတ်သတိရလာသည်။
“ စီနီယာအကိုကြီးက အခုနေ ဘာများလုပ်နေမလဲ… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ လွမ်းဆွတ်မှုကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက မိုးသောက်သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ အနောက်မှ လိုက်သွားသည်။
သူတို့သုံးယောက်က ချောက်ချားဖွယ်ကောင်းသော အစိမ်းရောင်ကောင်းကင်ပေါ်မှာ ပျံသန်းနေကြရင်း လရောင်ခြည်ဖြင့် ပေါင်းစပ်သွားကြသည်။
မကြာမီ အစိမ်းရောင်လရောင်ခြည်က ဤလောကထဲမှ အနက်ရောင်ရေခဲမြစ်နှင့် အေးစက်စက်လေပြေဖြင့် ပေါင်းစပ်သွားသည်။
လေပြေက အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို ဆောင်ကြဉ်းလာပြီး တောင်ကြား၏ အပေါ်သို့ တိုက်ခတ်သွားသည်။ ထိုအခိုက်အတန့်မှာ ပုံရိပ်သုံးခုက လေပြေနှင့်အတူ တောင်ကြားပေါ်မှာ ထွက်ပေါ်လာကြသည်။
“ ဒီနေရာပဲ ”
မိုးသောက်သခင်လေးက အောက်သို့ ငုံ့ကြည့်လိုက်ပြီး ပြောသည်။
တောင်ကြားက မြောက်ဘက်သို့ အဆုံးမဲ့စွာ ဆန့်တန်းနေပြီး မိခင်ဂြိုလ်တစ်ခုလုံးကို ထိုးဖောက်ထားသည်။ ယင်းက အံ့ဩထိတ်လန့်ဖွယ်ကောင်းပြီး အလွန်နက်ရှိုင်းသော ကမ္ဘာမြေအက်ကွဲကြောင်းတစ်ခုနှင့် ဆင်တူသည်။
တောင်ကြားအတွင်းဝယ် ယခင်က ရွှီချင်းမြင်တွေ့ခဲ့သော မရေမတွက်နိုင်သည့် ကြေးနီရောင်တံခါးများက မိုးသောက်သခင်လေး၏ အကြည့်အောက်မှာ မသိမသာ တုန်ယင်သွားကြသည်။ ကြေးနီရောင်တံခါးများ၏ အရှေ့မှာ တင်ပျဉ်ခွေထိုင်နေကြသော တစ်ကိုယ်လုံးပြာနေသည့် မူလအပြစ်သားအားလုံးက တစ်ပြိုင်နက် ခေါင်းမော့လိုက်ကြသည်။
၎င်းတို့က မိုးသောက်သခင်လေးနှင့် သူ့အပေါင်းအဖော်များကို စူးစိုက်ကြည့်လိုက်ကြသည်။
သို့သော်လည်း ဤတစ်ကြိမ်က ယခင် ရွှီချင်းမြင်တွေ့ခဲ့စဉ်ကနှင့် ခြားနားသည်။
ဤအခိုက်အတန့်မှာ မူလအပြစ်သားများ၏ အပြာရောင်မျက်လုံးထဲမှာ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုက ထင်ရှားစွာ ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာ ၎င်းတို့က ကြီးမားသော ဖိအားအောက်မှ သားရဲများသဖွယ် ခြိမ်းခြောက်သော ဟိန်းသံကို ထုတ်ဖော်လိုက်ကြသည်။
ရွှီချင်းက ယင်းကို မြင်သွားပြီးနောက် သူ့အရှေ့မှ မိုးသောက်သခင်လေးကို ကြည့်လိုက်သည့်အခါ ဘေးကင်းလုံခြုံသော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ အလိုအလျောက် ပေါ်လျှိုးလာသည်။
လေထဲတွင် မိုးသောက်သခင်လေးက နေရာမှာ မလှုပ်မယှက် ရပ်နေသည်။
အချိန်တစ်ခဏကြာပြီးနောက် သူက လက်မြှောက်လိုက်ပြီး သူ့ခါးမှာ ချိတ်ဆွဲထားသော သေရည်ဘူးသီးခြောက်ကို ဖမ်းဆုပ်လိုက်သည်။ သူက ဘူးသီးခြောက်ကို ဆွဲဖြုတ်လိုက်ပြီး သေရည်ကို တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက ပါးစပ်ထဲမှ သေရည်တချို့ကို အပြင်သို့ မှုတ်ထုတ်လိုက်သည်။
လေထဲမှာ ပြန့်ကျဲသွားသော သေရည်အမှုန်များထဲတွင် မရေမတွက်နိုင်သော အပျက်အစီးကြယ်ဂြိုလ်များ၏ ပုံရိပ်များက ထင်ဟပ်နေသည်။
“ ဒီရှေးခေတ်မိခင်ဂြိုလ်ပေါ်က တောင်ကြားက အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ပထမဆုံးနတ်ဘုရား ချန်ထားခဲ့တဲ့ အမှတ်အသားတစ်ခုဖြစ်တယ်လို့ အင်မော်တယ်ဘုရင်က ပြောတယ်… အဲ့ဒီထဲမှာ နတ်ဘုရားတွေရဲ့ ဇစ်မြစ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ရှိတယ် ”
မိုးသောက်သခင်လေးက သူ၏ ညာလက်ကို မြှောက်တင်ရင်း တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက သူ၏ လက်ကို တောင်ကြား၏ ဘေးတစ်ဖက်မှ ရေခဲမြစ်ဆီသို့ ဖိချလိုက်သည်။
ရေခဲမြစ်က တုန်ယင်သွားသည်။ ဤသည်မှာ ရေခဲမြစ်ကို သဏ္ဍာန်မဲ့သော ဧရာမလက်တစ်ဖက်က ဆုပ်ကိုင်လိုက်သည့်အလားပင်။ အက်ကွဲကြောင်းများက ရေခဲမြစ်ပေါ်မှာ စတင်ထွက်ပေါ်လာသည်။
“ ဒါပေမဲ့ ငါ့အမြင်မှာတော့ ဒီဂြိုလ်ကို အဲ့ဒီနတ်ဘုရားရဲ့ မိခင်လို့ သဘောထားမယ်ဆိုရင် အဲ့ဒီနတ်ဘုရားက မိခင်ရဲ့ သားအိမ်ထဲမှာ ရှိနေတဲ့အချိန် မိခင်ရဲ့ ဝမ်းဗိုက်ကို ဖွင့်လှစ်ပြီး အပြင်ကို တွားသွားထွက်လာခဲ့လို့သာ ဒီလိုဒဏ်ရာက ကျန်နေခဲ့တာ ဖြစ်မယ် ”
မိုးသောက်သခင်လေး၏ စကားသံက ပဲ့တင်ထပ်နေစဉ် သူ၏ ဘယ်လက်က အပေါ်သို့ မြှောက်တတ်သွားပြီး အဆုံးမဲ့တောင်ကြား၏ အခြားတစ်ဖက်မှ ရေခဲမြစ်ဆီသို့ ဖိချသွားသည်။
ထို့နောက် သူက ကြမ်းတမ်းသော လှုပ်ရှားမှုဖြင့် လက်နှစ်ဖက်စလုံးကို အပေါ်သို့ ဆွဲမြှောက်လိုက်သည်။
ချက်ချင်းဆိုသလို လောကက အပြင်းအထန် တုန်လှုပ်သွားသည်။
အလွန်တရာ ကျယ်လောင်သော အက်ကွဲသံက ရေခဲအလွှာ၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် တောင်ကြား၏ ဘေးနှစ်ဖက်မှ ရေခဲမြစ်များက ဖြည်းဖြည်းချင်း စတင်လှုပ်လာကြသည်။ ဤသည်မှာ မိခင်ဂြိုလ်၏ ဒဏ်ရာဟောင်းက အတင်းအဓမ္မ ဆုတ်ဖြဲခံနေရသည့်အလားပင်။
တစ်ချိန်တည်းမှာ ရေခဲမြစ်ထဲမှ ကြေးနီရောင်တံခါးအားလုံးက တစ်ပြိုင်နက်တည်း ဝုန်းခနဲ မြည်ဟိန်းသွားကြသည်။
အနက်ရောင်မြူခိုးက အက်ကွဲကြောင်းများထဲမှ တစ်ဟုန်ထိုး ပေါ်လျှိုးလာနေစဉ် ကြေးနီရောင်တံခါးများ၏ အရှေ့မှ မူလအပြစ်သားများက ကျယ်လောင်သော မာန်ဖီသံများကို ထုတ်ဖော်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့၏ မွေးရာပါပင်ကိုယ်ဗီဇက ၎င်းတို့ကို ထိန်းချုပ်သွားဟန် ရသည်။ သို့ဖြစ်၍ ၎င်းတို့က အပြင်သို့ ပျံသန်းသွားကြသည်။
၎င်းတို့က အနက်ရောင်မြူခိုးကို လေဟုန်စီး၍ တောင်ကြားအပြင်ဆီသို့ တစ်ဟုန်ထိုး ပျံတတ်သွားကြသည်။
၎င်းတို့က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး မိုးသောက်သခင်လေးဆီသို့ ခုန်အုပ်လိုက်ကြသည်။
“ ရုပ်အခွံတွေကများ… ငါ့အရှေ့မှာ ဆူဆူညံညံ လုပ်ရဲတယ်လား ”
ဒေါင်လိုက်သွေးမျက်လုံးတစ်လုံးက မိုးသောက်သခင်လေး၏ မျက်ခုံးနှစ်ခုကြားနေရာမှာ ထွက်ပေါ်လာပြီး လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ကျယ်လောင်သော မာန်ဖီသံအောက်မှာ တောင်ကြားထဲမှ တလိပ်လိပ် မြှောက်တတ်နေသော မြူခိုးက ချက်ချင်း လွင့်ပြယ်သွားပြီး မြူခိုးအတွင်းမှ မူလအပြစ်သားများက ထိုဖိအားအောက်မှာ တစ်ကောင်ပြီးတစ်ကောင် အောက်သို့ ပြုတ်ကျသွားကြသည်။
တချို့က ဖုန်မှုန့်အဖြစ် ပြိုကွဲသွားကြသည်။
ထိုမြင်ကွင်းက ရွှီချင်းကို နှလုံးတုန်ယင်သွားစေသည်။
မိုးသောက်သခင်လေးက အလွန်အမင်း သန်မာကြောင်း သူသိသည်။ မည်သို့ဖြစ်ပါစေ သူက အင်မော်တယ်ဘုရင်၏ မြေးဖြစ်ပြီး မိုးသောက်အင်မော်တယ်အရှင်သခင်၏ သားတော် ဖြစ်သည်။ သူက သာလွန်ထူးခြားစွာ မွေးဖွားလာခဲ့ပြီး သူ၏ ပါရမီက လွန်စွာအံ့ဖွယ်ကောင်းသည်။ သူက မိုးသောက်အင်မော်တယ်နန်းတော်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် ချိပ်ပိတ်ခံထားခဲ့ရသော်လည်း ထိုသို့ချိပ်ပိတ်ခံထားရသည့်အချိန်မှာပင် သူက နန်းတော်ထဲမှ ကိစ္စများကို ကြိုးကိုင်ခြယ်လှယ်နိုင်ခဲ့သည်။
သူဖန်တီးခဲ့သော ပုံရိပ်ယောင်အလွှာများက နွေဦးအင်မော်တယ်များအတွက်ပင် အခွင့်အရေးကောင်းများ ဖြစ်သည်။
ထို့ပြင် မိုးသောက်အင်မော်တယ်အရှင်သခင်က သူမသေဆုံးမီ သူ့သားအတွက် အရာအားလုံးကို စီစဉ်ပေးသွားခဲ့သည်။
ထို့ပြင် သူက ချိပ်တံဆိပ်မှ လွတ်မြောက်သွားပြီးနောက် ဤနေရာဆီသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ ယင်းကို နောက်ကွယ်တွင် အရာအားလုံးကို ကြိုးကိုင်ခြယ်လှယ်နေသော အင်မော်တယ်ဘုရင်၏ မဟာအစီအစဉ်ဖြင့် ပေါင်းစပ်လိုက်လျှင်…
“ အထွတ်အထိပ် နွေဦးအင်မော်တယ် ”
ရွှီချင်း၏ မျက်လုံးက အံ့ဩမှုကြောင့် ဝင်းလက်သွားသည်။ ထို့နောက် ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ နင့်ရဲ့ အကိုကြီး ဒီကိုမရောက်လာခင်… ငါတို့တွေ အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ စစ်မြေပြင်နားမှာ တစ်ခဏ ပုန်းအောင်းခဲ့ကြတယ်… အဲ့ဒီနောက် အခွင့်အရေးရလာတဲ့အခါ သူက လှုပ်ရှားလိုက်ပြီး အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ ညာတောင်ပံစစ်ပွဲဇုန်က တပ်မှူးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ် ”
ဝိညာဉ်ဖီးနစ်နတ်သမီးက သိမ်မွေ့နူးညံ့စွာ ပြောသည်။
ထိုစကားများက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ လေပြေတိုက်ခတ်သွားသည့်အလား သူ၏ စိတ်ထဲမှ မြူခိုးက အတော်များများ လွင့်ပြယ်သွားသည်။ ယင်းက သူ့ကို အမှတ်ငါးကြယ်တာရာစက်ဝန်း၏ စစ်ပွဲနည်းဗျူဟာနှင့်ပတ်သက်၍ ပိုပြီးရှင်းလင်းစွာ နားလည်သဘောပေါက်သွားစေသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှ အသားကြိတ်ဆုံနှင့် ရွှီချင်း၏ ယခင်သုံးသပ်ချက်များအရ ယင်းက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်ထားလိမ့်မည့် မီးအိမ်တစ်ခုဖြစ်ကြောင်း အစကတည်းက သူသတိပြုမိခဲ့သည်။ ထိုအချိန်တုန်းက အမည်မသိနေရာတစ်နေရာမှာ ကိစ္စကြီးတစ်ခု ဖြစ်ပွားလာလိမ့်မည်ဟု သူသုံးသပ်ခဲ့သည်။
အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်ခဲ့သည်။
အမှတ်လေးကြယ်တာရာစက်ဝန်း၏ ညာတောင်ပံစစ်ပွဲဇုန်မှ တပ်မှူးက လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ယောက်၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
ထိုကိစ္စကြောင့် နတ်သမီးက စစ်မြေပြင်ဆီသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့သည်။ နတ်သမီးက ၎င်း၏ တော်ဝင်သွေးမျိုးဆက်ကို အသုံးပြု၍ ကျဆုံးသွားခဲ့သော တပ်မှူး၏ ပြန်ရောက်လာမှုကို အရှိန်မြှင့်တင်ပေးရန် ကြိုးစားခဲ့သည်။
နောက်ပိုင်းမှာ ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်က တပ်မှူး၏ နတ်ဘုရားခန္ဓာကိုယ်ကို ငှားယူ၍ ပြန်ရှင်သန်လာခဲ့ပြီး နတ်သမီးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။
ထို့ကြောင့် နတ်သမီးက ကျင့်ကြံသူများဘက်မှ အမဲလိုက်ခံခဲ့ရပြီး နောက်ဆုံးမှာ ရွှီချင်း၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ယင်းက အကျိုးအကြောင်းသင့်သော ဖြစ်စဉ် ဖြစ်သည်။
“ ပြီးတော့ အဲ့ဒါတွေအားလုံးက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ မဟာအစီအစဉ်ရဲ့ ပထမအပိုင်းပဲ ရှိသေးတယ် ”
“ ဘယ်တောင်ပံစစ်ပွဲဇုန်ကို အသားကြိတ်ဆုံအဖြစ် ပြောင်းလဲစေပြီး အရေအတွက်များပြားတဲ့ နတ်ဘုရားတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ခဲ့တယ်… ပြီးတော့ အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူပြီး မိုးသောက်သခင်လေးကို လုပ်ကြံသတ်ဖြတ်ခြင်းတာဝန်ကို ထမ်းဆောင်စေခဲ့တယ်… အဲ့ဒါက ပထမအပိုင်းပဲ ”
“ နတ်ဘုရားဘက်က ညာတောင်ပံစစ်ပွဲဇုန်က တပ်မှူးရဲ့ သေဆုံးမှုကနေ ဝိညာဉ်ကျောက်တုံးအင်မော်တယ်သခင်ကို ပြန်ရှင်စေခဲ့ပြီး နတ်သမီးကို ဖမ်းဆီးခဲ့တယ်… အဲ့ဒါက ဒုတိယအပိုင်းပဲ ”
“ အပေါ်ယံကြည့်မယ်ဆိုရင် အင်မော်တယ်အရှင်သခင်ကျန်းလူက နတ်ဧကရာဇ်ချီအူဇီရဲ့ နတ်ဘုရားစွမ်းအင်အမြူတေရဲ့ လျှို့ဝှက်ချက်တွေကို စစ်ဆေးလေ့လာချင်တာကြောင့် အဲ့ဒီလိုစီစဉ်ခဲ့တာလို့ မြင်ရလိမ့်မယ်… ဒါကြောင့် ဒီအစီအစဉ်အားလုံးရဲ့ အန္တိမပန်းတိုင်က နတ်သမီးကို ညွှန်ပြနေလိမ့်မယ်… ”
“ တစ်ဖက်မှာလည်း နတ်ဧကရာဇ်ချီအူဇီက အဲ့ဒီအစီအစဉ်တွေကို ထွင်းဖောက်မြင်နိုင်ခဲ့တယ်… ဒါကြောင့် သူက အင်မော်တယ်အရှင်သခင်ကျန်းလူရဲ့ အစီအစဉ်အတိုင်း လိုက်ကစားပေးဖို့ ရွေးချယ်ခဲ့ပြီး သူ့သမီးတော်ကို အဖမ်းခံခိုင်းခဲ့တယ်… သူ့ရဲ့ ရည်ရွယ်ချက်က သူ့သမီးတော်ရဲ့ သွေးမျိုးဆက်ကနေတဆင့် အင်မော်တယ်အရှင်သခင်ကျန်းလူရဲ့ အာဏာစက်ကို တန်ပြန်စစ်ဆေးဖို့ပဲ ”
“ ဒါကြောင့် ဓားစာခံလဲလှယ်မှုက ရှိလာတာ… ”
“ ဒါပေမဲ့ အခုနောက်ပိုင်းဖြစ်ခဲ့တာတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် အစကနေ အဆုံးထိက မီးအိမ်ကို ပိုပြီးတောက်ပစေမယ့် အစီအစဉ်တွေပဲ ဖြစ်တယ် ”
“ အရင်ဆုံး မီးအိမ်က ကျင့်ကြံသူတွေရဲ့ ဘယ်တောင်ပံစစ်ပွဲဇုန်ထဲမှာ စတင်မြှောက်တတ်လာပြီး နတ်ဘုရားဘက်က ညာတောင်ပံစစ်ပွဲဇုန်ထဲက နတ်ဘုရားတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ခဲ့တယ်… အဲ့ဒီနောက် တပ်မှူးကို လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စဖြစ်ပေါ်လာပြီး နတ်သမီးကို မျှားခေါ်ထုတ်ခဲ့တယ်… နတ်သမီးအဖမ်းခံရခြင်းနဲ့အတူ နတ်ဧကရာဇ်ချီအူဇီကို လှည့်စားခဲ့တယ် ”
“ အဲ့ဒီနောက် ဓားစာခံလဲလှယ်မှုက စစ်မြေပြင်ကို ပိုပြီးကြီးမားတဲ့ မီးအိမ်အဖြစ် ပြောင်းလဲစေခဲ့တယ်… ငါ့ရဲ့ ထွက်သွားမှုနဲ့ အမဲလိုက်ခံရမှု… အဲ့ဒါတွေအားလုံးက မီးအိမ်ကို ပိုပြီးတောက်ပစေမယ့် အစီအစဉ်တွေထဲက တစ်စိတ်တစ်ပိုင်းပဲ ဖြစ်တယ်… အဲ့ဒါတွေအားလုံးရဲ့ အဓိကရည်ရွယ်ချက်က… အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးက နတ်ဘုရားတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ဖို့ ဖြစ်တယ် ”
“ အစီအစဉ်တစ်ခုပြီးတစ်ခုရဲ့ လောင်စာထည့်ပေးမှုကြောင့် မီးအိမ်က ပိုပြီးထွန်းလင်းတောက်ပလာတယ် ”
“ မီးအိမ်က လင်းထိန်လာပြီး အမှတ်လေးကြယ်တာရာစက်ဝန်းရဲ့ စိတ်အာရုံကို ဆွဲဆောင်ထားတဲ့အချိန် အမှတ်ငါးကြယ်တာရာစက်ဝန်းက သူတို့ရဲ့ တကယ့်အစီအစဉ်ကို စတင်လိမ့်မယ်… အဲ့ဒါက… ”
“ ဒီနေရာကို မိုးသောက်သခင်လေး ရောက်ရှိလာတာပဲ ”
ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး သူ၏ အတွေးများက ရှင်းလင်းသွားသည်။ ဤသည်မှာ သူ၏ စိတ်ထဲမှာ အချိန်အတော်ကြာရှိနေခဲ့သော ကြိုးအထုံးက ပြေသွားသည့်အလားပင်။
“ အင်မော်တယ်ဘုရင်ရဲ့ အစီအစဉ်လို့ မျှော်လင့်ထားသလိုပါပဲ… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အရှေ့မှ မိုးသောက်သခင်လေးကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဝိညာဉ်ဖီးနစ်နတ်သမီးကို မေးသည်။
“ ဒါဆိုရင် အခု သူက ဘာလုပ်နေတာလဲ ”
ယင်းကို ကြားသောအခါ ဝိညာဉ်ဖီးနစ်နတ်သမီးက သူ့ခင်ပွန်းကို အာရုံစိုက်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ နင့်ရဲ့ အကိုကြီးက ဒီရှေးခေတ်မိခင်ဂြိုလ်ကို အရေခွံခွာတော့မှာ ”