နတ်ဘုရားသန္ဓေချက်ကြိုး
Vol. 115 Ch. 1763
“ ဒီဟာက… သမိုင်းတစ်လျှောက် ဖြစ်တောင့်ဖြစ်ခဲအရာပဲ ”
ရွှီချင်းက ဖရိုဖရဲဖြစ်နေသော ကောင်းကင်ပေါ်မှာ အံ့မခန်းအစွမ်းကို ထုတ်လွှတ်နေသော မိုးသောက်သခင်လေးကို ကြည့်လိုက်သည်။
ဤကိစ္စအပေါ် သူပိုပြီးနားလည်သဘောပေါက်သွားလေ အင်မော်တယ်ဘုရင်၏ မဟာအကြံအစည်အပေါ် သူပိုပြီးချီးကျူးမိလေ ဖြစ်သည်။
“ တကယ်တော့… ဒီလိုကိစ္စနဲ့ တူညီတဲ့အရာကို အတိတ်မှာ တစ်စုံတစ်ယောက်က လုပ်ဆောင်ခဲ့ဖူးတယ်… ဒါပေမဲ့ အဲ့ဒါကို ငါကိုယ်တိုင်မျက်မြင်မတွေ့ခဲ့ရဘူး ”
ရွှီချင်းက လီဇီဟွားကို စဉ်းစားမိသွားသည်။
ထိုပုဂ္ဂိုလ်က ဤသို့တူညီသောလမ်းစဉ်ကို လျှောက်လှမ်းခဲ့ဟန် ရ၏။ သို့သော်လည်း သူ့အရှေ့မှ မိုးသောက်သခင်လေးနှင့် နှိုင်းယှဉ်လျှင် သက်ရောက်မှုက မိုးနှင့်မြေကဲ့သို့ ကွာခြားလှ၏။
ထို့ပြင် ထိုကိစ္စထဲမှာ သူသေချာမသိသော အရာအများကြီး ပါဝင်နေသည်။
ရွှီချင်းက သူ၏ စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာဒီရေက ရောက်ရှိလာသည်။
ကောင်းကင်က ငွေရောင်ပြောင်းလဲသွားသည်။
ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ သက်ရှိအားလုံး၏ ကံကြမ္မာဖြစ်သည်။ ယခု ထိုကံကြမ္မာက အမှတ်လေးကြယ်တာရာစက်ဝန်း၏ မှတ်ဉာဏ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး ရှေးခေတ်မိခင်ဂြိုလ်၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။
ဟင်းလင်းပြင်က ငွေရောင်ပြောင်းလဲသွားပြီး ရှေးခေတ်မိခင်ဂြိုလ်အတွက် ကောင်းကင်အသစ်တစ်ခု ဖြစ်လာသည်။
နောက်ဆုံးမှာတော့ ကံကြမ္မာဒီရေက ကောင်းကင်ဘုံမှ ရွာသွန်းလာသည်။
ယင်းက နေနှင့်လ၏ ပြန်ရောက်လာမှုကို အတည်ပြုပေးရန်နှင့် မိုးသောက်သခင်လေးကို အစွမ်းတိုးမြှင့်ပေးရန် ရောက်ရှိလာခြင်း ဖြစ်သည်။
အဝေးမှ ကြည့်လျှင် ယင်းက အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ငွေရောင်မြစ်တစ်စင်းနှင့်ဆင်တူသည်။ မြစ်ထဲမှာ အလွန်သိပ်သည်းသော ကံကြမ္မာက ပရမ်းပတာ လှုပ်ခတ်နေစဉ် ယင်း၏ အစွမ်းက ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေသည်။
အကယ်၍ တစ်စုံတစ်ယောက်က သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ထိုမြစ်ထဲမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ သက်ရှိအားလုံး၏ ပုံရိပ်များ၊ မရေမတွက်နိုင်သော ကျင့်ကြံသူပုံရိပ်များ၊ စကြာဝဠာများနှင့် ကောင်းကင်ဘုံအလွန်များရှိနေကြောင်း မြင်နိုင်လိမ့်မည်။
သူတို့အားလုံးက မိုးသောက်သခင်လေးကို ခေါ်နေကြသည်။
ထိုအသံတိတ်ခေါ်ဆိုမှုက ဒြပ်ထည်ရှိသော အလင်းငါးများအဖြစ် ပြောင်းလဲသွားပြီး မြစ်ထဲမှာ ကူးခတ်သွားကြသည်။ အလင်းငါးများ၏ ကူးခတ်မှုမှ ကျန်ရစ်ခဲ့ကြသော ခြေရာလက်ရာများက အင်မော်တယ်ကျမ်းစာအပိုင်းအစများ ဖြစ်လာကြသည်။
ဤအခိုက်အတန့်မှာ အလင်းငါးများက မိုးသောက်သခင်လေးဆီသို့ ကူးခတ်သွားကြသည်။
ထို့နောက် ၎င်းတို့က သူ့ကို ဝန်းရံလိုက်ကြပြီး ငွေရောင်ဧရာမဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ဝဲကတော့က ဝုန်းခနဲ မြည်ဟိန်းသွားပြီး မြန်ဆန်စွာ ကျယ်ပြောသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက ရှေးခေတ်မိခင်ဂြိုလ်၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းနှစ်ခုစလုံးကို ဖုံးလွှမ်းသွားသည်။
ထိုနည်းဖြင့် ၎င်းက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားများ၏ မှတ်ဉာဏ်များထဲသို့ ဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် လောကကပြောင်းကပြန်ဖြစ်သော စိတ်ခံစားမှုက အမှတ်လေးကြယ်တာရာစက်ဝန်းတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားများ၏ ဝိညာဉ်က ပရမ်းပတာ လှုပ်ခတ်သွားကြပြီး နတ်ဘုရားရုပ်တုများက တုန်ယင်သွားကြသည်။ အက်ကွဲကြောင်းများက အဆုံးမဲ့ကြယ်တာရာကောင်းကင်၏ နေရာတိုင်းမှာ ထွက်ပေါ်လာကြသည်။
အနီရောင်ဝိညာဉ်စွမ်းအင်စီးကြောင်းများက နတ်ဘုရားသွေးသဖွယ် ထိုအက်ကွဲကြောင်းများထဲမှ စိမ့်ထွက်လာကြပြီး ကြယ်တာရာပင်လယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
ထိုအရာအားလုံး၏ ဇစ်မြစ်ဖြစ်သော မိုးသောက်သခင်လေးသည်တော့ သူက ရှေးခေတ်မိခင်ဂြိုလ်၏ ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူ့အား ဝန်းရံထားသော အမှတ်လေးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာဝဲကတော့က အမြန်လှည့်ပတ်နေစဉ် သူက နူးညံ့စွာ ပြောသည်။
“ နတ်ဘုရားအရင်းအမြစ်က ကောင်းကင်ဘုံကနေ မွေးဖွားလာတယ်… အင်မော်တယ်လမ်းစဉ်ကတော့ ကိုယ်ရဲ့ အတွင်းပိုင်းထဲက အမှန်တရားကို ရှာဖွေတယ်… ”
သူ၏ စကားသံ ပဲ့တင်ထပ်သွားသည့်အခါ သူ၏ ဘေးပတ်ပတ်လည်မှ ကံကြမ္မာဝဲကတော့အတွင်းရှိ မရေမတွက်နိုင်သော အင်မော်တယ်ကျမ်းစာစာလုံးများက စတင်ထွန်းလင်းတောက်ပလာကြသည်။ တစ်ဆက်တည်းမှာ ယင်းတို့က မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော နတ်ဘုရားအရင်းအမြစ်နှင့် ဒြပ်နှောကို သန့်စင်ပေးနေသည်။
ထိုသို့သန့်စင်နေသည့်အတောအတွင်း ကျယ်လောင်သော ကြွပ်ဆတ်သံက ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ရှေးဟောင်းကုချင်းမှ သံစဉ်ကြိုးများက ပြတ်တောက်သွားသည့်အလားပင်။
ထိုအသံများက လေထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ နတ်ဘုရားအရင်းအမြစ်ဖြင့် စွန်းထင်ခံလိုက်ရပြီး ဒြပ်ထည်ရှိသွားကြသည်။ နောက်အခိုက်အတန့်မှာ ယင်းတို့က လောင်ကျွမ်းနေသော နတ်ဘုရားမီးအိမ်များအဖြစ် အလိုအလျောက် အသွင်ပြောင်းလဲသွားကြသည်။
ထိုမီးအိမ်များက နတ်ဘုရားအရှင်သခင်မီမင်၏ နတ်ဘုရားအရင်းအမြစ်များ ဖြစ်ကြသည်။
မီးအိမ်အရေအတွက်က အလွန်များပြားလေရာ အကန့်အသတ်မဲ့သည်ဟု ဆိုနိုင်သည်။
ယင်းတို့က ဒြပ်ထည်ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း စတင်အက်ကွဲသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သန်းပေါင်းများစွာသော နတ်ဘုရားမီးအိမ်များက အက်ကွဲသွားကြပြီး ဖုန်မှုန့်ဖြစ်သွားကြသည်။
ထိုသို့အက်ကွဲသွားမှုက ကမ္မဖြတ်တောက်ခြင်းနှင့် ဆင်တူသည်။
ဤသည်မှာ ဆေဘာဓားတစ်လက်က အမှတ်လေးကြယ်တာရာစက်ဝန်းနှင့် မိုးသောက်သခင်လေးကြားမှ မမြင်နိုင်သော ဆက်သွယ်မှုကို ဖြတ်တောက်ပစ်နေသည့်အလားပင်။
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက မိုးသောက်သခင်လေး၏ ကျောရိုးထဲသို့ ထိုးဖောက်သွားသည်။
ကျောရိုးက နတ်ဘုရားအရှင်သခင်အဖြစ်သို့ သူတတ်လှမ်းသွားပြီးနောက် အမှတ်လေးကြယ်တာရာစက်ဝန်းက သူ့အား ချီးမြှောက်ပေးခဲ့သော နတ်ဘုရားသွေးကြော ဖြစ်သည်။
ယခု အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာအစွမ်းအောက်မှာ ထိုနတ်ဘုရားသွေးကြောက အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံနေရသည်။ တစ်ချိန်တည်းမှာ သွေးကြောနှင့် အမှတ်လေးကြယ်တာရာစက်ဝန်းကြားမှ ပဲ့တင်ပြန်မှုသည်လည်း ဖြတ်တောက်ခံနေရသည်။
ဤအခိုက်အတန့်မှာ မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအစီအရင်မျဉ်းကြောင်းများက အလွန်မြန်ဆန်စွာ မှေးမှိန်သွားကြသည်။
ဤလုပ်ငန်းစဉ်စတင်လာသည့် အခိုက်အတန့်မှာ ဝမ်းနည်းဖွယ်ကောင်းသော အော်ဟစ်ညည်းညူသံက အမှတ်လေးကြယ်တာရာစက်ဝန်း၏ ကြယ်တာရာကောင်းကင်အနက်ပိုင်းထဲမှ ပဲ့တင်ထပ်လာသည်။
ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားအားလုံး၏ စုပေါင်းစိတ်ဆန္ဒဖြစ်သလို ဤကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်မှ ၎င်း၏ ဒေါသထုတ်ဖော်မှုလည်း ဖြစ်သည်။
ရှင်းလင်းစွာပင် နတ်ဘုရားလမ်းစဉ်က ထိုသို့ခွင့်မပြုပေ။
ထို့ကြောင့် ထိုအော်သံထဲမှာ မရေမတွက်နိုင်သော နတ်ဘုရားအသံများ ပါဝင်နေဟန် ရသည်။
“ ခွင့်မပြုဘူး ”
“ ခွင့်မပြုဘူး ”
“ ခွင့်မပြုဘူး ”
ထိုနတ်ဘုရားအသံများက တစ်ပြိုင်နက် ဆင်းသက်လာပြီးနောက် နတ်ဘုရားများ၏ မှတ်ဉာဏ်များထဲသို့ စီးဆင်းသွားကာ ရှေးခေတ်မိခင်ဂြိုလ်ဆီသို့ ဦးတည်သွားကြသည်။ ထို့နောက် ယင်းတို့က အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာမြစ်ကို ဝင်ဆောင့်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာမြစ်က ဧရာမသဏ္ဍာန်မဲ့လက်တစ်ဖက်ဖြင့် ဖိချခံလိုက်ရသည့်အလား အနီရောင်တောက်ပသော ပယင်းကျောက်အဖြစ် သိပ်သည်းသွားသည်။
ရှေးခေတ်မိခင်ဂြိုလ်၏ အပြင်ဘက်ဟင်းလင်းပြင်ထဲမှ ထိုအပြောင်းအလဲက ကောင်းကင်တစ်လျှောက် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
တစ်စုံတစ်ယောက်က အပေါ်သို့ မော့ကြည့်လိုက်မည်ဆိုလျှင် ကောင်းကင်က ပယင်းကျောက်အဖြစ် ပြောင်းလဲသွားနေပြီး ကံကြမ္မာမြစ်တစ်လျှောက် မြန်ဆန်စွာ ပျံ့ပွားသွားကာ မိုးသောက်သခင်လေးကို ဝန်းရံလိုက်ကြောင်း မြင်ရလိမ့်မည်။
ယင်းက ကံကြမ္မာဝဲကတော့ကို အစိုင်အခဲအဖြစ် ပြောင်းလဲသွားစေသည်။ တစ်ချိန်တည်းမှာ ယင်းက မိခင်ဂြိုလ်မှ စိတ်ဝိညာဉ်ကိုလည်း နိုးထလာစေသည်။ သို့ဖြစ်၍ ရှေးခေတ်မိခင်ဂြိုလ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
မိခင်ဂြိုလ်၏ စိတ်ဝိညာဉ်က နိုးထလာသည်။
ကမ္ဘာမြေက ပရမ်းပတာ တုန်လှုပ်သွားသည့်အခါ မိုးသောက်သခင်လေး၏ လမ်းစဉ်ပြောင်းလဲမှုက ရုတ်တရက် နှောင့်ယှက်ခံလိုက်ရသည်။
မိုးသောက်သခင်လေး၏ မျက်နှာက ရှုံ့မဲ့သွားသည်။ အရောင်မှေးမှိန်နေသော သူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအစီအရင်မျဉ်းကြောင်းများက ယခု ပြန်လည်ထွန်းတောက်လာသည်။
ထို့ပြင် အစီအရင်မျဉ်းကြောင်းတစ်ခုစီမှာ အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်မှ မရေမတွက်နိုင်သော နတ်ဘုရားအတွေးများက ရှင်းလင်းစွာ ပုံရိပ်ပြန်နေကြသည်။
ထိုနတ်ဘုရားအတွေးများက ဤအခွင့်အရေးကို အသုံးချပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာကို အပြည့်အဝ ဖယ်ရှားချင်နေသည်။
သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာက မည်သို့ကြောင့် အနောက်ဆုတ်လိမ့်မည်နည်း။ သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ပယင်းကျောက်က အက်ကွဲသွားပြီး ကံကြမ္မာက ပြန်ရောက်လာသည်။
ယင်းက မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရားလမ်းစဉ်ကို ဝင်ဆောင့်လိုက်သည်။
မည်သည့်ဘက်ကမှ အလွယ်တကူ အညံ့မခံပေ။ သို့ဖြစ်၍ နတ်ဘုရားလမ်းစဉ်က အမှတ်လေးကြယ်တာရာစက်ဝန်း၏ ဥပဒေသများကို ဖွဲ့စည်းလိုက်ပြီး နတ်ဘုရားမင်းဆက်အသီးသီးဆီသို့ ဆင်းသက်သွားကြသည်။
နောက်အခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်းထဲမှ နတ်ဘုရားအရှင်သခင်အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာနတ်ဘုရားမင်းဆက်များထဲမှ ထွက်ပေါ်လာကြသည်။
မိုးသောက်သခင်လေး နတ်ဘုရားတစ်ပါးဖြစ်လာခဲ့စဉ်မှာ ၎င်းတို့က စောင့်ကြည့်နေရန်သာ ရွေးချယ်ခဲ့ကြသည်။
သို့သော်လည်း ယခုမှာတော့ နတ်ဘုရားလမ်းစဉ်ကို စွန့်လွှတ်ပြီး အင်မော်တယ်တစ်ပါးဖြစ်လာခြင်းသည် အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်အပေါ် ကြီးမားသော သက်ရောက်မှုကို ပေးသည်။ ထို့ကြောင့် ၎င်းတို့က ကြားဝင်စွက်ဖက်ရန် ထွက်ပေါ်လာကြသည်။
သို့သော်လည်း ထိုနတ်ဘုရားအရှင်သခင်များ ရှေးခေတ်မိခင်ဂြိုလ်ဆီသို့ ခြေချတော့မည့်အချိန် ဧရာမပုံရိပ်များက ၎င်းတို့၏ အရှေ့မှာ ထွက်ပေါ်လာကြပြီး ၎င်းတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
ထိုဧရာမပုံရိပ်များသည် နတ်ဘုရားအရှင်သခင်များနှင့် နှိုင်းယှဉ်နိုင်သော အင်မော်တယ်စွမ်းအားကို ထုတ်လွှတ်နေကြသည်။
သူတို့က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်အရှင်သခင်များ ဖြစ်ကြသည်။
တစ်ချိန်တည်းမှာ ကောက်ရိုးဖိနပ်စီးထားသော အဖိုးအိုသည်လည်း အမှတ်လေးကြယ်တာရာစက်ဝန်းမှ အထွတ်အမြတ်နတ်ဘုရားရုံးတော်၏ အပြင်ဘက်သို့ ရောက်လာသည်။ သူက အစမှယခုအချိန်ထိ တိတ်ဆိတ်နေသော နတ်ဘုရားရုံးတော်ကို စိုက်ကြည့်လိုက်သည်။
နတ်ဘုရားရုံးတော်သည်တော့ ဆက်လက် တိတ်ဆိတ်နေဆဲပင်။
…..
ရှေးခေတ်မိခင်ဂြိုလ်ပေါ်တွင်…
မိုးသောက်သခင်လေးက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ငွေရောင်နှင့် ရွှေရောင် ရောယှက်နေသည်။
“ မင်းက ငါ့ကို ထွက်သွားခွင့်မပေးဘူးလား ”
သူက ညာလက်ကို မြှောက်လိုက်ပြီး သူ့အောက်မှ ရှေးခေတ်မိခင်ဂြိုလ်ပေါ်သို့ ဖိချလိုက်သည်။
ထိုဖိချမှုအောက်မှာ ရှေးခေတ်မိခင်ဂြိုလ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး ကောင်းကင်နှင့်မြေပြင်က ကြီးကြီးမားမား ပြောင်းလဲသွားသည်။
ပုံရိပ်ယောင်မြစ်တစ်စင်းက ရှေးခေတ်မိခင်ဂြိုလ်၏ အတွင်းပိုင်းထဲမှာ ထွက်ပေါ်လာသည်။
ထိုမြစ်ထဲမှာ အစစ်အမှန်နာမည်များက စီးဆင်းနေကြသည်။
မရေမတွက်နိုင်သော အစစ်အမှန်နာမည်များကြားတွင် တခြားနာမည်များထက် ပိုပြီးထွန်းလင်းတောက်ပသော နာမည်တစ်ခု ရှိသည်။ ယင်းက မြစ်ထဲမှာ အလွန်ထင်ရှားစွာ ထွက်ပေါ်နေသည်။
ယင်းက မိုးသောက်သခင်လေး ချန်ထားခဲ့သော အစစ်အမှန်နာမည်ဖြစ်သည်။
မီမင်…
မီ(ရှာဖွေခြင်း)
မင်(နေနှင့်လ)
အတိတ်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်သည် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ နေနှင့်လကို ခူးဆွတ်၍ သူ့သား၏ နာမည်ထဲမှာ ထည့်သွင်းပေးခဲ့သည်။ မကြာသေးခင်အချိန်မှာ မိုးသောက်သခင်လေးက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နေနှင့်လကို သူ့နေရာမှာသူ ပြန်ထားခဲ့သည်။ သို့ဖြစ်၍ သူ၏ အစစ်အမှန်နာမည်က အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားမြစ်ထဲတွင်…
သံချောင်းတစ်ချောင်းသဖွယ် ထုရိုက်ခံလိုက်ရသည်။
ယခု သူက ရှေးခေတ်မိခင်ဂြိုလ်ပေါ်သို့ လက်ဖိချလိုက်သည့်အခါ ထိုသံချောင်းက အပေါ်သို့ စတင်မြှောက်တတ်လာသည်။
နေနှင့်လက ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာအတွက် တံခါးပေါက်တစ်ချပ် ဖွင့်လှစ်ပေးလိုက်သည့်အလားပင်။ ယင်းက အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်ဆီသို့ ခေါ်ဆောင်ပေးသွားမည့် တံခါးပေါက်ဖြစ်သည်။
သို့ဖြစ်၍ ဝုန်းခနဲ မြည်သံက ကျယ်ကျယ်လောင်လောင် ဟိန်းထွက်သွားသည့်အခါ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာသည် သူ၏ အစစ်အမှန်နာမည်မှ ဖွင့်လှစ်ထားသော တံခါးပေါက်ထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။
နောက်အခိုက်အတန့်မှာ ကံကြမ္မာက အဆုံးမဲ့သော အင်မော်တယ်မိုးကြိုးသွားများအဖြစ် အသွင်ပြောင်းလဲသွားပြီး နတ်ဘုရားများ၏ အစစ်အမှန်နာမည်မြစ်ကို ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်လိုက်ကြသည်။
မိုးကြိုးသွားတစ်စင်းစီမှာ ကံကြမ္မာစွမ်းအားနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ သူရဲကောင်းဝိညာဉ်များ ပါဝင်ကြသည်။
အတိတ်မှာ ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်ထဲ၌ ရွှီချင်းသွားရောက်ခဲ့ဖူးသော အင်မော်တယ်သူရဲကောင်းသုသာန်ထဲမှ ကမ္ဗည်းကျောက်တိုင်များထဲမှာ ကံကြမ္မာက တံဆိပ်ရိုက်ခတ်ထားသော ကြွေလွင့်အင်မော်တယ်များ၏ အကြွင်းအကျန်အမှတ်အသားများ ရှိကြသည်။ ဤအခိုက်အတန့်မှာ သူတို့က ကံကြမ္မာ၏ လမ်းညွှန်မှုအောက်မှာ မိုးကြိုးသွားများနှင့်အတူ ရောက်ရှိလာကြသည်။
သူတို့က အစစ်အမှန်နာမည်များဆီသို့ ဦးတည်သွားကြသည်။
ယင်းက နေနှင့်လ၏ စစ်မှန်သော ပြန်ရောက်လာမှု ဖြစ်သည်။
အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရားလမ်းစဉ်က ပရမ်းပတာ တုန်လှုပ်သွားပြီး ကောင်းကင်ဘုံပြိုကွဲသွားစေမည့် အပြောင်းအလဲကို လှုံ့ဆော်လိုက်သည်။
ထိုစဉ် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကံကြမ္မာက တအိအိလှုပ်ခတ်သွားသည်။
အစိုင်အခဲဖြစ်နေသော ပယင်းကျောက်က အက်ကွဲသွားသည့်အခါ မိုးသောက်သခင်လေး၏ ဘေးပတ်ပတ်လည်မှ ကံကြမ္မာဝဲကတော့က တဖန် ပြန်လှည့်ပတ်သွားသည်။
နတ်ဘုရားမှ အင်မော်တယ်အဖြစ်သို့ ပြောင်းလဲခြင်းက ဆက်လက် ဖြစ်ပွားနေသည်။
သူ၏ ဘေးပတ်ဝန်းကျင်မှ နတ်ဘုရားမီးအိမ်သန်းပေါင်းများစွာက စက္ကန့်နှင့်အမျှ ငြိမ်းသတ်သွားနေကြသည်။
နတ်ဘုရားအရင်းအမြစ်အမျှင်တန်းများက မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ထဲမှ မြန်ဆန်စွာ ခွဲထွက်သွားကြသည်။ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အနက်ရောင်သလင်းကျောက်အပိုင်းအစများသည်ပင် စတင်ဝေဝါးသွားကြသည်။
နတ်ဘုရားအရှိန်အဝါက အားနည်းသွားနေစဉ် အင်မော်တယ်အရှင်သခင်၏ အရှိန်အဝါက သူ့ထံမှ စတင်ပေါ်လျှိုးလာသည်။
ထို့ပြင် အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာက သူ၏ ကျောရိုးထဲသို့ ဆက်လက် စိမ့်ဝင်သွားနေစဉ် ကြီးမားသော အပြောင်းအလဲတစ်ခုက မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။
သူ၏ နတ်ဘုရားအရိုးများက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။
အက်ကွဲသွားသော နတ်ဘုရားအရိုးများ၏ နေရာတွင် ကျောက်စိမ်းသဖွယ် ဖြူဖွေးပြီး သလင်းကျောက်သဖွယ် ကြည်လင်တောက်ပသော အရိုးအသစ်များက အစားထိုးထွက်ပေါ်လာကြသည်။
ထိုအရိုးအသစ်များ၏ မျက်နှာပြင်ကို နက်နဲရှုပ်ထွေးသော အင်မော်တယ်အစီအရင်များဖြင့် ဖုံးလွှမ်းထားသည်။ အနီးကပ် သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ထိုအစီအရင်များက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အသေးစား ကြယ်မြေပုံများဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ ယင်းတို့က အလွန်အံ့ဖွယ်ကောင်းပြီး အကန့်အသတ်မဲ့ အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။
ယင်းတို့က ကြယ်တာရာစက်ဝန်းတစ်ခု၏ အရိုးများ ဖြစ်ကြသည်။
ဘုရင်အဆင့်အတန်းရှိသူများသာလျှင် ကြယ်တာရာစက်ဝန်းအရိုးများကို ပိုင်ဆိုင်နိုင်ကြသည်။
အင်မော်တယ်ဘုရင် သို့မဟုတ် နတ်ဘုရင်သာလျှင် သူတို့နေထိုင်သော ကြယ်တာရာစက်ဝန်း၏ ကြယ်မြေပုံကို သူတို့အဆင့်တတ်လှမ်းသွားသည့်အခိုက် သူတို့၏ အရိုးများပေါ်မှာ တံဆိပ်ရိုက်ခတ်နိုင်ကြသည်။
သို့သော်လည်း ယခု ကြယ်မြေပုံက မိုးသောက်သခင်လေး၏ ခန္ဓာကိုယ်အတွင်းမှာ ဖွဲ့စည်းသွားနေသည်။
သို့သော်လည်း သူ၏ နည်းလမ်းက ထိုဘုရင်များနှင့် ကွာခြားသည်။ သူက အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ကံကြမ္မာကို မီးတောက်အဖြစ်သော်လည်းကောင်း၊ အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရားလမ်းစဉ်ကို လောင်စာအဖြစ်သော်လည်းကောင်း အသုံးပြုပြီး ထိုနှစ်ခုကို သူ၏ အထွတ်အမြတ်နတ်ဘုရားမီးပွားဖြင့် ပေါင်းစပ်စေသည်။ ထိုနည်းဖြင့် သူက ကြယ်တာရာစက်ဝန်းနှစ်ခု၏ အထွတ်အမြတ်စွမ်းအားအောက်မှာ ကြယ်မြေပုံကို တံဆိပ်ရိုက်ခတ်နိုင်သွားသည်။
အနှစ်ချုပ်ဆိုရသော် သူက ကြယ်တာရာစက်ဝန်းနှစ်ခုမှ စွမ်းအားကို ဆွဲထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ စုစည်းလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် သူက စွမ်းအင်ဆွဲထုတ်ခြင်းအပိုင်းကို အမှတ်လေးကြယ်တာရာစက်ဝန်းဆီမှာ အထူးအာရုံစိုက်ထားသည်။
ထို့ကြောင့် ကျယ်လောင်သော အော်ဟစ်ညည်းညူသံက အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်ထံမှ ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်ထဲမှာ နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားသည်။
ဤအခိုက်အတန့်မှာ အမှတ်လေးကြယ်တာရာစက်ဝန်း၏ နတ်ဘုရားလမ်းစဉ်က ကြီးမားသော မဟာကပ်ဘေးဖြင့် တွေ့ကြုံသွားသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းထံမှ ကံကြမ္မာက ၎င်း၏ အတွင်းပိုင်းထဲမှ အနှစ်သာရကို ယိုယွင်းတိုက်စားနေသည်။
ထို့ပြင် မိုးသောက်သခင်လေးက ဧရာမဆေဘာဓားသဖွယ် ၎င်း၏ နိယာမများနှင့် စည်းမျဉ်းဥပဒေသများကို ဖြတ်တောက်ပစ်နေသည်။
ထို့ကြောင့် ၎င်းက အပြင်းအထန် ရုန်းကန်လိုက်သည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ရှေးခေတ်မိခင်ဂြိုလ်၏ အပြင်ဘက်တွင် အချိန်အရှိန်အဝါဖြင့် အလွန်သိပ်သည်းစွာ ပြည့်နှက်နေသော ဧရာမကြယ်ဂိတ်တံခါးတစ်ခုက ရုတ်တရက် ပွင့်သွားသည်။
ဖော်မပြနိုင်အောင် လွန်စွာနက်ရှိုင်းသော အရှိန်အဝါက ကြယ်ဂိတ်တံခါးထဲမှ တိုးထွက်လာသည်။
ထိုအရှိန်အဝါက နတ်ဘုရားများနှင့် ဆင်တူသည်။ သို့သော်လည်း အတိအကျမမှန်ပေ။
ယင်းက နတ်ဘုရားများထက်ပင် ပိုပြီးရှေးကျဟန် ရ၏။
ထိုကြယ်ဂိတ်တံခါး၏ အနောက်တွင် မီးခိုးရောင်မြူခိုးဖြင့် ဖုံးလွှမ်းခံထားရသော ရှေးဟောင်းရုပ်တုများ ရှိကြသည်။
၎င်းတို့၏ အရှိန်အဝါက အလွန်အမင်း ရှေးကျသည်။ ဤသည်မှာ ၎င်းတို့က လက်ရှိခေတ်မှ မဟုတ်ကြသည့်အလားပင်။
သို့မဟုတ်…
၎င်းတို့၏ ခေတ်က ရှေးခေတ်မိခင်ဂြိုလ်ထဲမှာ ပထမဆုံးမွေးဖွားလာခဲ့သော နတ်ဘုရားထက်ပင် အများကြီး ပိုရှေးကျဟန် ရသည်။
တစ်ချိန်တည်းမှာ အကယ်၍ တစ်စုံတစ်ယောက်က ကြယ်ဂိတ်တံခါး၏ အနက်ပိုင်းထဲသို့ လှမ်းကြည့်နိုင်မည်ဆိုလျှင် မီးခိုးရောင်မြူခိုးအတွင်းမှာ ရှေးခေတ်ကာလကတည်းက မျိုးတုန်းပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းကြယ်ဂြိုလ်များ တည်ရှိနေကြကြောင်း မြင်နိုင်လိမ့်မည်။
သို့သော်လည်း ထိုထက် ပိုပြီးနက်ရှိုင်းသော အနက်ပိုင်းထဲကိုတော့ မမြင်နိုင်ပေ။
သင်္ကေတများသာလျှင် ကြယ်ဂိတ်တံခါး၏ အနက်ပိုင်းထဲမှ ပျံ့နှံ့ထွက်လာနေကြောင်း မြင်ရလိမ့်မည်။
ထိုသင်္ကေတများက မီးခိုးရောင်တောက်ပပြီး ပြိုင်စံရှားသော လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်လွှတ်နေကြသည်။
ယင်းတို့က ယခင် သူတို့မြင်တွေ့ခဲ့ဖူးသော နတ်ဘုရားမှော်သင်္ကေတများမဟုတ်သလို အင်မော်တယ်မှော်သင်္ကေတများလည်း မဟုတ်ကြချေ။
ထိုသင်္ကေတများက ယိုယွင်းပျက်စီးနေသော သံကြိုးတစ်ချောင်းအဖြစ် အတူတကွ ချိတ်ဆက်သွားကြသည်။ ထို့နောက် သံကြိုးက ရှေးခေတ်မိခင်ဂြိုလ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သံကြိုးဖြတ်သန်းသွားသည့်နေရာတိုင်း ကြယ်တာရာကောင်းကင်သည်ပင် ယင်း၏ ဖိအားကို မတောင့်ခံနိုင်လေရာ အမြန်ပြိုကွဲပျက်စီးသွားသည်။
ရှေးခတ်မိခင်ဂြိုလ်တည်ရှိသော မှတ်ဉာဏ်လောက၏ ဟင်းလင်းပြင်သည်ပင် ယင်းကို မတောင့်ခံနိုင်ပေ။
ဟင်းလင်းပြင်က စတင်အက်ကွဲသွားသည်။
ထိုအခိုက်အတန့်မှာ မိုးသောက်သခင်လေး၏ နတ်ဘုရားအဖြစ် တတ်လှမ်းခြင်း၊ နတ်ဘုရားအရှင်သခင်အဖြစ် အဆင့်တတ်ခြင်းနှင့် အင်မော်တယ်တစ်ပါးအဖြစ်သို့ သူကူးပြောင်းသွားနေသည့်အချိန်မှာပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော အမှတ်လေးကြယ်တာရာစက်ဝန်း၏ အထွတ်အမြတ်နတ်ဘုရားရုံးတော်က နောက်ဆုံးမှာ လှုပ်ရှားလာသည်။
အလွန်တရာ ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ နတ်ဘုရားရုံးတော်က အဆုံးမဲ့သော နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်သည်။
ထိုအလင်းထဲမှာ နတ်ဘုရင်နန်းခက အရှေ့သို့ ထွက်လျှောက်လာသည်။
“ နတ်ဘုရားသန္ဓေချက်ကြိုး… အကန့်အသတ်မဲ့ အဆုံးသတ်… နောက်ဆုံးတော့ ပွင့်သွားပြီ ”