အပိုင်း (၆၁၆)
Vol. 42 Ch. 616
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်”
ထျန်းမင်တောင်၏ သခင်သည် ဤစကားစုကို ရေရွတ်လိုက်မိ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ မရှိတော့သလိုပင် ခံစားနေမိ၏။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်စွမ်းရှိသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ့ကို ပစ်မှတ်ထားလာခဲ့ပြီဖြစ်၏။
ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တကယ့်ကို အားကောင်းသည့် လူတစ်ယောက် ဖြစ်၏။ သူ့အနေနှင့် တစ်ဖက်လူအပေါ်တွင် အမုန်းတရားများ ဖြစ်တည်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အာရုံခံမိပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ ဒုက္ခရောက်ပေလိမ့်မည်။
သူသည် နက်နဲလျှို့ဝှက်လောက၊ အစစ်အမှန် သိုင်းလောကတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည် ဆိုသော်ငြား လည်း ဤကဲ့သို့တိုက်ခိုက်ပြီး အရင်းအမြစ်များကို စုစည်းခဲ့ရသည့် အစစ်အမှန် ရည်ရွှယ်ချက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းတစ်ခုကို ရရှိရန်ပင် ဖြစ်၏။ သူ့၌ အငြှိုးအတေးများ တည်ရှိနေသည်ကို သိရှိပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သတင်းအချက်အလက်များ ပေးအပ်လိမ့်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် အကြီးအကျယ် ဒုက္ခရောက်ပေးလိမ့်မည်။ လျှိုချင်းယု၏ ကလန်ဖြစ်သော နတ်ဘုရား လောကဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများ ရောက်ရှိလာသည်ဆိုပါက အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းလောက်ဖြင့် များပြားသည့် စွမ်းအားမြင့်ကျင့်ကြံသူများကို ယှဉ်ပြိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ နည်းလမ်းတွေက တကယ့်ကို ချီးကျူးစရာပဲ။ ထျန်းမင်တောင်ကို ငါ နှစ်ပေါင်းများစွာ စီမံခန့်ခွဲတယ်ဆိုပေမဲ့ အင်မော်တယ်ဘုရင်တစ်ယောက်ထက် ပိုပြီး အဆင့်မတက်နိုင်ခဲ့ဘူး” ထျန်းမင်တောင်သခင်သည် ချီးကျူးမှုအပြည့်နှင့် ပြောဆိုလိုက်၏။ သို့ပေမဲ့ သူ၏ လေသံသည် အေးစက်လျက် ရှိနေ၏။
သူသည် တိုင်ချူးကို ကြည့်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်သိချင်တာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်က ခင်ဗျားကို ကယ်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ဝင်ပြီးလှုပ်ရှားမှာလား” သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ရောရုဝပြည်တုန်းကကဲ့သို့ တိုင်ချူးကို ကူညီမလား၊ မကူညီ မလား ဆိုသည်ကို စမ်းသပ်ချင်မိသည်။
ထိုစမ်းသပ်မှု၏ အရိုးရှင်းဆုံး နည်းလမ်းသည် တိုင်ချူးကိုသတ်ဖြတ်ခြင်းသာလျှင်ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ ဝင်ရောက်လှုပ်ရှားပြီး တိုင်ချူးကို ကယ်တင်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် တိုင်ချူးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စစ်တုရင်ရုပ် တစ်ခုဖြစ်၏။ ငရဲလောကနှင့် တိုက်ခိုက်ရန် သတ်မှတ်ထားသည့် လူတစ်ယောက်ပင်။
သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထူးမခြားနားသလို တည်တည်ငြိမ်ငြိမ် နေထိုင်သည် ဆိုပါက တိုင်ချူးသည် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်ရန် အခွင့်အရေးကို ဝယ်ယူခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ဘာမှ သက်ဆိုင်ခြင်း မရှိသည့် ဖောက်သည် တစ်ယောက်သာလျှင်ဖြစ်မည်။
ထို့ကဲ့သို့သော လူမျိုးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ထွက်ခွာလိုက်သည် ဆိုသည်နှင့် အဆက်အသွယ် ရှိတော့မည် မဟုတ်ချေ။
“မောက်မာလိုက်တာ” တိုင်ချူးက အေးစက်စက် ရေရွတ်လိုက်၏။ သူသည် လက်ချောင်းများသည် ဓားတစ်စင်းအဖြစ် အသွင်ပြောင်းလဲလိုက်၏။ ဓားအလင်းတန်းများသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး၌ နက်နဲလှသည့် နိယာမများ ဖြစ်တည်လာခဲ့၏။ ထိုနိယာမများသည် ထျန်းမင်တောင်သခင်ဆီသို့ ဦးတည် သွား၏။
သူသည် ယခုမှ အင်မော်တယ်ဘုရင် ဖြစ်လာကြောင်းကို တိုင်ချူးက ကောင်းကောင်းသိ၏။ ထို့ကြောင့် တစ်ဖက်လူနှင့် ကြာရှည်စွာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် ရန်သူကို အချိန် နှောင့်နှေးအောင် ပြုလုပ်ပြီး ကျိုးကလန်မှလူများ ထွက်ခွာသွားနိုင်ရန် ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။
“အင်း.. ဒီလို တိုက်ခိုက်တယ်ဆိုတော့ ခင်ဗျားဆီမှာ ယုံကြည်မှုတွေ လိုအပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ” ထျန်းမင်တောင်၏ သခင်က ပြောဆိုလိုက်၏။ သူသည် ဒေါသမထွက်သလို၊ အံ့အားလည်း မသင့်ခဲ့ချေ။ ထိုအစား သဘောပင်ကျလို့နေ၏။
တိုင်ချူးကို ကြည့်ရှုရသည်မှာ အားကောင်းသည့် နောက်ခံတစ်ခုခု လိုအပ်လျက် ရှိနေ၏။ ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် အင်အားစု တစ်ခုခုကသာ နောက်ခံအဖြစ် တည်ရှိနေသည်ဆိုပါက တိုင်ချူးသည် ကျိန်းသေပေါက် သူ့အား ဤကဲ့သို့ အလျင်စလို တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ လက်ရှိ ကြည့်ရှုရသည်မှာ တိုင်ချူးသည် စိုးရိမ်ပူပန်မှုပေါင်းများစွာ ရှိနေသည့်ပုံပင်။
“ကြည့်ရတာ ခင်ဗျားက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ မျက်လုံးထဲမှာ ဘာမှ သိပ်ပြီး မဟုတ်ဘူးနဲ့ တူတယ်” ထျန်းမင်တောင်သခင်က နှာခေါင်းရှုံ့လိုက်၏။
ကောင်းကင်ယံတစ်ခုလုံးကို ဖုံးကာထားနိုင်စွမ်းရှိသည့် လက်ကြီးတစ်ဖက်က ဖြစ်တည်လာခဲ့၏။ ထိုအရာကြီးသည် ကောင်းကင်ယံဆီမှ ကျဆင်းလာပြီး တိုင်ချူးကို ဖိချေရန် ကြိုးစားသည်။
“ချိုးဖြတ်စမ်း” တိုင်ချူးက အော်ဟစ်လိုက်၏။ အနီရောင် ဓားအလင်းတန်းတစ်ခု ဖြစ်တည်လာပြီး ကြီးမားသည့် လက်ကြီးကို ထက်ပိုင်း ပိုင်းဖြတ်လိုက်၏။ ဓားအော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး သွေးကဲ့သို့ပင် နီရဲသည့် အရောင်အဆင်းကို ထုတ်ဖော်နေ၏။
ဘုန်း
နက်နဲလျှို့ဝှက်လောက၏ အဆုံးနေရာ တစ်ခုလုံးသည် ပျက်စီးသွားခဲ့၏။ ပတ်ဝန်းကျင်တွင် စွမ်းအင်လှိုင်းများ နှင့် ရှုပ်ယှက်ခတ်လျက်ရှိနေပြီး လူပေါင်းများစွာတို့အား အံ့အားသင့်စေခဲ့၏။ ကြီးမားသည့် ကြယ်များပင်လျှင် အောက်သို့ ပြုတ်ကျလာခဲ့၏။ အဝေးမှ ကြည့်ရှုရမည်ဆိုလျှင် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ပေါက်ကွဲမှုများ နှင့် ပြည့်နှက်နေသည်ကိုသာ မြင်ရပေမည်။
နက်နဲလျှို့ဝှက်လောက တစ်ခုလုံးသည် ထိန်းချုပ်၍မရနိုင်သလို တုန်ယင်လျက် ရှိနေ၏။ မကြာခင်တွင် ကွဲထွက်သွားတော့မည့် သကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာကောင်းပြီး ကြမ်းတမ်းလွန်းသည့် ရှေးတိုက်ပွဲကြီး ကိုပင် ပြန်လည်ကာ သတိရစေခဲ့၏။
လောကကြီးတစ်ခုလုံး ပိုင်းဖြတ်ပြီး အစိတ်အပိုင်း သုံးခုအဖြစ် ပိုင်းဖြတ်သွားစေခဲ့သည့် ရှေးတိုက်ပွဲကြီးသည် အားလုံးတို့၏ မျက်လုံးထဲ၌ ပြန်လည်ကာ မြင်ယောင်လာမိစေ၏။ ယခုဖြစ်တည်နေသည့် တိုက်ပွဲသည် ဤမျှလောက် ကြမ်းတမ်းခြင်း မရှိဘူးဆိုလျှင်တောင်မှ အဲလောက်နီးနီးပင်။
“ဒီထဲကတစ်ယောက်က ထျန်းမင်တောင်သခင်ပဲ။ ဒါဆိုရင် တခြားတစ်ယောက်က ဘယ်သူလဲ”
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လား”
ထွက်ပြေးလျက် ရှိနေသည့် ကလန်ထဲမှ အဖွဲ့ဝင်များသည် တိုက်ပွဲကို လှမ်းကာ ကြည့်ရှုရင်း တီးတိုးပြောဆိုလိုက်သည်။
သူတို့သိသလောက် လက်ရှိလောကကြီးများတွင် ထျန်းမင်တောင်သခင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် တခြားသော အင်မော်တယ်ဘုရင်ဟူ၍ မရှိချေ။ လက်ရှိအခြေအနေတွင် ထျန်းမင်တောင်သခင်နှင့် တိုက်ခိုက်နိုင်သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဟုသာ သူတို့ ထင်မှတ်ထား၏။
“ဒါ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မဟုတ်ဘူး”
တစ်စုံတစ်ယောက်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒီအင်မော်တယ်ဘုရင်က အခုမှ အဆင့်ချိုးဖြတ်ထားတာ။ အစစ်အမှန် သိုင်းလောက ဒါမှမဟုတ် တခြားသော သိုင်းလောက တစ်ခုခုကပဲ ဖြစ်ရမယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုရင် တောင်သခင် အစောကြီးကတည်းက ရှုံးနေလောက်ပြီ။ တစ်စုံတစ်ယောက်က ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီက အခွင့်အရေးကို ဝယ်ယူပြီးတော့ အင်မော်တယ်ဘုရင် ဖြစ်သွားတာပဲနေမယ်”
စောဏက ပြောဆိုလိုက်သည့် အကြီးအကဲသည် သေသေချာချာ စဉ်းစားကာ ပြောလိုက်၏။ “ရှောင်ကလန်က အင်မော်တယ်ဘုရင် ဖြစ်လာနိုင်မယ့် အခွင့်အရေးကို ဝယ်ယူခဲ့ပြီးတော့ အင်မော်တယ်ဘုရင် ဖြစ်လုနီးပါး ဖြစ်ခဲ့တယ်တဲ့။ အဲအခွင့်အရေးကိုလည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ဝယ်ခဲ့တာ”
ရှောင်ကလန်၏ ပဉ္စမအကြီးအကဲသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ ဤတိုက်ပွဲအား လူပေါင်းများစွာတို့ မျက်မြင် တွေ့ခဲ့ရသည်။ ထျန်းမင်တောင်သခင်သည်သာ ရုတ်တရက် ဝင်ရောက်ကာ ပြုမူဆောင်ရွက်ခြင်း မရှိပါက နက်နဲလျှို့ဝှက်လောကကြီးသည် နောက်ထပ် အင်မော်တယ်ဘုရင်တစ်ယောက်ကို ပိုင်ဆိုင်မှာ ဖြစ်၏။ နက်နဲလျှို့ဝှက်လောကထဲတွင် အင်မော်တယ်ဘုရင် တစ်ယောက်ယောက်သာ ထိုင်နေသည်ဆိုပါက ကျိန်းသေပေါက် ကပ်ဘေးသင့်မည် မဟုတ်ချေ။
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကံဆိုးတာက ကျုပ်တို့ကလန်မှာ အဲလို နောက်ခံမျိုး မရှိဘူးလေ။ မဟုတ်ရင် ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ သတင်းအချက်အလက်တွေ ဝယ်ယူတာပေါ့။”
“တကယ်လို့ ကျုပ်တို့ တခြား ဂိုဏ်းဂဏ အသီးသီးနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်ရော .....” အကြီးအကဲတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ သူသည် စကားကို ဆုံးအောင် ပြောစရာမလိုချေ။ အဓိပ္ပာယ်သည် ရှင်းလင်းနေပြီဖြစ်သည်။
ကလန်ထဲတွင်ရှိနေသည့် အကြီးအကဲပေါင်း များစွာတို့သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ အတွေးနက်သွားမိ၏။ သူတို့သည် အရင်းအမြစ်ပေါင်းများစွာကို ထုတ်ဖော်နိုင်စွမ်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့၏ အရင်းအမြစ်များ အားလုံးကို ထျန်းမင်တောင်သခင်က ယူသွားသောကြောင့်ပင်။ သူတို့အနေနှင့် အရင်းအမြစ် အနည်းငယ်သာ ကျန်ရှိတော့၏။
လုံလောက်သည့် အရင်းအမြစ်များကို ပိုင်ဆိုင်မည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားနိုင်မှာဖြစ်၏။ ထိုသို့ဆိုလျှင် နက်နဲလျှို့ဝှက် လောကကြီး၌ အင်မော်တယ်ဘုရင်တစ်ယောက်ကို ဖန်တီးနိုင်ပေလိမ့်မည်။ သို့ပေမဲ့ လူပေါင်းများစွာတို့ စုစည်းကာ ငွေအရင်းအမြစ်များနှင့် ဝယ်ယူရန်တော့ လိုအပ်လျက် ရှိနေသည်။
“ကျုပ် အစစ်အမှန် သိုင်းလောကနဲ့ နက်နဲအလင်းလောကကို ဆက်သွယ်လိုက်မယ်။ သူတို့က ထျန်းမင်တောင်သခင်ရဲ့ အန္တရာယ်ပေးမှုအောက်ကို ရောက်နေတာပဲ။ သူတို့ ကျုပ်တို့ရဲ့ အဆိုပြုချက်ကို ငြင်းမှာ မဟုတ်ပါဘူး” ကလန်ခေါင်းဆောင်တစ်ယောက်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ နက်နဲလျှို့ဝှက်လောက က ထွက်ခွာသွားဖို့က အရေးအကြီးဆုံး ဖြစ်နေတယ်။ ကျုပ်တို့ ကောင်းကင်မူလ လောကကြီးကို အမြန်သွားမှဖြစ်မယ်”
ကလန်ခေါင်းဆောင်သည် အဝေးတစ်နေရာရှိ တိုက်ပွဲကြီးကို ကြည့်ရှုကာဖြင့် စိတ်သက်သာရာ ရသလို ပြောလိုက်သည်။ “လက်ရှိ အခြေအနေမှာ ထျန်းမင်တောင်သခင်က အနောက်ဘက်ကို ဆုတ်နေရပြီ။ ဒါ ရှားရှားပါးပါး ကျုပ်တို့အတွက် အခွင့်အရေးပဲ”
ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးသည် ကောင်းကင်ယံ၌ ဆက်လက်ကာ ဖြစ်တည်နေ၏။ တိုင်ချူးနှင့် ထျန်းမင်တောင်သခင် တို့သည် လေဟာနယ်၏ အတွင်းဘက် ပတ်လမ်းကြောင်းဆီသို့ သွားရောက်ကာ တိုက်ခိုက်လျက်ရှိနေ၏။ မိုင်သုံးသောင်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် သွေးများ ပြန့်ကျဲလျက် ရှိနေ၏။ များပြားသော လောကငယ် အသီးသီးတို့သည် ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့၏။
လအနည်းငယ် ကြာပြီးသည့်နောက် ဒဏ်ရာများ ပွစာကျဲလျက် ရှိနေသည့် တိုင်ချူးသည် အဆုံးစွန်အထိ မောပန်းလျက် ရှိနေ၏။ သူသည် မကြာသေးခင်ကမှ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းလာသည့် လူသော်လည်း မျက်စိတမှိတ်အတွင်း၌ ထျန်းမင်တောင်သခင်နှင့် ကြမ်းတမ်းသည့် တိုက်ပွဲကို တိုက်ခိုက်ခဲ့ရ၏။ ဤကဲ့သို့ ဆက်လက်ကာ တိုက်ခိုက်နေမည်ဆိုပါက ကျိန်းသေပေါက် အရင်ဦးဆုံး သေဆုံးရမည့်လူသည် သူပင် ဖြစ်ပေလိမ့်မည်။
တခြားတစ်ဖက်တွင်တော့ ထျန်းမင်တောင်သခင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် တည်ရှိနေပြီး တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးကို မခံစားရသည့်ပုံပင်။