← Chapters

အပိုင်း (၆၁၈)

Vol. 42 Ch. 618

အပိုင်း (၆၁၈)

Vol. 42 Ch. 618

မူလအားဖြင့် သူသည် အရာအားလုံး အစီအစဉ်တကျ စီစဉ်ထားပြီး ဖြစ်သည်။ သူသည် သူ၏ လမ်းစဉ်ကို သူ ဖောက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ ငရဲလောက၏ အမွေအနှစ်များကို ဆက်ခံရယူပြီးနောက် ထျန်းမင်တောင်သခင်နှင့် တွေ့ဆုံရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ဤအရာသည် သူ၏ အစီအစဉ်အားလုံးကို အနည်းငယ် သွေဖယ်သွားစေခဲ့၏။

လက်ရှိအချိန်တွင် ထျန်းမင်တောင်သခင်နှင့် မဟာမိတ် ဖွဲ့စည်းခဲ့ပြီးပြီ ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည် မရရှိပါက နတ်ဘုရားလောကမှ လျှိုကလန် အဖွဲ့ဝင်များ ရောက်ရှိလာမည်ဆိုလျှင် သေရန် တစ်ခုသာ ထို့ကြောင့် သူသည် ယခင်ဘဝက ရှိခဲ့သည့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အလုံးစုံ မြန်မြန်ဆန်ဆန် ပြန်လည် ရရှိအောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။

သူ၏ ကိုယ်ပိုင် ချမှတ်ထားခဲ့သည် စည်းသင်္ကေတများကို ဖျက်ဆီးခဲ့ပြီးနောက် သူသည် ယခင် ကိုးဘဝ ဖြစ်စဉ်များကို တစ်ခုတည်းအဖြစ်သို့ စုစည်းခဲ့ပြီးပြီဖြစ်၏။ ငရဲလောက၏ အမွေ အနှစ်များကိုလည်း ဆက်ခံရယူခဲ့ပြီ ဖြစ်သောကြောင့် ကွာစီအင်မော်တယ်အင်ပါယာကို မဆိုနှင့် အင်မော်တယ် အင်ပါယာအဖြစ် ဖြစ်လာရန် စဉ်းစားနိုင်၏။

သူ၏ အင်အားသည်သာ ကောင်းမွန်သည်ဆိုပါက သူနှင့် ထျန်းမင်တောင်သခင်တို့သည် များပြားလှသည့် လောက အသီးသီးကို လှည့်ပတ်ပြီးသည့်နောက် အရင်းအမြစ်များကို စုစည်းနိုင်၏။ ထိုသို့ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားရောက်ကာ ဝယ်ယူစရာ ရှိသည်များကို ဝယ်ယူနိုင်၏။ လက်ရှိ အခြေအနေတွင် ကွာစီ အင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်ရခြင်းသည် သူ၏ ဘဝတစ်သက်တာ ရည်မှန်းချက်ပင်ဖြစ်သည်။

“တာအိုရောင်းရင်း... အင်မော်တယ်ဘုရင် အဆင့်ကို ပြန်လည် ရရှိခဲ့ပြီဆိုတော့ ဒါက ဂုဏ်ယူလောက်စရာ ကိစ္စပဲ” ထျန်းမင်တောင်သခင်သည် ရုတ်တရက် လျှို့ဝှက်ခန်း၏ အပြင်ဘက်တွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ပြုံးကာ ပြောလိုက်၏။

“တောင်သခင် ပြန်လာပြီလား”

လျှိုချင်းယုက အံ့အားမသင့်ချေ။ ထျန်းမင်တောင်သခင်၏ အားကောင်းလွန်း လှသည့် စွမ်းအင်များကို သူ နတ်ဘုရားသိစိတ်နှင့် အာရုံခံမိပြီးသား ဖြစ်၏။ လက်တစ်ချက်ကို ယမ်းခါပြီးနောက် သူသည် တံခါးကို ဖွင့်လိုက်၏။ “ဘာလို့ အထဲကို ဝင်လာပြီး စကားမပြောတာလဲ တောင်သခင်”

“ကောင်းပြီ”

တောင်သခင်သည် ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် လျှိုချင်းယုကို လှမ်းကြည့်ကာဖြင့် တိုက်ရိုက်ဆိုသလိုပဲ ထိုင်ချလိုက်လေ၏။ သူသည် ပြုံးကာပြောလိုက်၏။ “တာအိုရောင်းရင်း.. ကျင့်ကြံခြင်းအဆင့်တွေ ပြန်လည် ရရှိပြီဆိုတော့ ထျန်းမင်တောင်ရဲ့ အားအင်အဆင့်က ကျိန်းသေပေါက် ပိုပြီး တိုးသွားပြီပေါ့။ ကျုပ်တို့ရဲ့ အနာဂတ် အစီအစဉ်ကြီးကို အောင်မြင်အောင် ပြုလုပ်နိုင်တော့မယ်”

“အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံခြင်းက မလုံလောက်ဘူး။ ထည့်ပြောစရာတောင် မလိုဘူး။ အင်း... ငရဲလောကရဲ့ အရင်တုန်းက အောင်မြင်မှုတွေသာ ကျုပ်တို့ ပြန်လည် ရရှိမယ်ဆိုရင် အရင်းအမြစ်တွေ အများကြီး ရရှိလိမ့်မယ်။ ဒါမှပဲ စိတ်ကျေနပ်နိုင်မှာ” လျှိုချင်းယုသည် အသာပြုံးကာ ပြောလိုက်သည်။

ဤစကားစုသည် သူတို့ နှစ်ယောက်တည်းသာလျှင် ကြားသိနိုင်သည့် အရာများ ဖြစ်၏။ တခြားသောသူများ ကြားသိသည်ဆိုပါက ကျိန်းသေပေါက် မနာလို ဖြစ်ကြပေလိမ့်မည်။ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံခြင်း ဆိုသည်မှာ ရေတွက်လို့ မရအောင် များပြားလှသည့် ကျင့်ကြံသူများ လိုချင်လျက်ရှိသည့် အရာပင်ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် အရေးမပါသလို ပြောဆိုလျက် ရှိနေ၏။

“တောင်သခင် ခင်ဗျား ခုဏတုန်းက တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာလား”

လျှိုချင်းယုသည် ထျန်းမင်တောင် သခင်ကို အံ့အားတသင့် ကြည့်ရှုလိုက်လေ၏။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အစစ်အမှန် စွမ်းအင်များသည် လှုပ်ရှားလျက် ရှိနေပြီး သွေးချီများသည်လည်း မီးအိုးကြီးတစ်ခုကဲ့သို့ ပူလောင်လျက် ရှိနေသည်ကို သူက အာရုံခံမိသည်။

၎င်းသည် လေးလေးနက်နက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ တောင်သခင်အား ဤကဲ့သို့ လေးလေးနက်နက် တိုက်ခိုက်အောင် ပြုလုပ်နိုင်သူသည် သာမန်လူတစ်ယောက်တော့ ဖြစ်မည် မထင်ချေ။

“အင်း.. ကျုပ် ဂျူနီယာလေး တစ်ယောက်နဲ့ တွေ့ခဲ့တာပါ” ထျန်းမင်တောင်သခင်သည် သုန်မှုန်နေသည့် မျက်နှာ အမူအရာဖြင့် ပြောဆိုလိုက်၏။

“ဪ” လျှိုချင်းယုက မျက်ခုံးကို ပင့်လိုက်၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “သူ သေသွားပြီလား”

“မသေဘူး”

ထျန်းမင်တောင်သခင်က ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် အကူအညီမဲ့စွာဖြင့် ပြောဆိုလိုက်၏။ “သူ လွတ်သွားတယ်”

လျှိုချင်းယုက တိတ်ဆိတ် ငြိမ်သက်သွား၏။ အင်မော်တယ်ဘုရင် တစ်ယောက်အနေနှင့် ထျန်းမင်တောင်သခင်၏ အားအင်အဆင့်ကို သူက ကောင်းကောင်း သိရှိ၏။ ၎င်း၏ လက်ထဲဆီမှ လွတ်မြောက်သွားခဲ့သည် ဆိုခြင်းမှာ သာမန်ထက်ပိုသည့် အားအင်အဆင့်ကို ပိုင်ဆိုင်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ နတ်ဘုရားလောကဆီမှ တစ်စုံတစ်ယောက်ပေလား။

လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် နတ်ဘုရားလောကမှ လူများမှလွဲ၍ တခြားသောလောကမှ လူများသည် အင်မော်တယ်ဘုရင်အဆင့် ဖြစ်တည်လာဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ လောကကြီးသည် အလွန် အားနည်းသောကြောင့်ပင်။

အန္တိမ ထိပ်ဆုံးအဆင့် ကျင့်ကြံသူသာလျှင် အကန့်အသတ်ဖြင့် တည်ရှိ၏။ အင်မော်တယ်ဘုရင်အဆင့် တစ်ယောက် ဖြစ်တည်လာဖို့ ဆိုသည်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီသို့ သွား၍ ဝယ်ယူမှသာလျှင် အခြေအနေကို တဆစ်ချိုး ပြောင်းလဲပေမည်။

ရှောင်ကလန်သည် ထိုကဲ့သို့ အတွေးမျိုး ရှိခဲ့သည်ဟု ထျန်းမင်တောင်သခင်က ပြောဆိုခဲ့၏။ သို့ပေမဲ့ ထျန်းမင်တောင်သခင်၏ အမူအကျင့်အရဆိုလျှင် ရှောင်ကလန်အား အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းနိုင်ရန် အခွင့်အရေး လုံးဝပေးလိမ့်မည် မဟုတ်ချေ။

“ကောင်းကင်မူလလောကကြီးထဲက အင်မော်တယ်ဘုရင်ပဲ”

ထျန်းမင်တောင်သခင်သည် လျှိုချင်းယု ဇဝေဇဝါ ဖြစ်နေသည်ကို သိရှိသောကြောင့် သူသည် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဒီလူက ခင်ဗျား သိရင် သိလိမ့်မယ်။ သူ့နာမည်က တိုင်ချူးတဲ့”

“ဟမ်”

ထိုစကားကို ကြားရသည့် အချိန်မှာတော့ လျှိုချင်းယုသည် မသေချာ မရေရာသလိုပင် ပြောဆိုလိုက်မိသည်။ “တိုင်ချူး ဟုတ်လား”

ဤလူသည် သူနှင့် ရင်းနှီးလျက် ရှိနေလေ၏။ ရောရုဝအရှင်ဆီမှ မှတ်ဉာဏ်များကို ထုတ်နုတ်လိုက်ပြီးသည့်နောက် တစ်ဖက်လူ မည်သူ ဖြစ်ကြောင်းကို သူက ကောင်းကောင်း သိရှိပြီးဖြစ်သည်။

တိုင်ချူးသည် ရောရုဝအရှင်ကို သတ်ဖြတ်နိုင်သည့်နေရာတွင် အရေးပါသည့် အခန်းကဏ၌ ပါဝင်ခဲ့၏။ တိုင်ချူးသည် သာ ဝင်ရောက် မတိုက်ခိုက်ခဲ့ပါက ရောရုဝအရှင်သည် လက်ရှိ အင်မော်တယ်ဘုရင် အဆင့်ဖြင့် ကြီးကြီးမားမား မားမားမတ်မတ် ရပ်တည်နိုင်နေမှာ သေချာ၏။

“သူကိုး”

လျှိုချင်းယုသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ “မထင်မှတ်ထားဘူးဆိုပေမဲ့ ဒါက ဖြစ်နိုင်တယ်။ တိုင်ချူးက ရောရုဝပြည်ကို ဖျက်ဆီးခဲ့ပြီးတော့ နက်နဲအလင်းလောကကြီး၊ ရောရုဝပြည်ရဲ့ အရင်းအမြစ် တော်တော်များများကို ရရှိခဲ့တယ်။ ဒီတော့ သူ အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာတာ အံ့အားသင့်စရာ မဟုတ်ဘူး”

“ပြီးတော့ နက်နဲအလင်းလောကကြီးက အရမ်း အားနည်းတယ်။ ရောရုဝပြည်က အဲလောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ အချိန်မှာ အရာအားလုံးသော အရင်းအမြစ်တွေက ရောရုဝပြည်ဆီ ရောက်လာတယ်။ တိုင်ချူးက ရောရုဝပြည်ကို ဖျက်ဆီးလိုက်တယ်ဆိုတော့ နက်နဲအလင်းလောကကြီးမှာရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို တိုင်ချူးက ရရှိသွားတာ ဖြစ်မယ်လို့ သုံးသပ်ရတယ်။ သူ ဘယ်လောက် ချမ်းသာသွားမလဲဆိုတာ ခန့်မှန်းဖို့တောင် ခက်တယ်”

“ဒီလူက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ လမ်းညွှန်ပြသမှုအောက်မှာ အင်မော်တယ်ဘုရင် ဖြစ်လာခဲ့တဲ့ လူပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ကို ကြီးကြီးမားမား အန္တရာယ်ပေးလာမှာ စိုးရိမ်ရတယ်” တောင်သခင်သည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။

ထျန်းမင်တောင်သခင်သည် သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ကာ ပြောဆိုလိုက်ခြင်းပင်။ နက်နဲအလင်း လောကကြီး၏ ရောရုဝပြည် ဖျက်ဆီးခံရမှုသည် သူ၏ မှတ်ဉာဏ်ထဲတွင် လောလောလတ်လတ် တည်ရှိနေ၏။ တိုင်ချူးသည် ယခု သူတို့နှင့် ယှဉ်ပြိုင်၍ ရနိုင်သည့် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာခဲ့၏။ ထို့ကြောင့် မစိုးရိမ် မပူပန်ဘဲ ဘယ်နေမည်နည်း။

အကယ်၍ တိုင်ချူးတစ်ယောက်တည်းသာ ဆိုပါက သူသည် စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပါဝင်ပတ်သက်လာမည် ဆိုပါက အခြေအနေသည် ပြောင်းလဲသွားပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည်သာ လမ်းညွှန်ပြသပေးခဲ့သည် ဆိုပါက တိုင်ချူးသည် အံ့အားသင့်စရာ ကိစ္စရပ်များကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

သူတို့သည် တိုင်ချူးထက် ပိုမိုကာ အားကောင်း လှသည်ဆိုလျှင်တောင်မှာ တိတ်တဆိတ် ကြိတ်ကာ တိုက်ခိုက်ခြင်း၊ အလစ်ချောင်း တိုက်ခိုက်ခြင်းများသည် သူတို့အတွက် ကြီးမားသည့် အန္တရာယ် ဖြစ်စေပေလိမ့်မည်။

“ဒီအချိန်မှာတော့ စိတ်အေးအေးထား။ ရောရုဝအရှင်ရဲ့ မှတ်ဉာဏ်တွေအရဆိုရင် သူက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီကနေ သတင်းအချက်အလက်တွေ ဝယ်ယူခဲ့ရုံပဲလေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က လမ်းညွှန်ပြသမှု ပေးခဲ့တယ်”

လျှိုချင်းယုက အသာရယ်မောကာ ဆက်လက် ပြောဆိုလိုက်သည်။ “အဆုံးသတ်မှာ ရောရုဝအရှင် ကျရှုံးခဲ့တယ်။ သူ ဝယ်ချင်တဲ့ သတင်းအချက်အလက်တွေက လုံလောက်တဲ့ဟာမျိုး မဟုတ်ခဲ့ဘူး။ အမှတ်မထင် ကိစ္စရပ်တွေ ဖြစ်ပြီးတဲ့နောက်မှာ လုံလောက်တဲ့ တန်ကြေးကို ပေးနိုင်မယ်ဆိုရင် လောကကြီးမှာရှိတဲ့ ဘယ်သတင်း အချက်အလက်ကိုမဆို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ဝယ်ယူနိုင်တယ်ဆိုတာ ကျုပ်တို့ သိထားသင့်တယ်။ အဲတာ ဘယ်သူမဆိုပေါ့။ ခင်ဗျားပဲဖြစ်ဖြစ်၊ ကျုပ်ပဲဖြစ်ဖြစ်” လျှိုချင်းယုသည် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

All Chapters