အပိုင်း (၆၁၉)
Vol. 42 Ch. 619
“ပြီးတော့ ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ရောရုဝအရှင် ဘယ်မှာရှိလဲဆိုတာ စုံစမ်းခဲ့ဖူးတယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ အသိအမြင်တွေအရ ကျုပ်တို့ရဲ့ အစီအစဉ်တွေကို မသိဘဲ ဘယ်လိုနေမှာလဲ။ ဒါပေမဲ့ ကျုပ်တို့ကို သတင်းအချက်အလက်တွေ ပေးခဲ့တယ်လေ”
ပြောပြီးသည့်နောက် လျှိုချင်းယုသည် အခဲမကျေသလိုပင် ခံစားနေမိ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သည် သူတို့ လှုပ်ရှားတိုက်ခိုက်ချိန်တွင် တခြားသော တစ်စုံတစ်ယောက် ဝင်ရောက်ကာ တိုက်ခိုက်လိမ့်မည်ဟု သိသာ ရှင်းလင်းစွာ သဲလွန်စပေးခဲ့၏။ သို့ပေမဲ့ သူ၏ နောက်လိုက်သည် ယုံကြည်မှု လွန်ကဲလွန်းသောကြောင့် ထိုသတင်းအချက်အလက်များကို မဝယ်ယူခဲ့ချေ။ ထို့ကြောင့်သာလျှင် သူသည် ဆိုးရွားသည့် အခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။ မဟုတ်ပါက ငရဲလောက၏ အမွေအနှစ်များကို ယူဆောင်ပြီးသည့်နောက် ကောင်းကောင်းမွန်မွန် လေ့လာရန်ပင် အဆင်သင့် ဖြစ်နေပေလိမ့်မည်။
“ဒီလိုဆိုမှတော့ အရာအားလုံးက ပိုပြီး လွယ်ကူသွားပါလိမ့်မယ်” ထျန်းမင်တောင်သခင်၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ သူသည် စိတ်သက်သာရာ ရသလို ခံစားနေမိ၏။ သူ စိုးရိမ်ပူပန်နေရသည့် တစ်ဦးတည်းသော လူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သာလျှင်ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကလွဲလျှင် သူ မည်သူ့ကိုမှ မကြောက်လန့်ချေ။ နတ်ဘုရားလောကမှ စွမ်းအားမြင့် ကျင့်ကြံသူများကိုပင် မျက်စိထဲ မထည့်ချေ။
“တောင်သခင်... တခြားလောကတွေဆီသွားပြီး တိုက်ခိုက်ပြီးနောက်မှာ ကွာစီအင်မော်တယ် အင်ပါယာ အဆင့်ကို ရောက်ရှိဖို့ အရင်းအမြစ်ဘယ်လောက်များများ ရခဲ့ပြီလဲ” လျှိုချင်းယုက မေးမြန်းလိုက်၏။
“အင်း.. သေတော့ မသေချာဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားလည်ပတ်ပြီးမှ သိရမှာပဲ” ထျန်းမင်တောင်သခင်က ပြောလိုက်သည်။
ကုန်ကျနိုင်သည့် သတင်းအချက်အလက်အတွက် အရင်းအမြစ် ပမာဏသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ ဆုံးဖြတ်ချက်အောက်တွင် တည်ရှိနေ၏။ ထို့ကြောင့် သူတို့သည် အရင်းအမြစ်များကို စုစည်းထားရန်သာ လိုအပ်နေ၏။ ထိုကဲ့သို့ စုစည်းထားသည် ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ တက်လှမ်းနိုင်ရန် အာမခံချက် မရှိသေးချေ။
“အင်း... လုပ်ကို လုပ်ရမယ့် ကိစ္စတွေ ရှိသေးတယ်။ ဒီတော့ ကျုပ်တို့ အတူတူ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီကို သွားလည်ရင်ကော ဘယ်လိုလဲ” လျှိုချင်းယုက အကြံပြုလိုက်၏။
“ဒါ ကောင်းတဲ့ အကြံအစည်ပေါ့” ထျန်းမင်တောင်သခင်က အဆင့်သင့်ဘဲ သဘောတူလိုက်၏။ မူလအားဖြင့် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ကာ လည်ပတ်ချင်မိ၏။ သို့ပေမဲ့ သူ၏ ဂုဏ်သိက္ခာ အနေအထားအရ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် သူ့ကို ဖိနှိပ်ပစ်မည်ဟု စိုးရိမ်ရ၏။ ယခု လျှိုချင်းယု က ကူညီမည်ဆိုသောကြောင့် သူသည် ဒဏ္ဍာရီလာ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်နှင့် မျက်မြင်တွေ့ရန် စိတ်အားတက်ကြွလို့ နေခဲ့လေသည်။
ကောင်းကင်မူလလောကကြီး .....
ရှုပ်ထွေးစည်ကားလွန်းလှသည့် တော်ဝင်သဲကန္တာရမြို့ အတွင်းမှာတော့ တကိုယ်လုံး ဖုံများ ဖုံးလွှမ်းလျက် ရှိနေသည့် လူနှစ်ယောက်တို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ တည့်တည့်ပင် လှမ်းလျှောက်လာခဲ့၏။
ဝမ်ချီသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် ဆိုင်းဘုတ်ကြီး၏ အောက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး အသာ သက်ပြင်းချလိုက်မိသည်။ “ကျုပ်တို့ နောက်ဆုံးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ပြီပဲ”
“အင်း.. နောက်ဆုံးတော့ ရောက်ပြီပေါ့” သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် ကျန်းကျန့်ဖန်သည် ပြန်ပြောလိုက်၏။
သူတို့၏ သခင်လေးသည် ထျန်းမင်တောင်သခင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် သူတို့ နှစ်ယောက်သည် နက်နဲအလင်းလောကဆီမှ အပင်ပန်းခံကာဖြင့် ဤတည်နေရာဆီသို့ လာခဲ့ခြင်းဖြစ်၏။ အချိန်တချို့ ယူရသည် ဆိုသော်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တံခါးပေါက်ဝအရှေ့သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်။
အချိန်များ ကုန်လွန်သွားခဲ့သည်ဆိုသော်လည်း သူတို့သခင်လေး၏ အသက်ရှင်နိုင်မှုနှုန်းထား၌ မျှော်လင့်ချက် ရှိလာခဲ့၏။
လာရောက်ရာခရီးစဉ်တွင် ထျန်းမင်တောင်သခင်သည် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးတို့ကို အညှာအတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ခဲ့သည်ဟူသော သတင်းစကားများကို သူတို့ ကြားခဲ့ရ၏။ ရှေးဆန်ပြီး အားကောင်းလှသည့် ကလန်အသီးသီးတို့ပင်လျှင် ၎င်း၏ လက်ချက်ဖြင့် ပျောက်ကွယ်သွားခဲ့ရ၏။ အဆိုးဆုံး အခြေအနေအဖြစ် သူတို့၏ သခင်လေးသည် ညှင်းပမ်းနှိပ်စက်ခံရခြင်း သို့မဟုတ် ဝိညာဉ် တစ်ခုလုံး ဖမ်းဆီးခံရခြင်း စသည့် အခြေအနေမျိုးကိုပင် ကြုံရနိုင်သည်။
“အင်း... သခင်လေး ကံကောင်းပါစေလို့ပဲ ဆုဆောင်းရမှာပေါ့” ဝမ်ချီက သက်ပြင်းချလိုက်၏။ သူသည် မျှော်လင့်ချက် အပြည့်၊ စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ပြောဆိုလိုက်၏။ သခင်လေးသည်သာ သေဆုံးသွားခဲ့သည်ဆိုပါက သူတို့အနေနှင့် သခင်လေးကို ကာကွယ်ရန် ပျက်ကွယ်ခဲ့ရသည့် အကျိုးဆက်ကို ကောင်းကောင်း ရင်ဆိုင်ရ ပေလိမ့်မည်။
“ကျုပ်တို့ နောက်ဆုံးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အဝင်ဝကို ရောက်ခဲ့ပြီ။ ဒီတော့ ခင်ဗျားနဲ့ ကျုပ်နဲ့ ဘာကိစ္စ ခန့်မှန်းနေတော့မှာလဲ”
ကျန်းကျန့်ဖန်သည် အခြေအနေ တစ်ခုလုံးကို နားလည်ဟန်ဖြင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်ရှေ့ဆီသို့ တည့်တည့် လျှောက်ဝင်သွားခဲ့၏။ “မေးခွန်း မေးစရာရှိရင် နန်းဆောင်သခင်ကိုပဲ တည့်တည့်မေးလေ။ သူက အားလုံး သိလိမ့်မယ်”
“ခင်ဗျားပြောတာ မှန်တယ်” ဝမ်ချီက တီးတိုးရေရွတ်လိုက်၏။ သူသည် ကျန်းကျန့်ဖန်နှင့်အတူ ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လိုက်သည်။
နန်းဆောင်၏ အတွင်းသို့ ရောက်သည့်အချိန်မှာတော့ သူတို့သည် လေးစားမှုအပြည့်ဖြင့် ဦးညွတ်ကာ သံပြိုင် ပြောဆိုလိုက်၏။
“ဂျူနီယာ ဝမ်ချီက စီနီယာနန်းဆောင်သခင်ကို ဧည့်လာတွေ့ပါတယ်”
“ဂျူနီယာ ကျန်းကျန့်ဖန်က စီနီယာနန်းဆောင်သခင်ကို ဧည့်လာတွေ့ပါတယ်”
“အင်း.. လောကဝတ်တွေ လုပ်နေစရာ မလိုဘူး”
လီယွင်သည် မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာခဲ့၏။ ရေနွေးခွက်ကို ကိုင်ထားပြီး သပ်ရပ် ခန့်ညားလွန်းလှသည့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ကာ ခပ်တည်တည် ထိုင်လျက် ရှိနေသည်။
၎င်း၏ တည်ငြိမ်သည့် အသွင်သဏ္ဍာန်ကို မြင်ရသည့် အချိန်မှာတော့ ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့သည် အံ့အားသင့်သွားမိ၏။ လီယွင် ရုတ်တရက် ပေါ်ပေါက်လာမှုကို မြင်ရသည့်အချိန်မှာတော့ လီယွင်၏ အားအင် အဆင့်သည် သူတို့ထက် များစွာသာလွန်လျက် ရှိနေကြောင်း ကောင်းကောင်း နားလည်လိုက်မိ၏။
“ထိုင်ကြ” လီယွင်က အမူအရာ ပြသလိုက်၏။ ၎င်းတို့၏ ရှေ့ဘက်တွင် ထိုင်ခုံနှစ်ခုက အလိုလို ပေါ်ပေါက်လာသည်။
“ကျေးဇူးပါပဲ စီနီယာ” ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့သည် ကျေးဇူးတင်စကားကို ပြောဆိုလိုက်၏။
အသာ ထိုင်ချလိုက်ပြီးသည့်နောက် ဝမ်ချီက အချိန်မဖြုန်းတော့ချေ။ တိုက်ရိုက်ဆိုသလို မေးမြန်းလိုက်သည်။ “စီနီယာ.. ကျုပ်တို့ ဒီနေ့လာရတဲ့ ရည်ရွယ်ချက်ကို သိပြီး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျုပ်တို့ သခင်လေး အသက်ရှင်လျက် ရှိနေသေးလား ဆိုတာကို လာပြီးတော့ စုံစမ်းတာပါ။ သူ အသက်ရှင်ပါသေးလား”
ဤစကားစုကို မေးမြန်းပြီးသည့်နောက် သူသည် အန္တိမ ကျင့်ကြံခြင်းအဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူကာ လေးနက်မှုကို ပြသလိုက်သည်။
“မလုံလောက်သေးဘူး” လီယွင်သည် ခေါင်းကို တစ်ချက်ကလေးပင် မော့မကြည့်ဘဲ ပြန်လည်ကာ ခွန်းတုံ့ပြန် လိုက်၏။ အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ သတင်းအချက်အလက်များကို သာမန် အန္တိမအဆင့် ပစ္စည်းမျိုးနှင့် မေးမြန်းဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
“မလုံလောက်သေးဘူး ဟုတ်လား” ဝမ်ချီက ကြောင်အသွားမိ၏။ သူ၏ မျက်လုံးထဲတွင် အန္တိမ ကျင့်ကြံခြင်းအဆင့် ပစ္စည်း ဆိုသည်မှာ လုံလောက်သည်ထက်ပင် ပိုလျက် ရှိနေသေး၏။ ထို့အပြင် သူ၏ သခင်လေးသည် နတ်အဆင့် ကျင့်ကြံခြင်းအဆင့်ကိုပင် ရောက်ရှိနေသူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် လူငယ်ပါရမီရှင်ဟု သာ သုံးသပ်နိုင်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ဂုဏ်သိက္ခာသည် တစ်ဖက်လူများကို ငွေညှစ်ရန်ပင် ဖြစ်နေလေသည် လား။ ဤအရာသည် သူတို့ကို တကယ်ပင် ကြောင်အသွားစေခဲ့သည်။
“အန္တိမ ကျင့်ကြံခြင်းအဆင့် ပစ္စည်းသုံးခု” လီယွင်က ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
“သုံးခု ဟုတ်လား”
အနီးအနားတွင် ရှိနေသည့် ကျန်းကျန့်ဖန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် တကယ့်ကို အဆင်မပြေသည့် ခံစားချက်များ ရရှိလာ၏။ သူသည် သတိအပြည့်ဖြင့် မေးမြန်းလိုက်သည်။ “မေးချင်ပါတယ် စီနီယာ.. ကျုပ်တို့ သခင်လေးက မထင်မှတ်ထားတာတွေ ဖြစ်လာလို့လား”
ဝမ်ချီသည် တကယ်ပင် ထိုကဲ့သို့ပင် တွေးမိ၏။ သူတို့ သခင်လေး၏ အားအင်အဆင့်သည် သာမန်သာလျှင်ဖြစ်၏။ အတိတ်ဘဝက အင်မော်တယ်ဘုရင်အဆင့်ကို လက်ရှိအချိန်၌ ခဏတာသာလျှင် ပြန်လည်ရရှိအောင် ပြုလုပ်နိုင်စွမ်းရှိ၏။ ယခု ကြည့်ရှုရသည်မှာ သာမန်နှင့် တူသည့်ပုံ မပေါ်တော့ချေ။
“နောက်ထပ် မေးခွန်းတစ်ခုလား။ ဒါဆိုရင် အန္တိမ ကျင့်ကြံခြင်းအဆင့် ပစ္စည်းသုံးခု ထပ်ပေးအုံး” လီယွင်သည် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်၏။
“............”
ကျန်းကျန့်ဖန်၏ အမူအရာက အေးခဲသွားခဲ့၏။ သူတို့၏ သခင်လေးသည် အကြီးအကျယ် ဒုက္ခရောက်လျက် ရှိနေသည်မှာ သေချာသွားခဲ့၏။ ထို့ကြောင့် သူတို့သည် သေသေချာချာ မေးမြန်းရပေလိမ့်မည်။
ကျန်းကျန့်ဖန်နှင့် ဝမ်ချီတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ နှစ်ယောက်လုံးသည် တစ်ယောက်၏ အတွေးကို တစ်ယောက် နားလည်လိုက်ကြ၏။ ချက်ချင်းပဲ သိုလှောင်လက်စွပ်ကို ဖွင့်ကာဖြင့် အထဲတွင် ရှိနေသည့် ပစ္စည်းများကို ထုတ်ယူလိုက်၏။ နည်းစနစ်များ၊ လက်နက်များ၊ ဆေးလုံးများ စုစုပေါင်း ပစ္စည်းငါးခုဖြစ်သည်။
ဝမ်ချီသည် ထိုအန္တိမအဆင့် ပစ္စည်းခြောက်ခုအား လီယွင်ရှေ့သို့ ချပေးလိုက်၏။ “ကျေးဇူးပြုပြီး ဉာဏ်အလင်း ပြပါအုံး စီနီယာ”
“ပထမဆုံး မေးခွန်း၊ ခင်ဗျားရဲ့ သခင်လေးက မသေဘူး။ ပြီးတော့ သူက ကောင်းကောင်းမွန်မွန် နေထိုင်နေတယ်။ ခင်ဗျားတို့ နှစ်ယောက်ထက်တောင် ကောင်းနေသေးတယ်” လီယွင်သည် လက်ကို အသာဝှေ့ယမ်း ပြီးသည့်နောက် စားပွဲပေါ်တွင် ရှိနေသည့် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
“မသေသေးဘူး ဟုတ်လား”
ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့၏ မျက်နှာများက လင်းလက်သွားခဲ့၏။ သူတို့ သခင်လေး အသက်ရှင်လျက် ရှိနေသေးလျှင် အရာအားလုံးကို ဖြေရှင်း၍ရ၏။ အပြစ်ပေးမှုကို ခံရမည် ဆိုလျှင်တောင်မှ ကြီးကျယ်လှမည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုခဲ့သည့် စကားလုံးသည် သူတို့ကို သံသယ ဖြစ်စေခဲ့၏။
သူတို့၏ သခင်လေးသည် ယခု ထျန်းမင်တောင်သခင်၏ လက်ထဲတွင် ကျရောက်လျက် ရှိနေ၏။ အဘယ်ကြောင့် သူတို့နှစ်ယောက်ထက် ပိုမိုကာ ကောင်းမွန်သည့် ဘဝတွင် နေထိုင်နေရသနည်း။ ဘာဖြစ်နေသနည်း။ သူတို့၏ သခင်လေးသည် ထျန်းမင်တောင်သခင်၏ ဂုဏ်ယူရလောက်သည့် ဧည့်သည်တစ်ယောက်များ ဖြစ်လာခဲ့လေ သည်လား။
ဟိုးလွန်ခဲ့သည် နှစ်ပေါင်းများစွာတုန်းက ငရဲလောက၏ ကျူးကျော်မှုကို ရင်ဆိုင် တိုက်ခိုက်သည့် အချိန်တွင် နတ်ဘုရားလောက၌ လျှိုကလန်သည် မတ်မတ်ရပ်ကာဖြင့် တားဆီးခဲ့၏။ သူတို့၏ သခင်လေးသည် ငရဲလောက၏ အမွေအနှစ်များကို ရှာဖွေလျက် ရှိနေသည် ဆိုသည်မှာ အဆင့်ချိုးဖြတ် တက်လှမ်းနိုင်ရန်သာလျှင်ဖြစ်၏။ ထျန်းမင်တောင် သခင်ဘက်တွင် အလုံးစုံ ရပ်တည်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
“စီနီယာ.. ခုဏက ပြောလိုက်တဲ့ စကားလုံးက ဘာကို ဆိုလိုတာပါလဲ” ကျန်းကျန့်ဖန်သည် တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်သည်။
“ဒါ ဒုတိယ မေးခွန်းပဲ။ ခင်ဗျားတို့ သခင်လေးက သူရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည် ရရှိရုံတင်မကဘူး။ ပြီးတော့”
လီယွင်က ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်၏။ “သူက ထျန်းမင်တောင်ရဲ့ ဒုတိယ တောင်သခင်တောင် ဖြစ်လာခဲ့ပြီ”