အပိုင်း (၆၂၀)
Vol. 42 Ch. 620
“ဘာ”
ဝမ်ချီသည် တုန်လှုပ်သွားမိ၏။ သူသည် ရုတ်တရက် မတ်တပ်ပင် ထရပ်လိုက်မိ၏။ သူ မယုံကြည်နိုင်ပေ။ “ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ကျုပ်တို့ရဲ့ သခင်လေးက လျှိုကလန်ရဲ့ အားကိုးရတဲ့ အကြီးအကဲတစ်ယောက်ပဲ။ နတ်ဘုရားလောကရဲ့ ထိပ်တန်းကလန်ထဲက တစ်ခုပဲ။ အင်မော်တယ်ဘုရင်တွေ အများကြီး ရှိပြီးတော့ သူတို့ရဲ့ ဘိုးဘေးကလည်း ငရဲလောကနဲ့ လောကအသီးသီး တိုက်ပွဲမှာ ရင်ဆိုင် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးတယ်။ ကျုပ်တို့ သခင်လေးက ဘယ်လိုလုပ် ငရဲလောကထဲကို ဝင်လိုက်ရတာလဲ”
ငရဲလောက၏ အမွေအနှစ်များကို ရှာဖွေခြင်း ဆိုသည်မှာ ငရဲလောကထဲသို့ ဝင်ရောက်ခြင်းနှင့် ခြားနား၏။ ငရဲလောက၏ အမွေအနှစ်များကို အသုံးပြု၍ ကျင့်ကြံခြင့် အဆင့်မြှင့်အောင် ပြုလုပ်ခြင်း ဆိုသည်မှာ နားလည် လက်ခံနိုင်၏။ ကျယ်ပြောလှသည့် လောကအသီးသီးတွင် အဆင့်တိုးတက်ရန်အတွက် အလိုမရှိသည့် ကျင့်ကြံသူဟူ၍ မရှိချေ။
တချို့သည် ၎င်းတို့၌ ရှိနေသည့် ကာမနှောင်ကြိုးများ၊ ခံစားချက်များကို ဖယ်ထုတ်ကာဖြင့် ကျင့်ကြံခြင်းအဆင့်၏ ထိပ်ဆုံးဆီသို့ ရောက်ရှိအောင် ပြုလုပ်သည့် လူများပင်လျှင် ရှိနေ၏။ တချို့သည် ၎င်းတို့၏ မျိုးနွယ်များကို စွန့်ခွာသည့် လုပ်ငန်းစဉ်များကိုပင် ပြုလုပ်ကြ၏။
သူတို့ သခင်လေးသည် ငရဲလောက၏ အမွေအနှစ်များကို ရယူခဲ့ခြင်း ဆိုသည်မှာ အဆင့်တိုးတက်ချင်သောကြောင့် အခွင့်အရေး ရှာဖွေရန် ကြိုးစားခဲ့ခြင်းသာဖြစ်၏။ သို့ပေမဲ့ ငရဲလောကကို ဝင်ရောက်ခဲ့ခြင်း ဆိုသည်မှာတော့ သာမန်ထက် ပိုလွန်းနေသည်။
အတိတ်တုန်းက ငရဲလောကကြီးသည် အသင်္ချေ များပြားလှသည့် လောကအသီးသီး တို့နှင့် ဆန့်ကျင်ခဲ့၏။ ဤအရာသည် လျှိုကလန်၏ ဂုဏ်သိက္ခာတရားကို ကြီးကြီးကျယ်ကျယ် ထိခိုက်စေပေလိမ့်မည်။ ငရဲလောက၏ လက်ထဲတွင် လျှိုကလန်၏ အကြီးအကဲ တစ်ယောက်ပင်လျှင် သေဆုံးခဲ့သေး၏။ ယခု သူတို့၏ သခင်လေး ငရဲလောကထဲသို့ ဝင်ရောက်ခဲ့ခြင်းသည် လျှိုကလန်ကို သစ္စာဖောက်ခြင်းနှင့်ပင် ဆင်တူနေ၏။
ဤသတင်းသည်သာ ပျံ့နှံ့သွားမည်ဆိုပါက လျှိုကလန်၏ အကြီးအကဲတို့သည် ကျိန်းသေပေါက် ဒေါသထွက်ပြီး အင်မော်တယ်ဘုရင်များကို စေလွှတ်ကာ တစ်ခါတည်း သတ်ဖြတ်ပေလိမ့်မည်။
“ယုံချင်ယုံ၊ မယုံချင်နေ။ ဒါ ခင်ဗျားတို့ စဉ်းစား ဆုံးဖြတ်ရမယ့် ကိစ္စရပ်ပဲ” လီယွင်က ဆက်၍ ပြောဆိုလိုက်သည်။
သူ့အနေနှင့် ထပ်၍ မရှင်းပြချင်သလို ထပ်မံ ရှင်းပြရန်လည်း စိတ်ဆန္ဒမရှိချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သည် သတင်းအချက်အလက် ရောင်းချခြင်းကိုသာ တာဝန်ယူထား၏။ တခြားသောသူများ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းကို လိုက်လံ ဖြေရှင်းနေရန် အချိန် မရှိချေ။ မယုံကြည်ရန် ရွေးချယ်သည်ဆိုပါက အမှန်တရားသည် မကြာခင်တွင် ပေါ်ပေါက်လာပေလိမ့်မည်။ မယုံကြည်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကိုလည်း မိမိဘာသာ မိမိ ဖြေရှင်းရန် လိုအပ်၏။
“အကိုဝမ်.. အရမ်းကြီး အလျင်မလိုနဲ့”
ထိုအချိန်မှာတော့ ကျန်းကျန့်ဖန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့် နောက် စိတ်အေးသက်သာထိုင်ရန် အချက်ပြလိုက်သည်။ “စီနီယာ နန်းဆောင်သခင်က ဒီလိုပြောပြီဆိုမှာတော့ အကြောင်းအရင်း ရှိရမယ်လေ”
သူ့အနေနှင့် သူကိုယ်တိုင်ပင်လျှင် အပြည့်အဝ မယုံကြည်ပေ။ သခင်လေး၏ နောက်သို့ တလျောက်လုံး လိုက်ပါခဲ့သည့် လူများဖြစ်သောကြောင့် သခင်လေး၏ အကျင့်ကို ကောင်းကောင်း နားလည်ခဲ့၏။ ထို့ကြောင့် လျှိုကလန် တစ်ခုလုံးကို လွယ်လွယ်ကူကူ သစ္စာဖောက်ခြင်းအား ယုံကြည်ရန် ခက်ခဲနေ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ ထွက်ပေါ်လာသည့် စကားလုံးဖြစ်သည်မို့ သူတို့ မယုံကြည်ဘူး ဆိုလျှင်တောင်မှ စိတ်ထဲတွင် သံသယများ ဖြစ်တည်လာခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် ဂုဏ်သိက္ခာ တရားသည် တကယ့်ကို ကြီးမားလွန်းလှ၏။ နန်းဆောင် သခင်သည် အတိတ်တုန်းက များပြားသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ခဲ့၏။ တစ်ခုတစ်လေကမှ အမှားအယွင်းဟူ၍ မရှိခဲ့ချေ။ သူတို့ သခင်လေးသည် ထျန်းမင်တောင်နှင့် ပူးပေါင်းသွားခဲ့ပြီဟု နန်းဆာင်သခင် ပြောဆိုပြီ ဖြစ်သောကြောင့် ဖြစ်နိုင်လောက်သည်။
ဟူး...
ဝမ်ချီသည် သက်ပြင်းရှည်ကြီးကို ချလိုက်၏။ သူသည် မိမိကိုယ်ကို စိတ်တည်ငြိမ်အေးချမ်းရန် မနည်း ကြိုးစားနေရ၏။ ပြီးနောက် လီယွင်ကို ဦးညွတ်ကာ ပြောလိုက်၏။ “စီနီယာ.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျုပ် ခုဏက စိတ်လောသွားပါတယ်”
“ကိစ္စမရှိပါဘူး” လီယွင်သည် လက်ကို ယမ်းခါလိုက်သည်။
ကျန်းကျန့်ဖန်နှင့် ဝမ်ချီတို့သည် သတင်းအချက်အလက်များကို ဆက်လက်ကာ စုံစမ်းနေစဉ်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် အပြင်ဘက်၌ လူနှစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ ထိုလူနှစ်ယောက်သည် တစ်ယောက်က အသက်ကြီးကြီး၊ တစ်ယောက်မှာတော့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်၏။
အဘိုးအိုသည် ချည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ၎င်း၏ မျက်နှာသွင်ပြင်များသည် မည်သည့် ခံစားချက် အမူအရာမှ မရှိချေ။ ထိုအဘိုးအိုသည် ကျိုးကလန်၏ ဘိုးဘေးမှလွဲလျှင် တခြား မဟုတ်ချေ။ မြေအင်မော်တယ်လောကဆီသို့ ဝင်ရောက်လာပြီးသည့်နောက် သူသည် ကလန် အ ခြေချရန် နေရာတစ်ခုကို ရှာဖွေချင်၏။ ထို့ကြောင့် အလောတကြီး ဆိုသလိုပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာခဲ့ခြင်းဖြစ်သည်။
သူ၏ ရည်ရွယ်ချက်က နှစ်ခုရှိ၏။ ပထမဦးဆုံးအနေနှင့် တခြားသော လောကဆီမှ တည်နေရာ ရွေ့ပြောင်း လာခဲ့သော ကျိုးကလန် အနေနှင့် မည်သည့်နေရာတွင် နေထိုင်ရမည် ဆိုသည်ကို လာရောက် စုံစမ်းခြင်းပင်။ ဒုတိယအနေနှင့် ထျန်းမင်တောင်သခင်နှင့် ရင်ဆိုင်ရန်အတွက် အကြံဉာဏ် လာရောက်တောင်းခံခြင်း ဖြစ်၏။
သူ့အနေနှင့် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ အဆင့်ချိုးဖြတ်နိုင်ရန်အတွက် ကုန်ကျစရိတ်ကိုလည်း သိချင်မိ၏။ တန်ကြေးသည် အရမ်းကို များပြားသည်ဆိုပါက တခြားသော ဂိုဏ်းဂဏ အသီးသီးတို့ စုပေါင်းကာဖြင့် အရင်းအမြစ်များကို ဝယ်ယူရန် ကြိုးစားရပေလိမ့်မည်။
လက်ရှိ အခြေအနေမှာတော့ တူညီသည့် ရည်ရွယ်ချက် တည်ရှိနေသည့် တခြားသောသူများလည်း တည်ရှိနေ၏။ ထို့ကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီးပြီဖြစ်၏။ ကျိုးကလန်၏ ဘိုးဘေးသည် ပထမဦးဆုံး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာသည့် လူတစ်ယောက်ဖြစ်သည်။
ရောက်ရောက်ချင်းမှာပဲ သူသည် နန်းဆောင်ထဲသို့ လှမ်းဝင်ရန် ပြင်လိုက်၏။ တံခါးပေါက်ဝရှေ့သို့ ရောက်သည့် အချိန်မှာတော့ အနောက်ဘက်သို့ ပြန်ကန်သွား၏။ သူ့အတွက် မမြင်ရသည့် အတားအဆီး တစ်ခုသည် အရှေ့၌ တားဆီးထားသကဲ့သို့ပင်။
“ဘာတွေ ဖြစ်နေတာလဲ”
အကြီးအကဲက အံ့အားသင့်သွား၏။ သူ၏အသံက တုန်ယင်နေသည်။ “နန်းဆောင်သခင်က ကျုပ်တို့ကို မတွေ့ချင်လို့လား”
“စီနီယာ စိုးရိမ်နေဖို့ မလိုဘူး”
အကြီးအကဲ၏ နောက်ဘက်တွင် ရှိနေသည့် သက်လတ်ပိုင်းလူက ရှင်းပြလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာ တခြားလူတွေ ရှိနေတယ်။ ဒါကြောင့် အပြင်လူတွေက အဲအတောအတွင်း ဝင်လို့ မရဘူး”
“ကျုပ်နားလည်ပြီ” ကျိုးကလန်၏ ဘိုးဘေးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ဤတစ်ကြိမ်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပထမဦးဆုံးအကြိမ် လာရောက်ခြင်းဖြစ်၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် သူ့ကို မတွေ့ချင်ဟု ထင်မှတ်ခဲ့မိသည်။
နန်းဆောင်သခင်သည်သာ သူ့ကို မတွေ့ချင်သည်ဆိုပါက သူ့အနေနှင့် ပြဿနာများကို သူဘာသူ ဖြေရှင်းရပေတော့မည်။ ယခု ထိုသို့ မဟုတ်ချေ။
“သတိပေးတဲ့အတွက် ကျေးဇူးပါပဲ တာအိုရောင်းရင်း။ ခင်ဗျားရဲ့ နာမည်ကို သိပါရစေ”
ကျိုးကလန်၏ ဘိုးဘေးက အသာလှည့်ကာ ဦးညွတ်လိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် ကျင့်ကြံသူသည် အန္တိမအဆင့် စဦးကျင့်ကြံသူ တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် အန္တိမအဆင့် ကျင့်ကြံသူများ သည် သိသာ ထင်ရှားလှသည့် အားကောင်းသူများပင်ဖြစ်၏။ ဤကဲ့သို့ အဆက်အသွယ်မျိုးဖြင့် မိတ်ဖွဲ့ထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ကျုပ်က မြေအင်မော်တယ်လောကကြီးထဲက လောကသားပါပဲ။ ထာဝရ အစစ်အမှန် အင်မော်တယ်လို့ ခေါ်တယ်” ထာဝရ အစစ်အမှန် အင်မော်တယ်က ပြုံးလိုက်၏။ သူ၏ အဆင့်ချိုးဖြတ်နိုင်သည့် ခရီးစဉ်သည် တိုင်ချူးထက် ပိုမိုကာ လွယ်ကူခဲ့၏။ နက်နဲလျှို့ဝှက်လောကဆီသို့ သွားရန် မလိုအပ်ခဲ့ချေ။ မြေအင်မော်တယ်လောကကြီးမှာပဲ သူသည် အဆင့်ချိုးဖြတ်နိုင်ခဲ့၏။ အသွားအပြန်ခရီးသည် သူ့အတွက် အချိန်အနည်းငယ်သာလျှင် ကြာမြင့်ခဲ့၏။
အဆင့်ချိုးဖြတ်ခဲ့ပြီးသည့်နောက် နက်နဲလျှို့ဝှက်လောကထဲတွင် အင်မော်တယ်ဘုရင်နှစ်ယောက် တိုက်ခိုက် ခဲ့သည် ဆိုသောသတင်းကို ကြားခဲ့ရ၏။ သူ၏ လက်ရှိအားအင်အဆင့်အရ သွား၍ စစ်ဆေးနိုင်ခြင်း မရှိချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် အကြောင်းကို တွေးမိသည့် အချိန်မှာတော့ နန်းဆောင်သခင်သည် ထိုအခြေအနေကို ကောင်းကောင်း သိရှိမည်ဖြစ်ကြောင်း သူက နားလည်မိသည်။
သူ၏ အထင်အရဆိုလျှင် နက်နဲလျှို့ဝှက်လောကအတွင်းရှိ အင်မော်တယ်ဘုရင်နှစ်ယောက်ထဲမှ တစ်ယောက်သည် တိုင်ချူးပင်လျှင် ဖြစ်ပေလိမ့်မည်။ တိုင်ချူး၏ အမူအကျင့်ကို စဉ်းစားရမည်ဆိုလျှင် နက်နဲလျှို့ဝှက်လောကကြီး ပြဿနာ တက်နေသည့် အချိန်တွင် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်နေလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် ထျန်းမင်တောင်သခင်နှင့် တိုက်ခိုက်ပေလိမ့်မည်။
“အင်း.. ကြည့်ရတာ တာအိုရောင်းရင်း ထာဝရ၊ ကျုပ် ခင်ဗျားရဲ့ နာမည်ကို သေချာကြားခဲ့ဖူးတာပဲ” ကျိုးကလန်၏ ခေါင်းဆောင်က ပျော်ရွှင်စွာဖြင့် ထကာ အော်ဟစ်လိုက်၏။
တခြားသော တစ်စုံတစ်ယောက် ဆိုပါက သူ သိရှိချင်မှ သိရှိပေလိမ့်မည်။ သို့ပေမဲ့ ထာဝရ အစစ်အမှန် အင်မော်တယ် ဆိုသည်ကို သူက ရင်းနှီးပြီးသားဖြစ်၏။ ဤလူသည် နက်နဲအလင်းလောကကြီးရှိ ရောရုဝပြည်ကို ဖျက်ဆီးခဲ့သည့် လူများထဲမှ တစ်ယောက်ဖြစ်၏။ ၎င်းသည် လမ်းမှန် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
“ဒီလို ချီးကျူးမှုကို ကျုပ် မမျှော်လင့်ရဲပါဘူး။ ဒါတွေအားလုံးက နန်းဆောင်သခင်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ စီနီယာ တိုင်ချူးနဲ့ တာအိုရောင်းရင်းမုန့်တို့ရဲ့ အားအင်စိုက်ထုတ်မှုလည်း ပါတာပေါ့။ ကျုပ်က အခန်းကဏ္ဍ သေသေးလေးအဖြစ် ဝင်ပြီး လှုပ်ရှားခဲ့ရုံပါပဲ” ထာဝရ အစစ်အမှန် အင်မော်တယ်က အရိုးသားဆုံး ပြောလိုက်၏။
နက်နဲအလင်းလောကကြီး၏ ရောရုဝပြည်ကို သုတ်သင်ရှင်းလင်းသည့် အချိန်တွင် သူ လိုက်ပါခဲ့သည် ဆိုသော်လည်း တကယ်တမ်း အကျိုးပြုခဲ့သူသည် တိုင်ချူးနှင့် မုန့်ရှင်းကျီသာလျှင်ဖြစ်၏။ တစ်ယောက်က ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး တစ်ယောက်မှာတော့ အစီအရင်များကို ဖန်တီးခဲ့၏။ ပြန်လည် တွေးတောရမည်ဆိုလျှင် သူသည် ထိုတိုက်ပွဲ၌ ကြီးကြီးကျယ်ကျယ်နှင့် ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ထို့အရာကြောင့် သူသည် ရှက်ရွံသလိုပင် ခံစားနေမိသည်။
“တာအိုရောင်းရင်း ထာဝရက အမြင်ကျယ်လွန်းပါတယ်။ နက်နဲအလင်းလောကက ကျားခံတွင်းလိုပဲလေ။ ကျားခံတွင်းထဲကိုတောင် ဝင်ရဲတယ်ဆိုမှတော့” အဘိုးအိုသည် အပြုံးတစ်ခုကို ဖန်တီးကာဖြင့် မိတ်ဆွေဖွဲ့ချင်သည့် အမူအရာမျိုးကို ပြသခဲ့၏။
သို့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်ဆီမှ အထဲဆီသို့ သွေးများ ဖုံးလွှမ်းလျက် ရှိနေသည့် လူတစ်ယောက် ပြုတ်ကျလာခဲ့၏။ ထိုလူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျလေသည်။