← Chapters

အပိုင်း (၆၂၂)

Vol. 42 Ch. 622

အပိုင်း (၆၂၂)

Vol. 42 Ch. 622

“တာအိုရောင်းရင်းမုန့်” ထာဝရ အစစ်အမှန် အင်မော်တယ်သည် လမ်းအဆုံးဘက်တွင် ပေါ်ပေါက်လာသည့်လူကို မြင်ရချိန်မှာတော့ မျက်လုံးများ လင်းလက်သွားခဲ့၏။ အစောဏကလေးတင် သူသည် မုန့်ရှင်းကျီ အကြောင်းကို ပြောဆိုနေသေး၏။ ဤမျှ မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

“မုန့်ရှင်းကျီက စီနီယာတွေကို နှုတ်ဆက်ပါတယ်” မုန့်ရှင်းကျီသည် အဆင်မပြေသလို ခံစားနေမိ၏။ သို့ပေမဲ့ ယခုကဲ့သို့ ထိပ်တိုက်တွေ့ဆုံပြီးနောက် အသာ လစ်ထွက်သွားဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်တော့ချေ။ မတွေ့ချင်ယောင်ဆောင်ကာ ထွက်ခွာသွားမည်ဆိုပါက ကျိန်းသေပေါက် နောက်တစ်ခေါက် ပြန်လည်ဆုံတွေ့သည် ဆိုပါက ရှက်ရွံ့စရာဖြစ်ပေလိမ့်မည်။

ပြောရမည်ဆိုလျှင် သူသည် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံသည့် လူများထဲမှ တစ်ယောက်လည်း ဖြစ်၏။ ထို့ကြောင့် လမ်းမှန်ကျင့်ကြံသူများသည် သူ့ကို အကောင်းမြင်လိမ့်မည် မဟုတ်ချေ။ ထာဝရ အစစ်အမှန် အင်မော်တယ် ကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်ဆိုပါက သူသည် ငရဲလောကကြီး၏ အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် ပိုမို ကောင်းမွန်သည့် အခြေအနေ တစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။

ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် တိုင်ချူး တို့သည် အနာဂတ်တွင် အားကောင်းသည့် လူများ ဖြစ်လာမှာ သေချာ၏။ ထိုသူတို့နှင့် ပူးပေါင်းထားခြင်းအားဖြင့် ကျိန်းသေပေါက် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံထားသည့် လူများနှင့် သွေးကြွေးဆပ်သည့် အခြေအနေမျိုး၌ သူသည် အန္တရာယ်အတွင်းမှ လွတ်မြောက်နိုင်ပေလိမ့်မည်။

“တာအိုရောင်းရင်းမုန့်... ကျု်ပတို့ ခင်ဗျားအခြေအနေကို အခုလေးတင်ပဲ ဆွေးနွေးနေကြတာလေ။ မထင်မှတ် ထားအောင်ပဲ ခင်ဗျား ပြန်လာခဲ့ပြီကိုး” ထာဝရ အစစ်အမှန် အင်မော်တယ်သည် နွေးထွေးစွာဖြင့် ပြောလိုက်၏။

“အင်း” မုန့်ရှင်းကျီသည် ပြန်လည်ကာ ပြုံးပြလိုက်လေ၏။ သူ့အနေနှင့် တစ်ဖက်လူများ ပြောဆိုခဲ့သည့် စကားများကို အစောကြီးကတည်းက ကြားပြီးပြီဖြစ်၏။ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ကျင့်ကြံရန်အတွက် လုံလောက်သည့် အရင်းအမြစ်များကို လိုချင်လျက် ရှိနေ၏။ တော်ဝင်အင်ပါယာ အလယ်အလတ်အဆင့်သာ ရှိသော လူတစ်ယောက်အနေနှင့် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ရောက်ရှိရန် ဆိုသည်မှာ အလွန်တရာ အလှမ်း ဝေးကွာလှသည်။

ထို့ကြောင့် ထိုသူများအား ကူညီကာ အရင်းအမြစ်များ ပေးအပ်လိုက်ခြင်း ဆိုသည်မှာ အလကားနေ အလကား မိမိအိတ်ထဲမှာ အရာများအားလုံးကို စတေးလိုက်ခြင်းနှင့် ဆင်တူ၏။ မုန့်ရှင်းကျီသည် ထိုကဲ့သို့ ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည့် အရာများကို ကျိန်းသေပေါက် ပြုလုပ်လိမ့်မည် မဟုတ်ချေ။ သူသည်သာ အန္တိမလမ်းစဉ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် အခြေအနေမျိုးဆိုလျှင် တစ်မျိုးဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေက ဤကဲ့သို့ မဟုတ်ချေ။

“ရောင်းရင်းလေးက ပြည့်စုံတဲ့ အချိန်မှာ ရောက်လာခဲ့တာပဲ။ ပြောရမယ်ဆိုရင် ဒီနေ့ လာရောက် လည်ပတ်မှုက စီနီယာနန်းဆောင်သခင်ကို လာတွေ့တာ မဟုတ်လား။ ကျုပ်တို့နဲ့ အတူတူ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ကြရအောင်” တိုင်ချူးက အကြံပြုလိုက်၏။

ထိုအရာကို ကြားသည့်အချိန်မှာတော့ မုန့်ရှင်းကျီ၏ အမူအရာ တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ သူသည် ကြောင်အအနှင့် ရယ်မောလိုက်သည်။ “ကျုပ်ရဲ့ အားအင်အဆင့်က မသိသာလှပါဘူး။ ဒါကြောင့် စီနီယာတို့ရဲ့ ကိစ္စကြီးကို ဝင်ပြီး မနှောက်ယှက်တော့ပါဘူး။ ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို မဝင်ခင် ဒီနေရာမှာပဲ ခဏစောင့်နေလိုက်တော့မယ်”

“ကောင်းပြီ” တိုင်ချူးသည် ဆက်လက်ကာ မပြောဆိုတော့ချေ။ အားလုံးသော သူတို့သည် မိမိ၏ အတွေးအမြင်နှင့် ကိုယ်ပိုင်စိတ်ကူးဟူ၍ ရှိ၏။

တာအိုရောင်းရင်းမုန့်သည် ဤကဲ့သို့သော ကိစ္စမျိုးတွင် ပါဝင်ပတ်သက်ရန် စိတ်ပါ ဝင်စားမှု မရှိသည် ဆိုပါက သူ ကျိန်းသေပေါက် နားလည်ပေးနိုင်၏။ သူ့အနေနှင့် တစ်ဖက်လူဆီမှ အရင်းအမြစ်များ ကို တောင်းခံချင်သည် လုပ်သင့်သည့်အလုပ်မျိုး မဟုတ်ချေ။ ထို့အတူ တခြားသောသူများဆီမှ အရင်းအမြစ်များကို အတင်း လုယက်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။

ထာဝရ အစစ်အမှန် အင်မော်တယ်သည် အသာ သက်ပြင်းချလိုက်ပြီးသည့်နောက် မည်သည့် စကားကိုမှ မပြောခဲ့ချေ။

ဤအတောအတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင် အတွင်းမှာတော့ ဝမ်ချီသည် အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေ၏။ ပြီးနောက် နှောင့်နှေးစွာဖြင့် မေးမြန်းလိုက်သည်။ “စီနီယာ... ဒီအခြေအနေမှာ သခင်လေးကို စိတ်ပြောင်းအောင် လုပ်လို့ရမယ့်နည်းလမ်း ရှိသေးလား”

သခင်လေး၏ ကာကွယ်စောင့်ရှောက်သူများ အနေနှင့် သူတို့သည် သခင်လေး လမ်းမှားရောက်ရှိသွားသည့် အကြောင်းအရာနှင့် ပတ်သက်၍ တာဝန် ဝတ္တရား ရှိလို့နေခဲ့၏။ လျှိုကလန်မှ အကြီးအကဲများ လာရောက် မေးမြန်းပါက ကျိန်းသေပေါက် ကျန်းကျန့်ဖန်နှင့် တခြားသော အင်မော်တယ်အဆင့် ကျင့်ကြံသူများသည် လွတ်လမ်းဟူ၍ ရှိလိမ့်မည် မထင်ချေ။

“အင်း”

လီယွင်သည် တစ်ချက်ကလေးမှ နှောင့်နှေးခြင်း မရှိဘဲ ပြန်လည်ကာ ဖြေဆိုလိုက်၏။ “ခင်ဗျားတို့ သခင်လေးက အဆင့်တက်နိုင်ဖို့အတွက် အရမ်းကို စိတ်ဆန္ဒ ကြီးမားနေတယ်။ သူ့ကို မျှော်လင့်ချက်တချို့ ပြပြီးတော့ ငရဲလောက အမွေအနှစ်တွေကို ကိုင်ဆောင်ထားတဲ့ အကျိုးရလဒ်က မကောင်းမွန်တဲ့အကြောင်းကို ပြောဆိုနိုင်မယ်ဆိုရင် သူ စိတ်ပြောင်းသွားလိမ့်မယ်”

“အမ်”

ဝမ်ချီ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ အခြေအနေသည် တကယ့်ကို စိန်ခေါ်မှု များပြားလွန်းလှ၏။ သခင်လေး၏ အားအင်အဆင့်သည် အင်မော်တယ်ဘုရင်အဆင့်တွင် တည်ရှိလို့ နေခဲ့၏။ ထို့ကြောင့် သခင်လေး သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို တက်လှမ်းနိုင်မည့် မျှော်လင့်ချက် ရှိလို့နေသည်ဆိုခြင်း သဘောပင်။ ထို့အတွက် ကုန်ကျစရိတ်သည် ကြီးမားလွန်းလှ၏။ လျှိုကလန် ကဲ့သို့သော ကြီးမားသည့် အင်အားစုပင်လျှင် သခင်လေးအား ဤကဲ့သို့သော အဆင့်ရောက်အောင် ထောက်ပံ့နိုင်သည့် အရင်းအမြစ်များ မရှိချေ။

ငရဲလောက၏ အမွေအနှစ်များကို ရရှိထားခြင်းမှ စွန့်လွှတ်ရန် ပြောဆိုခြင်းမှာတော့ လွယ်ကူသည့် အရာမျိုး မဟုတ်ပေ။ ထို့အပြင် သူတို့သည် ထျန်းမင်တောင်၏ သခင်အား ကျော်လွန်၍ မည်သည့်စကားမှ ပြောဆို၍ ရမည်မဟုတ်ကြောင်း နားလည်ထား၏။

“ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ဖြေရှင်းနည်း ရှိပါသေးလား စီနီယာ”

ဝမ်ချီက အသာမေးမြန်းလိုက်၏။ လက်ရှိ အခြေအနေတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်သာလျှင် ဖြစ်တော့၏။ တခြားသော အခွင့်အရေး ဆိုသည်မှာ မရှိတော့ချေ။

“အင်း.. ရှိတာပေါ့”

လီယွင်က တီးတိုး ရေရွတ်လိုက်၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့ နှစ်ယောက်ရဲ့ လက်ရှိ ချမ်းသာကြွယ်ဝမှုကို ကြည့်ရမယ်ဆိုရင် တတ်နိုင်မှာ မဟုတ်ဘူး”

“ကျုပ် နားလည်ပါပြီ”

ဝမ်ချီက သက်ပြင်းချလိုက်၏။ သူနှင့် ကျန်းကျန့်ဖန်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဆုံသွားမိ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် အကူအညီမဲ့မှုကို တစ်ယောက်က မြင်နေရ၏။

လက်ရှိအချိန်တွင် သူတို့၌ တခြားနည်းလမ်း မရှိတော့ချေ။ သခင်လေးသည် ထျန်းမင်တောင် သခင်နှင့် ပူးပေါင်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူသည် အင်မော်တယ်ဘုရင် ဖြစ်သွားပြီ ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိရှိသွားကြ၏။ ထို့ကြောင့် အရင်းအမြစ်များကို အသုံးပြုရန် သူတို့ စိတ်ပါဝင်စားမှု မရှိတော့ချေ။ ပြောရမည်ဆိုလျှင် သူတို့သည် လမ်း၏ အဆုံးတစ်နေရာသို့ ရောက်ရှိသွားသကဲ့သို့ပင်။

“အင်း.. အချိန်အတော်ကြာကြီး စီနီယာကို ဒုက္ခပေးခဲ့မိပါပြီ။ ကျုပ်တို့ အခု ထွက်သွားပါတော့မယ်” ဝမ်ချီသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ဦးညွတ်လိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အစောကြီး ကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးဖြစ်၏။ သူတို့တွင်လည်း အရင်းအမြစ်များ မကျန်တော့ချေ။ ထို့ကြောင့် ဤနေရာတွင် နေထိုင်ခြင်းဖြင့် အသုံးဝင်သည့် သတင်းအချက်အလက်များကို ထပ်မံရရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ထွက်ခွာသွားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

တခြားသော ကာကွယ်စောင့်ရှောက်သူများနှင့် ဆွေးနွေးပြီး ဤအခြေအနေကို မည်ကဲ့သို့ ဖြေရှင်းရမည် ဆိုခြင်းကို ဆုံးဖြတ်ရပေလိမ့်မည်။ လျှိုကလန်ကို သတင်းပေးပို့ခြင်း သို့မဟုတ် သခင်လေး ဘေးဘက်တွင် ရပ်တည်ပြီး ထျန်းမင်တောင်သခင်နှင့် ပူးပေါင်းခြင်း၊ မည်သည့်အရာကို ပြုလုပ်ရမည် ဖြစ်ကြောင်းကို သူတို့ စဉ်းစားရပေမည်။

“ကောင်းပြီ”

လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် ထိုနှစ်ယောက်ကို တစ်ချက် လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ကျုပ် ခင်ဗျားတို့ကို လိုက်မပို့တော့ဘူး”

၎င်းထွက်ခွာသွားချင်းမှာပဲ လီယွင်သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ ထို့ကြောင့် ထပ်ပြောလိုက်သည်။ “ဒီနေ့ ကျုပ် ခင်ဗျားတို့ကို နောက်ထပ် သတင်းအချက် အလက် တစ်ခု ပေးလိုက်မယ်။ တကယ်လို့ မလိုအပ်ဘူးဆိုရင် ခင်ဗျားတို့ တော်ဝင်သဲကန္တာရမြို့ထဲမှာပဲ နေဖို့သင့်တယ်”

“ဟမ်”

ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့သည် လှမ်းနေသည့် ခြေလှမ်းများ တွန့်သွားမိ၏။ ပြီးနောက် ဇဝေဇဝါဖြင့် မေးမြန်းလိုက်မိ၏။ “စီနီယာ... ဘာကို ဆိုလိုတာလဲ”

“အင်း.. ဒါက အဓိပ္ပာယ်ရှိတဲ့ အမှာစကား တစ်ခုလို့ပဲ မှတ်လိုက်” လီယွင်သည် ထပ်မံကာ မရှင်းပြတော့ချေ။ သူ၏ လက်ကိုသာ ယမ်းခါလိုက်သည်။

“အင်း.. လမ်းညွှန်ပြသမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ” ထိုနှစ်ယောက်တို့သည် ဇဝေဇဝါနှင့်ပင် ကျေးဇူးတင်စကားကို ပြောဆိုကာဖြင့် ထွက်ခွာသွားကြလေသည်။

All Chapters