အပိုင်း (၆၂၃)
Vol. 42 Ch. 623
ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ဆီသို့ လှမ်းလျှောက် ထွက်သွားပြီးသည့်နောက် အပြင်ဘက်တွင် စောင့်လျက် ရှိနေသည့် တိုင်ချူးနှင့် တခြားသောသူများကို ဖြတ်ကျော်သွား၏။
“ဟမ်”
ကျိူးကလန်၏ ဘိုးဘေးသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ထွက်ခွာသွားသည့် လူများကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ထူးဆန်းသည့် ခံစားချက်များကို ရရှိနေ၏။ ရင်းနှီးသလို၊ မရင်းနှီးသလို ခံစားချက်မျိုးပင်။ ကြည့်ရသည်မှာ နက်နဲလျှို့ဝှက်လောကမှ လောကသားများ မဟုတ်ပုံတော့ပေါ်သည်။
“ထူးဆန်းလိုက်တာ” ကျိုးကလန်၏ ဘိုးဘေးက တီးတိုးရေရွတ်လိုက်၏။
“ခင်ဗျား တစ်စုံတစ်ခုကို သတိပြုမိလို့လား တာအိုရောင်းရင်း” တိုင်ချူးသည် ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး။ ကျုပ် အတွေးလွန်တာလည်း ဖြစ်နိုင်တယ်” ကျိူးကလန်၏ ဘိုးဘေးသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် သူသည် ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့ ထွက်ခွာသွားရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူများသည် လမ်း၏ထောင့် တည်နေရာစွန်းတွင် ပျောက်ကွယ်သွားခဲ့ကြ၏။
“အင်း... ထျန်းမင်တောင်သခင် ထွက်ပေါ်လာပြီးတဲ့နောက်မှာ စွမ်းအားမြင့် ကျင့်ကြံသူတွေက ပုန်းကွယ်ပြီး မနေနိုင်တော့ဘူးပဲ” တိုင်ချူးက တီးတိုး ရေရွတ်လိုက်၏။ သူသည် ထွက်ခွာသွားခဲ့သည့် ဝမ်ချီနှင့် ကျန်းကျန့်ဖန် တို့ကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။
နှစ်ယောက်လုံးသည် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး အန္တိမအဆင့်၏ ထိပ်ဆုံး ကျင့်ကြံခြင်း အဆင့်ကိုပင် ရောက်ရှိလျက် ရှိနေ၏။ ထပ်မံကာ အဆင့်ချိုးဖြတ်နိုင်မည် ဆိုလျှင် ၎င်းတို့သည် ပါရမီရှင် အင်မော်တယ်ဘုရင်များ ဖြစ်လာပေလိမ့်မည်။ ကံဆိုးစွာဖြင့် ဤနှစ်ယောက်တို့သည် သူတို့နှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ချင်သည့် စိတ်ဆန္ဒရှိပုံ မပေါ်ချေ။ အလျင်စလိုနှင့် ထွက်ခွာ သွားခဲ့ကြ၏။
“အင်း... ဟုတ်တယ်”
ကျိုးကလန်၏ ဘိုးဘေးသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အခု ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲက လူတွေ ထွက်ခွာသွားခဲ့ကြပြီလေ။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ ဝင်ပြီး ဂါရဝပြုဖို့ အချိန်ကျပြီနဲ့ တူတယ်”
သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ပထမဦးဆုံး ဝင်ရောက်ခြင်းဖြစ်၏။ ထို့ကြောင့် ဒဏ္ဍာရီလာ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်ကို သူက စိတ်ဝင်စားလျက် ရှိနေ၏။
“အရမ်းကောင်းတာပေါ့” တိုင်ချူးက ခေါင်းညိတ်လိုက်သည်။
……….
တစ်ချိန်တည်းမှာပဲ တော်ဝင်သဲကန္တာရမြို့၏ တည်နေရာအစပ်၊ ကျန်းကျန့်ဖန်နှင့် ဝမ်ချီတို့သည် ၎င်းတို့၏ ခြေထောက်အောက်တွင် ရှိနေသည့် တိမ်ပင်လယ်ကဲ့သို့သော တည်နေရာကြီးကို လှမ်းကာ ကြည့်ရှုရင်း နဝေတိမ်တောင် ဖြစ်မိနေကြ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ နောက်ဆုံးစကားကို ကြည့်ရတာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေပုံပဲ” ဝမ်ချီက ဇဝေဇဝါ ဖြစ်မိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ဂုဏ်သိက္ခာ အရဆိုလျှင် ၎င်း၏ စကားများသည် တကယ့်ကို မှန်ကန်မှာ သေချာ၏။ တစ်ဖက်လူသည် သူတို့အား တော်ဝင်သဲကန္တာရမြို့တွင် နေထိုင်ရန် အကြံပြုခဲ့၏။ ဤအရာမှာ အကြောင်းကိစ္စ တစ်ခု ရှိရပေလိမ့်မည်။
သို့ပေမဲ့ အဓိက မေးချင်သည်မှာ ဘာအကြောင်းကိစ္စနည်း။
တော်ဝင်သဲကန္တာရမြို့မှ ထွက်ခွာသွားမည်ဆိုလျှင် အန္တရာယ်ကို တွေ့ရမည်လား။ ထို့အပြင် တော်ဝင်သဲကန္တာရမြို့ သည် လက်ရှိအခြေအနေတွင် အလုံခြုံဆုံးသော နေရာသာလျှင်ဖြစ်၏။ အင်မော်တယ်ဘုရင် တစ်ယောက်ပင်လျှင် ဤတည်နေရာ၌ အဆင်ခြင်မဲ့စွာ လာရောက် မပြုလုပ်ရဲမှတော့ သူတို့ ဤတည်နေရာတွင် နေထိုင်သည်ဆိုလျှင် ထျန်းမင်တောင်၏ သခင်ကို သူတို့ ရင်ဆိုင် ရလိမ့်မည် မဟုတ်ချေ။
“အင်း... ကျုပ်တို့ကို လက်ရှိ အရှုပ်အထွေးထဲ ရောက်သွားတာမျိုး မဖြစ်စေချင်ဘူးနဲ့ တူတယ်” ကျန်းကျန့်ဖန်က တီးတိုးရေရွတ်လိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ထျန်းမင်တောင်သခင် ကျုပ်တို့ကို ထိခိုက်နာကျင်အောင် လုပ်မှာကို စိုးရိမ်နေတယ်လို့ ခင်ဗျား ထင်လို့လား”
ဝမ်ချီ၏ မျက်လုံးများက လင်းလက်သွားသည်။ သူသည် တစ်စုံတစ်ခုကို ခန့်မှန်းလိုက်မိ၏။ ထို့ကြောင့် တစ်စုံတစ်ခုကို ထကာ ပြောဆိုလိုက်၏။ “ထျန်းမင်တောင်သခင်က ကျုပ်တို့ကို သတ်မှာလား”
ကျန်းကျန့်ဖန်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးသည့်နောက် ခေါင်းညိတ်လိုက်၏။ “မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သခင်လေးက အစောကြီတည်းက ထျန်းမင်တောင်ရဲ့ ဒုတိယတောင်သခင် ဖြစ်သွားခဲ့ပြီ။ ဒီတော့ သူ့ဆီမှာ အဆက်အသွယ် တချို့တလေတော့ ရှိလိမ့်မယ်။ ထျန်းမင်တောင်သခင်က ကျုပ်တို့နှစ်ယောက်ကို တိုက်ခိုက် မှာတော့ မဟုတ်လောက်ဘူး။”
တခြားသော လောကမှ အဆင့်တူ ကျင့်ကြံသူချင်းဆိုပါက ၎င်းတို့ကို တိုက်ခိုက် အနိုင်ယူ နိုင်လိမ့်မည် မဟုတ်ချေ။ အင်မော်တယ်ဘုရင်များသည်သာ သူတို့ကို သတ်ဖြတ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ လက်ရှိ ဤလောကကြီးများထဲတွင် အင်မော်တယ်ဘုရင်ဆိုသည်မှာ အနည်းငယ်သာလျှင် တည်ရှိ၏။ ထျန်းမင်းတောင်သခင်နှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သော သူတို့ မသိသည့် တစ်စုံတစ်ယောက်ပင်။
လက်ရှိ အဆင့်ချိုးဖြတ်လာခဲ့သည့် အင်မော်တယ်ဘုရင်များ အကြောင်းကို စဉ်းစားမိသည် ဆိုလျှင်တောင်မှ သူတို့ကို ထိုသူများသည် အန္တရာယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ နှစ်ယောက် အပြင်ဘက်ကို ထွက်ခွာသွားမည်ဆိုလျှင် အန္တရာယ် မရှိသလောက်နီးပါးဟု ပြောဆို၍ရသည်။
“အင်း... ပြောဖို့တော့ ခက်တယ်”
ဝမ်ချီသည် မျက်မှောင်ကုတ်လိုက်၏။ ပြီးသည့်နောက် လေးလေးနက်နက်နှင့် ပြောလိုက်၏။ “ကျုပ်ရဲ့ အထင်အရဆိုရင် သခင်လေး ထျန်းမင်တောင်ကို ပူးပေါင်းဝင်ရောက်လိုက်တာ ရှောင်လွဲလို့ မရတဲ့ အကြောင်းအရာ တစ်ခုကြောင့်လည်း ဖြစ်လိမ့်မယ်။ ထျန်းမင်တောင်သခင်က သခင်လေး ထွက်ခွာသွားနိုင်မယ့် လမ်းတွေကို ပိတ်ပင် တားဆီးထားတာမျိုး၊ တစ်စုံတခုနဲ့ အကျပ်ကိုင်ထားတာမျိုးလည်း ဖြစ်နိုင်တယ်”
“ဒါက”
ကျန်းကျန့်ဖန်သည် အတွေးနက်သွားမိ၏။ သူ့အနေနှင့် ဝမ်ချီ ပြောခဲ့သည်များမှာ အဓိပ္ပာယ်ရှိကြောင်း ဝန်ခံချင်မိ၏။ သူတို့သည် သခင်လေး၏ အရင်ဘဝကတည်းက နောက်လိုက်များ ဖြစ်ခဲ့၏။ လက်ရှိ အခြေအနေတွင်လည်း ကာကွယ်စောင့်ရှောက်သူများအဖြစ် အလုပ်အကျွေး ပြုနေ၏။ သူတို့၏ကြား ခံစားချက် များသည် သာမန် မဟုတ်ချေ။ သူတို့၏ သခင်လေးသည် ကျိန်းသေပေါက် သူတို့ကို ထိခိုက် နာကျင်အောင် လုပ်မှာ မဟုတ်ပေ။ သို့ပေမဲ့ ထျန်းမင်တောင်သခင်၊ ထိုသူကတော့ မသေချာလှချေ။ ကျိန်းသေပေါက် သူတို့ မည်သည့် နေရာတွင် ရှိနေသည်ကို စုံစမ်းပြီးသည့်နောက် သတ်ဖြတ်ရန် ပြင်ဆင်နေပေလိမ့်မည်။
“ဒီလိုဆိုမှတော့ အပြင်ဘက်မှာ ရှိနေတဲ့ တာအိုရောင်းရင်း အနည်းငယ်တို့က အန္တရာယ်ကြီး ကျနေပြီပေါ့” ကျန်းကျန့်ဖန်က စဉ်းစားလိုက်မိသည်။ ၎င်းတို့နှစ်ယောက်သည် တော်ဝင်သဲကန္တာရမြို့သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကပ်ဘေးကြီးမှ လွတ်မြောက်နိုင်၏။ သို့ပေမဲ့ အပြင်ဘက်တွင် ကျန်ရှိခဲ့သည့် လူများမှာတော့ ကံဆိုးသွား၏။ ထျန်းမင်တောင်သခင်၏ ပြစ်မှတ်ထားခံရသည်ဆိုပါက ကျိန်းသေပေါက် ထွက်ပြေးလွတ်မြောက် နိုင်မည့် နည်းလမ်းဟူ၍ မရှိပေ။
“ပြီးတော့ သခင်လေးက ဘာကိစ္စပဲရှိရှိ ထျန်းမင်တောင်ထဲ ဝင်ရောက်ခဲ့ပြီလေ။ ဒါ ရောရုဝပြည်နဲ့ ပူးပေါင်းလိုက်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သခင်လေးရဲ့ ကာကွယ်စောင့်ရှောက်သူတွေ အနေနဲ့”
ကျန်းကျန့်ဖန်သည် တွန့်ဆုတ်သွား မိ၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ကျုပ်တို့ လျှို့ကလန်ကို သတင်းပေးသင့်တယ်”
လျှိုချင်းယု၏ ကာကွယ်စောင့်ရှောက်သူများ ဖြစ်သည်နှင့်အညီ သူတို့သည် ကြီးမားသည့် တာဝန် ဝတ္တရားများကို ထမ်းဆောင်ရ၏။ လျှိုချင်းယု ဘာကိုပဲလုပ်လုပ် သူတို့သည် လျှိုကလန်ကို သတင်းပေးပို့ရန် လိုအပ်နေ၏။ ဤကဲ့သို့ ငရဲလောကသို့ ပူးပေါင်းသွားခဲ့သည့် အကြောင်းရင်း ကိစ္စရပ်မျိုးဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။
သခင်လေး၏ ယခင်တုန်းက နောက်လိုက်များ ဖြစ်ခဲ့သည် ဆိုလျှင်တောင်မှ သူတို့သည် ယခု အခြေအနေ၌ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ အားလုံးကို ကောင်းကောင်း နားလည်ခဲ့ပြီးသား ဖြစ်၏။ လျှိုကလန် ဆီသို့သာ ထိုသတင်း ရောက်ရှိသွားသည်ဆိုပါက ဘာတွေဖြစ်မည်ကို သူတို့ ခန့်မှန်းရန် ခက်ခဲလှ၏။ သို့ပေမဲ့ သခင်လေးသည် ကျိန်းသေပေါက် လက်စားချေ တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရမှာ သေချာသည်။
ထို့အပြင် အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသည့် လူများသည် ငရဲလောကကို မည်သို့မှ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ တော်တော်မျာများတို့သည် အမှားအယွင်း တစ်ခုတစ်လေအား လက်လွှတ်ခြင်းထက် သတ်ဖြတ် လိုက်ခြင်းအား ပိုမို ခုံမင်သည် မဟုတ်ပါလား။ လျှိုချင်းယုတစ်ယောက် ငရဲလောကနှင့် ပတ်သက် ဆက်နွယ် နေသည်ကို သိရှိမည်ဆိုပါက ကျိန်းသေပေါက် တည်နေရာမှာတင် ချက်ချင်း သတ်ဖြတ်ပစ်ပေလိမ့်မည်။
ဝမ်ချီသည် သက်ပြင်းကို ချကာဖြင့် ပြောလိုက်၏။ “သွားကြရအောင်။ အပြင်မှာရှိတဲ့ တာအိုရောင်းရင်း ကျင့်ကြံသူတွေကို သွားခေါ်ကြရအောင်။ သူတို့ရောက်လာပြီဆိုမှ ကျုပ်တို့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရ မလဲဆိုတာ ဆွေးနွေးကြမယ်”
“ကောင်းပြီ” ကျန်းကျန့်ဖန်က ခေါင်းညိတ်လိုက်မိ၏။ သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စကားကို စိတ်ထဲတွင် ထားကြ၏။ ထို့အပြင် ကောင်းကင်မူလလောကကြီးထဲက မထွက်ခွာရသေးဘဲ တော်ဝင်သဲကန္တာရ မြို့မှ ထွက်ခွာရုံသာရှိ၏။ ထို့ကြောင့် ပြဿနာ ဖြစ်လိမ့်မည်ဟု မထင်ချေ။
ထို့အပြင် ထျန်းမင်တောင်သခင်သည် လက်ရှိ နက်နဲလျှို့ဝှက်လောကတွင်သာ တည်ရှိ၏။ ကောင်းကင်မူလ လောကကြီးဆီသို့ လာ၍ အာရုံစိုက်ကာ လှုပ်ရှားတိုက်ခိုက်ရဲနေမည်ဟု သူတို့ မထင်ချေ။