← Chapters

အပိုင်း (၆၂၄)

Vol. 42 Ch. 624

အပိုင်း (၆၂၄)

Vol. 42 Ch. 624

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက် မိုင်တစ်သန်း အကွာအဝေး နီးပါးလောက်တွင် ဝမ်ချီသည် ရုတ်တရက် လှမ်းလျှောက်နေရာမှ ရပ်တန့်လိုက်၏။ သူသည် မျက်မှောင်ကို ကုတ်ကာဖြင့် ပြောလိုက်၏။ “တစ်စုံတစ်ခုကတော့ မှားနေပြီ”

“ဘာဖြစ်လို့လဲ” ကျန်းကျန့်ဖန်သည် ဇဝေဇဝါဖြင့် ပြန်လည်ကာ မေးမြန်းလိုက်သည်။

“ကျုပ် တခြားတာအိုရောင်းရင်းတွေကို သတင်းပေးပို့လိုက်တယ်။ ဒါပေမဲ့ ဒီလောက်တောင် ကြာနေပြီ။ တစ်ယောက်ဆီကမှ သတင်းပေးပို့မှု မရသေးဘူးလေ” ဝမ်ချီသည် လေးလေးနက်နက်နှင့် ပြောလိုက်၏။

ယုတ္တိဗေဒအရဆိုလျှင် သတင်းပေးပို့ရသည့် ကျောက်စိမ်းပြားသည် လူတစ်ယောက်ချင်းစီ သယ်ဆောင်သွားခဲ့သည့် အရာဖြစ်၏။ ထို့ကြောင့် အားလုံးသောသူတို့ မမြင်တွေ့ ဆိုသည်မှာ အဓိပ္ပာယ် မရှိလှချေ။ တစ်စုံတစ်ယောက် အနေနှင့် တံခါးပိတ် ကျင့်ကြံသွားသည် ဆိုလျှင်တောင်မှ တခြားသော သူများသည် ကျောက်စိမ်းပြားပေါ်ရှိ သတင်းအချက်အလက်များကို ကောင်းကောင်း သိရှိနိုင်၏။ သို့ပေမဲ့ သူတို့၏ တာအိုရောင်းရင်း အားလုံးသည် အလုံးစုံ မည်သူမှ သတိမပြုမိပုံပင်။ မည်သို့ပင်ကြည့်ကြည့် ဤအရာသည် ပုံမှန် မဟုတ်ချေ။

“အင်း... သူတို့ တံခါးပိတ် ကျင့်ကြံနေတာကော မဖြစ်နိုင်ဘူးလား”

ကျန်းကျန့်ဖန်သည် တအံ့တဩဖြင့် မေးမြန်းလိုက်၏။ သူသည် ပြောဆိုနေတုန်းမှာပဲ ချက်ချင်း ထိုစကားစုကို ဖယ်ရှားလိုက်မိ၏။ အားလုံးသောသူတို့သည် အရေးကြီးအခြေအနေကို ရင်ဆိုင်နေရ၏။ တံခါးပိတ် ကျင့်ကြံရန် အချိန်အခါကောင်း မဟုတ်သည်ကို အရူးပင်လျှင် သိရှိနိုင်၏။

“ဖြစ်နိုင်တာက .....”

ကျန်းကျန့်ဖန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ ပြီးနောက် သူက တီးတိုးရေရွတ်လိုက်၏။ “ထျန်းမင်တောင်သခင် သူတို့ကို ရှာတွေ့သွားတာလား”

ကျောက်စိမ်းပြားနှင့် သတင်းပေးပို့လိုက်ခြင်းတွင် တုံ့ပြန်မှု မရခဲ့ချေ။ ထို့ကြောင့် ဖြစ်နိုင်ဖွယ်ရာ သုံးခုရှိ၏။ ပိုင်ရှင်သည် တံခါးပိတ် ကျင့်ကြံခြင်း သို့မဟုတ် သတင်း ပေးပို့သည် ကျောက်စိမ်းပြား ပျောက်ဆုံးသွားခဲ့ခြင်း သို့မဟုတ် သေဆုံးသွားခဲ့ခြင်း။

တံခါးပိတ်ကျင့်ကြံခြင်းက မဖြစ်နိုင်ချေ။ ကျောက်စိမ်းပြား ပျောက်ဆုံးသွားခဲ့ခြင်း ဆိုသည်ကပင်လျှင် အနည်းနှင့် အများ ဖြစ်နိုင်၏။ သို့ပေမဲ့ ထိုအရာကလည်း လက်ရှိ အခြေအနေတွင် ဖြစ်နိုင်သည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ရသည့် ကိစ္စရပ်မျိုး၌ အရေးပါသည့် အရာတစ်ခု ဖြစ်သောကြောင့် မဖြစ်မနေ ကိုယ်နှင့်မခွာ ထားရသည့် အရာမျိုး ဖြစ်နေ၏။ ထို့ကြောင့် ဖြစ်နိုင်ဖွယ်ရာသည် တစ်ခုတည်းသာလျှင် ကျန်ရှိတော့၏။ တတိယ ဖြစ်နိုင်ဖွယ်ရာပင်။ သေဆုံးခြင်း။

“မဖြစ်နိုင်ဘူး” ဝမ်ချီသည် မသေချာ၊ မရေရာသလို ပြောလိုက်၏။ သခင်လေး ဖမ်းဆီးခံရပြီး ကတည်းက သူတို့သည် နက်နဲအလင်းလောကကြီးထဲတွင် နေထိုင်ရန်သာ ရွေးချယ်ခဲ့၏။ ထျန်းမင်တောင်၏ သခင်သည် အဘယ်သို့ သူတို့ နေထိုင်သည့် တည်နေရာကို သိရှိမည်နည်း။

ဖြစ်နိုင်သည်မှာ သခင်လေးသည် ထျန်းမင်တောင် သခင်နှင့် ပူးပေါင်းခဲ့ပြီးသည့်နောက် ၎င်းတို့အား ရန်သူအဖြစ် သတ်မှတ်လိုက်ခြင်းပင်။ ဤဖြစ်နိုင်ချေသည် သူတို့ကို မိုးကြိုးပစ်သကဲ့သို့ပင် ခံစားရစေ၏။ သူတို့သည် မယုံကြည်နိုင်သလို ဖြစ်မိနေသည်ဆိုသော်လည်း တကယ့်အကြောင်းအရာများသည် ထိုကဲ့သို့ ဖြစ်နေသည်ကို ပြသလျက် ရှိနေ၏။

နက်နဲအလင်းလောကကြီး၏ ကျယ်ပြောသည့် တည်နေရာကြီးကို ကြည့်ရှုရမည်ဆိုလျှင် ထျန်းမင်တောင် သခင်သည် သူတို့ကို ရှာဖွေချင်သည် ဆိုလျှင်တောင်မှ အချိန်အနည်းငယ် ယူရမှာဖြစ်၏။ သို့ပေမဲ့ တခြားသော တာအိုရောင်းရင်းများသည် အချိန်အတိုင်းတာတိုအတွင်း ပျောက်ကွယ်သွားခဲ့ပြီး သူတို့ဆီသို့ ဘာသတင်း အချက်အလက်မှ မပို့တော့ချေ။ သခင်လေးသည်သာ တစ်ဖက်လူကို လျှို့ဝှက်ကူညီခဲ့သည်ဆိုပါက သူတို့အတွက် ကျိန်းသေပေါက် အခွင့်အရေး ရှိတော့မည် မထင်ချေ။

“အင်း.. ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ကို တော်ဝင်သဲကန္တာရမြို့က မလိုအပ်ရင် မထွက်နဲ့လို့ ပြောတာ ဒါကြောင့်များလား” ကျန်းကျန့်ဖန်သည် ရုတ်တရက် နားလည်လိုက်၏။

ယခင်တုန်းက သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ နောက်ကွယ်တွင် ရှိနေသည့် စကားစုများ၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားမလည်ခဲ့ချေ။ သို့ပေမဲ့ သူတို့ နှစ်ယောက်သည် လက်ရှိအချိန်တွင် ဖြစ်တည် နေသည့် အကြောင်းအရာများကို စဉ်းစားပြီးသည့်နောက် ဤကဲ့သို့သော ဖြစ်နိုင်ချေက ပိုမိုကာ များပြားလာသည်။

ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဖြစ်နိုင်မည်ဆိုပါက တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်သို့ မထွက်ရန် အကြံပြုခဲ့၏။ ထွက်ခွာသည်ဆိုပါက ကျိန်းသေပေါက် သေခြင်းတရားနှင့် ကြုံဆုံရမည် ဆိုသည့် အဓိပ္ပာယ်များလား မသိနိုင်ချေ။ ဤနက်နဲသည့် နောက်ကွယ်မှ အကြောင်းအရာကို အဓိပ္ပာယ် ကောက်မိ ပြီးသည့်နောက် ကျိန်းသေပေါက် သူတို့သည် ရှောင်ရှားရပေတော့မည်။

သူတို့၏ တာအိုရောင်းရင်းများဆီသို့ သတင်းပေးပို့မှုကလည်း မည်သို့မှ အဆင်မပြေခဲ့ချေ။ သူတို့၏ တာအိုရောင်းရင်းများသည် မည်သည့်အချိန်က သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းကိုပင် သူတို့ မသိနိုင်ခဲ့ချေ။ သူတို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်သည့် အချိန်တွင် သူတို့၏ သခင်လေးနှင့် ထျန်းမင်တောင် သခင်တို့သည် နက်နဲအလင်းလောကဆီမှ ထွက်ခွာခဲ့ပြီလား။ အင်မော်တယ်ဘုရင်တစ်ယောက်၏ အမြန်နှုန်းအရ ဆိုလျှင် ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိရန် ဆိုသည်မှာ အချိန်ခဏသာ ကြာမြှင့်နိုင်၏။

“ဒီလိုပဲ ဖြစ်နိုင်တယ်”

အကျိုးသင့် အကြောင်းသင့်ကို နားလည်ပြီးသည့်နောက် ဝမ်ချီ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် တည်ကြည်လေးနက်သွားခဲ့၏။ သခင်လေးသည်သာ တကယ်တမ်း ထျန်းမင်တောင်ဆီသို့ စိတ်ရောကိုယ်ပါ ပူးပေါင်းကာ ဝင်ရောက်လိုက်ပြီး ယခင် ငရဲလောကကို ပြန်လည် တည်ဆောက်ရန် ကြိုးစားချင်သည် ဆိုပါက သူတို့နှစ်ယောက်သည် ကျိန်းသေပေါက် ကောင်းမွန်သည့် အခြေအနေမျိုးကို ကြုံရတော့မည် မဟုတ်ချေ။

“ကျုပ်တို့ တော်ဝင်သဲကန္တာရမြို့ကို အမြန်ဆုံး ပြန်သင့်တယ်။ ပြီးတော့ သခင်လေးတစ်ယောက် ထျန်းမင်တောင်နဲ့ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းကို လျှိုကလန်ဆီ ကျုပ်တို့ သတင်းပို့ရမယ်” ဝမ်ချီက တီးတိုးပြောလိုက်၏။

သူတို့သခင်လေးသည် မသေဆုံးသေးချေ။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် အပြစ်ပေးမှု တချို့ကို ရင်ဆိုင်ရ ပေမည်။ သို့ပေမဲ့ ဤအရာက ကိစ္စမရှိချေ။ သခင်လေးသည် ထျန်းမင်တောင်သို့ တက်တက်ကြွကြွနှင့် ဝင်ရောက် သွားခဲ့ပြီး ငရဲလောက၏ အမွေအနှစ်များ အားလုံးကိုလည်း ယူဆောင်သွားခဲ့၏။ ထိုအရာသည် သခင်လေး၏ အစီအစဉ်များထဲမှ အစိတ်အပိုင်း တစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။ ပြောရမည်ဆိုလျှင် သူတို့သည် ကာကွယ် စောင့်ရှောက်သူများဖြစ်၏။ ဘာတစ်ခုမှ ညွှန်ကြားနိုင်ခြင်း မရှိချေ။ အစစ်အမှန်တရားမှာတော့ ကာကွယ် စောင့်ရှောက်သူဟု ဆိုသော်လည်း လျှိုချင်းယု၏ နောက်လိုက်များသာလျှင်ဖြစ်၏။

“ကောင်းပြီ” ကျန်းကျန့်ဖန်သည် နှောင့်နှေးမနေတော့ချေ။ အခြေအနေ၏ လေးနက်မှုတရားကို သူက ကောင်းကောင်း နားလည်၏။ ထို့ကြောင့် ရွှေရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီးသည့်နောက် သတင်းအချက်အလက်များကို ထည့်သွင်းလိုက်၏။ သို့ပေမဲ့ သူထိုသတင်းအချက်အလက်များကို ပို့ရင်းတန်းလန်း မှာပဲ ကောင်းကင်ယံထက်ဆီမှ ဆန်းကြယ်သည့် ဖိအားကြီး တစ်ခု ကျဆင်းလာခဲ့သည်။

ဘုန်း ...။

များပြားသည့် နတ်ဘုရားတောင်များသည် ကောင်းကင်ယံပေါ်မှ ကျဆင်းလာသကဲ့သို့ပင် ကြီးမားသည့် ဖိအားဒဏ်ကို ဖြစ်တည်စေခဲ့၏။ ထိုအရာကြီးသည် ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့၏ ကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ ၎င်းတို့နှစ်ယောက်သည် တုံ့ပြန်ရန် အချိန်ပင်မရခဲ့ချေ။ ချက်ချင်းပဲ မြေပေါ်သို့ လဲကျသွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး မြေပြင် တစ်ခုလုံးသည် အက်ကွဲကြောင်းများ ပြည့်နှက်သွားခဲ့၏။

ဝမ်ချီတို့နှစ်ယောက်ကို ဗဟိုပြုပြီးသည့်နောက် တည်နေရာအနှံ့သည် ပျက်စီးခြင်း ငါးပါးနှင့် ဆိုက်လျက် ရှိနေ၏။ တောင်များ၊ ရှေးသစ်ပင်များ အားလုံးတို့သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ ၎င်းတို့ထဲတွင် ကျန်းကျန့်ဖန်၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားသည်လည်း အပါအဝင်ဖြစ်၏။ မပြည့်စုံသည့် စာသားများကိုသာ ပေးပို့လိုက်နိုင်သောကြောင့် ထိုအရာကို လျှိုကလန်က နားလည်မလား၊ နားမလည်ဘူးလား မသေချာလှချေ။

ဝေါ့

၎င်းတို့ နှစ်ယောက်သည် သွေးများ အန်ထွက်လာခဲ့၏။ ပြီးနောက် မြေပေါ်သို့ လဲကျသွား၏။

“ဒီအော်ရာတွေက”

ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့သည် တစ်ယောက်နှင့်တစ်ယောက် လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ၊ တုန်လှုပ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ သူတို့ နှစ်ယောက် အတွက် ဤအော်ရာများသည် ရင်းနှီးလို့ နေခဲ့၏။ နှစ်ပေါင်းများစွာအတွင်း ဤအော်ရာ၏ ပိုင်ရှင်သည် သူတို့နှင့် အတူ နေထိုင်ခဲ့သည့် လူဖြစ်၏။ နှစ်ပေါင်းသောင်းကျော် နေထိုင်ခဲ့သည့်လူ ဖြစ်သည်မို့ ဤအော်ရာများကို ကောင်းကောင်း နားလည်နိုင်သည်။

“သခင်လေး”

သူတို့သည် ခေါင်းလှည့်ကာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ လေဟာနယ်၏ အဝေး တည်နေရာတွင် လူနှစ်ယောက်တို့က ပေါ်ပေါက်လာ၏။ ထိုသူနှစ်ယောက်မှ တစ်ယောက်သည် သူတို့ အများကြီး စောင့်မျှော်ကာ ရှာဖွေနေခဲ့သည့် သခင်လေးပင် ဖြစ်၏။ တခြားလူတစ်ယောက်မှာတော့ နက်နဲလျှို့ဝှက်လောကကြီး တစ်ခုလုံး၏ အိမ်မက်ဆိုးကြီးဖြစ်သော ထျန်းမင်တောင်သခင်သာလျှင်ဖြစ်၏။ ထိုနှစ်ယောက် ယှဉ်တွဲပေါ်ပေါက်လာသည် ကို ကြည့်ရမည်ဆိုလျှင် လျှိုချင်းယု မည်သည့်ဘက်တွင် ရပ်တည်နေကြောင်း သိသာထင်ရှားနေပြီဖြစ်သည်။

All Chapters