← Chapters

အပိုင်း (၆၂၅)

Vol. 42 Ch. 625

အပိုင်း (၆၂၅)

Vol. 42 Ch. 625

“သခင်လေး... ထျန်းမင်တောင်ဆီ တကယ်ပဲ ဝင်ပြီး မိစ္ဆာအလုပ်တွေ လုပ်တော့မှာလား” ကျန်းကျန့်ဖန်၏ နှလုံးသား တစ်ခုလုံးသည် ရပ်တန့်လုမတတ်ပင် ဖြစ်လို့နေ၏။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဆီမှ အရာအားလုံးကို သိရှိခဲ့သည် ဆိုသော်လည်း သခင်လေးအား ဤကဲ့သို့ မျက်စိရှေ့တွင် မြင်ရသည့် အချိန်မှာတော့ ယုံကြည်ရန် ခက်ခဲလို့ နေခဲ့၏။

“အင်း.. ခင်ဗျားတို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီးပြီလို့ ထင်တယ်” အဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားသည့် လျှိုချင်းယု၏ ခန္ဓာကိုယ်ဆီမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လျက်ရှိ၏။ ၎င်းသည် ဆန်းကြယ်လွန်းလှသည့် အင်မော်တယ်ဘုရင် တစ်ယောက်၏ အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသလျက် ရှိနေပြီး သက်ရှိလူသား အားလုံးတို့ကို ငုံ့မိုးကာ ကြည့်ရှုနေ၏။ ၎င်း၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ မရှိချေ။ အရာအားလုံးတို့သည် ထူးမခြားနား သကဲ့သို့ပင်။

ယခင်နောက်လိုက်နှစ်ယောက်ကို မြင်တွေ့ရသည့် အချိန်မှာတော့ သူသည် သက်ညှာမှုကို တစ်ချက်မှ မပြသခဲ့ချေ။ စကားများကို နားထောင်ရမည်ဆိုလျှင် အရာအားလုံးကို ကြိုတင်ကာ သိရှိပြီးပုံပေါ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ မသွားဘဲနှင့် သူ ထျန်းမင်တောင်ဆီသို့ ဝင်ရောက်သည့် အကြောင်းကို တစ်ဖက်လူများက အဘယ်လို့ သိရှိမည်နည်း။

“အင်း.. တခြားတာအိုရောင်းရင်းတွေက သခင်လေး လက်ထဲမှာလား” ကျန်းကျန့်ဖန်သည် လေးလေးနက်နက် မေးလိုက်၏။

“အင်း.. သူတို့က ခင်ဗျားတို့က ပြန်လည်ဝင်စားခြင်းလမ်းမှာ စောင့်နေတယ်” လျှိုချင်းယုက အေးစက်စက် ပြောလိုက်သည်။

“ဒါက ကောင်းကင်မူလလောကကြီး၊ သူတို့နဲ့အတူ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ရဲ့ အာရုံစူးစိုက်မှုကို ရရှိသွားမယ် ဆိုလို့ရှိရင် ကျိန်းသေပေါက် ကျုပ်တို့အတွက် ပြဿနာ ဖြစ်လိမ့်မယ်” ထျန်းမင်တောင်၏သခင်က ပြောဆိုလိုက်၏။

သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ပြီးသည့်နောက် လျှိုချင်းယုကို တစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။ “ဒီလူတွေကို လှုပ်ရှားတိုက်ခိုက်ဖို့အတွက် ကျုပ် အကူအညီ လိုသေးလား”

“မလိုပါဘူး”

လျှိုချင်းယုက ခေါင်းကို ခါယမ်းလိုက်၏။ သူသည် လက်တစ်ဖက်ကို အသာဆန့်တန်းလိုက်၏။ လက်ငါးချောင်းကို အသာဖြန့်ကျက်လိုက်သည့် အချိန်မှာတော့ လက်ဝါးထက်တွင် ဆန်းကြယ်လွန်းသည့် သင်္ကေတများ ဖြစ်တည်လာခဲ့၏။ ထိုအရာသည် ရွှေရောင်အလင်းတန်းကြီးများအဖြစ် ဖြစ်တည်လာပြီးနောက် နတ်ဘုရားဓားများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ “ကျုပ်လူတွေကို ကျုပ်ကိုယ်တိုင်ပဲ သတ်မယ်”

ချလွမ် ချလွမ် ချလွမ်

ဓားထွက်လာသည့် အသံများ ထွက်ပေါ်လာပြီးသည့်နောက် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးက တုန်ခါလာခဲ့၏။ လက်ရှိ အခြေအနေမှာတော့ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ဓားအလင်းတန်းနှင့် ပြည့်နှက်လျက် ရှိနေပြီး တည်နေရာလွတ်ဟူ၍ မရှိခဲ့ချေ။

“သခင်လေး.. အတိတ်တုန်းက ငရဲလောကက လောကအသီးသီးကို လွှမ်းမိုးခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဖျက်ဆီးခြင်းခံခဲ့ရတယ်။ ဒီနေ့ သခင်လေးနဲ့ ထျန်းမင်းတောင်သခင် နှစ်ယောက်တည်း ရှိတယ်။ အသင်္ချေ များပြားတဲ့ လောကအသီးသီးရဲ့ တိုက်ခိုက်မှုကို ဘယ်လို ခုခံမှာလဲ” တချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသာ ဝမ်ချီသည် ရုတ်တရက် ခေါင်းမော့ကာဖြင့် အေးစက်စက် ပြောလိုက်၏။

“ကျုပ်တို့က နောက်ဘဝသွားမယ့်လမ်းကို ရောက်နေပြီ ဆိုရင်တောင်မှ အဲဒီလမ်းစဉ်မှာ သခင်လေး ပြန်လာတာကို စောင့်နေမယ်”

နောက်ဆုံးစကားစုကို ပြောဆိုနေချိန်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လေဟာနယ် ဖိအားကြီးတစ်ခုသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးတွင် ဖြစ်တည်လာခဲ့သည်။

ထိုစကားစုသည် လျှိုချင်းယု၏ နားထဲသို့ ဝင်ရောက်ပြီးသည့်နောက် ၎င်း၏ အမူအရာကို အနည်းငယ် ပြောင်းလဲ သွားစေခဲ့၏။ ဤစကားစုသည် ကျိန်စာကြီးတစ်ခုကဲ့သို့ပင်။ ချက်ချင်းဆိုသလိုပဲ သူသည် နာကျင်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် ချက်ချင်းပဲ ထကာ အော်ဟစ်လိုက်၏။ “သေစမ်း”

ဘုန်း ဘုန်း

များပြားလွန်းလှသည့် ဓားအလင်းတန်းများသည် စကြဝဠာ၏အစွန်း မိုးကုတ်စက်ဝိုင်းမှသည် အောက်ဆီသို့ ကျဆင်းလာခဲ့၏။ အကန့်အသတ်မဲ့ များပြားသည့် တည်နေရာကြီး တစ်ခုလုံး ဓားများနှင့် ပြည့်နှက်လျက် ရှိနေပြီး ဝမ်ချီနှင့် ကျန်းကျန့်ဖန်တို့သည် အော်ရန် အချိန်ကလေးပင် မရလိုက်ကြချေ။ အဆုံးစွန်အထိ သုတ်သင်ရှင်းလင်း ခြင်းကို ခံလိုက်ရသည်။

နှစ်ယောက်စလုံး အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးသည့်နောက် လျှိုချင်းယု၏ မျက်နှာ တစ်ခုလုံးသည် ပုံမှန်အတိုင်းပင်။ သူ၏ နောက်လိုက် ရောင်းရင်းနှစ်ယောက်တို့သည် သေခါနီး အခြေအနေမျိုး၌ သူ့အား ဤကဲ့သို့ ကျိန်စာ တိုက်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် သူအနေနှင့် သနား ညှာတာရန် စိတ်ကူးဟူ၍ မရှိတော့ချေ။

“တာအိုရောင်းရင်း... သူတို့ရဲ့ စကားတွေနဲ့ စိတ်ညစ်မနေနဲ့။ အခု ကျုပ်တို့ရဲ့ ကံကြမ္မာက ကျုပ်တို့ရဲ့ လက်ထဲမှာ ရှိတယ်။ အရာအားလုံးက ကျုပ်တို့ရဲ့ လုပ်နိုင်စွမ်းအားပဲ” ထျန်းမင်တောင်သခင်သည် ဘေးတစ်ဖက်ဆီမှ နှစ်သိမ့်လိုက်၏။

ထို့အပြင် အရာအားလုံးသည် ခြားနားသွားခဲ့ပြီဖြစ်၏။ အသင်္ချေ များပြားသည့် လောကအသီးသီးတွင် ကွာစီအင်မော်တယ် အင်ပါယာဟူ၍ မရှိတော့ချေ။ အင်မော်တယ် အင်ပါယာများဆိုလျှင် ပြောနေစရာပင် မလိုချေ။ သူတို့၏ ခြေလှမ်းများကို မည်သူက တားဆီးနိုင်မည်နည်း။

ဟုတ်ပေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိနေသေး၏။ သို့ပေမဲ့ တစ်ဖက်လူသည် ငရဲလောကကြီး နှင့် ယှဉ်ပြိုင်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ပြောရမည်ဆိုလျှင် သူတို့ကသည်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို သွားရောက်ရန်ပြုရန် ရည်ရွယ်ချက် မရှိချေ။

“ကျုပ် နားလည်ပြီ” လျှိုချင်းယုက အသက်ကိုပြင်းပြင်းရှုလိုက်၏။ ပြီးသည့်နောက် သူသည် စိတ်အခြေအနေ တစ်ခုလုံးသည် ပြန်လည်ကာ ကောင်းမွန်သွားပုံပေါ်၏။ လက်ကို အသာဆန့်တန်းပြီးနောက် စုပ်ယူခြင်း အားအင် တစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီး ပျက်စီးသွားခဲ့ပြီဖြစ်သော ကျောက်စိမ်းပြားများသည် သူ့ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

လက်တစ်ချက်ကို ဝှေ့ယမ်းပြီးသည့်နောက် ကျောက်စိမ်းပြားသည် အကောင်းအတိုင်း ပြန်လည် ဖြစ်တည်နေ၏။ အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် သူ၏ အမူအရာ တစ်ခုလုံးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ဆိုးတာပဲ” လျှိုချင်းယုက ပြောလိုက်၏။

“ဘာဖြစ်လို့လဲ” ထျန်းမင်တောင်သခင်သည် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။

“ကျုပ် ထျန်းမင်တောင်နဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့ သတင်းကို သူတို့က ပေးပို့လိုက်တာ။ ကျုပ်ရဲ့ တွက်ချက်မှု အရဆိုရင် မကြာခင်မှာပဲ လျှိုကလန်က စွမ်းအားမြင့် ကျင့်ကြံသူတွေ ရောက်လာတော့မယ်”

လျှိုချင်းယုသည် ကျောက်စိမ်းပြားကို ချိုးချေလိုက်ပြီးသည့်နောက် တီးတိုးပြောလိုက်၏။ “အင်း.. ကျုပ်တို့အတွက် အချိန် သိပ်မကျန်တော့ဘူး”

“ဒါဆိုရင် အချိန်ဖြုန်းမနေတော့ဘူးလေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားကြရအောင်” ထျန်းမင်တောင် သခင်က အကြံပြုလိုက်သည်။

“ကောင်းပြီ” လျှိုချင်းယုက ခေါင်းညိတ်လိုက်၏။ ၎င်းတို့နှစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ချက်ချင်းဆိုသလိုပဲ တော်ဝင်သဲကန္တာရမြို့၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ တချက်ကလေးမှ နှောင့်နှေးခြင်း မရှိဘဲနှင့် အထဲသို့ လျင်လျင်မြန်မြန် ဝင်ရောက်လိုက်၏။

တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းထဲမှာတော့...

“အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ အော်ရာတွေ” တိုင်ချူးသည် ရုတ်တရက် ခေါင်းကိုလှည့်ကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သည် သီးခြားဖြစ်တည်နေသည် ဆိုသော်လည်း အတွင်းမှ အပြင်သို့ ကြည့်မည်ဆိုလျှင် ကောင်းကောင်း မြင်ရနိုင်၏။

လက်ရှိအခြေအနေမှာတော့ တိုင်ချူးသည်သာမက အားလုံးသော သူတို့သည်လည်း အခြေအနေကို ကောင်းကောင်း နားလည်နေသည်။

တော်ဝင်သဲကန္တာရမြို့တွင် လူပေါင်းများစွာတို့ တည်ရှိနေ၏။ ထိုသူအားလုံးသည်လည်း အင်မော်တယ်ဘုရင်တစ်ယောက်၏ အားကောင်းလှသော အော်ရာများကို အာရုံခံမိ၏။ ထို့အပြင် မိုင်တစ်သန်း ပတ်ဝန်းကျင်သည် ဝေးကွာလှသည့်အရာဟူ၍ သုံးသပ်၍ မရနိုင်ချေ။ လူပေါင်းများစွာ တို့သည် ကြီးမားလှသည့် တစ်စုံတစ်ခု ဖြစ်တည်တော့မည့်သကဲ့သို့ပင် သတိအပြည့်နှင့် ရှိနေကြ၏။

“အင်း.. ဒါ မရင်းနှီးဘူး။ ဒီအင်မော်တယ်ဘုရင်ကို ကျုပ် တစ်ခါမှ မတွေ့ဖူးဘူးပဲ”

တိုင်ချူးက တီးတိုး ရေရွတ်လိုက်၏။ “ဖြစ်နိုင်တာ ကောင်းကင်မူလလောကကြီးထဲမှာ တစ်စုံတစ်ယောက်က အင်မော်တယ်ဘုရင် တစ်ယောက်နဲ့ တိုက်ခိုက်နေတာလား”

“ဒါက”

ကျိုးကလန်၏ ဘိုးဘေးသည် ဇဝေဇဝါ ဖြစ်သွားမိ၏။ သူက တီးတိုးရေရွတ်လိုက်၏။ “လက်ရှိ ထျန်းမင်တောင်မှာ ပေါ်လာခဲ့တဲ့ အင်မော်တယ်ဘုရင်များလား”

သူ့အနေနှင့် လျှိုချင်းယုကို မမြင်ခဲ့ဘူးချေ။ သို့ပေမဲ့ တခြားသောသူများ ပြောဆိုသည်ကို ကြားခဲ့ဖူး၏။ သူ၏ သတင်းရယူစရာကွန်ယက်သည် တိုင်ချူးထက် ပိုမိုကာ အားကောင်း၏။ ထို့ကြောင့် ထျန်းမင်တောင်တွင် အင်မော်တယ်ဘုရင်တစ်ယောက် ပေါ်ပေါက်လာခဲ့သည် ဟူသော သတင်းသည် သူ့အတွက် လျှို့ဝှက်ချက် မဟုတ်ချေ။ သို့ပေမဲ့ မည်သူ အင်မော်တယ်ဘုရင် ဖြစ်ခဲ့သည် ဆိုသည်ကိုတော့ သူ မသိရှိခဲ့ချေ။

“ကျုပ် မေးချင်ပါတယ် စီနီယာ။ အခု အင်မော်တယ်ဘုရင်က ဘယ်သူလဲ သိပါသလား” ကျိုးကလန်၏ ဘိုးဘေးသည် လီယွင်ဘက်သို့ လှည့်ကာဖြင့် ယဉ်ယဉ်ကျေးကျေးနှင့် မေးမြန်းလိုက်သည်။

All Chapters