အပိုင်း (၆၂၆)
Vol. 42 Ch. 626
“သူက အခုမှ ထျန်းမင်တောင်နဲ့ ပူးပေါင်းလိုက်တဲ့ အင်မော်တယ်ဘုရင် တစ်ယောက်ပါပဲ။ သူက ဒီလောကကြီးနဲ့ မသက်ဆိုင်ဘူး” လီယွင်သည် ဤအချိန်မှာတော့ တိုက်ရိုက်ဆိုသလိုပဲ ပြန်လည်ကာ ပြောဆိုလိုက်၏။
လက်ရှိအခြေအနေတွင် လျှိုချင်းယု၏ ပြုမူဆောင်ရွက်မှုများသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။ နက်နဲလျှို့ဝှက်လောကကြီး တစ်ခုလုံးက သိရှိခဲ့ပြီးပြီဖြစ်၏။
အချက်အလက်အားဖြင့် ထျန်းမင်တောင်တွင် ဒုတိယမြောက် အင်မော်တယ်ဘုရင်တစ်ယောက် တည်ရှိနေသည်ဆိုခြင်းမှာ ဖုံးကွယ်ထားသည့်အရာမျိုး မဟုတ်တော့သောကြောင့် လီယွင်အနေနှင့် ထိုအရာကို ရောင်းချရန် မဖြစ်နိုင်တော့ချေ။
“အင်း.. ထျန်းမင်တောင်ကို အခုမှဝင်ရောက်ကာစ ပြီးတော့ ဒီလောကကြီးနဲ့ မသက်ဆိုင်ဘူး ဟုတ်လား”
ကျိုးကလန်၏ ဘိုးဘေးသည် ၎င်း၏မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာဖြင့် မျက်မှောင်ကုတ်လိုက်၏။ “အခြားလောကရဲ့ အင်မော်တယ်ဘုရင် တစ်ယောက်ယောက်လား”
“အင်း အမှန်ပဲ”
လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ သူ့ရဲ့မူလအရင်းအမြစ်ကို ခင်ဗျားတို့ သိချင်တယ်ဆိုရင်တော့ ကုန်ကျစရိတ် ရှိတယ်”
လျှိုချင်းယု မည်သူဖြစ်သည်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ ၎င်း၏နောက်ကွယ်တွင် ရှိနေသည့် လျှိုကလန်၏ တည်ရှိမှုသည် အလွန်မြင့်မားသည့် အခြေအနေတစ်ခုတွင် တည်ရှိ၏။ ထို့အတူ ကောင်းကင်မူလလောကကြီး တစ်ခုလုံးတွင် လျှိုချင်းယု၏ နောက်ခံကို သိရှိသူဟူ၍ မည်သူမှ မရှိချေ။
“အင်း.. ထျန်းမင်တောင်ကို ကြည့်ရတာ ကျုပ်တို့ ထင်မှတ်ထားသလို ရိုးရှင်းလှတဲ့ပုံစံ မဟုတ်ဘူး။ ငရဲလောကကြီး ပြန်ပေါ်ပေါက်လာရင် ကျိန်းသေပေါက် ကျုပ်တို့အနေနဲ့ ခုခံထားနိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ လောကအသီးသီး ပူးပေါင်းပြီးမှသာ ခုခံနိုင်လိမ့်မယ် ထင်တယ်” တိုင်ချူးက လေးလေးနက်နက် ပြောဆိုလိုက်၏။
သူသည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာခဲ့သည် ဆိုသော်လည်း ထျန်းမင်တောင် တစ်ခုလုံးကို ခုခံနိုင်ရန်အတွက် မောက်မာသည့် ယုံကြည်ချက်မျိုး မရှိလှချေ။ ထို့အပြင် သူသည် ထျန်းမင်တောင်သခင် တစ်ယောက်တည်းကိုပင် အနိုင်ယူ မတိုက်ခိုက်နိုင်ခဲ့ချေ။ နောက်ထပ် ဘယ်ကမှန်း မသိသည့် အင်မော်တယ် ဘုရင်တစ်ယောက်က ထပ်ပေါင်းကာ ရောက်ရှိလာခဲ့သည်။
ထုတ်ဖော်ပြသခဲ့သည့် စွမ်းအင်များကို ကြည့်ရှုရမည်ဆိုလျှင် ဤအင်မော်တယ်ဘုရင် အသစ်၏ အားအင်အဆင့်သည် ထျန်းမင်တောင်သခင်ထက် မကျော်လွန်လျှင်တောင်မှ အရမ်းကြီး အားနည်းလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် သံသယရှိစရာ မလိုဘဲ တိုင်ချူးထက် ပိုမိုကာ အားကောင်းသည့် အင်မော်တယ် ဘုရင်တစ်ယောက် ဖြစ်မှာတော့ သေချာ၏။
ယခု မေးခွန်း မေးမြန်းရမည်ဆိုလျှင် အဘယ့်ကြောင့် ဤမရင်းနှီးသည့် အင်မော်တယ်ဘုရင်သည် ရုတ်တရက် တော်ဝင်သဲကန္တာရမြို့ အနီးအနားတွင် ပေါ်ပေါက်လာရသနည်း။ ၎င်းသည် တစ်စုံတစ်ယောက်ကို လာရောက်ကာ တိုက်ခိုက်ရဲသည်လား။ ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီသို့ ရောက်ရှိလာလေသည်လား။ နှစ်ခုလုံးပဲ ဖြစ်နေလေသည်လား။
တစ်စုံတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ချင်သောကြောင့် ရောက်ရှိလာသည်ဆိုလျှင် စီမံခန့်ခွဲ၍ ရနိုင်သေး၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပါ ပါဝင်ပတ်သက်လာပြီဆိုလျှင် ကျိန်းသေပေါက် ရှုပ်ထွေးကုန်ပေ လိမ့်မည်။
စီနီယာ နန်းဆောင်သခင်၏ အမူအကျင့်အရဆိုလျှင် သတင်းအချက်အလက်များ ရောင်းချသည့် နေရာတွင် ကပ်စေးနည်းနေသည့် လူတစ်ယောက်မဟုတ်ချေ။ သတင်း အချက်အလက် ဝယ်ယူချင်ပါက မည်သို့သော လူမျိုးကိုဖြစ်ဖြစ် ရောင်းချတတ်သည့် လူတစ်ယောက်ဖြစ်၏။
“စီနီယာ ခုဏက ပြောသလိုဆိုရင် ထျန်းမင်တောင်ကို ခုမှဝင်ရောက်ခဲ့တဲ့ အင်မော်တယ်ဘုရင်က ဒီလောကကြီးနဲ့ ပတ်သက်တဲ့လူ မဟုတ်ဘူး။ ကျုပ်စိုးရိမ်တာက ကျုပ်တို့အတွက် သူက မိတ်ဆွေရောင်းရင်း ဆိုတာထက် ရန်သူ ဖြစ်လာမှာကိုပဲ။ ဒီတော့ ကျုပ်တို့အနေနဲ့ ကျုပ်တို့ဘက်မှာ အင်မော်တယ် ဘုရင် များများရအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားတာ အကောင်းဆုံးဖြစ်မယ် ထင်တယ်။” ထာဝရ အစစ်အမှန် အင်မော်တယ်က အကြံပြုလိုက်သည်။
သူသည် လက်ကို ယမ်းခါပြီး တိုင်ချူး၏ အရှေ့သို့ သိုလှောင်လက်စွပ်သုံးခုကို ပို့ဆောင်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “ဒါ ကျုပ်ရဲ့ ပူးပေါင်းပါဝင်မှုပဲ။ ခင်ဗျားတို့ ဒါကို လက်ခံမယ်လို့တော့ မျှော်လင့်ပါတယ်”
တိုင်ချူး၏ အမူအရာက ခဏလောက် အေးခဲသွား၏။ သူသည် ထာဝရ အစစ်အမှန် အင်မော်တယ်ကို မယုံကြည်နိုင်သလို ကြည့်ရှုလိုက်မိ၏။ ယခင်တုန်းက ငရဲလောကကြီးတွင် သူနှင့်အတူ ထာဝရ အစစ်အမှန် အင်မော်တယ်၊ မုန့်ရှင်းကျီတို့သည် လုံလောက်သည့် အကျိုးအမြတ်များကို ရရှိခဲ့၏။ သို့ပေမဲ့ သူသည် သူ၏ အရင်းအမြစ်များ အားလုံးကို အင်မော်တယ်ဘုရင် ဖြစ်လာရန် နည်းလမ်းများနှင့် လဲလှယ်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ ထာဝရ အစစ်အမှန် အင်မော်တယ်သည် အနည်းငယ်ကိုသာလျှင် အသုံးပြုခဲ့၏။ ထို့ကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများထဲမှ ကျန်ရှိနေသည့် သိုလှောင်လက်စွပ်သုံးကွင်းကို ထုတ်ယူကာ ပေးအပ်နိုင်ခြင်းပင်။ တကယ့်ကို စိတ်သဘောထား ကောင်းမွန်သည့်လူပင်။
“အင်း.. ငရဲလောကကြီးရဲ့လက်ရှိ အန္တရာယ်က ကျုပ်ရဲ့အားအင်အဆင့်ထက်ပိုပြီး အရေးကြီးတယ်လေ။ အများကြီး ကူညီနိုင်မှာ မဟုတ်တာကို စိုးရိမ်ရတယ်။ ဒါ့ကြောင့် ကျုပ်ရဲ့ နိမ့်ကျတဲ့ ပူးပေါင်း ပါဝင်မှုကို လက်ခံပေးပါ” ထာဝရ အစစ်အမှန် အင်မော်တယ်က ထပ်မံကာ ပြောဆိုလိုက်သည်။
“ကျုပ်တို့ အင်မော်တယ်ဘုရင်တစ်ယောက်ကို ဖန်တီးနိုင်မယ် ဆိုရင်တောင်မှ လောကကြီးတစ်ခုလုံးအတွက် ကောင်းချီး ဖြစ်လာနိုင်လိမ့်မယ်” သူက ထပ်ပြောလိုက်၏။ သူသည် ပေးအပ်လိုက်ရသည့် အရင်းအမြစ် ပမာဏအတွက် မည်သို့မျှ မတွန့်တိုသည့် ဟန်ပန်မျိုးကို ထုတ်ဖော်နေလေ၏။
“တာအိုရောင်းရင်းရဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ကျုပ်တကယ့်ကို ချီးကျူးပါတယ်” ကျိုးကလန်၏ ဘိုးဘေးသည် လေးလေးစားစားဖြင့် ချီးကျူးလိုက်၏။ ပြီးနောက် ထာဝရ အစစ်အမှန် အင်မော်တယ်ကို ဦးညွတ်လိုက်သည်။
ကိုယ်တိုင်ကိုယ်ကျ ပြောဆိုရမည်ဆိုလျှင် ကျိုးကလန်၏ ဘိုးဘေးသည် လက်ရှိ အချိန်တွင် တည်ငြိမ်စွမ်း မရှိတော့ချေ။ သူနှင့် သူ၏ကလန်ထဲတွင် မည်သူ့မှသည် အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်လာ နိုင်သည့်သူ မရှိကြောင်း သိရှိနေပါက ကျိန်းသေပေါက် အခြားသောသူများ၏ ကျင့်ကြံခြင်း၌ အသုံးပြုရန်အတွက် အရင်းအမြစ်များကို လိုလိုချင်ချင်နှင့် ပေးအပ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ထာဝရ အစစ်အမှန် အင်မော်တယ်မှာတော့ ထိုကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်ခဲ့၏။ သူသည် တစ်ဖက်လူကို ကြည့်ရှုရင်း တကယ်ပင် ဆွံ့အလျက် ရှိ၏။
“အနာဂတ်မှာ ခင်ဗျားအနေနဲ့ တောင်းဆိုစရာတစ်ခုခု ရှိတယ်ဆိုရင် တိုင်ချူးနတ်နယ်မြေကို ဒီအတိုင်း လာခဲ့လိုက်ပါ။ ကျုပ် ကျိန်းသေပေါက် ငြင်းပယ်မှာ မဟုတ်ဘူး” တိုင်ချူးသည် လေးလေးနက်နက်နှင့် ပြောဆိုလိုက်၏။ သူသည် ထာဝရ အစစ်အမှန် အင်မော်တယ်ကို အထင်ကြီးစွာဖြင့် ကြည့်ရှုလိုက်၏။ ဤစကားစုသည် တကယ်ပင် လေးနက်သည့် အကြောင်းအရာများ ပါဝင်နေသည်။
အနာဂတ်တွင် ထာဝရ အစစ်အမှန် အင်မော်တယ် အနေနှင့် မည်သည့်အချိန်တွင် အကူအညီ ရှိသည်ဆိုဆို သူ့ဆီသို့ လာရောက် နိုင်၏။ တိုင်ချူးသည် ကျိန်းသေပေါက် ကူညီပေးမည် ဖြစ်၏။ အင်မော်တယ်ဘုရင် တစ်ယောက်၏ ကတိစကားသည် ပေါ့သေးသေး မဟုတ်လှချေ။
ထာဝရ အစစ်အမှန် အင်မော်တယ်မှာတော့ ဘာတစ်ခုမှ မထူးခြားခဲ့သလိုပင်။ လေးလေးစားစားနှင့်သာ ပြန်လည်ကာ ပြောဆိုခဲ့၏။ “အချိန်က အရေးကြီးနေပြီလေ။ ခင်ဗျားတို့ မြန်မြန်ဆုံးဖြတ်ကြတော့။ ထျန်းမင်တောင်ရဲ့ အင်မော်တယ်ဘုရင် ရောက်နေပြီ၊။ ထျန်းမင်တောင်သခင်ကလည်း ကျိန်းသေပေါက် တော်ဝင်သဲကန္တာရမြို့ရဲ့ အပြင်ဘက်မှာ ရှိနေလိမ့်မယ်။ ကျုပ်တို့ နှောင့်နှေးသွားမယ်ဆိုရင် ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲကို သူတို့ ရောက်လာနိုင်တယ်”
အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် လီယွင်သည် ကျိန်းသေပေါက် တည်ငြိမ်လျက် ရှိနေ၏။ အလျင် မလိုလှချေ။ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။
“တာအိုရောင်းရင်း... ခင်ဗျား ပြောတာမှန်တယ်။ ကျုပ်အရေးကြီးဆုံး မေးခွန်းကို မေးချင်ပါတယ်” ကျိုးကလန်၏ ဘိုးဘေးက တုံ့ပြန်လိုက်၏။ သူ့အနေနှင့် မေးမြန်းရန် ပြင်ဆင်လိုက်ခြင်းဖြစ်၏။
သို့ပေမဲ့ တိုင်ချူးက သူ့ကို တားဆီးလိုက်သည်။ “ခဏနေအုံး”
ကျိုးကလန်၏ ဘိုးဘေးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့သည် ဇဝေဇဝါဖြင့် လှမ်းကာ ပြန်ကြည့်လိုက်၏။
“ကျုပ်တို့က ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာ ထျန်းမင်တောင်ရဲ့ အင်မော်တယ်ဘုရင်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို လာတယ် ဆိုတော့ ကျုပ်တို့ ထွက်သွားမယ်ဆိုရင် သူတို့က စီနီယာကို လာပြီးတော့ ဂါရဝပြုတော့မှာပေါ့”
တိုင်ချူးသည် သူ၏စကားကို ဆုံးအောင် မပြောခဲ့ချေ။ အဓိပ္ပာယ်မှာ ရှင်းလင်းနေ၏။ ကျိုးကလန်၏ ဘိုးဘေးသည် အရူးတစ်ယောက် မဟုတ်ပေ။ ချက်ချင်းဆိုသလိုပဲ နားလည်လိုက်၏။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အေးစက်သည့် ချွေးစေးများ ပျံလာခဲ့၏။ သူတို့အနေနှင့် ထျန်းမင်တောင်သခင်အား မည်ကဲ့သို့ လှည့်စားရမည် ဆိုသည့်အကြောင်းကို ခပ်ရေးရေး နားလည်လာမိသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူခဲ့မည်ဆိုလျှင် တန်ကြေးသည် အဆမတန် များပြား၏။ အင်မော်တယ်ဘုရင်တစ်ယောက်၏ အနာဂတ်အတွက် ကုန်ကျစရိတ်သည် သေးငယ်လှသည့်အရာမျိုး ဖြစ်လိမ့်မည် မဟုတ်ချေ။ အဆပေါင်းများစွာ ပိုမိုကာ တန်ကြေးရှိမှာ သေချာ၏။ သူတို့အနေနှင့် ထိုအရာကို မတတ်နိုင်ပေ။
ထျန်းမင်တောင်မှ အင်မော်တယ်ဘုရင်သည်သာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်လာသည်ဆိုပါက သတင်းအချက်အလက်များကို ဝယ်ယူသွားသော သူတို့ မည်သည့်နေရာတွင် ရှိနေမည်ဖြစ်ကြောင်း လွယ်လွယ်ကူကူ သိရှိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့၏ကံကြမ္မာသည် ရှောင်ကလန်မှ ပဉ္စမ အကြီးအကဲသို့ပင် ဖြစ်လို့သွားမှာသေချာ၏။