← Chapters

အခန်း (၁၃၂၄-၁၃၂၆)

Vol. 89 Ch. 1324-1326

အခန်း (၁၃၂၄-၁၃၂၆)

Vol. 89 Ch. 1324-1326

အခန်း(၁၃၂၄)

"ကျန်းချန်.. ချင်းရွှယ် အဆင်ပြေရဲ့လား"

လျှို့ဝှက်ခန်းထဲကနေ ထွက်လာသည့် ကျန်းချန်ကို မြင်လျှင် အပြင်ဘက်တွင် စောင့်နေသည့် ယွဲ့ချန်ယင်က တိုက်ရိုက်ပင်မေးလိုက်၏။

"မစိုးရိမ်ပါနဲ့ ချင်းရွှယ် အဆင်ပြေပါတယ်.. ဒါပေမဲ့ လနတ်ကြမ္မာခန္ဓာကိုယ်ကို လုံးဝ နိုးထနိုင်ဖို့က အချိန်နည်းနည်းတော့ ကြာနိုင်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းက ဖွင့်ခါနီးပြီ.. ကျွန်တော် ဟောင်ထျန်း သူတော်စင်နယ်မြေကို သွားရတော့မယ်.. ချင်းရွှယ်ကို ဂရုစိုက်ပေးပါဦး"

"ချင်းရွှယ်က ငါ့ရဲ့တပည့်ပဲလေ ငါသူ့ကို ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ်.. မင်းရဲ့ခွန်အားက အရမ်းသန်မာပေမဲ့ ဒီခရီးမှာတော့ တတ်နိုင်သမျှ သတိထားနိုင်မှ တော်ကာကျမယ်.. ဟောင်ထျန်း သူတော်စင်နယ်မြေက ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်တစ် သူတော်စင်နာမည်လို့ ကျော်ကြားတာ အလကားကျော်ကြားတာ မဟုတ်ဘူး"

ယွဲ့ချန်ယင်က ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို သတိပေးလိုက်သည်။

ထိုကောင်လေးသည် ဟောင်ထျန်း သူတော်စင်နယ်မြေမှ တပည့်များကို သတ်ခဲ့ဖူး၏။

ဟောင်ထျန်း သူ‌တော်စင်နယ်မြေ၏ လွှမ်းမိုးနိုင်သော အင်အားအရဆိုလျှင် ကျန်းချန်ကို အလွယ်တကူ အလွှတ်ပေးလိမ့်မည် မဟုတ်ပေ။

"ဟောင်ထျန်း သူ‌တော်စင်နယ်မြေက အင်အားကြီးမားတယ်ဆိုပေမဲ့ ကျွန်တော်က ဘယ်သူမဆို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့သူတစ်ယောက် မဟုတ်ပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီးနောက်တွင် ယွဲ့ချန်ယင်၏ ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် လူသားဧကရာဇ်နန်းတော်၏ အစည်းအဝေးခန်းမထဲတွင် ပေါ်လာခဲ့သည်။

ခန်းမထဲတွင် ကိစ္စများကို ဆွေးနွေးနေသော ယဲ့ချန်ကျွင်းနှင့်ရှောင်တုလီ တို့သည် ရုတ်တရက် ပေါ်ထွက်လာသော ကျန်းချန်ကို မြင်လျှင် အံ့အားသင့်သွားကြသည်။

ရှောင်တုလီက ရုတ်တရက် အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်၏။

"ကျန်းချန် ဘာလို့လျှိ့ဝှက်ခန်းထဲကနေ ထွက်လာတာလဲ"

မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို နိုးထစေရန်အတွက် ကျန်းချန်က အကူအညီပေးနေကြောင်း သူတို့နှစ်ယောက်က သိထားကြသည်။

သို့သော်လည်း လနတ်ကြမ္မာခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ခန္ဓာကိုယ် ဖြစ်၍ စဥ်းစားစရာ မလိုလောက်အောင်ပင် နိုးထရန်မှာ မလွယ်ကူနိုင်ကြောင်း ရှောင်တုလီ ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့် ကျန်းချန်တွင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို သွားရန် အချိန်ရှိမရှိ သူအတိအကျမသိခဲ့ပေ။

"ကျွန်တော် လုပ်သင့်တာအကုန် လုပ်ပေးပြီးသွားပြီ.. ကျန်တာကတော့ ချင်းရွှယ် အပေါ်မှာပဲ မူတည်လိမ့်မယ်.. တစ်ခုရှိတာက လနတ်ကြမ္မာ ခန္ဓာကိုယ်ကို အမြန်ဆုံး နိုးထစေဖို့ဆိုရင် လနတ်ကျောက်တုံးကို ရှာတွေ့မှပဲ ဖြစ်နိုင်လိမ့်မယ်"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်က တိုက်ရိုက်မေးလိုက်သည်။

"လနတ်ကျောက်တုံးနှင့် ပတ်သက်ပြီး ဘာသတင်းတွေများ သိထားတာရှိလဲ"

"အရှင်မင်းသား လနတ်ကျောက်တုံးက အရမ်းရှားပါးတဲ့ မိုးမြေကျောက်တုံး ဖြစ်တဲ့အတွက် ရှာဖို့ မလွယ်ကူလောက်ဘူး"

ယဲ့ချန်ကျွင်းက ခါးသီးစွာ ပြုံးလိုက်သည်။

ထို့နောက်တွင် သူ၏ မျက်လုံးက အနည်းငယ် တောက်ပလာခဲ့၏။

"ဒါ‌ပေမဲ့ လနတ်ကျောက်တုံး ရှိနိုင်မဲ့ နေရာတစ်ခုတော့ ရှိတယ်"

"ဟုတ်လား အဲဒါဘယ်နေရာလဲ"

ကျန်းချန်က အံ့အားသင့်သွားပြီး ယဲ့ချန်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။

ယဲ့ချန်ကျွင်းက ပြုံး၍ ပြန်ဖြေလိုက်၏။

"အဲဒီနေရာက အရှင်မင်းသားသွားမဲ့ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းနဲ့ သက်ဆိုင်နေတယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

"ဒါဆို ကြယ်တာရာမြို့တော်မှာ လနတ်ကျောက်တုံး ရှိတယ်လို့ ဆိုလိုချင်တာပေါ့ ဟုတ်လား"

"အမှန်ပဲ.. လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀၀၀)ခန့်က ရှန်းဝူတိုက်ကြီးရဲ့အင်ပါယာတွေက ကြယ်တာရာမြို့တော်မှာ သွေးဝိညာဥ်မျိုးနွယ်စုတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်.. အဲဒီအချိန်ကတည်းကစပြီး အင်ပါယာတွေ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး.. ဒါကြောင့် အင်ပါယာတွေရဲ့ အမွေအနှစ်တွေ အများစုက ကြယ်တာရာမြို့တော်မှာ ကျစ်ရစ်နေခဲ့တယ်.. ကျွန်တော်မျိုးတို့ နိဗ္ဗာန်မြို့တော် ဘိုးဘေးတွေ မှတ်တမ်းအရဆိုရင် အင်ပါယာ ရွှယ်ယဲ့ အသုံးပြုခဲ့တဲ့ ရတနာတွေထဲက တစ်ခုကို လနတ်ကျောက်တုံးနဲ့ ပြုလုပ်ခဲ့တာလို့ မှတ်တမ်းတင်ထားတယ်"

ယဲ့ချန်ကျွင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့၏။

"ဒါဆို ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကနေ ကြယ်တာရာမြို့တော်ဆီ ဝင်ရောက်ပြီး အင်ပါယာရွှယ်ယဲ့ရဲ့အမွေအနှစ်ကို ရှာတွေ့နိုင်ရန် လနတ်ကျောက်တုံးကို ရနိုင်တာပေ့ါ"

ယဲ့ချန်ကျွင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"သီအိုရအရတော့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း အရမ်းများတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော် ကြယ်တာရာ မြို့တော်ကို သေချာပေါက်သွားမယ် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကလည်း ဖွင့်လှစ်တော့မှာဆိုတော့ အချိန်သိပ်မရှိတော့ဘူး"

ထိုအချိန်မှာပင် ယဲ့ချန်ကျွင်းက ကောင်းကင်နန်းတော်ပုံစံ ထွင်းထုထားသည့် အဖြူရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။

"ဒီတံဆိပ်ပြားက ဟောင်ထျန်း သူတော်စင်နယ်မြေကလား"

ကျန်းချန်က အဖြူရောင် ကျောက်စိမ်းတံဆိပ်ပြားကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန်က ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူများနှင့် တစ်ကြိမ်ထက်မက ဆက်ဆံခဲ့ဖူး၍ ဟောင်ထျန်း သူတော်စင်နယ်မြေ၏ အမှတ်သင်္ကေတများနှင့် အလွန်ပင် ရင်းနှီးနေခဲ့ရာ အဖြူရောင်ကျောက်စိမ်း၏ ဇစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်ခဲ့သည်။

"အမှန်ပဲ.. ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကို ကျုံးကျိုးကုန်းမြေမှာ နှစ်(၁၀၀)မှာ တစ်ကြိမ်သာ ဖွင့်လှစ်တယ် ဟောင်ထျန်းသူတော်စင်နယ်မြေက အိမ်ရှင်အနေနဲ့ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ဖွင့်လှစ်တဲ့အချိန်တိုင်းမှာ ကျောက်စိမ်းတံဆိပ်ပြားတွေကို ကြိုတင်ထုတ်ပေးလေ့ရှိတယ်.. ဒီကျောက်စိမ်းတံဆိပ်ပြားကို ရရှိတဲ့သူကပဲ ဟောင်ထျန်း သူတော်စင်နယ်မြေကို ဝင်ရောက်ခွင့် ရှိတယ်"

ထိုစကားကို ပြောပြီးနောက်တွင် ယဲ့ချန်ကျွင်းသည် စိုးရိမ်တကြီး အမူအရာဖြင့် သတိပေးလိုက်သည်။

"အရှင်မင်းသား ကျွန်တော်တို့ လူသားဧကရာဇ်နန်းတော်အနေနဲ့ ဟောင်ထျန်းသူတော်စင်နယ်မြေထဲကို ဝင်ရောက်ဖို့အရည်အချင်း ပြည့်မီနေပြီ ဆိုပေမဲ့လည်း ဟောင်ထျန်းသူတော်စင် နယ်မြေကို သတိထားမှ တော်ကာကျမယ်"

"ငါသဘောပေါက်ပါတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

သူက ရှေးဟောင်း အင်ပါယာ၏သန္ဓေပြောင်းသင်္ချိုင်းဂူတွင် ရှားယွမ်ဖုန်းကို သတ်ခဲ့သည် မဟုတ်ပါလော။

သို့သော်လည်း မည်သို့ပင်ဖြစ်ပါစေ၊ ဤတစ်ကြိမ်တွင် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းသို့ ဝင်ရောက်ရန် ကျန်းချန်သည် ဆုံးဖြတ်ချက် ချထားခဲ့သည်။

တစ်ချိန်က ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းတွင် နံပါတ်(၁)နေရာ၌ ရပ်တည်ခဲ့သော ရှားယွမ်ဟောင် အနေဖြင့် သူ့ကို မည်သို့မျှ မယှဥ်နိုင်ကြောင်း ကျန်းချန်က ပြသချင်နေခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန်သည် ရှောင်တုလီနှင့် အတူ ဟောင်ထျန်း သူတော်စင်နယ်မြေသို့ ထွက်ခွာလာကြသည်။

ဟောင်ထျန်း သူတော်စင် နယ်မြေသို့ သွားသောခရီးသည် အန္တရာယ်များနှင့် ပြည့်နှက်နေမည်မှာ သေချာ၏။

မူလက ကျန်းချန် တစ်ဦးတည်းသာ သွားရောက်ရန် စီစဥ်ခဲ့သော်လည်း ရှောင်တုလီသည် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို ဝင်ရောက်ရန် ဆန္ဒရှိနေသောကြောင့် အဆုံးသတ်တွင် ကျန်းချန်သည် ရှောင်တုလီကိုပါ အတူတူခေါ်လာခဲ့၏။

ဟောင်ထျန်း သူတော်စင်နယ်မြေသည် ကျုံးကျိုးကုန်းမြေ၏ ဗဟိုဧရိယာတွင် တည်ရှိသည်။

ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ဝင်ပေါက်သည် အခြားသော သူတော်စင်နယ်မြေများကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သောတောင်များနှင့် ရှေးဟောင်း သစ်တောများထဲတွင် ဝှက်ထားခြင်းမရှိဘဲ ဟောင်ထျန်းမြို့တော်ဟု အမည်ပေးထားသော မြို့တစ်မြို့တွင် တည်ရှိသည်။

သူတို့နှစ်ဦးက တည်နေရာ‌ရွှေ့ပြောင်းခြင်းအစီအရင်မှတစ်ဆင့် ကျုံးကျုံးကုန်းမြေ၏ ဗဟိုဧရိယာသို့ တည်နေရာရွှေ့ပြောင်းခဲ့ပြီးနောက်တွင် နှစ်ရက်ဆက်တိုက် ခရီးနှင်ခဲ့၏။

တတိယနေ့တွင် မြို့ကြီးတစ်မြို့၏ ပုံကြမ်းသည် သူတို့နှစ်ဦး၏ မြင်ကွင်းတွင် အဆုံးသတ်၌ ပေါ်လာခဲ့သည်။

ဤသည်က အပြာနုရောင် အလင်းများ တောက်ပနေသောဥက္ကာခဲဖြင့် တည်ဆောက်ထားသည့် မြို့တစ်မြို့ ဖြစ်ပြီး ထိုမြို့သည် ကျန်းချန်ထင်ထားသလောက် ကြီးကျယ်ခမ်းနားသည့် ပုံစံမျိုးမရှိပေ။

သို့သော်လည်းမိုင်ပေါင်းများစွာ အကွာကပင် ကျန်းချန်သည် ထိုမြို့ကနေ ရှေးဟောင်း အငွေ့အသက်များကို ခပ်ရေးရေးခံစားမိခဲ့သည်။

နီးကပ်လာသည်နှင့်အမျှ ကျန်းချန်သည် ထိုရှေးဟောင်းမြို့‌တော်ကို အတားအဆီး တစ်ခုက လွှမ်းခြုံထားမှန်း သတိထားမိလိုက်သည်။

ထိုအတားအဆီးက အပေါ်ယံတွင် အားနည်းပုံရသော်လည်း ကျန်းချန်သည် အလွန်အစွမ်းထက်သော ဖိအားကို ခံစားမိခဲ့သည်။

နတ်သန္ဓေအင်ပါယာ အဆင့်ပင် ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် လေးစားကြည်ညိုသောစိတ် မဖြစ်ပေါ်ဘဲ မနေနိုင်ပေ။

"ဒီဟောင်ထျန်းမြို့တော်က လွန်ခဲ့တဲ့နှစ်ထောင်ပေါင်း များစွာက အင်ပါယာဟောင်ထျန်း တည်ဆောက်ခဲ့တာလို့ ပြောကြတယ်.. မြို့တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ မှော်စွမ်းအားကလည်း အင်ပါယာဟောင်ထျန်း စီရင်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ စစ်မှန်တဲ့ အင်ပါယာစွမ်းအားတွေ ပါဝင်နေတယ်လို့ သိရတယ်

.. ဒါကြောင့် ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို လက်ခံရရှိတဲ့သူတွေပဲ ဟောင်ထျန်းမြို့ထဲကို ဝင်ရောက်ခွင့်ရှိတယ်.. မဟုတ်ရင်တော့ အင်ပါယာအဆင့်ကျင့်ကြံသူက လွဲပြီး ဟောင်ထျန်းမြို့တော်ထဲကို ဘယ်သူမှ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး"

ရှောင်တုလီက သူ့ရှေ့မှ ဟောင်ထျန်းမြို့တော်ကို ကြည့်ကာ မျက်နှာထက်တွင် လေးစားကြည်ညိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"အင်ပါယာတစ်ပါးရဲ့ အစစ်အမှန် စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူက ရှားယွမ်ဟောင်ကို စော်ကားမိသည့် အတွက် အနည်းငယ် ကံကောင်းခဲ့သည်ဟုပင် ဆိုရမည်။

လူသားဧကရာဇ် နန်းတော်သည် ကြယ်လေးပွင့် သူတော်စင်နယ်မြေထက် အားမနည်းသော်လည်း အဆုံးသတ်တွင် အသစ် တည်ထောင်ထားသော အင်အားစုတစ်ခုသာ ဖြစ်သည်။

သူက ရှားယွမ်ဖုန်းကို သတ်ပြီး ရှားယွမ်ဟောင်၏ အာရုံစူးစိုက်မှုကိုသာ မဆွဲဆောင်နိုင်ခဲ့လျှင် လူသားဧကရာဇ် နန်းတော်သည် ဟောင်ထျန်း သူတော်စင်နယ်မြေကနေ ကျောက်စိမ်းတံဆိပ်ပြားကို ရရှိနိုင်မည် မဟုတ်လောက်ပေ။

ကျောက်စိမ်းတံဆိပ်ပြား မရှိလျှင် ကြယ်တာရာမြို့တော်ဆီ သွားမည့် အခွင့်အရေးအား လက်လွှတ်သွားနိုင်သည် မဟုတ်ပါလား။

အခန်း(၁၃၂၄)ပြီး၏။

အခန်း(၁၃၂၅)

ဟောင်ထျန်းမြို့တော်၏ အပြင်ဘက် ပေ၂၀၀၀ ပတ်လည်အထိ အင်ပါယာ စွမ်းအားများသည် ဖုံးလွှမ်းနေခဲ့သည်။

ထိုဧရိယာအတွင်း နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် လေထဲ၌ ပျံသန်းရန် ခက်ခဲ၏။

ကျန်းချန်နှင့် ရှောင်တုလီတို့သည် ဟောင်ထျန်းမြို့တော်မှ ပေ၁၀၀၀ခန့် အကွာသို့ ရောက်ရှိလာသော အခါတွင် လေထဲကနေ ဆင်းသက်လာခဲ့ပြီး မြို့တံခါး ဆီသို့ ခြေလျင် လျှောက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ကျန်းချန်တို့သည် ဟောင်ထျန်းမြို့တော် ဆီသို့ အလျင်အမြန် ပြေးလွှားနေသော ပုံရိပ်များစွာကို မြင်တွေ့ခဲ့ရသည်။

ထိုလူများ၏ အရှိန်အဝါသည် အလွန်တရာပင် အားကောင်း၏။

သူတို့ထဲမှ တစ်ဝက်နီးပါးသည် အသက်(၁၀၀)အောက်တွင် ရှိသည့် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့အပြင် ကျန်းချန်သည် စန်းယွဲ့ သူတော်စင်နယ်မြေသခင်ထက် မနိမ့်ကျသည့် အရှိန်အဝါနှစ်ခုကိုလည်း ခံစားမိခဲ့သည်။

ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းက ကျုံးကျိုးကုန်းမြေမှာ နှစ်(၁၀၀)မှာ တစ်ကြိမ်သာဖွင့်လှစ်တဲ့ ကောင်းကင်လမ်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဟောင်ထျန်း သူတော်စင်နယ်မြေက အစွမ်းထက် ကျင့်ကြံသူ အမြောက်အများကို ဖိတ်ထားတဲ့ပုံပဲ"

ပတ်ဝန်းကျင်မှ အားကောင်းသည့် အရှိန်အဝါများကို ခံစားမိလျှင် ကျန်းချန်သည် စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်တော့ပေ။

ဟောင်ထျန်း မြို့တော်၏ ဂိတ်တံခါးဝတွင် နတ်သန္ဓေအင်ပါယာများစွာသည် စည်းကမ်းတကျ တန်းစီ၍ ရှိနေကြသည်။

ဟောင်ထျန်းမြို့တော်သည် စိတ်ထင်တိုင်း ဝင်ရောက်နိုင်သည့် မြို့တစ်မြို့ မဟုတ်ပေ။

ဟောင်ထျန်း အင်ပါယာ နယ်မြေ၏ ဖိတ်ကြားချက်မရှိလျှင် မည်သူမှ အလွယ်တကူ ဝင်ရောက်၍ရမည် မဟုတ်ချေ။

ကျန်းချန်တို့နှစ်ဦးကလည်း ဝင်ရောက်၍ တန်းစီလိုက်၏။

(၁၅)မိနစ်ခန့် ကြာပြီးနောက်တွင် သူတို့နှစ်ဦး၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

"ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ပြီး နာမည်ပြောပြပါ"

ထိုအချိန်မှာပင် ဂိတ်တံခါးဝရှိ ‌ငွေရောင်သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် အစောင့်နှစ်ယောက်သည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"လူသားဧကရာဇ်နန်းတော်က ကျန်းချန်"

ကျန်းချန်က ပြောလိုက်ပြီးနောက်တွင် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

ထိုစကားကိုပြောနေရင်း သူ၏ အကြည့်က ငွေရောင်သံချပ်ဝတ်စုံဝတ် အစောင့်နှစ်ယောက်ထံသို့ ကျရောက်သွားသည့်အခိုက်တွင် သူ၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မြို့ဂိတ်တံခါးကို စောင့်ကြပ်နေသည့် ငွေရောင်သံချပ်ဝတ် အစောင့်နှစ်ယောက်သည် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများ ဖြစ်နေသောကြောင့်ပင်။

ထိုနှစ်ဦးထဲမှ တစ်ဦး၏ကျင့်ကြံခြင်းသည် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အသက်(၁၀၀)အောက်သာ ရှိသေး၏။

ဟောင်ထျန်း သူတော်စင်နယ်မြေသည် နတ်သန္ဓေအင်ပါယာစတုတ္ထအဆင့်ကိုပင် မြို့တံခါးကို စောင့်ကြပ်စေခဲ့သည်။

"တကယ်ကို ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်(၁) သူတော်စင်နယ်မြေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်တာပဲ"

ကျန်းချန်၏ အဖြေကို ကြားလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အကြည့်များသည် ကျန်းချန်ဆီသို့ စုပြုံ၍ ကျရောက်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည် သူတော်စင်မြို့တော်ငါးခုကို ချေမှုန်းခဲ့ပြီး လူသားဧကရာဇ်နန်းတော်ကို တည်ထောင်ခဲ့ကာ ဟောင်ထျန်းသူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်ကို ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်း၏နံပါတ်(၁)နေရာကနေ ဖယ်ရှားခဲ့သောကြောင့်ဖြစ်သည်။

ရှင်းလင်းစွာစွာရလျှင် ယခုအခါတွင် ကျန်းချန်သည် ကျုံးကျိုးကုန်းမြေ၌ နာမည်တစ်ဟုန်ထိုး ကျော်ကြားနေခဲ့ပြီဖြစ်၏။

ကျန်းချန်ဟူသော ပြိုင်ဘက်ကင်းပါရမီရှင်အမည်ကို ကျုံးကျိုးကုန်းမြေတိုက်တွင် မကြားဖူးသူ မရှိသလောက်ပင်။

"ဒါက ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာမှာရှိတဲ့ ကျန်းချန်လား သူ့ကိုကြည့်ရတာ သာမန်ပါပဲ ကောင်းကင်သူတော်စင်နယ်မြေက ဘယ်လိုလုပ်ပြီး သူ့ကို ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာမှာ ထားခဲ့တာလဲဆိုတာ ငါတကယ်နားမလည်တော့ဘူး"

ဓားကဲ့သို့ မျက်ခုံးကိုပိုင်ဆိုင်ထားပြီး အရပ်မြင့်မြင့် ချောမောသောလူငယ်တစ်ဦးသည် နှုတ်ခမ်းကို မဲ့ရွဲ့ကာ မထီမဲ့မြင်ပြု၍ ပြောလိုက်သည်။

တောင်တစ်လုံးထက် တောင်တစ်လုံးပိုမြင့်တယ်ဆိုတဲ့ ဆိုရိုစကားရှိတယ် မင်းတို့အနေနဲ့ ဘယ်သူ့ကိုမှ အထင်မသေးဘဲ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးနေသင့်တယ် ကောင်းကင်သူတော်စင်နယ်မြေက သူ့ကိုနံပါတ်(၁)နေရာမှာ ထားခဲ့တာဆိုတော့ အဲသလိုထားရတဲ့အကြောင်းအရင်း သေချာပေါက်ရှိမှာပဲ"

ဓားမျက်ခုံးမွေးလူငယ်၏နံဘေးမှ တာအိုဝတ်စုံကိုဝတ်ဆင်ထားသောအဘိုးအိုတစ်ဦးသည် ဓားမျက်ခုံးမွေးလူငယ်ကို တင်းမာသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒီကောင်လေးရဲ့ခွန်အားအတိမ်အနက်ကို ငါတောင်မမြင်နိုင်ဘူး မင်းသူ့ကိုအထင်သေးရင် အကြီးအကျယ် ရှုံးနိမ့်လိမ့်မယ်"

"ဆရာက အရမ်းချဲ့ကားလွန်းနေတာပဲ သိပ်မကြာခင်မှာ ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာကနေ ဒီကောင့်ကို ကျွန်တော်ဘယ်လိုရိုက်ချမလဲဆိုတာ ဆရာစောင့်ကြည့်နေလိုက်ပါ"

ဓားမျက်ခုံးမွေးလူငယ်သည် မာနအလွန်ကြီးပြီး မည်သူ့ကိုမှ မျက်စိထဲမထည့်သည့် အသွင်အပြင်မျိုးဖြင့် ဝင့်ကြွားစွာ ပြောလိုက်သည်။

လူငယ်၏စကားကိုကြားလျှင် တာအိုဝတ်စုံဝတ်အဘိုးအိုသည် ခေါင်းခါရမ်းလိုက်၏။

ထိုကောင်လေးသည် သူ၏နောက်ကို ဆယ်စုနှစ်မက လိုက်ခဲ့ပြီး မည်သည့်အကျပ်အတည်းကိုမှ မကြုံတွေ့ခဲ့ရ၍ မည်သူ့ကိုမှ မျက်စိထဲ မထည့်ခဲ့ပေ။

ဤတစ်ကြိမ် ဟောင်ထျန်းသူတော်စင်နယ်မြေကို သူရောက်ရှိလာခြင်းသည် ကျုံးကျိုးကုန်းမြေမှ ထိပ်တန်းပါရမီရှင်များ၏စွမ်းရည်ကိုပြသရန်နှင့် တောင်တစ်တောင်ထက် နောက်ထပ်တောင်တစ်တောင်ပိုမြင့်သည်ကို သိစေရန်ဖြစ်သည်။

ထိုသို့မဟုတ်လျှင် ထိုကောင်လေး၏မာနတရားသည် မကြာခင်မှာပင် ထိုကောင်လေးကို အသက်အန္တရာယ်နှင့်ကြုံတွေစေလိမ့်မည်ဖြစ်၏။

"လူသားဧကရာဇ်နန်းတော်က ကျန်းချန်လား"

ငွေရောင်သံချပ်ကာဝတ်ရုံဝတ်ဆင်ထားသည့် အစောင့်နှစ်ယောက်ထဲမှ တစ်ယောက်၏မျက်ဝန်းသည် အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

"မင်းက ငါတို့ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့ သူတော်စင်သားတောင်ရှားယွမ်ဟောင်ရဲ့ နံပါတ်(၁)နေရာကို လုယူခဲ့တဲ့ကျန်းချန်လား"

"ဟုတ်တယ် ငါပဲ ဘာပြဿနာရှိလို့လဲ"

ကျန်းချန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"ပြဿနာမရှိပါဘူး"

ငွေရောင်သံချပ်ကာ ဝတ်စုံဝတ်ဆင်ထားသည့် အစောင့်က ကျန်းချန်ကို စူးရှစွာစိုက်ကြည့်၍ ပြောလိုက်သည်။

"ငါ့နာမည်က ရှားဟုန်ပါ ငါက ပါရမီသိပ်မရှိပေမဲ့လည်း ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာကို ရယူဖို့ ဘယ်လို အရည်အချင်းမျိုးတွေ လိုအပ်လဲ ဆိုတာကို သိချင်ပါတယ်.. မင်းငါ့ကို သင်ပြပေးနိုင်မလား"

ငွေရောင်သံချပ်ဝတ်အစောင့်၏ စကားသည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများစွာကို စိတ်ဝင်တစားဖြစ်စေခဲ့သည်။

သူတို့သည်လည်း ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ နံပါတ်(၁)နေရာကို ရုတ်တရက် ရောက်လာသည့် ကျန်းချန်သည် နာမည်ကျော်သလောက် အစွမ်းထက်မထက် သိချင်နေကြသည်မှာ ထင်ရှား၏။

"မင်းက ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ နံပါတ်(၉) နေရာမှာ ရှိတဲ့ ရှားဟုန်လား"

ကျန်းချန်က ငွေရောင်သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသောအစောင့်၏စကားကိုကြားလျှင် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်သည် ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းနှင့် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းနှင့် ပတ်သက်၍ ယခုအခါတွင် အတော်လေး နားလည်မှု ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ရှားဟုန် ဟူသောအမည်သည် ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ နံပါတ်(၉) နေရာတွင် ရှိနေကြောင်း ချက်ချင်းပင် သိရှိခဲ့သည်။

"ဟုတ်တယ် ငါက ရှားဟုန်ပဲ"

ရှားဟုန်က ကျန်းချန်ကို ပြုံးရွှင်စွာ ကြည့်၍ ပြောလိုက်သည်။

"မင်းလို ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ နံပါတ်(၁)နေရာမှာ ရှိတဲ့သူက ငါ့ရဲ့ စိန်ခေါ်မှုကို မကြောက်သင့်ဘူးထင်တယ်"

"ငါကျန်းချန်က ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ နံပါတ်(၁)နေရာမှာ ရှိနေတဲ့အတွက် ဘယ်လိုစိန်ခေါ်မှုကိုမှ မကြောက်ရွံ့ဘူး.. မင်းယှဥ်ပြိုင်ချင်တယ် ဆိုမှတော့ ငါယှဥ်ပြိုင်ပေးမယ် ဒါပေမဲ့ ငါကြိုတင်ပြီး အသိပေးစရာတော့ ရှိတယ် နောက်ဆက်တွဲ ပြဿနာတွေကတော့ ငါနဲ့ဘာမှမဆိုင်ဘူး"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

အစောပိုင်းကပင် သူသည် ဟောင်ထျန်း သူတော်စင်နယ်မြေက နတ်သန္ဓေအင်ပါယာ အဆင့်ကို မြို့တံခါးစောင့် အဖြစ် စေလွှတ်ထားမှန်း စဥ်းစားနေခဲ့သည်။

ယခုကြည့်ရသည်မှာ ဤအရာအားလုံးသည် ရှားယွမ်ဟောင်၏ အစီအစဥ် ဖြစ်ပုံရ၏။

သို့သော်လည်း ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ အဆင့်(၉)နေရာတွင် ရှိသည့် ရှားဟုန်သည် သူ့ကို အနိုင်ရရန် လုံလောက်သည့် အရည်အချင်း ရှိမနေပေ။

"စတိုက်လို့ရပြီ"

ကျန်းချန်ထံမှ သူ့ကို မျက်စိထဲ လုံးဝမထည့်သည့် အမူအရာကိုမြင်လျှင် ရှားဟုန်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏လက်ထဲမှ လှံသည် ချက်ချင်းဆိုသလို ကောင်းကင်ပေါ်ရှိ မိုးကြိုးအရိပ် အဖြစ် ပြောင်းလဲကာ ကျန်းချန်ကိုလွှမ်းခြုံသွားခဲ့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏လက်ကို အသာအယာမြှောက်ကာ လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် မိုးကြိုးလှံရိပ်ကို ချိုးဖျက်လိုက်သည်။

ထို့နောက် ရှားဟုန် လုံးဝ မတုံ့ပြန်နိုင်ခင်မှာပင် ကြောက်မက်ဖွယ် ဓားအရှိန်အဝါ တစ်ခုသည် ရှားဟုန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

ရှားဟုန်က ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ချက်ချင်းပင် နောက်ပြန် လွင့်စင်သွားပြီး ဥက္ကာခဲဖြင့် တည်ဆောက်ထားသည့် မြို့ရိုးနှင့် ပြင်းထန်စွာ ဝင်ဆောင့်မိသွားခဲ့သည်။

"ဖူး.."

ထို့နောက်တွင် ရှားဟုန်သည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

သူ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ရှေ့မှ ကျန်းချန်သည် သူ့ကို လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် အနိုင်ယူခဲ့သည်။

"ဒီကောင်ရဲ့ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ"

ထိုမြင်ကွင်းကို မြင်တွေ့ခဲ့သည့် ကျင့်ကြံသူများစွာသည် မှင်တက်သွားခဲ့ပြီး သတိပြန်ဝင်လာရန် အချိန်အတော်ပင် ယူခဲ့ရသည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်ပြီး ပါရမီရှင်နတ်သန္ဓေ အင်ပါယာစာရင်း၏နံပါတ်(၉)နေရာတွင် ရှိသော ရှားဟုန်ကို ကျန်းချန်က ဤမျှအထိ လွယ်လွယ်ကူကူ အနိုင်ယူလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ထိုကောင်လေးသည် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ နံပါတ်(၁)နေရာနှင့် အမှန်တကယ်ပင် ထိုက်တန်နေပါသလော။

အခန်း(၁၃၂၅)ပြီး၏။

အခန်း(၁၃၂၆)

"ဒီကောင်လေးက သာမန်မဟုတ်ဘူး.. ကောင်းကင် သူတော်စင်နယ်မြေက အသိအမှတ်ပြုထားတဲ့ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာမှာ ရှိထိုက်ပါပေတယ်"

တာအိုဝတ်စုံဝတ် အဘိုးအို၏ အိုမင်းသော မျက်ဝန်းထဲတွင် တောက်ပသော အလင်းများ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

ထို့နောက် သူက သူ့နံဘေးမှ ဓားမျက်ခုံးမွေး လူငယ်ကို စောင်းငဲ့ကြည့်ကာ ပြောလိုက်၏။

"ဘယ်လိုလဲ ကောင်လေး.. ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာက ကျင့်ကြံသူ ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ နုားလည်ပြီလား"

ထိုစကားကိုကြားလျှင် ဓားမျက်ခုံးမွေးလူငယ်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"ဒါက ရှားဟုန်ဆိုတဲ့ကောင် အသုံးမကျလို့ပါ.. ဒီ‌ကောင့်နေရာမှာ ကျွန်တော်ဆိုရင်လည်း ရှားဟုန်ကို အလွယ်လေး အနိုင်ယူနိုင်ပါတယ်"

ဓားမျက်ခုံးမွေးလူငယ်၏ စကားကို ကြားလျှင် တာအိုဝတ်စုံဝတ် အဘိုးအိုက နှာခေါင်းရှုံ့၍ အေးစက်စက် ပြန်ပြောလိုက်သည်။

"မင်းရဲ့ဓားသိုင်းကို ဘယ်သူမှ မယှဥ်နိုင်တော့ဘူးလို့ တကယ်ပဲ ထင်နေတာလား.. မင်းသိထားဖို့က ကျန်းချန် ခုနက ထုတ်သုံးလိုက်တဲ့ ဓားစွမ်းအင်မှာ အလယ်အလယ် ဓားနယ်မြေရဲ့စွမ်းအားတွေ ပါဝင်နေတယ် ဆိုတာပဲ"

"ဘယ်လို ဒီကောင်က အလယ်အလတ် ဓားနယ်မြေအဆင့်အထိ တကယ်ပဲ နားလည်နေပြီလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဓားမျက်ခုံးမွေး လူငယ်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်သည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏ မောက်မာသော မျက်နှာထက်တွင် အဆုံးသတ်၌ တုန်လှုပ်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"လက်ချောင်းလေး တစ်ချောင်းကိုတောင် မယှဥ်နိုင်တဲ့ အမှိုက်ကများ ငါ့ကိုစိန်ခေါ်ဖို့ ဘယ်ကနေ သတ္တိရလာလဲ မသိဘူး"

ကျန်းချန်က ရှားဟုန်ကို မထီမဲ့မြင် ကြည့်၍ ပြောလိုက်သည်။

"ဘယ်လိုလဲ ငါအခု ဝင်လို့ရပြီလား"

"ကျန်းချန် မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

ကျန်းချန်၏ ခနဲ့တဲ့တဲ့ စကားများကိုကြားလျှင် ရှားဟုန်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲသွားခဲ့သည်။

သူ၏ရင်ဘတ်ထဲတွင် ဒေါသမီးလျှံများ ထတောက်လာခဲ့၏။

ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ အဆင့်(၉)နေရာ၌ ရှိသော ရှားဟုန်သည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ထိပ်ဆုံးသုံးဦး စာရင်းဝင် ပါရမီရှင် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဤသည်မှာ အလွန်တရာပင် ဂုဏ်ယူဖွယ်ကောင်းသောအဆင့်အတန်း ဖြစ်၏။

ရှင်းလင်းစွာ ဆိုရလျှင် လျှို့ဝှက်နယ်မြေ ရှစ်ခုလုံးမှာပင် သူတော်စင်သားတော် သမီးတော်များသာ သူနှင့် ယှဥ်နိုင်မည်ဖြစ်သည်။

ယခုအခါတွင် ကျန်းချန်သည် သူ့ကို အမှိုက်ဟု သဘောထားနေခဲ့ရာ အမြဲတစေ မာနကြီးသော ရှားဟုန်အတွက် အတော်လေး အရှက်ရစရာ ဖြစ်နေခဲ့၏။

ဒေါသကြောင့် ဆင်ခြင်တုံတရား မဲ့လာဟန်ရသော ရှားဟုန်သည် ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။

တစ်ခဏအကြာတွင် သူ၏ မျက်နှာက သွေးကဲ့သို့ နီရဲလာခဲ့ပြီး ခန္ဓာကိုယ်ကနေ အသက်စွမ်းအင်သည် ရုတ်တရက် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

"ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့ လျှို့ဝှက်နည်းစနစ်ပါလား"

ရှားဟုန်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည့် အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဟောင်ထျန်း သူတော်စင်နယ်မြေသည် ရှန်းဝူတိုက်ကြီး၏ နံပါတ်(၁)သူတော်စင်နယ်မြေဟုသာ ဆိုရပေတော့မည်။

အကြောင်းအရင်းမှာ ရှားဟုန် ထုတ်ဖော်ခဲ့သည့် လျှို့ဝှက်နည်းလမ်းသည် တိမ်တိုက်ဝါးမျို နည်းစနစ်ထက် များစွာပို၍ အားကောင်းလိမ့်မည်ဟု အရှိန်အဝါကနေ တစ်ဆင့် ခန့်မှန်းမိခဲ့ခြင်းကြောင့်ပင်။

သို့သော်လည်း ရှားဟုန်က လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်၍ ကျန်းချန်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် မြို့တံခါးဝကနေ ကျယ်လောင်သော အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"ရှားဟုန်.. ရပ်လိုက်စမ်း"

အသံနှင့်အတူ လျှပ်စီးကဲ့သို့ ပုံရိပ်တစ်ခုသည် ရှားဟုန် ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ရှားဟုန်၏ ပခုံးကို ဖိနှိပ်ကာ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသော အသက်စွမ်းအားများကို ဖိနှိပ်လိုက်သည်။

ရုတ်တရက် ပေါ်ထွက်လာသော ပုံရိပ်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်၏။

ထိုလူငယ်က အလွန်တရာ ချောမောပြီး တည်ကြည်ခန့်ညားသည့်အပြင် ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အရှိန်အဝါများလည်း ထွက်ပေါ်နေခဲ့သည်။

"ရှားဟုန် မင်းရူးနေလား.. ဟောင်ထျန်း လျှို့ဝှက်နည်းစနစ်ကိုသုံးရင် အနည်းဆုံး လဝက်လောက် အားနည်းနေလိမ့်မယ်.. မင်းရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကို မဝင်ချင်တော့ဘူးလား"

ချောမောသောလူငယ်က ရှားဟုန်ကို ပြင်းထန်စွာ ဆူငေါက်လိုက်သည်။

ချောမောသောလူငယ်၏ ဆူပူ ငေါက်ငန်းခြင်းကို ခံရပြီးနောက်တွင် ရှားဟုန်သည် ဆင်ခြင်တုံ တရားများကို ပြန်လည်ရရှိသွားခဲ့သည်။

"အစ်ကိုချင်းချန် ဒီကောင်က အရမ်းလွန်လွန်းတဲ့ အတွက် ကျွန်တော်..."

"တိတ်စမ်း"

ချောမောသော လူငယ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှားဟုန်၏ စကားကို ဖြတ်ပြောလိုက်သည်။

ထို့နောက် သူက မျက်နှာချင်းဆိုင်ရှိ ကျန်းချန်ကို ပြုံးရွှင်စွာဖြင့် ဂါဝရပြုကာ ပြောလိုက်၏။

"ငါ့ရဲ့ ဂျူနီယာညီလေးရှားဟုန်က မင်းအပေါ်မှာ ရမ်းကားမိတဲ့အတွက် ငါက သူ့ကိုယ်စား တောင်းပန်ပါတယ်"

"ရပါတယ်"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။

သူက စကားပြောနေရင်း ရှားချင်းချန်ကို အကဲခတ်ကြည့်လိုက်သည်။

ရှားချင်းချန်သည် ဟောင်ထျန်း သူတော်စင်နယ်မြေတွင် ရှားယွမ်ဟောင် ပြီးလျှင် ဒုတိယမြောက် ပါရမီရှင် ဖြစ်ပြီး ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၅)နေရာ၌ ရှိသည်။

ရှားယွမ်ဟောင်သည် သည်းခံနိုင်စွမ်းနှင့် ခွန်အားအရာတွင် ရှားဟုန်သည် များစွာ မြင့်မားသည်မှာ သိသာထင်ရှား၏။

"ဟောင်ထျန်း သူတော်စင်နယ်မြေက ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်တစ် သူတော်စင်နယ်မြေနဲ့ ထိုက်တန်ပါပေတယ်.. သူတို့နှစ်ယောက်ရဲ့ ခွန်အားက တကယ်ကို သာမန်မဟုတ်ဘူး"

သူ၏ရှေ့မှ ရှားဟုန်နှင့် ရှားချင်းချန် တို့ကို ကျန်းချန်သည် စိတ်ထဲကနေ ချီးကျူးလိုက်မိသည်။

ရှားဟုန်၊ ရှားချင်းချန်နှင့် သူတော်စင်သားတော် ရှားယွမ်‌ဟောင် တို့သည် ဟောင်ထျန်း သူတော်စင်နယ်မြေတွင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးဆယ်ဦး စာရင်းထဲ၌ ပါဝင်သော တပည့်သုံးဦး ဖြစ်ကြသည်။

ဤတစ်ချက်တည်းကပင် ဟောင်ထျန်း သူတော်စင်နယ်မြေသည် လျှို့ဝှက်နယ်မြေ ရှစ်ခုထဲတွင် ထူးခြားသောခွန်အား ရှိမှန်း မြင်နိုင်ပေသည်။

"မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"

ရှားချင်းချန်က ကျန်းချန်ကို တလေးတစား အမူအရာဖြင့် ချီးကျူးပြောဆိုလိုက်သည်။

"မြို့ထဲကိုကြွပါ.. မြို့ထဲမှာ လမ်းညွှန်ပေးမဲ့သူ ရှိပါတယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရှောင်တုလီနှင့် အတူ ဟောင်ထျန်း မြို့တော်ထဲသို့ လှမ်းဝင်သွားခဲ့သည်။

ကျန်းချန်က ရှားချင်းချန်၏နံဘေးကနေဖြတ်သွားစဥ်တွင် ကျန်းချန်၏နားထဲသို့ အသံတစ်သံရုတ်တရက် ဝင်ရောက်လာခဲ့သည်။

"ကျန်းချန်.. နောက်ထပ် သုံးရက်အတွင်းမှာ ဟောင်ထျန်းသူတော်စင်နယ်မြေက သိုင်းပြိုင်ပွဲကို ကျင်းပလိမ့်မယ်.. မင်းက ပါရမီရှင်နတ်သန္ဓေ အင်ပါယာစာရင်းမှာ နံပါတ်(၁)ဖြစ်တဲ့အတွက် အဲဒီအချိန်ကျရင် ငါတို့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့"

"အဲဒီအတွက် မစိုးရိမ်နဲ့.. ငါမင်းတို့ကို စိတ်မပျက်စေရဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရှားချင်းချန်ကို ဖြတ်ကျော်ကာ မြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ခန်းမထဲတွင် တိမ်တိုက်သင်္ကေတပါသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူငယ်တစ်ဦးသည် ခန်းမအလယ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့သည်။

လူငယ်က ဆံပင်ရှည်များကို ရွှေရောင်သရဖူဖြင့် ရိုးရှင်းစွာ စည်းနှောင်ထားခဲ့၏။

ထိုလူက အလွန်ပင် ချောမောခန့်ညားပြီး ရည်မွန်ပုံရကာ မြင့်မြတ်သော ဧကရာဇ်တစ်ပါးနှင့်ပင် ဆင်တူနေ၏။

ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အခြားသူမဟုတ်ပေ။

ဟောင်ထျန်းသူတော်စင်နယ်မြေ၏ သူတော်စင်သားတော် ရှားယွမ်ဟောင်ပင် ဖြစ်၏။

ရှားယွမ်ဟောင်သည် ခန်းမအလယ်တွင် ရပ်ကာ စဥ်စားခန်းဝင်နေခဲ့သည်။

သူ မည်သည့် အကြောင်းအရာကို စဥ်းစားနေမှန်း မည်သူမျှ မသိပေ။

ထိုအချိန်မှာပင် ခန်းမအပြင်ဘက်ကနေ အိုမင်းသောပုံရိပ် တစ်ခုသည် ဖျတ်ခနဲ ဝင်ရောက်လာခဲ့သည်။

နောက်ဆုံးတွင် ထိုအဘိုးအိုသည် ခန်းမထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"သူတော်စင်သားတော် လူသားဧကရာဇ်နန်းတော်က ကျန်းချန် ကျွန်တော်တို့ ဟောင်ထျန်း သူတော်စင်နယ်မြေထဲကို ဝင်ရောက်လာခဲ့ပါပြီ"

အဘိုးအိုက ခန်းမထဲကို ရောက်သည်နှင့် ရှားယွမ်ဟောင်ကို လေးစားစွာ ပြောလိုက်သည်။

"ဒီကောင် ရောက်လာပြီလား.. သူနဲ့ရှားဟုန် တိုက်ခိုက်တဲ့ရလဒ်အကြောင်း ပြောပြပါဦး"

ရှားယွမ်ဟောင်က အဘိုးအိုဘက်သို့ လှည့်ကာ လေးနက်စွာ ပြောလိုက်၏။

"သူရဲ့ခွန်အားက နားမလည်နိုင်လောက်အောင် နက်ရှိုင်းတယ်"

အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်းရှူကာ ခေါင်းခါရမ်းလိုက်ပြီး မချိပြုံးပြုံးကာ ပြောလိုက်၏။

"သူက လက်ချောင်း တစ်ချောင်းတည်းနဲ့တင် ရှားဟုန်ကို အလွယ်လေး အနိုင်ယူခဲ့တယ်"

အဘိုးအို၏ စကားကိုကြားလျှင် အမြဲတစေ တည်ငြိမ်သော ဟောင်ထျန်း သူတော်စင်နယ်မြေ၏ သားတော် ရှားယွမ်ဟောင်၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်သည် သူ၏ ကိုယ်ပွားကို ဖျက်ဆီးနိုင်ခဲ့ပြီး သူတောာ်စင်မြို့တော် ငါးမြို့ထဲမှ ရှန်းဖုန်းမြို့တော်၏ ဘိုးဘေး ဖုန်းရွှယ်ခွင်းကို အနိုင်ယူခဲ့ခြင်း ဖြစ်၍ ခွန်အားက မနိမ့်ကျလောက်ပေ။

သို့သော်လည်း ဟောင်ထျန်း သူတော်စင်နယ်မြေတွင် တတိယနေရာ၌ ရှိသည့် ရှားဟုန်ကို နတ်သန္ဓေအင်ပါယာ နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် အနိုင်ရရန် မလွယ်ကူချေ။

ရှားဟုန်က ကျန်းချန်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် ကျန်းချန်ကို ဝှက်ဖဲတချို့ ထုတ်သုံးလာအောင် ဖိအားပေးနိုင်လိမ့်မည်ဟု သူ မူလက ထင်မှတ်ခဲ့သည်။

သို့သော်လည်း တကယ့် လက်တွေ့တွင် ရှားဟုန်သည် ကျန်းချန်၏ လက်ချောင်းတစ်ချောင်းတည်းဖြင့် အနိုင်ယူခြင်းကို ခံလိုက်ရ၏။

ကြည့်ရသည်မှာ ထိုကောင်လေး၏ ခွန်အားသည် သူထင်ထားသည်ထက် များစွာ ပို၍ အားကောင်းနေပုံပင်။

အခန်း(၁၃၂၆)ပြီး၏။

All Chapters