အခန်း (၁၃၂၇-၁၃၂၉)
Vol. 89 Ch. 1327-1329
အခန်း(၁၃၂၇)
ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ဆိတ်ငြိမ်သော ခြံဝန်းထဲရှိ အခန်းတစ်ခုထဲတွင် ကျန်းချန်သည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
သူ၏ရှေ့တွင် ကျမ်းစာတစ်စောင် ရှိနေခဲ့၏။
ထိုကျမ်းသည် လူသားဧကရာဇ် စည်းတံဆိပ်ကို မှတ်တမ်းတင်ထားသော ကျမ်းပင် ဖြစ်၏။
ကျန်းချန်နှင့်ရှောင်တုလီတို့က ဟောင်ထျန်းမြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေမှ လူများသည် ဤခြံဝန်းထဲတွင် နေထိုင်ရန် စီစဥ်ပေးခဲ့သည်။
ကျန်းချန်က မလိုလားအပ်သည့် ပြဿနာများကို မဖြစ်စေရန်အတွက် ဟောင်ထျန်း သူတော်စင်နယ်မြေတွင် လည်ပတ်သွားလာခြင်းမျိုး မပြုလုပ်ဘဲ လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယစည်းတံဆိပ်ဖြစ်သော ကျူးရှန်း စည်းတံဆိပ်ကို နားလည်သဘောပေါက်ရန် အခန်းအောင်း၍သာ အပတ်တကုတ် ကြိုးစားနေခဲ့သည်။
သို့သော်လည်း ကျူးရှန်း စည်းတံဆိပ်ကို နားလည်သဘောပေါက်ရန် အခက်အခဲသည် ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်ထက်ပင် နှစ်ဆ၊သုံးဆခန့် ပို၍ ခက်ခဲ၏။
အဆုံးမဲ့ပင်လယ်တွင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ပထမဆုံးအကြိမ် နားလည်အောင် ကြိုးစားစဥ်က ကျန်းချန်သည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ တစ်သိန်းပုံတစ်ပုံကို နားလည်နိုင်ခဲ့သည်။
ယခု ကျူးရှန်းစည်းတံဆိပ်၏ အလှည့်တွင်မူ ကျန်းချန်သည် ကျူးရှန်းစည်းတံဆိပ်၏ သုံးသိန်းပုံ တစ်ပုံကိုသာ နားလည်နိုင်ခဲ့၏။
ထို့ကြောင့် ကျန်းချန်သည် ကျူးရှန်း စည်းတံဆိပ်ကို ပြီးပြည့်စုံအောင် နားလည်ရန် အတွက် အနည်းဆုံး သုံးဆခန့် ပို၍ ကြာမြင့်ပေလိမ့်မည်။
"ဒီလူသားဧကရာဇ် စည်းတံဆိပ်က ရွှယ်လင်ကုန်းမြေတိုက်ကြီးက လူသားမျိုးနွယ်စုရဲ့ နတ်လက်နက် ကျင့်စဥ်လို့ မပြောရဘူး.. တကယ်ကို နားလည်ရခက်ခဲတာပဲ"
ကျူးရှန်းစည်းတံဆိပ်ကို နားလည်ရန်အတွက် အခက်အခဲကို ခံစားမိလျှင် ကျန်းချန်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
စနစ်၏ အကူအညီဖြင့် တစ်နေ့တာလုံး အပတ်တကုတ် ကြိုးစားလျှင်ပင် ကျူးရှန်း စည်းတံဆိပ်အပေါ် သူ၏ နားလည်မှုသည် ၁ ရာခိုင်နှုန်းမျှပင် မပြည့်ခဲ့ပေ။
ဤနှုန်းဖြင့်သာ ဆိုလျှင် ကျူးရှန်း စည်းတံဆိပ်ကို အောင်မြင်စွာ နားလည်ရန် နေ့ရောညပါ ကြိုးစားလျှင်ပင် အနည်းဆုံး သုံးလခန့် ကြာမြင့်လိမ့်မည် ဖြစ်၏။
သုံးလဆိုသော ကာလက အနည်းငယ် ရှည်ကြာပုံရသော်လည်း ဤအမြန်နှုန်းသည် ဆက်လက်၍ ကြောက်စရာကောင်းနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် လူသားဧကရာဇ် စည်းတံဆိပ်သည် နတ်အဆင့်ကျင့်စဥ် ဖြစ်ပြီး အင်ပါယာပင်လျှင် နားလည်ရန် မလွယ်ကူနိုင်သောကြောင့် ဖြစ်သည်။
သာမန် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ဤလူသားဧကရာဇ် စည်းတံဆိပ်ကို ရရှိခဲ့လျှင်ပင် သုံးနှစ်မှ ငါးနှစ် အတွင်း (၁)ရာခိုင်နှုန်းမျှပင် နားလည်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့အနေဖြင့် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို တစ်လအတွင်း နားလည်နိုင်ပြီး ကျူးရှန်း စည်းတံဆိပ်ကို သုံးလအတွင်း ကျွမ်းကျင်နိုင်သည် ဆိုသည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။
သူ၏ဖခင် ကျန်းဝူရပင် သူနှင့် အတူတူ လူသားဧကရာဇ် စည်းတံဆိပ်ကို ကျင့်ကြံခဲ့လျှင် သူ၏နောက်တွင် များစွာ ပြတ်ကျန်နေခဲ့မည်မှာ သေချာ၏။
"ငါဆက်ပြီး လေ့လာမှရမယ်.. ဒါမှပဲ ကျူးရှန်း စည်းတံဆိပ်ကို စောစောစီးစီး ကျွမ်းကျင်နိုင်လိမ့်မယ်"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ကျူးရှန်း စည်းတံဆိပ်ကို နားလည်အောင်လုပ်ရန် ဆက်လက် ကြိုးစားခဲ့သည်။
သို့သော် ထိုအချိန်မှာပင် ကျန်းချန်သည် ခြံဝန်းအပြင်ဘက်ကနေ ရှောင်တုလီ၏ အရှိန်အဝါကို ရုတ်တရက် ခံစားမိခဲ့သည်။
"ဆရာက သတင်းစုံစမ်းပြီး ပြန်ရောက်လာပုံပဲ"
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ပုံရိပ်သည် မျက်တောင်တစ်ခတ် အတွင်း ခြံဝန်းထဲတွင် ပေါ်လာခဲ့၏။
သူက ခြံဝန်းအပြင်ဘက်နေ ဝင်ရောက်လာသော ရှောင်တုလီကိုမြင်လျှင် ပြုံးရွှင်စွာ မေးလိုက်သည်။
"ဆရာ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး စုံစမ်းပြီးပြီလား"
"ဒီပြိုင်ပွဲက ဟောင်ထျန်း သူတော်စင်နယ်မြေမှာ လျှို့ဝှက်ချက် မဟုတ်တဲ့အတွက် စုံစမ်းဖို့ မခက်ခဲခဲ့ဘူး"
ရှောင်တုလီက လေးနက်စွာ ပြောလိုက်သည်။
"ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း ဖွင့်လှစ်တဲ့အချိန်တိုင်းမှာ ဟောင်ထျန်း သူတော်စင်နယ်မြေက ပြိုင်ပွဲကို ကျင်းပလေ့ရှိတယ် ဒါပေမဲ့ ဒီပြိုင်ပွဲက သာမန်ပြိုင်ပွဲတော့ မဟုတ်ဘူး"
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံး၌ အလင်းရောင်များ ဖျတ်ခနဲ လက်သွားခဲ့သည်။
"ဘယ်လိုပြိုင်ပွဲလဲ ဆရာ"
ရှောင်တုလီက လေးနက်စွာ ရှင်းပြလိုက်သည်။
"ဒီပြိုင်ပွဲကို ပါရမီရှင် နတ်သန္ဓေအင်ပါယာ ပြိုင်ပွဲလို့လည်း ခေါ်ကြတယ် ဒီပြိုင်ပွဲက ပါရမီရှင် နတ်သန္ဓေအင်ပါယာတွေအတွက် ကြီးကျယ်တဲ့ပြိုင်ပွဲ တစ်ခု ဖြစ်ရုံတင်မကဘဲ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းနဲ့လည်း ပတ်သက်ဆက်နွှယ်နေတယ်"
ရှောင်တုလီထံမှ စကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
"ဒီပါရမီရှင် နတ်သန္ဓေအင်ပါယာ ပြိုင်ပွဲက ဘယ်လိုလုပ်ပြီး ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းနဲ့ သက်ဆိုင်သွားရတာလဲ"
ဤတစ်ကြိမ်တွင် ဟောင်ထျန်း သူတော်စင်နယ်မြေသို့ သူ ရောက်ရှိလာသော တစ်ခုတည်းသော ရည်ရွယ်ချက်သည် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းသို့ ဝင်ရောက်ခွင့်ရရန်အတွက် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် ဤပြိုင်ပွဲနှင့် ပတ်သက်၍ သိပ်စိတ်မဝင်စားခဲ့ပေ။
အမှန်အတိုင်း ဝန်ခံရလျှင် ရှားချင်းချန်က သူ၏ နားရွက်နားသို့ ကပ်ပြီး ပြောခဲ့စဥ်ကပင် အလေးအနက် မထားခဲ့ချေ။
သို့သော်လည်း ယခု ရှောင်တုလီ၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်သည် အလေးအနက် အာရုံစိုက်ရတော့မည် ဖြစ်၏။
"အမှန်ပဲ ဒီပြိုင်ပွဲက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ စည်းမျဥ်းတွေနဲ့ ဆက်စပ်နေတယ်"
ရှောင်တုလီက ခပ်ယဲ့ယဲ့ပြုံး၍ ကျန်းချန်ကို အသေးစိတ် ရှင်းပြလိုက်သည်။
"ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို သွားဖို့အတွက် ထူးခြားတဲ့ မှော်စွမ်းအင်ကျောက်တုံး တစ်မျိုးလိုအပ်တယ်.. အဲဒါကို ကြယ်စင်ကျောက်တုံးလို့လည်း ခေါ်ကြတယ်.. ကြယ်စင်ကျောက်တုံး တစ်ခုဆီမှာ ကြယ်စွမ်းအင်(၁၀)ခုစီ သိုလှောင်ထားပြီး အဲဒီ ကြယ်စွမ်း(၁)ခုစီက ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းမှာ ဆယ်ရက် နေထိုင်နေတယ်.. ကြယ်စွမ်းအင်(၁၀)ခုလုံး ကုန်ဆုံးသွားတာနဲ့ ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းကနေ နှင်ထုတ်ခံရလိမ့်မယ်.. တစ်နည်းပြောရရင် ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းကို ဝင်ရောက်ခွင့်ရှိတဲ့ ပါရမီရှင်တိုင်းက သာမန်အခြေအနေမှာ ဆိုရင် ရက်ပေါင်း(၁၀၀)ပဲ အချိန်ရှိတယ်.. ဒါပေမဲ့ ဒီပါရမီရှင် နတ်သန္ဓေအင်ပါယာပြိုင်ပွဲက အဲဒီအခြေအနေကို ပြောင်းလဲပစ်နိုင်တယ်.. ဘာလို့လဲဆိုတော့ အနိုင်ရရှိတဲ့သူက ရှုံးနိမ့်တဲ့သူရဲ့ ကြယ်စွမ်းအင် ၁၀ပုံ၁ပုံကို ရယူနိုင်လို့ပဲ.. ဒါက ဘာအဓိပ္ပါယ်လဲဆိုတော့ ပြိုင်ပွဲမှာ အနိုင်ရနေသရွေ့ မင်းရဲ့ကြယ်စင် ကျောက်တုံးမှာ သိုလှောင်ထားတဲ့ ကြယ်စွမ်းအင်တွေက ပိုမို များပြားလာပြီး ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းမှာ အချိန်ကြာကြာပိုပြီး နေထိုင်နိုင်မဲ့ အဓိပ္ပါယ်ပဲ.. ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းမှာ အချိန်ကြာကြာပိုပြီး နေနိုင်လေလေ ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး ကြယ်တာရာမြို့တော်ဆီ ဝင်ရောက်နိုင်မဲ့အခွင့်အလမ်း ပိုပြီး ကောင်းမွန်လေလေပဲ.. ဒါကြောင့် ဒီပြိုင်ပွဲက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ စမ်းသပ်မှုကို အောင်မြင်ချင်တဲ့သူတွေ အတွက် အရမ်းကို အရေးပါတဲ့ပြိုင်ပွဲဆိုတာ သေချာသလောက်ပဲ"
"ဟားဟား ဆရာပြောတဲ့အတိုင်းဆိုရင် တကယ်ကို စိတ်ဝင်စားစရာပဲ.. ဟောင်ထျန်း သူတော်စင် နယ်မြေက ကျင်းပတဲ့ ဒီပါရမီရှင် နတ်သန္ဓေ အင်ပါယာပြိုင်ပွဲကို ကျွန်တော် အတော်လေး စိတ်ဝင်စားလာပြီ"
ရှောင်တုလီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းချန်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
"ဒီရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို အသက်(၁၀၀)အောက် ပါရမီရှင် နတ်သန္ဓေအင်ပါယာတွေပဲ ဝင်ရောက်ခွင့်ရှိကြတယ်.. အခု ဟောင်ထျန်း သူတော်စင်နယ်မြေမှာ လျှို့ဝှက်နယ်မြေရှစ်ခုက ကျင့်ကြံသူတွေ ရောက်ရှိနေကြတယ်.. ကျွန်တော့်အမြင်အရတော့ ဒီပြိုင်ပွဲက လျှို့ဝှက်နယ်မြေရှစ်ခုကို အလေးသာအောင် တမင် လုပ်ဆောင်ထားတဲ့ ပြိုင်ပွဲတစ်ခုပဲ.. ပြိုင်ပွဲကြောင့် လျှို့ဝှက်နယ်မြေ ရှစ်ခုက အားနည်းတဲ့ ကျင့်ကြံသူတွေရဲ့အချိန်တွေကို လုယူပြီး ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ပိုပြီး အခွင့်အရေးတွေ များစေလိမ့်မယ်"
ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်တုလီ၏ အမူအရာက လေးနက်သွားခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ သူ၏ စကားကို ဆက်ပြောလိုက်၏။
"ဒီပြိုင်ပွဲက တကယ်တော့ အားနည်းသူက အားကြီးသူကို စားစတမ်းဆိုတဲ့ ကမ္ဘာကြီးရဲ့ ရှင်သန်ခြင်းဆောင်ပုဒ်နဲ့ ထပ်တူကျတယ်"
ကျန်းချန်က ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းတွင် မည်သို့သောအရာနှင့် ကြုံတွေ့ရမည်မှန်း မသိသေးပေ။
ထို့ကြောင့် ရက်(၁၀၀)အတွင်း ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း၏ စမ်းသပ်မှုကို အောင်မြင်နိုင်မည်ဟု ကျန်းချန် ကိုယ်တိုင်ပင် မသေချာခဲ့ချေ။
ယခု ဟောင်ထျန်း သူတော်စင်နယ်မြေက ထိုကဲ့သို့ စည်းမျဥ်းကို ထုတ်ထားခဲ့သည်ဖြစ်ရာ သူ့အနေဖြင့် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းတွင် အချိန်အနည်းငယ် ပို၍ ရရှိရန်အတွက် ပြိုင်ပွဲတွင် အနိုင်ရရှိအောင် လုပ်ဆောင်ရလိမ့်မည် မဟုတ်ပါလော။
"မင်းက အခု ပါရမီရှင်နတ်သန္ဓေအင်ပါယာ စာရင်းရဲ့နံပါတ်(၁)နေရာမှာ ရှိနေတယ်.. မင်းနဲ့ အဆင်မပြေတဲ့ ဟောင်ထျန်းသူတော်စင်နယ်မြေ၊ သူရိန်နယ်မြေနဲ့ စန်းယွဲ့ သူတော်စင်နယ်မြေတို့က မင်းကို ပူးပေါင်းပြီး တိုက်ခိုက်မှာ စိုးရိမ်ရတယ်"
ထိုစကားကို ပြောနေရင်း ရှောင်တုလီ၏ မျက်ခုံးများသည် တွန့်ကွေးသွားခဲ့သည်။
ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့် ဆိုလျှင် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ သားတော် ရှားယွမ်ဟောင်နှင့် တစ်ဦးချင်း တိုက်ခိုက်ရမည်ဆိုလျှင်ပင် ရှားယွမ်ဟောင် အနေဖြင့် ကျန်းချန်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကြီးကျယ်ခမ်းနားသော လျှို့ဝှက်နယ်မြေ ရှစ်ခုမှ ပါရမီရှင်များ ပူးပေါင်း၍ ကျန်းချန်ကို ပစ်မှတ်ထားကာ တိုက်ခိုက်လျှင်မူ အနည်းငယ် ဒုက္ခတွေ့နိုင်သည် မဟုတ်ပါလား။
"ဆရာ ဒီအတွက်တော့ စိတ်မပူပါနဲ့.. သူတို့ ကျွန်တော့်ကို ပစ်မှတ်ထားရဲရင် ကျွန်တော် သူတို့ကို နောင်တရအောင် လုပ်ပေးလိုက်မယ်"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
ဤသည်က ပြိုင်ပွဲ ဖြစ်သောကြောင့် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ မွန်းစတားအိုကြီးများသည် သူ့ကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။
သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် မွန်းစတားအိုကြီးများ မလှုပ်ရှားသရွေ့ သူ့အနေဖြင့် မည်သူ့ကိုမှ ကြောက်စရာမရှိပေ။
အခန်း(၁၃၂၇)ပြီး၏။
အခန်း(၁၃၂၈)
နောက်ထပ် သုံးရက်လုံး ကျန်းချန်သည် အပြင်မထွက်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင် သူက ကျူးရှန်း စည်းတံဆိပ်ကို ဆက်လက်နားလည် သဘောပေါက်အောင် ကြိုးစားရင်း ပြိုင်ပွဲကို စောင့်ဆိုင်းနေခဲ့၏။
ဤသို့ဖြင့်ပင် သုံးရက်တာ အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
တတိယနေ့တွင် ဟောင်ထျန်း သူတော်စင်နယ်မြေသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယနေ့သည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ပါရမီရှင် နတ်သန္ဓေအင်ပါယာ ပြိုင်ပွဲ ကျင်းပမည့်နေ့ ဖြစ်နေသောကြောင့်ပင်။
ကျန်းချန်က ရှောင်တုလီနှင့် အတူ ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ရှေးဟောင်း အရှိန်အဝါ အငွေ့အသက်များ ဝန်းရံနေသည့် ကြီးမားသော ရင်ပြင်ဆီသို့ ဦးတည်သွားခဲ့သည်။
ရင်ပြင်ဆီသို့ ရောက်သောအခါ ရင်ပြင်တွင် ပုံရိပ်များစွာ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
"ကျန်းချန်"
ကျန်းချန်က နေရာယူ၍ ထိုင်ရန်ပြင်နေစဥ်မှာပင် သူ၏နားထဲသို့ အေးစက်စက် အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ကျန်းချန်က ခေါင်းကို အနည်းငယ် စောင်းငဲ့၍ အသံလာရာဆီသို့ ကြည့်လိုက်ရာ သူရိန်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်သည် သုန်မှုန်နေသော အမူအရာဖြင့် သူ့ဆီသို့ ချဥ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ယန်ယောင်၏ နံဘေးတွင် သူရိန်သူတော်စင် နယ်မြေ၏ ဝတ်စုံများကို ဝတ်ဆင်ထားသော ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှ ကျင့်ကြံသူ ငါးဦးရှိပြီး ၎င်းတို့သည် ယန်ယောင်နှင့်အတူ ပြိုင်ပွဲကို လာရောက်ကြသည့် သူရိန်နယ်မြေမှ တပည့်များ ဖြစ်ကြသည်။
ကျန်းချန်က ယန်ယောင်ကို ပေ့ါပါးစွာကြည့်၍ ပြောလိုက်သည်။
"ယန်ယောင် မင်းဘာပြဿနာရှာချင်လို့လဲ"
----------------
"ဟိုမှာကြည့်စမ်း.. အဲဒါက သူရိန်နယ်မြေက သူတော်စင်သားတော်ယန်ယောင် မဟုတ်လား.. သူနဲ့ ပြဿနာဖြစ်နေတဲ့ကောင်လေးက ဘယ်သူများလဲ"
ကျန်းချန်တို့ နှစ်ဦးကြား ထိပ်တိုက်ရင်ဆိုင်မှုသည် ရင်ပြင်ရှိ လူများစွာ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
ကျန်းချန်ကို မည်သူမည်ဝါမှန်း မသိသည့် လူငယ်တစ်ဦးက မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်၏။
သူရိန်နယ်မြေ၏ သူတော်စင်သားတော် ယန်ယောင်သည် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် စတုတ္ထနေရာတွင် ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထိုကောင်လေးက ယန်ယောင်နှင့် ယခုလို ရင်ဆိုင်တွေ့နေခြင်းသည် ကိုယ့်သေလမ်း ကိုယ်ရှာနေခြင်းသာ ဖြစ်သည် မဟုတ်ပါလား။
သို့သော်လည်း ကျန်းချန်ကို မည်သူမည်ဝါမှန်း သိရှိထားသူတချို့ကမူ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟူသော အသိဖြင့် စိတ်လှုပ်ရှားလာခဲ့သည်။
"ကျန်းချန်.. မင်းက ဟောင်ထျန်း သူတော်စင်နယ်မြေကို လာရဲလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး"
ယန်ယောင်က ကျန်းချန်ကို စိုက်ကြည့်လိုက်ပြီး အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"မင်းဆက်ဆက် စောင့်နေလိုက်.. အဲဒီနေ့က အရှက်ကွဲခဲ့ရတာကို ငါ ဆယ်ဆပြန်ယူမယ်"
"မင်းလိုအမှိူက်က ဒီလိုစကားပြောဖို့ ဘယ်နေရာကနေ သတ္တိရလာသလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး"
ကျန်းချန်က ခနဲ့တဲ့တဲ့ ပြုံးကာ ပြောလိုက်သည်။
"မင်း ငါနဲ့တိုက်ချင်တယ်ဆိုရင် ပြိုင်ပွဲမှမဟုတ်ဘူး.. အခုနေ တိုက်လည်းရတယ်.. ဒါပေမဲ့ နောက်ဆုံးအကြိမ်က တိုက်ပွဲလိုတော့ မင်းအသက်ရှင်မယ်လို့ ငါအာမ မခံဘူး"
"ဟမ့် ကျန်းချန် မင်းသိပ်ပြီးမောက်မာမနေနဲ့.. အဲဒီတုန်းက ငါသတိလက်လွတ် ဖြစ်သွားလို့ပဲ.. ခဏနေ ပြိုင်ပွဲစရင် မင်းအခုလို မောက်မာနိုင်ဦးမလား ဆိုတာ ငါကြည့်ချင်သေးတယ်"
ယန်ယောင်က သုန်မှုန်သော မျက်နှာထားဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူရိန်နယ်မြေမှ တပည့်များနှင့် အတူ လှည့်ထွက်သွားခဲ့၏။
"သူရိန်နယ်မြေက ယန်ယောင်ကို ကျန်းချန်က တကယ်ပဲ အနိုင်ယူခဲ့တာလား"
သူရိန်နယ်မြေမှ သားတော် ယန်ယောင် လှည့်ထွက်သွားသည်ကိုမြင်လျှင် ကြည့်ရှုနေသူများသည် သူတို့ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
အထူးသဖြင့် လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင် သားတော်များ၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်သည် ပို၍ပင် လေးနက်လာခဲ့၏။
သူတို့သည် သူရိန်နယ်မြေမှ သူတော်စင်သားတော်ယန်ယောင်၏ခွန်အားကို ရှင်းလင်းစွာ သိရှိထားခဲ့ကြသည်။
လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင်သားတော် သမီးတော်များ ကြားမှာပင် ယန်ယောင်၏ ခွန်အားသည် ထိပ်ဆုံးနေရာ၌ ပါဝင်သည်။
ကျန်းချန်က အမှန်တကယ်ပင် ယန်ယောင်ကို အနိုင်ယူခဲ့ဖူးသည်ဆိုလျှင် သူတို့အနေဖြင့် ကျန်းချန်ကို လုံးဝ လျှော့မတွက်သင့်တော့ပေ။
ကျန်းချန်က သူ့အပေါ်သို့ အာရုံစူးစိုက်ကာ ကြည့်ရှုနေကြသည့် မရေမတွက်နိုင်သော အကြည့်များ အောက်မှာပင် အဆုံးသတ်၌ နေရာတစ်ခုကို ရှာဖွေကာ ထိုင်လိုက်သည်။
ရင်ပြင်က အတော်ပင် ကျယ်ဝန်းပြီး ရင်ပြင်အလယ်တွင် ကျောက်စင်မြင့်တစ်ခု ရှိသည်။
ထိုစင်မြင့်၏ ပတ်ပတ်လည်တွင် အလွန်ထင်ရှားသည့် နေရာရှစ်ခု ရှိ၏။
ထိုနေရာများတွင် ပုံရိပ်တချို့သည် နေရာယူထားကြသည်။
ကျန်းချန်သည် ထိုပုံရိပ်ထဲတွင် ရင်းနှီးသောသူ တချို့ကို တွေ့ရှိခဲ့၏။
၎င်းတို့မှာ စန်းယွဲ့ သူတော်စင်နယ်မြေမှ သူတော်စင်သမီးတော်ယွဲ့ချင်းရွှယ်၊ သူရိန်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်တို့ ဖြစ်ကြသည်။
ဤနေရာက လျှို့ဝှက်နယ်မြေရှစ်ခုမှ သူတော်စင် သားတော် သမီးတော်များ အတွက် ပြင်ဆင်ထားခြင်း ဖြစ်မှန်း ကျန်းချန်သည် ချက်ချင်းဆိုသလို ခန့်မှန်းနိုင်ခဲ့သည်။
"ကျန်းချန် လျှို့ဝှက်နယ်မြေရှစ်ခုမှာ ပါရမီရှင် အများအပြား ရှိပေမဲ့ အများစုကတော့ မင်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ မင်းသုံးဦးကိုတော့ ဂရုစိုက်ရမယ်"
ထိုအချိန်တွင် ကျန်းချန်၏ နံဘေးရှိ ရှောင်တုလီက ရုတ်တရက် ပြောလိုက်သည်။
"ဘယ်သုံးဦးလဲဆရာ"
ကျန်းချန်က စိတ်ဝင်တစား ပြန်မေးလိုက်၏။
ရှောင်တုလီက အသက်ကို ခပ်ပြင်းပြင်းရှူကာ စတင်၍ ပြောလိုက်သည်။
"ပထမတစ်ဦးကတော့ ဟောင်ထျန်း သူတော်စင်နယ်မြေက ရှားယွမ်ဟောင်ပဲ.. ဒီကောင်လေးက မင်းလိုပဲ ရုပ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခံပညာ နှစ်မျိုးလုံးကို ကျင့်ကြံထားတယ်.. သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အံ့သြစရာ ကောင်းပြီး ခွန်အားကလည်း အရမ်းနက်နဲတယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူက ဟောင်ထျန်း သူတော်စင်နယ်မြေမှ သူတော်စင်သားတော် ရှားယွမ်ဟောင်၏ ခွန်အားကို အတော်အသင့် နားလည်ထားခဲ့သည် မဟုတ်ပါလော။
သူက ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူတွင် ရှားယွမ်ဟောင်၏ နတ်ဝိညာဥ်ကိုယ်ပွားကို အားထုတ်မှုများစွာ ပြုလုပ်ပြီးမှသာ ရှင်းပစ်နိုင်ခဲ့သည်။
သူ၏ လက်ရှိခွန်အားသည် ရှေးဟောင်း အင်ပါယာသန္ဓေပြောင်း သင်္ချိုင်းဂူတွင် ရှိစဥ်ကနှင့် နှိုင်းယှဥ်လျှင် များစွာတိုးတက်လာခဲ့သော်လည်း ဟောင်ထျန်းသူတော်စင်နယ်မြေ၏ သားတော် ရှားယွမ်ဟောင်နှင့် ရင်ဆိုင်ရာတွင် ပေါ့ဆ၍ လုံးဝမဖြစ်ပေ။
"ဒုတိယတစ်ဦးက အရှေ့တောင်ဘက် အရပ်မှာ နေရာယူထားတဲ့ ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့လူပဲ"
ရှောင်တုလီက ရင်ပြင်၏ အရှေ့တောင်ဘက်ရှိ နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
"ဒီကောင်လေးက ကောင်းကင်ပဟေဠိ သူတော်စင်နယ်မြေက သူတော်စင်သားတောင် ချင်ဝူချွယ်ပဲ.. သူက ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့သူလည်းဖြစ်တယ်.. ဒါ့အပြင် ရှားပါးတဲ့ ဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဓားပညာရပ်မှာ အရမ်းမြင့်မားတယ်လို့ ဆိုကြတယ် သူရဲ့ခွန်အားက ဟောင်ထျန်းသူတော်စင်နယ်မြေရဲ့သားတော် ရှားယွမ်ဟောင်ထက် လုံးဝမနိမ့်လောက်ဘူး"
ရှောင်တုလီ၏ မိတ်ဆက်စကားကို ကြားလျှင် ကျန်းချန်သည် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒီနှစ်ဦးအပြင် မင်းဂရုစိုက်ရမှာက ကောင်းကင်လျှို့ဝှက်နယ်မြေက သူတော်စင်သားတော် မိုကျိရွှယ်ပဲ.. ဒီကောင်လေးက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းမှာ အဆင့်(၈)နေရာမှာပဲ ရှိတယ် ဆိုပေမဲ့လည်း ကောင်းကင် သူတော်စင်နယ်မြေက အမြဲတစေ ခန့်မှန်းရခက်တဲ့ အတွက် သတိထားတာ အကောင်းဆုံးပဲ"
ရှောင်တုလီက တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်နှင့်ကျန်းချန်ကို မိတ်ဆက်ပေးလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် စိတ်ဝင်တစာင်းကင်လမ်းဖွင့်လှစ်တဲ့အခါ ပါရမီရှင်များစွာ ပေါ်ပေါက်လာပုံပဲ လျှို့ဝှက်နယ်မြေရှစ်ခုက ပါရမီရှင်တွေအပြင် ထူးခြားတဲ့ပါရမီရှင်တွေလည်း ရှိမယ်ထင်တယ်ဆရာ"
"သေချာပေါက်ရှိတာပေ့ါ ဒါပေမဲ့ သူတို့က လျှို့လျှို့ဝှက်ဝှက်ပဲ နေထိုင်ကြတဲ့အတွက် ချက်ချင်းတော့ စုံစမ်းလို့ မရသေးဘူး ဒါပေမဲ့ ငါ သူတို့ထဲက တစ်ယောက်ကိုတော့ သိတယ်"
ရှောင်တုလီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"အဲဒီသူက အကြီးအကဲ ချင်းယန်ရဲ့ တပည့်လို့ ပြောကြတယ်"
"ချင်းယန်ဆိုတာက အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှာ အဆင့်(၁၆)နေရာမှာ ရှိတဲ့သူလား"
ရှောင်တုလီ၏ စကားကိုကြားလျှင် ကျန်းချန်သည် အသက်ရှူကြပ်မလိုပင် ဖြစ်သွားခဲ့သည်။
ဤတစ်ကြိမ် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း ဖွင့်လှစ်သည့်အခါတွင် ပြိုင်ဘက်ကင်း မွန်းစတားအိုကြီးများ၏ တပည့်များပင် ပေါ်ပေါက်လာခဲ့ကြပြီ ဖြစ်သည်။
ပါရမီရှင် အားလုံးသည် ကြယ်တာရာမြို့တော်ထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေပုံ ရ၏။
အခန်း(၁၃၂၈)ပြီး၏။
အခန်း(၁၃၂၉)
ထို့နောက်တွင် ရှောင်တုလီသည် တခြားသော သူတော်စင်နယ်မြေများမှ ပါရမီရှင်များ အကြောင်းကို ကျန်းချန်အား အကြမ်းဖျင်း ရှင်းပြခဲ့သည်။
သူရိန်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်နှင့် စန်းယွဲ့သူတော်စင်နယ်မြေမှ ယွဲ့ချင်းရွှယ်တို့ အပြင် အခြားသုံးဦးလည်း ရှိသေး၏။
ထိုသုံးယောက်မှာ ကျိရှောင် သူတော်စင်နယ်မြေမှ ရှားယွင်၊ယောင်ချီ သူတော်စင်နယ်မြေမှ လော်ထျန်းယောင်၊ ထျန်းယင်သူတော်စင်နယ်မြေမှ ချူမူလင်တို့ ဖြစ်ကြသည်။
ထိုသူတော်စင်သားတော်၊ သမီးတော်များသည် ရှားယွမ်ဟောင်လောက် အစွမ်းမထက်သည့်တိုင် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ပါရမီရှင် လူနည်းစုထဲမှ ဖြစ်ကြသည်။
"ဒေါင်.."
ကျန်းချန်နှင့် ရှောင်တုလီတို့ စကားပြောဆိုနေစဥ်မှာပင် ခေါင်းလောင်းသံ တစ်သံသည် ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ကောင်းကင်ယံအနှံ့တွင် ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
ထိုခေါင်းလောင်းသံနှင့်အတူ လေထုထဲတွင် နေရာလွတ်လှုပ်ရှားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။
မကြာခင်မှာပင် ရင်ပြင်၏ အလယ်၌ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ် အနည်းငယ် ထွက်ပေါ်လာခဲ့သည်။
ဦးဆောင်သူမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးဖြစ်ပြီး ထိုအဘိုးအို၏ နောက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ် ၇ဦး၊၈ဦးခန့် ရှိနေကြသည်။
ထိုလူငယ် ၇ဦး၊၈ဦးထဲတွင် ရှားဟုန်နှင့် ရှားချင်းချန်တို့ နှစ်ဦးပါဝင်နေသည်ကို ကျန်းချန် သတိပြုမိလိုက်သည်။
ရှားချင်းချန်နှင့် ရှားဟုန်တို့၏ ရှေ့တွင် ချောမောပြီး အေးစက်စက် မျက်နှာထားရှိသော လူငယ်တစ်ဦး ရှိနေခဲ့သည်။
ထိုလူငယ်သည် ကောင်းကင်ပေါ်ရှိ အတောက်ပဆုံး ကြယ်တံခွန်ကဲ့သို့ ကမ္ဘာကိုပင် စိုးမိုးနိုင်သည့် အစွမ်းထက် အရှိန်အဝါကို ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေ၏။
ထိုလူငယ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ပြင်ရှိ ပါရမီရှင် အားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ထိုလူငယ်မှာ တခြားသူမဟုတ်ဘဲ ဟောင်ထျန်း သူတော်စင်နယ်မြေ၏ သူတော်စင်သားတော် ရှားယွမ်ဟောင်ပင် ဖြစ်၏။
ရှားယွမ်ဟောင်က ပေါ်ထွက်လာပြီးနောက်တွင် သူ၏ နောက်ရှိ ဟောင်ထျန်း သူတော်စင်နယ်မြေမှ တပည့်အချို့နှင့် အတူ ရင်ပြင်၏ မြောက်ဘက်အရပ်တွင် နေရာယူကာ ထိုင်လိုက်သည်။
ထိုအချိန်မှာပင် ဆံဖြူအဘိုးအို၏ လွှမ်းမိုးနိုင်စွမ်း ရှိသောအသံသည် ပတ်ဝန်းကျင် လေထုထဲတွင် ပျံ့နှံ့လာခဲ့သည်။
"ငါက ဒီနေ့ပြိုင်ပွဲကို ဦးဆောင်ကျင်းပမဲ့ ဟောင်ထျန်းသူတော်စင်နယ်မြေက မဟာအကြီးအကဲ ရှားချန်ခုံးပဲ"
ရှားချန်ခုံးထံမှ အစွမ်းထက် အရှိန်အဝါများကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လေးနက်သွားခဲ့သည်။
နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူဖြစ်သည့် ရှားချန်ခုံး၏ ခွန်အားသည် စန်းယွဲ့ သူတော်စင်နယ်မြေသခင်ထက် မနိမ့်ကျပေ။
ရင်ပြင်တွင် ထွက်ပေါ်လာသော ဟောင်ထျန်း သူတော်စင်နယ်မြေမှ မဟာအကြီးအကဲ ရှားချန်ခုံးအပြင် လေထုထဲရှိ တိမ်တိုက်များထဲကနေ အစွမ်းထက်သော အရှိန်အဝါများစွာကိုလည်း ကျန်းချန်သည် သူ၏ ထက်မြက်သော အာရုံခံနိုင်စွမ်းဖြင့် ခံစားမိခဲ့သည်။
သူသိထားသလောက် ဤတစ်ကြိမ် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း ဖွင့်လှစ်ရာတွင် လျှို့ဝှက်နယ်မြေရှစ်ခုမှ သခင်ရှစ်ပါးအပြင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၁၆)နေရာ၌ ရှိသော အကြီးအကဲ ချင်းယန်ပင် ဟောင်ထျန်း သူတော်စင်နယ်မြေသို့ ရောက်လာခဲ့ကြသည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် လေထုထဲရှိ တိမ်တိုက်ထဲတွင် ရှိနေကြသည့် ကျင့်ကြံသူများသည် ရှန်းဝူ ကုန်းမြေတိုက်ကြီးတွင် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာကြသည့် မွန်းစတားအိုကြီးများ ဖြစ်နိုင်လောက်၏။
"အရင်အကြိမ်တွေကလိုပဲ ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း ဖွင့်လှစ်တဲ့အချိန်မှာ ငါတို့ ဟောင်ထျန်းသူတော်စင်နယ်မြေက သိုင်းပြိုင်ပွဲကို ဦးစီးကျင်းပမယ်.. ဒီသိုင်းပြိုင်ပွဲက ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းကို သက်ရောက်စေမဲ့အပြင် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ စမ်းသပ်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်.. အခုငါ သိုင်းပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို ကြေညာမယ်"
ထိုစကားကို ပြောပြီးနောက်တွင် ရှားချန်ခုံးသည် စည်းမျဥ်းများကို စတင် မိတ်ဆက်ပေးလိုက်သည်။
ပြိုင်ပွဲတွင် ချမှတ်ထားသော စည်းမျဥ်းများမှာ ရှောင်တုလီစုံစမ်းထားသော စည်းမျဥ်းများနှင့် အခြေခံအားဖြင့် တူညီသည်။
ပထမအဆုံးအနေဖြင့် ဟောင်ထျန်း သူတော်စင်နယ်မြေသည် ကြယ်စွမ်းအင်(၁၀)ခုပါသော ကြယ်စင် ကျောက်တုံးများကို ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းကို ဝင်ရောက်ရန်ပြင်ဆင်နေကြသည့် ပါရမီရှင် အားလုံးကို ပေးအပ်မည်ဖြစ်သည်။
ထို့နောက်တွင် သိုင်းပြိုင်ပွဲကို တရားဝင်စတင်မည် ဖြစ်ပြီး ကြယ်စင် ကျောက်တုံးကို ရရှိထားသော ပါရမီရှင်အားလုံးသည် အချင်းချင်း စိန်ခေါ်နိုင်ကြမည် ဖြစ်သည်။
အနိုင်ရရှိသူသည် ရှုံးနိမ့်သူ ရရှိထားသည့် ကြယ်စွမ်းအင်၏ ၁၀ပုံ၁ပုံကို ရယူနိုင်မည် ဖြစ်၏။
အင်အားချင်းမညီမျှသော ပြိုင်ပွဲများ ဖြစ်မလာစေရန် အတွက် ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်ဆယ်ခုထက် ပိုမို ကွာခြားသော စိန်ခေါ်မှုများကို စိန်ခေါ်ခံရသူသည် ငြင်းပယ်ပိုင်ခွင့် ရှိသည်။
မှန်ပါသည်။ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်နိမ့်ကျသော သူတစ်ဦးသည် မိမိထက် အဆင့်မြင့်သူကို အနိုင်ယူနိုင်လျှင် သူ၏ အဆင့်ကို အစားထိုးနိုင်မည်ဖြစ်ပြီး ပိုမိုမြင့်မားသော အဆင့်များကို ဆက်လက် စိန်ခေါ်နိုင်မည်ဖြစ်၏။
စည်းမျဥ်းများကို ကြေညာပြီးနောက်တွင် ရှားချန်ခုံးသည် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထူးဆန်းသောအလင်းတန်းများကို ထုတ်လွှတ်နေသည့် ကျောက်တုံးများသည် ရင်ပြင်ထဲကို ဥက္ကာခဲများလို ဖြတ်သန်းသွားခဲ့ပြီး ပါရမီရှင်အားလုံး၏ ရှေ့တွင် ဝဲပျံနေခဲ့သည်။
"ဒါက ကြယ်စင်ကျောက်တုံးလား"
ကျန်းချန်က သူ့ရှေ့မှ ကျောက်တုံးကို ကြည့်ရင်း မျက်လုံးထဲတွင် ထူးဆန်းသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုကျောက်တုံးသည် လက်တစ်ဝါးစာ အရွယ်အစားခန့်သာ ရှိပြီး ကောင်းကင်ပြာရောင် တောက်ပနေသည့် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးတစ်တုံး ဖြစ်သည်။
ထိုကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် ကျန်းချန်သည် သေချာ စီရင်ထားသည့် သင်္ကေတ ဆယ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည်။
ထိုသင်္ကေတ တစ်ခုချင်းစီသည် ကြယ်အလင်းကဲ့သို့ ထူးဆန်းသော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့၏။
ထိုသင်္ကေတဆယ်ခုသည် ကြယ်စင်ကျောက်တုံးထဲတွင် သိုလှောင်ထားသည့် ကြယ်စွမ်းအင်များကိုကိုယ်စားပြုနေသည်မှာ သံသယဝင်စရာမရှိပေ။
"ကောင်းပြီ.. ကြယ်စင်ကျောက်တုံးတွေကို မင်းတို့ဆီ ဖြန့်ဝေပြီးသွားပြီ အခုအချိန်ကစပြီး ပြိုင်ပွဲကို တရားဝင်စတင်လိုက်ကြောင်း ကြေညာတယ်.. ပထမဦးဆုံး ယှဥ်ပြိုင်မဲ့သူ ချန်လွင်"
ကျန်းချန်က ကြယ်စင်ကျောက်တုံးကို ကြည့်နေစဥ်မှာပင် ရင်ပြင်အလယ်တွင် ရပ်နေသည့် ရှားချန်ခုံးသည် နာမည်တစ်ခုကို ရေရွတ်လိုက်သည်။
ရှားချန်ခုံး၏ အသံကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် ပြိုင်ပွဲစင်မြင့်ထက်ကို တိုက်ရိုက်ပင် တက်လာခဲ့သည်။
"ကျွန်တော်က ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ အဆင့်(၁၆)နေရာမှာ ရှိတဲ့ ချူဖျင်ကို စိန်ခေါ်ချင်ပါတယ်"
ချန်လွင်က စင်မြင့်ထက်ကိုရောက်သည်နှင့် သူစိန်ခေါ်မည့်လူ၏ နာမည်ကို ကြေညာလိုက်သည်။
ပါရမီရှင်နတ်သန္ဓေအင်ပါယာစာရင်းတွင် အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းကဲ့သို့ အယောက်(၁၀၀)ရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် စုစုပေါင်း(၆၁)ယောက်သာ ရှိသည်။
ထို့ကြောင့် ချန်လွင်သည် ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းတွင် မပါဝင်သည့် ရွက်ပုန်းသီး ပါရမီရှင် တစ်ယောက်ဖြစ်နေသည်မှာ သိသာထင်ရှားသည်။
သူက စင်ပေါ်သို့ ရောက်သည်နှင့် ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်း၏ နောက်ဆုံးနေရာတွင် ရှိသူကို စိန်ခေါ်ရန် ရွေးချယ်ခဲ့သည်။
ချန်လွင်၏ စိန်ခေါ်သံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် စိန်ခေါ်ခံရသူ ချူဖျင်သည် စင်မြင့်ထက်ကို ဝင်ရောက်လာခဲ့ပြီး ချန်လွင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
သူတို့နှစ်ဦးစလုံးက နတ်သန္ဓေ အင်ပါယာနယ်ပယ် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ချန်လွင်၏ တိုက်ပွဲဝင်စွမ်းရည်သည် ချူဖျင်ထက် သိသိသာသာပင် ပို၍ အားကောင်းသည်။
ဆယ်ကွက်မျှ တိုက်ခိုက်ပြီးနောက်တွင် ချန်လွင်သည် သူ့ပြိုင်ဘက်၏ အားနည်းချက်ကို အဆုံးသတ်၌ ဖမ်းဆုပ်မိလိုက်ပြီး တစ်ချက်တည်းဖြင့် အနိုင်ပိုင်းလိုက်သည်။
"ဒီစိန်ခေါ်ပွဲမှာ ချန်လွင် အနိုင်ရတယ်"
ရှားချန်ခုံးက ရလဒ်ကို ကြေညာလိုက်ပြီးနောက်တွင် ချူဖျင်၏ခန္ဓာကိုယ်ပေါ်ရှိ ကြယ်စင်ကျောက်တုံးမှ ကြယ်စွမ်းအင်တစ်ခုသည် ပျံသန်း၍ ထွက်ခွာသွားခဲ့ပြီး ချန်လွန်၏ ကြယ်စင်ကျောက်တုံးထဲကို ချက်ချင်းပင် နစ်ဝင်သွားခဲ့သည်။
"ဒီကြယ်စင်ကျောက်တုံးက ပြိုင်ဘက်ရဲ့ ကြယ်စွမ်းအင်ကို လုယူနိုင်တယ်လား"
သူရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဒါက ကြယ်စင်ကျောက်တုံးကြောင့် မဟုတ်ဘူး ကျောက်တုံးစင်မြင့်ကြောင့်ပဲ"
ရှောင်တုလီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းရဲ့ ဝင်ပေါက်က ဒီရင်ပြင်ရဲ့ အလယ်မှာ ရှိတယ်လို့ ဆိုကြတယ်"
"အဲဒီလိုလား"
"ဒီရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းက အင်ပါယောင်ဟောင်ထျန်းရဲ့ ဟောင်ထျန်း မျှော်စင်ကနေ ဆင့်ကဲပြောင်းလဲထားတာလို့လည်း ပြောကြတယ်.. ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းရဲ့ ဝင်ပေါက်က ရင်ပြင်အလယ်မှာ ရှိနေတဲ့အတွက် ပြိုင်ဘက်ရဲ့ ကြယ်စင်စွမ်းအင်ကို အလိုအလျောက် လုယူတဲ့ နည်းလမ်းက ဟောင်ထျန်းမျှော်စင်ရဲ့စွမ်းအားဖြစ်နိုင်တယ်"
အခန်း(၁၃၂၉)ပြီး၏။