အခန်း (၁၃၃၀-၁၃၃၂)
Vol. 89 Ch. 1330-1332
အခန်း(၁၃၃၀)
ချန်လွင်က အနိုင်ရရှိပြီးနောက်တွင် ဆက်လက် မယှဥ်ပြိုင်တော့ဘဲ ကျောက်စင်မြင့်ထက်ကနေ ဆင်းသွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤပြိုင်ပွဲတွင် ပါဝင်ကြမည့်သူများသည် ရှန်းဝူတိုက်ကြီးရှိ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြ၍ တိုက်ပွဲဝင်စွမ်းရည်များ အလွန်တရာ အားကောင်းကြ၏။
ယေဘုယျအားဖြင့် ပြောရလျှင် မိမိ၏ ခွန်အားအပေါ်တွင် လုံလောက်သည့် ယုံကြည်မှုမျိုး မရှိလျှင် လူအများစုသည် ဆက်လက်ယှဥ်ပြိုင်ရန် ရွေးချယ်ကြမည်မဟုတ်ပေ။
ထို့နောက်တွင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် မပါဝင်ကြသည့် ရွက်ပုန်းသီး ပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
ထိုပါရမီရှင်များသည် အလွန်ပင် သတိထား၍ ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်း၏ အတော်လေး အဆင့်နိမ့်သောနေရာတွင် ရှိကြသည့် ပြိုင်ဘက်များကိုသာ စိန်ခေါ်ကြသည်။
ပထမဆုံးပြိုင်ပွဲတွင် အနိုင်ရရှိသွားသည့် ချန်လွင်ပင် စိန်ခေါ်ခံခဲ့ရသည်။
သို့သော်လည်း စင်မြင့်ထက်မှ ပါရမီရှင်များ၏တိုက်ခိုက်မှုသည် ကျန်းချန်၏ မျက်လုံးထဲတွင် ကလေးများ အပျင်းပြေဆော့ကစားသည့်နှယ် ဖြစ်နေခဲ့၏။
ကျန်းချန်က ပျင်းရိငြီးငွေ့စွာ စောင့်ဆိုင်းရင်း မကြာခင်မှာပင် ရွက်ပုန်းသီးပါရမီရှင် တစ်ဒါဇင်ကျော်ခန့်သည် စိန်ခေါ်မှုများကို အောင်မြင်ခဲ့ကြသည်။
"နောက်တစ်ယောက် ရှထျန်းရီ"
ရှားချန်ခုံး၏ စကားသံ ဆုံးသည်နှင့် ဓားကဲ့သို့ မျက်ခုံးမွေးရှိသည့် လူငယ်တစ်ဦးသည် စင်မြင့်ထက်တွင် ပေါ်လာခဲ့သည်။
ထို့နောက်တွင် ထိုလူငယ်ထံမှ ရယ်မောစွာ ပြောလိုက်သောစကားသံတစ်သံထွက်ပေါ်လာခဲ့သည်။
"ဟားဟား ငါ့အလှည့် ရောက်ပြီလား.. ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၅၁) နေရာမှာ ရှိတဲ့သူကိုစိန်ခေါ်မယ်"
သူ၏စကားကိုကြားလျှင် ရုတ်တရက် ရင်ပြင်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြပြီး လူတိုင်း၏ အကြည့်သည် ဓားမျက်ခုံးမွေးလူငယ် ဆီသို့ ကျရောက်သွားခဲ့ကြသည်။
ကျန်းချန်ကိုယ်တိုင်ပင် အံ့အားသင့်သော အမူအရာဖြင့် ဓားမျက်ခုံးမွေးလူငယ်ကို ကြည့်လိုက်မိသည်။
ပြိုင်ပွဲ၏ စည်းမျဥ်းအရ စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူကြားတွင် အဆင့် ၁၀ ဆင့် ကွာခြား၍ မရပေ။
တစ်နည်းအားဖြင့် အဆင့်သတ်မှတ်ချက် မရှိသည့် ရွက်ပုန်းသီးပါရမီရှင်များသည် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် နံပါတ်(၅၁)နေရာမှ ကျင့်ကြံသူကိုသာ အမြင့်ဆုံးအနေဖြင့် စိန်ခေါ်နိုင်ကြသည်။
သူတို့ရှေ့မှ ရှထျန်းရီဟု အမည်ရသော ကောင်လေးသည် အမြင့်ဆုံးအဆင့် စိန်ခေါ်မှုကို စတင် ရွေးချယ်ခဲ့၍ ရိုးရှင်းသောသူ မဟုတ်မှန်း သိသာထင်ရှားနေ၏။
အမှန်တကယ်လည်း ကျန်းချန်သည် ဓားမျက်ခုံးမွေး လူငယ်ပေါ်သို့ သူ၏ အကြည့် ကျရောက်သွားသည့် အခိုက်တွင် ထိုလူငယ်၏ ထူးခြားမှုကို ချက်ချင်းပင် ခံစားမိခဲ့သည်။
ထိုဓားမျက်ခုံးမွေးလူငယ်သည် နတ်သန္ဓေ အင်ပါယာနယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ရင်ပြင်ထဲရှိ ရွက်ပုန်းသီး ပါရမီရှင်များထဲတွင် အသန်မာဆုံး ကျင့်ကြံသူလည်း ဖြစ်၏။
စင်မြင့်ထက်တွင် ဤအတိုင်းရပ်နေရုံဖြင့်ပင် သူ၏တစ်ကိုယ်လုံးသည် ပြိုင်ဘက်ကင်း နတ်ဘုရား ဓားတစ်စင်းနှယ် အလွန်ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။
"နောက်ဆုံးတော့ ခွန်အားကောင်းတဲ့ ပါရမီရှင်တစ်ယောက် စင်ပေါ်ကို ရောက်လာပြီပေါ့"
ကျန်းချန်က စင်မြင့်ထက်မှ ဓားမျက်ခုံးမွေးလူငယ်ကို ကြည့်ရင်း မျက်ဝန်းများ အနည်းငယ် လင်းလက်လာခဲ့သည်။
"ဒီကောင် ရှထျန်းရီက လုံးဝ သာမန်မဟုတ်ဘူး"
ထိုဓားမျက်ခုံးမွေး လူငယ်သည် ဓားပညာရပ်တွင် အလွန်တရာ ကျွမ်းကျင်ပြီး သူရိန်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်ပင် ထိုလူငယ်၏ ပြိုင်ဘက်မဟုတ်နိုင်ဟု ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
"လျှို့ဝှက်နယ်မြေရှစ်ခုက သခင်တွေတောင် သူ့ကို စိတ်ဝင်တစား ရှိနေပုံထောက်တော့ ဒီကလေးက တကယ်ပဲ မရိုးရှင်းလောက်ဘူး"
ရှောင်တုလီက ခပ်တိုးတိုး ပြောလိုက်သည်။
"ဒီရှထျန်းရီက အကြီးအကဲချင်းယန်ရဲ့တပည့် ဖြစ်နိုင်တယ်"
"ဒီကောင်လေးက အကြီးအကဲချင်းယန်ရဲ့ တပည့်လား"
ကျန်းချန်၏ မျက်လုံးများက ဖျတ်ခနဲ လက်သွားခဲ့ပြီး ရှထျန်းရီကို ကြည့်နေသော သူ၏ အကြည့်တွင် မျှော်လင့်ချက်အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံး(၂၀) နေရာတွင် ပါဝင်သော အင်အားကြီးမားသည့် ကျင့်ကြံသူများသည် ရာစုနှစ်များစွာ အသက်ရှင်လာခဲ့သည့် မွန်းစတားအိုကြီးများ ဖြစ်ကြသည်။
ဆိုရလျှင် အကြီးအကဲ ချင်းယန်သည် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် လူနည်းစုထဲမှ လူတစ်ဦး ဖြစ်၏။
ထို့ကြောင့် ကျန်းချန်က အကြီးအကဲချင်းယန် သင်ကြားထားသော တပည့်၏ ခွန်အားက မည်ကဲ့သို့ ရှိနေမလဲ ဆိုသည်ကို အလွန်ပင် သိချင်နေခဲ့သည်။
ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ အဆင့်(၅၁)နေရာတွင် ရှိနေသူမှာ သူရိန် သူတော်စင်နယ်မြေမှ တပည့်တစ်ဦးဖြစ်သည်။
သူရိန် သူတော်စင်နယ်မြေမှ တပည့်က စင်မြင့်ထက်ကိုရောက်လာပြီး စကားပြောရန် ပြင်လိုက်စဥ်မှာပင် ရှထျန်းရီသည် လက်တစ်ဖက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
"ဝုန်း.."
သူရိန် သူတော်စင်နယ်မြေမှ တပည့်က တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ခင်မှာပင် ခန္ဓာကိုယ် တစ်ခုလုံးသည် နားလည်ရခက်သော စွမ်းအားတစ်ခုနှင့် ထိမှန်သွားခဲ့ပြီး ဆယ်ပေကျော်အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
"မြန်ဆန်လိုက်တဲ့ ဓားစွမ်းအင်ပါလား"
ထိုတိုက်ခိုက်မှုကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤသည်က ရှထျန်းရီ၏ ပေါ့ပါးစွာ လက်ကို ဝှေ့ယမ်းလိုက်ခြင်းသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ပါဝင်နေခဲ့ပြီး အမြန်နှုန်းမှာ အလွန်ပင်ကြောက်စရာကောင်း၏။
ရှထျန်းရီသည် ဤကဲ့သို့ ရိုးရှင်းသော တိုက်ခိုက်မှုဖြင့်ပင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏အဆင့်(၅၁)နေရာမှ ကျင့်ကြံသူကို အနိုင်ရရှိခဲ့သည်။
သူရိန်နယ်မြေမှ ကျင့်ကြံသူကို အနိုင်ရရှိပြီးနောက်တွင် ရှထျန်းရီသည် ထိုကျင့်ကြံသူဘက်သို့ လှည့်၍ပင် မကြည့်ပေ။
ထို့နောက်တွင် သူ၏မောက်မာသောအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ အဆင့်(၄၁)နေရာမှာ ရှိတဲ့ ကျင့်ကြံသူကို စိန်ခေါ်တယ်"
သူ၏ စကားသံကိုကြားလျှင် ရင်ပြင်ရှိ ပါရမီရှင်များသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
(၅၁)ယောက်မြောက် ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် အနိုင်ယူပြီးနောက်တွင် (၄၁)ယောက်မြောက် ကျင့်ကြံသူကို ဆက်လက် စိန်ခေါ်ခဲ့သည်။
"ဒီကောင်လေးက တကယ်ကို သာမန်မဟုတ်ဘူးပဲ"
ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ အဆင့်(၄၁)နေရာတွင် ရှိနေသော ကျင့်ကြံသူမှာ စန်းယွဲ့ သူတော်စင်နယ်မြေမှ အလွန်တရာ ချောမောသည့် တပည့်မလေးတစ်ဦး ဖြစ်သည်။
ထိုချောမောသည့် အမျိုးသမီးလေးနှင့် ရင်ဆိုင်ရသည့်တိုင် ရှထျန်းရီ သူ၏ လက်ကိုပေါ့ပါးစွာ ဝှေ့ယမ်း၍ အစောပိုင်းကလိုပင် အလွယ်တကူ အနိုင်ရလိုက်သည်။
ထို့နောက်တွင် ရှထျန်းရီသည် သူ၏ ယှဥ်ပြိုင်မှုကို မရပ်တန့်လိုက်ဘဲ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ အဆင့်(၃၁)နေရာနှင့် အဆင့်(၂၁)နေရာမှ ကျင့်ကြံသူများကို တစ်ဦးပြီး တစ်ဦး စိန်ခေါ်ခဲ့သည်။
ထိုနှစ်ဦးသည်လည်း ရှထျန်းရီ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုအောက်မှာပင် အရှုံးပေးခဲ့ကြရသည်။
"ဒီကောင်လေးရဲ့ ဓားစွမ်းအင်က လုံးဝမရိုးရှင်းဘူး"
ရှထျန်းရီက တိုက်ပွဲလေးပွဲစလုံးကို ဓားစွမ်းအင်ဖြင့်ပင် အလွယ်တကူ အနိုင်ရခဲ့သည်ကို မြင်လျှင် ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
"ဒီကောင်လေးရဲ့ ဓားစွမ်းအင်က တကယ်ကို ဆန်းကြယ်တာပဲ"
ရှောင်တုလီကလည်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော လေသံဖြင့် ရေရွတ်လိုက်သည်။
"ဒီရှထျန်းရီဆိုတဲ့ ကောင်လေးရဲ့ ဓားစွမ်းအင်က ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ငါမြင်ဖူးတဲ့ ခန္ဓာကိုယ်တစ်ခုရဲ့ စွမ်းအားနဲ့ အရမ်းဆင်တူတယ်"
"အဲဒါ ဘယ်လိုခန္ဓာကိုယ်မျိုးလဲ ဆရာ"
ကျန်းချန်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"မမြင်နိုင်တဲ့ ဓားစွမ်းအင်ကို ထုတ်လွှတ်နိုင်တဲ့ ကွေးယွမ်ဓားခန္ဓာကိုယ်"
ရှောင်တုလီက လေးနက်စွာ ပြောလိုက်သည်။
"ကွေးယွမ်ဓားခန္ဓာကိုယ်ပိုင်ရှင်က အလွန်ပြင်းထန်တဲ့ ဓားစွမ်အင်တွေကို ထုတ်လွှတ်နိုင်တယ်.. ရုတ်တရက် ကြည့်ရင်တော့ အဲဒီ ဓားစွမ်းအင်က သာမန်လို့ပဲ ထင်ရတယ်.. ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဒီကောင်လေးက ကွေးယွမ်ဓားခန္ဓာကိုယ် ပိုင်ရှင်ပဲ"
"ကွေးယွမ်ဓားခန္ဓာကိုယ်လား ဒါဆို ဒီကောင်က အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဓားပါရမီရှင် တစ်ဦးပေါ့"
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ရုတ်တရက် ကောင်းကင်ပဟေဠိ သူတော်စင်နယ်မြေမှ ဓားပညာရပ်တွင် တစ်ဖက်ကမ်းခတ် ထူးချွန်သည့် ချင်ဝူချွယ်ကို ကြည့်လိုက်မိသည်။
ထိုနှစ်ယောက်ထဲတွင် မည်သူက ဓားပညာရပ်၌ ပိုမိုသာလွန်နေမှန်း သူမသိပေ။
"နောက်ထပ်တစ်ယောက် အနေနဲ့ စန်းယွဲ့ သူတော်စင်နယ်မြေက သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်ကို စိန်ခေါ်ချင်ပါတယ်"
ကျန်းချန်က စဥ်းစားခန်း ဝင်နေစဥ်မှာပင် စင်မြင့်ထက်ကနေ ဓားမျက်ခုံးမွှေးလူငယ်၏ အသံက ထွက်ပေါ်လာခဲ့သည်။
ရှထျန်းရီ၏ စိန်ခေါ်သံကိုကြားလျှင် လူတိုင်းသည် အသက်ရှုကြပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
စန်းယွဲ့သူတော်စင်နယ်မြေမှ သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်သည် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်(၁၁) နေရာ၌ ရှိသည်။
အဆုံးသတ်တွင် ရှထျန်းရီသည် ကြီးကျယ် ခမ်းနားသည့် လျှို့ဝှက်နယ်မြေရှစ်ခုမှ ထိပ်တန်း ပါရမီရှင်များနှင့် ရင်ဆိုင်တော့မည် ဖြစ်သည်။
အခန်း(၁၃၃၀)ပြီး၏။
အခန်း(၁၃၃၁)
စန်းယွဲ့သူတော်စင်နယ်မြေမှ ယွဲ့ချင်းရွှယ်၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
သူမက လနန်းတော်မှ နတ်သမီးတစ်ပါးနှယ် စင်မြင့်ထက်သို့ ပျံဝဲ၍ တက်သွားခဲ့၏။
ကြီးမားသော ရင်ပြင်ကြီးတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် မျက်တောင်ပင် မခတ်ကြဘဲ မျက်နှာချင်းဆိုင်ရပ်နေကြသော ပုံရိပ်နှစ်ခုကို စူးစိုက်၍ ကြည့်နေခဲ့ကြသည်။
ဤလျှို့ဝှက်ဆန်းကြယ်သောကောင်လေး ရှထျန်းရီသည် ယွဲ့ချင်းရွှယ်နှင့် ရင်ဆိုင်ရသောအခါတွင် သူ၏ မရှုံးနိမ့်သောမှတ်တမ်းကို ဆက်လက် ရေးထိုးနိုင်မနိုင် အားလုံးက သိချင်နေခဲ့ကြသည်။
"ရှထျန်းရီ နင်က အရမ်းသန်မာပါတယ်.. ဒါပေမဲ့ နင်င့ါကို ပြိုင်ဘက်အဖြစ် မရွေးချယ်သင့်ဘူး"
ယွဲ့ချင်းရွှယ်က ရှထျန်းရီကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းင့ါကို ရွေးချယ်လိုက်ပြီ ဆိုမှတော့ မင်းရဲ့စိန်ခေါ်မှုက ဒီနေရာမှာ အဆုံးသတ်ပြီ"
ယွဲ့ချင်းရွှယ်သည် ဒဏ်ရာ မရရှိခင်ကတည်းပင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၌ အဆင့်(၁၁)နေရာ၌ ရှိနေခဲ့သည်။
ယခုအခါတွင် သူမသည် ဒဏ်ရာမှ ပြန်လည် သက်သာလာရုံသာမက ကျင့်ကြံခြင်းအဆင့်တွင်လည်း နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ ထိပ်ဆုံးငါးဦး အပြင်ဘက်တွင် ယွဲ့ချင်းရွှယ်သည် မည်သူ့ကိုမှ ကြောက်ရွံ့နေမည် မဟုတ်ပေ။
"ဟားဟား မင်းက ငါရှထျန်းရီရဲ့ ခြေလှမ်းကို ရပ်တန့်ချင်တာလား.. မင်းက ငါ့ကို ရပ်တန့်ဖို့ အရည်အချင်း မလုံလောက်သေးဘူး"
ရှထျန်းရီက အားပါးတရ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ညာဘက်လက်ညှိုးကနေ ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
ရှထျန်းရီ၏ ဓားစွမ်းအင် ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေထု အက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့၏။
"ယွဲ့ဟွာဓားသိုင်း"
ဤအချိန်တွင် ယွဲ့ချင်းရွှယ်၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် လရောင်များဖြင့် တောက်ပနေသော နတ်ဓားတစ်လက်သည် သူမ၏ ဦးခေါင်းအထက်တွင် စုဖွဲ့လာခဲ့သည်။
ထို့နောက်တွင် ယွဲ့ချင်းရွှယ်သည် သူမဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသော ဓားစွမ်းအင်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
"ဝုန်း.."
အံ့သြဖွယ် စွမ်းအင်ပေါက်ကွဲသံသည် စင်မြင့်အထက်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
ယွဲ့ချင်းရွှယ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
ထိုအချိန်တွင် တစ်ဖက်မှ ရှထျန်းရီကို ကြည့်ပြီး သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုကောင်လေး၏ ဓားစွမ်းအင်သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး ဧကရာဇ်အဆင့် သိုင်းပညာရပ် ကဲ့သို့ပင် အစွမ်းထက်နေ၏။
သူမသာ မကြာသေးခင်က နတ်သန္ဓေ အင်ပါယာနယ်ပယ် စတုတ္ထအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့လျှင် ဤတိုက်ကွက်ကို ခုခံနိုင်မည် မဟုတ်လောက်ပေ။
ထိုသို့ ယွဲ့ချင်းရွှယ် ထိတ်လန့်နေစဥ်မှာပင် ပတ်ဝန်းကျင်နေရာလွတ်တွင် ပေ ၈၀၀ ခန့်ရှိသည့် လေထုအက်ကွဲကြောင်းများသည် တိတ်တဆိတ် ပေါ်ထွက်လာခဲ့ပြီး ထိုအက်ကွဲကြောင်းထဲကနေ ဓားစွမ်းအင်များသည် မိုးကြိုးပစ်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် သူမဆီသို့ ဝင်ရောက်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် ယွဲ့ချင်းရွှယ်၏ ရင်ထဲတွင် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
"ဟန်ယွဲ့ကောင်းကင်သိုင်း"
ရှထျန်းရီ၏ တစ္ဆေကဲ့သို့ မြန်ဆန်လွန်းသော တိုက်ကွက်များနှင့် ရင်ဆိုင်ရသောအခါတွင် ယွဲ့ချင်းရွှယ်သည် အင်ပါယာသွေးစွမ်းအားနှင့် သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်ကို တုံ့ဆိုင်းမနေဘဲ အသုံးပြုခဲ့သည်။
ထို့နောက်တွင် အေးစိမ့်သော အရှိန်အဝါများကို ထုတ်လွှတ်နေသော လတစ်စင်းသည် သူမ၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည့် လေထု အက်ကွဲကြောင်းရှစ်ခုသည် ထိုအေးစိမ့်နေသောလနှင့် ရင်ဆိုင်လိုက်ရပြီး သိပ်မကြာခင်ပင် လေထု အက်ကွဲကြောင်းများသည် ကွဲကြေနေသော မှန်တစ်ချပ်ကဲ့သို့ အပိုင်းပိုင်း ဖြစ်သွားခဲ့ကာ လေထဲတွင် ပြန့်ကျဲသွားခဲ့သည်။
ထို့အတူ အေးစိမ့်သောလသည်လည်း ကွဲကြေသွားခဲ့၏။
ချက်ချင်းဆိုသလိုပင် ယွဲ့ချင်းရွှယ်၏ ပုံရိပ်သည် ပေဆယ်ဂဏန်း အကွာအဝေးထိ နောက်ပြန် လွင့်စင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူအများအပြားသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
ဂုဏ်သိက္ခာကြီးမားသော စန်းယွဲ့သူတော်စင်နယ်မြေ၏ သူတော်စင်သမီးတော်သည် ရှထျန်းရီ၏နှစ်ကွက်တည်းဖြင့် အနိုင်ယူခြင်းကို ခံခဲ့ရ၏။
ထိုကောင်လေး၏ ခွန်အားသည် မည်မျှပင် ကြောက်စရာကောင်းနေပါသနည်း။
ထိုအချိန်တွင် ရှားယွမ်ဟောင်နှင့် ချင်းဝူချွယ်တို့၏ မျက်ဝန်းထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကွေးယွမ်ဓားခန္ဓာကိုယ်က တကယ်ကို အံ့သြစရာပဲ"
ကျန်းချန်က စင်မြင့်ထက်ရှိ ရှထျန်းရီကို ကြည့်ကာ ချီးကျူးလိုက်သည်။
ထိုကောင်လေး၏ ကွေးယွမ် ဓားခန္ဓာကိုယ်ကနေ ထုတ်လွှတ်သည့် ဓားစွမ်းအင်သည် သာမန်ဧကရာဇ်အဆင့်သိုင်းပညာရပ်ထက် လုံးဝမနိမ့်ပေ။
ပို၍ အံ့သြစရာကောင်းသည်မှာ ရှထျန်းရီသည် ကွေးယွမ်ဓားခန္ဓာကိုယ်ကို သူနားလည်ထားသည့် ဓားနယ်မြေနှင့် လုံးဝပေါင်းစပ်နိုင်ပြီး သူ၏ ဓားနယ်မြေကို ပို၍ အစွမ်းထက်အောင် အသုံးချနိုင်ခြင်း ဖြစ်သည်။
ယွဲ့ချင်းရွှယ်ပင် သူ၏ ဓားစွမ်းအားအောက်၌ ရှုံးနိမ့်သွားခဲ့ရသည်။
ကံကောင်းသောအချက်မှာ ရှထျန်းရီ၏ ဓားနယ်မြေသည် သာမန် နယ်မြေအဆင့်သာ ရှိသေးခြင်းပင်။
ထိုသို့မဟုတ်ဘဲ ထိုကောင်လေးသာ ကွေးယွမ် ဓားခန္ဓာကိုယ်နှင့် အလယ်အလတ် ဓားနယ်မြေကို ပေါင်းစပ်နိုင်ခဲ့မည် ဆိုလျှင် သူကိုယ်တိုင်ပင် အစွမ်းကုန် ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။
"ဒီလို အထူးခန္ဓာကိုယ်ရှိတဲ့ သူတွေက မွေးရာပါ ကောင်းချီးပေးခံရတဲ့သူတွေပဲ.. သူတို့ရဲ့ ပါရမီက လျှို့ဝှက်နယ်မြေရှစ်ခုက သူတော်စင်သားတော်၊ သမီးတော်တွေထက် လုံးဝမနိမ့်ဘူး"
ရှောင်တုလီက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
ထို့နောက်တွင် သူက တစ်စုံတစ်ရာကို စဥ်းစားမိလိုက်ပြီး တအံ့တသြ ပြောလိုက်သည်။
"သူနောက်ထပ် စိန်ခေါ်မဲ့သူက မင်းဖြစ်လိမ့်မယ် ထင်တယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်သည်ပင် ခဏမျှ မှင်တက်သွားခဲ့သည်။
ရှထျန်းရီသည် စိန်ခေါ်ရာတွင် ကန့်သတ်ချက်ရှိသည့် အဆင့် ၁၀ဆင့်အကွာမှ ကျင့်ကြံသူကိုသာ စိန်ခေါ်လေ့ရှိသည်။
ထို့ကြောင့် နောက်ထပ် စိန်ခေါ်မည့်သူသည် ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ နံပါတ်(၁)နေရာမှ ကျန်းချန်ဖြစ်မည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။
"ကျန်းချန်.. ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့နံပါတ်(၁)နေရာမှာ ရပ်တည်နေတဲ့ မင်းရဲ့ နာမည်ကို ကြားဖူးထားတာ ကြာပြီ.. ဒီနေ့မင်းငါ့ကို အနည်းအကျဥ်းလောက်တော့ သင်ပြပေးမယ်လို့ မျှော်လင့်ပါတယ်"
ကျန်းချန်က ရှထျန်းရီ၏ အကြောင်း စဥ်းစားနေစဥ်မှာပင် ရှထျန်းရီ၏အသံသည် သူ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ဘယ်လို ရှထျန်းရီက ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ ထိပ်ဆုံးနေရာက ကျန်းချန်ကိုတောင် စိန်ခေါ်နေတယ်လား.. ဒီကောင်လေးက တစ်ကြိမ်တည်းနဲ့ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရယူချင်နေတာလား"
ထိုအချိန်တွင် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူ အများအပြားသည် မှင်တက်နေခဲ့ကြသည်။
ရှထျန်းရီက သူ့ကို စိန်ခေါ်လိုက်သည်နှင့် ကျန်းချန်က မတ်တပ် ထရပ်လိုက်ပြီး စင်မြင့်ဆီသို့ ဦးတည်သွားခဲ့သည်။
ရှထျန်းရီသည် စည်းမျဥ်းများနှင့်အညီ စိန်ခေါ်ခဲ့ခြင်း ဖြစ်ရာ သူ့အနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက်မရှိပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်သည်လည်း ငြင်းပယ်ဖို့ လုံးဝ မစဥ်းစားခဲ့ချေ။
အကြောင်းအရင်းမှာ ရှထျန်းရီသည် ငါးပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ၎င်း၏ ကြယ်စင်ကျောက်တုံးတွင် ကြယ်စွမ်းအင်(၁၅)ခုကို ရရှိထားခဲ့သည်။
သူသာ ရှထျန်းရီကို အနိုင်ယူခဲ့လျှင် ကြယ်စွမ်းအင် (၁၅)ခုထဲမှ ဆယ်ပုံတစ်ပုံဖြစ်သည့် တစ်ခုခွဲကို ရယူနိုင်မည် ဖြစ်သည်။
ဤအရေအတွက်သည် ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်းတွင် ဆယ့်ငါးရက် နေထိုင်ခွင့်ရသည်နှင့် ညီမျှ၏။
ရှထျန်းရီက သူ့ကို အခွင့်အလမ်းများ ပေးနေခဲ့သည်ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ ငြင်းဆန်နိုင်ပါမည်နည်း။
ထိုအချိန်တွင် ရှောင်တုလီသည် ကျန်းချန်ကို ခပ်တိုးတိုး သတိပေးလိုက်သည်။
"သတိထားပါ င့ါတပည့်.. ကွေးယန်ဓားခန္ဓာကိုယ်က ထင်သလောက် မရိုးရှင်းဘူး"
"စိတ်ချပါ ဆရာ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချက်ချင်း ဆိုသလိုပင် သူ၏ ပုံရိပ်သည် စင်မြင့်ထက်တွင် တစ္ဆေကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့သည်။
"ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာက ကျင့်ကြံသူ စင်မြင့်ပေါ်ကို တက်လာပြီဟေ့"
စင်မြင့်ထက်မှ ပုံရိပ်နှစ်ခုကို ကြည့်ကာ ရင်ပြင်ထက်မှ ကျင့်ကြံသူ အများအပြားသည် စိတ်လှုပ်ရှားနေခဲ့ကြသည်။
တစ်ဖက်မှလူမှာ ငါးပွဲဆက်တိုက် ရှုံးပွဲမရှိသေးသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး နောက်တစ်ဖက်မှလူမှာ ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်း၏ အဆင့်(၁) နေရာတွင် ရပ်တည်နေသောသူ ဖြစ်သည်။
ထိုနှစ်ဦးကြားက တိုက်ပွဲသည် စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်ပွဲဖြစ်လာမည်မှာ သေချာသလောက်ပင်။
ရှထျန်းရီက သူ့ရှေ့တွင်ပေါ်လာသည့် ကျန်းချန်ကို အသေအချာ စူးစိုက်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
"ကျန်းချန် ငါ့ဆရာက မင်းကို အမြဲတမ်း ချီးကျူးလေ့ရှိတယ်.. ဒီနေ့တိုက်ပွဲမှာ မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်"
"အဲဒီအတွက်တော့ စိတ်မပူနဲ့.. မင်းလုံးဝ စိတ်မပျက်စေရဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းခုနက ငါးပွဲဆက်တိုက် ယှဥ်ပြိုင်ခဲ့တာဆိုတော့ မင်းရဲ့ အထွတ်အထိပ် စွမ်းရည်ကို ပြန်လည်ရရှိဖို့ ငါ မင်းကို အချိန်ပေးပါမယ်"
"မလိုပါဘူး.. ဒီလောက်က ငါ့အတွက် ဘာမှ စာမဖွဲ့လောက်ဘူး.. အပိုစကားတွေ ပြောနေမဲ့အစား ငါနဲ့စပြီး တိုက်ခိုက်တော့"
စကားဆုံးသည်နှင့် ရှထျန်းရီက လက်ညှိုးကနေ ဓားစွမ်အင်ကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် ကွဲအက်သွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းနှင့် ဆယ်မီတာအောက် အကွာအဝေး အထိ လျင်မြန်စွာပင် ကျယ်ပြန့်သွားခဲ့သည်။
အခန်း(၁၃၃၁)ပြီး၏။
အခန်း(၁၃၃၂)
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ မျက်စိရှေ့ရှိ လေထု အက်ကွဲကြောင်းကို လက်သီးချက်ဖြင့် ချက်ချင်းဆိုသလို ချိုးဖြတ်ပစ်လိုက်သည်။
"မင်းရဲ့ဓားစွမ်းအင်က အားကောင်းတယ်ဆိုပေမဲ့ ငါ့အတွက်တော့ အသုံးမဝင်ဘူး"
ရှထျန်းရီ၏ ဓားစွမ်းအင်ကို လက်သီးဖြင့် ထိုးခွဲပြီးနောက်တွင် ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်းငါနဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းရဲ့ဝှက်ဖဲတွေကို ထုတ်သုံးမှပဲ ဖြစ်နိုင်လိမ့်မယ်"
"ကွေးယွမ်ဓားနယ်မြေ"
ရှထျန်းရီက ကြုံးဝါးလိုက်သည်နှင် မရေမတွက်နိုင်သော ဓားစွမ်းအင်များသည် လေထုကို တိတ်တဆိတ် ထိုးဖောက်ကာ ကျန်းချန် ထံသို့ အရပ်လေးမျက်နှာကနေ ဝင်ရောက်လာခဲ့သည်။
"ဟားဟား မင်းရဲ့ဓားနယ်မြေက တကယ်ကို အားကောင်းတာပဲ.. မင်းသာ အလယ်အလတ် နယ်မြေအဆင့်အထိ ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ငါအတော်လေး သတိထားပြီး ကိုင်တွယ်ရလိမ့်မယ်.. ဒါပေမဲ့ နှမြောစရာပဲ မင်းရဲ့ဓားနယ်မြေက အလယ်အလတ် နယ်မြေအဆင့်ကို မရောက်ရှိသေးဘူး"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။
ထို့နောက်တွင် ကျန်းချန်၏ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် မီးလျှံဓားအရှိန်အဝါ ထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး မီးလျှံဓားနယ်မြေ အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။
ထိုဓားနယ်မြေက ရှထျန်းရီ၏ ကွေးယွမ်ဓားနယ်မြေကို ချက်ချင်းပင် ဖုံးအုပ်သွားခဲ့ပြီး မကြာမီမှာပင် ကွေးယွမ်ဓားနယ်မြေ၏ စွမ်းအားကို လုံးဝ ချေမှုန်းပစ်လိုက်၏။
"တကယ်ကို အားကောင်းတာပဲ.. ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာနဲ့ ထိုက်တန်ပါပေတယ်"
".........."
ရင်ပြင်မှ ကျင့်ကြံသူ အများအပြားသည် ထိုမြင်ကွင်းကိုမြင်လျှင် အံ့သြ ထိတ်လန့်နေခဲ့ကြသည်။
သိထားရမည်မှာ ရှထျန်းရီသည် စန်းယွဲ့ သူတော်စင်နယ်မြေမှ ယွဲ့ချင်းရွှယ်နှင့် တိုက်ခိုက်စဥ်ကပင် နှစ်ကွက်ကိုသာ သုံးခဲ့ရ၏။
ယွဲ့ချင်းရွှယ်က စန်းယွဲ့ သူတော်စင်နယ်မြေ၏ သဘာဝလွန်သွေးမျိုးဆက်စွမ်းရည်ကို ထုတ်ဖော်ခဲ့သည့်တိုင် ရှထျန်းရီသည် အလွယ်တကူပင် အနိုင်ယူပြခဲ့သည်။
ယခု ကျန်းချန်သည် ရှထျန်းရီ၏ တိုက်ကွက်နှစ်ကွက်ကို အလွယ်တကူ တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော ခွန်အားသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
"မမျှော်လင့်ဘဲ မင်းက အလယ်အလတ် ဓားနယ်မြေအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီကိုး"
ရှထျန်းရီက အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
သူ၏အမူအရာက ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့၏။
သူ့ဆရာက ကျန်းချန်ကို အလယ်အလတ် ဓားနယ်မြေအဆင့်ထိ ရောက်ရှိနေပြီဟု ပြောဆိုခဲ့စဥ်က ရှထျန်းရီသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ရှထျန်းရီသည် အထူးခန္ဓာကိုယ် ဖြစ်သည့် ကွေးယွမ်ဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဓားပညာရပ်အား ထိုးထွင်းသိမြင်ရာတွင် သာမန်လူများထက် များစွာပို၍ လျင်မြန်သည်။
ထိုကဲ့သို့သော ပါရမီရှင် ဖြစ်နေသည့်တိုင် ရှထျန်းရီသည် အလယ်အလတ် ဓားနယ်မြေအဆင့်ကို မရောက်ရှိသေးပေ။
သူ့ရှေ့မှ ကျန်းချန်ကမူ သူ့ထက်ပင် ငယ်ရွယ်ပြီး အသက်၂၀အရွယ်သာ ရှိနေသေး၏။
ထို့ကြောင့် ရှထျန်းရီသည် ကျန်းချန်က အလယ်အလတ် ဓားနယ်မြေအဆင့်သို့ ရောက်ရှိနေပြီဟု သူ့ဆရာ ပြောခဲ့သည့်စကားကို မယုံကြည်ခဲ့ပေ။
သို့သော်လည်း ကျန်းချန်နှင့် ထိပ်တိုက် ရင်ဆိုင်ပြီးနောက်တွင် ရှထျန်းရီသည် ယုံကြည်ရပေတော့မည်။
သိထားရမည့်အချက်မှာ သူ၏ ကွေးယွမ်ဓားနယ်မြေသည် သာမန်ဓားနယ်မြေထက် အဆပေါင်းများစွာ ပို၍ အားကောင်းသည်။
ထို့ကြောင့် ကျန်းချန်က ဓားနယ်မြေ၏ စွမ်းအားကို အသုံးပြု၍ သူ၏ ကွေးယွမ်ဓားနယ်မြေကို ချိုးဖျက်ခဲ့ခြင်းသည် ကျန်းချန်၏ ဓားနယ်မြေက အလယ်အလတ် နယ်မြေအဆင့်တွင် ရောက်ရှိသွားခြင်းကလွဲ၍ အခြားသော ဖြစ်နိုင်ခြေ မရှိသလောက်ပင်။
"ငါ့မှာ အလယ်အလတ် ဓားနယ်မြေအပြင် မင်းမသိသေးတဲ့ တခြား အရည်အချင်းတွေရှိပါသေးတယ်.. ရှထျန်းရီ မင်းက ငါ့ကို စိန်ခေါ်ရဲမှတော့ ငါ့ရဲ့ဓားသိုင်းကိုလည်း နည်းနည်းပါးပါးတော့ မြည်းစမ်းကြည့်သင့်တယ်"
စကားဆုံးသည်နှင့် ကျန်းချန်သည် အချိန်နှင့်အာကာသ ဓားနယ်မြေကို ထုတ်ဖော်ကာ ရှထျန်းရီကို လွှမ်းခြုံပစ်လိုက်သည်။
ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေထဲမှ ဆန်းကြယ်သော စွမ်းအားကို ခံစားမိလျှင် ရှထျန်းရီ၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
"ဒီကိုယ်ခံပညာရပ်ထဲမှာ အင်ပါယာဥပဒေသတွေတောင် ပါဝင်နေပါလား"
ရှထျန်းရီသည် အကြီးအကဲချင်းယန်၏ တပည့်တစ်ဦး ဖြစ်၍ သူ၏ ဗဟုသုတသည် သာမန်မဟုတ်ပေ။
ထို့ကြောင့် သူက တစ်ချက်ကြည့်ရုံဖြင့်ပင် အင်ပါယာဥပဒေသများ ပါဝင်နေကြောင်း သိနိုင်ခဲ့သည်။
သာမန်အားဖြင့် အင်ပါယာအဆင့် ကိုယ်ခံပညာများတွင်သာ အင်ပါယာဥပဒေသများ ပါဝင်ကြလေ့ ရှိသည်။
အင်ပါယာအဆင့်ကိုယ်ခံပညာရပ် နှစ်မျိုးရှိသည်။
တစ်မျိုးမှာ နတ်သန္ဓေအင်ပါယာနယ်ပယ် အထွတ်အထိပ်ကျင့်ကြံသူကနေ တီထွင်ထားသည့် အင်ပါယာအဆင့်ကိုယ်ခံပညာရပ် ဖြစ်ပြီး ထိုပညာရပ်တွင် အင်ပါယာ ဥပဒေသများ မပါဝင်ပေ။
နောက်ထပ်တစ်မျိုးမှာမူ အင်ပါယာအဆင့် ကျင့်ကြံသူကိုယ်တိုင် တီထွင်ထားသည့် ကိုယ်ခံပညာရပ် ဖြစ်ပြီး ထိုကိုယ်ခံပညာရပ်ထဲတွင် အင်ပါယာ ဥပဒေသများပင် ပေါင်းစပ် ပါဝင်နေခဲ့သည်။
သို့သော်လည်း စစ်မှန်သော အင်ပါယာအဆင့် ကိုယ်ခံပညာသည် ကမ္ဘာပေါ်တွင် အလွန်တရာ ရှားပါးရုံသာမက နားလည်ဖို့လည်း အလွန်တရာ ခက်ခဲ၏။
ရှထျန်းရီသည် သူ့ဆရာ ချင်းယန်ထံတွင် ထိုကဲ့သို့သော အင်ပါယာအဆင့် ကျင့်စဥ်မျိုး ရှိမှန်း ကောင်းစွာသိသည်။
သို့သော် သူ့ဆရာလို လူမျိုးပင် ထိုကျင့်စဥ်ကို ကျွမ်းကျင်စွာ တတ်မြောက်ရန် ဆယ်စုနှစ်များစွာ လိုအပ်ခဲ့၏။
ထို့ကြောင့် ရှထျန်းရီသည် ဤနှစ်များအတွင် ထိုကျင့်စဥ်ကို နားလည်ရန် မကြိုးစားခဲ့ပေ။
အင်ပါယာအဆင့် ကျင့်ကြံသူ၏ ဥပဒေသကို ဤမျှလောက် လွယ်လွယ်ကူကူ မည်ကဲ့သို့ နားလည်နိုင်ပါအံ့နည်း။
"ဒီဓားနယ်မြေထဲမှာ အချိန်ရဲ့ဥပဒေသတွေ ပါဝင်နေပုံပဲ.. ဒီဓားနယ်မြေထဲမှာ နောက်ထပ် အနည်းငယ် ထပ်ရှိနေမယ်ဆိုရင် င့ါရဲ့အသက်တောင် ကုန်ဆုံးသွားနိုင်တယ်"
ရှထျန်းရီသည် ထိုကဲ့သို့ တွေးလိုက်မိပြီးနောက်တွင် သူ၏စိတ်ထဲမှ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် သူက အနည်းငယ်မျှပင် မပေါ့ဆရဲတော့ဘဲ သူ့ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များကို ဖော်ထုတ်လိုက်သည်။
"ခန္ဓာကိုယ်ကို ဓားအဖြစ် ပြောင်းလဲခြင်း"
ရှထျန်းရီက ရုတ်တရက် ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ဤအချိန်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ် ဓားစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။
မကြာခင်မှာပင် ငွေရောင် ဓားအလင်း တစ်ခုသည် ရှထျန်းရီ၏ ခန္ဓာကိုယ်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရှထျန်းရီက ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး ကောင်းကင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ရွှေရောင် ဧရာမဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
"ဝုန်း.."
ထိတ်လန့်စရာ ပေါက်ကွဲသံသည် ကမ္ဘာတစ်ခွင်လုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေ အတားအဆီးသည် ရှထျန်းရီ၏ တိုက်ခိုက်မှုအောက်တွင် တစ်ခါတည်း ကြေမွသွားခဲ့သည်။
ရှထျန်းရီက အချိန်နှင့်အာကာသ ဓားနယ်မြေအား ထိုးဖောက်နိုင်ခဲ့သည်ကို မြင်လျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
"အကြီးအကဲ ချင်းယန်ရဲ့ တပည့်က တကယ်ပဲ နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်.. ရွယ်တူတွေထဲမှာ မင်းက ငါ့ရဲ့အချိန်နဲ့အာကာသ ဓားနယ်မြေကို ထိုးဖောက်နိုင်တဲ့ပထမဆုံးလူပဲ"
ကျန်းချန်က အနည်းငယ် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ရှထျန်းရီကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
"ဘယ်လိုလဲ ရှထျန်းရီ.. မင်းငါနဲ့ဆက်တိုက်ချင်သေးလား"
"ငါမင်းနဲ့ မတိုက်တော့ဘူး.. မင်းက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်(၁)နေရာနဲ့ ထိုက်တန်ပါတယ်.. ငါမင်းကိုအရှုံးပေးတယ်"
ရှထျန်းရီသည် သူ၏ ဘဝတွင် မည်သူ့ကိုမှ မရှုံးနိမ့်ဖူးပေ။
သို့သော် ယနေ့တိုက်ပွဲသည် ရှထျန်းရီသည် သူ၏ အရှုံးကို ကျေကျေနပ်နပ်ပင် လက်ခံခဲ့သည်။
ယနေ့တိုက်ပွဲတွင် ရှထျန်းရီသည် တောင်တစ်တောင်ထက် နောက်ထပ် တောင်တစ်တောင်ပို၍ မြင့်သည် ဟူသော အဆိုအမိန့်ကို နားလည်သွားခဲ့သည်။
ခန္ဓာကိုယ်ကို ဓားအဖြစ် ပြောင်းလဲခြင်း ဟူသော တိုက်ကွက်သည် သူ၏ အစွမ်းအထက်ဆုံး ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။
သူက သူ၏ အင်အားအပြည့်အဝ ထုတ်သုံးခဲ့ပြီးမှသာ ကျန်းချန်၏ ဓားနယ်မြေကို ခက်ခက်ခဲခဲ ချိုးဖျက်နိုင်ခဲ့သည်။
သို့သော်လည်း တစ်ဖက်မှ ကျန်းချန်ကို ကြည့်ရသည်မှာ အင်အား အပြည့်အဝ ထုတ်သုံးသေးပုံ မရပေ။
သူသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ပို၍ အရေးပါသည့် ဝှက်ဖဲများကို ထုတ်သုံးရလိမ့်မည် ဖြစ်၏။
ဤတစ်ခေါက် ဟောင်ထျန်း သူတော်စင်နယ်မြေသို့ သူအဓိက လာရောက်ရသည့် ရည်ရွယ်ချက်မှာ ဒဏ္ဍာရီလာ ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်း၏ စမ်းသပ်မှုကို ကျော်ဖြတ်၍ ကြယ်တာရာ မြို့တော်သို့ သွားရန် ဖြစ်သည်။
ထို့အပြင် သူနှင့် ကျန်းချန်၏ ကြား၌ နက်ရှိုင်းသော ရန်ငြိုးရန်စလည်း မရှိ၍ ဤအချိန်တွင် ကျန်းချန်နှင့် အသေအကြေ တိုက်ခိုက်ရန်လည်း မလိုအပ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် သူ့ရှေ့မှ ကောင်လေးသည် အဆုံးမဲ့ဝှက်ဖဲများ ရှိပြီး ခွန်အားကလည်း အလွန်ပင်နက်ရှိုင်း၏။
သူ့အနေဖြင့် အစွမ်းကုန် တိုက်ခိုက်လျှင်ပင် အနိုင်ရမည်ဟု မသေချာပေ။
ရှထျန်းရီက ကျန်းချန်ကို အရှုံးပေးလိုက်၍ ရှထျန်းရီ၏ ကြယ်စင်ကျောက်တုံးထဲမှ ကြယ်စွမ်းအင် ၁၀ပုံ၁ပုံသည် ကျန်းချန်ထံသို့ ရောက်ရှိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ကြယ်စင် ကျောက်တုံးပေါ်ရှိ သင်္ကေတများသည် (၁၀)ခုကနေ(၁၁)ခုခွဲ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
"ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းမှာ နောက်ထပ်ဆယ့်ငါးရက် နေလို့ရပြီ"
သူ၏ ကြယ်စင်ကျောက်တုံးပေါ်မှ သင်္ကေတကို မြင်လျှင် ကျန်းချန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက စင်မြင့်ထက်ကနေ ဆင်းသက်ရန် ပြင်လိုက်တော့သည်။
အခန်း(၁၃၃၂)ပြီး၏။